မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝအတ္ထုပ္ပတ္တိ

ယေဟောဝါအတွက် အမှုဆောင်ရင်း ရတဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာတွေ၊ သင်ခန်းစာတွေ

ယေဟောဝါအတွက် အမှုဆောင်ရင်း ရတဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာတွေ၊ သင်ခန်းစာတွေ

ငယ်ငယ်တုန်းက လေယာဉ် ပျံသွားတာ မြင်တိုင်း ‘လေယာဉ်ကြီး စီးပြီး ကမ္ဘာပတ်ချင်လိုက်တာ’ လို့ စိတ်ကူးယဉ်မိတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ မဖြစ်နိုင်တဲ့အရာတစ်ခုလိုပါပဲ။

ဒုတိယ ကမ္ဘာစစ်အတွင်း အက်စတိုးနီးယားနိုင်ငံကနေ ဂျာမနီနိုင်ငံကို မိဘတွေ ပြောင်းလာကြတယ်။ အဲဒီမှာပဲ ကျွန်တော် မွေးတယ်။ ကျွန်တော် မွေးပြီး မကြာခင် ကနေဒါကို ပြောင်းဖို့ ပြင်ဆင်ကြပြန်တယ်။ ကနေဒါနိုင်ငံ၊ အိုတာဝါမြို့နားက ကျွန်တော်တို့ရဲ့ ဦးဆုံး အိမ်လေးမှာ ကြက်တွေကော လူတွေပါ ရောနေကြတာပေါ့။ ကျွန်တော်တို့ တော်တော်လေး ကျပ်တည်းကြတယ်။ ဒါပေမဲ့ မနက်စာတော့ ကြက်ဥ စားရပါသေးတယ်။

တစ်ရက်၊ အမေ့ဆီ ယေဟောဝါသက်သေတွေ ရောက်လာပြီး ဗျာဒိတ် ၂၁:၃၊ ၄ ဖတ်ပြကြတယ်။ အမေ စိတ်ထိမိသွားပြီး ငိုတော့တာပဲ။ အမေကော အဖေပါ ကျမ်းစာ လေ့လာပြီး အချိန်တိုအတွင်းမှာပဲ နှစ်ခြင်းခံတဲ့အထိ တိုးတက်လာကြတယ်။

ကျွန်တော့်မိဘတွေက အင်္ဂလိပ်လို သိပ်မကျွမ်းပေမဲ့ အမှုဆောင်မှာ တအား စိတ်ထက်သန်ကြတယ်။ အွန်တာရီယိုပြည်နယ်၊ ဆတ်ဘယ်ရီမြို့က သတ္တုကျိုတဲ့ စက်ရုံမှာ အဖေ ညလုံးပေါက် အလုပ်လုပ်ရတယ်။ ဒါတောင် စနေနေ့တိုင်းလိုလို ကျွန်တော်နဲ့ ညီမလေး ဆေလ်ဗီယာကို အမှုဆောင် ခေါ်သွားတယ်။ အပတ်တိုင်း မိသားစုလိုက် ကင်းမျှော်စင် လေ့လာကြတယ်။ ဘုရားကို ချစ်တတ်လာအောင် အမေနဲ့ အဖေ သင်ပေးကြတယ်။ ဒီလိုနဲ့ ၁၉၅၆၊ ကျွန်တော့်အသက် ဆယ်နှစ်မှာ ယေဟောဝါဆီ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်အပ်နှံလိုက်တယ်။ ယေဟောဝါကို မိဘတွေ ဘယ်လောက် ချစ်တယ်ဆိုတာ စဉ်းစားမိတိုင်း ဘုရားအမှု ဆက်ဆောင်ဖို့ အားရှိလာတယ်။

