မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၂၆

“ငါ့ဆီ ပြန်လာကြ”

“ငါ့ဆီ ပြန်လာကြ”

“ငါ့​ဆီ ပြန်လာ​ကြ။ ငါလည်း မင်းတို့​ဆီ ပြန်လာမယ်။”—မာ​လ. ၃:၇

သီချင်း ၁၀၂ ‘အားနည်း​သူတွေကို ထောက်မ​ပေးပါ’

အကြို​သုံးသပ်ချက် *

၁။ လမ်းလွဲ​သွားတဲ့ သိုး​တစ်ကောင် ပြန်လှည့်​လာတဲ့အခါ ယေဟောဝါ ဘယ်လို ခံစား​ရသလဲ။

ရှေ့​ဆောင်းပါး​မှာ လေ့လာ​ခဲ့​တဲ့​အတိုင်း ယေဟောဝါ​က သိုး​တစ်ကောင်​ချင်း​စီ​ကို ဂရုစိုက်​စောင့်ရှောက်​တဲ့ သိုးထိန်း​ကောင်း​နဲ့ မိမိကိုယ်ကို ခိုင်းနှိုင်း​ထားတယ်။ လမ်းလွဲ​သွား​သူ​တိုင်း​ကို လိုက်ရှာတယ်။ “ငါ့​ဆီ ပြန်လာ​ကြ။ ငါလည်း မင်းတို့​ဆီ ပြန်လာမယ်” လို့ မိမိကို စွန့်​သွားတဲ့ အစ္စရေး​တွေကို ပြောတယ်။ ‘ငါဟာ မပြောင်းလဲ​တတ်​ဘူး’ လို့ ယေဟောဝါ ပြောတဲ့​အတွက် ဒီနေ့​အထိ​လည်း အလားတူပဲ​ဆိုတာ သိနိုင်တယ်။ (မာ​လ. ၃:၆၊ ၇) လမ်းလွဲ​သွား​သူ တစ်ယောက်​လောက် ပြန်​လှည့်လာ​ရင်တောင် ယေဟောဝါ​နဲ့ ကောင်းကင်တမန်​တွေ အလွန် ဝမ်းသာတယ်လို့ ယေရှု ပြောတယ်။—လု. ၁၅:၁၀၊ ၃၂

၂။ ဒီ​ဆောင်းပါး​မှာ ဘာအကြောင်း ဆွေးနွေး​ကြ​မလဲ။

ယေဟောဝါ​ဆီကနေ လမ်းလွဲ​သွား​သူတွေကို ကူညီ​ပေးခြင်း​အကြောင်း အလေးပေး​ဖော်ပြ​ထားတဲ့ ယေရှုရဲ့ ပုံဥပမာ သုံးခုကို ဆွေးနွေး​ကြည့်ကြစို့။ ဘုရားဆီ ပြန်​လှည့်လာ​ဖို့ ပျောက်တဲ့ သိုး​တွေကို ကူညီရာ​မှာ လိုအပ်​တဲ့ အရည်အသွေး​တချို့ကို​လည်း ဆွေးနွေး​ကြမယ်။ အားနည်း​သူကို ထောက်မ​ဖို့ ဘာကြောင့် ကြိုးစား​ရကျိုး နပ်​မှန်း သိလာ​ပါလိမ့်မယ်။

ပျောက်သွားတဲ့ ဒင်္ဂါး​ကို လိုက်ရှာ​ခြင်း

၃-၄။ လုကာ ၁၅:၈-၁၀ မှာပါတဲ့ အမျိုးသမီး​က ပျောက်သွားတဲ့ ဒရက်မာ​ကို ဘာကြောင့် စေ့စေ့စပ်စပ် ရှာ​သလဲ။

ယေဟောဝါ​ဆီ ပြန်​လှည့်လာ​ချင်​သူတွေကို ရှာ​ဖို့ ကျွန်တော်​တို့ ကြိုးစား​အားထုတ်​ရမယ်။ လုကာ ခရစ်ဝင်ကျမ်း​မှာ ပါတဲ့ ပုံဥပမာမှာ ယေရှု​က သိပ်​အဖိုးတန်​တဲ့ ဒရက်မာ​တစ်ပြား ပျောက်​သွား​လို့ လိုက်ရှာ​တဲ့ အမျိုးသမီး​အကြောင်း ပြောတယ်။ အဲဒီ​ပုံဥပမာ​က ရှာဖွေခြင်း​အကြောင်း အလေးပေး​ဖော်ပြ​တယ်။လုကာ ၁၅:၈-၁၀ ကိုဖတ်ပါ။

