မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၂၄

“နာမတော်ကို ကြောက်ရွံ့တတ်ဖို့ စိတ်ကို စုစည်းပေးပါ”

“နာမတော်ကို ကြောက်ရွံ့တတ်ဖို့ စိတ်ကို စုစည်းပေးပါ”

“နာမတော်ကို ကြောက်ရွံ့တတ်ဖို့ စိတ်ကို စုစည်းပေးပါ။ ယေဟောဝါ​ဘုရား၊ ကိုယ်တော့်ကို လှိုက်လှိုက်​လှဲလှဲ ချီးမွမ်းပါ့မယ်။”—ဆာ. ၈၆:၁၁၊ ၁၂

သီချင်း ၇ ယေဟောဝါ၊ တို့ခွန်အား

အကြိုသုံးသပ်ချက် *

၁။ ဘုရားကို ကြောက်ရွံ့တယ်​ဆိုတာ ဘာလဲ။ ယေဟောဝါကို ချစ်မြတ်နိုးသူတွေဟာ ဘုရားကို ကြောက်ရွံ့ဖို့ ဘာကြောင့် လိုသလဲ။

ခရစ်ယာန်တွေဟာ ဘုရားကို ချစ်တယ်၊ ကြောက်ရွံ့တယ်။ တချို့​အတွက်တော့ ချစ်တာနဲ့ ကြောက်တာ ဆန့်ကျင်နေပုံ​ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဆွေးနွေးမယ့် ကြောက်ရွံ့ခြင်း​ဆိုတာ ဖိမ့်ဖိမ့်​တုန်အောင် ကြောက်တဲ့ ကြောက်ရွံ့ခြင်းမျိုး မဟုတ်ဘူး။ အထူး​ကြောက်ရွံ့ခြင်းမျိုး ဖြစ်တယ်။ အဲဒီလို ကြောက်ရွံ့ခြင်းမျိုး ရှိတဲ့​သူဟာ ဘုရားကို ရိုသေ​ခန့်ညားပြီး လေးစားတယ်။ ဘုရားနဲ့ ဆက်ဆံရေးကို မထိခိုက်စေချင်တဲ့​အတွက် ဘုရား မနှစ်သက်တာကို မလုပ်ချင်ဘူး။—ဆာ. ၁၁၁:၁၀။ ပညာ. ၈:၁၃

၂။ ဆာလံ ၈၆:၁၁ မှာပါတဲ့ ဘုရင်​ဒါဝိဒ်ရဲ့ စကားတွေကို အခြေခံပြီး ဘယ်​အကြောင်းအရာ နှစ်ခုကို ဆွေးနွေးကြ​မလဲ။

ဆာလံ ၈၆:၁၁ ကို​ဖတ်ပါ။ အဲဒီ​စကားတွေကို ဖတ်တဲ့​အခါ ဘုရားကို ကြောက်ရွံ့ဖို့ ဘယ်လောက် အရေးကြီးတယ်​ဆိုတာ သစ္စာရှိ ဘုရင်​ဒါဝိဒ် နားလည်ကြောင်း သိရတယ်။ ဒါဝိဒ်ရဲ့ စကားကို ဘယ်လို ကျင့်သုံးနိုင်ကြောင်း ဆွေးနွေး​ကြည့်ကြစို့။ ပထမ၊ ဘုရား​နာမတော်ကို ကြောက်ရွံ့​ရိုသေသင့်တဲ့ အကြောင်းရင်း​တချို့ကို ဆွေးနွေးပါမယ်။ ဒုတိယ၊ ဘုရား​နာမတော်ကို ကြောက်ရွံ့​ရိုသေမှန်း နေ့စဉ်​အသက်တာမှာ ဘယ်လို ပြနိုင်ကြောင်း ဆွေးနွေးပါမယ်။

ယေဟောဝါရဲ့ နာမတော်ကို ဘာကြောင့် ကြောက်ရွံ့​ရိုသေသင့်

၃။ ဘုရားရဲ့ နာမတော်ကို ကြောက်ရွံ့​ရိုသေဖို့ ဘယ်အဖြစ်အပျက်က မောရှေကို ကူညီပေး​သလဲ။

