မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၅၁

ယေဟောဝါကို သင် ဘယ်လောက် သိကျွမ်းသလဲ

ယေဟောဝါကို သင် ဘယ်လောက် သိကျွမ်းသလဲ

“ယေဟောဝါဘုရား​၊ နာမတော်ကို သိတဲ့​သူတွေ ကိုယ်တော့်​ကို ယုံကြည်​ကိုးစား​ကြ​လိမ့်မယ်။ ကိုယ်တော့်​ကို ရှာ​တဲ့​သူတွေကို ကိုယ်တော် ဘယ်တော့မှ မစွန့်ပစ်​ဘူး။”—ဆာ. ၉:၁၀

သီချင်း ၅၆ အမှန်တရားကို ကိုယ်ပိုင်​ဖြစ်စေပါ

အကြို​သုံးသပ်ချက် *

၁-၂။ အန်ဂျယ်လီတိုရဲ့ ဖြစ်ရပ်က ဖော်ပြတဲ့​အတိုင်း ကျွန်တော်တို့ ယောက်​တိုင်း ဘာလုပ်ရမလဲ။

သင်ဟာ ယေဟောဝါသက်သေ မိဘတွေက​နေ ကြီးပြင်းလာတာ​လား။ အဲဒီလို​ဆိုရင် သူတို့ ယေဟောဝါရဲ့ မိတ်ဆွေ​ဖြစ်​ရုံ​နဲ့ သင်လည်း အလိုလို ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ သတိရပါ။ မိဘတွေဟာ ဘုရား​ကို ကိုးကွယ်သူ​ဖြစ်စေ၊ မကိုးကွယ်သူ​ဖြစ်စေ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိလာ​အောင် ကိုယ်တိုင် တည်ဆောက်​ရမယ်။

ညီအစ်ကို အန်ဂျယ်လီတို​အကြောင်း သုံးသပ်​ကြည့်ပါ။ သက်သေခံ မိသားစုမှာ ကြီးပြင်း​လာပေမဲ့ ဘုရား​နဲ့ ရင်းနှီးတယ်လို့ မခံစားခဲ့ရဘူး။ “မိသားစု လုပ်သလို လိုက်လုပ်​ချင်​လို့သာ ယေဟောဝါကို ဝတ်ပြု​ခဲ့​တာ” လို့ သူပြောတယ်။ ဒါပေမဲ့ အချိန်​ယူပြီး ကျမ်းစာ ဖတ်ဖို့၊ တွေးတော​ဆင်ခြင်ဖို့၊ ယေဟောဝါ​ဆီ ပို​ဆုတောင်းဖို့ ဆုံးဖြတ်​လိုက်တယ်။ “ဖခင်​ယေဟောဝါနဲ့ ရင်းနှီး​ဖို့ တစ်ခုတည်းသော​နည်း​က ကိုယ်တိုင် သိအောင် လုပ်တာ​ပဲ” လို့ ပြောတယ်။ အန်ဂျယ်လီတိုရဲ့ ဖြစ်ရပ်​ကနေ မေးခွန်း​တချို့ ပေါ်လာတယ်– ယေဟောဝါကို သိတာနဲ့ သိကျွမ်း​တာ ဘာကွာသလဲ။ ယေဟောဝါကို ဘယ်လို သိကျွမ်း​လာနိုင်သလဲ။

၃။ ယေဟောဝါကို သိတာနဲ့ သိကျွမ်း​တာ ဘာကွာသလဲ။

ဘုရား​​နာမည် သိတဲ့​သူ၊ ဘုရား​​ပြောခဲ့၊ လုပ်ခဲ့တာ​တချို့​အကြောင်း သိတဲ့​သူကို ယေဟောဝါကို သိတဲ့​သူ​လို့ ပြော​နိုင်တယ်။ ဒါပေမဲ့ သိကျွမ်းဖို့​ဆိုရင် ဒီထက်မက လိုအပ်​တယ်။ ယေဟောဝါ​အကြောင်း၊ အံ့ဖွယ်​အရည်အသွေးတွေ​အကြောင်း အချိန်​ယူ လေ့လာ​ရမယ်။ ဒါမှ ဘုရား​ ဘာကြောင့် ပြောတယ်၊ လုပ်တယ်​ဆိုတာ နားလည်​လာမယ်။ ကိုယ့်​အတွေး၊ ဆုံးဖြတ်ချက်၊ လုပ်ရပ်တွေကို ဘုရား​ ကြိုက် မကြိုက် သိလာမယ်။ ယေဟောဝါ လုပ်စေချင်တာကို သိပြီ​ဆိုရင် သိတဲ့​အတိုင်း လုပ်ဖို့ လိုတယ်။

