မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၂၄

သီချင်း ၂၄ ယေဟောဝါရဲ့ တောင်တော်ဆီ လာကြ

ပုံဆောင်တဲတော်မှာ ထာဝစဉ် တည်းခိုပါ

ပုံဆောင်တဲတော်မှာ ထာဝစဉ် တည်းခိုပါ

“အို ယေဟောဝါ၊ တဲတော်မှာ ဘယ်သူ တည်းခိုခွင့်ရမလဲ။”ဆာ. ၁၅:၁

အာရုံစိုက်ရာ

ဘုရားမိတ်ဆွေ ဆက်ဖြစ်ဖို့ ဘာလုပ်ရမလဲ။ ဘုရားမိတ်ဆွေအချင်းချင်း ဘယ်လို ဆက်ဆံဖို့ တောင်းဆိုခံရသလဲ။

၁။ ဆာလံ ၁၅:၁-၅ က ကျွန်တော်တို့ကို ဘယ်လို ကူညီပေးနိုင်သလဲ။

 ရှေ့ဆောင်းပါးမှာ ဆွေးနွေးခဲ့တဲ့အတိုင်း ယေဟောဝါဘုရားဆီ ဆက်ကပ်အပ်နှံထားသူတွေ၊ ဘုရားနဲ့ ဆက်ရင်းနှီးနေသူတွေဟာ ပုံဆောင်တဲတော်မှာ တည်းခိုခွင့်ရကြတယ်။ ဘုရားနဲ့ အဲဒီလိုဆက်ရင်းနှီးချင်ရင် ဘာလုပ်ရမလဲ။ ဘာလုပ်ရမလဲဆိုတာ သိဖို့ ဆာလံ ၁၅ မှာ ပါတဲ့ လက်တွေ့ကျ အကြံပြုချက်တွေက ကူညီပေးနိုင်တယ်။—ဆာလံ ၁၅:၁-၅ ကို ဖတ်ပါ။

၂။ ယေဟောဝါရဲ့ တဲတော်အကြောင်း ပြောချိန်မှာ ဆာလံကျမ်းရေးသူ ဒါဝိဒ် ဘာတွေးမိနိုင်သလဲ။

“အို ယေဟောဝါ၊ တဲတော်မှာ ဘယ်သူ တည်းခိုခွင့်ရမလဲ။ သန့်ရှင်းတဲ့ တောင်ပေါ်မှာ ဘယ်သူ နေခွင့်ရမလဲ” လို့ ဆာလံ ၁၅ ကို နိဒါန်းပျိုးထားတယ်။ (ဆာ. ၁၅:၁) “တဲတော်” လို့ ဆာလံကျမ်းရေးသူ ဒါဝိဒ် ပြောတဲ့အခါ ဂိဗောင်မြို့မှာ အချိန်အတိုင်းအတာတစ်ခုအထိ ရှိခဲ့တဲ့ တဲတော်အကြောင်း တွေးမိတာ ဖြစ်နိုင်တယ်။ “သန့်ရှင်းတဲ့ တောင်” လို့လည်း ပြောတယ်။ ဂိဗောင်မြို့ရဲ့ တောင်ဘက် ၁၀ ကီလိုမီတာနီးပါးမှာ ရှိတဲ့ ဂျေရုဆလင်မြို့က ဇိအုန်တောင်ကို ပြောနေတာ။ အဲဒီတောင်ပေါ်မှာ ဒါဝိဒ် တဲဆောက်ထားတယ်။ ဗိမာန်တော် ရှိမလာခင်အထိ ပဋိညာဉ်သေတ္တာကို အဲဒီတဲမှာ ထားတယ်။ ဒါကြောင့် အဲဒီတဲအကြောင်း တွေးမိတာလည်း ဖြစ်နိုင်တယ်။—၂ ရှ. ၆:၁၇