ကျောက်ဂူထဲမှာ ပုန်းနေရင်း ယေဟောဝါရဲ့ ဘုန်းအသရေ ဖြတ်သွားတာကို မြင်တဲ့​အခါ မောရှေ ဘယ်လို ခံစားရမယ်​ဆိုတာ စဉ်းစားကြည့်ပါ။ လူသား​တစ်ယောက်​အတွက် တကယ့်ကို ထူးခြား​အံ့ဩဖွယ် အဖြစ်အပျက်​ပါပဲ။ ‘ယေဟောဝါဟာ ကရုဏာ​ရှိပြီး သနား​စာနာတတ်တဲ့​ဘုရား၊ ယေဟောဝါဟာ အမျက်ထွက်​နှေးပြီး ခိုင်မြဲတဲ့​မေတ္တာနဲ့ သစ္စာ​တရား ကြီးမားတဲ့​ဘုရား၊ လူထောင်ပေါင်း​များစွာကို ခိုင်မြဲတဲ့ မေတ္တာ​ပြတဲ့​ဘုရား၊ အမှားတွေ၊ ကျူးလွန်မှုတွေ၊ အပြစ်တွေကို ခွင့်လွှတ်တဲ့ ဘုရားပဲ’ လို့ ကောင်းကင်တမန် ပြောတာကိုလည်း မောရှေ ကြားရတယ်။ (ထွ. ၃၃:၁၇-၂၃။ ၃၄:၅-၇) ယေဟောဝါရဲ့ နာမတော်ကို သုံးတဲ့​အခါ အဲဒီ​အဖြစ်အပျက်ကို မောရှေ အမှတ်ရနေမှာပဲ။ ဒါကြောင့် ‘ဘုရားရဲ့ ဂုဏ်ကျက်သရေ​ရှိတဲ့၊ ရိုသေ​ခန့်ညားဖွယ်​ကောင်းတဲ့ နာမည်ကို ကြောက်ရွံ့’ ဖို့ အစ္စရေး​လူမျိုးကို နောက်ပိုင်းမှာ မောရှေ သတိပေးခဲ့တာ မဆန်းပါဘူး။—တရား. ၂၈:၅၈

၄။ ယေဟောဝါကို ကြောက်ရွံ့ရိုသေဖို့ ဘာက ကူညီပေးနိုင်သလဲ။

ယေဟောဝါ​ဆိုတဲ့ နာမည်ကို စဉ်းစားတိုင်း ယေဟောဝါဟာ ဘယ်လို ဘုရားမျိုး ဖြစ်ကြောင်းကိုလည်း စဉ်းစားသင့်တယ်။ တန်ခိုး၊ ဉာဏ်ပညာ၊ တရားမျှတမှု၊ မေတ္တာ စတဲ့ အရည်အသွေးတွေကိုလည်း သတိရသင့်တယ်။ အဲဒီ​အရည်အသွေးတွေနဲ့ တခြား​အရည်အသွေးတွေကို စဉ်းစားခြင်းက ဘုရားကို ကြောက်ရွံ့​ရိုသေလာဖို့ ကူညီပေးနိုင်တယ်။—ဆာ. ၇၇:၁၁-၁၅

၅-၆။ (က) ဘုရား​နာမတော်ရဲ့ အဓိပ္ပာယ်က ဘာလဲ။ (ခ) ထွက်မြောက်ရာ ၃:၁၃၊ ၁၄ နဲ့ ဟေရှာယ ၆၄:၈ အရ ဘယ်နည်းတွေ​အားဖြင့် ယေဟောဝါက ဘာမဆို ဖြစ်လာစေ​သလဲ။

ဘုရား​နာမတော်ရဲ့ အဓိပ္ပာယ်နဲ့​ပတ်သက်ပြီး ကျွန်တော်တို့ ဘာသိထားသလဲ။ ယေဟောဝါ​ဆိုတဲ့ နာမည်ဟာ “ကိုယ်တော် ဖြစ်လာစေတယ်” လို့ အဓိပ္ပာယ် ရှိကြောင်း ကျမ်းပညာရှင်​များစွာ သဘောတူတယ်။ အလိုတော်ကို ဘာကမှ မတားဆီးနိုင်ကြောင်း၊ ဘာကို​မဆို ယေဟောဝါ ဖြစ်စေနိုင်ကြောင်း အဲဒီ​အဓိပ္ပာယ်က အမှတ်ရစေတယ်။ ဘယ်လို​နည်းနဲ့လဲ။

ယေဟောဝါဟာ မိမိ​ရည်ရွယ်ချက် ပြည့်စုံစေဖို့ လိုအပ်သလို ဘာမဆို ဖြစ်လာတယ်။ (ထွက်မြောက်ရာ ၃:၁၃၊ ၁၄ ကို​ဖတ်ပါ။) ဒါဟာ ဘုရားရဲ့ အရည်အသွေး​တစ်ခု ဖြစ်တယ်။ ထူးခြားတဲ့ အဲဒီ​အချက်ကို တွေးတော​ဆင်ခြင်ဖို့ ကျွန်တော်တို့ မကြာခဏ အားပေးခံရတယ်။ ယေဟောဝါဟာ အလိုတော် ပြည့်စုံစေဖို့ မစုံလင်တဲ့ လူသားတွေကိုလည်း ဘာမဆို ဖြစ်လာစေနိုင်တယ်။ (ဟေရှာယ ၆၄:၈ ကို​ဖတ်ပါ။) ဒီနည်းတွေ​အားဖြင့် အလိုတော်ကို ယေဟောဝါ အကောင်အထည် ဖော်တယ်။ ရည်ရွယ်ချက် မပြည့်စုံအောင် ဘာကမှ ဘုရားကို မတားဆီးနိုင်ဘူး။—ဟေရှာ. ၄၆:၁၀၊ ၁၁

