မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၅၂

မိဘတို့၊ ယေဟောဝါကို ချစ်လာအောင် သားသမီးတွေကို လေ့ကျင့်ပေးပါ

မိဘတို့၊ ယေဟောဝါကို ချစ်လာအောင် သားသမီးတွေကို လေ့ကျင့်ပေးပါ

“သားသမီးတွေဟာ ယေဟောဝါ​ပေးတဲ့ အမွေ​ပဲ။”—ဆာ. ၁၂၇:၃

သီချင်း ၁၃၄ ဘုရား​ပေး သားသမီး​များ

အကြို​သုံးသပ်ချက် *

၁။ မိဘတွေကို ယေဟောဝါ ဘာ​အပ်​ထားသလဲ။

ယေဟောဝါ​က ကနဦး​မောင်နှံကို သားသမီး ရယူလို​စိတ် ထည့်သွင်း​ဖန်ဆင်းခဲ့တယ်။ “သားသမီးတွေဟာ ယေဟောဝါ ပေးတဲ့ အမွေ​ပဲ” လို့ ကျမ်းစာ ပြောတယ်။ (ဆာ. ၁၂၇:၃) ဘာကို ဆိုလိုသလဲ။ မိတ်ဆွေ​တစ်ယောက်က သင့်ကို ငွေ​အမြောက်အမြား လာ​အပ်​ထားတယ် ဆိုပါစို့။ သင် ဘယ်လို ခံစား​ရမလဲ။ ကိုယ့်ကို ယုံကြည်​စိတ်ချ​လို့ ဆိုပြီး ဂုဏ်ယူ​နေမှာ​ပဲ။ ဒါပေမဲ့ ငွေကို လုံခြုံ​အောင်​ထားဖို့ စိုးရိမ်​မိ​နိုင်တယ်။ ကျွန်တော်တို့ရဲ့ အရင်းနှီးဆုံး မိတ်ဆွေ ယေဟောဝါ​က ငွေ​ထက် ပို​တန်ဖိုးရှိတဲ့​အရာကို မိဘတွေ​ဆီ အပ်​ထားတယ်။ အဲဒါကတော့ သားသမီးတွေကို ကောင်းကောင်း စောင့်ရှောက်​ဖို့၊ ပျော်ရွှင်​အောင် ထားဖို့​ဆိုတဲ့ တာဝန် ဖြစ်တယ်။

၂။ ဘယ်မေးခွန်းတွေကို သုံးသပ်ကြ​မလဲ။

သားသမီး ယူမလား၊ ဘယ်​အချိန်မှာ ယူမလဲ​ဆိုတာ ဘယ်သူ ဆုံးဖြတ်သင့်သလဲ။ သားသမီးတွေရဲ့ ဘဝ ပျော်ရွှင်​အောင် မိဘတွေ ဘယ်လို ကူညီ​ပေးနိုင်သလဲ။ ပညာရှိ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ ခရစ်ယာန် ဇနီးမောင်နှံ​တွေကို ကူညီ​ပေးနိုင်တဲ့ ကျမ်းစာမူ​တချို့ကို သုံးသပ်​ကြည့်ရအောင်။

ဇနီးမောင်နှံ​ရဲ့ ဆုံးဖြတ်ချက်ကို လေးစားပါ

၃။ (က) သားသမီး ယူ​မယူ ဘယ်သူ ဆုံးဖြတ်​ရမလဲ။ (ခ) မိတ်ဆွေ၊ မိသားစု​တွေ​က ဘယ်​ကျမ်းစာမူကို လိုက်နာသင့်သလဲ။

