မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၅၀

ယေဟောဝါ သင့်ကို လွတ်မြောက်စေ

ယေဟောဝါ သင့်ကို လွတ်မြောက်စေ

“ပြည်သူပြည်သား​အားလုံး လွတ်လပ်ခွင့်​ရ​ကြောင်း ကြေညာ​ရမယ်။” —ဝတ်. ၂၅:၁၀

သီချင်း ၂၂ နိုင်ငံတော် ရောက်​ရှိပြီ၊ လာပါစေ

အကြို​သုံးသပ်ချက် *

၁-၂။ (က) ယုဘိလ​ဆိုတာ ဘာလဲ။ (“ ယုဘိလ​ဆိုတာ ဘာလဲ” လေးထောင့်ကွက်​ကို ကြည့်ပါ။) (ခ) လုကာ ၄:၁၆-၁၈ မှာ ယေရှု ဘာ​အကြောင်း ပြောခဲ့သလဲ။

နိုင်ငံ​တချို့မှာ ဘုရင်​၊ ဘုရင်​မ​တွေရဲ့ နန်းသက် နှစ် ၅၀ ပြည့် နှစ်ပတ်လည်ပွဲ ကျင်းပ​လေ့​ရှိတယ်။ နှစ် ၅၀ မြောက်​နှစ်ကို ယုဘိလ​လို့ ခေါ်​ကြတယ်။ အဲဒီ​နှစ်ပတ်လည်ပွဲ​တွေဟာ တစ်ရက်၊ တစ်ပတ် ဒါမှမဟုတ် ဒီထက်မက ပို​ကြာနိုင်တယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ မေ့​မေ့ပျောက်​ပျောက် ဖြစ်သွားကြတယ်။

ကျွန်တော်တို့​ကတော့ ပို​ကောင်းတဲ့ ယုဘိလ​အကြောင်း လေ့လာ​ကြပါမယ်။ အဲဒါက ရှေး​အစ္စရေး​ပြည်မှာ နှစ် ၅၀ ပြည့်​တိုင်း တစ်​နှစ်လုံး ကျင်းပတဲ့၊ လွတ်လပ်ခွင့်​ရစေတဲ့ ယုဘိလ​ထက် ပို​ကောင်းတယ်။ အဲဒါကို ကျွန်တော်တို့ ဘာကြောင့် စိတ်ဝင်စားသင့်သလဲ။ ဘာကြောင့်လဲ​ဆိုတော့ ယေဟောဝါ ပြင်ဆင်​ပေးထားတဲ့ အရာကို အမှတ်ရ​စေ​လို့​ပဲ။ အဲဒီ​အရာက ကျွန်တော်တို့ကို ထာဝစဉ် လွတ်လပ်ခွင့် ရစေ​လိမ့်မယ်။ အဲဒီ​လွတ်လပ်မှု​အကြောင်း ယေရှု ပြောခဲ့တယ်။လုကာ ၄:၁၆-၁၈ ကိုဖတ်ပါ။

အစ္စရေး​ခေတ်​က ယုဘိလ​မှာ ကျွန်တွေ ကိုယ့်​မြေ၊ ကိုယ့်​မိသားစု​ဆီ ပြန်​နိုင်တဲ့​အတွက် ပျော်ရွှင်​စ​ရာ​အချိန် ဖြစ်ခဲ့ (စာပိုဒ် ၃ ကို​ကြည့်ပါ) *

