စာရှုသူများထံမှ မေးခွန်းလွှာ
“ဖြောင့်မတ်သူက ခုနစ်ကြိမ် လဲရင်တောင် ပြန်ထလိမ့်မယ်” လို့ ပညာအလိမ္မာ ၂၄:၁၆ မှာ ပြောထားတယ်။ အကြိမ်ကြိမ် အပြစ်လုပ်ရင်တောင် ဘုရား ခွင့်လွှတ်တယ်ဆိုတဲ့ သဘောလား။
မဟုတ်ပါဘူး။ အခက်အခဲ၊ ပြဿနာတွေ အကြိမ်ကြိမ် ကြုံရတဲ့သဘောနဲ့ လဲကျတာ ဖြစ်ပြီး ခံရပ်နိုင်တယ်ဆိုတဲ့သဘောနဲ့ ပြန်ထတာကို ပြောနေတာပါ။
အဲဒီအခန်းငယ်ရဲ့ ရှေ့နောက်စကားကို သုံးသပ်ကြည့်ပါ– “ဖြောင့်မတ်သူရဲ့ အိမ်ကို ယုတ်မာတဲ့ စိတ်နဲ့ မချောင်းမြောင်းနဲ့။ သူ နားခိုတဲ့ နေရာကို မဖျက်ဆီးနဲ့။ ဖြောင့်မတ်သူက ခုနစ်ကြိမ် လဲရင်တောင် ပြန်ထလိမ့်မယ်။ လူဆိုးကတော့ ဘေးဆိုးကြောင့် လုံးဝ လဲကျသွားလိမ့်မယ်။ ရန်သူ ကျရှုံးတဲ့အခါ ဝမ်းမသာပါနဲ့။ သူ လဲကျတဲ့အခါ စိတ်ထဲမှာ မပျော်ပါနဲ့။”—ပညာ. ၂၄:၁၅-၁၇။
အခန်းငယ် ၁၆ ဟာ လူတစ်ယောက် အပြစ်လုပ်မိပေမဲ့ နောင်တယူတဲ့အခါ ဘုရားနဲ့ ဆက်ဆံရေးကောင်း ပြန်ရတာကို ဆိုလိုတယ်လို့ တချို့ ယူဆကြတယ်။ ဥပမာ၊ “ရှေးခေတ်နဲ့ ခေတ်သစ် တရားဟောဆရာတွေက အဲဒီအခန်းငယ်ကို အဲဒီလိုပဲ ရှင်းပြကြတယ်” လို့ ဗြိတိသျှ ဘာသာရေး ခေါင်းဆောင်နှစ်ယောက် ရေးတယ်။ “အဲဒီရှင်းပြချက်အရ လူကောင်းတစ်ယောက်ဟာ ကြီးလေးတဲ့ အပြစ်တွေ အကြိမ်ကြိမ် ကျူးလွန်ပေမဲ့ ဘုရားကို ချစ်နေဆဲ ဖြစ်ပြီး နောင်တယူမယ်ဆိုရင် ဘုရားမျက်နှာသာ ပြန်ရတယ်ဆိုတဲ့ သဘောပဲ” လို့ သူတို့ ထပ်ပြောတယ်။ အဲဒီလို အယူအဆဟာ အပြစ်လုပ်ချင်စိတ်ကို မတိုက်လှန်ချင်သူတွေအတွက်တော့ အကြောင်းပြချက်ကောင်းပဲ။ အကြိမ်ကြိမ် အပြစ်လုပ်ရင်တောင် ဘုရား အမြဲ ခွင့်လွှတ်နေမယ်ဆိုတဲ့ အတွေးဝင်စေနိုင်လို့ပဲ။
ဒါပေမဲ့ အခန်းငယ် ၁၆ က အဲဒီလို မဆိုလိုဘူး။