၃။ ဆာလံ ၁၅ ကို ဘာကြောင့် ပိုသဘောပေါက်ချင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

အစ္စရေးအများစုဟာ တဲတော်မှာ အမှုဆောင်ခွင့် မရကြဘူး။ ပဋိညာဉ်သေတ္တာ ရှိတဲ့ တဲတော်ထဲ လူနည်းစုလောက်ပဲ ဝင်ဖူးကြတာ။ ဒါပေမဲ့ ယေဟောဝါရဲ့ ပုံဆောင်တဲတော်မှာ သစ္စာရှိကျေးကျွန်အားလုံး တည်းခိုနိုင်တယ်။ ယေဟောဝါရဲ့ မိတ်ဆွေ ဖြစ်မှ၊ ဆက်ဖြစ်နေမှတော့ ရမယ်။ ကျွန်တော်တို့အားလုံး ယေဟောဝါရဲ့ မိတ်ဆွေ ဆက်ဖြစ်ချင်ကြတယ်။ မိတ်ဆွေ ဆက်ဖြစ်ချင်ရင် ဘာလုပ်ရမလဲဆိုတာ ဆာလံ ၁၅ မှာ ဖော်ပြထားတယ်။

ယေဟောဝါရဲ့ ပုံဆောင်တဲတော်မှာ တည်းခိုတယ်ဆိုတာ ဘာကို ဆိုလိုကြောင်း ဒါဝိဒ်ခေတ်က အစ္စရေးတွေ အလွယ်တကူ မြင်ယောင်ကြည့်နိုင် (စာပိုဒ် ၃ ကို ကြည့်ပါ)


အမှားကင်းအောင် နေပါ၊ မှန်ရာ လုပ်ပါ

၄။ နှစ်ခြင်းခံဖို့လောက်ပဲ ယေဟောဝါ မတောင်းဆိုမှန်း ဘယ်လို သိရသလဲ။ (ဟေရှာယ ၄၈:၁)

ဘုရားမိတ်ဆွေဟာ “အမှားကင်းအောင် နေတဲ့သူ၊ မှန်ရာ လုပ်တဲ့သူ” ဖြစ်တယ်လို့ ဆာလံ ၁၅:၂ မှာ ဖော်ပြတယ်။ အမှားကင်းအောင် အမြဲ နေရမှာ။ မှန်ရာ အမြဲ လုပ်ရမှာ။ “အမှားကင်းအောင်” တကယ် နေနိုင်သလား။ နေနိုင်ပါတယ်။ မစုံလင်ပေမဲ့ ဘုရားကို အတတ်နိုင်ဆုံး နာခံသရွေ့ “အမှားကင်းအောင် နေတဲ့သူ” လို့ ဘုရား ရှုမြင်တယ်။ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံတာဟာ ဘုရားမိတ်ဆွေ ဖြစ်ဖို့ ခြေလှမ်း စလှမ်းလိုက်တာပဲ ရှိသေးတယ်။ ဥပမာ၊ ကျမ်းစာခေတ်မှာ လူတစ်ယောက်ဟာ အစ္စရေးလူမျိုး ဖြစ်ရုံနဲ့ ဘုရားမိတ်ဆွေ အလိုလို ဖြစ်မသွားဘူး။ တချို့က “ဘုရားသခင်ကို ဆုတောင်းပေမဲ့ အမှန်တရားနဲ့အညီ၊ ဖြောင့်မတ်ခြင်းနဲ့အညီ မလုပ်ဆောင်” ဘူး။ (ဟေရှာယ ၄၈:၁ ကို ဖတ်ပါ။) အစ္စရေးတစ်ယောက်ဟာ ဘုရားမိတ်ဆွေ ဖြစ်ချင်ရင် ဘုရားတောင်းဆိုချက်တွေကို သင်ယူလိုက်လျှောက်ရမယ်။ ဒီနေ့အချိန်မှာလည်း နှစ်ခြင်းခံရုံ၊ ယေဟောဝါသက်သေ ဖြစ်ရုံနဲ့ ဘုရားမိတ်ဆွေ ဖြစ်မသွားဘူး။ “မှန်ရာ” အမြဲ လုပ်ရမယ်။ ဘယ်လို လုပ်နိုင်မလဲ။