၃။ ဝတ်ပြုရာ ၂၅:၈-၁၂ မှာပါတဲ့ ယုဘိလ​နှစ်​ကနေ အစ္စရေး​တွေ ဘယ်လို အကျိုး​ရသလဲ။

ယေရှု ပြောတဲ့ လွတ်လပ်မှု​အကြောင်း ပို​နားလည်ဖို့ ရှေးခေတ်​လူမျိုးတော်​အတွက် ဘုရား​ စီစဉ်​ပေးတဲ့ ယုဘိလ​အကြောင်း အရင်​သုံးသပ်​ကြစို့။ “နှစ် ၅၀ မြောက်​ကို ဘုရား​သခင်​ဆီ ဆက်ကပ်​ပြီး ပြည်သူပြည်သား​အားလုံး လွတ်လပ်ခွင့်​ရ​ကြောင်း ကြေညာ​ရမယ်။ အဲဒီ​နှစ်​ဟာ လွတ်လပ်ခွင့်​ရတဲ့​နှစ် ဖြစ်ပြီး လူတိုင်း ကိုယ့်​မြေ၊ ကိုယ့်​မိသားစု​ဆီ ပြန်ရမယ်” လို့ ယေဟောဝါ ပြောတယ်။ (ဝတ်ပြုရာ ၂၅:၈-၁၂ ကိုဖတ်ပါ။) ပတ်စဉ် ဥပုသ်​ပညတ်​ကနေ အစ္စရေး​တွေ ဘယ်လို အကျိုး​ရခဲ့ကြောင်း ရှေ့​ဆောင်းပါး​မှာ လေ့လာ​ခဲ့တယ်။ ယုဘိလ​ကနေ​ရော အစ္စရေး​တွေ ဘယ်လို အကျိုး​ရခဲ့သလဲ။ အစ္စရေး​တစ်ယောက်ဟာ အကြွေး​နစ်​နေလို့ အကြွေး​ဆပ်ဖို့ မဖြစ်​မနေ မြေ​ရောင်းလိုက်​ရတယ် ဆိုပါစို့။ ယုဘိလ​နှစ်မှာ မြေ​ကို သူ ပြန်​ပိုင်​ရမယ်။ ဒါမှ ‘ကိုယ့်​မြေ​ဆီ ပြန်’ နိုင်မယ်။ နောက်ပိုင်း သားသမီးတွေကို အမွေ​ပေး​နိုင်မယ်။ နောက်​အခြေအနေ​တစ်ခုမှာ လူတစ်ယောက်ဟာ အကြွေး​ဆပ်ဖို့ သားသမီး​တစ်ယောက်ယောက် ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် ကျွန်​အဖြစ် ရောင်းလိုက်​ရတယ် ဆိုပါစို့။ ယုဘိလ​နှစ်မှာ “ကိုယ့်​မိသားစု​ဆီ ပြန်ရမယ်။” ဘယ်သူမှ လွတ်လမ်း မရှိတဲ့ ကျွန်ဘဝ​ကို ရောက်​စ​ရာ မလိုဘူး။ ဒီ​အစီအစဉ်ဟာ လူမျိုးတော်ကို ယေဟောဝါ အလွန်​ဂရုစိုက်​ကြောင်း ဖော်ပြတယ်။

၄-၅။ ရှေးခေတ် ယုဘိလ​နှစ်ကို ကျွန်တော်တို့ ဘာကြောင့် စိတ်ဝင်စားသင့်သလဲ။

ယုဘိလ​ရဲ့ နောက်ထပ် အကျိုးကျေးဇူး​က ဘာလဲ။ “ယေဟောဝါဘုရား​ အမွေ​ပေးမယ့် ပြည်မှာ ခင်ဗျားတို့ကို ယေဟောဝါ ကောင်းချီး​ပေးမှာ သေချာ​လို့ ခင်ဗျားတို့​တစ်ယောက်မှ ဆင်းရဲ​မှာ မဟုတ်ဘူး” လို့ မောရှေ​က​တစ်ဆင့် ယေဟောဝါ ပြောတယ်။ (တရား. ၁၅:၄) ချမ်းသာသူ​တွေ ပို​ချမ်းသာ​ပြီး ဆင်းရဲသားတွေ ပို​ဆင်းရဲ​နေတဲ့ ဒီနေ့​ခေတ်​နဲ့​တော့ တခြား​စီ​ပဲ။

ခရစ်ယာန်တွေဟာ မောရှေ​ပညတ်​အောက်မှာ မရှိတဲ့အတွက် ကျွန်တွေကို လွှတ်​ပေးတာ၊ အကြွေး​တွေကို လျှော်​ပေးတာ၊ အမွေမြေ​ကို ပြန်ပေး​တာ စတဲ့ ရှေးခေတ် ယုဘိလ​အစီအစဉ်ကို လိုက်​စ​ရာ မလို​တော့​ဘူး။ (ရော. ၇:၄။ ၁၀:၄။ ဧ. ၂:၁၅) ဒါပေမဲ့ ယုဘိလ​နှစ်ကို စိတ်ဝင်စားသင့်​တယ်။ ဘာကြောင့်လဲ။ ကျွန်တော်တို့လည်း လွတ်လပ်မှုကို ရရှိ​ခံစားနိုင်​လို့​ပဲ။ အဲဒီ​လွတ်လပ်မှုက အစ္စရေး​တွေ​အတွက် ယေဟောဝါ ပြင်ဆင်​ပေးတာကို အမှတ်​ရစေတယ်။