ပျောက်သွားတဲ့ ဒရက်မာ​ကို ပြန်​တွေ့တဲ့​အခါ အမျိုးသမီး ဘယ်လို ခံစားရ​ကြောင်း ယေရှု ပြောတယ်။ ယေရှု​ခေတ်​က ဂျူး​မိခင်​တချို့ဟာ သမီး မင်္ဂလာဆောင်တဲ့​နေ့မှာ ဒရက်မာ ဆယ်​ပြား​ပါတဲ့ အတွဲ​တစ်တွဲ​ကို လက်ဖွဲ့​လေ့​ရှိတယ်။ ပျောက်သွားတဲ့ ဒင်္ဂါး​ပြား​ဟာ အဲဒီ​အတွဲ​ထဲ​က ဖြစ်ပုံရ​တယ်။ ကြမ်း​ပေါ် ကျ​သွားတယ်လို့ ထင်ပြီး မီးခွက်​ထွန်း ရှာ​ပေမဲ့ မ​တွေ့​ဘူး။ မီးခွက်​အလင်းရောင်​လေး​နဲ့ ငွေ​ဒင်္ဂါး​ပြား သေးသေးလေး​ကို လိုက်ရှာ​ဖို့ မလွယ်​ဘူး။ နောက်ဆုံး တစ်အိမ်လုံး​ကို အသေအချာ လှည်းကျင်း​ရတော့တယ်။ အမှိုက်​တွေ​ထဲမှာ တလက်လက် တောက်​နေတဲ့ ဒင်္ဂါးလေး​ကို ရှာတွေ့​ပါပြီ။ ပျော်​လွန်း​လို့ မိတ်ဆွေ​တွေ၊ အိမ်နီးချင်းတွေကို ခေါ်ပြီး ရှာတွေ့​ပြီဆို​တဲ့ သတင်းကောင်း ပြောတယ်။

၅။ မလှုပ်မရှား ဖြစ်နေသူတွေကို ရှာ​ဖို့ ဘာကြောင့် ခက်​နိုင်သလဲ။

ပျောက်​သွားတာ တစ်ခုခုကို ရှာ​ဖို့ ကြိုးစား​အားထုတ်မှု လိုအပ်ကြောင်း ယေရှုရဲ့ ပုံဥပမာ​ကနေ သိရတယ်။ အဲဒီလိုပဲ မလှုပ်မရှား ဖြစ်နေသူတွေကို ရှာ​ဖို့ ကျွန်တော်​တို့ ကြိုးစား​အားထုတ်​ရမယ်။ သူတို့ အသင်းတော်​နဲ့ မပေါင်း​တော့​တာ နှစ်ပေါင်းများစွာ ကြာ​နေပြီ ဖြစ်နိုင်တယ်။ သူတို့ ပြောင်း​သွားတဲ့ ဒေသမှာ​ရှိတဲ့ ညီအစ်ကို​တွေ​က သူတို့ကို မသိတာ​လည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ အခု ယေဟောဝါ​ဆီ ပြန်​လှည့်လာ​ချင်စိတ် ပြင်းပြ​နေကြတယ်။ ဘုရား​ကို ဝတ်ပြုတဲ့ မိသားစုကြီး​နဲ့​အတူ ပြန်​ဝတ်ပြု​ချင်​နေကြတယ်။ ဒါပေမဲ့ အကူအညီ လို​နေတယ်။

၆။ မလှုပ်မရှား ဖြစ်နေသူတွေကို ရှာဖွေ​ရာ​မှာ အသင်းတော်မှာ ရှိသူ အားလုံး ဘယ်လို ပါဝင်​နိုင်သလဲ။

မလှုပ်မရှား ဖြစ်နေသူတွေကို ရှာဖွေ​ရာ​မှာ ဘယ်သူတွေ ပါဝင်​နိုင်သလဲ။ အကြီးအကဲ၊ ရှေ့ဆောင်၊ မိသားစုဝင်၊ အသင်းတော် ကြေညာသူ အားလုံး ပါဝင်​နိုင်တယ်။ သင့်မှာ မလှုပ်မရှား ဖြစ်နေတဲ့ မိတ်ဆွေ၊ ဆွေမျိုး ရှိသလား။ တစ်အိမ်​တက်​ဆင်း​မှာ ဖြစ်စေ၊ အများ​ရှေ့ သက်သေခံခြင်း​မှာ ဖြစ်စေ မလှုပ်မရှား ဖြစ်နေ​သူတွေနဲ့ တွေ့ဖူး​သလား။ သူ့ဆီ လည်ပတ်စေချင်ရင် သူပေးထားတဲ့ ဆက်သွယ်ရမယ့် အချက်အလက်တွေကို ဒေသခံ အကြီးအကဲတွေကို ပေးပေးပါမယ် ဆိုတဲ့​အကြောင်း ရှင်းပြပါ။

