ဘဝအတ္ထုပ္ပတ္တိ
ကျွန်တော့်ဆုတောင်းချက်တွေကို ယေဟောဝါ အာရုံစိုက်
ကျွန်တော် ၁၀ နှစ်သားတုန်းက အဖြစ်အပျက်လေး မှတ်မိသေးတယ်။ တစ်ည ကောင်းကင်ယံက မှိတ်တုတ်မှိတ်တုတ် ကြယ်လေးတွေကို မော့ကြည့်ရင်း ရုတ်တရက် ဒူးထောက်ပြီး ဘုရားဆီ ဆုတောင်းလိုက်တယ်။ ယေဟောဝါဘုရားအကြောင်း သိတာ မကြာသေးဘူး။ ဒါပေမဲ့ ခံစားချက်အားလုံး အိတ်သွန်ဖာမှောက် ရင်ဖွင့်ပြောပြလိုက်တယ်။ အဲဒီအချိန်ဟာ “ဆုတောင်းသံကို နားထောင်တဲ့အရှင်” နဲ့ ကျွန်တော့်ရဲ့ တစ်သက်စာ မိတ်ဆွေနှောင်ကြိုး အစပြုတဲ့ အချိန်ပါပဲ။ (ဆာ. ၆၅:၂) သိတာဖြင့် ဘယ်လောက်မှ မကြာသေးတဲ့ ဘုရားဆီ ဘာကြောင့် ဆုတောင်းဖြစ်သွားသလဲ ရှင်းပြပါရစေ။
ကျွန်တော့်ဘဝကို ပြောင်းလဲသွားစေတဲ့ လည်ပတ်မှု
၁၉၂၉၊ ဒီဇင်ဘာလ ၂၂ ရက်၊ ဘယ်လ်ဂျီယံ အာဒန်းဒေသ၊ ဘာ့စတုန်းမြို့နားက နိုဗေလ်ဆိုတဲ့ ရွာလေးမှာ ကျွန်တော် မွေးတယ်။ ရွာထဲမှာ စိုက်ပျိုးမွေးမြူရေးခြံ ကိုးခြံ ရှိတယ်။ ငယ်ဘဝ အမှတ်တရတွေ အများကြီးပဲ။ ညီလေး ရေမွန်နဲ့ ကျွန်တော် နေ့တိုင်း နွားနို့ လိုက်ညှစ်တယ်။ ကောက်ရိတ်ချိန်မှာ ဝိုင်းကူတယ်။ ရွာသားအားလုံး သိပ်ရိုင်းပင်းကြတယ်။
ကျွန်တော့်အဖေ အယ်မီနဲ့ အမေ အဲလစ်တို့ဟာ ကက်သလစ်ဘာသာဝင်တွေ။ ဘာသာတရား သိပ်ကိုင်းရှိုင်းကြတယ်။ တနင်္ဂနွေနေ့တိုင်း မစ္ဆားပွဲ တက်ကြတယ်။ ဒါပေမဲ့ ၁၉၃၉ ခုနှစ်လောက်မှာ အင်္ဂလန်နိုင်ငံက ရှေ့ဆောင်တွေ ကျွန်တော်တို့ရွာ ရောက်လာတယ်။ နှစ်သိမ့်မှု (အခုအခေါ် နိုးလော့!) မဂ္ဂဇင်းကို မှာဖတ်ဖို့ အဖေ့ကို သူတို့ ပြောတယ်။ မဂ္ဂဇင်းမှာ ပါတာတွေဟာ အမှန်တရားပဲဆိုတာ အဖေ ချက်ချင်း သဘောပေါက်သွားပြီး ကျမ်းစာ စဖတ်တော့တာပဲ။ မစ္ဆားပွဲ သွားမတက်တော့ဘူး။ အရင်က ခင်ခင်မင်မင်ရှိတဲ့ အိမ်နီးချင်းတွေ အဖေ့ကို အကြီးအကျယ် ဆန့်ကျင်ကြတယ်။ ဘာသာမပြောင်းဖို့ ဝိုင်းဖိအားပေးကြတယ်။ အဖေနဲ့ အချေအတင် ဖြစ်ကြတယ်။
