မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၄၉

အလုပ်လုပ်ရမယ့်အချိန်၊ အနားယူရမယ့်အချိန် ရှိတယ်

အလုပ်လုပ်ရမယ့်အချိန်၊ အနားယူရမယ့်အချိန် ရှိတယ်

“လူသူမရှိ​တဲ့​နေရာဆီ သွားပြီး ခဏတစ်ဖြုတ် နား​ရအောင်။”—မာ. ၆:၃၁

သီချင်း ၁၄၃ ဆက်​မှု​တော်​ဆောင်​ကာ စောင့်ဆိုင်း​နေပါ

အကြို​သုံးသပ်ချက် *

၁။ အလုပ်နဲ့​ပတ်သက်ပြီး လူများစွာ ဘယ်လို သဘောထားကြသလဲ။

သင် နေထိုင်တဲ့ ဒေသမှာ လူအများစုက အလုပ်ကို ဘယ်လို သဘောထားကြသလဲ။ နိုင်ငံ​များစွာမှာ လူတွေက အရင်ကထက် အလုပ် ပို​လုပ်​လာကြတယ်။ အနားယူဖို့၊ ဘုရား​ရေးရာ လိုအပ်ချက်​တွေ ဖြည့်ဆည်း​ဖို့၊ မိသားစုကို အချိန်​ပေးဖို့ မ​အား​ကြ​တော့​ဘူး။ (ဒေ. ၂:၂၃) လူတချို့​ကျတော့ လုံးဝ အလုပ်​မ​လုပ်ချင်​လို့ ဆင်ခြေ​တွေ​ပေး​ကြတယ်။—ပညာ. ၂၆:၁၃၊ ၁၄

၂-၃။ အလုပ်နဲ့​ပတ်သက်ပြီး ယေဟောဝါနဲ့ ယေရှု ဘယ်လို ပုံသက်သေ ချမှတ်​ခဲ့သလဲ။

လောကမှာ​ရှိတဲ့ လူတွေက အလုပ်အပေါ် မမျှတတဲ့ သဘောထား ရှိပေမဲ့ ယေဟောဝါနဲ့ ယေရှု ဘယ်လို သဘောထားကြောင်း သုံးသပ်​ကြည့်ပါ။ ယေဟောဝါ​က အလုပ်လုပ်​ရတာကို နှစ်သက်တယ်။ “ကျွန်တော့်ရဲ့ အဖ​ဘုရား​ဟာ အခု​ချိန်​ထိ အလုပ်လုပ်​နေတုန်းပဲ။ ကျွန်တော်လည်း အလုပ်​လုပ်မှာ​ပဲ” လို့ ယေရှု ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။ (ယော. ၅:၁၇) ယေဟောဝါ​က မရေတွက်​နိုင်တဲ့ နာမ်ဝိညာဉ်သတ္တဝါတွေနဲ့ စကြဝဠာကြီး​ကို ဖန်ဆင်းခဲ့တယ်။ လှပတဲ့ ကမ္ဘာမြေပေါ်မှာ​လည်း ဘုရား​ရဲ့ ဖန်ဆင်းခြင်း လက်ရာတွေ အပြည့်​ပဲ။ “ယေဟောဝါဘုရား​၊ ကိုယ်တော့်​လုပ်ဆောင်မှုတွေ များ​လိုက်တာ။ ဒါတွေ​အားလုံးကို ဉာဏ်ပညာနဲ့ ဖန်ဆင်း​ထားတယ်။ ကမ္ဘာမြေဟာ ကိုယ်တော့်​လက်ရာတွေနဲ့ ပြည့်​နေတယ်” လို့ ဆာလံဆရာ ပြောတယ်။—ဆာ. ၁၀၄:၂၄

ယေရှုဟာ ဖခင်​ကို တုပတယ်။ “ကောင်းကင်ကို ဘုရား​ ပြင်ဆင်​တဲ့အခါ” “ကျွမ်းကျင်လုပ်သား​အဖြစ်” ကူညီ​ပေးတယ်။ (ပညာ. ၈:၂၇-၃၁) နောက်ပိုင်း မြေကြီးပေါ် ရောက်လာတဲ့​အခါမှာ ယေဟောဝါ စေခိုင်း​တဲ့ အလုပ်ကို အကောင်းဆုံး လုပ်ဆောင်ခဲ့တယ်။ အဲဒီ​အလုပ်​က ယေရှု​အတွက် စားစရာ​လို ဖြစ်တယ်။ ယေရှု လုပ်ဆောင်သမျှ​က သူဟာ ဘုရား​ စေလွှတ်​သူ ဖြစ်ကြောင်း သက်သေထူ​တယ်။—ယော. ၄:၃၄။ ၅:၃၆။ ၁၄:၁၀