၄။ ကျမ်းစာ ပုံနမူနာ​တွေ​က ကျွန်တော်တို့ကို ဘယ်လို ကူညီ​ပေးနိုင်သလဲ။

ယေဟောဝါကို ဝတ်ပြုလို့ လှောင်ပြောင်​ခံရ​နိုင်တယ်။ ဆန့်ကျင်မှုတွေ ကြုံ​ရနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါကို ယုံကြည်​ကိုးစား​ရင် ကျွန်တော်တို့ကို ဘယ်တော့မှ စွန့်ပစ်​မှာ မဟုတ်ဘူး။ ဘုရား​နဲ့ တစ်သက်တာ တည်မြဲ​တဲ့ ဆက်ဆံရေး ရှိလာမယ်။ ဘုရား​ကို အဲဒီလောက် သိကျွမ်း​နိုင်သလား။ သိကျွမ်း​နိုင်ပါတယ်။ အဲဒါကို မောရှေ၊ ဘုရင်​​ဒါဝိဒ်​တို့​လို မစုံလင်သူတွေ​ရဲ့ ပုံသက်သေ​ကနေ သိနိုင်တယ်။ သူတို့​အကြောင်း လေ့လာ​ရင်း ဒီ​မေးခွန်း နှစ်ခု​ကို ဆွေးနွေးပါမယ်– ယေဟောဝါကို သူတို့ ဘယ်လို သိကျွမ်း​လာသလဲ။ သူတို့ဆီကနေ ဘာသင်ယူနိုင်သလဲ။

“မမြင်​ရတဲ့​အရှင်ကို” မောရှေ မြင်ခဲ့

၅။ ဘာလုပ်ဖို့ မောရှေ ဆုံးဖြတ်​ခဲ့သလဲ။

မောရှေဟာ သိတဲ့​အတိုင်း လုပ်ဆောင်တယ်။ အသက် ၄၀ အရွယ်မှာ “ဘုရင့်သမီးတော်​ရဲ့ သား” အဖြစ် ဆက်နေ​မယ့်​အစား ဘုရား​​လူမျိုးနဲ့ ပူးပေါင်း​ဖို့ ဆုံးဖြတ်ခဲ့တယ်။ (ဟီ. ၁၁:၂၄) အီဂျစ်​တွေ​က ဖာရော​ကို ဘုရား​​တစ်ပါး​အဖြစ် ယူမှတ်​ကြတယ်။ အီဂျစ်​ကျွန်တွေ ဖြစ်တဲ့ ဟီဘရူး​တွေကို ကူညီ​ပေးရင် ဖာရော အမျက်ထွက်​မယ်​ဆိုတာ မောရှေ သိတယ်။​ ဒါပေမဲ့ ထင်ပေါ်တဲ့ ရာထူး​ကို စွန့်လွှတ်​ပြီး ဘုရား​လူမျိုးကို ကူညီ​ပေးခဲ့တယ်။ တကယ့် ထူးခြားတဲ့ ယုံကြည်ခြင်း​ပါပဲ။ ယေဟောဝါကို မောရှေ ယုံကြည်​ကိုးစား​တယ်။ အဲဒီလို ယုံကြည်​ကိုးစား​လို့ ယေဟောဝါနဲ့ တည်မြဲ​တဲ့ ဆက်ဆံရေး ရှိခဲ့​တာ ဖြစ်တယ်။—ပညာ. ၃:၅