ယဉ်ကျေးမှု​တချို့မှာ ကြင်စဦး​မောင်နှံတွေကို အမြန်ဆုံး သားသမီး ယူ​စေ​ချင်ကြတယ်။ အဲဒီလို ယူဖို့ မိသားစုဝင်​တွေ​နဲ့ တခြားသူတွေ ဖိအား​ပေးလေ့​ရှိတယ်။ အာရှ​မှာ​နေတဲ့ ညီအစ်ကို ဂျက်သရိုက “အသင်းတော်မှာ သားသမီး​ရှိသူ​တချို့က မရှိတဲ့ မောင်နှံတွေကို သားသမီး ယူဖို့ ဖိအား​ပေးလေ့​ရှိတယ်” လို့ ပြောတယ်။ “သားသမီး မရှိရင် အသက်ကြီး​လာတဲ့အခါ ပြုစုမယ့်​သူ ရှိ​မှာ မဟုတ်ဘူးလို့ တချို့​ပြော​ကြတယ်” ဆိုပြီး အာရှ​မှာ​နေတဲ့ ညီအစ်ကို ဂျက်ဖရီ ပြောတယ်။ ဒါပေမဲ့ ဇနီးမောင်နှံ​တွေ​အနေနဲ့ သားသမီး ယူ​မယူ ကိုယ်တိုင် ဆုံးဖြတ်​ရမယ်။ အဲဒါ သူတို့​တာဝန် ဖြစ်တယ်။ (ဂလ. ၆:၅) မိတ်ဆွေ​တွေ၊ မိသားစုဝင်တွေက ကြင်စဦး​မောင်နှံကို ပျော်​စေ​ချင်​တာ မှန်ပေမဲ့ သားသမီး ယူ​မယူ ဆုံးဖြတ်​ရမှာက ဇနီး​မောင်နှံ​ရဲ့ တာဝန် ဖြစ်ကြောင်း အသိအမှတ်​ပြုရမယ်။—၁ သက်. ၄:၁၁

၄-၅။ ဘယ်​မေးခွန်း နှစ်ခု​ကို မောင်နှံတွေ ဆွေးနွေးသင့်သလဲ။ ဘယ်​အချိန်မှာ ဆွေးနွေး​တာ အကောင်းဆုံးလဲ။ ရှင်းပြပါ။

သားသမီး ယူဖို့ ဆုံးဖြတ်တဲ့ မောင်နှံတွေဟာ အရေးကြီးတဲ့ မေးခွန်း နှစ်ခု​ကို ဆွေးနွေး​ထားသင့်​တယ်။ ပထမ၊ ဘယ်​အချိန်မှာ ကလေး​ယူမလဲ။ ဒုတိယ၊ ဘယ်​နှယောက် ယူမလဲ။ အဲဒီ​မေးခွန်းတွေကို ဘယ်​အချိန်မှာ ဆွေးနွေး​တာ အကောင်းဆုံးလဲ။ အဲဒီလို​ဆွေးနွေး​ဖို့ ဘာကြောင့် သိပ်​အရေးကြီးသလဲ။

အများအားဖြင့် အိမ်ထောင်​မပြု​ခင် ဆွေးနွေးသင့်တယ်။ ဘာကြောင့်လဲ။ ဒီ​ကိစ္စမှာ စိတ်​တူ​ကိုယ်​တူ ဖြစ်ဖို့ အရေးကြီး​လို့​ပဲ။ ဒီ​တာဝန်​အတွက် အသင့်​ဖြစ်​မဖြစ် သိဖို့လည်း လိုတယ်။ မောင်နှံ​တချို့ဟာ လက်ထပ်​ပြီး တစ်နှစ် နှစ်နှစ်လောက်​မှ ကလေး​ယူဖို့ ဆုံးဖြတ်​ကြတယ်။ အိမ်ထောင်သည်​ဘဝမှာ နေသားကျ​အောင် ညှိ​ဖို့ အချိန်ပေး​ချင်​လို့​ပဲ။ ကလေး ရလာ​ရင် ကလေး​အတွက်​ အချိန်နဲ့ ခွန်အားကို ပေး​ရတော့​မှာ။—ဧ. ၅:၃၃

၆။ ကျွန်တော်တို့ အသက်ရှင်​နေတဲ့ ခေတ်​ကာလ​ကြောင့် ဇနီးမောင်နှံ​တချို့ ဘယ်လို ဆုံးဖြတ်​ကြသလဲ။

ခရစ်ယာန်​တချို့ဟာ သားသမီး ချက်ချင်း မယူ​တဲ့ နောဧ​သား​သုံးယောက်​နဲ့ ချွေးမ​တွေကို တုပ​ဖို့ ဆုံးဖြတ်​ကြတယ်။ (က. ၆:၁၈။ ၉:၁၈၊ ၁၉။ ၁၀:၁။ ၂ ပေ. ၂:၅) ယေရှု​က ကျွန်တော်တို့​ခေတ်​ကို “နောဧ​လက်ထက်” နဲ့ နှိုင်းယှဉ်ခဲ့​တယ်။ ‘အလွန် ခက်ခဲ​ကျပ်တည်းတဲ့ ကာလ’ မှာ ကျွန်တော်တို့ အသက်ရှင်​နေ​ရတယ်။ (မ. ၂၄:၃၇။ ၂ တိ. ၃:၁) ဒါကြောင့် မောင်နှံ​တချို့က အမှုဆောင်​လုပ်ငန်းမှာ ပို​အချိန်ပေး​နိုင်ဖို့ သားသမီး မယူ​ကြ​သေး​ဘူး။