၄။ အနားယူခြင်း​နဲ့​ပတ်သက်ပြီး ယေဟောဝါနဲ့ ယေရှု ဘယ်လို ပုံသက်သေ ချမှတ်​ခဲ့သလဲ။

အလုပ် ကြိုးစားတဲ့ ယေဟောဝါနဲ့ ယေရှုရဲ့ ပုံသက်သေ​က ကျွန်တော်တို့ အနားယူဖို့ မလိုဘူးလို့ ဆိုလိုတာလား။ မဆိုလို​ပါဘူး။ ယေဟောဝါဟာ ဘယ်တော့မှ မမော​ပန်း​တဲ့​အတွက် အနားယူဖို့ မလိုဘူး။ ဒါပေမဲ့ ကောင်းကင်နဲ့ မြေကြီး​ကို ဖန်ဆင်း​ပြီးနောက် “အလုပ်​မ​လုပ်​တော့ဘဲ အနားယူ​နေတယ်” လို့ ကျမ်းစာ ပြောတယ်။ (ထွ. ၃၁:၁၇) အဲဒါက ဖန်ဆင်းခြင်း​အလုပ်ကို ရပ်နား​ပြီး အဲဒီ​အလုပ်​ကနေ ကျေနပ်​မှု ခံ​စားတာကို ဆိုလိုတယ်။ ယေရှုလည်း မြေကြီးပေါ်ရှိ​စဉ် အလုပ်​ကြိုးစား​ခဲ့​ပေမဲ့ အနားယူဖို့၊ မိတ်ဆွေတွေနဲ့ စားသောက်ဖို့ အချိန်ပေး​တယ်။—မ. ၁၄:၁၃။ လု. ၇:၃၄

၅။ ဘုရား​​လူမျိုး​အတွက် ဘာ​အခက်အခဲ ရှိသလဲ။

ကျမ်းစာက ဘုရား​လူမျိုးကို အလုပ်​ကြိုးစားဖို့၊ ဝီရိယ​ရှိဖို့၊ မပျင်းရိဖို့ အားပေးတယ်။ (ပညာ. ၁၅:၁၉) သင်ဟာ မိသားစုကို ထောက်ပံ့ဖို့ အလုပ်လုပ်​နေရတာ ဖြစ်နိုင်တယ်။ ဒီ့အပြင် ခရစ်တော်ရဲ့ တပည့်​အားလုံး​အနေနဲ့ သတင်းကောင်း ဟောပြောခြင်း​မှာ ပါဝင်ဖို့ တာဝန် ရှိတယ်။ ဒါပေမဲ့ လုံလောက်​စွာ အနားယူဖို့​လည်း လိုတယ်။ တစ်ခါတလေ လောက​အလုပ်၊ အမှုဆောင်​လုပ်ငန်း​နဲ့ အနား​ယူတာ​တွေ​အတွက် မျှတမှု​ရှိဖို့​ ခက်​နေသလား။ ဘယ်လောက် အလုပ်​လုပ်ရမယ်၊ ဘယ်လောက် အနားယူ​ရမယ်ဆိုတာ ဘယ်လို သိနိုင်​မလဲ။

မျှတမှု ရှိ​နိုင်ပုံ

၆။ အလုပ်လုပ်​ခြင်း၊ အနားယူခြင်း​နဲ့​ပတ်သက်ပြီး ယေရှုမှာ မျှတတဲ့​အမြင် ရှိကြောင်း မာကု ၆:၃၀-၃၄ မှာ ဘယ်လို ဖော်ပြသလဲ။

