မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဒီနေ့ခေတ် ခရာမှုတ်သံတွေကို တုံ့ပြန်ခြင်း

ဒီနေ့ခေတ် ခရာမှုတ်သံတွေကို တုံ့ပြန်ခြင်း

“နောက်ဆုံး​ကာလ” အတွင်း မိမိ​လူမျိုးကို ယေဟောဝါ လမ်းညွှန်၊ ထောက်မ​ပေး​နေကြောင်း ကျွန်တော်တို့​အားလုံး ယုံကြည်​စိတ်ချကြတယ်။ (၂ တိ. ၃:၁) ကျွန်တော်တို့ဘက်ကလည်း ယေဟောဝါကို နာခံဖို့ လိုတယ်။ ကျွန်တော်တို့ရဲ့ အခြေအနေကို တောကန္တာရထဲက အစ္စရေး​လူမျိုးရဲ့ အခြေအနေနဲ့ နှိုင်းယှဉ်နိုင်တယ်။ အစ္စရေးတွေဟာ ခရာ​မှုတ်သံ ကြားတဲ့အခါ တစ်ခုခု တုံ့ပြန်ရတယ်။

“အစ္စရေးတွေကို ဆင့်ခေါ်တဲ့​အခါ၊ စခန်း​သိမ်းဖို့ အချက်​ပေးတဲ့​အခါ” မှုတ်ဖို့ ငွေခရာ​နှစ်ခု မောရှေကို ယေဟောဝါ လုပ်ခိုင်းတယ်။ (တော. ၁၀:၂) အစ္စရေးတွေ ဘာလုပ်ရမယ်​ဆိုတာ အချက်​ပေးဖို့ ပုရောဟိတ်တွေက ပုံစံ​အမျိုးမျိုးနဲ့ ခရာ​မှုတ်ရတယ်။ (တော. ၁၀:၃-၈) ဒီနေ့လည်း ဘုရား​လူမျိုးဟာ ညွှန်ကြားချက်တွေကို နည်း​အမျိုးမျိုးနဲ့ ရရှိနေတယ်။ အဲဒီထဲက နည်းလမ်း​သုံးခုကို ရှေးအစ္စရေး​အချိန်က ခရာ​မှုတ်သံတွေနဲ့ နှိုင်းယှဉ်​ဆွေးနွေးသွားပါမယ်။ အဲဒါတွေကတော့ အစည်းအဝေးပွဲကြီးတွေ တက်ရောက်ဖို့ ဖိတ်ခေါ်ခံရတဲ့​အခါ၊ အကြီးအကဲတွေ လေ့ကျင့်မှု ရတဲ့​အခါ၊ အသင်းတော်​အားလုံး​အတွက် လမ်းညွှန်ချက် ပြုပြင်​ပြောင်းလဲတဲ့​အခါတွေ ဖြစ်တယ်။

အစည်းအဝေးပွဲကြီးတွေ တက်ရောက်ဖို့ ဖိတ်ခေါ်ခံရတဲ့​အခါ

တဲတော်ရဲ့ အရှေ့ဘက် ဝင်ပေါက်မှာ “လူအားလုံး” ကို ယေဟောဝါ စုရုံးစေချင်တဲ့​အခါ ပုရောဟိတ်တွေက ခရာ​နှစ်ခု​စလုံး မှုတ်တယ်။ (တော. ၁၀:၃) တဲတော်​ပတ်လည်မှာ တပ်ဖွဲ့​လေးခု​အဖြစ် စခန်း​ချထားတဲ့ အစ္စရေး​မျိုးနွယ်​အားလုံး အဲဒီ​ခရာ​မှုတ်သံကို ကြားရတယ်။ ဝင်ပေါက်​အနီးအနားမှာ စခန်း​ချထားသူတွေဟာ ချက်ချင်း ရောက်လာနိုင်တယ်။ နည်းနည်း​ဝေးတဲ့​နေရာမှာ စခန်း​ချထားသူတွေကတော့ ရောက်လာဖို့ အချိန် ပိုလိုအပ်ပြီး ပိုအားစိုက်ရနိုင်တယ်။ ဘာပဲ​ဖြစ်ဖြစ် ယေဟောဝါက လူအားလုံးကို စုရုံးစေချင်တယ်၊ အကျိုး​ရစေချင်တယ်။