အထက်တန်းကျောင်း ပြီးသွားတော့ အာရုံတွေ များလာတယ်။ ရှေ့ဆောင်သာ လုပ်ရင် ကမ္ဘာပတ်မယ်ဆိုတဲ့ အိပ်မက် အကောင်အထည်ဖော်ဖို့ ပိုက်ဆံ ရှာနိုင်မှာ မဟုတ်တော့ဘူးလို့ တွေးမိတယ်။ ဒါနဲ့ ရေဒီယို အသံလွှင့်ရုံတစ်ခုမှာ သီချင်းတွေ ဖွင့်ပြရတဲ့ အလုပ် ဝင်လုပ်တယ်။ အဲဒီအလုပ်ကို သိပ်သဘောကျတာပဲ။ ဒါပေမဲ့ ညနေဘက်တွေ လုပ်ရတော့ အစည်းအဝေးတွေ တောက်လျှောက် ပျက်လာတယ်။ ဘုရားကို မချစ်တဲ့သူတွေနဲ့ ပေါင်းမိလာတယ်။ နောက်ဆုံးတော့ အပြောင်းအလဲတွေ လုပ်ဖို့ ကျမ်းစာနဲ့ လေ့ကျင့်ထားတဲ့ သိစိတ်က လှုံ့ဆော်လာတယ်။

အွန်တာရီယိုပြည်နယ်၊ အိုဆာဝါမြို့ကို ကျွန်တော် ပြောင်းလာတယ်။ ရေး နော်မန်၊ သူ့ညီမလေး လက်စလေ၊ တခြားရှေ့ဆောင်တွေနဲ့ ဆုံတယ်။ ကျွန်တော့်ကို တော်တော်လေး ဂရုစိုက်ပေးကြတယ်။ ပြုံးပျော်နေတဲ့ သူတို့ကို ကြည့်ပြီး ကိုယ့်ပန်းတိုင်တွေကို ပြန်ဆန်းစစ်မိတယ်။ သူတို့ အားပေးကြလို့ ၁၉၆၆၊ စက်တင်ဘာလမှာ ရှေ့ဆောင် စလုပ်ဖြစ်သွားတယ်။ ဘဝက ပျော်စရာ ကောင်းလိုက်တာ။ ဒါပေမဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ ဘဝအချိုးအကွေ့တွေ ကြုံရတော့မယ်။

ယေဟောဝါ ခိုင်းရင် ခိုင်းတဲ့အတိုင်း လုပ်ကြည့်ပါ

အထက်တန်းကျောင်း တက်နေတုန်း ကနေဒါနိုင်ငံ၊ တိုရွန်တို ဗေသလမှာ လျှောက်လွှာ တင်ထားတယ်။ နောက်ပိုင်း၊ ရှေ့ဆောင် လုပ်နေတုန်း ဗေသလမှာ လေးနှစ် အမှုဆောင်ဖို့ ဖိတ်ခေါ်ခံရတယ်။ ဒါပေမဲ့ ကျွန်တော် လက်စလေကို သဘောကျနေပြီ။ ဗေသလမှာ အမှုဆောင်ဖို့ ဖိတ်ခေါ်တာကို လက်ခံလိုက်ရင် လက်စလေနဲ့ ဝေးသွားမှာ ကြောက်မိတယ်။ ဘုရားဆီ ပြင်းပြင်းပြပြ ဆုတောင်းပြီးနောက်မှာတော့ ဗေသလမှာ သွားအမှုဆောင်ဖို့ ဆုံးဖြတ်လိုက်တယ်။ လက်စလေနဲ့တော့ ခွဲရတော့တာပေါ့။

ဗေသလ အဝတ်လျှော်ဌာနမှာ လုပ်ရတယ်။ နောက်ပိုင်း၊ အတွင်းရေးမှူး လုပ်ရတယ်။ အဲဒီအချိန်မှာ လက်စလေက ကွီဘက်ပြည်နယ်၊ ဂတ်တနိုမြို့မှာ အထူးရှေ့ဆောင် တာဝန်ကျနေတယ်။ ‘သူ ဘာတွေများ လုပ်နေမလဲ။ ငါ့ဆုံးဖြတ်ချက် မှန်ရဲ့လား’ လို့ ကျွန်တော် မကြာခဏ တွေးမိတယ်။ ဒါပေမဲ့ ဘဝမှာ အံ့ဩပျော်ရွှင်စရာ အကောင်းဆုံး ကိစ္စ ပေါ်လာတယ်။ လက်စလေရဲ့ အစ်ကို ရေး ဗေသလကို ဖိတ်ခေါ်ခံရပြီး ကျွန်တော့်အခန်းဖော် ဖြစ်လာတယ်။ လက်စလေနဲ့ အဆက်အသွယ် ပြန်ရဖို့ အကြောင်းဖန်လာတာပေါ့ဗျာ။ ကျွန်တော့်ရဲ့ လေးနှစ်တာ ဗေသလ တာဝန် နောက်ဆုံးရက် ၁၉၇၁၊ ဖေဖော်ဝါရီ ၂၇ မှာ ကျွန်တော်တို့ လက်ထပ်လိုက်ကြတယ်။