အလုပ်နဲ့​ပတ်သက်ပြီး မျှတမှု ရှိဖို့ အရေးကြီးတယ်။ “လုပ်ဆောင်မှု​တိုင်း​အတွက် အချိန်​အခါ ရှိတယ်” လို့ ဘုရင်​​ရှောလမုန် ပြောတယ်။ စိုက်ပျိုး​တာ၊ တည်ဆောက်​တာ၊ ငို​တာ၊ ရယ်တာ၊ ကခုန်​တာ​နဲ့ တခြား​လုပ်ဆောင်မှုတွေ​အကြောင်း သူ ပြောတယ်။ (ဒေ. ၃:၁-၈) အလုပ်လုပ်​ခြင်းနဲ့ အနားယူခြင်း​ဟာ ဘဝမှာ အဓိကကျ​တယ်​ဆိုတာ ရှင်း​ပါတယ်။ အလုပ်လုပ်​ခြင်း၊ အနားယူခြင်း​နဲ့​ပတ်သက်ပြီး ယေရှုမှာ မျှတတဲ့​အမြင် ရှိတယ်။ တစ်ကြိမ်​မှာ တမန်တော်တွေဟာ ဟောပြောခြင်း လုပ်ငန်း​ကနေ ပြန်လာ​ပြီးနောက် “အနားယူဖို့၊ အစာ​စားဖို့​တောင် အချိန်​မရှိ” တဲ့​အထိ အလုပ်များ​ခဲ့​ကြတယ်။ ယေရှု​က “လူသူမရှိ​တဲ့​နေရာဆီ သွားပြီး ခဏတစ်ဖြုတ် နား​ရအောင်” လို့ ပြောတယ်။ (မာကု ၆:၃၀-၃၄ ကိုဖတ်ပါ။) ယေရှုနဲ့ တပည့်တွေဟာ အလုပ်​အရမ်း​များ​ကြပေမဲ့ အနားယူဖို့ လို​မှန်း ယေရှု သိတယ်။

၇။ ဥပုသ်​ပညတ်ကို သုံးသပ်ခြင်းက ဘာလုပ်ဖို့ ကူညီပေးသလဲ။

တစ်ခါတလေ အနားယူဖို့၊ အပြောင်းအလဲ လုပ်ဖို့​လိုတယ်။ ရှေးခေတ် ဘုရား​​လူမျိုး​အတွက် ပြင်ဆင်​ပေးထားတဲ့ ပတ်စဉ် ဥပုသ် အစီအစဉ်​ကနေ အဲဒီ​အချက်ကို သိနိုင်တယ်။ ကျွန်တော်တို့ဟာ မောရှေ​ပညတ်​အောက်မှာ မရှိပေမဲ့ ဥပုသ်​ပညတ်​အကြောင်း သုံးသပ်ခြင်းကနေ အကျိုး​ရနိုင်ပါတယ်။ အလုပ်လုပ်​ခြင်း၊ အနားယူခြင်း​နဲ့​ပတ်သက်တဲ့ ကိုယ့်​အမြင်ကို ဆန်းစစ်​ဖို့ အကူအညီ ရနိုင်ပါတယ်။