သားသမီး ယူမလား၊ ဘယ်​နှယောက် ယူမလဲ ဆုံးဖြတ်တဲ့​အခါ ပညာရှိ ဇနီးမောင်နှံတွေဟာ “ကုန်ကျ​စရိတ် ကို တွက်ချက်” ကြ (စာပိုဒ် ၇ ကို​ကြည့်ပါ) *

၇။ လုကာ ၁၄:၂၈၊ ၂၉ နဲ့ ပညာအလိမ္မာ ၂၁:၅ မှာပါတဲ့ မူတွေ​က ဘယ်လို ကူညီ​ပေးနိုင်သလဲ။

သားသမီး ယူမလား၊ ဘယ်​နှယောက် ယူမလဲ ဆုံးဖြတ်တဲ့​အခါ ပညာရှိ ဇနီးမောင်နှံတွေဟာ “ကုန်ကျ​စရိတ်ကို တွက်ချက်” ကြတယ်။ (လုကာ ၁၄:၂၈၊ ၂၉ ကိုဖတ်ပါ။) သားသမီး ကျွေးမွေး​စောင့်ရှောက်​ရတာဟာ ငွေ​ကုန်​ကြေး​ကျ​များ​ပြီး အချိန်နဲ့ ခွန်အား ကုန်တယ်​ဆိုတာ သားသမီး​ရှိတဲ့ မိဘတိုင်း သိတယ်။ ဒါကြောင့် ‘မိသားစုရဲ့ အခြေခံ​လိုအပ်ရာတွေ ရဖို့ နှစ်ယောက်စလုံး အလုပ် လုပ်​မလား။ ဘာတွေကို “အခြေခံ လိုအပ်ရာ” အဖြစ် သတ်မှတ်​မယ်​ဆိုပြီး သဘောတူ​ထားသလား။ နှစ်ယောက်စလုံး အလုပ်​လုပ်ရင် သားသမီးတွေကို ဘယ်သူ ထိန်း​မလဲ။ သူတို့ရဲ့ စဉ်းစားပုံ၊ လုပ်ရပ်တွေကို ဘယ်သူတွေ ဩဇာ​လွှမ်းမိုး​မလဲ’ စတဲ့ မေးခွန်းတွေကို ဆွေးနွေး​ဖို့ အရေးကြီးတယ်။ အဲဒီ​မေးခွန်းတွေကို ဆွေးနွေး​ထားတဲ့ မောင်နှံတွေဟာ ပညာအလိမ္မာ ၂၁:၅ (ဖတ်ပါ) မှာပါတဲ့ စကားတွေကို ကျင့်သုံး​ရာ​ရောက်တယ်။

မေတ္တာ​ရှိတဲ့ ခင်ပွန်းဟာ ဇနီးကို အတတ်နိုင်ဆုံး ကူညီပေး (စာပိုဒ် ၈ ကို​ကြည့်ပါ)

၈။ ဘယ်​အခက်အခဲတွေကို ဇနီးမောင်နှံ​တွေ မျှော်လင့်​ထားသင့်သလဲ။ မေတ္တာ​ရှိတဲ့ ခင်ပွန်းဟာ ဘာလုပ်​ပေး​မလဲ။

ကလေး​တစ်ယောက်ဟာ မိဘနှစ်ဦးစလုံး​ရဲ့ အချိန်နဲ့ ခွန်အား လိုအပ်တယ်။ ရ​လည်း ရထိုက်တယ်။ ကလေးတွေ အသက်​သိပ်မကွာရင် တစ်ယောက်စီကို ဂရုစိုက်​ဖို့ ခက်​နိုင်တယ်။ ကလေးငယ် များတဲ့ မိဘတွေဟာ စိတ်ဖိစီးမှု ပို​ခံရတယ်လို့ ဝန်ခံ​ကြတယ်။ မိခင်​ဖြစ်သူ​လည်း အမြဲ စိတ်​ပန်း လူ​ပန်း ဖြစ်နေ​နိုင်တယ်။ ဒီလိုနဲ့ ပုံမှန် လေ့လာဖို့၊ ဆုတောင်းဖို့၊ အမှုဆောင်မှာ ပါဝင်ဖို့ အားမရှိ​တော့​ဘူး။ ခရစ်ယာန် အစည်းအဝေးတွေမှာလည်း အာရုံမစိုက်​နိုင်တဲ့​အတွက် အကျိုး​အပြည့်အဝ ရဖို့ ခက်တယ်။ မေတ္တာ​ရှိတဲ့ ခင်ပွန်းဟာ အစည်းအဝေး​မှာ​ရော အိမ်မှာပါ သားသမီးတွေကို ကြည့်​ပေးဖို့ လို​တဲ့အခါ ဇနီးကို အတတ်နိုင်ဆုံး ကူညီ​ပေးတယ်။ ဥပမာ၊ အိမ်​အလုပ်တွေ ဝိုင်းလုပ်​ပေးတယ်။ ပုံမှန် မိသားစု ဝတ်ပြုမှု​ကနေ အားလုံး အကျိုး​ရအောင် စီစဉ်​ပေးတယ်။ အမှုဆောင်​လုပ်ငန်းမှာ မိသားစုနဲ့​အတူ ပုံမှန် ပါဝင်တယ်။

