“အကြင်နာတရား” က လှုံ့ဆော်ပေးပါစေ
“ကျွန်မ စိတ်အထိမိဆုံးက ညီအစ်ကို/မတွေရဲ့ ကြင်နာမှုပါ” လို့ လီဆာ * ပြောတယ်။ အမှန်တရားထဲ သူ့ကို ဆွဲဆောင်ခဲ့တဲ့အရာအကြောင်း ပြောနေတာပါ။ အန်းလည်း “သွန်သင်ချက်တွေထက် ကြင်နာမှုကြောင့် ဆွဲဆောင်ခံရတာ” လို့ ပြောတယ်။ အခု၊ ဒီညီအစ်မ နှစ်ယောက်စလုံး ကျမ်းစာ ဖတ်ရှုဆင်ခြင်ရတာ နှစ်သက်နေကြပါပြီ။ ဒါပေမဲ့ ကြင်နာမှုက သူတို့အပေါ် ဩဇာသက်ရောက်နေတုန်းပါပဲ။
ကိုယ့်ဝန်းကျင်က လူတွေကို စိတ်ထိမိစေတဲ့ ကြင်နာမှု အရည်အသွေးကို ကျွန်တော်တို့ ဘယ်လို ပြနိုင်သလဲ။ အပြောနဲ့ လုပ်ရပ် ဆိုတဲ့ နည်းနှစ်နည်းကို ဆွေးနွေးကြစို့။ ဘယ်သူတွေကို ကြင်နာမှု ပြသင့်ကြောင်းလည်း သုံးသပ်ကြပါမယ်။
“အကြင်နာတရား” နဲ့ ပြောဆိုပါ
ပညာအလိမ္မာ အခန်းကြီး ၃၁ မှာ ပါတဲ့ လုပ်ရည်ကိုင်ရည် ရှိတဲ့ ဇနီးရဲ့ လျှာမှာ “အကြင်နာတရား ရှိတယ်။” (ပညာ. ၃၁:၂၆) ဒီ “တရား” က သူ့လေသံနဲ့ ပြောဆိုတဲ့ စကားတွေအပေါ် သက်ရောက်မှု ရှိတယ်။ ဖခင်တွေမှာလည်း ဒီ “တရား” ရှိသင့်တယ်။ ကြမ်းကြမ်းတမ်းတမ်း၊ လေသံမာမာ ပြောရင် သားသမီးတွေ စိတ်ထိခိုက်မှန်း၊ နားမဝင်မှန်း မိဘများစွာ သတိပြုမိကြတယ်။ ကြင်ကြင်နာနာ ပြောရင်တော့ သားသမီးတွေ ပိုနားထောင်၊ နာခံတတ်ကြတယ်။
မိဘ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကြင်ကြင်နာနာ ဘယ်လို ပြောဆိုနိုင်ကြမလဲ။ “သူ့နှုတ်က ဉာဏ်ပညာစကားကို ပြောတယ်” ဆိုတဲ့ ပညာအလိမ္မာ ၃၁:၂၆ ပထမပိုင်းမှာ သဲလွန်စ ပါတယ်။ လေသံနဲ့ စကားလုံးကို ဉာဏ်ပညာရှိရှိ ရွေးချယ်ခြင်း ပါဝင်တယ်။ ‘ငါ ပြောမယ့်စကားက တခြားသူကို ဒေါသထွက်စေမလား၊ ဒေါသ ပြေစေမလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးတာ အကူအညီ ဖြစ်လေ့ရှိတယ်။ (ပညာ. ၁၅:၁) မပြောခင် စဉ်းစားတာ ပညာရှိရာ ရောက်ပါတယ်။