ဥပုသ်​နေ့​ဆိုတာ အနားယူ၊ ဝတ်ပြုတဲ့​အချိန်

၈။ ထွက်မြောက်ရာ ၃၁:၁၂-၁၅ အရ ဥပုသ်​နေ့ဟာ ဘာ​အတွက်​လဲ။

ဖန်ဆင်းခြင်း ခြောက်ရက်​ပြီးတဲ့နောက် မြေကြီးနဲ့​ပတ်သက်တဲ့ ဖန်ဆင်းခြင်း​အလုပ်​ကနေ ဘုရား​သခင် နား​လိုက်တယ်လို့ ကျမ်းစာ ပြောတယ်။ (က. ၂:၂) ဒါပေမဲ့ ယေဟောဝါဟာ အလုပ်လုပ်​တာ​ကို နှစ်သက်တဲ့​အတွက် “အလုပ်လုပ်​နေတုန်းပဲ။” (ယော. ၅:၁၇) ခြောက်ရက် အလုပ်​လုပ်ပြီး ခုနစ်​ရက်​မြောက်​နေ့မှာ ယေဟောဝါ အနားယူသလို အစ္စရေးတွေကို​လည်း ခုနစ်​ရက်​မြောက်​နေ့တိုင်း​မှာ အနားယူဖို့ မိန့်မှာ​တယ်။ ဥပုသ်​နေ့ဟာ မိမိ​နဲ့ အစ္စရေး​တွေ​စပ်ကြား အထိမ်းအမှတ် ဖြစ်တယ်လို့ ဘုရား​သခင် ပြောတယ်။ အဲဒီ​နေ့ဟာ ‘အပြည့်အဝ အနားယူ​ရမယ့်​နေ့ ဖြစ်ပြီး ယေဟောဝါ​အတွက် မြင့်မြတ်တယ်။’ (ထွက်မြောက်ရာ ၃၁:၁၂-၁၅ ကိုဖတ်ပါ။) အလုပ် မလုပ်ရဘူး​ဆိုတဲ့ တားမြစ်ချက်​ဟာ ကလေး၊ ကျွန်၊ ခြံမွေး​တိရစ္ဆာန် အပါအဝင် အားလုံး​နဲ့ သက်ဆိုင်တယ်။ (ထွ. ၂၀:၁၀) ဘုရား​ရေးရာ​ကိစ္စတွေကို ပိုအာရုံစိုက်​ဖို့ ဥပုသ်​နေ့​က ကူညီ​ပေးတယ်။

၉။ ယေရှု​ခေတ်မှာ ဥပုသ်​နဲ့​ပတ်သက်ပြီး ဘယ်လို မမျှတတဲ့ အမြင် ရှိခဲ့​သလဲ။

ဥပုသ်​နေ့ဟာ ဘုရား​​လူမျိုးရဲ့ ကောင်းကျိုး​အတွက်​ဖြစ်​ပေမဲ့ ယေရှု​ခေတ်​က ဘာသာရေး​ခေါင်းဆောင်တွေ​ဟာ တင်းကျပ်​တဲ့ စည်းမျဉ်းတွေ ထုတ်​ကြတယ်။ ကောက်နှံ ဆွတ်ခူး​တာ၊ ဖျားနေ​သူကို ကုပေး​တာ စတဲ့ လုပ်ရပ်တွေ​က​တောင် ဥပုသ်​ပညတ်ကို ချိုးဖောက်ရာ​ကျတယ်​လို့ ပြော​ကြတယ်။ (မာ. ၂:၂၃-၂၇။ ၃:၂-၅) အဲဒါဟာ ဘုရား​သခင့် အတွေးအခေါ်နဲ့ မကိုက်ညီ​ကြောင်း ယေရှု အတိအလင်း ဖော်ပြခဲ့တယ်။

ယေရှုရဲ့ မိသားစုဟာ ဥပုသ်​နေ့မှာ ဘုရား​ရေးရာ​အတွက် အချိန်ပေး (စာပိုဒ် ၁၀ ကို​ကြည့်ပါ) *

၁၀။ မဿဲ ၁၂:၉-၁၂ က ဥပုသ်​နေ့​နဲ့​ပတ်သက်တဲ့ ယေရှုရဲ့ အမြင်ကို ဘယ်လို ဖော်ပြသလဲ။

၁၀ ယေရှုနဲ့ ဂျူး​နောက်လိုက်​တွေဟာ မောရှေ​ပညတ်​အောက်မှာ ရှိတဲ့​အတွက် ဥပုသ်​နေ့ကို စောင့်ထိန်း​ကြတယ်။ * ဒါပေမဲ့ အကျိုးသင့်အကြောင်းသင့် ရှိ​ရမှာ ဖြစ်ကြောင်း၊ ရိုင်းပင်း​ကူ​ညီတဲ့ လုပ်ရပ်တွေ လုပ်​ခွင့်​ရှိကြောင်း အပြောနဲ့ရော အလုပ်နဲ့ပါ ယေရှု ဖော်ပြခဲ့တယ်။ “ဥပုသ်​နေ့မှာ ကောင်းမှု​ပြုသင့်​တယ်” လို့ ယေရှု ပြောတယ်။ (မဿဲ ၁၂:၉-၁၂ ကိုဖတ်ပါ။) ရိုင်းပင်း​ကူညီတဲ့ လုပ်ရပ်တွေဟာ ဥပုသ်​ပညတ်ကို ချိုးဖောက်ရာ ရောက်တယ်လို့ ယေရှု မမြင်​ဘူး။ ယေရှုရဲ့ လုပ်ရပ်တွေ​က ဥပုသ်​ပညတ်​ရဲ့ အဓိက​အကြောင်းရင်းကို ပေါ်လွင်​စေတယ်။ ဥပုသ်​နေ့မှာ ဘုရား​​လူမျိုးဟာ နေ့စဉ်​အလုပ်တွေ​ကနေ အနားယူ​တဲ့​အတွက် ဘုရား​ရေးရာ​ကို အာရုံစိုက်​နိုင်ခဲ့တယ်။ ဇာတိ​မြို့ နာဇရက်​မှာ ယေရှုဟာ ‘ထုံးစံ​အတိုင်း ဥပုသ်​နေ့မှာ တရားဇရပ်​ထဲ ဝင်တယ်။ ကျမ်းစာ​ဖတ်ဖို့ ထရပ်​တယ်’ လို့ ဖော်ပြ​ထားတယ်။ (လု. ၄:၁၅-၁၉) ဒါကြောင့် ဥပုသ်​နေ့မှာ ဘုရား​ရေးရာ​အတွက် အချိန်ပေး​တဲ့ မိသားစု​ကနေ ယေရှု ကြီးပြင်းလာ​ကြောင်း သိရတယ်။