ယေဟောဝါကို ချစ်​လာ​အောင် သားသမီးတွေကို သင်ပေးပါ

၉-၁၀။ သားသမီးတွေကို ကူညီ​ပေးဖို့ မိဘတွေ ဘာလုပ်ရမလဲ။

ယေဟောဝါကို ချစ်​လာ​အောင် သားသမီးတွေကို ကူညီ​ပေးနိုင်တဲ့ နည်း​တချို့က ဘာတွေလဲ။ အကျင့်ပျက်​တဲ့ လောကမှာ သားသမီးတွေကို ဘယ်လို ကာကွယ်​ပေးနိုင်သလဲ။ မိဘတွေ လုပ်ဆောင်​နိုင်တဲ့ အချက်တချို့ကို သုံးသပ်​ကြည့်ပါ။

၁၀ ယေဟောဝါရဲ့ အကူအညီ ရဖို့ ဆုတောင်းပါ။ ရှံဆုန်​ရဲ့ မိဘ ဖြစ်​လာမယ့် မာနော်​နဲ့ ဇနီးရဲ့ ပုံသက်သေကို သုံးသပ်​ကြည့်ပါ။ ကလေး ရတော့မယ်​ဆိုတာ မာနော် သိတဲ့​အခါ ကလေးကို ဘယ်လို ပြုစု​ပျိုးထောင်​ရမယ်ဆိုတာ သင်ပေးဖို့ ယေဟောဝါ​ဆီ အသနားခံ​တယ်။

၁၁။ တရားသူကြီး ၁၃:၈ မှာပါတဲ့ မာနော်​ရဲ့ ပုံသက်သေကို မိဘတွေ ဘယ်လို တုပ​နိုင်သလဲ။

၁၁ ဘော့စနီးယား​နဲ့ ဟာဇီဂိုဗီးနား​မှာ​နေတဲ့ နီဟတ်နဲ့ အယ်မာ​တို့ဟာ မာနော်​ရဲ့ ပုံသက်သေကို တုပခဲ့တယ်။​ “မိဘ​ကောင်း​တွေ ဖြစ်နိုင်​အောင် သင်ပေးပါ​လို့ မာနော်​လို​ပဲ ယေဟောဝါ​ဆီ အသနားခံ​တယ်။ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်ကို ကျမ်းစာ၊ ကျမ်းစာစာပေ၊ အသင်းတော် အစည်း​အဝေး၊ အစည်းအဝေးကြီး စတဲ့ နည်းအမျိုးမျိုးနဲ့ ယေဟောဝါ အဖြေ​ပေးတယ်” လို့ ပြောတယ်။တရားသူကြီး ၁၃:၈ ကိုဖတ်ပါ။