လွတ်လပ်ခွင့်​ရမယ်လို့ ယေရှု ကြေညာ

၆။ လူတွေ ဘယ်​ကနေ လွတ်မြောက်​ဖို့ လိုသလဲ။

ကျွန်တော်တို့​အားလုံး အပြစ်ရဲ့ ကျွန်​ဖြစ်နေလို့ လွတ်လပ်​ခွင့် ရဖို့ လိုအပ်တယ်။ အပြစ်သားတွေ ဖြစ်လို့ အိုမင်း၊ ဖျားနာ​ပြီး သေကြ​ရတယ်။ အဲဒီ​အဖြစ်မှန်​ကို ဆရာဝန်​ဆီ သွားတဲ့အခါ၊ မှန်​ကြည့်တဲ့အခါ ပို​သိလာ​နိုင်တယ်။ အပြစ်​လုပ်မိတဲ့​အခါမှာလည်း စိတ်ဓာတ်ကျ​ကြတယ်။ တမန်တော် ပေါလုက “ကိုယ်ခန္ဓာ​ထဲမှာ​ရှိနေတဲ့ အပြစ်​တရားရဲ့ ဖမ်းဆီး​ချုပ်နှောင်မှုအောက် ကျွန်တော် ရောက်​သွား” တယ်လို့ ဝန်ခံတယ်။ “ကျွန်တော့်​အဖြစ် ဆိုး​လိုက်တာ။ ဒီလို​အဖြစ်မျိုး​နဲ့ သေဆုံး​စေမယ့် ကိုယ်ခန္ဓာ​ကနေ လွတ်မြောက်​အောင် ဘယ်သူ​ ကယ်တင်​ပေး​မလဲ” လို့ သူ​ဆက်ပြောတယ်။—ရော. ၇:၂၃၊ ၂၄

၇။ လွတ်လပ်မှု​အကြောင်း ဟေရှာယ ဘာ​ကြိုဟောသလဲ။

ဝမ်းသာစရာက ကျွန်တော်တို့ကို အပြစ်​ကနေ လွတ်မြောက်​စေဖို့ ဘုရား​ စီစဉ်​ပေးထားတယ်။ အဲဒီ​လွတ်မြောက်ရေး​မှာ ယေရှု အဓိကကျ​တယ်။ ယေရှု မြေကြီးပေါ် မလာခင် နှစ်ပေါင်း ၇၀၀ ကျော်​လောက်​မှာ ပရောဖက် ဟေရှာယ​က အနာဂတ် လွတ်မြောက်မှု​ကြီး​အကြောင်း ကြိုဟော​တယ်။ အဲဒီ​လွတ်မြောက်မှု​ဟာ အစ္စရေး ယုဘိလ​နှစ်ရဲ့ လွတ်မြောက်မှု​ထက် ပိုသာလွန်​ပါလိမ့်မယ်။ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါရဲ့ စွမ်းအားတော်​က ငါ့​အပေါ်မှာ သက်ရောက်​နေ​တယ်။ နူးညံ့​သိမ်မွေ့​သူတွေဆီ သတင်းကောင်း ကြေညာ​ဖို့ ငါ့ကို ယေဟောဝါ ဘိသိက်ပေး​ထားတယ်။ စိတ်​ကြေကွဲနေသူ​တွေရဲ့ ဒဏ်ရာတွေကို စည်း​ပေးဖို့၊ သုံ့ပန်း​တွေကို လွတ်လပ်ခွင့်​ရတော့မယ့်​အကြောင်း ကြေညာ​ဖို့၊ . . . ငါ့ကို ဘုရား​​စေလွှတ်တယ်” လို့ ဟေရှာယ ရေးတယ်။ (ဟေရှာ. ၆၁:၁) အဲဒီ​ကြိုဟောချက်​က ဘယ်သူနဲ့ သက်ဆိုင်သလဲ။