၇။ ဘုရားကို ကျေးဇူးတင်​လေးမြတ်စိတ် ဘယ်လို တိုးများလာနိုင်​သလဲ။

ဘုရား ဘာတွေ လုပ်ဆောင်ခဲ့တယ်၊ ကျွန်တော်တို့ ဘာတွေ လုပ်ဆောင်နိုင်အောင် ဘုရား ကူညီပေးခဲ့တယ် ဆိုတာတွေကို တွေးတော​ဆင်ခြင်ခြင်း​အားဖြင့် ကျေးဇူးတင်​လေးမြတ်စိတ် တိုးများလာနိုင်တယ်။ ဥပမာ၊ ဖန်ဆင်းခြင်း​လက်ရာတွေအကြောင်း တွေးတော​ဆင်ခြင်တဲ့​အခါ ဘုရား လုပ်ဆောင်ခဲ့တာတွေကို မအံ့ဩဘဲ မနေနိုင်အောင် ဖြစ်ရတယ်။ (ဆာ. ၈:၃၊ ၄) အလိုတော်​ဆောင်နိုင်ဖို့ ကျွန်တော်တို့ကို ဘုရား ကူညီပေးခဲ့တာတွေ​အကြောင်း တွေးလိုက်တိုင်း ဘုရားကို ပိုရိုသေ​လေးစားလာတယ်။ ယေဟောဝါရဲ့ နာမည်ဟာ တကယ်ပဲ ကြောက်ရွံ့​ရိုသေဖွယ် ဖြစ်တယ်။ အဲဒီ​နာမည်ထဲမှာ ဘုရားဟာ ဘယ်လို ဘုရားမျိုး ဖြစ်တယ်၊ ဘာတွေ လုပ်ဆောင်ခဲ့တယ်၊ ဘာတွေ လုပ်ဆောင်ဦးမယ်​ဆိုတာတွေ ပါဝင်တယ်။—ဆာ. ၈၉:၇၊ ၈

“ယေဟောဝါရဲ့ နာမည်ကို ငါကြေညာမယ်”

မောရှေရဲ့ သွန်သင်ချက်က လန်းဆန်းမှု ဖြစ်စေပြီး ယေဟောဝါရဲ့ နာမည်၊ ဘုရားဟာ ဘယ်လို ပုဂ္ဂိုလ်မျိုး ဖြစ်ကြောင်း ပေါ်လွင်စေ (စာပိုဒ် ၈ ကိုကြည့်ပါ) *

၈။ နာမတော်နဲ့​ပတ်သက်ပြီး ယေဟောဝါရဲ့ ရှုမြင်ပုံကို တရားဟောရာ ၃၂:၂၊ ၃ က ဘယ်လို ဖော်ပြသလဲ။

အစ္စရေးတွေ ကတိထားရာ​ပြည်ထဲ မဝင်ခင်လေးမှာ မောရှေကို ယေဟောဝါ သီချင်း​တစ်ပုဒ် သင်ပေးတယ်။ (တရား. ၃၁:၁၉) မောရှေက အစ္စရေးတွေကို အဲဒီ​သီချင်း ပြန်သင်ပေးရမယ်။ (တရားဟောရာ ၃၂:၂၊ ၃ ကို​ဖတ်ပါ။) အခန်းငယ် ၂၊ ၃ ကို ဖတ်တဲ့​အခါ ယေဟောဝါက မိမိ​နာမည်ကို ဖုံးကွယ်မထားချင်ကြောင်း၊ မိမိ​နာမည်ကို လူတွေ အသံထွက်​ခေါ်ရမှာ ကြောက်နေတာမျိုး မဖြစ်စေချင်ကြောင်း ထင်ရှားတယ်။ လူတိုင်းကို မိမိ​နာမည် သိစေချင်တယ်။ ယေဟောဝါ​အကြောင်း၊ ဘုန်းကြီးတဲ့ နာမတော်​အကြောင်း မောရှေ သင်ပေးတာကို အစ္စရေးတွေ ကြားရတာ တကယ့်​အခွင့်ထူး​ပါပဲ။ မောရှေ သွန်သင်ပေးတာတွေက အပင်တွေပေါ် ရွာသွန်းတဲ့ မိုးစက်​မိုးပေါက်တွေလိုပဲ အစ္စရေးတွေကို လန်းဆန်း​အားရှိစေတယ်။ ကျွန်တော်တို့လည်း လူတွေကို လန်းဆန်း​အားရှိစေတဲ့​နည်းနဲ့ ဘယ်လို သွန်သင်နိုင်​သလဲ။