၆။ မောရှေရဲ့ ပုံသက်သေ​ကနေ ဘာသင်ယူနိုင်သလဲ။

ဘာသင်ခန်းစာ ရသလဲ။ မောရှေ​လို​ပဲ ကျွန်တော်တို့​အားလုံး​ ဘုရား​ကို ကိုးကွယ်​ပြီး ဘုရား​​လူမျိုးနဲ့ ပူးပေါင်း​မလား​ဆိုတာ ဆုံးဖြတ်​ရမယ်။ ဘုရား​ကို ဝတ်ပြုဖို့ စွန့်လွှတ်​ အနစ်နာ​ခံ​စရာတွေ ရှိ​နိုင်တယ်။ ယေဟောဝါကို မသိ​သူတွေရဲ့ ဆန့်ကျင်မှု ကြုံ​ရနိုင်တယ်။ ဒါပေမဲ့ ကောင်းကင်ဖခင်ကို ယုံကြည်​ကိုးစားမယ်​ဆိုရင် ဘုရား​ ထောက်မ​မှာ​ကို စိတ်ချ​နိုင်ပါတယ်။

၇-၈။ မောရှေ ဘာ​အကြောင်း ဆက်သင်​ယူ​ခဲ့သလဲ။

မောရှေဟာ ယေဟောဝါရဲ့ အရည်အသွေးတွေ​အကြောင်း ဆက်သင်​ယူပြီး ဘုရား​​အလိုတော်ကို ဆက်​ထမ်းဆောင်​ခဲ့တယ်။ ဥပမာ၊ အစ္စရေးတွေကို အီဂျစ်​ပြည်​ကနေ ဦးဆောင်​ကယ်ထုတ်​ဖို့ ယေဟောဝါ မိန့်မှာ​တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်​စိတ်ချမှု မရှိဘဲ အရည်အချင်း မပြည့်မီ​ဘူးလို့ အကြိမ်ကြိမ် ပြောခဲ့တယ်။ သူ့ကို ယေဟောဝါ ထောက်ထား​စာနာ​ပြီး ကူညီ​ပေးတယ်။ (ထွ. ၄:၁၀-၁၆) ဒါကြောင့် ဘုရား​သခင်ရဲ့ တရားစီရင်ချက် သတင်း​အကြောင်း ဖာရော​ကို ပြောပြ​နိုင်ခဲ့တယ်။ ဖာရော​နဲ့ စစ်တပ်​ကို ပင်လယ်နီ​မှာ ဖျက်ဆီး​ပြီး အစ္စရေးတွေကို ကယ်တင်​တုန်း​က ယေဟောဝါရဲ့ တန်ခိုးကို မောရှေ မြင်ခဲ့​ရတယ်။—ထွ. ၁၄:၂၆-၃၁။ ဆာ. ၁၃၆:၁၅

အစ္စရေးတွေကို အီဂျစ်​ပြည်​ကနေ မောရှေ ကယ်ထုတ်​လာပြီး​နောက် သူတို့ အကြိမ်ကြိမ် ညည်းညူ​ကြတယ်။ ဒါတောင် ယေဟောဝါ ဘယ်လောက် စိတ်ရှည်တယ်​ဆိုတာ မောရှေ မြင်တွေ့​ခဲ့တယ်။ (ဆာ. ၇၈:၄၀-၄၃) အစ္စရေးတွေကို မဖျက်ဆီးဖို့ မောရှေ အသနားခံ​ပြီးနောက် ယေဟောဝါ စိတ်ပြောင်း​ချိန်မှာလည်း ဘုရား​ရဲ့ နှိမ့်ချမှုကို မြင်ခဲ့​ရတယ်။—ထွ. ၃၂:၉-၁၄

၉။ ဟီဘရူး ၁၁:၂၇ အရ ယေဟောဝါနဲ့ မောရှေ ဘယ်လောက်ရင်းနှီး​ သလဲ။

အီဂျစ်​ပြည်​ကနေ ထွက်လာ​ပြီးနောက် မောရှေဟာ ဘုရား​ကို မြင်တယ်လို့ ပြောနိုင်တဲ့​အထိ ဘုရား​နဲ့ ရင်းနှီး​လာတယ်။ (ဟီဘရူး ၁၁:၂၇ ကိုဖတ်ပါ။) “ယေဟောဝါ​က လူလူ​ချင်း​စကားပြောသလို မောရှေ​နဲ့ မျက်နှာ​ချင်း​ဆိုင် စကား​ပြောတယ်” ဆိုတဲ့ ကျမ်းစကား​ကနေ သူတို့ ဘယ်လောက် ရင်းနှီး​ကြောင်း သိရတယ်။—ထွ. ၃၃:၁၁