၈။ လွတ်လပ်မှုနဲ့​ပတ်သက်တဲ့ ဟေရှာယရဲ့ ကြိုဟောချက်​က ဘယ်သူနဲ့ သက်ဆိုင်သလဲ။

လွတ်လပ်မှုနဲ့​ပတ်သက်တဲ့ အဲဒီ​ကြိုဟောချက်​ဟာ ယေရှု အမှုဆောင်​လုပ်ငန်း စပြီး​နောက်မှာ ပြည့်စုံ​လာတယ်။ ဇာတိ​မြို့ နာဇရက်​က တရားဇရပ်မှာ စုဝေး​နေတဲ့ ဂျူးတွေ​ရှေ့ ဟေရှာယရဲ့ အဲဒီ​ကြိုဟောချက်​ကို ယေရှု ဖတ်​ပြတယ်– “ယေဟောဝါရဲ့ စွမ်းအားတော်​က ငါ့​အပေါ်မှာ သက်ရောက်​နေတယ်။ နွမ်းပါး​သူတွေကို သတင်းကောင်း ကြေညာ​ဖို့ ငါ့ကို ဘိသိက်ပေး​ထားတယ်။ သုံ့ပန်း​တွေကို လွတ်လပ်ခွင့် ရတော့မယ့်​အကြောင်း၊ မျက်မမြင်တွေကို ပြန်မြင်​တော့​မယ့်​အကြောင်း၊ ဖိနှိပ်​ခံရသူတွေကို လွတ်မြောက်​တော့​မယ့်​အကြောင်း ကြေညာ​ဖို့ ငါ့ကို ဘုရား​ စေလွှတ်တယ်။ ယေဟောဝါ မျက်နှာသာ​ပေးတဲ့​နှစ်​အကြောင်း ဟောပြောဖို့လည်း ပါတာ​ပေါ့။” ပြီးနောက် အဲဒီ​စကားတွေဟာ မိမိ​နဲ့ သက်ဆိုင်​ကြောင်း ပြောခဲ့တယ်။ (လု. ၄:၁၆-၁၉၊ ၂၁) အဲဒီ​ကြိုဟောချက်​ကို ယေရှု ဘယ်လို ပြည့်စုံ​စေခဲ့သလဲ။

ဦးဆုံး​လွတ်လပ်ခွင့်​ရမယ့်​သူများ

လွတ်လပ်မှု​အကြောင်း နာဇရက်​မြို့ တရားဇရပ်မှာ ယေရှု ကြေညာ (စာပိုဒ် ၈-၉ ကို​ကြည့်ပါ)

၉။ ယေရှု​ခေတ်​က လူများစွာဟာ ဘယ်​လွတ်လပ်မှုကို မျှော်လင့်​ခဲ့​ကြ​ သလဲ။

ယေရှု ဖတ်ပြ​တဲ့ ဟေရှာယရဲ့ ကြိုဟောချက်​ပါ လွတ်လပ်မှုကို ပထမရာစုမှာ စတင် ရရှိခဲ့တယ်။ ဘာကြောင့်လဲ​ဆိုတော့ “ခင်ဗျားတို့ အခု​ကြားရတဲ့ ကျမ်းချက်ဟာ ဒီနေ့ ပြည့်စုံပြီ” လို့ ယေရှု ပြောခဲ့လို့​ပဲ။ (လု. ၄:၂၁) ယေရှု ဖတ်ပြတာကို ကြားတဲ့ လူများစွာက နိုင်ငံရေး အပြောင်းအလဲ ဖြစ်တော့မယ်၊ ရောမ​လက်အောက်ကနေ လွတ်​တော့​မယ်​လို့ ထင်နေ​ကြမှာပဲ။ ယေရှု​တပည့်တွေလည်း အဲဒီလို ထင်ခဲ့ပုံရ​တယ်။ ဘာကြောင့်လဲ​ဆိုတော့ နောက်ပိုင်းမှာ တပည့်​နှစ်ယောက်​က “အစ္စရေး​လူမျိုးကို ကယ်တင်မယ့်သူ​အဖြစ် သူ့ကို ကျွန်တော်တို့ မျှော်လင့်​ခဲ့​တာ” လို့ ပြောခဲ့လို့​ပဲ။ (လု. ၂၄:၁၃၊ ၂၁) ဒါပေမဲ့ ရောမကို ဆန့်ကျင်​ဖို့ နောက်လိုက်​တွေကို ယေရှု အားပေးမယ့်​အစား “ဆီဇာနဲ့​ဆိုင်တာ ဆီဇာ​ကို ပေး” ဖို့ ညွှန်ကြားခဲ့တယ်။ (မ. ၂၂:၂၁) ဒါဆိုရင် အဲဒီအချိန်မှာ လူတွေကို ယေရှု ဘယ်လို လွတ်မြောက်​စေမှာ​လဲ။