၉။ ယေဟောဝါရဲ့ နာမတော် သန့်ရှင်း​မြင့်မြတ်စေရေးမှာ ကျွန်တော်တို့ ဘယ်လို ကူညီပေးနိုင်​သလဲ။

တစ်အိမ်တက်ဆင်း လုပ်ငန်းမှာ ဖြစ်စေ၊ အများရှေ့ သက်သေခံခြင်းမှာ ဖြစ်စေ ဘုရားရဲ့ နာမည် ယေဟောဝါ​ဆိုတာကို ကျမ်းစာထဲကနေ ဖတ်ပြသင့်တယ်။ ယေဟောဝါကို ဂုဏ်တင်တဲ့ စာပေ၊ ဗီဒီယို၊ ဝက်ဘ်ဆိုက်ပေါ်က အကြောင်းအရာတွေကို ပြနိုင်တယ်။ အလုပ်မှာ၊ ကျောင်းမှာ၊ ခရီးသွားတဲ့​အခါ ကျွန်တော်တို့ ချစ်ရတဲ့ ဘုရားသခင်​အကြောင်း၊ ဘယ်လို ဘုရားမျိုး ဖြစ်ကြောင်း အခွင့်အရေးရှာ ဟောပြောသင့်တယ်။ လူနဲ့ ကမ္ဘာမြေ​အတွက် ယေဟောဝါရဲ့ မေတ္တာပါ ရည်ရွယ်ချက်​အကြောင်း တခြားသူတွေကို ပြောပြတဲ့​အခါ သူတို့​အတွက် အသစ်အဆန်း ဖြစ်နေပုံရမယ်။ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လောက် ချစ်မှန်း ဦးဆုံးအကြိမ် ကြားဖူးတာ ဖြစ်နိုင်တယ်။ ဘုရားနဲ့​ပတ်သက်တဲ့ အမှန်တရား​အကြောင်း တခြားသူတွေကို ပြောပြတာက နာမတော် သန့်ရှင်း​မြင့်မြတ်စေရေးမှာ ကူညီပေးရာ ရောက်သလို ယေဟောဝါနဲ့​ပတ်သက်ပြီး သွန်သင်ခံထားရတဲ့ အလိမ်အညာတွေကို ဖော်ထုတ်​ရှင်းလင်းပေးရာလည်း ရောက်တယ်။ ကျမ်းစာ​သွန်သင်ချက်တွေက လူတွေကို လန်းဆန်း​အားရှိစေနိုင်တယ်။—ဟေရှာ. ၆၅:၁၃၊ ၁၄

၁၀။ ကျမ်းစာ​သင်သားတွေကို ဘုရားရဲ့ တောင်းဆိုချက်တွေ၊ စံနှုန်းတွေ​အကြောင်း သင်ပေးရုံ​ထက်​မက ဘာကြောင့် လုပ်ဆောင်ရ​မလဲ။

၁၀ ယေဟောဝါရဲ့ နာမည်ကို ကျမ်းစာ​သင်သားတွေ သိပြီး အသုံးပြုတတ်လာဖို့၊ ယေဟောဝါ​အကြောင်း ပိုသိလာဖို့ ကျွန်တော်တို့ ကူညီပေးချင်တယ်။ ဒါပေမဲ့ ဘုရားရဲ့ စံနှုန်းတွေ၊ စာရိတ္တ စည်းမျဉ်းတွေ​အကြောင်း သင်ပေးရုံနဲ့ အဲဒီလို ဖြစ်လာနိုင်​မလား။ ဘုရားရဲ့ ပညတ်တွေကို သိပြီး အထင်ကြီး​လေးစားလာနိုင်ပေမဲ့ ယေဟောဝါကို ချစ်တဲ့​စိတ်ကြောင့် နာခံတာမျိုး ဖြစ်လာပါ့မလား။ ဧဝရော အာဒံပါ ဘုရားရဲ့ ပညတ်တွေကို သိပေမဲ့ ပညတ်ပေးရှင် ဘုရားကို တကယ် မချစ်ဘူး​ဆိုတာ သတိရပါ။ (က. ၃:၁-၆) ဒါကြောင့် ဘုရားရဲ့ ဖြောင့်မတ်တဲ့ တောင်းဆိုချက်တွေ၊ စံနှုန်းတွေအကြောင်း သင်ပေးရုံ​ထက်​မက လုပ်ဆောင်ရမယ်။