အဖေ ဒီလိုမျိုးပြောဆိုဆက်ဆံခံနေရတာ မြင်ရလို့ စိတ်မကောင်းဖြစ်မိတယ်။ ဒါကြောင့် ဆောင်းပါးအစမှာ ပြောခဲ့သလို အဖေ့ကို ကူညီပေးဖို့ ဘုရားဆီ ဆုတောင်းခဲ့တာ။ အိမ်နီးချင်းတွေ တဖြည်းဖြည်း အဖေ့ကို လက်မြှောက်သွားကြတော့ ဝမ်းသာလိုက်တာ။ ယေဟောဝါဟာ တကယ်ပဲ “ဆုတောင်းသံကို နားထောင်တဲ့အရှင်” ဖြစ်မှန်း ကျွန်တော် တထစ်ချ ယုံသွားတယ်။
စစ်တွင်းကာလ
၁၉၄၀၊ မေလ ၁၀ ရက်မှာ ဘယ်လ်ဂျီယံကို နာဇီဂျာမနီတွေ ကျူးကျော်လာလို့ လူတော်တော်များများ တခြားနိုင်ငံ ပြေးကြရတယ်။ ကျွန်တော်တို့မိသားစုလည်း ပြင်သစ်တောင်ပိုင်းကို ပြေးကြရတော့တာပေါ့ဗျာ။ ဂျာမနီတပ်နဲ့ ပြင်သစ်တပ် စစ်တိုက်နေတဲ့ နေရာတွေကို ဖြတ်သွားရတယ်။
နောက်တော့ ကျွန်တော်တို့ရဲ့ စိုက်ပျိုးမွေးမြူရေးခြံဆီ ပြန်လာကြတယ်။ ဒါပေမဲ့ ပိုင်ဆိုင်မှုအများစု အခိုးခံထားရတာ တွေ့လိုက်ရတယ်။ ကျွန်တော်တို့ကို ကြိုနေတာဆိုလို့ ခွေးလေး ဘော်ဘီပဲ ရှိတယ်။ ‘စစ်ပွဲတွေ၊ စိတ်ဆင်းရဲစရာတွေ ဘာကြောင့် ရှိနေရသလဲ’ လို့ ကျွန်တော် တွေးမိတယ်။
အဲဒီအတောအတွင်း သစ္စာရှိ ရှေ့ဆောင် အကြီးအကဲ ညီအစ်ကို အယ်မီ ရှရန့်ဇ် a လာလည်နေကျဖြစ်လို့ ကျွန်တော်တို့ အားရှိသွားတာပဲ။ ဒုက္ခတွေ များရတဲ့ အကြောင်းရင်းကို ကျမ်းစာ သုံးပြီး သူ ရှင်းပြတယ်။ ဘဝနဲ့ပတ်သက်ပြီး ကျွန်တော် မေးသမျှ ဖြေပေးတယ်။ ဒါကြောင့် ယေဟောဝါနဲ့ ကျွန်တော့် ဆက်ဆံရေး ပိုခိုင်မြဲလာတယ်။ ယေဟောဝါဟာ မေတ္တာရှင် ဖြစ်တယ်ဆိုတာ ယုံလာတယ်။
စစ်မပြီးသေးပေမဲ့ ညီအစ်ကို/မတွေနဲ့ ကျွန်တော်တို့ အဆက်အသွယ် ပုံမှန် ရှိတယ်။ ၁၉၄၃၊ ဩဂုတ်လ၊ ကျွန်တော်တို့ခြံထဲမှာ ညီအစ်ကို ဟိုဆေး နီကိုးလက်စ် မီနက် ဟောပြောချက် လာပေးတယ်။ “ဘယ်သူ နှစ်ခြင်းခံချင်သလဲ” လို့ မေးတော့ အဖေနဲ့ ကျွန်တော် လက်ထောင်ကြတယ်။ ခြံနားက မြစ်လေးမှာ နှစ်ခြင်းခံကြတယ်။
