လေ့လာရန် ဆောင်းပါး ၂၈
ဘုရားကို ကြောက်ရွံ့တာ ရေရှည် အကျိုးရှိ
“ဖြောင့်မှန်တဲ့ လမ်းမှာ လျှောက်လှမ်းသူဟာ ယေဟောဝါကို ကြောက်ရွံ့ရိုသေတဲ့သူပဲ။”—ပညာ. ၁၄:၂။
သီချင်း ၁၂၂ မယိမ်းမယိုင် ကြံ့ကြံ့ခံ ရပ်တည်နေကြ
အကြိုသုံးသပ်ချက် a
၁-၂။ လောတလို ဒီနေ့ခေတ် ခရစ်ယာန်တွေ ဘာအခက်အခဲ ကြုံနေကြရသလဲ။
ဒီနေ့ခေတ် လူတွေ ကိုယ်ကျင့်တရား စံနှုန်း လျော့ရဲလာတာကို ကြည့်ပြီး ဖြောင့်မတ်သူ လောတလို ကျွန်တော်တို့ ခံစားကြရတယ်။ “လောတဟာ တရားမဲ့သူတွေရဲ့ မျက်နှာပြောင်တိုက်တဲ့ လုပ်ရပ်တွေကြောင့် အကြီးအကျယ် စိတ်ဆင်းရဲခဲ့ရတယ်။” (၂ ပေ. ၂:၇၊ ၈) အဲဒီလုပ်ရပ်တွေကို ကောင်းကင်ဘုံစံ အဖ မုန်းတယ်ဆိုတာ သိလို့၊ ဘုရားကို ချစ်ကြောက်ရိုသေလို့ ပတ်ဝန်းကျင်က လူတွေရဲ့ အကျင့်ပျက် လုပ်ရပ်တွေကို လောတ မုန်းတာ။ ဒီနေ့ ကျွန်တော်တို့လည်း ယေဟောဝါရဲ့ စံနှုန်းတွေကို သိပ်မလေးစားသူ၊ လုံးဝ မလေးစားသူတွေကြားမှာ နေကြရတယ်။ ဒါပေမဲ့ ဘုရားကိုသာ ချစ်ကြောက်ရိုသေရင် ကျွန်တော်တို့ ကိုယ်ကျင့်တရား စင်ကြယ်နေနိုင်ပါတယ်။—ပညာ. ၁၄:၂။
၂ ကိုယ်ကျင့်တရား စင်ကြယ်နေဖို့ ပညာအလိမ္မာကျမ်းမှာ ယေဟောဝါ အားပေးထားတယ်။ အဲဒီကျမ်းမှာ ပါတဲ့ ပညာရှိ အကြံပြုချက်တွေကို သုံးသပ်ခြင်းကနေ အမျိုးသား/သမီး၊ လူကြီးလူငယ် မရွေး ခရစ်ယာန်အားလုံး အကျိုးရနိုင်တယ်။
ဘုရားကို ကြောက်ရွံ့တာ အကာအကွယ် ဖြစ်စေ
၃။ ပညာအလိမ္မာ ၁၇:၃ အရ စိတ်နှလုံးကို ကာကွယ်ရတဲ့ အကြောင်းရင်းတစ်ခုက ဘာလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၃ စိတ်နှလုံးကို ကာကွယ်ရတဲ့ အဓိက အကြောင်းရင်းတစ်ခုကတော့ ယေဟောဝါ စစ်ဆေးနေလို့ပဲ။ ယေဟောဝါက လူတွေ ကြည့်သလောက်ပဲ မကြည့်ဘူး။ အတွင်းကျကျ ကြည့်တယ်။ (ပညာအလိမ္မာ ၁၇:၃ ကို ဖတ်ပါ။) စစ်ဆေးကြည့်လိုက်လို့ ကျွန်တော်တို့ စိတ်နှလုံးထဲ ထာဝရအသက် ရစေမယ့် မိမိအကြံပြုချက်တွေ ဖြည့်ထားတာ မြင်ရင် ကျွန်တော်တို့ကို သိပ်ချစ်မှာ။ (ယော. ၄:၁၄) စိတ်နှလုံးထဲ ဘုရားအကြံပြုချက်တွေ ဖြည့်ထားရင် စာတန်နဲ့ လောက,က လူတွေရဲ့ စံနှုန်းအမှားတွေ ဝင်လာစရာအကြောင်း မရှိတော့ဘူး။ (၁ ယော. ၅:၁၈၊ ၁၉) ဘုရားနဲ့ ရင်းနှီးလာတာနဲ့အမျှ ဘုရားကို ချစ်ကြောက်ရိုသေစိတ် တိုးလာမယ်။ ဘုရားကို စိတ်မထိခိုက်စေချင်တဲ့အတွက် အပြစ်လုပ်ဖို့ တွေးတောင် တွေးမှာ မဟုတ်ဘူး။ အမှား လုပ်ဖို့ သွေးဆောင်ခံရတဲ့အခါ ‘ငါ့ကို ဒီလောက် ချစ်တဲ့အရှင် စိတ်ထိခိုက်မယ်ဆိုတာ သိသိကြီးနဲ့ ဘာကြောင့် အမှား လုပ်ရမလဲ’ လို့ စဉ်းစားမှာပဲ။—၁ ယော. ၄:၉၊ ၁၀။
၄။ ညီအစ်မတစ်ယောက် အမှား မလုပ်မိဖို့ ယေဟောဝါကို ကြောက်တဲ့ စိတ်က ဘယ်လို ကာကွယ်ပေးသလဲ။
၄ ခရိုအေးရှားနိုင်ငံက ညီအစ်မ မာတာ လိင်အကျင့်ယိုယွင်းဖို့ သွေးဆောင်ခံရတယ်။ “ရှင်းရှင်းလင်းလင်း တွေးဖို့၊ ခဏတာ ပျော်ပါးချင်စိတ်ကို လွန်ဆန်ဖို့ သိပ်ခက်တာပဲ။ ဒါပေမဲ့ ယေဟောဝါကို ကြောက်တဲ့ စိတ်က ကျွန်မကို ကာကွယ်ပေးတယ်” လို့ ပြောတယ်။ b ဘယ်လို ကာကွယ်ပေးသလဲ။ လိင်အကျင့်ယိုယွင်းရင် ရလာမယ့် အကျိုးဆက်တွေကို မာတာ စဉ်းစားလိုက်တယ်။ ကျွန်တော်တို့လည်း အဲဒီလို စဉ်းစားကြည့်နိုင်တယ်။ အဆိုးဆုံး အကျိုးဆက်ကတော့ ယေဟောဝါ စိတ်ထိခိုက်အောင် လုပ်မိမှာ၊ ဘုရားကို ထာဝစဉ် ဝတ်ပြုခွင့် ဆုံးရှုံးသွားမှာပါပဲ။—က. ၆:၅၊ ၆။
၅။ လီယိုရဲ့ အတွေ့အကြုံကနေ ဘာသင်ယူနိုင်သလဲ။
၅ ယေဟောဝါကို ကြောက်တယ်ဆိုရင် ကျွန်တော်တို့ မကောင်းတဲ့ အပေါင်းအသင်းတွေ ရှောင်မှာ ဖြစ်တယ်။ ကွန်ဂိုနိုင်ငံက လီယိုဟာ နှစ်ခြင်းခံပြီး လေးနှစ်အကြာမှာ အပေါင်းအသင်း မှားသွားတယ်။ ကိုယ်ပေါင်း စိတ်ခွာ နေနိုင်သရွေ့ ဘာမှ မဖြစ်ပါဘူးလို့ ထင်တယ်။ ဒါပေမဲ့ အပေါင်းအသင်းတွေ ဆွယ်လို့ အရက် အလွန်အကျွံ သောက်တတ်လာတယ်။ လိင်အကျင့်ယိုယွင်းလာတယ်။ နောက်ပိုင်း၊ ခရစ်ယာန် မိဘတွေ ဘာသင်ပေးထားတယ်၊ ဘုရားကို ဝတ်ပြုတုန်းက ဘယ်လောက် ပျော်ခဲ့ရတယ်ဆိုတာ စဉ်းစားမိသွားတယ်။ ဘာရလဒ် ရသလဲ။ အသိတရား ပြန်ဝင်လာတယ်။ အကြီးအကဲတွေရဲ့ အကူအညီကြောင့် ယေဟောဝါဆီ ပြန်လှည့်လာနိုင်တယ်။ အခုဆိုရင် အကြီးအကဲ၊ အထူးရှေ့ဆောင်အဖြစ် ပျော်ပျော်ရွှင်ရွှင် အမှုဆောင်နေပြီ။