၁၀။ ယေဟောဝါကို သိကျွမ်းဖို့ ဘာလုပ်ရမလဲ။

၁၀ ဘာသင်ခန်းစာ ရသလဲ။ ယေဟောဝါကို သိကျွမ်းဖို့ ဘုရား​ရဲ့ အရည်အသွေးတွေကို သင်ယူ​ရုံသာမက အလိုတော် ထမ်းဆောင်ဖို့​လည်း လိုတယ်။ ယေဟောဝါရဲ့ အလိုတော်​က “လူအမျိုးမျိုးကို ကယ်တင်ခြင်း ရစေဖို့၊ အမှန်တရား​အကြောင်း တိကျ​မှန်ကန်စွာ သိရှိ​စေဖို့​ပဲ။” (၁ တိ. ၂:၃၊ ၄) အလိုတော် ထမ်းဆောင်​နိုင်တဲ့ နည်း​တစ်နည်း​ကတော့ တခြား​သူတွေကို ယေဟောဝါ​အကြောင်း ပြောပြ​ခြင်း​ပဲ။

၁၁။ ယေဟောဝါ​အကြောင်း တခြား​သူတွေကို သင်ပေးတဲ့​အခါ ဘုရား​ကို ကျွန်တော်တို့ ဘယ်လို ပို​သိလာသလဲ။

၁၁ တခြား​သူတွေကို ယေဟောဝါ​အကြောင်း ပြောပြတဲ့​အခါ ကိုယ်တိုင်လည်း ဘုရား​​အကြောင်း ပို​သိလာတယ်။ ဥပမာ၊ စိတ်ရင်းမှန်​သူတွေဆီ ကျွန်တော်တို့ကို ယေဟောဝါ ပို့ဆောင်ပေး​တဲ့အခါ ဘုရား​ရဲ့ ထောက်ထား​စာနာမှု​ကို မြင်တွေ့ရ​တယ်။ (ယော. ၆:၄၄။ တ. ၁၃:၄၈) ကျမ်းစာ​လေ့လာ​နေ​သူတွေဟာ အကျင့်ဆိုး​တွေ ဖြတ်​ပြီး စရိုက်သစ် ဝတ်ဆင်​တဲ့အခါ ကျမ်းစာရဲ့ အစွမ်း​တန်ခိုးကို ကျွန်တော်တို့ မြင်လာ​ရတယ်။ (ကော. ၃:၉၊ ၁၀) ဘုရား​​အကြောင်း သိပြီး​ ကယ်တင်ခြင်း ရဖို့ လူတွေကို အကြိမ်ကြိမ် အခွင့်အရေး ပေးတာ​ကနေ ဘုရား​သခင့် စိတ်ရှည်မှု​ကို မြင်တွေ့ရ​တယ်။—ရော. ၁၀:၁၃-၁၅

၁၂။ ထွက်မြောက်ရာ ၃၃:၁၃ အရ မောရှေ ဘာ​တောင်းဆိုသလဲ။ ဘာကြောင့်လဲ။

၁၂ မောရှေဟာ  ယေဟောဝါနဲ့  ဆက်ဆံရေးကို ပေါ့ပေါ့​တန်တန် သဘော​မထားဘူး။ ဘုရား​​နာမည်ကို သုံးပြီး အံ့ဖွယ်​အမှုတွေ လုပ်ပြီး​တာ​တောင် ယေဟောဝါကို ပိုသိ​ကျွမ်းခွင့်​ရဖို့ တောင်းဆိုခဲ့တယ်။ (ထွက်မြောက်ရာ ၃၃:၁၃ ကိုဖတ်ပါ။) အဲဒီလို​တောင်းဆို​ချိန်မှာ မောရှေ အသက် ၈၀ ကျော်​နေပြီ။ ဒါတောင် ကောင်းကင်ဖခင်​အကြောင်း သင်ယူစရာ​များစွာ ရှိသေး​မှန်း သူ​သိတယ်။