အခန်းငယ် ၁၆၊ ၁၇ မှာ “လဲ၊” “လဲကျ” လို့ ပြန်ဆိုထားတဲ့ ဟီဘရူးစကားကို အမျိုးမျိုး အသုံးပြုနိုင်တယ်။ ဥပမာ၊ လမ်းပေါ် နွား လဲနေတာ၊ အိမ်မိုးပေါ်ကနေ တစ်ယောက်ယောက် ပြုတ်ကျတာ၊ မြေပေါ် ကျောက်ခဲ ကျတာ စသဖြင့် ပကတိ ကျတာကို ဆိုလိုနိုင်တယ်။ (တရား. ၂၂:၄၊ ၈။ အာ. ၉:၉) ပုံဆောင်သဘောအရလည်း သုံးနိုင်တယ်။ ဥပမာ၊ “ယေဟောဝါက လူတစ်ယောက်ရဲ့ လမ်းစဉ်ကို နှစ်သက်တဲ့အခါ သူ့ခြေလှမ်းတွေကို လမ်းညွှန်ပေးတယ်။ ယေဟောဝါက လက်နဲ့ ထောက်မပေးတဲ့အတွက် သူ လဲသွားရင်တောင် နာလန်မထူနိုင်အောင် ဖြစ်မှာ မဟုတ်ဘူး” ဆိုတဲ့ ကျမ်းချက်လိုမျိုးပေါ့။—ဆာ. ၃၇:၂၃၊ ၂၄။ ပညာ. ၁၁:၅။
ဒါပေမဲ့ “အပြစ်ကျူးလွန်တာကို ဖော်ပြဖို့တော့ ‘လဲကျ’ ဆိုတဲ့ ဟီဘရူးစကားလုံးကို တစ်ခါမှ အသုံးမပြုဘူး” လို့ ပါမောက္ခ အက်ဒဝက် ပမ်ထရီ ပြောတယ်။ ကျမ်းပညာရှင် နောက်တစ်ယောက်ကလည်း အခန်းငယ် ၁၆ ကို ဒီလို ရှင်းပြတယ်– “ဘုရားလူမျိုးကို မတရားဆက်ဆံရင်လည်း အလကားပဲ။ သူတို့ အမြဲ အောင်မြင်လိမ့်မယ်။ လူဆိုးတွေကတော့ လုံးဝ ကျရှုံးလိမ့်မယ်။”
မှန်ပါတယ်။ ပညာအလိမ္မာ ၂၄:၁၆ မှာ ပါတဲ့ “လဲကျ” ဆိုတဲ့ စကားလုံးဟာ အပြစ်ကျူးလွန်တာကို မဟုတ်ဘဲ အခက်အခဲ၊ ပြဿနာတွေ အကြိမ်ကြိမ် ကြုံရတာကို ဆိုလိုတယ်။ လက်ရှိ စနစ်ဆိုးမှာ ဖြောင့်မတ်သူဟာ ကျန်းမာရေး ပြဿနာ၊ တခြား ပြဿနာတွေ၊ အစိုးရ နှိပ်စက်ညှဉ်းပန်းမှုတွေ ကြုံရနိုင်တယ်။ ဒါပေမဲ့ ဘုရား ထောက်မပေးမယ်၊ ဘုရား အကူအညီနဲ့ အောင်မြင်စွာ ရင်ဆိုင်ဖြေရှင်းနိုင်မယ်ဆိုတာ စိတ်ချနိုင်တယ်။ ‘ဘုရားကျေးကျွန်တွေအတွက် ကိစ္စရပ်တွေ အမြဲလိုလို အဆင်ပြေသွားတာကို မြင်ရလေ့ရှိတယ် မဟုတ်လား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ “ယေဟောဝါက လဲကျသွားသူတွေကို ထောက်မတယ်။ ခေါင်းမမော်နိုင်သူတွေကို ထူမတယ်” တယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။—ဆာ. ၄၁:၁-၃။ ၁၄၅:၁၄-၁၉။
“ဖြောင့်မတ်သူ” ဟာ တခြားသူတွေ ပြဿနာ ကြုံရတဲ့အခါ ဝမ်းမသာဘူး။ “စစ်မှန်တဲ့ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသူတွေ ကောင်းကျိုးရလိမ့်မယ်” ဆိုတာ သိထားလို့ စိတ်သက်သာရာ ရတယ်။—ဒေ. ၈:၁၁-၁၃။ ယောဘ ၃၁:၃-၆။ ဆာ. ၂၇:၅၊ ၆။