၇။ အကြီးအကဲ ညီအစ်ကို သော​မတ်​ရဲ့ စကား​ကနေ ဘာ​သိရသလဲ။

ယေဟောဝါ​ဆီ ပြန်​လှည့်လာ​ချင်​သူတွေကို ရှာဖွေ​ရာ​မှာ ဘယ်​သတ်သတ်မှတ်မှတ် အချက်​တွေကို အကြီးအကဲ​တွေ လုပ်ဆောင်​နိုင်သလဲ။ စပိန်​နိုင်ငံမှာ နေထိုင်တဲ့ အကြီးအကဲ ညီအစ်ကို သော​မတ် * ပြောတာကို သတိပြု​ကြည့်​ပါ။ သူက သက်သေခံ ၄၀ ကျော်​ကို အသင်းတော်​ဆီ ပြန်​လှည့်လာ​ဖို့ ကူညီ​ပေး​ခဲ့တယ်။ “မလှုပ်မရှား ဖြစ်နေ​သူတွေ လက်ရှိ​နေထိုင်တဲ့ နေရာကို သိသလား၊ အစည်းအဝေး မတက်တာ ကြာပြီ​ဖြစ်တဲ့ တစ်ယောက်ယောက်ကို သိသလား​လို့ ညီအစ်ကို/မ​တွေကို မေးတယ်။ အများစုက ရှာဖွေရေး​မှာ ပါဝင်ချင်​တဲ့​အတွက် အားတက်သရော ကူညီပေး​ကြတယ်။ နောက်ပိုင်း မလှုပ်မရှား ဖြစ်နေတဲ့ ညီအစ်ကို/မ​တွေ​ဆီ လည်ပတ်​တဲ့​အခါ သူတို့ရဲ့ သားသမီးတွေ၊ ဆွေမျိုးတွေ​အကြောင်း ကျွန်တော် မေးတယ်။ မလှုပ်မရှား ဖြစ်နေ​သူတချို့ဟာ အရင်က သားသမီးတွေကို အစည်းအဝေး ခေါ်လာ​ခဲ့​တာ​မျိုး၊ အဲဒီ​သားသမီးတွေ ကြေညာသူ ဖြစ်ခဲ့တာမျိုး ရှိ​နိုင်တယ်။ သူတို့ကိုလည်း ယေဟောဝါ​ဆီ ပြန်​လှည့်လာ​ဖို့ ကူညီ​ပေး​နိုင်တယ်” လို့ သော​မတ် ပြောတယ်။

ယေဟောဝါ​ရဲ့ ပျောက်သွားတဲ့ သားသမီးတွေကို ပြန်​ခေါ်လာ​ပေးပါ

၈။ လုကာ ၁၅:၁၇-၂၄ မှာပါတဲ့ ပျောက်တဲ့​သား ပုံဥပမာမှာ နောင်တ​ရတဲ့ သားကို အဖေ​ဖြစ်သူ ဘယ်လို ဆက်ဆံ​သလဲ။