၁၁။ ဘုရားရဲ့ ပညတ်တွေ၊ စံနှုန်းတွေ​အကြောင်း သင်ပေးရင်း ပညတ်ပေးရှင်ကို ချစ်တတ်လာအောင် သင်သားတွေကို ဘယ်လို ကူညီပေးနိုင်​သလဲ။

၁၁ ယေဟောဝါရဲ့ တောင်းဆိုချက်တွေ၊ စံနှုန်းတွေဟာ နှစ်သက်ဖွယ် ကောင်းတယ်။ (ဆာ. ၁၁၉:၉၇၊ ၁၁၁၊ ၁၁၂) ဒါပေမဲ့ ပညတ်​နောက်ကွယ်က ယေဟောဝါရဲ့ မေတ္တာကို မမြင်မချင်း သင်သားတွေ အဲဒီလို ခံစားရမှာ မဟုတ်ဘူး။ ဒါကြောင့် “ဒီအချက်ကို လုပ်ဖို့ ဒါမှမဟုတ် မလုပ်ဖို့ ကျေးကျွန်တွေ​ဆီကနေ ဘုရား ဘာကြောင့် တောင်းဆိုတယ်​လို့ ထင်သလဲ။ ဒီကနေ ဘုရား​အကြောင်း ဘာသိရသလဲ” လို့ သင်သားတွေကို မေးနိုင်တယ်။ ယေဟောဝါ​အကြောင်း တွေးတောဖို့၊ ဘုန်းကြီးတဲ့ နာမတော်ကို မြတ်နိုးလာဖို့ ကူညီပေးတဲ့​အခါ သင်သားတွေ ပိုစိတ်ထိမိမယ်။ ပညတ်တွေကို​သာမက ပညတ်ပေးရှင်ကိုပါ ချစ်မြတ်နိုးတတ်လာမယ်။ (ဆာ. ၁၁၉:၆၈) ယုံကြည်ခြင်း ခိုင်ခံ့လာပြီး ခက်ခဲတဲ့ စမ်းသပ်မှုတွေကို ခံရပ်နိုင်ကြပါလိမ့်မယ်။—၁ ကော. ၃:၁၂-၁၅

‘ယေဟောဝါရဲ့ နာမည်ကို ခံယူပြီး အသက်ရှင်ကြမယ်’

တစ်ချိန်မှာ ဒါဝိဒ် စိတ်နှစ်ခွ ဖြစ်ခဲ့ (စာပိုဒ် ၁၂ ကိုကြည့်ပါ)

၁၂။ တစ်ခါမှာ ဒါဝိဒ် ဘယ်လို​နည်းနဲ့ စိတ်ကို မစုစည်းနိုင်ခဲ့​သလဲ။ ဘယ်လို အကျိုးဆက် ရသလဲ။

၁၂ ဆာလံ ၈၆:၁၁ မှာ​ပါတဲ့ အဓိက​အချက်က “စိတ်ကို စုစည်းပေးပါ” ဖြစ်တယ်။ အဲဒီ​စကားတွေကို ရေးဖို့ စွမ်းအားတော်က ဘုရင်​ဒါဝိဒ်ကို လမ်းညွှန်ပေးတယ်။ စိတ်နှစ်ခွ ဖြစ်ဖို့ ဘယ်လောက် လွယ်ကူမှန်း ဒါဝိဒ် ကိုယ်တွေ့ ကြုံခဲ့တယ်။ တစ်ခါတုန်းက အိမ်မိုးပေါ်မှာ ရှိနေတုန်း အိမ်ထောင်သည် အမျိုးသမီး​တစ်ယောက် ရေချိုးနေတာကို မြင်တယ်။ အဲဒီ​အချိန်မှာ ဒါဝိဒ်ရဲ့ စိတ် စုစည်းနေ​သလား ဒါမှမဟုတ် နှစ်ခွ ဖြစ်နေ​သလား။ ‘တခြားသူရဲ့ မိန်းမကို မတပ်မက်နဲ့’ ဆိုတဲ့ ယေဟောဝါရဲ့ ပညတ်ကို ဒါဝိဒ် သိတယ်။ (ထွ. ၂၀:၁၇) ဒါပေမဲ့ အဲဒီ​အမျိုးသမီးကို ဆက်ကြည့်နေခဲ့တယ်။ ဒါဝိဒ်ရဲ့​စိတ် နှစ်ခွ ဖြစ်နေတယ်။ တစ်ဖက်မှာ ဗာသရှေဘကို တပ်မက်တဲ့​စိတ်၊ တစ်ဖက်မှာ ယေဟောဝါရဲ့ နှစ်သက်မှု ရချင်တဲ့​စိတ်။ ယေဟောဝါကို ဒါဝိဒ် ချစ်ပြီး ကြောက်ရွံ့​ရိုသေလာတာ နှစ်ပေါင်းများစွာ ရှိပြီ ဖြစ်ပေမဲ့ မကောင်းတာကို လုပ်ခဲ့တယ်။ ယေဟောဝါရဲ့ နာမည်ကို ရှုတ်ချစရာ ဖြစ်စေခဲ့တယ်။ ကိုယ့်မိသားစု အပါအဝင် အပြစ်မဲ့သူတွေကိုလည်း ဒုက္ခရောက်စေခဲ့တယ်။—၂ ရှ. ၁၁:၁-၅၊ ၁၄-၁၇။ ၁၂:၇-၁၂