၁၉၇၅ မှာ တိုက်နယ်လုပ်ငန်း စ

ကွီဘက်ပြည်နယ်က ပြင်သစ်စကားပြော အသင်းတော်မှာ ကျွန်တော်တို့ တာဝန်ကျတယ်။ နှစ်အနည်းငယ် အကြာ၊ ကျွန်တော့်အသက် ၂၈ နှစ်မှာ တိုက်နယ်ကြီးကြပ်မှူးအဖြစ် အမှုဆောင်ဖို့ ဖိတ်ခေါ်ခံရလို့ အံ့ဩသွားတာပဲ။ ကိုယ့်ကိုယ်ကိုယ် ငယ်သေးတယ်၊ အရည်အချင်း မပြည့်မီသေးဘူးလို့ ခံစားရပေမဲ့ ယေရမိ ၁:၇၊ ၈ မှာ ပါတဲ့ စကားတွေကြောင့် အားရှိသွားတယ်။ ဒါပေမဲ့ လက်စလေ ကားမတော်တဆမှု နှစ်ကြိမ် ဖြစ်ထားတဲ့အပြင် ညဘက်တွေဆိုရင် ကောင်းကောင်း အိပ်မပျော်တဲ့ ပြဿနာ ရှိတယ်။ တိုက်နယ်လုပ်ငန်းမှာ ဖြစ်ပါ့မလားလို့ တွေးမိကြတယ်။ ဒါပေမဲ့ “ယေဟောဝါ ခိုင်းရင် ခိုင်းတဲ့အတိုင်း လုပ်ကြည့်ရအောင်” လို့ လက်စလေ ပြောတယ်။ ဒါနဲ့ တာဝန်ကို လက်ခံလိုက်ကြတယ်။ တိုက်နယ်လုပ်ငန်းမှာ ၁၇ နှစ် ပါဝင်ခဲ့ကြတယ်။

တိုက်နယ်ကြီးကြပ်မှူး ဖြစ်လာတော့ အလုပ်များလွန်းလို့ လက်စလေကို အချိန် မပေးနိုင်သလောက်ပဲ။ တနင်္လာနေ့ တစ်မနက် အစောကြီး ဘဲလ်တီးသံ ကြားလိုက်ရတယ်။ ထွက်ကြည့်တော့ ဘယ်သူမှ မရှိဘူး။ စားပွဲခင်း၊ သစ်သီး၊ ချိစ်၊ ပေါင်မုန့်၊ ဝိုင်ပုလင်းနဲ့ ဝိုင်ခွက်တွေ ထည့်ထားတဲ့ ခြင်းတောင်းလေး တွေ့တယ်။ “ကိုယ့်မိန်းမကို ပျော်ပွဲစားလေး ဘာလေး ခေါ်သွားပါဦး” လို့ ရေးထားတဲ့ စာလေးလည်း ပါသေးတယ်။ အဲဒီနေ့က တော်တော် နေသာတာ။ ဒါပေမဲ့ ဟောပြောချက်တွေ ပြင်စရာ ရှိသေးလို့ မသွားနိုင်တဲ့အကြောင်း လက်စလေကို ရှင်းပြလိုက်တယ်။ လက်စလေ နားလည်ပေးရှာတယ်။ စိတ်မကောင်းတော့ ဖြစ်သွားတာပေါ့။ ကျွန်တော် စားပွဲမှာ ထိုင်လိုက်တာနဲ့ သိစိတ်က ဒုက္ခ စပေးပါလေရော။ ဧဖက် ၅:၂၅၊ ၂၈ ကို စဉ်းစားမိသွားတယ်။ ဇနီးသည်ရဲ့ ခံစားချက်ကို ထည့်စဉ်းစားပေးဖို့ ဒီစကားတွေနဲ့ ယေဟောဝါ ငါ့ကို သတိပေးနေတာများလားလို့ တွေးမိသွားတယ်။ ဆုတောင်းပြီးတဲ့နောက် “လာ၊ သွားရအောင်” လို့ လက်စလေကို ပြောလိုက်တယ်။ လက်စလေခမျာ ဝမ်းသာသွားလိုက်တာ။ ကမ်းနားက နေရာကောင်းလေးတစ်ခုဆီ ကျွန်တော်တို့ ကားမောင်းသွားကြတယ်။ စားပွဲခင်းလေး ခင်း၊ အမှတ်တရ နေ့လေး ဖန်တီးခဲ့ကြတာပေါ့။ ဟောပြောချက်တွေ ပြင်ဖို့လည်း အချိန်ရလိုက်ပါတယ်။