ယေဟောဝါ​ဆီ ပြန်​လှည့်လာ​ချင်​သူတွေကို ကူညီ​ပေးဖို့ ဘယ်​အရည်အသွေးတွေ လိုအပ်​သလဲ။ အိမ်ကနေ ထွက်သွားတဲ့ သားမိုက်​အကြောင်း ယေရှုရဲ့ ပုံဥပမာ​ကနေ သင်ခန်းစာ​တချို့ သင်ယူနိုင်တယ်။ (လုကာ ၁၅:၁၇-၂၄ ကိုဖတ်ပါ။) သားမိုက် ဘယ်လို​နည်းနဲ့ အသိတရား ရပြီး အိမ်ပြန်​လာဖို့ ဆုံးဖြတ်​ကြောင်း ယေရှု ရှင်းပြတယ်။ အဖေ​ဖြစ်သူဟာ သားကို ပြေးဖက်​ပြီး ချစ်​နေဆဲ ဖြစ်ကြောင်း စိတ်ချ​စေတယ်။ သားမိုက်​ဟာ အကြီးအကျယ် နောင်တ​ရပြီး သားလို့​တောင် အခေါ်​မခံထိုက်​ဘူးလို့ ခံစား​နေ​ရတယ်။ ခံစားချက်တွေ ရင်ဖွင့်​ပြောပြ​တဲ့ သားကို အဖေ ကိုယ်ချင်းစာ​ပေးတယ်။ ပြီးနောက် သားကို စာရင်း​ငှား​လို မဟုတ်ဘဲ ချစ်မြတ်နိုး​ရတဲ့ မိသား​စုဝင်​လို ပြန်​ကြိုဆို​တာ ဖြစ်ကြောင်း စိတ်ချ​စေဖို့ လက်တွေ့​ကျကျ လုပ်ဆောင်တယ်။ နောင်တ​ရတဲ့ သား​အတွက် စားသောက်ပွဲကြီး စီစဉ်​ပေးပြီး ဝတ်ကောင်း​စားလှ​တွေ ဆင်​ပေးတယ်။

၉။ မလှုပ်မရှား ဖြစ်နေ​သူတွေ ယေဟောဝါ​ဆီ ပြန်​လှည့်လာ​နိုင်အောင် ကူညီ​ပေးရာမှာ ဘယ်​အရည်အသွေးတွေ လိုအပ်​သလဲ။ (“ ယေဟောဝါ​ဆီ ပြန်​လှည့်လာ​ချင်​သူတွေကို ကူညီ​ပေး​နိုင်ပုံ” လေးထောင့်ကွက်​ကို ကြည့်​ပါ။)

ယေဟောဝါ​ဟာ အဲဒီ​ပုံဥပမာ​ထဲ​က အဖေနဲ့ တူတယ်။ မလှုပ်မရှား ဖြစ်နေသူတွေကို ချစ်​ပြီး မိမိ​ဆီ ပြန်​လှည့်လာ​စေချင်တယ်။ ကျွန်တော်​တို့​လည်း ယေဟောဝါ​ကို တုပ​ပြီး သူတို့ကို ကူညီ​ပေး​နိုင်တယ်။ ကူညီ​ပေးနိုင်​ဖို့ စိတ်ရှည်မှု၊ ကိုယ်ချင်းစာ​မှု​နဲ့ မေတ္တာ လိုအပ်​တယ်။ အဲဒီ​အရည်အသွေးတွေကို ဘာကြောင့် ပြသင့်​သလဲ။ ဘယ်လို ပြ​နိုင်သလဲ။

၁၀။ ဘုရားဆီ ပြန်​လှည့်လာ​ဖို့ လူတစ်ယောက်ကို ကူညီ​ပေးတဲ့​အခါ ဘာကြောင့် စိတ်ရှည်မှု လိုအပ်​သလဲ။

၁၀ လူတစ်ယောက် ယေဟောဝါ​ဆီ ပြန်​လှည့်လာ​ဖို့ အချိန် လို​တဲ့​အတွက် ကျွန်တော်​တို့ စိတ်ရှည်​ရမယ်။ အကြီးအကဲ​တွေ၊ အသင်းတော်မှာ ရှိတဲ့ တခြားသူတွေ အကြိမ်ကြိမ် လည်ပတ်​ပြီးနောက်​မှ ပြန်​လှည့်လာ​တာ ဖြစ်တယ်​ဆိုပြီး အရင်က မလှုပ်မရှား ဖြစ်ခဲ့​သူ များစွာ ဝန်ခံ​ကြတယ်။ အရှေ့တောင်​အာရှ​မှာ နေတဲ့ ညီအစ်မ နန်စီ ဒီလို​ပြောတယ်– “အသင်းတော်မှာ​ရှိတဲ့ မိတ်ဆွေ​တစ်ယောက် အများကြီး ကူညီ​ပေးတယ်။ ကျွန်မ​ကို အစ်မ​တစ်ယောက်လို ချစ်တာ။ အရင်က အမှတ်တရ​တွေ​အကြောင်း သူ ပြောလေ့ရှိ​တယ်။ ကျွန်မ​ရဲ့ ခံစားချက်တွေကို ပြောပြတဲ့​အခါ စိတ်ရှည်ရှည် နားထောင်​ပေးတယ်။ အကြံ​ပေးတယ်။ အချိန်မရွေး ကူညီဖို့ အသင့်​ရှိတဲ့ မိတ်ဆွေစစ်​ပါပဲ။”