“မစဉ်းစားဘဲ ပြောတဲ့ စကားဟာ ဓားနဲ့ ထိုးသလိုပဲ” လို့လည်း ပညာအလိမ္မာကျမ်းမှာ ဆိုထားတယ်။ (ပညာ. ၁၂:၁၈) ကိုယ့်စကားနဲ့ လေသံကြောင့် သူတစ်ပါး ဘယ်လို ခံစားရမလဲဆိုတာ စဉ်းစားတာက အပြောအဆိုကို ထိန်းချုပ်ဖို့ ပိုလွယ်ကူစေတယ်။ “အကြင်နာတရား” က ရိုင်းစိုင်းကြမ်းတမ်းတဲ့ စကားတွေ မသုံးဖို့၊ လေသံမာမာ မပြောဖို့ ကူညီပေးတယ်။ (ဧ. ၄:၃၁၊ ၃၂) အပျက်သဘော အတွေး၊ အပြောအဆိုတွေအစား ကြင်နာမှု ရှိတဲ့ စကားတွေကို အပြုသဘောပါပါ နွေးထွေးတဲ့ လေသံနဲ့ ပြောပါ။ ထိတ်လန့်နေတဲ့ ကျေးကျွန် ဧလိယကို နှစ်သိမ့်ပေးချိန်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ယေဟောဝါ စံနမူနာ ပြတယ်။ ယေဟောဝါရဲ့ ကိုယ်စားလှယ် ကောင်းကင်တမန်က ဧလိယကို “ညင်သာတဲ့ စကားသံ” နဲ့ ပြောခဲ့တယ်။ (၁ ဘု. ၁၉:၁၂) ဒါပေမဲ့ ကြင်နာမှု ရှိတယ်ဆိုတာ ကြင်ကြင်နာနာ ပြောရုံထက်မက ပါဝင်တယ်။ လုပ်ရပ်နဲ့ ပြရမယ်။ ဘယ်လိုနည်းနဲ့လဲ။
ကြင်နာတဲ့ လုပ်ရပ်က တခြားသူတွေကို လှုံ့ဆော်ပေး
ကြင်ကြင်နာနာ ပြောဆို၊ ပြုမူခြင်းအားဖြင့် ယေဟောဝါကို ကျွန်တော်တို့ အတုယူကြတယ်။ (ဧ. ၄:၃၂။ ၅:၁၊ ၂) အစောပိုင်းမှာ ဖော်ပြတဲ့ လီဆာက သက်သေခံတွေရဲ့ ကြင်နာမှုအကြောင်း ဒီလိုပြောတယ်– “ကျွန်မတို့ မိသားစု ရုတ်တရက် အိမ်ပြောင်းရမယ်ဆိုတာ သိလိုက်ရတယ်။ သက်သေခံ မောင်နှံ နှစ်စုံ အလုပ်ကနေ ခွင့်ယူပြီး ပစ္စည်းတွေ လာကူသိမ်းပေးကြတယ်။ အဲဒီအချိန်မှာ ကျွန်မ ကျမ်းစာတောင် မလေ့လာသေးဘူး။” အဲဒီလို ကြင်နာတဲ့ လုပ်ရပ်တွေကြောင့် အမှန်တရားကို ထဲထဲဝင်ဝင် လေ့လာဖို့ လီဆာ ဆုံးဖြတ်လိုက်တယ်။
ဆောင်းပါးအစမှာ ဖော်ပြတဲ့ အန်းလည်း သက်သေခံတွေရဲ့ ကြင်နာမှုကို သိပ်လေးမြတ်တယ်။ “လောက,က လူတွေကြောင့် ကျွန်မ သံသယစိတ် များနေတာ။ လူတွေကို ယုံဖို့ ခက်တယ်။ သက်သေခံတွေကို တွေ့တော့ သံသယ ဖြစ်မိတယ်။ ‘သူတို့ ငါ့ကို ဘာကြောင့် ဒီလောက် စိတ်ဝင်စားနေကြတာလဲ’ ပေါ့။ ဒါပေမဲ့ ကျွန်မကို ကျမ်းစာသင်ပေးတဲ့သူရဲ့ စိတ်ရင်းမှန်နဲ့ ပြတဲ့ ကြင်နာမှုကြောင့် ကျွန်မ သူ့ကို ယုံလာတယ်” လို့ ပြောတယ်။ ဘာရလဒ် ရသလဲ။ “နောက်ပိုင်း၊ သင်ယူနေတဲ့ အကြောင်းအရာကို ပိုအာရုံစိုက်လာနိုင်တယ်။”