၁၂။ ယောသပ်နဲ့ မာရိဟာ သားသမီးတွေ​အတွက် ဘယ်လို ပုံသက်သေ​ပြခဲ့သလဲ။

၁၂ ပုံသက်သေ​နဲ့ သင်ပေးပါ။ အပြော​က အရေးကြီး​ပေမဲ့​ လုပ်ရပ်က သားသမီးတွေ​အပေါ် ပို​အကျိုးသက်ရောက်​နိုင်တယ်။ ယောသပ်နဲ့ မာရိဟာ ယေရှု အပါအဝင် ကလေးတွေ​အတွက် ပုံသက်သေ​ကောင်း ပြခဲ့တယ်။ ယောသပ်​က မိသားစုကို ထောက်ပံ့ဖို့ အလုပ်​ကြိုးစားတယ်။ ဘုရား​ရေးရာ​ကို တန်ဖိုးထား​တတ်အောင်လည်း သင်ပေးတယ်။ (တရား. ၄:၉၊ ၁၀) ပညတ်တရားမှာ မတောင်းဆို​ထားပေမဲ့ မိသားစုကို “နှစ်​တိုင်း” ပသခါပွဲ​အတွက် ဂျေရုဆလင်​မြို့ကို ခေါ်သွားတယ်။ (လု. ၂:၄၁၊ ၄၂) ယောသပ်​ခေတ်​က ဖခင်​တချို့ကတော့ အဲဒီလို မိသားစု​လိုက် သွားဖို့ ခက်လွန်းတယ်၊ အချိန်နဲ့ ငွေ​ကုန်တယ်​လို့ ယူဆ​ခဲ့​ကြမှာပဲ။ ဒါပေမဲ့ ယောသပ်​က ဘုရား​ရေးရာ​ကို တန်ဖိုး​ထားပြီး သားသမီးတွေကိုလည်း တန်ဖိုးထား​တတ်အောင် သင်ပေးတယ်။ မာရိလည်း ကျမ်းစာနဲ့ အကျွမ်းတဝင် ရှိတယ်။ သားသမီးတွေ ကျမ်းစာကို ချစ်မြတ်နိုး​လာ​အောင် အပြောနဲ့ရော အလုပ်နဲ့ပါ သင်ပေးတယ်။

၁၃။ ယောသပ်နဲ့ မာရိရဲ့ ပုံသက်သေကို မောင်နှံ​တစ်စုံ ဘယ်လို တုပသလဲ။

၁၃ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ နီဟတ်နဲ့ အယ်​မာ​ဟာ ယောသပ်​နဲ့ မာရိရဲ့ ပုံသက်သေကို​လည်း တုပတယ်။ အဲဒါက သူတို့ရဲ့ သားလေး ဘုရား​ကို ချစ်​ပြီး ဝတ်ပြု​လာ​အောင် ဘယ်လို ကူညီပေးသလဲ။ “ယေဟောဝါရဲ့ မူတွေ​အတိုင်း အသက်ရှင်​တာ ဘယ်လောက် အကျိုးရှိ​မှန်း ကျွန်တော်တို့ရဲ့ အသက်ရှင်နေ​ထိုင်​ပုံ​နဲ့ ပြဖို့ ကြိုးစားတယ်” လို့ သူတို့ ပြောတယ်။ “သားသမီးတွေကို ဖြစ်စေချင်တဲ့ လူစားမျိုး ကိုယ်တိုင် ဖြစ်ရမယ်” လို့ နီဟတ် ပြောတယ်။

၁၄။ သားသမီးတွေ ဘယ်သူနဲ့ ပေါင်း​နေသလဲ​ဆိုတာ မိဘတွေ ဘာကြောင့် သိဖို့ လိုသလဲ။

၁၄ အပေါင်းအသင်းကောင်း​တွေ  ရွေးချယ်​တတ်အောင် သားသမီးတွေကို ကူညီ​ပေးပါ။ သားသမီးတွေ ဘယ်သူနဲ့ ပေါင်း​နေသလဲ၊ ဘာတွေ လုပ်​နေသလဲ ဆိုတာ မိဘနှစ်ယောက်စလုံး သိထား​ရမယ်။ လူမှု​မီဒီယာ​မှာ၊ သူတို့ရဲ့ ဖုန်း​မှာ ဘယ်သူတွေနဲ့ ဆက်သွယ်​နေသလဲ​ဆိုတာ သိရမယ်။ အဲဒီ​အပေါင်းအသင်းတွေက သားသမီးတွေရဲ့ အတွေးအခေါ်နဲ့ လုပ်ရပ်​အပေါ် ဩဇာသက်ရောက်​နိုင်တယ်။—၁ ကော. ၁၅:၃၃