၆။ ဘာအကြောင်း လေ့လာကြမလဲ။
၆ လိင်မှု၊ ညစ်ညမ်းရုပ်ပုံတွေနဲ့ပတ်သက်လာရင် စာတန့်လောက ငမ်းငမ်းတက် ဖြစ်နေတယ်။ (ဧ. ၄:၁၉) ဒါကြောင့် ကျွန်တော်တို့ ဘုရားကို အမြဲ ကြောက်ရွံ့ရိုသေဖို့၊ မကောင်းမှု ရှောင်ဖို့ သိပ်အရေးကြီးတယ်။ (ပညာ. ၁၆:၆) အခု၊ ပညာအလိမ္မာ အခန်းကြီး ၉ ကို လေ့လာကြရအောင်။ အမျိုးသား ဖြစ်ဖြစ်၊ အမျိုးသမီး ဖြစ်ဖြစ် ကျွန်တော်တို့အားလုံး အဲဒီအခန်းကြီးကနေ အကျိုးရနိုင်တယ်။ အဲဒီမှာ မိန်းမနှစ်ယောက်အကြောင်း ဖော်ပြထားတယ်။ တစ်ယောက်က ဉာဏ်ပညာ၊ နောက်တစ်ယောက်က မိုက်မဲမှုကို ကိုယ်စားပြုတယ်။ c အိမ်ကို လာပြီး စားသောက်ဖို့ အတွေ့အကြုံ မရှိသူ၊ “ဆင်ခြင်ဉာဏ် မရှိသူတွေ” ကို မိန်းမနှစ်ယောက်စလုံး လိုက်ခေါ်ကြတယ်။ (ပညာ. ၉:၁၊ ၅၊ ၆၊ ၁၃၊ ၁၆၊ ၁၇) ဒါပေမဲ့ လိုက်သွားရင် ရမယ့် အကျိုးဆက် တော်တော်လေး ကွာတယ်။
မိုက်မဲတဲ့ မိန်းမ ခေါ်ရာနောက် မလိုက်ပါနဲ့
၇။ ပညာအလိမ္မာ ၉:၁၃-၁၈ အရ မိုက်မဲတဲ့ မိန်းမ ခေါ်ရာနောက် လိုက်သူတွေ ဘာဖြစ်သွားသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၇ “မိုက်မဲတဲ့ မိန်းမ” ရဲ့ ဖိတ်ခေါ်ချက်အကြောင်း သုံးသပ်ကြည့်ပါ။ (ပညာအလိမ္မာ ၉:၁၃-၁၈ ကို ဖတ်ပါ။) အိမ်ကို လာပြီး စားသောက်ဖို့ ဆင်ခြင်ဉာဏ် မရှိသူတွေကို အရှက်မရှိ လိုက်ခေါ်တယ်။ ခေါ်ရာနောက် လိုက်သူတွေ ဘာဖြစ်သွားသလဲ။ “အစွမ်းမရှိတော့တဲ့ လူသေတွေ သူ့အိမ်မှာ ရှိနေ” တယ်တဲ့။ ရှေ့အခန်းကြီးတွေမှာလည်း အဲဒီလို တင်စားချက်တွေ ပါတယ်။ ပညာအလိမ္မာ ၂:၁၁-၁၉ မှာ “ထင်ရာစိုင်းတဲ့ မိန်းမ၊” “မိန်းမပျက်” အကြောင်း၊ “သူ့အိမ်က သေတွင်းထဲ နစ်ဝင်နေ” ကြောင်း သတိပေးထားတယ်။ ပညာအလိမ္မာ ၅:၃-၁၀ မှာလည်း “ထင်ရာစိုင်းတဲ့ မိန်းမ” နောက်တစ်ယောက်အကြောင်း ပါတယ်။ “သူ့ခြေက သေမင်းဆီ ဆင်းသွားတယ်” လို့ သတိပေးထားတယ်။
၈။ ကျွန်တော်တို့ ဘာရွေးချယ်ကြရမလဲ။