၁၉၄၄၊ ဒီဇင်ဘာလ၊ အနောက်ဥရောပမှာ ဒုတိယကမ္ဘာစစ်ရဲ့ အပြီးသတ် တိုက်ပွဲကြီးကို ဂျာမနီစစ်တပ် စတင်ဆင်နွှဲလိုက်တယ်။ အဲဒီတိုက်ပွဲကို ဘော့ဂျ်တိုက်ပွဲလို့ သိကြတယ်။ တိုက်ပွဲဖြစ်တဲ့ နေရာက ကျွန်တော်တို့နေရာနဲ့ နီးနီးလေးပဲ။ တစ်လလောက် မြေအောက်ခန်းမှာ ကျွန်တော်တို့ နေလိုက်ရတယ်။ တစ်ရက်တော့ တိရစ္ဆာန် အစာကျွေးဖို့ မြေအောက်ခန်းကနေ ထွက်လာတုန်း ခြံထဲကို အမြောက်ဆန်တွေ ကျလာတယ်။ တင်းကုပ်အမိုးတွေဖြင့် လန်သွားတာပဲ။ တင်းကုပ်ထဲက အမေရိကန်စစ်သားက “ဝပ်လိုက်” ဆိုပြီး လှမ်းအော်လို့ သူ့နား ပြေးသွားပြီး ဝပ်လိုက်တယ်။ ကျွန်တော့်ကို သူ့စစ်သားခမောက် ဆောင်းပေးတယ်။
ဘုရားရေးရာမှာ တိုးတက်လာ
စစ်ပြီးသွားတော့ ကျွန်တော်တို့နေရာကနေ မြောက်ဘက် ၅၆ မိုင် (ကီလိုမီတာ ၉၀) လောက်မှာ ရှိတဲ့ လီယေ့ဂျ်မြို့က အသင်းတော်နဲ့ မှန်မှန် ဆက်သွယ်နိုင်ခဲ့ကြတယ်။ နောက်တော့ ဘာ့စတုန်းမြို့မှာ အုပ်စုငယ်လေး ဖြစ်လာတယ်။ အခွန်ရုံးမှာ ကျွန်တော် အလုပ်ဝင်လုပ်တယ်။ ဥပဒေအကြောင်းလည်း လေ့လာဖြစ်ခဲ့တယ်။ နောက်တော့ အစိုးရရုံးမှာ စာရေး လုပ်တယ်။ ၁၉၅၁ ခုနှစ်၊ ဘာ့စတုန်းမှာ တိုက်နယ်အစည်းအဝေး ကျင်းပတယ်။ လူတစ်ရာလောက် လာတက်တယ်။ သိပ်ထက်သန်တဲ့ ရှေ့ဆောင် ညီအစ်မ အယ်လီ ရွိုင်တာလည်း လာတက်တယ်။ ၃၁ မိုင် (ကီလိုမီတာ ၅၀) လောက် စက်ဘီးစီးပြီး
လာရတာ။ သိပ်မကြာပါဘူး၊ ကျွန်တော်တို့ အချင်းချင်း သဘောကျသွားပြီး စေ့စပ်လိုက်ကြတယ်။ အမေရိကန်ပြည်ထောင်စုမှာ ဂိလဒ်သင်တန်း တက်ဖို့ အယ်လီ ဖိတ်ခေါ်စာ ရထားတာ။ ဒါပေမဲ့ ဖိတ်ခေါ်ချက်ကို ငြင်းမှ ဖြစ်တော့မယ်လို့ ခံစားရတယ်။ ဒါနဲ့ ငြင်းရတဲ့ အကြောင်းရင်းကို ကမ္ဘာ့ဌာနချုပ်ဆီ စာရေးရှင်းပြတယ်။ အဲဒီတုန်းက အဖွဲ့အစည်းကို ဦးဆောင်နေတဲ့ ညီအစ်ကို နောရ်က တစ်ချိန်ချိန်ကျရင်တော့ ခင်ပွန်းနဲ့ ဂိလဒ်သင်တန်း တက်နိုင်မှာပါလို့ အယ်လီ့ကို စာပြန်တယ်။ ၁၉၅၃၊ ဖေဖော်ဝါရီလမှာ ကျွန်တော်တို့ လက်ထပ်လိုက်ကြတယ်။အဲဒီနှစ်မှာပဲ နယူးယောက်မြို့၊ ရန်ကီးအားကစားကွင်းမှာ ကျင်းပတဲ့ ကမ္ဘာသစ်အဖွဲ့အစည်း အစည်းအဝေးကြီးကို သွားတက်ကြတယ်။ အဲဒီမှာ ဆုံတဲ့ ညီအစ်ကိုတစ်ယောက်က ကျွန်တော့်ကို အလုပ်ကောင်းတစ်ခု ကမ်းလှမ်းလာတယ်။ အမေရိကန်ပြည်ထောင်စုကို ပြောင်းလာဖို့လည်း ပြောတယ်။ ယေဟောဝါဆီ ကျွန်တော်တို့ ဆုတောင်းပြီးနောက်မှာတော့ ကမ်းလှမ်းချက်ကို ငြင်းဖို့ ဆုံးဖြတ်လိုက်ကြပြီး ဘာ့စတုန်းက ကြေညာသူဆယ်ယောက်လောက်ပဲ ရှိတဲ့ အုပ်စုလေးကို ကူညီပေးဖို့ ပြန်လာကြတယ်။ နောက်တစ်နှစ်မှာ သားလေး ဆာ့ဂျ် မွေးလာလို့ ပျော်လိုက်ရတာ။ ဒါပေမဲ့ ၇ လသားအရွယ်မှာတင် နေမကောင်းဖြစ်ပြီး ဆုံးသွားရှာတယ်။ ပူဆွေးဝမ်းနည်းမှုတွေကို ယေဟောဝါဆီ ရင်ဖွင့်ပြောပြကြတယ်။ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကြောင့် ခံရပ်နိုင်ခဲ့ကြတယ်။
အချိန်ပြည့် အမှုဆောင်လုပ်ငန်း
ရှေ့ဆောင် လုပ်လို့ ရနိုင်တဲ့ အချိန်ပိုင်းအလုပ်တစ်ခု ၁၉၆၁၊ အောက်တိုဘာလမှာ ရှာတွေ့သွားတယ်။ ဒါပေမဲ့ အဲဒီနေ့မှာပဲ ဘယ်လ်ဂျီယံ ဌာနခွဲအမှုထမ်း ဖုန်းဆက်လာတယ်။ တိုက်နယ်အမှုထမ်း (အခုအခေါ် တိုက်နယ်ကြီးကြပ်မှူး) အဖြစ် အမှုဆောင်နိုင်မလားလို့ မေးတယ်။ “ဒီတာဝန် လက်မခံခင် ရှေ့ဆောင် အရင် လုပ်ပါရစေ” လို့ ကျွန်တော် တောင်းဆိုတော့ လက်ခံပေးတယ်။ ရှေ့ဆောင် ရှစ်လ လုပ်ပြီးနောက် ၁၉၆၂၊ စက်တင်ဘာလမှာ တိုက်နယ်လုပ်ငန်း စတယ်။