၁၅။ ဂျက်​စီ​ရဲ့ ပုံသက်သေ​ကနေ မိဘတွေ ဘာသင်ယူနိုင်သလဲ။

၁၅ မိဘတွေက ကွန်ပျူတာ​တွေ၊ ဖုန်းတွေ သိပ်​မ​သုံး​တတ်​ရင်​ကော။ ဖိလစ်ပိုင်​က ဖခင်​တစ်ယောက် ဖြစ်တဲ့ ဂျက်​စီ​က “နည်းပညာ​အကြောင်း ကျွန်တော်တို့ သိပ်​မသိ​ဘူး။ ဒါပေမဲ့ နည်းပညာ​တွေရဲ့ အန္တရာယ်​အကြောင်း သားသမီးတွေကို သတိ​ပေးတယ်” လို့ ပြောတယ်။ ကိုယ်တိုင် မ​သုံး​တတ်တာ​နဲ့​ပဲ သားသမီးတွေ မ​သုံး​ရ​ဘူးလို့ မတား​ဘူး။ “အီလက်ထရောနစ် ပစ္စည်း​တွေ သုံးပြီး ဘာသာစကား​အသစ် သင်ယူဖို့၊ အစည်းအဝေးတွေ​အတွက် လေ့လာဖို့၊ ကျမ်းစာ နေ့တိုင်း ဖတ်ဖို့ ကျွန်တော် အားပေးတယ်” လို့ သူပြောတယ်။ သင်ဟာ မိဘ ဖြစ်မယ်ဆိုရင် jw.org® ထဲ​က “ဆယ်ကျော်သက်များ” ကဏ္ဍ​မှာပါတဲ့ စာပို့ခြင်း၊ အွန်လိုင်း ဓာတ်ပုံ​ပို့​ခြင်း​အကြောင်း အကြံပြုချက်တွေကို သားသမီးတွေ​နဲ့ ဆွေးနွေး​ပြီးပြီလား။ ဘယ်သူက ထိန်းချုပ်​နေတာလဲ—သင်​လား၊ သင့်ရဲ့ ဖုန်း၊ တက်ဘလက်​လားလူမှုဆက်သွယ်ရေး ကွန်ရက်ကို ပညာရှိရှိ အသုံးပြုပါ ဗီဒီယိုတွေကို * သားသမီးတွေ​နဲ့​အတူ ကြည့်ပြီး ဆွေးနွေး​ပြီးပြီလား။ အဲဒီ​အကြောင်းအရာတွေ​က အီလက်ထရောနစ်​ပစ္စည်းတွေကို ဘယ်လို ပညာရှိရှိ အသုံးပြု​ရမယ်ဆိုတာ သင်ပေး​ရာ​မှာ အထောက်အကူ​ပြု​နိုင်တယ်။—ပညာ. ၁၃:၂၀

၁၆။ မိဘများ​စွာ​ဟာ သားသမီးတွေ​အတွက် ဘာ​စီစဉ်​ပေး​ကြသလဲ။ ဘာ​အကျိုး​ရသလဲ။

၁၆ မိဘများ​စွာ​ဟာ ပုံသက်သေ​ကောင်းတဲ့ ဘုရား​​အမှုဆောင်​သူတွေနဲ့ သားသမီးတွေ ပေါင်းသင်း​နိုင်ဖို့ အခွင့်အလမ်းတွေ ကြိုးစား​ဖန်တီး​ပေး​ကြတယ်။ ဥပမာ၊ ကို့ဒီဗွား​မှာ​နေတဲ့ နာ​ဒါ​နီ​နဲ့ ဘိုမန်တို့ဟာ တိုက်နယ်​ကြီးကြပ်မှူး​ကို အိမ်မှာ တည်း​ဖို့ ဖိတ်ခေါ်လေ့​ရှိတယ်။ “ဒါက သား​အပေါ် အတော်​ဩဇာသက်ရောက်တယ်။ သူ​ရှေ့ဆောင် စ​လုပ်ပြီး အခု အရန်​တိုက်နယ် လုပ်နေပြီ” လို့ ညီအစ်ကို နာ​ဒါ​နီ ပြောတယ်။ သင်​ကော သားသမီးတွေ​အတွက် အလားတူ ပေါင်းသင်းမှု​တွေ စီစဉ်​ပေး​နိုင်မလား။

၁၇-၁၈။ သားသမီးတွေကို ဘယ်​အချိန်မှာ စ​လေ့ကျင့်ပေးသင့်သလဲ။

၁၇ ကလေးတွေကို စော​နိုင်သမျှ စောစော လေ့ကျင့်ပေးပါ။ စောစော လေ့ကျင့်ပေး​လေ ပို​ကောင်း​လေ​ပဲ။ (ပညာ. ၂၂:၆) တမန်တော် ပေါလုရဲ့ ခရီးသွားဖော် ဖြစ်လာတဲ့ တိမောသေ​အကြောင်း စဉ်းစားကြည့်ပါ။ မိခင် ဥနိတ်နဲ့ အဘွား လောအိ​ဟာ တိမောသေကို “နို့စို့အရွယ်​ကတည်းက” လေ့ကျင့်​ပေးခဲ့တယ်။—၂ တိ. ၁:၅။ ၃:၁၅