၈ “မိုက်မဲတဲ့ မိန်းမ” ခေါ်သံ ကြားသူတွေ ရွေးစရာ ရှိတယ်။ ခေါ်ရာနောက် လိုက်မလား၊ ငြင်းမလားဆိုတာပါ။ ကျွန်တော်တို့လည်း အဲဒီလို ရွေးချယ်ရမယ့် အခြေအနေ ကြုံနိုင်တယ်။ ဥပမာ၊ လိင်အကျင့်ယိုယွင်းဖို့ သွေးဆောင်ခံရတဲ့အခါ၊ ညစ်ညမ်းရုပ်ပုံတွေ ဘွားခနဲ တွေ့လိုက်ရတဲ့အခါ သင် ဘာလုပ်မလဲ။
၉-၁၀။ လိင်အကျင့်ယိုယွင်းတာကို ရှောင်သင့်တဲ့ အကြောင်းရင်းတချို့က ဘာတွေလဲ။
၉ လိင်အကျင့်ယိုယွင်းတာကို ရှောင်သင့်တဲ့ အကြောင်းရင်း အများကြီး ရှိတယ်။ “ခိုးသောက်ရတဲ့ ရေက ချိုတယ်” လို့ “မိုက်မဲတဲ့ မိန်းမ” ပြောတယ်။ “ခိုးသောက်ရတဲ့ ရေ” ဆိုတာ ဘာလဲ။ ကျမ်းစာမှာ ခင်ပွန်းနဲ့ ဇနီးကြားက လိင်မှုကိစ္စကို လန်းဆန်းစေတဲ့ ရေနဲ့ ခိုင်းနှိုင်းထားတယ်။ (ပညာ. ၅:၁၅-၁၈) လိင်မှုကိစ္စဟာ တရားဝင် လက်ထပ်ထားတဲ့ အမျိုးသားနဲ့ အမျိုးသမီးအတွက်ပဲ ဖြစ်တယ်။ “ခိုးသောက်ရတဲ့ ရေ” ကျတော့ အဲဒီလို မဟုတ်ဘူး။ တရားမဝင်၊ ခိုးကြောင်ခိုးဝှက် အကျင့်ပျက်တာကို ပြောတာ ဖြစ်နိုင်တယ်။ ကိုယ်လုပ်တာ ဘယ်သူမှ မမိဘူးလို့ ထင်နေသရွေ့တော့ “ခိုးသောက်ရတဲ့ ရေက ချို” ပုံပါပဲ။ ဒါပေမဲ့ အဲဒါ ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာ။ ယေဟောဝါ မမြင်ဘဲ နေပါ့မလား။ ဘုရားမျက်နှာသာ ဆုံးရှုံးတာလောက် ခါးသီးတာ မရှိဘူး။ ဘယ်လိုမှ မ “ချို” ဘူး။ (၁ ကော. ၆:၉၊ ၁၀) လိင်အကျင့်ယိုယွင်းတာကို ရှောင်သင့်တဲ့ နောက်ထပ် အကြောင်းရင်းတွေ ရှိသေးတယ်။
၁၀ မိုက်မဲတဲ့ မိန်းမ “အိမ်” သွားပြီး မစားသောက်တာ ပညာရှိရာ ရောက်တယ်။ လိင်အကျင့်ယိုယွင်းတာက အရှက်ရစေတယ်။ တန်ဖိုးမရှိဘူးလို့ ခံစားရစေတယ်။ မလိုချင်ဘဲ ကိုယ်ဝန် ရစေတယ်။ မိသားစု ပြိုကွဲစေတယ်။ ဘုရားနဲ့ ဆက်ဆံရေးကို ထိခိုက်စေနိုင်သလို အသက်အန္တရာယ် ရှိတဲ့ ရောဂါတွေ ရစေနိုင်တယ်။ (ပညာ. ၇:၂၃၊ ၂၆) မိုက်မဲတဲ့ မိန်းမဆီ “လာတဲ့ ဧည့်သည်တွေဟာ သင်္ချိုင်းရဲ့ နက်ရှိုင်းတဲ့ အရပ်တွေမှာ ရှိနေ” တယ်လို့ ပညာအလိမ္မာ ၉:၁၈ မှာ ဖော်ပြထားတယ်။ ဒါနဲ့တောင် ဒီလိုအန္တရာယ် များတဲ့ လမ်းကို လူတွေ ဘာကြောင့် လိုက်ကြသလဲ။—ပညာ. ၉:၁၃-၁၈။