၁၃။ ဒါဝိဒ် စိတ်​ပြန်​စုစည်းနိုင်ခဲ့ကြောင်း ဘယ်လို သိရသလဲ။

၁၃ ဆုံးမမှုကို ဒါဝိဒ် လက်ခံတဲ့​အတွက် ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ကောင်းလာတယ်။ (၂ ရှ. ၁၂:၁၃။ ဆာ. ၅၁:၂-၄၊ ၁၇) စိတ်​နှစ်ခွ ဖြစ်တဲ့အခါ ဒုက္ခတွေ၊ ဆိုးကျိုးတွေ ရကြောင်း ဒါဝိဒ် အမြဲ အမှတ်ရနေတယ်။ ဒါဝိဒ် စိတ်​စုစည်းနိုင်ဖို့ ယေဟောဝါ ကူညီပေးသလား။ ကူညီပေးပါတယ်။ ‘ယေဟောဝါ​ဘုရားကို စိတ်နှလုံး​အကြွင်းမဲ့ ဝတ်ပြု’ သူ​အဖြစ် နောက်ပိုင်းမှာ ဒါဝိဒ်ကို ကျမ်းစာ ဖော်ပြတယ်။—၁ ဘု. ၁၁:၄။ ၁၅:၃

၁၄။ ကိုယ့်ကိုယ်ကိုယ် ဘာမေးသင့်​သလဲ။ ဘာကြောင့်လဲ။

၁၄ ဒါဝိဒ်ရဲ့ ပုံနမူနာက အားရှိစရာ ကောင်းသလို အလေးအနက် စဉ်းစားစရာလည်း ဖြစ်တယ်။ ဒါဝိဒ် ကြီးလေးတဲ့ အပြစ် ပြုမိတာက ဒီနေ့ခေတ် ယေဟောဝါရဲ့ ကျေးကျွန်တွေအတွက် သတိပေးချက် ဖြစ်တယ်။ ကျွန်တော်တို့ ယေဟောဝါကို ဝတ်ပြုလာတာ နှစ်ပေါင်းများစွာ ကြာနေပြီ ဖြစ်စေ၊ မကြာသေးခင်ကမှ စဝတ်ပြုတာ ဖြစ်စေ ‘စိတ်​နှစ်ခွ ဖြစ်ဖို့ စာတန် သွေးဆောင်တာကို ငါ တိုက်လှန်နေရဲ့လား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးသင့်တယ်။

ကျွန်တော်တို့ စိတ်နှစ်ခွ ဖြစ်ဖို့ စာတန် နည်းအမျိုးမျိုး သုံးလိမ့်မယ်။ သူ့ကို အခွင့်မပေးပါနဲ့ (စာပိုဒ် ၁၅-၁၆ ကိုကြည့်ပါ) *

၁၅။ လိင်စိတ်​ကြွစေတဲ့ ရုပ်ပုံတွေ တွေ့တဲ့​အခါ ဘုရားကို ကြောက်ရွံ့တဲ့​စိတ်က ဘယ်လို ကာကွယ်ပေးနိုင်​သလဲ။