၁၀။ ယေရှု​က လူတွေကို ဘယ်​ကနေ လွတ်မြောက်​စေသလဲ။

၁၀ ဘုရား​သခင့် သားတော်ဟာ လူတွေကို နည်း​နှစ်နည်း​နဲ့ လွတ်လပ်​စေခဲ့တယ်။ ပထမ၊ ဘာသာရေး​ခေါင်းဆောင်တွေ​ရဲ့ ဝန်ပိ​စေတဲ့ အယူဝါဒတွေ​ကနေ လွတ်မြောက်​စေတယ်။ အဲဒီခေတ်​က ဂျူး​များစွာဟာ လူ့​ထုံးတမ်း​စဉ်​လာ​နဲ့ မှားယွင်းတဲ့ ယုံကြည်ချက်တွေရဲ့ ကျွန် ဖြစ်နေကြတယ်။ (မ. ၅:၃၁-၃၇။ ၁၅:၁-၁၁) ဘာသာရေး​မှာ ဦးဆောင်လမ်းပြ​သူတွေ​ကိုယ်တိုင် မျက်​ကန်း​လို ဖြစ်နေတယ်။ မေရှိယ​နဲ့ မေရှိယ သွန်သင်​ပေးတဲ့ အမှန်တရားကို ငြင်းပယ်​တဲ့​အတွက် မှောင်မိုက်​မှာ အပြစ်သားတွေ​အဖြစ် ဆက်ရှိ​နေတယ်။ (ယော. ၉:၁၊ ၁၄-၁၆၊ ၃၅-၄၁) စိတ်နှိမ့်ချသူ​တွေ​ကတော့ ယေရှု သင်ပေးတဲ့ အမှန်တရား​နဲ့ ပုံသက်သေ​ကောင်း​ကြောင့် မှားယွင်းတဲ့ သွန်သင်ချက်တွေ​ကနေ လွတ်မြောက်​ကြတယ်။—မာ. ၁:၂၂။ ၂:၂၃–၃:၅

၁၁။ လူတွေကို ယေရှု လွတ်မြောက်​စေတဲ့ ဒုတိယနည်း​က ဘာလဲ။

၁၁ လူတွေကို ယေရှု လွတ်မြောက်​စေတဲ့ ဒုတိယနည်း​ကတော့ အမွေ​ရထားတဲ့ အပြစ်ရဲ့ ကျွန်​ဘဝကနေ လွတ်မြောက်​စေခြင်း ဖြစ်တယ်။ ယေရှု ရွေးဖိုး ပေးခဲ့လို့ ဘုရား​သခင်က ရွေးဖိုး​ကို အခြေခံပြီး ယုံကြည်ခြင်း တင်ပြ​သူတွေ၊ ရွေးဖိုး​ကို လက်ခံသူ​တွေရဲ့ အပြစ်ကို ခွင့်လွှတ်​ပေးတယ်။ (ဟီ. ၁၀:၁၂-၁၈) “သားတော်​ကသာ လွှတ်​ပေးရင် တကယ် လွတ်မြောက်​ကြ​လိမ့်မယ်” လို့ ယေရှု ပြောတယ်။ (ယော. ၈:၃၆) အဲဒီ​လွတ်မြောက်မှု​ဟာ အစ္စရေး ယုဘိလ​ရဲ့ လွတ်လပ်မှု​ထက် ပို​ကြီးမြတ်တယ်။ ဥပမာ၊ ယုဘိလ​နှစ်မှာ လွတ်လပ်ခွင့်​ရသူ​တစ်ယောက်ဟာ ကျွန်ဘဝ​ကို ပြန်ရောက်​နိုင်ပြီး နောက်ဆုံးမှာ သေဆုံး​ရမယ်။ ဒါပေမဲ့ ယေရှု ပေးတဲ့ လွတ်လပ်မှုကတော့ ထာဝစဉ် တည်​တယ်။

