သင် သိပါသလား
ကျမ်းစာခေတ်တုန်းက နှစ်တွေ၊ လတွေကို ဘယ်လို ရေတွက်သလဲ
ကတိထားရာပြည်မှာ ဟီဘရူးတွေရဲ့ နှစ်တစ်နှစ်ဟာ လယ်ထွန်၊ မျိုးကြဲတာနဲ့ အစပြုတယ်။ အခုခေတ် စက်တင်ဘာ/အောက်တိုဘာလလောက်မှာ ကျရောက်တယ်။
လူတွေက လရဲ့ လည်ပတ်မှုကို အခြေခံပြီး လတွေကို တွက်ချက်ကြတယ်။ တစ်လမှာ ၂၉ ရက် ဒါမှမဟုတ် ရက် ၃၀ လောက် ရှိတယ်။ လရဲ့ လည်ပတ်မှုကို အခြေခံပြီး တွက်တဲ့ နှစ်ဟာ နေလည်ပတ်မှုကို အခြေခံပြီး တွက်တဲ့ နှစ်ထက် တိုတယ်။ ဒါကြောင့် အဲဒီတွက်ချက်နည်း နှစ်ခုကို ညီအောင် လုပ်ဖို့ လူတွေ နည်းလမ်း ရှာကြတယ်။ ရက်အပိုတွေ ထပ်ဖြည့်တာ ဒါမှမဟုတ် နောက်တစ်နှစ် မစခင် နောက်တစ်လ ထပ်တိုးတာမျိုး လုပ်ကြတယ်။ ဒီနည်းအားဖြင့် ပြက္ခဒိန်က စိုက်ပျိုး၊ ရိတ်သိမ်းတဲ့ ကာလတွေနဲ့ တစ်ထပ်တည်း ကျမယ်။
ဒါပေမဲ့ မောရှေခေတ်မှာ ဘာသာရေးနှစ်အဖြစ် တစ်နှစ်တာရဲ့ အစကို အဗိဗလို့လည်း ခေါ်တဲ့ နိသန်လကနေ စရေတွက်ဖို့ လူမျိုးတော်ကို ဘုရား မိန့်မှာတယ်။ အဲဒီလဟာ ဒီနေ့ခေတ် မတ်/ဧပြီလောက်မှာ ကျတယ်။ (ထွ. ၁၂:၂။ ၁၃:၄) အဲဒီလမှာ ကျင်းပတဲ့ ပွဲတော်မှာ မုယော ရိတ်သိမ်းပွဲ ပါဝင်တယ်။—ထွ. ၂၃:၁၅၊ ၁၆။
စာအုပ်တစ်အုပ် (The History of the Jewish People in the Age of Jesus Christ) မှာ ကျမ်းပညာရှင် အီမီ ရှူရာ ဒီလို ပြောတယ်– “ဘယ်အချိန် နောက်တစ်လ ထပ်တိုးရမယ်ဆိုတာ သိဖို့ လွယ်ပါတယ်။ နိသန်လရဲ့ လပြည့်နေ့ (နိသန် ၁၄) မှာ ကျင်းပတဲ့ ပသခါပွဲဟာ နွေဦးကာလ နေ့တာ ညတာ တူညီတဲ့နေ့ ပြီးနောက် နောက်တစ်နေ့မှာ အမြဲ ကျရမယ်။ . . . ဒါကြောင့် နှစ်ကုန်ပိုင်း ရောက်လို့ နွေဦးကာလ နေ့တာ ညတာ တူညီတဲ့နေ့ မတိုင်ခင် ပသခါပွဲကျမှန်း သိပြီဆိုရင် အဲဒီနိသန်လ မတိုင်ခင်မှာ [၁၃ လမြောက်] လတစ်လကို ထပ်တိုးလိုက်တယ်။”
ဟီဘရူး ပြက္ခဒိန်ရဲ့ နိသန်လ ၁၄ ရက်နဲ့ ကိုက်ညီတဲ့ နွေဦးကာလမှာ ကျရောက်တဲ့ သခင့် ညစာစားပွဲအတွက် ရက်စွဲ ပိုင်းဖြတ်ရာမှာ အဲဒီနည်းကို ယေဟောဝါသက်သေတွေ သုံးကြတယ်။ ပြီးနောက် အဲဒီရက်ကို ကမ္ဘာတစ်ဝန်းက အသင်းတော်တွေကို ကြိုအကြောင်းကြားတယ်။
ဘယ်အချိန် လတစ်လ ကုန်ဆုံးပြီး လအသစ် စမလဲဆိုတာ ဟီဘရူးတွေ ဘယ်လို သိကြသလဲ။ ဒီနေ့ခေတ်မှာတော့ ပုံနှိပ်ပြက္ခဒိန် ဒါမှမဟုတ် အီလက်ထရောနစ် ကိရိယာထဲက ပြက္ခဒိန် အက်ပ်တစ်ခုကို ကြည့်လိုက်ရုံပဲ။ ကျမ်းစာခေတ်တုန်းကတော့ အဲဒီလောက် မလွယ်ဘူး။