တိုက်နယ်လုပ်ငန်းမှာ နှစ်နှစ် ပါဝင်ပြီးနောက် ဘရပ်စယ်မြို့မှာ ရှိတဲ့ ဗေသလမှာ အမှုဆောင်ဖို့ ဖိတ်ခေါ်ခံရလို့ ၁၉၆၄၊ အောက်တိုဘာလမှာ စအမှုဆောင်တယ်။ ဒီတာဝန်သစ်ကြောင့် ကောင်းချီးအများကြီး ရတယ်။ ၁၉၆၅ ခုနှစ်၊ ကျွန်တော်တို့ဗေသလကို ညီအစ်ကို နောရ် လာလည်ပြီး မကြာခင်မှာပဲ ကျွန်တော် ဌာနခွဲအမှုထမ်းအဖြစ် ခန့်အပ်ခံရလို့ အံ့ဩဝမ်းသာဖြစ်ခဲ့ရတယ်။ နောက်တော့ အယ်လီနဲ့အတူ ၄၁ ကြိမ်မြောက် ဂိလဒ်သင်တန်း တက်ခွင့်ရခဲ့တယ်။ လွန်ခဲ့တဲ့ ၁၃ နှစ်က ညီအစ်ကို နောရ် ပြောခဲ့သလို တကယ် ဖြစ်လာတာပဲ။ သင်တန်းဆင်းတော့ ကျွန်တော်တို့ ဘယ်လ်ဂျီယံ ဗေသလ ပြန်လာကြတယ်။
ယေဟောဝါလူမျိုးကို တရားဥပဒေအရ ကာကွယ်ခြင်း
တရားဥပဒေပိုင်း အသိပညာ ရှိထားလို့ ဥရောပနဲ့ တခြားဒေသတွေက ယေဟောဝါလူမျိုးရဲ့ လွတ်လပ်စွာ ဝတ်ပြုခွင့်ကို ကာကွယ်ရာမှာ ကူညီပေးနိုင်ခဲ့တယ်။ (ဖိ. ၁:၇) အဖွဲ့အစည်းလုပ်ငန်း ကန့်သတ်ခံထားရတဲ့၊ ပိတ်ပင်ခံထားရတဲ့ နိုင်ငံပေါင်း ၅၅ နိုင်ငံကျော်က အရာရှိတွေနဲ့ တွေ့ခဲ့ရတယ်။ အရာရှိတွေနဲ့ တွေ့တဲ့အခါ တရားဥပဒေပိုင်းမှာ ဘာအတွေ့အကြုံတွေ ရှိပါတယ်ဆိုတာ ပြောပြမနေဘူး။ ဘုရားတရား လုပ်တဲ့သူလို့ပဲ မိတ်ဆက်တယ်။ “ရှင်ဘုရင် [ဒါမှမဟုတ် တရားသူကြီး] ရဲ့ စိတ်နှလုံးဟာ ယေဟောဝါရဲ့ လက်ထဲမှာ ရှိတဲ့ မြစ်ချောင်းတွေနဲ့ တူတယ်။ ဘုရားက အလိုရှိတဲ့ဘက်ကို စီးဆင်းစေတယ်” ဆိုတာ သိထားလို့ ယေဟောဝါဆီ အမြဲ ဆုတောင်းပြီး လမ်းညွှန်မှု ရှာတယ်။—ပညာ. ၂၁:၁။
ဥရောပ ပါလီမန်လွှတ်တော် အဖွဲ့ဝင်တစ်ယောက်နဲ့ တွေ့ရတဲ့အချိန်ကို မှတ်မိသေးတယ်။ အကြိမ်ကြိမ် တောင်းဆိုပြီးနောက်မှ တွေ့ခွင့်ရခဲ့တာ။ “ငါးမိနစ်ပဲ အချိန်ပေးနိုင်မယ်။ တစ်မိနစ်တောင် မစွန်းစေနဲ့” လို့ ပြောတယ်။ ကျွန်တော် ခေါင်းငုံ့ပြီး ဆုတောင်းတော့ ဘာလုပ်နေတာလဲလို့ အထိတ်တလန့် မေးတယ်။ ဒါနဲ့ “ဆရာက ဘုရားရဲ့ အမှုထမ်းတစ်ယောက် ဖြစ်နေလို့ ဘုရားကို ကျေးဇူးတင်ကြောင်း ပြောနေတာ” လို့ ခေါင်းမော့ပြီး ဖြေလိုက်တယ်။ “ဘာပြောချင်တာလဲ” လို့ သူ မေးတော့ ရောမ ၁၃:၄ ကို ပြလိုက်တယ်။ သူက ပရိုတက်စတင့်။ ဒါကြောင့် ကျမ်းစာ ဖွင့်ပြတော့ စိတ်ဝင်တစား လိုက်ကြည့်တယ်။ ဘာဆက်ဖြစ်သလဲ သိလား။ ကျွန်တော့်ကို နာရီဝက် လက်ခံစကားပြောပေးတယ်။ လာရင်းကိစ္စ ပြေပြေလည်လည် ဆွေးနွေးနိုင်ခဲ့တယ်။ အဖွဲ့အစည်းလုပ်ငန်းကို လေးစားကြောင်းတောင် သူ ပြောလိုက်သေးတယ်။
ခရစ်ယာန် ကြားနေမှု၊ ကလေး ထိန်းသိမ်းစောင့်ရှောက်ခွင့်၊ အခွန်၊ တခြားကိစ္စတွေနဲ့ပတ်သက်ပြီး ယေဟောဝါရဲ့ လူမျိုးဟာ ဥရောပမှာ နှစ်တွေတစ်လျှောက် တရားရေးတိုက်ပွဲ အလီလီ နွှဲခဲ့ရတယ်။ တရားရေးကိစ္စ တော်တော်များများမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ရတာ၊ ကျွန်တော်တို့ကို ယေဟောဝါ အနိုင်ရစေတာကို မြင်ရတာ အခွင့်ထူးပါပဲ။ လူ့အခွင့်အရေးဆိုင်ရာ ဥရောပ တရားရုံးမှာ ယေဟောဝါသက်သေတွေ အနိုင်ရတဲ့ အမှုပေါင်း ၁၄၀ ကျော်ပြီ။
ကျူးဘားမှာ လွတ်လပ်လာ
အဖွဲ့အစည်းလုပ်ငန်း ကန့်သတ်ခံထားရတဲ့ ကျူးဘားနိုင်ငံက ညီအစ်ကို/မတွေရဲ့ လွတ်လပ်စွာ ဝတ်ပြုခွင့်ကို ကာကွယ်ပေးဖို့ ကမ္ဘာ့ဌာနချုပ်က ညီအစ်ကို ဖိလစ် ဘရမ်လီ၊ အီတလီနိုင်ငံက ညီအစ်ကို ဗာလ်တာ ဖာနီးတီတို့နဲ့ နောက်ပိုင်းမှာ တွဲအလုပ်လုပ်ခဲ့ရတယ်။ ဘယ်လ်ဂျီယံက ကျူးဘားသံရုံးကို ကျွန်တော် စာရေးတယ်။ အဲဒီနောက် ကျွန်တော်တို့ကိစ္စကို ကိုင်တွယ်ပေးမယ့် အရာရှိတစ်ယောက်နဲ့ တွေ့တယ်။ ကျူးဘားမှာ အဖွဲ့အစည်းလုပ်ငန်း ကန့်သတ်လိုက်တဲ့အထိ အစိုးရဘက်က နားလည်မှု လွဲနေတာတွေကို ပထမအကြိမ် တွေ့ဆုံမှုတွေမှာ မဖြေရှင်းနိုင်ခဲ့ဘူး။
လမ်းညွှန်မှု ရဖို့ ယေဟောဝါဆီ ဆုတောင်းပြီးနောက် ကျူးဘားကို ကျမ်းစာအုပ် ၅,၀၀၀ တင်ပို့ခွင့် လျှောက်တယ်။ ခွင့်ပြုချက် ရလာတယ်။ ညီအစ်ကိုတွေလက်ထဲ ကျမ်းစာအုပ် ချောချောမောမော ရောက်သွားလို့ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုကို ယေဟောဝါ ကောင်းချီးပေးနေမှန်း စိတ်ချသွားတယ်။ နောက်ထပ် ကျမ်းစာအုပ် ၂၇,၅၀၀ တင်ပို့ခွင့် ထပ်လျှောက်ကြည့်တယ်။ ဒီတစ်ခေါက်လည်း ခွင့်ပြုချက် ရတယ်။ ကျူးဘားက ညီအစ်ကို/မတွေ ကျမ်းစာအုပ် ရဖို့ ကူညီပေးနိုင်ခဲ့လို့ သိပ်ဝမ်းသာတာပဲ။