၁၁။ စိတ်​ဒဏ်ရာတွေကို သက်သာ​စေဖို့ ကိုယ်ချင်းစာ​မှု ဘာကြောင့် လိုအပ်​သလဲ။

၁၁ ကိုယ်ချင်းစာ​မှု​ဟာ အစွမ်းထက်တဲ့ လိမ်းဆေး​အဆီ​နဲ့ တူတယ်။ စိတ်​ဒဏ်ရာတွေကို သက်သာ​စေနိုင်တယ်။ မလှုပ်မရှား ဖြစ်နေ​သူတချို့​ဟာ အသင်းတော်မှာ တစ်ယောက်ယောက်ကို နှစ်ပေါင်းများစွာ စိတ်​နာကြည်း​နေတာ ဖြစ်နိုင်တယ်။ အဲဒီ​ခံစားချက်တွေ​က ယေဟောဝါ​ဆီ ပြန်​လှည့်လာ​ချင်တဲ့ ဆန္ဒ​ကို နှောင့်ယှက်​တားဆီး​နေတယ်။ တချို့က​လည်း မတရား ဆက်ဆံ​ခံရတယ်လို့ ခံစား​နေရတာ ဖြစ်နိုင်တယ်။ သူတို့ ပြောတာကို နားထောင်ပေး​မယ့်​သူ၊ ခံစား​ချက်​တွေကို နားလည်​ပေးမယ့်​သူ လိုအပ်​နေတာ ဖြစ်နိုင်တယ်။ (ယာ. ၁:၁၉) မလှုပ်မရှား ဖြစ်ခဲ့တဲ့ မာရီ​ယာ​က “နားထောင်၊ နှစ်သိမ့်​ပေးပြီး အကြံဉာဏ်​ကောင်း​တွေ ပေးမယ့်​သူကို ကျွန်မ လိုအပ်​တယ်” လို့ ပြောတယ်။

၁၂။ မလှုပ်မရှား ဖြစ်နေသူတွေကို ယေဟောဝါ ဘယ်လို ပြန်​ဆွဲ​သလဲ။ ဥပမာ​ပေးပါ။

၁၂ မိမိ​လူမျိုးအပေါ် ထားတဲ့ ယေဟောဝါ​ရဲ့ မေတ္တာကို ကျမ်းစာ​မှာ ကြိုး​နဲ့ နှိုင်းယှဉ်​ထားတယ်။ ဘုရား​ရဲ့ မေတ္တာဟာ ဘယ်လို​နည်းနဲ့ ကြိုး​နဲ့ တူသလဲ။ ဒီ​ဥပမာ​ကို စဉ်းစား​ကြည့်​ပါ။ လှိုင်းထန်တဲ့ ပင်လယ်ထဲမှာ သင် ရေနစ်​နေလို့ တစ်ယောက်ယောက်​က အသက်ကယ်​အင်္ကျီ ပစ်​ပေးတယ်။ အဲဒီ​အင်္ကျီ​က ရေပေါ် ပေါလော​ပေါ်​နေ​အောင် ကူညီ​ပေးတဲ့​အတွက် အင်္ကျီ​ပစ်ပေး​သူကို ကျေးဇူး​တင်​မှာ​ပဲ။ ဒါပေမဲ့ အသက်​ဆက်​ရှင်ဖို့ အသက်ကယ်​အင်္ကျီ ရှိ​ရုံ​နဲ့ မလုံလောက်​ဘူး။ ရေ​က အေးစိမ့်​နေတဲ့​အတွက် အသက်ကယ်​လှေပေါ် ရောက်​မှ သင် အသက်ဆက်ရှင်​နိုင်မယ်။ ဒါကြောင့် သင့်ကို ကြိုး​တစ်ချောင်း ပစ်​ပေးပြီး အသက်ကယ်​လှေ​ဆီ ဆွဲ​မယ့်​သူ လိုတယ်။ လမ်းလွဲ​သွားတဲ့ အစ္စရေး​တွေ​နဲ့​ပတ်သက်ပြီး ယေဟောဝါ​က “မေတ္တာ​ကြိုး​နဲ့ သူတို့ကို ငါ အမြဲ ဆွဲငင်​ခဲ့တယ်” လို့ ပြောတယ်။ (ဟော. ၁၁:၄) ဒီနေ့လည်း ဘုရား​ကို ဆက်​ဝတ်မပြု​တော့​သူတွေ၊ ပြဿနာတွေနဲ့ စိုးရိမ်​ပူပန်မှု နွံထဲ နစ်နေ​သူတွေနဲ့​ပတ်သက်ပြီး ယေဟောဝါ အလားတူ ခံစား​နေ​ရတယ်။ သူတို့ကို ချစ်ကြောင်း သိစေချင်တယ်။ သူတို့ကို မိမိ​ဆီ ပြန်​ဆွဲ​ချင်တယ်။ အဲဒီ​မေတ္တာကို ပြဖို့ သင့်ကို ယေဟောဝါ သုံး​နိုင်တယ်။