ရေလွှမ်းမိုးတဲ့ အချိန်တုန်းက လတွေကို ရက် ၃၀ အဖြစ် တွက်ချက်တယ်။ (က. ၇:၁၁၊ ၂၄။ ၈:၃၊ ၄) နောက်ပိုင်း၊ ဟီဘရူး ပြက္ခဒိန်မှာ ရက် ၃၀ အတိအကျ မဟုတ်တော့ဘူး။ လခြမ်းကွေးလေး မြင်ရပြီဆိုတာနဲ့ လတစ်လ စပြီ။ အရင်လဆန်းနဲ့ ၂၉ ရက် ဒါမှမဟုတ် ရက် ၃၀ လောက် ကွာတယ်။
တစ်ကြိမ်မှာ ဒါဝိဒ်နဲ့ ယောနသန်က “မနက်ဖြန် လဆန်းနေ့” ဆိုပြီး လတစ်လရဲ့ အစအကြောင်း ပြောခဲ့ကြတယ်။ (၁ ရှ. ၂၀:၅၊ ၁၈) ဒါကြောင့် ဘီစီ ၁၁ ရာစုခေတ်မှာ လတွေကို ကြိုတင် တွက်ချက်ထားပုံ ရတယ်။ လတစ်လ စတော့မယ်ဆိုတာ အစ္စရေးတွေ ဘယ်လို သိကြသလဲ။ ဂျူးနှုတ်တိုက်ပညတ်နဲ့ ဓလေ့ထုံးစံ ကျမ်းပေါင်းချုပ် ဖြစ်တဲ့ မစ်ရှ်နာမှာ အချက်အလက်တချို့ ဖော်ပြထားတယ်။ ဂျူးတွေ ဗာဗုလုန် သုံ့ပန်းဘဝကနေ ပြန်လာပြီးနောက် ဂျူးတရားရုံးချုပ်ဆိုတာ ရှိလာတယ်။ ပွဲတော်တွေ ကျင်းပတဲ့ ခုနစ်လအတွင်း လရဲ့ ၃၀ ရက်နေ့မှာ တရားရုံး အဖွဲ့ဝင်တွေ ရုံးထိုင်ကြတယ်။ နောက်တစ်လ ဘယ်တော့ စမယ်ဆိုတာ ဆုံးဖြတ်ကြတယ်။ ဘာကို အခြေခံပြီး ဆုံးဖြတ်ကြသလဲ။
ဂျေရုဆလင် ကုန်းမြင့်ဒေသဘက် နေထိုင်သူတွေဟာ ညကောင်းကင်မှာ ဦးဆုံး လခြမ်းကွေး ပေါ်တဲ့ညကို စောင့်ကြည့်ပြီး ဂျူးတရားရုံးချုပ်ကို အကြောင်းကြားကြတယ်။ လဆန်းပြီဆိုတဲ့ သက်သေအထောက်အထား အလုံအလောက် ရပြီဆိုတာနဲ့ တရားရုံး အဖွဲ့ဝင်တွေက လတစ်လ စပြီဆိုတာ ကြေညာကြတယ်။ တိမ်တွေ၊ မြူတွေ ဖုံးလို့ လဆန်းတာကို စောင့်ကြည့်သူတွေ
မမြင်ရဘူးဆိုရင်ကော။ ရက် ၃၀ မြောက်နေ့ကို လက်ရှိလထဲ ထည့်ပြီး မနက်ဖြန် လသစ် စမယ်လို့ ကြေညာကြတယ်။ဂျေရုဆလင်မြို့နားက သံလွင်တောင်ထိပ်မှာ မီးရှူးမီးပန်းနဲ့ အချက်ပြပြီး ဂျူးတရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ကြေညာကြတယ်လို့ မစ်ရှ်နာမှာ ရှင်းပြတယ်။ အစ္စရေးနိုင်ငံတစ်ဝန်းက တခြားတောင်ထိပ်တွေမှာ မီးရှူးမီးပန်းနဲ့ အချက်ပြပြီး အဲဒီကြေညာချက်ကို လက်ဆင့်ကမ်းကြတယ်။ နောက်ပိုင်း၊ စေတမန်တွေကို စေလွှတ်ကြတယ်။ ဒီလိုနည်းအားဖြင့် ဂျေရုဆလင်နဲ့ တခြားဒေသမှာ ရှိတဲ့ ဂျူးတွေဟာ လသစ် အစကို သိကြပြီး ရာသီပွဲတော်တွေကို တစ်ပြေးညီ ကျင်းပနိုင်ကြတယ်။
အစ္စရေးခေတ်ရဲ့ လတွေ၊ ပွဲတော်တွေ၊ ရာသီဥတုတွေအကြောင်း ပိုနားလည်ဖို့ ပူးတွဲပါ ဇယားက ကူညီပေးပါလိမ့်မယ်။