မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“အရာရာအတွက် ကျေးဇူးတော်ကို ချီးမွမ်းကြပါ”

“အရာရာအတွက် ကျေးဇူးတော်ကို ချီးမွမ်းကြပါ”

သင့်ကိုယ်သင် ကျေးဇူး​သိ​တတ်​သူ​လို့ မြင်သလား။ ယောက်တိုင်း ကိုယ့်ကိုယ်ကိုယ် အဲဒီလို မေးသင့်တယ်။ ကျွန်တော်တို့​ခေတ်မှာ “ကျေးဇူးကန်းသူ” များ​လာမယ်လို့ ကျမ်းစာ ကြိုဟော​ထားတယ်။ (၂ တိ. ၃:၂) အရာအားလုံးကို ရထိုက်​လို့ ရတာ​ဆိုပြီး ထင်တဲ့​သူတွေကို သင် တွေ့ဖူး​မှာ​ပဲ။ ဘာ​အတွက်​မှ ကျေးဇူးတင်စရာ မလိုဘူးလို့ သူတို့ ယူဆကြတယ်။ အဲဒီလို လူတွေ​နား​မှာ နေရတာ မပျော်​ဘူး မဟုတ်လား။

ယေဟောဝါရဲ့ ကျေးကျွန်တွေ​ကတော့ “ကျေးဇူး​သိ​တတ်ကြ​ပါ၊” “အရာရာ​အတွက် ကျေးဇူးတော်ကို ချီးမွမ်း​ကြပါ” လို့ အားပေးခံရ​တယ်။ (ကော. ၃:၁၅။ ၁ သက်. ၅:၁၈) ကျေးဇူး​ သိတတ်တဲ့ သဘောထားကို မွေးမြူခြင်းက ကျွန်တော်တို့​အတွက် အကျိုး​ရှိတယ်။ အဲဒီသဘောထားကို မွေးမြူသင့်တဲ့ အကြောင်းရင်း​များစွာ ရှိတယ်။

ကျေးဇူး​သိတတ်ခြင်း​ဟာ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်​စိတ် ရှိစေ

ကျေးဇူး​သိတတ်တဲ့ သဘောထားကို မွေးမြူသင့်တဲ့ အဓိက အကြောင်းရင်း​တစ်ခုက ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်​စိတ် ရှိစေ​နိုင်လို့ပဲ။ ကျေးဇူးတင်​တတ်​သူ​ရော ကျေးဇူးတင်​ခံရသူ​ပါ ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်​တတ်လာတယ်။ ဒီ​ဥပမာ​ကို စဉ်းစားကြည့်ပါ။ တစ်ယောက်ယောက်​က သင့်အတွက် တစ်ခုခု လုပ်ပေးတဲ့​အခါ သင့်ကို ဂရုစိုက်လို့၊ သင်​ရသင့်တယ်​လို့ ထင်​လို့ လုပ်ပေးတာ​ဖြစ်တယ်။ အဲဒီ​အတွက် သင်​ပျော်ရွှင်​မိ​မှာ​ပဲ။ ရုသ​အကြောင်း စဉ်းစားကြည့်ပါ။ ဗောဇ​က ရုသ​အပေါ် ရက်ရော​တယ်။ ကိုယ့်ကို ဂရုစိုက်​သူ​ရှိ​မှန်း သိလိုက်​ရလို့ ရုသ သိပ်​ပျော်​မှာ​ပဲ။—ရု. ၂:၁၀-၁၃

အထူးသဖြင့် ဘုရား​သခင်ကို ကျွန်တော်တို့ ကျေးဇူးတင်သင့်တယ်။ ဘုရား​ ပေးထားတဲ့၊ ပေးနေတဲ့ ဆုကျေးဇူး​တွေကို တစ်ခါတလေ သင်​စဉ်းစားမိ​မှာ​ပဲ။ (တရား. ၈:၁၇၊ ၁၈။ တ. ၁၄:၁၇) ဒါပေမဲ့ သင်နဲ့ သင်​ချစ်ရ​သူတွေ​အပေါ် ဘုရား​ရဲ့ ကောင်းမြတ်မှုကို ခဏတစ်ဖြုတ် စဉ်းစားရုံသာမက အချိန်​ယူ တွေးတောပါ။ ဘုရား​သခင့် ရက်ရောမှု​ကို တွေးတောခြင်းက ကျေးဇူးတင်​လေးမြတ်စိတ် တိုးများ​စေတယ်။ သင့်ကို ဘုရား​ ဘယ်လောက် ချစ်​ပြီး တန်ဖိုး​ထားကြောင်း ပို​သိလာ​စေတယ်။—၁ ယော. ၄:၉

ဘုရား​ရဲ့ ရက်ရောမှု​နဲ့ ကောင်းချီးတွေ​အကြောင်း စဉ်းစား​ရုံ၊ တွေးတောရုံ ​လောက်သာ မဟုတ်ဘဲ ကျေးဇူးတင်​စကား ပြောပါ။ (ဆာ. ၁၀၀:၄၊ ၅) “ကျေးဇူးတင်ကြောင်း ဖော်ပြခြင်းက လူတွေကို ပျော်ရွှင်​စေတယ်” လို့ အဆို​ရှိတယ်။