၁၃။ ဘုရား​နဲ့ ဆက်ဆံရေးကို တန်ဖိုး​ထားကြောင်း ပြ​နိုင်တဲ့ နည်း​တစ်နည်း​က ဘာလဲ။

၁၃ ဘာသင်ခန်းစာ ရသလဲ။ ယေဟောဝါကို ဝတ်ပြု​လာတာ ဘယ်လောက်​ပဲ ကြာ​ပါစေ ဘုရား​နဲ့ ဆက်ဆံရေးကို ပေါ့ပေါ့တန်တန် သဘော​မထားသင့်​ဘူး။ ဘုရား​နဲ့ ဆက်ဆံရေးကို တန်ဖိုး​ထားကြောင်း ပြ​နိုင်တဲ့ နည်း​တစ်နည်း​ကတော့ ဆုတောင်းပြီး စကား​ပြောခြင်း​ပါပဲ။

၁၄။ ဘုရား​​အကြောင်း သင်ယူ​ရာ​မှာ ဆုတောင်းခြင်း​ဟာ ဘာကြောင့် အရေးကြီးသလဲ။

၁၄ ဆက်ဆံရေး ကောင်း​ဖို့ ဆက်သွယ်ရေး​ကောင်း ရှိရ​မယ်။ မကြာခဏ ဆုတောင်းခြင်း​အားဖြင့် ဘုရား​နဲ့ ရင်းနှီးအောင် လုပ်ပါ။ ကိုယ့်ရဲ့ ခံစားချက်တွေကို ရင်ဖွင့်​ပြောဖို့ မစိုးရိမ်ပါနဲ့။ (ဧ. ၆:၁၈) တူရကီ​နိုင်ငံမှာ​နေတဲ့ ညီအစ်မ ခရစ္စ​တာ ဒီလို​ပြောတယ်– “ခံစားချက်တွေကို ရင်ဖွင့်​ဆုတောင်း​ပြီးနောက် ဘုရား​ရဲ့ ကူညီမှု​ကို မြင်ရတဲ့အခါ​တိုင်း ဘုရား​​အပေါ်​ထားတဲ့ မေတ္တာနဲ့ ယုံကြည်​ကိုးစားမှု တိုးများ​လာတယ်။ ဆုတောင်းချက်​တွေ အဖြေပေး​ခံရတဲ့​အခါ ယေဟောဝါကို ဖခင်​နဲ့ မိတ်ဆွေ​အဖြစ် ရှုမြင်​တတ်လာတယ်။”

ယေဟောဝါနဲ့ စိတ်သဘော​ချင်း ကိုက်ညီ​သူ

၁၅။ ဘုရင်​​ဒါဝိဒ်​နဲ့​ပတ်သက်ပြီး ယေဟောဝါ ဘယ်လို ပြောသလဲ။

၁၅ ဘုရင်​​ဒါဝိဒ်ဟာ ယေဟောဝါ​ဆီ ဆက်ကပ်ထားတဲ့​ လူမျိုး​ကနေ  မွေးဖွား​လာတယ်။  မိသားစု​ကြောင့်သာ​ ဘုရား​ကို ဝတ်ပြု​တာ မဟုတ်ဘူး။ ဘုရား​နဲ့ ဆက်ဆံရေး​ကောင်း ရှိအောင်  ကိုယ်တိုင်  လုပ်ဆောင်တဲ့​အတွက်​ ဘုရား​ သူ့ကို သိပ်​ချစ်တယ်။ “သူဟာ ငါ​နဲ့ စိတ်သဘောထား​ချင်း ကိုက်ညီ​သူပဲ” လို့ ယေဟောဝါ ပြောတယ်။ (တ. ၁၃:၂၂) ယေဟောဝါနဲ့ ဒါဝိဒ် ဘာကြောင့် ဒီလောက် ရင်းနှီး​တာလဲ။