တိုက်နယ် တာဝန်က များလည်း များ၊ ပျော်စရာလည်း ကောင်းတယ်။ ဗြိတိသျှ ကိုလံဘီယာကနေ နယူးဖောင်လန်အထိ သွားရတယ်။ ခရီးတွေ သွားမယ်ဆိုတဲ့ အိပ်မက်လေး ပြည့်သွားပြီ။ ဂိလဒ်သင်တန်း လျှောက်ဖို့ စိတ်ကူးမိပေမဲ့ တခြားနိုင်ငံမှာတော့ သာသနာပြု သွားမလုပ်ချင်ဘူး။ သာသနာပြု ဖြစ်လောက်တဲ့အထိ အရည်အချင်း မရှိဘူးလို့ ခံစားရလို့ပါ။ ရောဂါဘေး၊ စစ်ဘေး သင့်နေတဲ့ အာဖရိက နိုင်ငံတစ်နိုင်ငံဆီ ပို့ခံရမှာ ကြောက်တာလည်း ပါတာပေါ့။ ကနေဒါမှာပဲ ပျော်တယ်။

အက်စတိုးနီးယားနဲ့ ဘောလ်တစ် နိုင်ငံတွေဆီ ဖိတ်ခေါ်ခံရ

ဘောလ်တစ် နိုင်ငံတွေမှာ တိုက်နယ်ပတ်နေ

၁၉၉၂ ရောက်တော့ အရင် ဆိုဗီယက် ပြည်ထောင်စု နိုင်ငံတချို့မှာ အဖွဲ့အစည်း လုပ်ငန်း ပြန်ပွင့်လာတယ်။ အက်စတိုးနီးယားမှာ သာသနာပြု သွားလုပ်ချင်သလားလို့ ညီအစ်ကိုတွေ မေးလာလို့ လန့်သွားတာပဲ။ ဒါနဲ့ ဆုတောင်းကြတယ်။ ဒီတစ်ခေါက်လည်း ‘ယေဟောဝါ ခိုင်းရင် ခိုင်းတဲ့အတိုင်း လုပ်ကြည့်ရအောင်’ လို့ တွေးပြီး လက်ခံလိုက်တယ်။ ‘အာဖရိက သွားရတာမှ မဟုတ်ပဲလေ’ လို့ စိတ်ဖြေလိုက်ပါတယ်။

ရောက်တာနဲ့ အက်စတိုးနီးယားစကား သင်ကြတယ်။ လအနည်းငယ်အတွင်းမှာပဲ တိုက်နယ်လုပ်ငန်းမှာ ပါဝင်ဖို့ တောင်းဆိုခံရတယ်။ အက်စတိုးနီးယား၊ လတ်ဗီးယား၊ လစ်သူယေးနီးယား ဆိုတဲ့ ဘောလ်တစ် နိုင်ငံ သုံးနိုင်ငံ၊ ရုရှားနိုင်ငံ၊ ကလင်နီဂရက်မြို့က အသင်းတော် ၄၆ ခုလောက်နဲ့ အုပ်စုတွေကို လည်ပတ်ရမှာ။ ဒီတော့ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ ရုရှားစကား သင်ရတော့တာပေါ့။ တော်တော် ခက်တယ်ဗျာ။ ဒါပေမဲ့ ကျွန်တော်တို့ ကြိုးစားပြောတာ ကြည့်ပြီး ညီအစ်ကို/မတွေ ပျော်ကြတယ်။ ကူညီပေးကြတယ်။ ၁၉၉၉ မှာ အက်စတိုးနီးယား ဌာနခွဲ ဖွင့်တယ်။ တူးမက်စ် အီဒူ၊ လမ်းဘစ် ရိုင်လယ်၊ တွန်မီ ကောကိုတို့နဲ့အတူ ဌာနခွဲ ကော်မတီဝင်အဖြစ် အမှုဆောင်ဖို့ တာဝန်ရတယ်။