ကျေးဇူးတင်​ခြင်းက လူတွေကို ပို​ရင်းနှီး​လာ​စေ

ကျေးဇူးတင်သင့်တဲ့ နောက်​အကြောင်းရင်း​တစ်ခုက မိတ်ဆွေ​နှောင်ကြိုး​ကို ပို​ခိုင်မြဲ​စေ​လို့​ပဲ။ ကျွန်တော်တို့​အားလုံး တန်ဖိုးထား​လေးမြတ်​ခံချင်ကြတယ်။ တစ်ယောက်ယောက်ရဲ့ ကြင်နာတဲ့ လုပ်ရပ်​အတွက် စိတ်ရင်းမှန်နဲ့ ကျေးဇူးတင်တဲ့​အခါ သင်တို့​နှစ်ယောက် ပို​ရင်းနှီး​လာပါလိမ့်မယ်။ (ရော. ၁၆:၃၊ ၄) ကျေးဇူး​သိ​တတ်​သူတွေဟာ ကူညီ​ရိုင်းပင်း​တတ်​သူတွေ ဖြစ်ဖို့​များတယ်။ ကိုယ့်​အပေါ် ပြ​တဲ့ ကြင်နာမှု​ကို သတိပြုမိ​ပြီး ကြင်နာမှု ပြန်​ပြ​တတ်ကြတယ်။ တခြား​သူတွေကို ကူညီခြင်းက ပျော်ရွှင်​စေတယ်။ “ရယူခြင်း​ထက် ပေးကမ်းခြင်းက ပို​ပျော်ရွှင်​စေတယ်” လို့ ယေရှု ပြောခဲ့သလို​ပါပဲ။—တ. ၂၀:၃၅

ကယ်လီဖိုးနီးယား တက္ကသိုလ်၊ တွဲဖက်​ဒါရိုက်တာ ရောဘတ် အီ​မွန်​က ကျေးဇူး​သိတတ်ခြင်း​အကြောင်း လေ့လာ​ခဲ့တယ်။ သူ ဒီလို​ပြောတယ်– “ကျေးဇူး​သိ​တတ်​သူတွေ​ဖြစ်ဖို့ ကျွန်တော်တို့ အချင်းချင်း​ဟာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ​ပဲ​ ဆိုတာ နားလည်​ရမယ်။ အပေးအယူ ရှိရမယ်။” ကျွန်တော်တို့ရဲ့ အသက်ဟာ တခြား​သူတွေရဲ့ ထောက်မမှု​အပေါ် နည်းလမ်း​များစွာနဲ့ မှီခို​နေ​ရတယ်။ ဥပမာ၊ အစားအစာ၊ ဆေးဝါး​ထောက်မမှု​တွေ ဖြစ်နိုင်တယ်။ (၁ ကော. ၁၂:၂၁) ကျေးဇူး​သိ​တတ်​သူတွေဟာ မိမိ​အတွက် တခြားသူတွေ လုပ်ပေးတာ​ကို ကျေးဇူးတင်​လေးမြတ်တယ်။ သင့်​မှာ ကျေးဇူးတင်​တတ်တဲ့ အကျင့် ရှိသလား။

ကျေးဇူး​သိတတ်ခြင်း​နဲ့ ဘဝ​အမြင်

ကျေးဇူး​သိစိတ် မွေးမြူသင့်တဲ့ နောက်​အကြောင်းရင်း​တစ်ခုက မကောင်းတာ​ထက် ကောင်းတာကို အာရုံစိုက်​စေ​လို့​ပဲ။ လူ့​စိတ်ဟာ ဆန်ခါ​နဲ့​တူတယ်။ လိုချင်တာ​ကို ယူပြီး မလိုချင်တာကို ပစ်လိုက်​တတ်တယ်။ ကျေးဇူး​သိ​တတ်​သူဟာ ပြဿနာတွေကို ဖယ်ထုတ်​ပြီး ကောင်းတာတွေကိုပဲ အာရုံစိုက်​တယ်။ ကျေးဇူးတင်​တတ်​လေ ပို​အကောင်းမြင်​လေ၊ အကောင်းမြင်​လေ ပို​ကျေးဇူးတင်​တတ်​လေ ဖြစ်လာတယ်။ ကျေးဇူးတင်​ရမယ့်​အရာတွေကို အာရုံစိုက်​တဲ့​အတွက် “ဘုရား​သခင်​ကြောင့် အမြဲ ဝမ်းမြောက်” နိုင်ကြတယ်။—ဖိ. ၄:၄