၁၂။ ယေရှု ကြေညာ​တဲ့ လွတ်လပ်မှုက​နေ ဘယ်သူတွေ ဦးဆုံး အကျိုး​ရသလဲ။

၁၂ အေဒီ ၃၃၊ ပင်တေကုတ္တေ​ပွဲနေ့မှာ တမန်တော်တွေ​နဲ့ တခြားသစ္စာရှိ အမျိုးသား/သမီးတွေကို သန့်ရှင်းသော စွမ်းအားတော်​အားဖြင့် ယေဟောဝါ ဘိသိက်ပေး​ခဲ့တယ်။ သူတို့ကို သားတွေ​အဖြစ် မွေးစား​လိုက်တဲ့​အတွက် အချိန်တန်​တဲ့အခါ ယေရှုနဲ့အတူ အုပ်စိုး​ဖို့ ကောင်းကင်ကို ထမြောက်​ကြ​လိမ့်မယ်။ (ရော. ၈:၂၊ ၁၅-၁၇) သူတို့ဟာ နာဇရက်​မြို့ တရားဇရပ်မှာ ယေရှု ကြေညာ​တဲ့ လွတ်လပ်မှုက​နေ ဦးဆုံး အကျိုး​ရသူတွေ ဖြစ်တယ်။ ဂျူး​ဘာသာရေး​ခေါင်းဆောင်တွေ​ရဲ့ မှားယွင်းတဲ့ သွန်သင်ချက်တွေ၊ ကျမ်းစာနဲ့ မညီတဲ့ ထုံးတမ်း​တွေရဲ့ ကျွန်​ဘဝကနေ လွတ်မြောက်​လာကြတယ်။ သေစေ​နိုင်တဲ့ အပြစ်​ကနေ​လည်း သူတို့ လွတ်မြောက်ပြီလို့ ဘုရား​ သတ်မှတ်တယ်။ ခရစ်တော်ရဲ့ နောက်လိုက်​တွေကို ဘိသိက်ပေး​တဲ့ အေဒီ ၃၃ မှာ ပုံဆောင် ယုဘိလ အစပြု​ခဲ့တယ်။ ယေရှုရဲ့ အနှစ်​တစ်ထောင် အုပ်ချုပ်မှု အဆုံး​မှာ ပုံဆောင် ယုဘိလ အဆုံးတိုင်​မယ်။ အဲဒီအချိန်မှာ ဘာတွေ ပြီးမြောက်​နေ​မလဲ။

လူသန်းပေါင်း​များစွာ လွတ်မြောက်​ဦး​မယ်

၁၃-၁၄။ ယေရှု ကြေညာ​တဲ့ လွတ်လပ်မှုကို ဘိသိက်ခံ​တွေ​အပြင် ဘယ်သူတွေ ရနိုင်​သေးသလဲ။

၁၃ ဒီနေ့​ခေတ်မှာ လူမျိုး​အသီးသီး​ထဲ​က ထွက်လာတဲ့ စိတ်​ရိုး​ဖြောင့်​သူ သန်းပေါင်း​များစွာဟာ “တခြား​သိုး​တွေ” ဖြစ်တယ်။ (ယော. ၁၀:၁၆) သူတို့ဟာ ကောင်းကင်မှာ ယေရှုနဲ့အတူ အုပ်ချုပ်​ဖို့ ရွေးချယ်​မခံရ​ဘူး။ မြေကြီး​ပေါ်မှာ ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်​နေကြတယ်။ သင်​ကော အဲဒီလို မျှော်လင့်​နေသလား။