၁၃။ ညီရင်း​အစ်ကို မေတ္တာရဲ့ အစွမ်း​ကို ဖော်ပြ​တဲ့ တွေ့ကြုံမှု​တစ်ခု ပြောပြပါ။

၁၃ မလှုပ်မရှား ဖြစ်နေသူတွေကို ယေဟောဝါ​ကော ကျွန်တော်​တို့​ပါ ချစ်ကြောင်း အမြဲ ပြော​နေဖို့ အရေးကြီးတယ်။ ရှေ့​ဆောင်းပါး​မှာ ဖော်ပြ​ခဲ့​တဲ့ ပါ​ဘလို​ဟာ နှစ်ပေါင်း ၃၀ ကျော် မလှုပ်မရှား ဖြစ်ခဲ့တယ်။ “တစ်မနက် အိမ်ကနေ ထွက်​လာတော့ ချစ်စရာ​ကောင်းတဲ့ သက်ကြီး​ညီအစ်မ​တစ်ယောက်​နဲ့ ဆုံတယ်။ မေတ္တာ​ရှိတဲ့ သူ့ရဲ့ စကားတွေကြောင့် ကျွန်တော် ကလေး​တစ်ယောက်လို ငို​မိတယ်။ ကျွန်တော့်​ကို စကား​ပြောဖို့ ယေဟောဝါ လွှတ်​လိုက်တာ ဖြစ်မယ်လို့ သူ့ကို ပြော​လိုက်တယ်။ အဲဒီအချိန်မှာ​ပဲ ယေဟောဝါ​ဆီ ပြန်လာဖို့ ဆုံးဖြတ်​လိုက်တယ်” လို့ ပါ​ဘလို ပြောတယ်။

အားနည်း​သူတွေကို မေတ္တာပါပါ ထောက်မပါ

၁၄။ လုကာ ၁၅:၄၊ ၅ မှာပါတဲ့ ပုံဥပမာ​အရ ပျောက်တဲ့ သိုး​ကို တွေ့တဲ့​အခါ သိုးထိန်း ဘာ​လုပ်သလဲ။

၁၄ မလှုပ်မရှား ဖြစ်နေ​သူတွေဟာ ကျွန်တော်​တို့ရဲ့ ထောက်မမှု မပြတ် လိုအပ်​တယ်။ ယေရှုရဲ့ ပုံဥပမာမှာ ပါတဲ့ ပျောက်တဲ့ သား​လို​ပဲ သူတို့မှာ စိတ်​ဒဏ်ရာတွေ ရှိနေ​နိုင်တယ်။ စာတန့်​လောကမှာ ကြုံ​ခဲ့​ရတာတွေ​ကြောင့် ဘုရား​နဲ့ ဆက်ဆံရေး အားနည်း​နေ​နိုင်တယ်။ ယေဟောဝါ​အပေါ် သူတို့ရဲ့ ယုံကြည်ခြင်း ပြန်​ခိုင်မာ​လာဖို့ ကူညီ​ပေးရမယ်။ ပျောက်တဲ့​သိုး ပုံဥပမာမှာ သိုးထိန်း​က သိုး​လေး​ကို ပခုံး​ပေါ် ထမ်း​ပြီး သိုးအုပ်​ဆီ ပြန်​ခေါ်လာ​တယ်လို့ ယေရှု ပြောတယ်။ ပျောက်တဲ့ သိုး​ကို အချိန်ကုန်​ခံ၊ လူ​ပင်ပန်း​ခံ​ပြီး လိုက်ရှာ​ရုံ​နဲ့ မပြီးသေး​ဘူးဆို​တာ သိုးထိန်း သိတယ်။ သိုး​လေး​ဟာ ကိုယ့်​အစွမ်း​နဲ့​ကိုယ် သိုးအုပ်​ဆီ မပြန်​လာနိုင်​ဘူး။ ဒါကြောင့် ပခုံး​ပေါ် ထမ်း​လာဖို့ လိုတယ်။လုကာ ၁၅:၄၊ ၅ ကိုဖတ်ပါ။