၅။ အရာရာမှာ ယေဟောဝါကို နာခံတယ်ဆိုတာ ဘာလဲ။

ယေဟောဝါရဲ့ အမြင်မှာ “အမှားကင်းအောင် နေ” တယ်၊ “မှန်ရာ လုပ်” တယ်ဆိုတာ အစည်းအဝေး မှန်မှန် တက်တာလောက်ကိုပဲ မဆိုလိုဘူး။ (၁ ရှ. ၁၅:၂၂) အရာရာမှာ ယေဟောဝါကို နာခံရမယ်။ တစ်ယောက်တည်း ရှိချိန်မှာတောင်ပေါ့။ (ပညာ. ၃:၆။ ဒေ. ၁၂:၁၃၊ ၁၄) အသေးအမွှား ကိစ္စတွေမှာလည်း နာခံဖို့ အရေးကြီးတယ်။ ဒီလိုနာခံတာဟာ ယေဟောဝါကို တကယ် ချစ်ကြောင်း ပြရာရောက်တယ်။ ယေဟောဝါလည်း ကျွန်တော်တို့ကို ချစ်သည်ထက် ချစ်လာမယ်။—ယော. ၁၄:၂၃။ ၁ ယော. ၅:၃

၆။ ဟီဘရူး ၆:၁၀-၁၂ အရ ကောင်းတာတွေ လုပ်ခဲ့တာထက် ဘာက ပိုအရေးကြီးသလဲ။

ယေဟောဝါဘုရားအတွက် ကျွန်တော်တို့ လုပ်ခဲ့သမျှကို ဘုရား သိပ်တန်ဖိုးထားတယ်။ ဒါပေမဲ့ ကောင်းတာတွေ လုပ်ခဲ့တယ်ဆိုတာနဲ့ပဲ ပုံဆောင်တဲတော်မှာ ဆက်တည်းခိုခွင့် ရနေမှာ မဟုတ်ဘူး။ ဒါကို ဟီဘရူး ၆:၁၀-၁၂ အရ သိနိုင်တယ်။ (ဖတ်ပါ။) ကျွန်တော်တို့ရဲ့ လုပ်ရပ်ကောင်းတွေကို ဘုရား မမေ့ဘူး။ ဒါပေမဲ့ “အဆုံးအထိ” အကြွင်းမဲ့ ဆက်အမှုဆောင်စေချင်တယ်။ “လက်မလျှော့ဘူးဆိုရင်” ဘုရားရဲ့ ထာဝရမိတ်ဆွေ ဖြစ်နိုင်မယ်။—ဂလ. ၆:၉

ဟုတ်တိုင်းမှန်ရာ ပြောပါ

၇။ ဟုတ်တိုင်းမှန်ရာ ပြောတယ်ဆိုတာ ဘာလဲ။

ပုံဆောင်တဲတော်မှာ တည်းခိုချင်သူဟာ “ဟုတ်တိုင်းမှန်ရာ ပြော” ရမယ်။ (ဆာ. ၁၅:၂) မလိမ်ရုံလောက်ပဲ မဟုတ်ဘူး။ ပြောသမျှ လုပ်သမျှ ရိုးသားနေရမယ်။ (ဟီ. ၁၃:၁၈) ဒီအချက်ဟာ အရေးကြီးတယ်။ ‘ယေဟောဝါဟာ စဉ်းလဲသူကို ရွံရှာပြီး ရိုးဖြောင့်သူကိုတော့ ခင်မင်ရင်းနှီး’ လို့ပဲ။—ပညာ. ၃:၃၂