၁၁။ ညစ်ညမ်းရုပ်ပုံ ကြည့်တာ ဘာကြောင့် အန္တရာယ် သိပ်များသလဲ။
၁၁ အန္တရာယ် များတဲ့ လမ်းကို လူများစွာ လိုက်မိသွားရတဲ့ အကြောင်းရင်းတစ်ခုကတော့ ညစ်ညမ်းရုပ်ပုံ ထောင်ချောက် မိသွားလို့ပဲ။ ညစ်ညမ်းရုပ်ပုံ ကြည့်တာ အန္တရာယ် ကင်းတယ်လို့ တချို့ ထင်ကြပေမဲ့ တကယ်တော့ အန္တရာယ် သိပ်များတယ်။ လူအထင်သေးစရာ လုပ်ရပ် ဖြစ်တယ်။ အကျင့်စွဲတတ်တယ်။ ကြည့်ပြီးရင် စိတ်ထဲကနေ တော်တော်နဲ့ ဖျောက်မရတော့ဘူး။ ကြည့်လိုက်ရင် ရာဂစိတ်တွေ ငြိမ်သွားမယ့်အစား ကြွလာလို့ လိင်အကျင့်ယိုယွင်းမိသွားတတ်ကြတယ်။—ကော. ၃:၅။ ယာ. ၁:၁၄၊ ၁၅။
၁၂။ လိင်စိတ် ကြွစေမယ့် ရုပ်ပုံတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အကဲဆတ်နေကြောင်း ဘယ်လို ပြကြသလဲ။
၁၂ ညစ်ညမ်းရုပ်ပုံတွေ ဘွားခနဲ တွေ့လိုက်ရတဲ့အခါ ခရစ်ယာန်တွေ ဘာလုပ်သင့်သလဲ။ ချက်ချင်း အကြည့်လွှဲသင့်တယ်။ ကျွန်တော်တို့ ပိုင်ဆိုင်သမျှမှာ ယေဟောဝါနဲ့ ဆက်ဆံရေးဟာ အဖိုးတန်ဆုံးပဲဆိုတာ သတိရတာက အကူအညီ ဖြစ်စေတယ်။ ရုပ်ပုံတချို့ဟာ ညစ်ညမ်းရုပ်ပုံလို့ မဆိုသာပေမဲ့ လိင်စိတ် ကြွစေနိုင်တယ်။ အဲဒါတွေကိုကော ဘာကြောင့် ရှောင်ရမလဲ။ လိင်အကျင့်ယိုယွင်းမိစေနိုင်တဲ့ ခြေလှမ်း သေးသေးလေးတောင် မလှမ်းချင်လို့ပါပဲ။ (မ. ၅:၂၈၊ ၂၉) “‘ညစ်ညမ်းရုပ်ပုံ မဟုတ်ပေမဲ့ ငါ ဆက်ကြည့်နေရင် ယေဟောဝါ နှစ်သက်ပါ့မလား’ လို့ စဉ်းစားလိုက်တယ်။ အဲဒီလို စဉ်းစားတာက ပညာရှိရှိ ပြုမူဖို့ ကူညီပေးတယ်” လို့ ထိုင်းနိုင်ငံက အကြီးအကဲ ဒေးဗစ် ပြောတယ်။
၁၃။ ပညာရှိရှိ ပြုမူဖို့ ဘာက ကူညီပေးသလဲ။
၁၃ ယေဟောဝါ မနှစ်သက်တာ လုပ်မိမှာ ကြောက်တဲ့ စိတ်က ပညာရှိရှိ ပြုမူဖို့ ကူညီပေးတယ်။ “ယေဟောဝါကို ကြောက်ရွံ့ရိုသေခြင်းဟာ ဉာဏ်ပညာရဲ့ မူလအစပဲ။” (ပညာ. ၉:၁၀) ဒီအချက်ကို ပညာအလိမ္မာ အခန်းကြီး ၉ အစပိုင်းမှာ တွေ့ရတယ်။ အဲဒီမှာ “စစ်မှန်တဲ့ ဉာဏ်ပညာ” ကို နောက်ထပ် မိန်းမတစ်ယောက်နဲ့ ခိုင်းနှိုင်းထားတယ်။