ကျေးဇူး​သိတတ်ခြင်း​က အပျက်သဘော မဝင်​ဖို့ ကူညီ​ပေးတယ်။ ကျေးဇူးတင်စိတ်​ရှိသူဟာ တစ်ချိန်တည်းမှာ မနာလို​ဖြစ်တာ၊ ဝမ်းနည်း​တာ၊ ဒေါသ​ထွက်တာ​တွေ ဖြစ်မှာ မဟုတ်ဘူး။ ကျေးဇူးတင်​တတ်​သူဟာ ရုပ်ပစ္စည်း မ​မက်မော​ဘူး။ ကိုယ့်မှာ ရှိတာ​လေး​ကို တန်ဖိုး​ထားတယ်။ ထပ်​ရဖို့​ချည်း​ပဲ မစဉ်းစားဘူး။—ဖိ. ၄:၁၂

ရထားတဲ့ ကောင်းချီးတွေကို ရေတွက်​ပါ

ဒီ​နောက်ဆုံး​ကာလမှာ အခက်အခဲ​တွေ​ကြောင့် သင် စိတ်ဓာတ်ကျ​သွားတာမျိုး စာတန် မြင်​ချင်တယ်။ သင့်​မှာ အပျက်သဘော၊ ညည်းညူ​ပြစ်တင်​တဲ့သဘော​တွေ ဝင်လာ​ရင် စာတန် သိပ်​ပျော်​မှာ​ပဲ။ အဲဒီသဘောထား​က ဟောပြော​ခြင်း​လုပ်ငန်းမှာ ထိရောက်​ဖို့ ခက်​စေနိုင်တယ်။ ကျေးဇူး​သိတတ်ခြင်း​ဟာ ဘုရား​​ပေးထားတဲ့ ကောင်းမြတ်​ရာတွေ​ကြောင့် ဝမ်းမြောက်ခြင်း၊ ဘုရား​​ကတိ​တွေကို ယုံကြည်ခြင်း​ဆိုတဲ့ စွမ်းအားတော် အရည်အသွေးတွေ​နဲ့ ဆက်စပ်​နေတယ်။—ဂလ. ၅:၂၂၊ ၂၃

ယေဟောဝါရဲ့ လူမျိုး​ဖြစ်တဲ့အတွက် ကျေးဇူး​သိတတ်ခြင်း​နဲ့​ပတ်သက်ပြီး ဒီ​ဆောင်းပါး​မှာပါတဲ့ အချက်တွေကို သင် သဘောတူ​မှာပါ။ ကျေးဇူး​သိတတ်ခြင်း၊ အကောင်းမြင်​စိတ် ရှိခြင်းဟာ အလိုလို ဖြစ်မလာ​ပါဘူး။ ဒါပေမဲ့ စိတ်ဓာတ်​မကျပါနဲ့။ ကျေးဇူးတင်စိတ်​ကို မွေးမြူ​ပြီး ထိန်းသိမ်း​နိုင်ပါတယ်။ ဘယ်လို​နည်းနဲ့လဲ။ နေ့တိုင်း ဘဝမှာ ကျေးဇူးတင်​နိုင်တဲ့ အချက်တွေကို အချိန်​ယူ တွေးတောပါ။ အဲဒီလို တွေးတော​လေ ကျေးဇူးတင်စိတ် ပိုပြီး ပေါ်လာ​လေ​ဖြစ်မယ်။ အဲဒါက ဒုက္ခတွေကိုပဲ အာရုံစိုက်သူ​တွေ​ထက် ပို​ပျော်ရွှင်​စေတယ်။ သင့်ကို အားပေးဖို့၊ ပျော်ရွှင်​စေဖို့ ယေဟောဝါနဲ့ တခြားသူတွေ လုပ်ပေးတဲ့ ကောင်းမြတ်​ရာတွေကို တွေးတောပါ။ အဲဒါတွေကို ရေးမှတ်​ထားပါ။ နေ့တိုင်း ကျေးဇူးတင်စရာ နှစ်ခု သုံးခုကို ထည့်​ရေးနိုင်​တယ်။

“ကျေးဇူးတင်​တတ်တဲ့ အကျင့်​ဟာ ဦးနှောက်ရဲ့ လုပ်ဆောင်မှုကို ပြောင်းလဲ​စေတဲ့​အတွက် ဘဝကို ပို​အကောင်းမြင်​တတ်လာတယ်” လို့ လေ့လာသူတွေ ပြော​ကြတယ်။ ကျေးဇူး​သိ​တတ်​သူဟာ ပို​ပျော်ရွှင်တယ်။ ဒါကြောင့် သင့်ရဲ့ ကောင်းချီးတွေကို ရေတွက်​ပါ။ ဘဝမှာ ကောင်းတာတွေကို ပျော်မွေ့​ခံစားပါ။ အမြဲ ကျေးဇူးတင်​တတ်​ပါ။ ကောင်းမြတ်​ရာတွေကို ပေါ့ပေါ့တန်တန် သဘောထား​မယ့်​အစား ‘ကောင်းမြတ်တဲ့​ဘုရား​ ယေဟောဝါကို ကျေးဇူးတင်​ကြပါ။’ မှန်ပါတယ်။ “အရာရာ​အတွက် ကျေးဇူးတော်ကို ချီးမွမ်း​ကြပါ။”—၁ ရာ. ၁၆:၃၄။ ၁ သက်. ၅:၁၈