၁၄ ဘိသိက်ခံ​တွေ ရ​နေတဲ့ ကောင်းချီး​တချို့ကို သင်လည်း ခံစား​နေရ​ပါတယ်။ ယေရှု သွန်းလောင်း​တဲ့ သွေး​ကို ယုံကြည်တဲ့​အတွက် အပြစ်တွေ ခွင့်လွှတ်​ခံရဖို့ ဆုတောင်း​နိုင်တယ်။ အပြစ်​ခွင့်လွှတ်​ခံရတဲ့​အခါ ကြည်လင်​တဲ့ သိစိတ်​ရှိပြီး ဘုရား​ရဲ့ မျက်နှာသာ ရနိုင်တယ်။ (ဧ. ၁:၇။ ဗျာ. ၇:၁၄၊ ၁၅) ကျမ်းစာနဲ့ မညီတဲ့ ယုံကြည်ချက်တွေ​ကနေ လွတ်မြောက်​ရတဲ့ ကောင်းချီးတွေကိုလည်း စဉ်းစားကြည့်ပါ။ ‘အမှန်တရားကို သိ​ရလိမ့်မယ်။ အဲဒီ​အမှန်တရားက ခင်ဗျားတို့ကို လွတ်မြောက်​စေ​လိမ့်မယ်’ လို့ ယေရှု ပြောတယ်။ (ယော. ၈:၃၂) အဲဒီလို​ လွတ်လပ်မှုကို ရထားတဲ့​အတွက် တကယ့်ကို ဝမ်းသာစရာ​ပါပဲ။

၁၅။ အနာဂတ်မှာ ဘယ်​လွတ်လပ်မှုနဲ့ ကောင်းချီးတွေကို မျှော်လင့်​နိုင်သလဲ။

၁၅ ပို​ကြီးမြတ်တဲ့ လွတ်လပ်မှုကို သင် မျှော်လင့်​နိုင်တယ်။ မကြာခင် မှားယွင်းတဲ့ ဘာသာတရား​နဲ့ အကျင့်ပျက်​ခြစား​တဲ့ လူ့​အုပ်ချုပ်မှုကို ယေရှု ဖျက်ဆီး​ပါတော့မယ်။ ဘုရား​သခင်က မိမိကို ဝတ်ပြုတဲ့ “လူအုပ်ကြီး” ကို ကာကွယ်​ပြီး မြေကြီး​ပရဒိသုမှာ ကောင်းချီးတွေ ပေးပါလိမ့်မယ်။ (ဗျာ. ၇:၉၊ ၁၄) လူများစွာ ထမြောက်​လာပြီး အာဒံ့​အပြစ်ရဲ့ ဆိုးကျိုး​တွေ​ကနေ လွတ်မြောက်ခွင့် ရ​ကြပါလိမ့်မယ်။—တ. ၂၄:၁၅

၁၆။ လူသားတွေ​အတွက် ပို​ကြီးမြတ်တဲ့ ဘယ်​လွတ်လပ်မှု စောင့်ကြို​နေသလဲ။

၁၆ အနှစ်​တစ်ထောင်​အတွင်း ယေရှုနဲ့ တွဲဖက်​အုပ်ချုပ်သူ​တွေဟာ လူသားတွေကို ပြီးပြည့်စုံတဲ့ ကျန်းမာရေး ရစေဖို့၊ ဘုရား​ရဲ့ သားတွေ ပြန်ဖြစ်​လာစေဖို့ ကူညီ​ပေးပါလိမ့်မယ်။ အဲဒီ​အချိန်ဟာ အစ္စရေး​ခေတ်​က ယုဘိလ​နဲ့ ဆင်တူ​ပါလိမ့်မယ်။ မြေကြီး​ပေါ်မှာ ယေဟောဝါကို သစ္စာရှိ​ရှိ ဝတ်ပြု​နေ​သူ​အားလုံး ပြည့်ဝ​စုံလင်​လာပြီး အပြစ်​ကနေ လွတ်မြောက်​ကြပါလိမ့်မယ်။

ကမ္ဘာသစ်မှာ အကျိုးရှိ​ပြီး ကျေနပ်မှု​ဖြစ်စေတဲ့ အလုပ်တွေကို လုပ်ရမယ် (စာပိုဒ် ၁၇ ကို​ကြည့်ပါ)

၁၇။ ဟေရှာယ ၆၅:၂၁-၂၃ မှာ ဘုရား​​လူမျိုး​အတွက် ဘာ​ကြိုဟော​ထားသလဲ။ (မျက်နှာဖုံး​ပုံကို ကြည့်ပါ။)