၁၆။ ဖန်ဆင်းခြင်း​လက်ရာတွေကို ကြည့်ပြီး ယေဟောဝါ​အကြောင်း ဒါဝိဒ် ဘာ​သိလာသလဲ။

၁၆ ဖန်ဆင်းခြင်း​လက်ရာတွေ​ကနေ ယေဟောဝါ​အကြောင်း ဒါဝိဒ် သင်ယူတယ်။ ဒါဝိဒ် ငယ်ငယ်တုန်းက ဖခင်ရဲ့ သိုး​တွေကို ထိန်းကျောင်း​ရင်း ယေဟောဝါရဲ့ ဖန်ဆင်းခြင်း​လက်ရာတွေကို တွေးတော​ဆင်ခြင်ခဲ့​ပုံ​ရတယ်။ ဥပမာ၊ ညဘက်မှာ ကြယ်အတိပြီး​တဲ့ ကောင်းကင်ကို ကြည့်ရင်း ဖန်ဆင်းရှင်ရဲ့ အရည်အသွေးတွေ​အကြောင်း စဉ်းစားမိ​မှာ​ပဲ။ ဒါကြောင့် “ကောင်းကင်က ဘုရား​သခင်ရဲ့ ဂုဏ်​ကျက်သရေ​ကို ကြေညာ​နေတယ်။ အထက်​မိုးကောင်းကင်​က ဘုရား​ရဲ့ လက်ရာတွေ​အကြောင်း ပြောကြား​နေတယ်” လို့ ဒါဝိဒ် ရေးခဲ့တယ်။ (ဆာ. ၁၉:၁၊ ၂) လူတွေ ဖန်ဆင်းခံရ​ပုံကို စဉ်းစားပြီးတော့လည်း ယေဟောဝါရဲ့ ဉာဏ်ပညာ​ကို သိလာတယ်။ (ဆာ. ၁၃၉:၁၄) ယေဟောဝါရဲ့ ဖန်ဆင်းခြင်း​လက်ရာတွေကို ဆင်ခြင်တဲ့​အခါ ဘုရား​​ရှေ့မှာ မိမိ​ဘယ်လောက် သေးနုပ်​ကြောင်း သိလာတယ်။—ဆာ. ၁၃၉:၆

၁၇။ ဖန်ဆင်းရာတွေကို တွေးတော​ဆင်ခြင်ရင် ဘာ​သိလာ​မလဲ။

၁၇ ဘာသင်ခန်းစာ ရသလဲ။ ဖန်ဆင်းရာတွေကို စိတ်ဝင်စားပါ။ ယေဟောဝါ ဖန်ဆင်း​ထားတဲ့ ကမ္ဘာ​ရဲ့ အလှအပ​ကို ခံစားဖို့ အချိန်​ယူပါ။ နေ့စဉ်​ဘဝမှာ ဝန်းကျင်​က သစ်ပင်၊ တိရစ္ဆာန်၊ လူတွေ​စတဲ့ ဖန်ဆင်းရာတွေ​က ယေဟောဝါ​အကြောင်း ဘာသင်ပေးသလဲ​ဆိုတာ တွေးတော​ဆင်ခြင်ပါ။ ဒါဆိုရင် နေ့သစ်​တိုင်း ယေဟောဝါ​အကြောင်း ပို​သိလာ​ပါလိမ့်မယ်။ (ရော. ၁:၂၀) နေ့တိုင်း ဘုရား​ကို ချစ်တဲ့​မေတ္တာ တိုးများ​လာပါလိမ့်မယ်။

၁၈။ ဆာလံ ၁၈ မှာ ဖော်ပြတဲ့​အတိုင်း ဒါဝိဒ် ဘာကို အသိအမှတ်ပြုသလဲ။

၁၈ မိမိကို ယေဟောဝါ ကူညီ​ပေးနေ​ကြောင်း ဒါဝိဒ် သိတယ်။ ဥပမာ၊ ဖခင်ရဲ့ သိုး​တွေကို ခြင်္သေ့​နဲ့ ဝက်ဝံ​ရန်​ကနေ ကယ်​တဲ့အခါ၊ စစ်သူကြီး ဂေါလျတ်ကို ရင်ဆိုင်​တိုက်ခိုက်​တဲ့အခါ မိမိကို ယေဟောဝါ ကူညီပေး​ကြောင်း ဒါဝိဒ် သိတယ်။ (၁ ရှ. ၁၇:၃၇) မနာလို​ဖြစ်နေတဲ့ ဘုရင်​ ရှောလု လက်ကနေ လွတ်​တဲ့အခါ​မှာလည်း မိမိကို ယေဟောဝါ ကယ်တင်​ပေး​ကြောင်း ဒါဝိဒ် သိတယ်။ (ဆာ. ၁၈၊ ထိပ်စီး) မာန​ကြီးသူသာ​ဆိုရင် အဲဒီလို​အောင်မြင်မှု​တွေ​အတွက် ကိုယ့်ကိုယ်ကိုယ် ဂုဏ်တင်​မှာ​ပဲ။ ဒါပေမဲ့ ဒါဝိဒ်ကတော့ နှိမ့်ချတဲ့​အတွက် ယေဟောဝါရဲ့ ကူညီမှု​ကို အသိအမှတ်​ပြုခဲ့တယ်။—ဆာ. ၁၃၈:၆