အလုပ်နဲ့​ပတ်သက်တဲ့ သင့်သဘောထား

၁၁။ အလုပ်နဲ့​ပတ်သက်ပြီး ယေရှုကို ဘယ်သူ ပုံသက်သေ​ကောင်း​ ပြခဲ့​ သလဲ။

၁၁ ယောသပ်​က ယေရှုကို လက်သမား​ပညာ သင်ပေး​ရင်း အလုပ်နဲ့​ပတ်သက်တဲ့ ဘုရား​သခင့် သဘောထားကို​လည်း သင်ပေး​မှာ သေချာတယ်။ (မ. ၁၃:၅၅၊ ၅၆) မိသားစုကြီး​ကို ထောက်ပံ့ဖို့ ယောသပ် နေ့တိုင်း ကြိုးကြိုးစားစား အလုပ်လုပ်​တာ​ကို ယေရှု တွေ့ခဲ့​မှာ​ပဲ။ ဒါကြောင့် ‘အလုပ်​လုပ်​သူဟာ လုပ်ခ ရထိုက်တယ်’ လို့ နောက်ပိုင်းမှာ တပည့်​တွေကို ယေရှု ပြောတယ်။ (လု. ၁၀:၇) ပင်ပန်း​တဲ့ အလုပ်တွေ​အကြောင်း ယေရှု နားလည်တာ ထင်ရှားတယ်။

၁၂။ အလုပ်​ကြိုးစားတာ​နဲ့​ပတ်သက်ပြီး  ကျမ်းစာ​ရှုမြင်ပုံကို  ဘယ်​ကျမ်းချက်​တွေ​က ဖော်ပြသလဲ။

၁၂ တမန်တော် ပေါလုလည်း အလုပ်​ကြိုးစား​ရမယ်ဆိုတာ နားလည်တယ်။ သူ့ရဲ့ အဓိက​အလုပ်​က ယေရှုရဲ့ နာမည်​နဲ့ သွန်သင်ချက်တွေ​အကြောင်း သက်သေခံဖို့​ပဲ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့ဖို့​လည်း အလုပ်လုပ်​ရတယ်။ “ဘယ်သူ့ကိုမှ ဝန်မပိ​စေချင်လို့” “နေ့ရောညပါ ပင်ပင်ပန်းပန်း အလုပ်​ကြိုးစား” တာ​ကို သက်သာလောနိတ်​မြို့သားတွေ သိတယ်။​ (၂ သက်. ၃:၈။ တ. ၂၀:၃၄၊ ၃၅) တဲရှင်​ချုပ်​တဲ့ အလုပ်​အကြောင်း ပေါလု ပြော​နေတာ ဖြစ်နိုင်တယ်။ ကောရိန္သု​မြို့မှာ အာကုလ​နဲ့ ပြစ်ကိလ​တို့အိမ်မှာ နေပြီး သူတို့နဲ့အတူ “အလုပ်လုပ်တယ်။” “သူတို့ဟာ တဲရှင်​ချုပ်​တဲ့​သူတွေ ဖြစ်လို့ အလုပ်​ချင်း​တူတယ်။” “နေ့ရောညပါ” လို့ ပြောတဲ့အခါ ပေါလု မနားတမ်း အလုပ်လုပ်​တာ​ကို မဆိုလို​ဘူး။ ဥပုသ်​နေ့တွေမှာ အလုပ်​နားတယ်။ ဥပုသ်​နေ့မှာ အနားယူ​တဲ့ ဂျူးတွေကို အခွင့်အရေး​ယူပြီး ဟောပြောတယ်။—တ. ၁၃:၁၄-၁၆၊ ၄၂-၄၄။ ၁၆:၁၃။ ၁၈:၁-၄