၈။ ဘာကို ရှောင်ရမလဲ။

“ဟုတ်တိုင်းမှန်ရာ ပြော” သူဟာ ဘုရားပညတ်တွေကို လူရှေ့ဆိုရင်တော့ နာခံပြီး လူကွယ်ရာဆိုရင် ချိုးဖောက်တာမျိုး မလုပ်ဘူး။ (ဟေရှာ. ၂၉:၁၃) မစဉ်းလဲဘူး။ စဉ်းလဲသူဟာ ဘုရားပညတ်တွေ အမြဲကော အကျိုးရှိရဲ့လားဆိုပြီး သံသယ ဝင်လာနိုင်တယ်။ (ယာ. ၁:၅-၈) သိပ်အရေးမပါပုံရတဲ့ ကိစ္စတွေဆိုရင် ဘုရားပညတ်တွေကို နာခံမနေတော့ဘူး။ မနာခံပေမဲ့ ဆိုးကျိုး မခံရပုံပေါက်လို့ ဘုရားပညတ်တွေ ချိုးဖောက်ဖို့ ပိုအတင့်ရဲလာနိုင်တယ်။ သူ့ဝတ်ပြုမှုလည်း အရေခြုံဝတ်ပြုမှု ဖြစ်လာနိုင်တယ်။ (ဒေ. ၈:၁၁) ကျွန်တော်တို့ကတော့ အရာရာမှာ ရိုးသားချင်ကြပါတယ်။

၉။ နာသနေလကို ဦးဆုံးအကြိမ် တွေ့ချိန်မှာ ယေရှု ဘာပြောသလဲ။ ဘာသင်ယူနိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

“ဟုတ်တိုင်းမှန်ရာ ပြော” ဖို့ အရေးကြီးကြောင်း နာသနေလကို ဦးဆုံးအကြိမ် တွေ့ချိန်မှာ ယေရှု ပြောတဲ့စကားကနေ သိနိုင်တယ်။ ဖိလိပ္ပု ခေါ်လာတဲ့ နာသနေလကို ယေရှု တစ်ခါမှ မတွေ့ဖူးဘူး။ ဒါပေမဲ့ “ကြည့်ပါ။ သူဟာ လှည့်စားခြင်း ကင်းတဲ့သူ၊ အစ္စရေးပီသတဲ့သူပဲ” လို့ ပြောတယ်။ (ယော. ၁:၄၇) တခြားတပည့်တွေလည်း ရိုးသားကြမှန်း ယေရှု သိတယ်။ နာသနေလကတော့ ထူးထူးခြားခြားကို ရိုးသားတာ။ ကျွန်တော်တို့လို မစုံလင်သူပါပဲ။ ဒါပေမဲ့ ဟန်ဆောင်ရိုးသားတာ မဟုတ်ဘူး။ အရာရာမှာ တကယ် ရိုးသားတာ။ ဒါကြောင့် ယေရှု လေးစားသွားပြီး ချီးကျူးတာ ဖြစ်တယ်။ ကျွန်တော်တို့လည်း ယေရှုဆီက အဲဒီလိုချီးကျူးခံရရင် ဘယ်လောက် ကောင်းလိုက်မလဲ။

ဖိလိပ္ပု ခေါ်လာတဲ့ နာသနေလကို ဦးဆုံးအကြိမ် တွေ့ချိန်မှာ “လှည့်စားခြင်း ကင်းတဲ့သူ” လို့ ယေရှု ချီးကျူး။ သင်ကော အဲဒီလို ချီးကျူးခံရနိုင်သလား (စာပိုဒ် ၉ ကို ကြည့်ပါ)


၁၀။ ဘာကြောင့် နှုတ်စောင့်စည်းသင့်သလဲ။ (ယာကုပ် ၁:၂၆)