ဉာဏ်ပညာ ရှိတဲ့ မိန်းမ ခေါ်ရာနောက် လိုက်ပါ
၁၄။ ပညာအလိမ္မာ ၉:၁-၆ မှာ နောက်ထပ် ဘာဖိတ်ခေါ်ချက် တွေ့ရသလဲ။
၁၄ ပညာအလိမ္မာ ၉:၁-၆ ကို ဖတ်ပါ။ စစ်မှန်တဲ့ ဉာဏ်ပညာ ရင်းမြစ်၊ ဖန်ဆင်းရှင် ယေဟောဝါရဲ့ ဖိတ်ခေါ်ချက်အကြောင်း ဒီကျမ်းပိုဒ်မှာ ဖတ်ရတယ်။ (ပညာ. ၂:၆။ ရော. ၁၆:၂၇) တိုင်ခုနစ်တိုင် စိုက်ထူထားတဲ့ အိမ်ကြီးထဲ ဖိတ်ခေါ်နေတာပါ။ ယေဟောဝါ ရက်ရောတယ်၊ မိမိအကြံပြုချက်တွေအတိုင်း လိုက်လျှောက်ချင်သူအားလုံးကို ဖိတ်ခေါ်နေတယ်ဆိုတာ ပုံဖော်ထားတာ။
၁၅။ ဘာလုပ်ဖို့ ဘုရား ဖိတ်ခေါ်သလဲ။
၁၅ ယေဟောဝါဟာ ရက်ရောတယ်။ ကျွန်တော်တို့ကို ကောင်းမွန်ရာတွေ ကြွယ်ဝစွာ ပေးတယ်။ ပညာအလိမ္မာ အခန်းကြီး ၉ မှာ ပါတဲ့ “စစ်မှန်တဲ့ ဉာဏ်ပညာ” ကို ကိုယ်စားပြုတဲ့ မိန်းမအကြောင်း ဖော်ပြချက်ကနေ ဒီအချက်ကို သိရတယ်။ အဲဒီမိန်းမက အသားတွေ ကောင်းကောင်း ပြင်ဆင်၊ စပျစ်ဝိုင် ရောစပ်ပြီး စားပွဲမှာ ခင်းကျင်းထားတယ်။ (ပညာ. ၉:၂) အခန်းငယ် ၄ နဲ့ ၅ အရ “လာကြ။ ငါ ပြင်ဆင်ထားတဲ့ အစားအစာကို လာစားကြ” ဆိုပြီး ဆင်ခြင်ဉာဏ် မရှိသူတွေကို ခေါ်တယ်။ စစ်မှန်တဲ့ ဉာဏ်ပညာရဲ့ အိမ်ကို သွားပြီး ကျွန်တော်တို့ ဘာကြောင့် စားသောက်သင့်သလဲ။ ယေဟောဝါက မိမိသားသမီးတွေကို ဉာဏ်ပညာ ရှိစေချင်တယ်။ ဘေးကင်းစေချင်တယ်။ နောင်တတွေ တစ်ပွေ့တစ်ပိုက်နဲ့ ခါးသီးတဲ့ အတွေ့အကြုံတွေကနေ သင်ခန်းစာ မယူစေချင်ဘူး။ ဒါကြောင့်လည်း “လက်တွေ့ကျ ဉာဏ်ပညာကို စိတ်ရိုးဖြောင့်သူတွေအတွက် သိုမှီးထား” တာ။ (ပညာ. ၂:၇) ယေဟောဝါကို ကျွန်တော်တို့ ချစ်ကြောက်ရိုသေမယ်ဆိုရင် ဘုရား မကြိုက်တာ လုပ်မှာ မဟုတ်ဘူး။ ဘုရားရဲ့ ပညာရှိ အကြံပေးချက်ကို နားထောင်မှာ၊ လိုလိုလားလား လိုက်လျှောက်မှာ ဖြစ်တယ်။—ယာ. ၁:၂၅။
၁၆။ ညီအစ်ကို အားလန် ပညာရှိရှိ ဆုံးဖြတ်ဖို့ ဘုရားကို ကြောက်တဲ့ စိတ်က ဘယ်လို ကူညီပေးသလဲ။ ဘာရလဒ် ရသလဲ။