၁၃။ ပေါလုရဲ့ ပုံသက်သေ​ကနေ ဘာသင်ယူနိုင်သလဲ။

၁၃ တမန်တော် ပေါလု ပုံသက်သေ​ကောင်း ချမှတ်​ခဲ့တယ်။ လောက​အလုပ် လုပ်​ရပေမဲ့ ‘သတင်းကောင်း ကြေညာ​တဲ့ မြင့်မြတ်တဲ့​အလုပ်’ မှာ ပုံမှန် ပါဝင်တယ်။ (ရော. ၁၅:၁၆။ ၂ ကော. ၁၁:၂၃) တခြား​သူတွေကိုလည်း အဲဒီလို​ပါဝင်ဖို့ အားပေးတယ်။ အာကုလ​နဲ့ ပြစ်ကိလဟာ ‘ခရစ်တော်​ယေရှုရဲ့ အလုပ်ကို အတူ​လုပ်ဆောင်ခဲ့’ တဲ့ ပေါလုရဲ့ လုပ်ဖော်ဆောင်ဖက်တွေ ဖြစ်တယ်။ (ရော. ၁၂:၁၁။ ၁၆:၃) “သခင့်​အလုပ်မှာ အမြဲ​အလုပ်​များနေ” ဖို့ ကောရိန္သု​မြို့သား​တွေ​ကို ပေါလု တိုက်တွန်း​တယ်။ (၁ ကော. ၁၅:၅၈။ ၂ ကော. ၉:၈) “အလုပ် မ​လုပ်ချင်တဲ့​သူ အစာ​မစား​စေ​နဲ့” လို့​တောင် ရေး​ဖို့ တမန်တော် ပေါလုကို ယေဟောဝါ လမ်းညွှန်​ခဲ့တယ်။—၂ သက်. ၃:၁၀

၁၄။ ယောဟန် ၁၄:၁၂ မှာပါတဲ့ ယေရှုရဲ့ စကားတွေက ဘာကို ဆိုလိုသလဲ။

၁၄ ဒီ​နောက်ဆုံး​ကာလမှာ အရေးကြီးဆုံး အလုပ်​က ဟောပြောခြင်းနဲ့ တပည့်ဖြစ်စေခြင်း​လုပ်ငန်း​ပဲ။ မိမိ လုပ်ခဲ့တာ​ထက် ပို​ကြီးမားတဲ့ အလုပ်တွေကို တပည့်​တွေ လုပ်​လိမ့်မယ်လို့ ယေရှု ကြိုဟောခဲ့တယ်။ (ယောဟန် ၁၄:၁၂ ကိုဖတ်ပါ။) ယေရှု​လို အံ့ဖွယ်​အမှုတွေ လုပ်မယ်​လို့ ဆိုလိုတာ မဟုတ်ဘူး။ နောက်လိုက်​တွေဟာ ယေရှု ဟောခဲ့​တာ​ထက် ပို​ကျယ်ပြန့်​တဲ့ ဒေသမှာ ပို​များတဲ့​လူတွေကို ပို​ကြာရှည်​တဲ့ အချိန်ကာလ​အတွင်း ဟော​လိမ့်မယ်လို့ ဆိုလိုတာ ဖြစ်တယ်။