၁၈ ကို့ဒီဗွား​မှာ​နေတဲ့ ဂျိမ်း​က​လော့​နဲ့ ပိစ်တို့ဟာ သားသမီး​ခြောက်ယောက်စလုံး ယေဟောဝါကို ချစ်​ပြီး ဝတ်ပြု​လာ​အောင် ပြုစု​ပျိုးထောင်​နိုင်ခဲ့တယ်။ ဘာက သူတို့ကို ကူညီပေးသလဲ။ ဥနိတ်နဲ့ လောအိ​ရဲ့ ပုံသက်သေကို သူတို့ တုပ​ကြတယ်။ “သားသမီးတွေကို မွေးကင်းစ အရွယ်​ကတည်းက ဘုရား​သခင့်​စကားတွေကို စိတ်စွဲမှတ်​သွား​အောင် သွန်သင်​ပေးတယ်” လို့ သူတို့ ပြောတယ်။—တရား. ၆:၆၊ ၇

၁၉။ ဘုရား​​စကားတွေကို သားသမီးတွေ စိတ်စွဲမှတ်​သွား​အောင် သွန်သင်​ပေးခြင်း​မှာ ဘာ​ပါဝင်သလဲ။

၁၉ ယေဟောဝါရဲ့ စကားတွေကို သားသမီးတွေ “စိတ်စွဲမှတ်​သွား​အောင် သွန်သင်” တယ်​ဆိုတာ ဘာကို ဆိုလိုသလဲ။ “အကြိမ်ကြိမ် ပြောပြပြီး သင်ပေးတာ” ကို ဆိုလိုတယ်။ အဲဒီလိုလုပ်​နိုင်ဖို့ ပုံမှန် အချိန်ပေး​ရမယ်။ အထပ်ထပ် ပြောရတာ တစ်ခါတလေ စိတ်ပျက်​စ​ရာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဘုရား​သခင့်​စကားတွေကို သားသမီးတွေ နားလည်​လိုက်နာ​ဖို့ ကူညီ​ပေးနိုင်တဲ့ နည်း​တစ်နည်း​အဖြစ် မိဘတွေ ရှုမြင်​ရမယ်။

သားသမီး​တစ်ယောက်စီကို ဘယ်လို လေ့ကျင့်​မယ်​ဆိုတာ မိဘတွေ ဆုံးဖြတ်ဖို့ လိုအပ် (စာပိုဒ် ၂၀ ကို​ကြည့်ပါ) *

၂၀။ ဆာလံ ၁၂၇:၄ က သားသမီး​ပျိုးထောင်​ခြင်းနဲ့ ဘယ်လို သက်ဆိုင်သလဲ။ ရှင်းပြပါ။

၂၀ ကိုယ့်သားသမီး​အကြောင်း အသေအချာ သိပါ။ ဆာလံ ၁၂၇ မှာ သားသမီးတွေကို မြား​တွေ​နဲ့ ခိုင်းနှိုင်း​ထားတယ်။ (ဆာလံ ၁၂၇:၄ ကိုဖတ်ပါ။) မြား​လုပ်တဲ့ ပစ္စည်း​တွေ မတူသလို အရွယ်အစား​လည်း မတူကြဘူး။ အဲဒီလိုပဲ ဘယ်က​လေး​မှ တစ်ထပ်တည်း မတူ​နိုင်ဘူး။ ဒါကြောင့် သားသမီး​တစ်ယောက်စီကို ဘယ်လို လေ့ကျင့်​မယ်​ဆိုတာ မိဘတွေ ဆုံးဖြတ်​ရမယ်။ “ကလေး​တစ်ယောက်စီ​နဲ့ သပ်သပ်​စီ​ ကျမ်းစာ​ လေ့လာတယ်” လို့ ယေဟောဝါကို ဝတ်ပြု​လာ​အောင် သားသမီး​နှစ်ယောက်ကို အောင်မြင်​စွာ ပြုစု​ပျိုးထောင်ခဲ့​တဲ့ အစ္စရေး​နိုင်ငံက ဇနီးမောင်နှံ ပြောတယ်။ အဲဒီလို​လေ့လာဖို့ လိုသလား၊ ဖြစ်နိုင်သလား​ဆိုတာ အိမ်ထောင်ဦးစီး​တိုင်း​က ဆုံးဖြတ်​ရမယ်။