၁၀ ဆာလံ ၁၅ မှာ ဖော်ပြထားတဲ့ တောင်းဆိုချက်တော်တော်များများဟာ တခြားသူတွေကို ဆက်ဆံသင့်ပုံအကြောင်း ဖြစ်တယ်။ ပုံဆောင်တဲတော်မှာ တည်းခိုသူဟာ “သူတစ်ပါးအကြောင်း သွားပုပ်လေလွင့် မပြောဘူး။ လူလူချင်းအပေါ် မကောင်းတာ ဘာမှ မလုပ်ဘူး။ မိတ်ဆွေတွေအကြောင်း မကောင်းသတင်း မလွှင့်တတ်ဘူး” လို့ ဆာလံ ၁၅:၃ မှာ ဖော်ပြတယ်။ နှုတ်မစောင့်စည်းရင် တခြားသူတွေ ထိခိုက်နစ်နာသွားနိုင်တယ်။ ပုံဆောင်တဲတော်မှာ ကျွန်တော်တို့ ဆက်တည်းခိုခွင့် ဆုံးရှုံးသွားနိုင်တယ်။—ယာကုပ် ၁:၂၆ ကို ဖတ်ပါ။

၁၁။ သွားပုပ်လေလွင့် ပြောတယ်ဆိုတာ ဘာလဲ။ နောင်တမယူရင် ဘာဖြစ်သွားနိုင်သလဲ။

၁၁ “သွားပုပ်လေလွင့် မပြောဘူး” ဆိုပြီး ဆာလံကျမ်းရေးသူ သတ်သတ်မှတ်မှတ် ဖော်ပြထားတယ်။ သွားပုပ်လေလွင့် ပြောတယ်ဆိုတာ ဘာလဲ။ တစ်ယောက်ယောက် နာမည် ပျက်သွားစေလောက်တဲ့အထိ မဟုတ်မမှန် လုပ်ကြံပြောဆိုတာပါ။ သွားပုပ်လေလွင့် ပြောသူဟာ နောင်တမယူရင် အသင်းတော်ကနေ ဖယ်ရှားခံရနိုင်တယ်။—ယေ. ၁၇:၁၀

၁၂-၁၃။ မိတ်ဆွေတွေအကြောင်း မရည်ရွယ်ဘဲ မကောင်းသတင်း လွှင့်မိသွားနိုင်တဲ့ အခြေအနေတချို့က ဘာလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၂ ပုံဆောင်တဲတော်မှာ တည်းခိုသူဟာ လူလူချင်းအပေါ် မကောင်းတာ ဘာမှ မလုပ်ဘူး၊ မိတ်ဆွေတွေအကြောင်း မကောင်းသတင်း မလွှင့်ဘူးလို့ ဆာလံ ၁၅:၃ မှာ ဆက်ဖော်ပြတယ်။ ဘယ်လိုနည်းနဲ့ မကောင်းသတင်း လွှင့်မိသွားနိုင်သလဲ။

၁၃ တစ်ယောက်ယောက်အကြောင်း မရည်ရွယ်ဘဲ မကောင်းသတင်း လွှင့်မိသွားနိုင်တယ်။ ဒီအခြေအနေ သုံးခုကို စဉ်းစားကြည့်ပါ– (၁) ညီအစ်မတစ်ယောက် ရှေ့ဆောင် နားလိုက်ပြီ၊ (၂) မောင်နှံတစ်စုံ ဗေသလမှာ အမှုမဆောင်တော့ဘူး၊ (၃) ညီအစ်ကိုတစ်ယောက် အကြီးအကဲ ဒါမှမဟုတ် အသင်းတော် အမှုထမ်း မဟုတ်တော့ဘူး။ အဲဒီညီအစ်ကို/မ အမှားတစ်ခုခု လုပ်မိလို့ ဖြစ်မယ်ဆိုပြီး လျှောက်ပြောတာ သင့်တော်မလား။ တာဝန် ပြောင်းလဲသွားတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ မသိတဲ့ အကြောင်းရင်း အများကြီး ရှိနိုင်တယ်။ ပုံဆောင်တဲတော်မှာ တည်းခိုနေသူဆိုရင် “လူလူချင်းအပေါ် မကောင်းတာ ဘာမှ မလုပ်ဘူး။ မိတ်ဆွေတွေအကြောင်း မကောင်းသတင်း မလွှင့်တတ်ဘူး။”