ဘယ်- လစ်သူယေးနီးယား အစည်းအဝေးကြီးမှာ ဟောပြောချက် ပေးနေ

ညာ- ၁၉၉၉ မှာ ဖွင့်တဲ့ အက်စတိုးနီးယား ဌာနခွဲရဲ့ ဌာနခွဲ ကော်မတီ

ဆိုက်ဘေးရီးယားကို နယ်နှင်ခံရဖူးတဲ့ ညီအစ်ကို/မ အများကြီးနဲ့ ဆုံတယ်။ ထောင်ထဲမှာ ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းခံခဲ့ရပေမဲ့၊ မိသားစုနဲ့ ခွဲခဲ့ရပေမဲ့ ဘဝနာတယ်လို့ မတွေးကြဘူး။ ပျော်ပျော်ရွှင်ရွှင်၊ ထက်ထက်သန်သန် အမှုဆောင်နေကြဆဲပဲ။ ခက်ခဲတဲ့ အခြေအနေအောက်မှာတောင် ခံနိုင်ရည်၊ ရွှင်လန်းမှု ရှိနိုင်ပါလားဆိုတာ ကျွန်တော် သဘောပေါက်သွားတယ်။

နှစ်နဲ့ချီ နားရက် မရှိသလောက်ကို ကျွန်တော်တို့ ကြိုးစားအမှုဆောင်ခဲ့ကြတယ်။ နောက်ပိုင်း၊ လက်စလေ တအား နုံးလာတယ်။ ကြွက်သားမျှင် နာကျင်မှု ရောဂါ (fibromyalgia) ကြောင့် အဲဒီလို ဖြစ်နေမှန်း စစချင်း မသိကြဘူး။ ဒါနဲ့ တာဝန် နားပြီး ကနေဒါ ပြန်ဖို့ စဉ်းစားကြတော့တာပေါ့။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ပက်တာစင်မြို့မှာ ဌာနခွဲ သင်တန်း တက်ဖို့ ဖိတ်ခေါ်ခံရတော့ တက်နိုင်ပါ့မလားလို့ ကျွန်တော် တွေးမိတယ်။ ဘုရားဆီ အကြီးအကျယ် ဆုတောင်းပြီးနောက်မှာတော့ လက်ခံလိုက်တယ်။ ဒီဆုံးဖြတ်ချက်ကို ယေဟောဝါ ကောင်းချီးပေးတယ်။ သင်တန်း တက်နေတုန်းမှာပဲ လက်စလေ ဆေးကုသမှု ခံယူနိုင်ခဲ့လို့ ကျွန်တော်တို့ နဂိုအတိုင်း လုပ်နိုင်ကိုင်နိုင် ပြန်ဖြစ်လာကြတယ်။

ရင်ခုန်စိတ်လှုပ်ရှားစရာတွေ စောင့်ကြိုနေတဲ့ နောက်တစ်တိုက်

၂၀၀၈၊ တစ်ညနေ ကမ္ဘာ့ဌာနချုပ်ကနေ ဖုန်းဆက်လာတယ်။ အက်စတိုးနီးယားကနေ ပြောင်းပြီး ကွန်ဂိုနိုင်ငံမှာ အမှုဆောင်နိုင်မလားတဲ့။ နောက်နေ့ အကြောင်းပြန်ပါ ပြောလို့ ကြက်သေ သေသွားတာပဲ။ အဲဒီည လက်စလေ အိပ်မပျော်မှာ စိုးလို့ ဒီအကြောင်း ပြောမပြဘူး။ ဒါပေမဲ့ အာဖရိက သွားရမှာ ကြောက်တဲ့အကြောင်း ယေဟောဝါကို ဆုတောင်းပြောပြရင်း တကယ်တမ်း အိပ်မပျော်တာ ကျွန်တော် ဖြစ်သွားတယ်။