ဒီနေ့​ခေတ်မှာတော့ တဲတော်မှာ မစုရုံးကြတော့ဘူး။ ဒါပေမဲ့ ဘုရား​လူမျိုး​အတွက် အစည်းအဝေးကြီးတွေ ရှိတယ်။ အဲဒီထဲမှာ ခရိုင်​အစည်းအဝေးတွေ၊ တခြား​အထူးအစီအစဉ်တွေ ပါဝင်တယ်။ အဲဒီ​အစည်းအဝေးတွေက​တစ်ဆင့် အရေးကြီးတဲ့ အချက်အလက်တွေ၊ ညွှန်ကြားချက်တွေ ကျွန်တော်တို့ ရကြတယ်။ ကမ္ဘာ​တစ်ဝန်းမှာ ယေဟောဝါရဲ့ လူမျိုး ရရှိတဲ့ အစီအစဉ်တွေဟာ တစ်ပုံစံတည်းပဲ။ ဒါကြောင့် တက်ရောက်သူ​အားလုံးဟာ အုပ်စု​တစ်စုတည်း​အဖြစ် ပျော်ရွှင်နိုင်ကြတယ်။ တချို့က ပိုဝေးတဲ့ နေရာတွေ​ကနေ လာရတယ်။ ဒါပေမဲ့ အားထုတ်ရကျိုး နပ်မှန်း တက်ရောက်သူတိုင်း သိကြတယ်။

အစည်းအဝေးကြီးတွေ ကျင်းပတဲ့​နေရာနဲ့ အလှမ်း​ဝေးတဲ့ နေရာမှာ နေထိုင်တဲ့ သီးခြား​အုပ်စုတွေကော။ ခေတ်ပေါ် နည်းပညာကြောင့် သူတို့လည်း အတူ​ပါဝင်ခွင့် ရပြီး တစ်စုတစ်စည်းတည်း အကျိုး​ရရှိကြတယ်။ ဥပမာ၊ ဘီနင်​ဌာနခွဲကို ဌာနချုပ် ကိုယ်စားလှယ် လည်ပတ်တဲ့​အခါ ဆာဟာရ သဲကန္တာရက နိုင်ဂျား​နိုင်ငံ၊ အာလက် သတ္တုတွင်းမြို့လေးကို အစီအစဉ် ထုတ်လွှင့်ပေးတယ်။ ညီအစ်ကို/မနဲ့ စိတ်ဝင်စားသူ နှစ်ဆယ့်တစ်ယောက် တက်ရောက်ခဲ့တယ်။ အစည်းအဝေးကြီး တက်ရောက်သူ ၄၄,၁၃၁ ယောက်နဲ့ တစ်စုတစ်ဝေးတည်း ရှိသလို သူတို့ ခံစားခဲ့ရတယ်။ “ဒီအစီအစဉ်ကို ထုတ်လွှင့်ပေးတဲ့​အတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ကို သိပ်ချစ်မှန်း သိသာတယ်” လို့ ညီအစ်ကို​တစ်ယောက် စာရေးတယ်။

ထပ်ဆင့်​လေ့ကျင့်မှုအတွက် အကြီးအကဲတွေ ဖိတ်ခေါ်ခံရတဲ့​အခါ

ပုရောဟိတ်တွေ ခရာ​တစ်ခုပဲ မှုတ်ရင်တော့ “အစ္စရေး ထောင်နဲ့ချီကို ဦးဆောင်တဲ့ မျိုးနွယ်စု ခေါင်းဆောင်တွေပဲ” တွေ့ဆုံရာ တဲတော်မှာ စုရုံးရမယ်။ (တော. ၁၀:၄) မောရှေ​ဆီကနေ လမ်းညွှန်ချက်တွေ၊ လေ့ကျင့်မှုတွေ ရရှိကြတယ်။ အဲဒါတွေက သူတို့ရဲ့ တာဝန်ကို အကောင်းဆုံး ထမ်းဆောင်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။ သင်ဟာ မျိုးနွယ်စု ခေါင်းဆောင်​တစ်ယောက် ဖြစ်မယ်ဆိုရင် အဲဒီကို အရောက်သွားပြီး အကျိုး​ရယူဖို့ အတတ်နိုင်ဆုံး ကြိုးစားမယ် မဟုတ်လား။