၁၅ ဥပမာ၊ တီဗီမှာ၊ အင်တာနက်မှာ လိင်စိတ်ကြွစေတဲ့ ရုပ်ပုံတစ်ခု မြင်လိုက်တဲ့​အခါ သင် ဘယ်လို တုံ့ပြန်​သလဲ။ ဒီပုံ ဒါမှမဟုတ် ရုပ်ရှင်က အပြာ​ရုပ်ပုံ၊ ရုပ်ရှင်မှ မဟုတ်တာ​လို့ တွေးမိဖို့ သိပ်လွယ်တယ်။ ဒါပေမဲ့ သင့်ကို စိတ်​နှစ်ခွ ဖြစ်စေဖို့ စာတန် သုံးနေတဲ့ လက်နက် မဖြစ်နိုင်ဘူးလား။ (၂ ကော. ၂:၁၁) အဲဒီ​ရုပ်ပုံက သစ်တုံးကြီးကို ခြမ်းဖို့ လူ​တစ်ယောက် သုံးတဲ့ သပ်ပြား သေးသေးလေးနဲ့ တူနိုင်တယ်။ အစပိုင်းမှာတော့ သပ်ကို သစ်တုံးထဲ နည်းနည်းပဲ ရိုက်ထည့်တယ်။ ဒါပေမဲ့ သပ်ရိုက်ဖန် များလာတဲ့အခါ သစ်တုံးကြီး နှစ်ခြမ်း ကွဲသွားတယ်။ လိင်စိတ်​ကြွစေတဲ့ ရုပ်ပုံတွေဟာ သပ်ပြား သေးသေးလေးနဲ့ ဘယ်လို တူသလဲ။ အစပိုင်းမှာ အန္တရာယ် မရှိပုံရတဲ့ ဘာမဟုတ်တဲ့ ပုံလေးက လူတစ်ယောက်ရဲ့ စိတ်ကို နှစ်ခွ ဖြစ်စေနိုင်ပြီး အပြစ်ပြု​မိစေနိုင်တယ်၊ သမာဓိ ချိုးဖျက်​မိစေနိုင်တယ်။ ဒါကြောင့် စိတ်နှလုံးထဲ မသင့်တော်တဲ့ ဘယ်အရာမှ မဝင်လာအောင် ငြင်းပယ်ပါ။ ယေဟောဝါရဲ့ နာမတော်ကို ကြောက်ရွံ့တတ်ဖို့ စိတ်ကို စုစည်းထားပါ။

၁၆။ သွေးဆောင်မှု ကြုံရတဲ့​အခါ ကိုယ့်ကိုယ်ကိုယ် ဘယ်​မေးခွန်းတွေ မေးသင့်​သလဲ။

၁၆ လိင်စိတ်​ကြွစေတဲ့ ရုပ်ပုံတွေ​အပြင် တခြား သွေးဆောင်မှုတွေကိုလည်း စာတန် သုံးနေတယ်။ ကျွန်တော်တို့ ဘယ်လို တုံ့ပြန်ကြ​သလဲ။ ဆင်ခြေပေး​မိဖို့ သိပ်လွယ်တယ်။ ဥပမာ၊ ‘ဒါ​လုပ်ရင် နှင်ထုတ်ခံရမှာ မဟုတ်ဘူး​ဆိုတော့ အပြစ် သိပ်မကြီးလောက်ပါဘူး’ လို့ တွေးမိနိုင်တယ်။ အဲဒီလို တွေးတာ သိပ်မှားတယ်။ အဲဒီလို တွေးမယ့်​အစား ‘ငါ စိတ်​နှစ်ခွ ဖြစ်ဖို့ ဒီသွေးဆောင်မှုကို စာတန် သုံးနေတာ​များလား။ ငါ အလျှော့ပေး​လိုက်ရင် ယေဟောဝါရဲ့ နာမည် ထိခိုက်​မလား။ ဒီလုပ်ရပ်က ငါ့ကို ဘုရားနဲ့ ပိုရင်းနှီးစေ​မလား၊ ဝေးကွာသွားစေ​မလား’ လို့ မေးသင့်တယ်။ အဲဒီနောက် ကိုယ့်ကိုယ်ကိုယ် မလှည့်စားဘဲ ရိုးရိုးသားသား ဖြေနိုင်အောင် ဉာဏ်ပညာ ပေးဖို့ ဆုတောင်းပါ။ (ယာ. ၁:၅) အဲဒါ တကယ့် အကာအကွယ်​ပါပဲ။ “စာတန်၊ ထွက်သွားစမ်း” လို့ ပြောခဲ့တဲ့ ယေရှုလိုပဲ သွေးဆောင်မှုကို အခိုင်အမာ တွန်းလှန်နိုင်ပါလိမ့်မယ်။—မ. ၄:၁၀