သူတစ်ပါးအကြောင်း မကောင်းသတင်း လွှင့်မိဖို့ သိပ်လွယ်။ အဲဒီလိုသတင်း လွှင့်တာက သွားပုပ်လေလွင့် ပြောရာရောက်နိုင် (စာပိုဒ် ၁၂-၁၃ ကို ကြည့်ပါ)


ယေဟောဝါကို ကြောက်ရွံ့သူတွေကို ဂုဏ်တင်ပါ

၁၄။ “ယုတ်ညံ့သူကို” ဘယ်လို ရှောင်ခွာနိုင်သလဲ။

၁၄ ယေဟောဝါရဲ့ မိတ်ဆွေဟာ “ယုတ်ညံ့သူကို ရှောင်ခွာတယ်” လို့ ဆာလံ ၁၅:၄ မှာ ဖော်ပြတယ်။ လူတစ်ယောက် ယုတ်ညံ့သူ ဟုတ်မဟုတ် ဘယ်လို သိနိုင်မလဲ။ ကျွန်တော်တို့အားလုံး မစုံလင်တဲ့အတွက် လူတစ်ယောက်ရဲ့ အကျင့်စရိုက်ကို ကြည့်ပြီး ခင်သွားတတ်ကြတယ်၊ စိတ်ပျက်သွားတတ်ကြတယ်။ ဒါကြောင့် ကိုယ့်အမြင်၊ ကိုယ့်အကြိုက်ကို အခြေခံပြီး ဘယ်သူဘယ်ဝါကတော့ ယုတ်ညံ့တယ်၊ မယုတ်ညံ့ဘူးဆိုပြီး သတ်မှတ်လို့ မရဘူး။ “ယုတ်ညံ့သူ” လို့ ယေဟောဝါ သတ်မှတ်သူတွေကိုပဲ ရှောင်ရမယ်။ (၁ ကော. ၅:၁၁) “ယုတ်ညံ့သူ” လို့ ယေဟောဝါ သတ်မှတ်သူတွေထဲမှာ အမှားလုပ်ပြီး နောင်တမယူသူတွေ၊ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်ကို မလေးစားသူတွေ၊ ဘုရားနဲ့ ဆက်ဆံရေး ထိခိုက်အောင် လုပ်သူတွေ ပါတယ်။—ပညာ. ၁၃:၂၀

၁၅။ “ယေဟောဝါကို ကြောက်ရွံ့သူတွေကို” ဂုဏ်တင်နိုင်တဲ့ တစ်နည်းက ဘာလဲ။

၁၅ “ယေဟောဝါကို ကြောက်ရွံ့သူတွေကို” ဂုဏ်တင်ဖို့ ဆာလံ ၁၅:၄ မှာ တောင်းဆိုထားတယ်။ ဒါကြောင့် ဘုရားရဲ့ မိတ်ဆွေတွေကို ကြင်နာဖို့၊ လေးစားဖို့ ကျွန်တော်တို့ ကြိုးစားကြတယ်။ (ရော. ၁၂:၁၀) ကြင်နာလေးစားကြောင်း ဘယ်လို ပြနိုင်သလဲ။ ဆာလံ ၁၅:၄ အရ တစ်နည်းကတော့ “ကိုယ့်အကျိုး ပျက်မယ်ဆိုရင်တောင် ကတိတည်” ခြင်းပါပဲ။ ကတိဖျက်ရင် တခြားသူတွေ အကျိုးပျက်နိုင်တယ်။ (မ. ၅:၃၇) ဥပမာ၊ ဘုရားက မောင်နှံစုံတွေကို အိမ်ထောင်ရေးကတိ တည်စေချင်တယ်။ ကလေးတွေကို မိဘတွေ ကတိပေးထားရင် ကတိတည်စေချင်တယ်။ ဘုရားနဲ့ လူလူချင်းကို ချစ်ရင် ကတိတည်ဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားမှာ ဖြစ်တယ်။