နောက်တစ်နေ့၊ လက်စလေကို ပြောပြတော့ “ယေဟောဝါကတော့ အာဖရိက သွားခိုင်းနေပြီ။ သွားမကြည့်သေးဘဲ မဖြစ်ပါဘူးချည်း ပြောနေလို့ ဘယ်ဖြစ်မလဲ” ဆိုပြီး သုံးသပ်ကြတယ်။ ဒီလိုနဲ့ အက်စတိုးနီးယားမှာ ၁၆ နှစ် အမှုဆောင်ပြီးနောက် ကွန်ဂိုနိုင်ငံ၊ ကင်ရှာဆာမြို့ကို ရောက်လာကြတယ်။ ဌာနခွဲရုံးက စိမ်းစိုပြီး လှလိုက်တာ။ အခန်းမှာ လက်စလေ ပထမဆုံး နေရာချတာကတော့ ကနေဒါကနေ ထွက်လာကတည်းက သိမ်းထားတဲ့ ကတ်လေးပါ။ “ရောက်တဲ့နေရာမှာ ပျော်အောင် နေပါ” တဲ့။ ညီအစ်ကို/မတွေနဲ့ တွေ့ပြီးနောက်၊ ကျမ်းစာ သင်အံမှုတွေ ရပြီးနောက်၊ အဲဒီမှာ သာသနာပြု လုပ်ရတဲ့ အရသာ သိသွားပြီးနောက်မှာတော့ တော်တော်လေး ပျော်သွားတယ်။ အာဖရိက နိုင်ငံ ၁၃ နိုင်ငံဆီ ဌာနခွဲ ကိုယ်စားလှယ်အဖြစ် လည်ပတ်ခွင့် ရခဲ့တယ်။ နောက်ခံမျိုးစုံက စိတ်ဝင်စားစရာ လူတွေနဲ့ ဆုံခွင့် ရတယ်။ အာဖရိကကို ကြောက်တဲ့ စိတ်တွေ ပျောက်သွားပြီ။ ဒီမှာ အမှုဆောင်ဖို့ ပို့လိုက်လို့ ယေဟောဝါကို ကျေးဇူးတောင် တင်နေမိတယ်။

ကွန်ဂိုမှာ အစားအသောက် မျိုးစုံ တည်ခင်းကျွေးမွေးကြတယ်။ အင်းဆက်တွေလည်း ပါတယ်။ ဘယ်စားရဲမလဲ။ ဒါပေမဲ့ ညီအစ်ကို/မတွေ မြိန်ရေရှက်ရေ စားနေကြတာ တွေ့ပြီး စမ်းစားကြည့်တာ ကြိုက်သွားတော့တာပဲ။

တိုင်းပြည် အရှေ့ပိုင်းက ရွာတွေကို ပြောက်ကျား အုပ်စုတွေ လာလာတိုက်တတ်တယ်။ အမျိုးသမီးတွေ၊ ကလေးတွေကို အန္တရာယ် ပေးကြတယ်။ ဒါကြောင့် အဲဒီက ညီအစ်ကို/မတွေဆီ ကျွန်တော်တို့ သွားအားပေးတယ်။ လိုအပ်တာတွေ ယူသွားပေးတယ်။ ညီအစ်ကို/မတွေက ဆင်းသာ ဆင်းရဲတာ။ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်၊ ယေဟောဝါကို ချစ်တဲ့ မေတ္တာ၊ အဖွဲ့အစည်းအပေါ် သစ္စာရှိမှုနဲ့ပတ်သက်လာရင်တော့ သိပ်အားရဖို့ ကောင်းတယ်။ သူတို့ကို ကြည့်ပြီး ကိုယ့်ယုံကြည်ခြင်းကို ပြန်ဆန်းစစ်ရတဲ့အထိပဲ။ ညီအစ်ကို/မတချို့ဆိုရင် အိမ်တွေ၊ ကောက်ပဲသီးနှံတွေ ဆုံးရှုံးထားကြတာ။ ပစ္စည်းဥစ္စာဆိုတာ မမြဲဘူး၊ ဘုရားနဲ့ ဆက်ဆံရေးကသာ အရေးကြီးဆုံးဆိုတာ ကျွန်တော် အမှတ်ရသွားတယ်။ ခက်ခဲပေမဲ့ ညီအစ်ကို/မတွေ မညည်းကြဘူး။ သူတို့ရဲ့ သဘောထားကြောင့် ကျွန်တော်နဲ့ လက်စလေလည်း ပြဿနာတွေ၊ ကျန်းမာရေး အခက်အခဲတွေကို သတ္တိရှိရှိ ရင်ဆိုင်ချင်လာတယ်။

ဘယ်- ဒုက္ခသည်တစ်စုကို အားပေးနေ

ညာ- ကွန်ဂိုနိုင်ငံ၊ ဒွန်ဂူမြို့မှာ လူမှုအကူအညီ၊ ဆေးဝါးအကူအညီ ပေးနေ

အာရှတိုက်မှာ တာဝန်သစ် ရ

နောက်ထပ် ရင်ခုန်စိတ်လှုပ်ရှားစရာ ကြုံရပြန်တယ်။ ဟောင်ကောင် ဌာနခွဲကို ပြောင်းဖို့ ပြောလာလို့လေ။ အာရှတိုက်မှာ အမှုဆောင်ရမယ်လို့ တစ်ခါမှ မတွေးဖူးကြဘူး။ ဒါပေမဲ့ ရှေ့က တာဝန်တွေမှာ ယေဟောဝါ ကူညီပေးတာ ကြုံဖူးထားတော့ ဒီတာဝန်ကိုလည်း လက်ခံလိုက်ကြတယ်။ ၂၀၁၃ မှာ သိပ်လှတဲ့ အာဖရိကနဲ့ ချစ်ရတဲ့ မိတ်ဆွေတွေကို မျက်ရည်စက်လက်နဲ့ ထားခဲ့ရတော့တယ်။ ရှေ့မှာ ဘာတွေ ကြုံရမယ်ဆိုတာတော့ ကျွန်တော်တို့ မသိကြဘူး။

လူမျိုးပေါင်းစုံ ရှိပြီး သိပ်စည်ကားတဲ့ ဟောင်ကောင်မှာ နေရတာ ကျွန်တော်တို့အတွက်တော့ အပြောင်းအလဲကြီးပဲ။ ကန်တုံစကားကလည်း သင်ရ ခက်လိုက်တာ။ ဒါပေမဲ့ ညီအစ်ကို/မတွေက သိပ်နွေးထွေးကြတယ်။ ဒေသ အစားအစာတွေလည်း တအား အရသာ ရှိတယ်။ ဌာနခွဲမှာ အလုပ် သိပ်တွင်တယ်။ ဒါပေမဲ့ အိမ်ခြံမြေ ဈေးကွက် ထိုးတက်သွားလို့ ဌာနခွဲ အဆောက်အအုံ အများစုကို ရောင်းထုတ်ဖို့ အုပ်ချုပ်ရေး အဖွဲ့ ဆုံးဖြတ်လိုက်တယ်။ သိပ်မကြာခင် ၂၀၁၅ မှာ ကျွန်တော်တို့ တောင်ကိုရီးယားကို ပြောင်းရတယ်။ နောက်ထပ် ဘာသာစကား သင်ယူရပြန်တာပေါ့။ အခုထိ ကိုရီးယားစကား ကောင်းကောင်း မရသေးဘူး။ ဒါပေမဲ့ တိုးတက်လာပြီလို့ ညီအစ်ကို/မတွေ ပြောကြလို့ စိတ်ချမ်းသာတယ်။

ဘယ်- ဟောင်ကောင်မှာ ဘဝသစ် စ

ညာ- ကိုရီးယား ဌာနခွဲ

သင်ခန်းစာတွေ

မိတ်သစ်ဆွေသစ် ဖွဲ့ရတာ အမြဲ မလွယ်ဘူး။ ဒါပေမဲ့ တခြားသူတွေကို ကိုယ့်ဘက်က စပြီး ဧည့်ဝတ်ပြုတဲ့အခါ ရင်းနှီးဖို့ လွယ်မှန်း သတိထားမိလာတယ်။ ညီအစ်ကို/မတွေနဲ့ ကျွန်တော်တို့ မတူတာထက် တူတာတွေ ပိုများမှန်း၊ နှလုံးသားကို ကျယ်ကျယ် ဖွင့်ပြီး မိတ်ဆွေ အများကြီးကို ချစ်ခင်နိုင်စွမ်းနဲ့ ကျွန်တော်တို့ကို ယေဟောဝါ ဖန်ဆင်းထားမှန်း သိလာရတယ်။—၂ ကော. ၆:၁၁