ဒီနေ့ခေတ် အသင်းတော် အကြီးအကဲတွေဟာ “ခေါင်းဆောင်တွေ” မဟုတ်သလို ဘုရားသခင့် သိုးတော်စုကိုလည်း ပိုင်စိုးပိုင်နင်း မလုပ်ကြဘူး။ (၁ ပေ. ၅:၁-၃) သိုးတော်စုကို ထိန်းကျောင်းဖို့ အကောင်းဆုံး ကြိုးစားကြတယ်။ ဒါကြောင့် နိုင်ငံတော် ဓမ္မအမှုကျောင်းလိုမျိုး ထပ်ဆင့်​လေ့ကျင့်မှုတွေ​အတွက် ဖိတ်ခေါ်ခံရတဲ့​အခါ ချက်ချင်း တုံ့ပြန်ကြတယ်။ အဲဒီ​သင်တန်းမှာ အသင်းတော် တာဝန်တွေကို ဘယ်လို ထိထိ​ရောက်ရောက် ထမ်းဆောင်ရမယ်​ဆိုတာ သင်ယူကြတယ်။ ဒါကြောင့် အားလုံး အကျိုး​ရကြတယ်။ သင်ဟာ အဲဒီလို​ကျောင်းတွေ မတက်ဖူးရင်တောင် တက်ခဲ့တဲ့ အကြီးအကဲတွေ​ဆီကနေ အကျိုး​ရရှိနေတယ်။

ပြုပြင်​ပြောင်းလဲဖို့ တောင်းဆိုခံရတဲ့​အခါ

အစ္စရေး ပုရောဟိတ်တွေ ခရာကို အသံ အနိမ့်​အမြင့်နဲ့ မှုတ်တဲ့​အခါတွေလည်း ရှိတယ်။ တပ်စခန်း​တစ်ခုလုံးကို ယေဟောဝါ နေရာ​ပြောင်းစေချင်တဲ့​အခါမျိုးမှာ ဖြစ်တယ်။ (တော. ၁၀:၅၊ ၆) စခန်း ပြောင်းတဲ့​အခါ အစီအစဉ်တကျ ပြောင်းရွှေ့ရတဲ့​အတွက် ယောက်တိုင်း အားထုတ်ကြရတယ်။ တချို့က ပြောင်းရွှေ့ဖို့ ဝန်လေးနေနိုင်တယ်။ ဘာကြောင့်လဲ။

မမျှော်လင့်ဘဲ ခဏခဏ ပြောင်းနေရတယ်​ဆိုပြီး ခံစားရလို့ ဖြစ်နိုင်တယ်။ “တစ်ခါတလေ မိုးတိမ်က ညဦးပိုင်းကနေ မနက်အထိပဲ ရှိနေတတ်တယ်။” တစ်ခါတလေကျတော့ “နှစ်ရက်​ဖြစ်စေ၊ တစ်လ​ဖြစ်စေ၊ ဒီထက်​ကြာတာပဲ​ဖြစ်စေ” စခန်း​ချနေရတယ်။ (တော. ၉:၂၁၊ ၂၂) အစ္စရေးတွေ စခန်း ဘယ်နှကြိမ် ပြောင်းခဲ့ရ​သလဲ။ တောလည်ရာ အခန်းကြီး ၃၃ မှာ အစ္စရေးတွေ စခန်း​ချခဲ့တဲ့ နေရာ ၄၀ လောက်ကို ဖော်ပြထားတယ်။