၁၆။ ဘုရားရဲ့ မိတ်ဆွေတွေကို ဂုဏ်တင်နိုင်တဲ့ နောက်တစ်နည်းက ဘာလဲ။

၁၆ ဘုရားရဲ့ မိတ်ဆွေတွေကို ဂုဏ်တင်နိုင်တဲ့ နောက်တစ်နည်းကတော့ ဝေမျှပေးကမ်းခြင်း၊ ဧည့်ဝတ်ပြုခြင်းပါ။ (ရော. ၁၂:၁၃) အစည်းအဝေး၊ အမှုဆောင်မှာသာမက တခြားအချိန်တွေမှာပါ ညီအစ်ကို/မတွေကို အချိန်ပေးပေါင်းသင်းတဲ့အခါ သူတို့နဲ့ကော ယေဟောဝါနဲ့ပါ ပိုရင်းနှီးလာတယ်။ ဒါ့အပြင် ဧည့်ဝတ်ပြုတာက ယေဟောဝါကို အတုယူရာရောက်တယ်။

ငွေမမက်ပါနဲ့

၁၇။ ဆာလံ ၁၅ မှာ ငွေအကြောင်း ဘာကြောင့် ပြောသလဲ။

၁၇ ပုံဆောင်တဲတော်မှာ တည်းခိုသူတွေဟာ “ငွေချေးပေးတဲ့အခါ အတိုးမယူဘူး။ အပြစ်မဲ့သူကို ဒုက္ခပေးဖို့ သူ့ဆီ လာဘ်ထိုးလို့ မရဘူး။” (ဆာ. ၁၅:၅) ငွေအကြောင်း ဆာလံကျမ်းရေးသူ ဘာကြောင့် ပြောသလဲ။ ငွေမက်လာရင် တခြားသူတွေ နစ်နာအောင် လုပ်မိနိုင်လို့၊ ဘုရားနဲ့လည်း ဆက်ဆံရေး ထိခိုက်နိုင်လို့ပဲ။ (၁ တိ. ၆:၁၀) ကျမ်းစာခေတ်မှာ ဆင်းရဲတဲ့ ညီအစ်ကိုတွေဆီကနေ လူတချို့ မတန်တဆ ငွေတိုးစားကြတယ်။ တရားသူကြီးတချို့ လာဘ်စားပြီး အပြစ်မဲ့သူတွေကို မတရား စီရင်ကြတယ်။ အဲဒီလုပ်ရပ်တွေကို ယေဟောဝါ ရွံမုန်းတယ်။—ယေဇ. ၂၂:၁၂

၁၈။ ငွေနဲ့ပတ်သက်တဲ့ ကိုယ့်သဘောထားကို ဘယ်လို ဆန်းစစ်ကြည့်နိုင်သလဲ။ (ဟီဘရူး ၁၃:၅)

