မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

အကောင်းအဆိုး သိကျွမ်းရာ​အပင်ရဲ့ အသီးကို စား​ရင် သေ​မှာ မဟုတ်ဘူးလို့ ဧဝကို စာတန် ပြော​တုန်း​က ဒီနေ့​ခေတ် လူအများ လက်ခံ​ထားတဲ့ မသေနိုင်တဲ့ ဝိညာဉ် အယူအဆ​အကြောင်း ပြောနေတာလား။

အဲဒီလို ဖြစ်​ပုံ​မရဘူး။ ဘုရား​ တားမြစ်​ထားတဲ့ အသီးကို စား​ရင် ကိုယ်ခန္ဓာသာ သေပြီး ဝိညာဉ် ဆက်​အသက်ရှင်နေ​မယ်​လို့ ဧဝကို စာတန် မပြောခဲ့ဘူး။ အဲဒီ​အပင်ရဲ့ အသီးကို စား​ရင် “လုံးဝ သေ​မှာ မဟုတ်ဘူး” လို့ မြွေ​က​တစ်ဆင့် စာတန် ပြောတယ်။ ဘုရား​ကို မှီခို​စ​ရာ မလို​ဘဲ ပို​ကောင်းတဲ့ အသက်တာနဲ့ ကမ္ဘာပေါ် ဆက်​အသက်ရှင်မယ်လို့ ပြော​နေတာ​ဖြစ်တယ်။—က. ၂:၁၇။ ၃:၃-၅

မသေနိုင်တဲ့ ဝိညာဉ်​နဲ့​ပတ်သက်တဲ့ မှားယွင်းတဲ့ အယူဝါဒ ဧဒင်မှာ အစပြု​ခဲ့​တာ မဟုတ်ဘူး​ဆိုရင် ဘယ်​အချိန်မှာ စ​ပေါ်လာသလဲ။ အတိအကျ​တော့ မပြောနိုင်ဘူး။ နောဧ​ခေတ် ရေလွှမ်းမိုး​ဘေးမှာ မှားယွင်းတဲ့ ဘာသာတရား​အားလုံး ဖယ်ရှားခံ​လိုက်ရတယ်​ဆိုတာ ကျွန်တော်တို့ သိတယ်။ စစ်မှန်တဲ့ ဝတ်ပြု​သူတွေ ဖြစ်တဲ့ နောဧ​နဲ့ မိသားစု​ပဲ ကယ်တင်ခံရ​တာ ဖြစ်လို့ အဲဒီအချိန်မှာ မှားယွင်းတဲ့ ဘာသာရေး အတွေးအခေါ်​တွေ မရှိတော့ဘူး။

ဒါကြောင့် မသေနိုင်တဲ့ ဝိညာဉ်​အယူအဆ​ဟာ ရေလွှမ်းမိုး​ဘေး​နောက်​မှ စ​ပေါ်လာ​တာ ဖြစ်ရမယ်။ ဘုရား​သခင်က ဘေဘယ်​မှာ ဘာသာ​စကားတွေ ရှုပ်ထွေး​စေပြီး လူတွေကို “ကမ္ဘာမြေ​အနှံ့” ကွဲလွင့်​စေခဲ့​တုန်း​က မသေနိုင်တဲ့ ဝိညာဉ်​အယူအဆ​ဟာ သူတို့နဲ့အတူ ပါသွား​ခဲ့​မှာ သေချာတယ်။ (က. ၁၁:၈၊ ၉) မှားယွင်းတဲ့ အဲဒီ​အယူအဆ ဘယ်​အချိန်မှာ စ​ပေါ်ခဲ့​တာ​ပဲ​ဖြစ်ဖြစ် နောက်ကွယ်မှာ “မုသားရဲ့ အဖ” စာတန်​မာရ်နတ် ရှိနေတယ်။ ဒီ​အယူအဆ ပျံ့နှံ့နေ​တာ​ကို ကြည့်ပြီး စာတန် ကျေနပ်​နေမှာ သေချာတယ်။ —ယော. ၈:၄၄