၁၆ အကြီးအကဲလည်း ဖြစ်၊ ကျောင်းဆရာလည်း ဖြစ်တဲ့ ညီအစ်ကို အားလန် ပညာရှိရှိ ဆုံးဖြတ်ဖို့ ဘုရားကို ကြောက်တဲ့ စိတ်က ဘယ်လို ကူညီပေးသလဲ။ အလုပ်ဖော် တော်တော်များများက ညစ်ညမ်း ဗီဒီယိုတွေကို လိင်ပညာပေးလို့ မြင်ကြတယ်။ အဲဒီလို မြင်တာ မှားမှန်း အားလန် သိတယ်။ “ဘုရားကို ချစ်လို့၊ ကြောက်လို့ အဲဒီဗီဒီယိုတွေ လိုက်မကြည့်ဘူးလို့ ကျွန်တော် ပြတ်ပြတ်သားသား ငြင်းတယ်။ အကြောင်းရင်းကိုလည်း ရှင်းပြတယ်” လို့ ပြောတယ်။ “သိနားလည်မှု လမ်းစဉ်အတိုင်း ရှေ့ဆက်လျှောက်လှမ်းပါ” ဆိုတဲ့ “စစ်မှန်တဲ့ ဉာဏ်ပညာ” ရဲ့ အကြံပြုချက်အတိုင်း လိုက်လျှောက်နေတာပဲ။ (ပညာ. ၉:၆) အားလန် ပြတ်ပြတ်သားသား ငြင်းတာကို အလုပ်ဖော်တချို့ လေးစားသွားပြီး အခုဆိုရင် ကျမ်းစာ လေ့လာနေကြပြီ။ အစည်းအဝေးတွေ တက်နေကြပြီ။
၁၇-၁၈။ “စစ်မှန်တဲ့ ဉာဏ်ပညာ” ရဲ့ ဖိတ်ခေါ်ချက်ကို လက်ခံသူတွေ ဘာကောင်းချီး ခံစားနေကြရသလဲ။ ဘာကောင်းချီး ခံစားရဦးမလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၁၇ ပျော်ရွှင်စရာ အနာဂတ် ပိုင်ဆိုင်နိုင်ပုံကို မိန်းမနှစ်ယောက်နဲ့ ဥပမာ ပေးပြီး ယေဟောဝါ သင်ပေးတယ်။ အသံကျယ်ကျယ်နဲ့ လိုက်အော်ခေါ်တဲ့ “မိုက်မဲတဲ့ မိန်းမ” နောက် လိုက်သွားသူတွေဟာ ခိုးကြောင်ခိုးဝှက် သာယာဖို့ပဲ စိတ်ရောက်နေကြတယ်။ လက်ရှိအတွက်ပဲ စဉ်းစားကြတယ်။ ရှေ့ရေး ထည့်မတွက်ကြဘူး။ ဒါကြောင့် “သင်္ချိုင်းရဲ့ နက်ရှိုင်းတဲ့အရပ်” ဆီ ရောက်သွားကြလိမ့်မယ်။—ပညာ. ၉:၁၃၊ ၁၇၊ ၁၈။
၁၈ “ငါ ပြောတာကို အသေအချာ နားထောင်ကြ။ ကောင်းတဲ့ အစာကိုပဲ စားကြ။ ဒါဆိုရင် အဆီအနှစ် ပြည့်ဝတဲ့ အစာကို မင်းတို့ မြိန်ရေရှက်ရေ စားရလိမ့်မယ်” လို့ ပရောဖက် ဟေရှာယကတစ်ဆင့် ယေဟောဝါ ပြောတယ်။ (ဟေရှာ. ၅၅:၁၊ ၂) တကယ်လည်း “စစ်မှန်တဲ့ ဉာဏ်ပညာ” ရဲ့ ဖိတ်ခေါ်ချက်ကို လက်ခံသူတွေဟာ အခုဆိုရင် တခမ်းတနား တည်ခင်းထားတဲ့ စားသောက်ပွဲကြီးမှာ အာဟာရ ရှိတဲ့ ဘုရားရေးရာ အစားအစာတွေ စားသောက်နေကြရတယ်။ (ဟေရှာ. ၆၅:၁၃) ယေဟောဝါ ချစ်တာကို ချစ်တတ်ဖို့၊ မုန်းတာကို မုန်းတတ်ဖို့ သင်ယူနေကြတယ်။ (ဆာ. ၉၇:၁၀) “စစ်မှန်တဲ့ ဉာဏ်ပညာ” ကနေ တခြားသူတွေပါ အကျိုးရဖို့ “အတွေ့အကြုံ မရှိသူတို့၊ ဒီကို လာကြ” ဆိုပြီး “မြို့ရဲ့ မြင့်တဲ့ နေရာတွေကနေ” ဖိတ်ခေါ်ရလို့ ပျော်နေကြတယ်။ ကျွန်တော်တို့ ကိုယ်တိုင်ကော၊ ဖိတ်ခေါ်ချက်ကို လက်ခံသူတွေပါ ရမယ့် အကျိုးကျေးဇူးတွေဟာ လက်ရှိအတွက်ပဲ မဟုတ်ဘူး။ ရေရှည်အတွက် ဖြစ်တယ်။ “သိနားလည်မှု လမ်းစဉ်အတိုင်း ရှေ့ဆက်လျှောက်လှမ်း” ရင်း ထာဝစဉ် “အသက်ရှင်” နိုင်ပါလိမ့်မယ်။—ပညာ. ၉:၃၊ ၄၊ ၆။
၁၉။ ဒေသနာ ၁၂:၁၃၊ ၁၄ အရ ဘာလုပ်ဖို့ ဆုံးဖြတ်သင့်သလဲ။ (“ ဘုရားကို ကြောက်ရွံ့ခြင်းရဲ့ အကျိုးကျေးဇူးများ” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)
၁၉ ဒေသနာ ၁၂:၁၃၊ ၁၄ ကို ဖတ်ပါ။ ဘုရားကို အမြဲ ချစ်ကြောက်ရိုသေဖို့ ဆုံးဖြတ်ထားကြပါစို့။ ဒါဆိုရင် ဆိုးညစ်တဲ့ ဒီနောက်ဆုံးကာလမှာ ကိုယ့်စိတ်နှလုံးကို ကာကွယ်နိုင်မယ်။ ကိုယ်ကျင့်တရား စင်ကြယ်နေမယ်။ ဘုရားနဲ့ ရင်းနှီးနေမယ်။ လူများနိုင်သမျှ များများ “စစ်မှန်တဲ့ ဉာဏ်ပညာ” ကို ရှာတွေ့ပြီး လိုက်လျှောက်နိုင်အောင် ဆက်ဖိတ်ခေါ်နိုင်ပါလိမ့်မယ်။
သီချင်း ၁၂၇ ဘယ်လို လူစားမျိုး ဖြစ်သင့်
a ဘုရားကို ခရစ်ယာန်တွေ ချစ်ကြောက်ရိုသေကြရမယ်။ ဘုရားကို ချစ်ကြောက်ရိုသေတာက စိတ်နှလုံးကို ကာကွယ်ပေးတယ်။ လိင်အကျင့်ယိုယွင်းမှု၊ ညစ်ညမ်းရုပ်ပုံစာပေတွေ ရှောင်ဖို့ ကူညီပေးတယ်။ ဒီဆောင်းပါးမှာ ပညာအလိမ္မာ အခန်းကြီး ၉ ကို သုံးသပ်သွားပါမယ်။ အဲဒီမှာ စစ်မှန်တဲ့ ဉာဏ်ပညာကို ကိုယ်စားပြုတဲ့ မိန်းမတစ်ယောက်နဲ့ မိုက်မဲမှုကို ကိုယ်စားပြုတဲ့ မိန်းမတစ်ယောက်အကြောင်း ဖော်ပြထားတယ်။ အဲဒီအခန်းကြီးမှာ ပါတဲ့ အကြံပေးချက်တွေက လက်ရှိကော ရေရှည်မှာပါ အကျိုးပြုနိုင်တယ်။
b အမည်လွှဲများ။
c သက်မဲ့တွေကို လူအဖြစ် တင်စားဖော်ပြထားတဲ့ နမူနာတချို့ကို ရောမ ၅:၁၄ နဲ့ ဂလာတိ ၄:၂၄ မှာ ကြည့်ပါ။