၁၈ ငွေနဲ့ပတ်သက်တဲ့ ကိုယ့်သဘောထားကို ဆန်းစစ်ရမယ်။ ‘ငွေအကြောင်း၊ ငွေရှိရင် ဘာတွေ ဝယ်လို့ ရတယ်ဆိုတဲ့အကြောင်းပဲ ခေါင်းထဲ ရှိသလား။ တခြားသူဆီက ငွေချေးပြီးရင် ငွေပိုလို့ ချေးတာပဲဆိုပြီး ပြန်မဆပ်ဘဲ အချိန်ဆွဲတတ်သလား။ ငွေရှိရင် ခေါင်းတစ်လုံး ပိုသာတယ်လို့ တွေးပေမဲ့ ပေးဖို့ကမ်းဖို့ကျတော့ တွန့်တိုတတ်သလား။ ချမ်းသာတဲ့ ညီအစ်ကို/မကို တွေ့တာနဲ့ ငွေကြေးဥစ္စာ မက်သူလို့ ကောက်ချက်ချသလား။ ချမ်းသာသူတွေကို လိုက်ကပ်ပြီး မရှိဆင်းရဲသားတွေကို ရှောင်ဖယ်ရှောင်ဖယ် လုပ်သလား။’ ယေဟောဝါရဲ့ ဧည့်သည်အဖြစ် ဖိတ်ခေါ်ခံထားရသူတွေအနေနဲ့ ဒီမေးခွန်းတွေကို ကျွန်တော်တို့ ယောက်တိုင်း ဆန်းစစ်သင့်တယ်။ ငွေမမက်မှ ယေဟောဝါရဲ့ ဧည့်သည် ဆက်ဖြစ်နိုင်မယ်။ ဧည့်သည်တွေကို အိမ်ရှင် ယေဟောဝါ ဘယ်တော့မှ ပစ်မထားဘူး။—ဟီဘရူး ၁၃:၅ ကို ဖတ်ပါ။

မိတ်ဆွေတွေကို ယေဟောဝါ ချစ်မြတ်နိုး

၁၉။ ဆာလံ ၁၅ မှာ ပါတဲ့ တောင်းဆိုချက်တွေကို ယေဟောဝါ ဘာကြောင့် လိုက်နာစေချင်သလဲ။

၁၉ “သူလိုလူဟာ ဘယ်တော့မှ တုန်လှုပ်ရမှာ မဟုတ်ဘူး” ဆိုပြီး ဆာလံ ၁၅ ကို နိဂုံးချုပ်ထားတယ်။ (ဆာ. ၁၅:၅) ဒါဟာ ဆာလံ ၁၅ မှာ ပါတဲ့ ဘုရားတောင်းဆိုချက်တွေကို လိုက်နာသင့်တဲ့ အဓိက အကြောင်းရင်းပါပဲ။ ကျွန်တော်တို့ကို ဘုရား ပျော်စေချင်တယ်။ ဒါကြောင့် ဘုရားတောင်းဆိုချက်တွေဟာ ကျွန်တော်တို့အတွက် ကောင်းချီးနဲ့ ကာကွယ်မှု ရစေမယ့်အရာတွေချည်းပါပဲ။—ဟေရှာ. ၄၈:၁၇

၂၀။ ယေဟောဝါရဲ့ ဧည့်သည်တွေ ဘာမျှော်လင့်နိုင်သလဲ။

၂၀ ယေဟောဝါရဲ့ ဧည့်သည်တွေဟာ တောက်ပတဲ့ အနာဂတ်ကို မျှော်လင့်နိုင်တယ်။ သစ္စာရှိ ဘိသိက်ခံတွေအတွက် ကောင်းကင်မှာ ယေရှု ပြင်ဆင်ပေးထားတဲ့ “နေစရာတွေ အများကြီးပဲ။” (ယော. ၁၄:၂) မြေကြီးမျှော်လင့်ချက် ရှိသူတွေဟာ ဗျာဒိတ် ၂၁:၃ ပါ ကောင်းချီးတွေ ခံစားရမယ်။ ယေဟောဝါရဲ့ ပုံဆောင်တဲတော်မှာ ထာဝစဉ် တည်းခိုဖို့ ဖိတ်ခေါ်ခံရတာ တကယ့် အခွင့်ထူးပါပဲ။

သီချင်း ၃၉ ဘုရားသခင်ရှေ့ နာမည်ကောင်း ရှိနေစေပါ