၁၉။ ဒါဝိဒ်​ဆီကနေ ဘာသင်ယူနိုင်သလဲ။

၁၉ ဘာသင်ခန်းစာ ရသလဲ။ ယေဟောဝါ​ဆီ အကူအညီ တောင်းခံ​ရုံ​ထက်မက လုပ်ဆောင်​ရမယ်။ ဘယ်​အချိန်မှာ ဘယ်လို ကူညီပေး​ကြောင်း အသိအမှတ်​ပြုရမယ်။ ကိုယ့်မှာ အကန့်အသတ်​တွေ ရှိတယ်ဆိုတာ နှိမ့်ချ​စွာ အသိအမှတ်ပြု​မယ်​ဆိုရင် ယေဟောဝါ​ကြောင့်သာ တတ်စွမ်း​နိုင်တာ ဖြစ်ကြောင်း သိလာ​ပါလိမ့်မယ်။ ယေဟောဝါရဲ့ ကူညီမှု​ကို တွေ့မြင်​ရတဲ့အခါ​တိုင်း ဘုရား​နဲ့ ဆက်ဆံရေး ပို​ခိုင်မာ​လာပါလိမ့်မယ်။ ယေဟောဝါကို နှစ်ပေါင်းများစွာ ဝတ်ပြုခဲ့တဲ့ ဖီဂျီ​နိုင်ငံက ညီအစ်ကို အိုင်းဇက် ဒီလို​ပြောတယ်– “ကျမ်းစာ​ စလေ့လာ​ချိန်​ကနေ အခု​အချိန်​ထိ ယေဟောဝါ ကူညီ​ပေးခဲ့တာကို တွေ့ရလို့ ယေဟောဝါဟာ ကျွန်တော့်​အတွက် တကယ့်​ပုဂ္ဂိုလ် ဖြစ်လာတယ်။”

၂၀။ ယေဟောဝါနဲ့ ဆက်ဆံရေး​ကောင်း ရှိလို့ ဒါဝိဒ် ဘာ​အကျိုး​ရသလဲ။

၂၀ ဒါဝိဒ်ဟာ ယေဟောဝါရဲ့ အရည်အသွေးတွေကို တုပတယ်။ ကျွန်တော်တို့ဟာ ယေဟောဝါကို တုပ​နိုင်တဲ့ စွမ်းရည်​နဲ့ ဖန်ဆင်း​ခံ​ထား​ရတယ်။ (က. ၁:၂၆) ယေဟောဝါရဲ့ အရည်အသွေးတွေကို ပို​သိလာ​လေ ပို​တုပ​နိုင်​လေ​ပဲ။ ဒါဝိဒ်ဟာ ကောင်းကင်ဖခင်ကို သိကျွမ်းတဲ့​အတွက် တခြား​သူတွေနဲ့ ဆက်ဆံ​ရာ​မှာ ဘုရား​ကို တုပ​နိုင်ခဲ့တယ်။ ဥပမာ၊ ဒါဝိဒ်ဟာ ယေဟောဝါကို တုပ​ပြီး တခြား​သူတွေကို ကရုဏာ​ပြခဲ့တယ်။ ဒါကြောင့် ဗာသရှေဘ​နဲ့ အိမ်ထောင်ရေး ဖောက်ပြန်၊ သူ့​ယော​က်ျား​ကို လုပ်ကြံပြီး ယေဟောဝါကို ပြစ်မှား​ချိန်မှာ ယေဟောဝါ သူ့ကို ကရုဏာ​ပြခဲ့တယ်။ (၂ ရှ. ၁၁:၁-၄၊ ၁၅) ယေဟောဝါနဲ့ ဆက်ဆံရေး​ကောင်း ရှိတဲ့​အတွက် ဒါဝိဒ်ဟာ အစ္စရေးမှာ အချစ်ခံ​ရတဲ့ ဘုရင်​ ဖြစ်လာ​တယ်။ တခြား​ဘုရင်​တွေကို အကဲဖြတ်​ရာ​မှာ ဒါဝိဒ်​ကို စံ​အဖြစ် ယေဟောဝါ သုံးခဲ့တယ်။—၁ ဘု. ၁၅:၁၁။ ၂ ဘု. ၁၄:၁-၃