၁၇။ စိတ်​နှစ်ခွ ဖြစ်တာ ဘာကြောင့် အကျိုး​မရှိ​သလဲ။ ရှင်းပြပါ။

၁၇ စိတ်​နှစ်ခွ ဖြစ်နေရင် အကျိုးမရှိဘူး။ အားကစား အသင်း​တစ်ခုမှာ အသင်းသားတွေ အချင်းချင်း မသင့်မြတ်ဘူး ဆိုပါစို့။ တချို့က ကိုယ်တစ်ယောက်တည်း ထင်ပေါ်ချင်တယ်။ တချို့က စည်းမျဉ်းစည်းကမ်း​အတိုင်း မကစားချင်ဘူး။ တချို့ကျတော့ နည်းပြကို မလေးစားဘူး။ အဲဒီလို​အသင်းဟာ ပြိုင်ပွဲမှာ အနိုင်ရမှာ မဟုတ်ဘူး။ အဲဒီလို မဟုတ်ဘဲ စည်းလုံးမယ်​ဆိုရင်တော့ အနိုင်ရ​နိုင်ချေ ပိုများပါလိမ့်မယ်။ သင့်အတွေး၊ ဆန္ဒ၊ စိတ်ခံစားချက်တွေကို ယေဟောဝါ အမှုဆောင်ခြင်းမှာပဲ စုစည်းထားမယ်​ဆိုရင် သင့်စိတ်နှလုံးဟာ အနိုင်ရတဲ့ အသင်းလို ဖြစ်နိုင်ပါတယ်။ သင့်ကို စာတန် စိတ်နှစ်ခွ ဖြစ်စေချင်တယ်​ဆိုတာ သတိရပါ။ သင့်အတွေး၊ ဆန္ဒ၊ စိတ်ခံစားချက်တွေကို ယေဟောဝါရဲ့ စံနှုန်းတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်စေချင်တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ အမှုဆောင်နိုင်ဖို့ သင့်စိတ်နှလုံး အကြွင်းမဲ့ ဖြစ်နေရမယ်။ (မ. ၂၂:၃၆-၃၈) ဒါကြောင့် သင့်ကို စိတ်​နှစ်ခွ ဖြစ်အောင် လုပ်ဖို့ စာတန်ကို ဘယ်တော့မှ အခွင့်မပေးပါနဲ့။

၁၈။ မိက္ခာ ၄:၅ မှာ​ပါတဲ့ စကားတွေနဲ့​အညီ သင် ဘယ်လို စိတ်ပိုင်းဖြတ်ထား​သလဲ။

၁၈ “နာမတော်ကို ကြောက်ရွံ့တတ်ဖို့ စိတ်ကို စုစည်းပေးပါ” လို့ ဒါဝိဒ်လို ဆုတောင်းပါ။ ဆုတောင်းချက်နဲ့​အညီ အသက်ရှင်ဖို့ ကြိုးစားပါ။ နေ့တိုင်း ဆုံးဖြတ်ချက် ကြီးငယ်မရွေး ချတဲ့အခါ ယေဟောဝါရဲ့ သန့်ရှင်းတဲ့ နာမတော်ကို ကြောက်ရွံ့ရိုသေကြောင်း ပြဖို့ စိတ်ပိုင်းဖြတ်ထားပါ။ ဒီနည်းအားဖြင့် ယေဟောဝါသက်သေ တစ်ယောက်​အနေနဲ့ ဘုရားရဲ့ နာမတော်ကို ဂုဏ်တင်နိုင်ပါလိမ့်မယ်။ (ပညာ. ၂၇:၁၁) “ကျွန်တော်တို့ကတော့ ကျွန်တော်တို့​ဘုရား ယေဟောဝါရဲ့ နာမည်ကို ခံယူပြီး အစဉ်​ထာဝရ အသက်ရှင်ကြမယ်” ဆိုပြီး ပရောဖက် မိက္ခာနဲ့​အတူ ပြောနိုင်ကြပါလိမ့်မယ်။—မိ. ၄:၅

သီချင်း ၄၁ ဆုတောင်းသံကို နားထောင်ပေးပါ

^ အပိုဒ်၊ 5 ဆာလံ ၈၆:၁၁၊ ၁၂ မှာ မှတ်တမ်းတင်ထားတဲ့ ဘုရင်​ဒါဝိဒ်ရဲ့ ဆုတောင်းချက်ကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ ယေဟောဝါရဲ့ နာမတော်ကို ကြောက်ရွံ့တယ်​ဆိုတာ ဘာကို ဆိုလို​သလဲ။ နာမတော်ကို ဘာကြောင့် ကြောက်ရွံ့သင့်သလဲ။ ဘုရားကို ကြောက်ရွံ့ခြင်းက အမှား​မလုပ်မိအောင် ဘယ်လို ကာကွယ်ပေး​သလဲ။

^ အပိုဒ်၊ 53 ပုံအညွှန်း– ယေဟောဝါကို ဂုဏ်တင်တဲ့ သီချင်းတစ်ပုဒ် အစ္စရေးတွေကို မောရှေ သင်ပေးနေ။

^ အပိုဒ်၊ 57 ပုံအညွှန်း– မကောင်းတဲ့ ဆန္ဒတွေကို ဧဝ မငြင်းပယ်ခဲ့။ ကျွန်တော်တို့ကတော့ မကောင်းတဲ့ ဆန္ဒတွေ ဖြစ်ပေါ်စေနိုင်တဲ့၊ ဘုရားနာမည် ရှုတ်ချစရာ ဖြစ်စေနိုင်တဲ့ ရုပ်ပုံတွေ၊ စာတွေကို ငြင်းပယ်ကြ။