ယေဟောဝါ ကူညီ​ပေးမယ်

၂၁။ ယေဟောဝါ​ဆီကနေ မိဘတွေ ဘာ​မျှော်လင့်​နိုင်သလဲ။

၂၁ တစ်ခါတလေ မိဘတွေဟာ အခက်အခဲ​တွေ​ကြောင့် စိတ်ရှုပ်​မိ​နိုင်ပေမဲ့ သားသမီးတွေဟာ ယေဟောဝါ ပေးတဲ့ ဆုလက်ဆောင် ဖြစ်တယ်။ မိဘတွေကို ကူညီ​ပေးဖို့ ယေဟောဝါ အမြဲ အသင့်​ရှိတယ်။ မိဘတွေရဲ့ ဆုတောင်းချက်တွေကို အမြဲ နားထောင်​ပေးတယ်။ ကျမ်းစာ၊ ကျမ်းစာစာပေ၊ အသင်းတော်မှာ​ရှိတဲ့ ရင့်ကျက်တဲ့ မိဘတွေရဲ့ ပုံသက်သေ​နဲ့ အကြံဉာဏ်​တွေ​က​တစ်ဆင့် ဆုတောင်းချက်တွေကို အဖြေ​ပေးတယ်။

၂၂။ မိဘတွေ ပေးနိုင်တဲ့ အကောင်းဆုံး​အရာဟာ ဘာလဲ။

၂၂ သားသမီး မွေးမြူတာ​ဟာ နှစ် ၂၀ စီမံကိန်း​လို့ ပြော​ကြပေမဲ့ မိဘကတော့ အမြဲ မိဘပါပဲ။ သားသမီးတွေကို ပေးနိုင်တဲ့ အကောင်းဆုံး​အရာဟာ မေတ္တာ၊ အချိန်၊ ကျမ်းစာ​အခြေပြု လေ့ကျင့်မှု​ပါပဲ။ လေ့ကျင့်မှုကို သားသမီးတွေ တစ်ယောက်​တစ်မျိုးစီ တုံ့ပြန်​နိုင်တယ်။ ဒါပေမဲ့ ယေဟောဝါကို ချစ်တဲ့ မိဘတွေရဲ့ ပြုစု​ပျိုးထောင်​မှု​ကို ခံခဲ့ရ​သူ များစွာဟာ အာရှ​မှာ​နေတဲ့ ဂျိုအဲန်နာမေ​လို ခံစား​ရတယ်– “မိဘဆီက ရခဲ့တဲ့ လေ့ကျင့်မှု၊ ယေဟောဝါကို ချစ်တတ်​လာ​အောင် ဆုံးမ​သွန်သင်မှု​အတွက် သိပ်​ကျေးဇူး​တင်တယ်။ သူတို့ဟာ ကျွန်မကို အသက်ပေး​ရုံသာမက အဓိပ္ပာယ်​ရှိတဲ့ ဘဝကို​ပါ ပေးခဲ့တယ်။” (ပညာ. ၂၃:၂၄၊ ၂၅) ခရစ်ယာန် သန်းပေါင်း​များစွာလည်း အလားတူ ခံစားရ​ပါတယ်။

သီချင်း ၅၉ ယေဟောဝါကို အတူ ချီးမွမ်းကြ

^ အပိုဒ်၊ 5 အိမ်ထောင်သည်တွေ သားသမီး ယူသင့်သလား။ ဘယ်​နှယောက် ယူသင့်သလဲ။ သားသမီးတွေ ယေဟောဝါကို ချစ်​ပြီး ဝတ်ပြု​ လာ​အောင် ဘယ်လို လေ့ကျင့်​ပေးနိုင်သလဲ။ ဒီ​ဆောင်းပါး​မှာ အဲဒီ​မေးခွန်းတွေကို ဖြေဆို​ပေးနိုင်တဲ့ ကျမ်းစာ​မူတွေကို ဆွေးနွေးပါမယ်။ ခေတ်သစ် ပုံနမူနာတွေကိုလည်း လေ့လာ​ကြပါမယ်။

^ အပိုဒ်၊ 15 လူငယ်များ​အမေး—တာသွားသည့်​အဖြေ အတွဲ ၁၊ အခန်း ၃၆ ကိုလည်း ကြည့်ပါ။

^ အပိုဒ်၊ 60 ပုံ​အညွှန်း– ခရစ်ယာန် မောင်နှံ​တစ်စုံဟာ သားသမီး ယူ​မယူ၊ သားသမီး​ရှိခြင်းရဲ့ ပျော်ရွှင်မှုနဲ့ တာဝန်တွေ​အကြောင်း ဆွေးနွေး​နေတယ်။

^ အပိုဒ်၊ 64 ပုံ​အညွှန်း– မောင်နှံ​တစ်စုံဟာ သားသမီးတွေရဲ့ အသက်နဲ့ စွမ်းရည်​အလိုက် တစ်ယောက်စီ​နဲ့ လေ့လာ​နေတယ်။