တစ်ခါတလေ အရိပ်​ကောင်းတဲ့ နေရာမှာ စခန်း​ချရနိုင်တယ်။ “ကြောက်စရာ​ကောင်းတဲ့ တောကန္တာရကြီး” ထဲမှာ စခန်း​ချတဲ့ နေရာက အရိပ်​ကောင်းတယ်​ဆိုရင် အေးအေးချမ်းချမ်း ရှိမှာပဲ။ (တရား. ၁:၁၉) ဒါကြောင့် နောက်​တစ်နေရာ ပြောင်းရမယ်​လို့ ကြားတဲ့​အခါ ပိုဆိုးတဲ့​နေရာ ဖြစ်မှာကို တွေးပူမိနိုင်တယ်။

စခန်း​ပြောင်းတဲ့​အခါ တချို့က ကိုယ့်​မျိုးနွယ်စု​အလှည့် ရောက်ဖို့ စိတ်ရှည်ရှည်နဲ့ စောင့်ရနိုင်တယ်။ ခရာသံ အနိမ့်​အမြင့်နဲ့ မှုတ်တာကို အားလုံး ကြားပေမဲ့ အားလုံး တစ်ပြိုင်တည်း ထွက်လို့ မရဘူး။ ခရာသံ အနိမ့်​အမြင့်နဲ့ မှုတ်တဲ့အခါ အရှေ့ဘက်မှာ စခန်းချတဲ့ ယုဒ၊ အိသခါ၊ ဇာဗုလုန် မျိုးနွယ်တွေ ထွက်ခွာရတယ်။ (တော. ၂:၃-၇။ ၁၀:၅၊ ၆) သူတို့ ထွက်ခွာပြီးနောက် ပုရောဟိတ်တွေက ဒုတိယအကြိမ် ခရာသံ အနိမ့်​အမြင့်နဲ့ မှုတ်တဲ့​အခါ တောင်ဘက်မှာ စခန်းချတဲ့ မျိုးနွယ်​သုံးစု ထွက်ခွာရတယ်။ ဒီလိုနဲ့ တစ်တပ်လုံး ထွက်ခွာပြီးတဲ့​အထိ ပုရောဟိတ်တွေ ခရာ​မှုတ်ပေးတယ်။

သင်လည်း အဖွဲ့အစည်း​ဆိုင်ရာ ပြုပြင်​ပြောင်းလဲမှု​တချို့ကို လက်ခံဖို့ ခက်တာမျိုး ရှိနိုင်တယ်။ မမျှော်လင့်ထားတဲ့ အပြောင်းအလဲတွေ များလွန်းလို့ ဖြစ်နိုင်တယ်။ ပြောင်းလဲသွားတဲ့ အစီအစဉ်ကို မကြိုက်ဘဲ မပြောင်းလဲရင် အကောင်းသားလို့ တွေးမိနိုင်တယ်။ ဘာပဲ​ဖြစ်ဖြစ် သင့်စိတ်ရှည်မှု စမ်းသပ်ခံနေရတယ်။ အသားကျဖို့ အချိန်​လိုတယ်။ ဒါပေမဲ့ အပြောင်းအလဲကို လက်ခံဖို့ ကြိုးစားမယ်​ဆိုရင် ဘုရား ကောင်းချီး​ပေးတာကို ခံစားရပါလိမ့်မယ်။

မောရှေ​ခေတ်က အစ္စရေး အမျိုးသား/သမီး၊ ကလေး သန်းနဲ့ချီကို တောကန္တာရထဲမှာ ယေဟောဝါ လမ်းပြခဲ့တယ်။ ဘုရားရဲ့ ဂရုစိုက်မှု၊ လမ်းပြမှု မပါဘဲ သူတို့ အသက်ရှင်​လွတ်မြောက်မှာ မဟုတ်ဘူး။ ဒီနေ့လည်း ယေဟောဝါရဲ့ လမ်းပြမှုကြောင့် ကျွန်တော်တို့ ဘုရားရေးရာဘက်မှာ ရှင်သန်နေကြတယ်။ ဒါကြောင့် ခရာ​မှုတ်သံ​အတိုင်း လုပ်ဆောင်ခဲ့ကြတဲ့ သစ္စာရှိ အစ္စရေးတွေလို နာခံမှု ရှိဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။