၁၅။ ကိုယ့်ကိုယ်ကိုယ် ဘယ်​မေးခွန်းတွေ မေးသင့်သလဲ။ ဘာကြောင့်လဲ။

၁၅ သင်ဟာ လောက​အလုပ် လုပ်​နေ​ရတယ်​ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒီလို​မေးပါ– ‘အလုပ်မှာ ငါ့ကို အလုပ်​ကြိုးစား​သူ​လို့ သိကြသလား။ အလုပ်ကို အကောင်းဆုံး​နဲ့ အချိန်မီ ပြီးစီး​အောင် လုပ်သလား။’ အဲဒီလို လုပ်နေတယ်​ဆိုရင် သင်ဟာ အလုပ်ရှင်ရဲ့ ယုံကြည်​စိတ်ချမှု​ကို ရမယ်။ အလုပ်မှာ နိုင်ငံတော်သတင်းကို တခြားသူတွေ ပို​နားထောင်​လာလိမ့်မယ်။ ဟောပြော​သွန်သင်ခြင်း​လုပ်ငန်းမှာ ပါဝင်တဲ့​အခါ ကိုယ့်ကိုယ်ကိုယ် ဒီလို​မေးပါ– ‘အမှုဆောင်မှာ ကြိုးစားတဲ့​သူ​လို့ ငါ့ကို သိထားသလား။ ဦးဆုံး​တွေ့ဆုံချိန်​တွေ​အတွက် ငါ ကောင်းကောင်း ပြင်ဆင်သလား။ စိတ်ဝင်စား​သူတွေဆီ ချက်ချင်း ပြန်သွားသလား။ အမှုဆောင်​လုပ်ငန်း အသွင်အမျိုးမျိုး​မှာ ပုံမှန် ပါဝင်သလား။’ အဲဒီလိုလုပ်​နေတယ်​ဆိုရင် အမှုဆောင်​လုပ်ငန်းမှာ သင် ပျော်ရွှင်​ပါလိမ့်မယ်။

အနားယူခြင်း​နဲ့​ပတ်သက်တဲ့ သင့်သဘောထား

၁၆။ အနားယူခြင်း​နဲ့​ပတ်သက်ပြီး ယေရှုနဲ့ တမန်တော်တွေရဲ့ သဘောထား​က ဒီနေ့​ခေတ် လူများစွာ​နဲ့ ဘယ်လို ကွာခြားသလဲ။

၁၆ မိမိ​နဲ့ တမန်တော်တွေ တစ်ခါတလေ အနားယူဖို့ လိုအပ်​မှန်း ယေရှု သိတယ်။ ယေရှု​ခေတ်​နဲ့ ဒီနေ့​ခေတ် လူများစွာဟာ ယေရှုရဲ့ ပုံဥပမာ​ထဲ​က သူဌေး​နဲ့ တူတယ်။ အဲဒီ​သူဌေး​က “အေးအေးဆေးဆေး စားသောက်​ပြီး ဇိမ်နဲ့ပဲ နေ​တော့​မယ်” လို့ ပြောတယ်။ (လု. ၁၂:၁၉။ ၂ တိ. ၃:၄) သူ့​အတွက် အနားယူဖို့​နဲ့ ဇိမ်​ခံဖို့​က အရေးကြီးဆုံး​ပဲ။ ဒါပေမဲ့ ယေရှုနဲ့ တမန်တော်တွေကတော့ အပျော်အပါး​ကို အဓိက​မထားဘူး။

အလုပ်လုပ်​ခြင်း၊ အနားယူခြင်း​နဲ့​ပတ်သက်ပြီး မျှတတဲ့​အမြင် ရှိ​ခြင်းက လန်းဆန်း​စေတဲ့ အလုပ်​မွန်​တွေကို အာရုံစိုက်​စေနိုင် (စာပိုဒ် ၁၇ ကို​ကြည့်ပါ) *