၂၁။ ဧဖက် ၄:၂၄ နဲ့ ၅:၁ အရ “ဘုရား​သခင်ကို အတုယူ” ရင် ဘာ​အကျိုး​တွေ ရမလဲ။

၂၁ ဘာသင်ခန်းစာ ရသလဲ။ ဘုရား​သခင်ကို ကျွန်တော်တို့ “အတုယူ” ရမယ်။ ဒါဆိုရင် ကိုယ်တိုင် အကျိုး​ရ​ရုံသာမက ဘုရား​​အကြောင်း ပို​သိလာမယ်။ ဘုရား​ရဲ့ သားသမီးတွေ ဖြစ်လာမယ်။ဧဖက် ၄:၂၄။ ၅:၁ ကိုဖတ်ပါ။

ယေဟောဝါ​အကြောင်း ပို​သိအောင် သင်ယူပါ

၂၂-၂၃။ ယေဟောဝါ​အကြောင်း သိလာတာကို လက်တွေ့​ကျင့်​မယ်​ဆိုရင် ဘာ​အကျိုး​ရမလဲ။

၂၂ ယေဟောဝါဟာ ဖန်ဆင်းခြင်းနဲ့ ကျမ်းစာက​တစ်ဆင့် မိမိ​အကြောင်း ဖော်ပြ​မှန်း ကျွန်တော်တို့ သိခဲ့ရတယ်။ ကျမ်းစာမှာ မောရှေ၊ ဒါဝိဒ် စတဲ့ ကျွန်တော်တို့ တုပ​နိုင်တဲ့ သစ္စာရှိ​ကျေးကျွန်တွေရဲ့ ပုံနမူနာ​တွေ အပြည့်​ပဲ။ ယေဟောဝါ​က မိမိ​အပိုင်းကို လုပ်ဆောင်တယ်။ ကျွန်တော်တို့လည်း ကိုယ့်​အပိုင်းကို လုပ်ဆောင်​ပြီး ယေဟောဝါ​အကြောင်း အတတ်နိုင်ဆုံး သင်ယူ​ရမယ်။

၂၃ ယေဟောဝါ​အကြောင်း သင်ယူ​လို့ မကုန်ဆုံး​နိုင်ဘူး။ (ဒေ. ၃:၁၁) ယေဟောဝါ​အကြောင်း ဘယ်လောက် သိတယ်ဆိုတာ​ထက် သိ​တာ​ကို လက်တွေ့​ကျင့်​ဖို့​က ပို​အရေးကြီးတယ်။ သိ​တာ​ကို လက်တွေ့​ကျင့်​ပြီး မေတ္တာရှင် ဖခင်​ကို တုပမယ်​ဆိုရင် ဘုရား​နဲ့ ဆက်​ရင်းနှီး​နေပါလိမ့်မယ်။ (ယာ. ၄:၈) ဘုရား​က မိမိကို ရှာ​တဲ့​သူတွေကို ဘယ်တော့မှ မစွန့်​ဘူးလို့ ကျမ်းစာက​တစ်ဆင့် အာမခံ​ထားတယ်။

သီချင်း ၈၀ ‘ယေဟောဝါ ကောင်းမြတ်​ကြောင်း မြည်းစမ်း​ကြည့်ပါ’

^ အပိုဒ်၊ 5 လူများစွာက ဘုရား​ ရှိတယ်လို့ ယုံပေမဲ့ ဘုရား​​အကြောင်း မသိကြဘူး။ ယေဟောဝါကို သိတယ်ဆိုတာ ဘာကို ဆိုလိုသလဲ။ ဘုရား​နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ဘယ်လို တည်ဆောက်​ရမယ် ဆိုတာနဲ့​ပတ်သက်ပြီး မောရှေ​နဲ့ ဘုရင်​ ဒါဝိဒ်​ဆီကနေ ဘာသင်ယူနိုင်သလဲ။ အဲဒီ​မေးခွန်းတွေကို ဒီ​ဆောင်းပါး​မှာ အဖြေ​ပေးပါမယ်။