အဖွဲ့အစည်းလုပ်ငန်းနဲ့ပတ်သက်ပြီး တရားရေးကိစ္စတွေအတွက် ကျူးဘားကို ကျွန်တော် ခဏခဏ သွားရတယ်။ သွားရဖန်များတော့ အစိုးရ အရာရှိတော်တော်များများနဲ့ ဆက်ဆံရေး အဆင်ပြေလာတယ်။
ရဝမ်ဒါက ညီအစ်ကိုတွေကို ကူညီခြင်း
၁၉၉၄ ခုနှစ်၊ ရဝမ်ဒါနိုင်ငံ တွတ်စီ လူမျိုးတုံးသတ်ဖြတ်မှုအတွင်း လူပေါင်း ၁,၀၀၀,၀၀၀ ကျော် အသတ်ခံခဲ့ရတယ်။ ဝမ်းနည်းစရာက ညီအစ်ကို/မတချို့လည်း အသတ်ခံလိုက်ရတယ်။ မကြာခင်မှာပဲ ညီအစ်ကို/မတွေအတွက် ကယ်ဆယ်ရေး အထောက်အပံ့တွေ ပေးဖို့ ညီအစ်ကိုတစ်စု တာဝန်ရတယ်။
မြို့တော် ကီဂါလီကို ကျွန်တော်တို့ ညီအစ်ကိုတစ်စု ရောက်သွားတယ်။ ဘာသာပြန်ရုံးနဲ့ စာပေဂိုဒေါင် နံရံတွေမှာ ကျည်ရာတွေ ပွထနေတာပဲ။ ညီအစ်ကို/မတွေ ဓားမနဲ့ ခုတ်သတ်ခံရတဲ့အကြောင်း ရင်နင့်စရာ သတင်းတွေ ကြားရတယ်။ ဒါပေမဲ့ ညီအစ်ကို/မ အချင်းချင်း မေတ္တာနဲ့ ရိုင်းပင်းတဲ့ သတင်းတွေလည်း ကြားရပါတယ်။ ဥပမာ၊ မြေအောက်ကျင်းမှာ ၂၈ ရက်ကြာ ပုန်းနေခဲ့ရတဲ့ တွတ်စီလူမျိုး ညီအစ်ကိုတစ်ယောက်နဲ့ ကျွန်တော်တို့ တွေ့တယ်။ ဟူတူလူမျိုး သက်သေခံ မိသားစုက ဝှက်ထားပေးခဲ့တာတဲ့။ ကီဂါလီမှာ ကျင်းပတဲ့ အစည်းအဝေးတစ်ခုမှာ ညီအစ်ကို/မ ၉၀၀ ကျော်ကို နှစ်သိမ့်အားပေးနိုင်ခဲ့တယ်။
အဲဒီနောက် ဇိုင်ယာနိုင်ငံ (လက်ရှိ ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံ) နယ်စပ်ကို ဖြတ်ကြတယ်။ ဂိုမာမြို့နားက ဒုက္ခသည်စခန်းတွေမှာ ထွက်ပြေးခိုလှုံနေရတဲ့ ရဝမ်ဒါ ညီအစ်ကို/မ အများကြီးကို သွားရှာဖို့ပါ။ ဒါပေမဲ့ မတွေ့ဘူး။ ဒါနဲ့ သူတို့ ရှိတဲ့နေရာ လမ်းပြပေးပါဆိုပြီး ဆုတောင်းကြတယ်။ ခဏကြာတော့ ကျွန်တော်တို့ဆီ လူတစ်ယောက် ဦးတည်လျှောက်လာတယ်။ ယေဟောဝါသက်သေတွေကို သိသလားလို့ သူ့ကို မေးကြည့်တော့ “ကျွန်တော်က သက်သေခံပါ။ ကယ်ဆယ်ရေး ကော်မတီဆီ ခေါ်သွားပေးမယ်” လို့ ဖြေတယ်။ ကယ်ဆယ်ရေး ကော်မတီနဲ့ အစည်းအဝေး လုပ်ပြီးနောက် ဒုက္ခသည် ညီအစ်ကို/မ ၁,၆၀၀ လောက်နဲ့ တွေ့ဆုံပြီး အားပေးနှစ်သိမ့်ခဲ့ကြတယ်။ အုပ်ချုပ်ရေးအဖွဲ့ဆီက စာလည်း ဖတ်ပြခဲ့ကြတယ်။ “ညီအစ်ကို/မတို့အတွက် အမြဲ ဆုတောင်းပေးနေပါတယ်။ ညီအစ်ကို/မတို့ကို ယေဟောဝါ ပစ်မထားဘူးဆိုတာ ကျွန်တော်တို့ တထစ်ချ ယုံတယ်” ဆိုတဲ့ စကား ကြားရတော့ သူတို့ခမျာ ဝမ်းသာသွားလိုက်ကြတာ။ အုပ်ချုပ်ရေးအဖွဲ့စကား တကယ် မှန်တယ်။ အခုဆိုရင် ရဝမ်ဒါမှာ သက်သေခံ ၃၀,၀၀၀ ကျော်ဟာ ယေဟောဝါကို ပျော်ပျော်ရွှင်ရွှင် ဝတ်ပြုကိုးကွယ်နေကြပြီ။
သစ္စာရှိနေဖို့ ဆုံးဖြတ်ထား
အိမ်ထောင်သက် ၅၈ နှစ် ပြည့်ခါနီး ၂၀၁၁ ခုနှစ်မှာ ချစ်ဇနီး အယ်လီ ဆုံးသွားတယ်။ ဘယ်လောက်တောင် ရင်ကွဲမတတ် ခံစားရတယ်ဆိုတာ ယေဟောဝါဆီ ကျွန်တော် ရင်ဖွင့်တယ်။ ယေဟောဝါဆီက နှစ်သိမ့်မှု တကယ် ရတယ်။ နိုင်ငံတော် သတင်းကောင်း ဟောတာကလည်း နှစ်သိမ့်မှု ဖြစ်စေတယ်။
အခု ကျွန်တော် အသက် ၉၀ ကျော်ပြီ။ အပတ်တိုင်း ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်နေတုန်းပဲ။ ဘယ်လ်ဂျီယံဌာနခွဲ၊ တရားရေးဌာနမှာ ကူညီနိုင်တုန်း၊ တခြားသူတွေကို ကိုယ့်အတွေ့အကြုံတွေ ဝေမျှနိုင်တုန်း၊ ဗေသလမိသားစုဝင် လူငယ်တွေကို အားပေးနိုင်တုန်းပဲ။ ဒါကြောင့် သိပ်ဝမ်းသာတယ်။
လွန်ခဲ့တဲ့ ၈၄ နှစ်လောက်က ယေဟောဝါဆီ ဦးဆုံးအကြိမ် ဆုတောင်းခဲ့တယ်။ အဲဒီအချိန်ဟာ ယေဟောဝါနဲ့ တစ်စတစ်စ ပိုရင်းနှီးလာစေမယ့် ခရီးအစပါပဲ။ အသက်တာတစ်လျှောက်လုံး ကျွန်တော့်ဆုတောင်းချက်တွေကို ယေဟောဝါ အာရုံစိုက်ပေးလို့ သိပ်ကျေးဇူးတင်မိပါတယ်။—ဆာ. ၆၆:၁၉။ b