၁၇။ အားလပ်ရက်​တွေကို ကျွန်တော်တို့ ဘယ်လို အသုံးပြု​နေကြသလဲ။

၁၇ ဒီနေ့​အချိန်မှာ ကျွန်တော်တို့လည်း ယေရှုကို တုပ​ပြီး အလုပ်​နားချိန်​တွေကို အနားယူဖို့​လောက်သာ မဟုတ်ဘဲ တခြား​သူတွေကို သက်သေခံခြင်း၊ အစည်းအဝေး​တက်ရောက်ခြင်း စ​တာ​တွေ လုပ်ဆောင်ဖို့​လည်း အသုံးပြုကြတယ်။ တပည့်ဖြစ်စေခြင်း​လုပ်ငန်း​နဲ့ အစည်းအဝေး တက်ရောက်ခြင်းက အလွန် အရေးကြီးတဲ့​အတွက် ပုံမှန် ပါဝင်ဖို့ ကြိုးစား​ကြတယ်။ (ဟီ. ၁၀:၂၄၊ ၂၅) အားလပ်ခွင့်ယူ​ပြီး ခရီးသွား​နေချိန်မှာ​တောင် အစည်းအဝေးတွေ တက်​ကြတယ်၊ ဆုံတွေ့​ရသူတွေကို အခွင့်အရေးရှာ​ပြီး ကျမ်းစာ​အကြောင်း ပြော​ကြတယ်။—၂ တိ. ၄:၂

၁၈။ ဘုရင်​ ခရစ်တော် ယေရှု​က ကျွန်တော်တို့ကို ဘာလုပ်​စေ​ချင်သလဲ။

၁၈ ဘုရင်​ ခရစ်တော် ယေရှုဟာ အကျိုးသင့်အကြောင်းသင့် ရှိတယ်။ အလုပ်လုပ်​ခြင်း၊ အနားယူခြင်း​နဲ့​ပတ်သက်ပြီး မျှမျှတတ ရှုမြင်​တတ်အောင် ကျွန်တော်တို့ကို ကူညီ​ပေးလို့ ကျေးဇူးတင်စရာ​ပဲ။ (ဟီ. ၄:၁၅) လိုအပ်တဲ့​အခါ အနားယူ​စေချင်တယ်။ ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့ဖို့ အလုပ်​ကြိုးစား​စေချင်တယ်။ လန်းဆန်း​စေတဲ့ တပည့်ဖြစ်စေခြင်း​လုပ်ငန်းမှာလည်း ပါဝင်​စေချင်တယ်။ နောက်​ဆောင်းပါး​မှာ ကျွန်ဘဝ​ပုံစံ​တစ်မျိုး​ကနေ ကျွန်တော်တို့ လွတ်မြောက်​အောင် ယေရှု လုပ်ဆောင်​ပေးခဲ့တာ​တွေ​အကြောင်း ဆွေးနွေးပါမယ်။

သီချင်း ၃၈ ကိုယ်တော် သင်တို့ကို ခွန်အား​ရှိစေမယ်

^ အပိုဒ်၊ 5 အလုပ်လုပ်​ခြင်း၊ အနားယူခြင်း​နဲ့​ပတ်သက်ပြီး မျှတမှု ရှိဖို့ ကျမ်းစာ အားပေး​ထားတယ်။ ဒီ​ဆောင်းပါး​မှာ အစ္စရေးတွေကို ပေးတဲ့ ပတ်စဉ် ဥပုသ်​ပညတ်​အကြောင်း ဆွေးနွေး​ထားတယ်။ ဒါက အလုပ်နဲ့ အနားယူခြင်း​အပေါ် ကျွန်တော်တို့ရဲ့ သဘောထားကို ဆန်းစစ်​ဖို့ ကူညီ​ပေးပါလိမ့်မယ်။

^ အပိုဒ်၊ 10 တပည့်တွေဟာ ဥပုသ်​နေ့ကို အလွန်​အလေးထား​လို့ ယေရှု​အလောင်းကို အမွှေးနံ့သာ လိမ်းကျံ​ဖို့ ပြင်ဆင်​နေတာတွေကို ဥပုသ်​နေ့မှာ ရပ်​ထား​ကြတယ်။—လု. ၂၃:၅၅၊ ၅၆

^ အပိုဒ်၊ 55 ပုံ​အညွှန်း– ဥပုသ်​နေ့မှာ မိသားစုကို တရားဇရပ်​ဆီ ယောသပ် ခေါ်သွား။

^ အပိုဒ်၊ 57 ပုံ​အညွှန်း– မိသားစုကို ထောက်ပံ့ဖို့ အလုပ်လုပ်​ရတဲ့ ဖခင်ဟာ အားလပ်ခွင့်ယူ​ပြီး မိသားစုနဲ့​အတူ အပန်းဖြေ​ချိန်မှာတောင် ဘုရား​ရေးရာ လုပ်ဆောင်မှုတွေမှာ ပါဝင်​နေ။