၁၅။ ယေဟောဝါ​ဆီ ပြန်​လှည့်လာ​ချင်တဲ့ အားနည်း​သူတွေကို ကျွန်တော်​တို့ ဘယ်လို ထောက်မ​နိုင်သလဲ။ (“ အဖိုးတန် ကိရိယာ” လေးထောင့်ကွက်​ကို ကြည့်​ပါ။)

၁၅ အားနည်းချက်တွေကို အောင်မြင်စွာ တိုက်လှန်​ဖို့ မလှုပ်မရှား ဖြစ်နေ​သူတချို့​ကို ကူညီ​ပေးရာမှာ အချိန်နဲ့ ခွန်အား စိုက်ထုတ်​ရနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါ​ရဲ့ စွမ်းအားတော်၊ ကျမ်းစာ​နဲ့ အဖွဲ့အစည်း​ထုတ် စာပေတွေက​တစ်ဆင့် သူတို့ကို ကူညီပေး​နိုင်ပါတယ်။ (ရော. ၁၅:၁) ဘယ်လို​နည်းနဲ့လဲ။ ဝါရင့်​အကြီးအကဲ​တစ်ယောက်က “ယေဟောဝါ​ဆီ ပြန်​လှည့်လာ​ဖို့ ဆုံးဖြတ်တဲ့ မလှုပ်မရှား ဖြစ်နေ​သူ အများစုဟာ တစ်ယောက်ယောက်နဲ့ ကျမ်းစာ ပြန်​လေ့လာ​ဖို့ လိုအပ်​တယ်” လို့ ပြောတယ်။ * မလှုပ်မရှား ဖြစ်နေ​သူနဲ့ ကျမ်းစာ လေ့လာ​ပေးဖို့ သင့်ကို တောင်းဆို​လာ​ရင် အခွင့်ထူး​ကို လိုလိုလားလား လက်ခံပါ။ “ကျမ်းစာ လေ့လာ​ပေးတဲ့ ကြေညာသူ​ဟာ မလှုပ်မရှား ဖြစ်နေ​သူ ယုံကြည်​စိတ်ချ​ရတဲ့ မိတ်ဆွေကောင်း ဖြစ်ဖို့ လိုတယ်” လို့​လည်း အဲဒီ​အကြီးအကဲ ပြောတယ်။

ကောင်းကင်​နဲ့ မြေကြီး​မှာ ဝမ်းသာ

၁၆။ ကောင်းကင်တမန်​တွေ ကူညီပေး​နေကြောင်း ဘယ်လို သိရသလဲ။

၁၆ ယေဟောဝါ​ဆီ ပြန်​လှည့်လာ​ချင်တဲ့ မလှုပ်မရှား ဖြစ်နေသူတွေကို ရှာဖွေ​ရာ​မှာ ကောင်းကင်တမန်​တွေ ကူညီပေး​နေကြောင်း တွေ့ကြုံမှု များစွာက ဖော်ပြ​တယ်။ (ဗျာ. ၁၄:၆) ဥပမာ၊ အီကွေဒေါ​နိုင်ငံမှာ နေတဲ့ စီဗီယိုဟာ အသင်းတော်​ဆီ ပြန်​လှည့်လာ​နိုင်အောင် ကူညီ​ပေးမယ့်​သူ တစ်ယောက်ယောက်ကို စေလွှတ်​ပေးဖို့ စိတ်အား​ထက်သန်​စွာ ဆုတောင်း​ခဲ့တယ်။ ဆုတောင်းနေ​တုန်း​မှာ​ပဲ အကြီးအကဲ​နှစ်ယောက် တံခါး​လာ​ခေါက်​တယ်။ လိုအပ်​တဲ့ အကူအညီကို သူတို့ လိုလိုလားလား ပေး​ကြတယ်။