လူတွေကို ယေဟောဝါ လက်ခံသလို လက်ခံတတ်ဖို့၊ ကိုယ့်ကို ယေဟောဝါ ချစ်တယ်၊ လမ်းညွှန်နေတယ်ဆိုတာ မြင်အောင် ကြည့်တတ်ဖို့ အရေးကြီးမှန်း သင်ယူခဲ့ရတယ်။ စိတ်ဓာတ်ကျတဲ့အချိန်တိုင်း၊ ဘောင်မဝင်ဘူးလို့ ခံစားရတဲ့ အချိန်တိုင်း ညီအစ်ကို/မတွေဆီက အားပေးစာလေးတွေ၊ ကတ်လေးတွေ ပြန်ဖတ်ကြတယ်။ ယေဟောဝါက ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို ဖြေပေးတယ်။ ချစ်တယ်လို့ ခံစားရစေတယ်။ ရှေ့ဆက်ဖို့ ခွန်အားပေးတယ်။

ဘယ်လောက် အလုပ်များများ အချင်းချင်း အချိန်ပေးဖို့ အရေးကြီးတယ်ဆိုတာလည်း လက်စလေနဲ့ ကျွန်တော် သင်ယူခဲ့ရတယ်။ အမှား လုပ်မိတဲ့အခါ ရယ်ကြတယ်။ အထူးသဖြင့်၊ ဘာသာစကားအသစ် သင်ယူတဲ့အခါမှာပေါ့။ ဒါ့အပြင် ယေဟောဝါကို ကျေးဇူးတင်ရမယ့် အချက်တွေ ညတိုင်း စဉ်းစားကြတယ်။

အမှန်အတိုင်း ပြောရရင် တိုင်းတစ်ပါးမှာ နေနိုင်မယ်၊ သာသနာပြု လုပ်နိုင်မယ်လို့ ကျွန်တော် တစ်ခါမှ ထင်မထားဘူး။ ဒါပေမဲ့ ယေဟောဝါရဲ့ အကူအညီနဲ့သာဆိုရင် ဘာမဆို ဖြစ်နိုင်မှန်း သိသွားပါပြီ။ “အို ယေဟောဝါ၊ ကိုယ်တော် အယုံသွင်းတာကို ကျွန်တော် ခံလိုက်ရပြီ” လို့ ပြောတဲ့ ပရောဖက် ယေရမိရဲ့ စကားတွေကို စဉ်းစားမိတယ်။ (ယေ. ၂၀:၇) ယေဟောဝါက ကျွန်တော့်ဘဝကို စိတ်လှုပ်ရှားစရာတွေ၊ မှန်းမထားတဲ့ ကောင်းချီးတွေနဲ့ ပြည့်စေတယ်။ လေယာဉ်နဲ့ ကမ္ဘာပတ်မယ်ဆိုတဲ့ အိပ်မက်ကိုလည်း အကောင်အထည် ဖော်ပေးတယ်။ ပတ်လိုက်ရတာမှ ငယ်ငယ်တုန်းက စိတ်ကူးယဉ်ထားတာထက်တောင် ပိုသေးတယ်။ ဌာနခွဲ ကိုယ်စားလှယ်အဖြစ် တိုက်ကြီး ငါးတိုက်ကို လည်ပတ်ခဲ့ရတာ။ ဘာတာဝန်ပဲ ရရ စိတ်ပါလက်ပါ ထောက်မပေးတဲ့ လက်စလေကိုလည်း သိပ်ကျေးဇူးတင်တယ်။

ဘယ်သူ့အတွက်၊ ဘာအတွက် ဒါတွေ လုပ်နေသလဲဆိုတာ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် အမြဲ သတိပေးတယ်။ လက်ရှိ ခံစားနေရတဲ့ ကောင်းချီးတွေဟာ အမြည်းပဲ ရှိသေးတယ်။ “လက်တော်ကို ဖွင့်ပြီး သက်ရှိအားလုံးရဲ့ လိုအင်ဆန္ဒကို [ယေဟောဝါ] ဖြည့်ဆည်းပေး” မယ့်အချိန်ရဲ့ အမြည်းပေါ့ဗျာ။—ဆာ. ၁၄၅:၁၆