လီဆာနဲ့ အန်းဟာ အသင်းတော်မှာ ရှိတဲ့သူတွေရဲ့ မေတ္တာပါ ကြင်နာတဲ့ လုပ်ရပ်တွေကြောင့် စိတ်ထိမိသွားကြတယ်။ အမှန်တရားအကြောင်း ပိုသိချင်လာကြတယ်။ ယေဟောဝါနဲ့ ဘုရားလူမျိုးကို ယုံလာကြတယ်။
ဘုရားရဲ့ ကြင်နာမှုကို အတုယူပါ
တချို့က ယဉ်ကျေးမှု နောက်ခံကြောင့် တခြားသူတွေကို ကြင်ကြင်နာနာ ပြောဆိုဖို့၊ ပြုံးပြဖို့ မခက်ဘူး။ ယဉ်ကျေးမှု၊ ပင်ကိုစရိုက်ကြောင့် ကြင်နာတတ်တာ ချီးမွမ်းစရာပါ။ ဒါပေမဲ့ ယဉ်ကျေးမှု၊ ပင်ကိုစရိုက်ကြောင့်ပဲ ကြင်နာတာ ဆိုရင်တော့ ဘုရားရဲ့ ကြင်နာမှုကို အတုယူတယ်လို့ မဆိုနိုင်ဘူး။—တမန်တော် ၂၈:၂ နဲ့ နှိုင်းယှဉ်ပါ။
စစ်မှန်တဲ့ ကြင်နာမှုဆိုတာ ဘုရားသခင့် သန့်ရှင်းသော စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာတဲ့ အရည်အသွေး ဖြစ်တယ်။ (ဂလ. ၅:၂၂၊ ၂၃) ဒါကြောင့် စစ်မှန်တဲ့ ကြင်နာမှု ပြနိုင်ဖို့ဆိုရင် သန့်ရှင်းသော စွမ်းအားတော်ရဲ့ အကူအညီ လိုအပ်တယ်။ ဒါမှ ယေဟောဝါနဲ့ ယေရှုကို အတုယူချင်စိတ်ကြောင့် ပြတဲ့ ကြင်နာမှုမျိုး ဖြစ်မှာ။ ခရစ်ယာန်တွေအနေနဲ့ တခြားသူတွေကို ကျွန်တော်တို့ စိတ်ဝင်တစား ရှိကြတယ်။ ယေဟောဝါဘုရားကိုကော လူလူချင်းကိုပါ ချစ်တဲ့ မေတ္တာက လှုံ့ဆော်ပေးတာ။ စိတ်ရင်းနဲ့ ပြတဲ့ ကြင်နာမှု ဖြစ်လို့ အစွမ်းထက်တယ်၊ ဘုရား နှစ်သက်တယ်။
ဘယ်သူတွေကို ကြင်နာမှု ပြသင့်သလဲ
ကိုယ့်အပေါ် ကြင်နာတဲ့သူ၊ ကိုယ်သိတဲ့သူကို ကြင်နာမှု ပြဖို့ လွယ်နိုင်တယ်။ (၂ ရှ. ၂:၆) ကြင်နာမှု ပြနိုင်တဲ့ တစ်နည်းကတော့ ကျေးဇူးသိတတ်ခြင်းပါ။ (ကော. ၃:၁၅) ဒါပေမဲ့ တစ်ယောက်ယောက် ကိုယ့်ကြင်နာမှုနဲ့ မတန်ဘူးလို့ ခံစားနေရရင်ကော။
စဉ်းစားကြည့်ပါ– မဟာကရုဏာ ဒါမှမဟုတ် ကြင်နာမှု ပြရာမှာ ယေဟောဝါ အကောင်းဆုံး စံနမူနာ ချမှတ်တယ်။ ဒီအရည်အသွေး ပြခြင်းနဲ့ပတ်သက်ပြီး အရေးကြီး သင်ခန်းစာကို ကျမ်းစာက သင်ပေးတယ်။ “မဟာကရုဏာ” ဆိုတဲ့ စကားလုံးကို ခရစ်ယာန် ဂရိကျမ်းစောင်တွေမှာ အကြိမ်များစွာ သုံးထားတယ်။ ကျွန်တော်တို့ကို ဘုရား ကြင်နာမှု ဘယ်လို ပြသလဲ။