၁၇။ အားနည်း​သူတွေကို ကူညီ​ပေးရင် ဘာ​အကျိုး ရမလဲ။

၁၇ ယေဟောဝါ​ဆီ ပြန်​လှည့်လာ​ဖို့ အားနည်း​သူတွေကို ကူညီ​ပေးရင် များစွာ ဝမ်းမြောက်​ရပါလိမ့်မယ်။ မလှုပ်မရှား ဖြစ်နေသူတွေကို ကူညီဖို့ အထူး​ကြိုးစားတဲ့ ရှေ့ဆောင် ညီအစ်ကို ဆာ​ဗေး​ဒေါ ဒီလို​ပြောတယ်– “တစ်ခါတလေ ဝမ်းသာ​မျက်ရည် မထိန်း​နိုင်အောင် ဖြစ်​ရတယ်။ စာတန့်​လောက​ကနေ သိုး​တစ်ကောင်​ကို ယေဟောဝါ ကယ်တင်​လိုက်ပြီ၊ အဲဒီ​လုပ်ငန်းမှာ ဘုရား​နဲ့ ပူးပေါင်း​လုပ်ဆောင်ခွင့် ရ​လိုက်ပြီ​ဆိုတာ စဉ်းစား​လိုက်​တိုင်း သိပ်​ပျော်​ရတယ်။”—တ. ၂၀:၃၅

၁၈။ သင်ဟာ မလှုပ်မရှား ဖြစ်နေ​သူ​ဆိုရင် ဘာကို စိတ်ချ​နိုင်သလဲ။

၁၈ သင်ဟာ မလှုပ်မရှား ဖြစ်နေ​သူ​ဆိုရင် သင့်ကို ယေဟောဝါ ချစ်​နေဆဲပဲ​ဆိုတာ စိတ်ချပါ။ ဘုရား​က သင့်ကို မိမိ​ဆီ ပြန်​လှည့်လာ​စေချင်တယ်။ ပြန်​လှည့်လာ​ဖို့ သင့်​ဘက်က ကြိုးစား​အားထုတ်​ရမှာ ဖြစ်ပေမဲ့ ယေရှုရဲ့ ပုံဥပမာမှာ ပါတဲ့ ဖခင်​လို​ပဲ ယေဟောဝါ​ဟာ သင် ပြန်လာဖို့ စောင့်​နေပြီး လှိုက်လှိုက်လှဲလှဲ ကြိုဆို​မယ်​ဆိုတာ စိတ်ချပါ။

သီချင်း ၁၀၃ လူ့​အသွင်​ဆု သိုးထိန်း​များ

^ အပိုဒ်၊ 5 ယေဟောဝါ​က အသင်းတော်​နဲ့ မပေါင်းသင်း​တော့​သူတွေကို မိမိ​ဆီ ပြန်​လှည့်လာ​စေချင်တယ်။ “ငါ့​ဆီ ပြန်လာ​ကြ” ဆိုတဲ့ ယေဟောဝါ​ရဲ့ ဖိတ်ခေါ်ချက် လက်ခံ​လို​သူတွေကို ကျွန်တော်​တို့ များစွာ ကူညီ​ပေး​နိုင်တယ်။ ဘယ်လို ကူညီ​ပေးနိုင်​ကြောင်း ဒီ​ဆောင်းပါး​မှာ လေ့လာ​ကြ​ပါမယ်။

^ အပိုဒ်၊ 7 အမည်​လွှဲ​များ။

^ အပိုဒ်၊ 15 မလှုပ်မရှား ဖြစ်နေ​သူတချို့​ဟာ ဘုရား​မေတ္တာတော် ခံစား​နေနိုင်ပုံ စာအုပ်ကို လေ့လာခြင်း၊ ယေဟောဝါ​ထံ ချဉ်းကပ်​လော့ စာအုပ်ကို ပြန်​သုံးသပ်ခြင်းကနေ အကျိုး​ရ​နေကြတယ်။ အဲဒီလို ကျမ်းစာ လေ့လာ​ပေးဖို့ ဘယ်သူ အရည်အချင်း အပြည့်မီဆုံး ဖြစ်သလဲ​ဆိုတာ အသင်းတော် လုပ်ငန်းတော် ကော်မတီက ဆုံးဖြတ်​ပါလိမ့်မယ်။

^ အပိုဒ်၊ 68 ပုံအညွှန်း– ယေဟောဝါ​ဆီ ပြန်​လှည့်လာ​ချင်တဲ့ ညီအစ်ကို​တစ်ယောက်ကို ညီအစ်ကို သုံးယောက် ကူညီပေး​နေ။ မလှုပ်မရှား ဖြစ်နေသူကို ဆက်သွယ်တယ်၊ သူ့ကို ချစ်ကြောင်း စိတ်ချ​စေတယ်၊ နားလည်မှု​အပြည့်​နဲ့ နားထောင်​ပေးတယ်။