၁၇ မြေကြီး​အသက်တာနဲ့​ပတ်သက်တဲ့ ကြိုဟောချက်​ကို ဟေရှာယ ၆၅:၂၁-၂၃ မှာ တွေ့ရတယ်။ (ဖတ်ပါ။) အလုပ်အကိုင် မရှိဘဲ ပျင်းရိ​ငြီးငွေ့စရာ ဘဝမျိုး မဟုတ်ဘူး။ အဲဒီအချိန်မှာ ဘုရား​​လူမျိုးဟာ အကျိုး​ရှိတဲ့ ကျေနပ်စရာ အလုပ်တွေ လုပ်ကြမယ်​လို့ ကျမ်းစာမှာ ဖော်ပြ​ထားတယ်။ အနှစ်​တစ်ထောင် ကုန်​တဲ့အခါ “ဖန်ဆင်းရာတွေဟာ ဖောက်ပြန်​ပျက်စီးခြင်းရဲ့ ကျွန်​ဘဝကနေ လွတ်မြောက်ပြီး ဘုရား​သခင့် သားသမီးတွေရဲ့ ဘုန်းအသရေ​နဲ့ ပြည့်စုံတဲ့ လွတ်လပ်မှုကို ခံစား​ရမယ်။”—ရော. ၈:၂၁

၁၈။ ကျွန်တော်တို့​အတွက် တောက်ပတဲ့ အနာဂတ် စောင့်ကြို​နေတယ်လို့ ဘာကြောင့် စိတ်ချ​နိုင်သလဲ။

၁၈ ယေဟောဝါ​က အစ္စရေး​ခေတ်မှာ​လို​ပဲ လာမယ့် ခရစ်တော်ရဲ့ အနှစ်​တစ်ထောင် အုပ်ချုပ်မှု​မှာလည်း အလုပ်​လုပ်တာ​နဲ့ အနား​ယူတာ​ကို မျှမျှတတ ရှိအောင် စီစဉ်​ပေးပါလိမ့်မယ်။ ဝတ်ပြုရေး​အတွက်လည်း အချိန်​ရှိ​မှာ သေချာတယ်။ ဝတ်ပြုရေးဟာ အခု​ချိန်မှာ ကျွန်တော်တို့ကို ပျော်ရွှင်​စေတဲ့ အဓိက​အကြောင်းရင်း ဖြစ်သလို ကမ္ဘာသစ်မှာ​လည်း ဖြစ်ပါလိမ့်မယ်။ ယုံကြည်ခြင်း​ရှိသူ​အားလုံးဟာ ခရစ်တော်ရဲ့ အနှစ်​တစ်ထောင် အုပ်ချုပ်မှု​အတွင်း ဘုရား​ကို ဝတ်ပြု​ရင်း၊ ကျေနပ်စရာ​အလုပ်တွေ လုပ်ဆောင်​ရင်း ပျော်ရွှင်​ကြပါလိမ့်မယ်။

သီချင်း ၁၄၂ မျှော်လင့်ချက်ကို ကိုင်စွဲ​ထားခြင်း

^ အပိုဒ်၊ 5 ရှေး​အစ္စရေး​ပြည်မှာ လွတ်လပ်ခွင့်​ ရ​ကြောင်း ကြေညာ​ဖို့ အထူး​အစီအစဉ်​တစ်ခုကို ယေဟောဝါ ပြုလုပ်ခဲ့တယ်။ အဲဒါကတော့ ယုဘိလ၊ တစ်နည်းအားဖြင့် လွတ်လပ်ခွင့်​ရတဲ့​နှစ် ဖြစ်တယ်။ ခရစ်ယာန်တွေဟာ မောရှေ​ပညတ်​အောက်မှာ မရှိပေမဲ့ ယုဘိလ​ဟာ ကျွန်တော်တို့​အတွက် အဓိပ္ပာယ်​ရှိတယ်။ ရှေး​ယုဘိလ​ နှစ်​ဟာ ကျွန်တော်တို့​အတွက် ယေဟောဝါရဲ့ ပြင်ဆင်​ပေး​ချက်​တစ်ခုကို ဘယ်လို အမှတ်​ရစေ​ကြောင်း၊ အဲဒီ​ပြင်ဆင်​ပေး​ချက်​ကနေ ဘယ်လို အကျိုး​ရ​နိုင်ကြောင်း ဒီ​ဆောင်းပါး​မှာ လေ့လာပါ​မယ်။

^ အပိုဒ်၊ 61 ပုံ​အညွှန်း– ယုဘိလ​နှစ်​အတွင်း ကျွန်တွေ လွတ်လပ်ခွင့်​ရပြီး ကိုယ့်​မြေ၊ ကိုယ့်​မိသားစု​ဆီ ပြန်​နိုင်တယ်။