အသက်ရှင်ဖို့ လိုအပ်သမျှ ပြင်ဆင်ပေးခြင်းအားဖြင့် လူအားလုံးကို ယေဟောဝါ ကြင်နာမှု ပြတယ်။ (မ. ၅:၄၅) လူတွေ မိမိကို မသိခင်ကတည်းက ကြင်နာမှု ပြခဲ့တာ။ (ဧ. ၂:၄၊ ၅၊ ၈) ဥပမာ၊ လူအားလုံးအတွက် တစ်ဦးတည်းသော ချစ်သားကို ပေးခဲ့တယ်။ “ဘုရားရဲ့ မဟာကရုဏာတော်ဟာ တကယ် ကြီးမားလှ” တဲ့အတွက် ရွေးဖိုး ပြင်ဆင်ပေးတာလို့ တမန်တော် ပေါလု ပြောတယ်။ (ဧ. ၁:၇) ဒါ့အပြင် ဘုရားကို ကျွန်တော်တို့ ပြစ်မှားမိ၊ စိတ်ပျက်အောင် လုပ်မိတတ်ကြပေမဲ့ ဘုရား ဆက်လမ်းပြသင်ကြားတယ်။ တဖွဲဖွဲ ကျတဲ့ “မိုးဖွဲလို” ပဲ ညင်ညင်သာသာနဲ့ မပြတ် သွန်သင်ပေးတယ်။ (တရား. ၃၂:၂) ဘုရား ပြတဲ့ ကြင်နာမှုအားလုံးအတွက် ကျေးဇူးဆပ်လို့ မကုန်နိုင်ဘူး။ ယေဟောဝါသာ ကြင်နာမှု မပြရင် ကျွန်တော်တို့မှာ အနာဂတ် မျှော်လင့်ချက်ဆိုတာလည်း ရှိမှာ မဟုတ်ဘူး။—၁ ပေတရု ၁:၁၃ နဲ့ နှိုင်းယှဉ်ပါ။
ယေဟောဝါရဲ့ ကြင်နာမှုဟာ တကယ်ပဲ နှစ်လိုဖွယ် ကောင်းပြီး လှုံ့ဆော်မှု ဖြစ်စေတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း လူရွေးပြီး ကြင်နာမှု ပြမယ့်အစား နေ့တိုင်း တခြားသူတွေအပေါ် ကြင်နာခြင်းအားဖြင့် ယေဟောဝါကို အတုယူဖို့ ကြိုးစားသင့်တယ်။ (၁ သက်. ၅:၁၅) အမြဲ ကြင်နာမှု ပြမယ်ဆိုရင် ကျွန်တော်တို့ဟာ ချမ်းအေးတဲ့ နေ့မှာ အနွေးဓာတ် ပေးတဲ့ မီးနဲ့ တူပါလိမ့်မယ်။ မိသားစု၊ ယုံကြည်သူချင်း၊ အလုပ်ဖော်၊ အတန်းဖော်၊ အိမ်နီးချင်းတွေကို နှစ်သိမ့်မှု ပေးနိုင်မယ်။
ကိုယ့်ရဲ့ ကြင်နာတဲ့ အပြော၊ လုပ်ရပ်ကြောင့် အကျိုးရမယ့် မိသားစုဝင် ဒါမှမဟုတ် ညီအစ်ကို/မတွေကို စဉ်းစားကြည့်ပါ။ အသင်းတော်က ညီအစ်ကို/မ တစ်ယောက်ယောက်ကို အိမ်မှုကိစ္စ ဝိုင်းကူပေးနိုင်တယ်။ ဈေးဝယ်ပေးနိုင်တယ်။ အကူအညီ လိုအပ်သူ တစ်ယောက်ကို အမှုဆောင်မှာ တွေ့တဲ့အခါ လက်တွေ့ကျကျ ကူညီပေးနိုင်တယ်။
ယေဟောဝါကို အတုယူပြီး အမြဲ “အကြင်နာတရား” ရှိရှိ ပြောဆို၊ ပြုမူကြပါစို့။
^ အမည်လွှဲများ။