မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

တခြား​သူကို “သေ​ကြောင်း မကြံစည်​နဲ့” ဆိုတဲ့ ဝတ်ပြုရာ ၁၉:၁၆ ပါ မိန့်မှာချက်​က ဘာကို ဆိုလို​သလဲ။ ကျွန်တော်​တို့ ဘာ​သင်ခန်းစာ သင်ယူ​နိုင်​သလဲ။

သန့်ရှင်းတဲ့ လူမျိုး​ ဖြစ်ဖို့ အစ္စရေး​တွေ​ကို ယေဟောဝါ မိန့်မှာတယ်။ အဲဒီလို​သန့်ရှင်း​ဖို့ ကူညီ​ပေး​တဲ့ အနေ​နဲ့ “အရပ်​တကာ​ လည်ပြီး သွားပုပ်လေလွင့် မပြော​နဲ့။ ကိုယ့်​အပေါင်းအဖော်​ကို သေ​ကြောင်း မကြံစည်​နဲ့။ ငါဟာ ယေဟောဝါ​ပဲ” လို့ မှာတယ်။—ဝတ်. ၁၉:၂၊ ၁၆

“မကြံစည်​နဲ့” လို့ ပြန်ဆို​ထား​တဲ့ မူရင်း ဟီဘရူး စကားလုံး​က ဘာကို ဆိုလို​သလဲ။ “ဒီ​အခန်းငယ်မှာ သုံး​ထား​တဲ့ ဟီဘရူး အသုံးအနှုန်းဟာ ဥပစာစကား​ ဖြစ်တယ်။ စာသားအရ​ဆိုရင် ‘အပေါ်မှာ၊ ဘေးမှာ၊ အနားမှာ မ​ရပ်​နဲ့’ လို့ ဆိုလိုတယ်။ အဓိပ္ပာယ် အတိအကျ​ကို​တော့ သိဖို့ ခက်တယ်” ဆိုပြီး ဝတ်ပြုရာကျမ်း​နဲ့​ပတ်သက်​တဲ့ ဂျူး​စာအုပ်​တစ်အုပ်​မှာ ရေးတယ်။

ကျမ်း​ပညာရှင်​တချို့က ဒီ​အခန်းငယ်​ကို ရှေ့​အခန်းငယ်​နဲ့ ဆက်စပ်​ကြတယ်။ “အမှုအခင်း​တွေ​ကို မတရား မစီရင်​နဲ့။ ဆင်းရဲသား​မို့​လို့​ဆိုပြီး မျက်နှာသာ မပေး​မိ​စေ​နဲ့။ ချမ်းသာ​လို့​ဆိုပြီး မျက်နှာမလိုက်​နဲ့။ လူ​လူ​ချင်း မျှမျှတတ စီရင်​ပါ” လို့ ပြောထား​တယ်။ (ဝတ်. ၁၉:၁၅) အဲဒီလိုသာ​ဆိုရင် တစ်ယောက်ယောက်​ကို “သေ​ကြောင်း မကြံစည်​နဲ့” ဆို​တဲ့ အခန်းငယ် ၁၆ ဟာ တရားရုံး၊ လုပ်ငန်းခွင်၊ မိသားစုမှာ မတရား မ​လုပ်ဖို့၊ မရိုးမသား မ​လုပ်ဖို့ ဆိုလို​တာ ဖြစ်​မယ်။ ဆိုလို​တာ နောက်တစ်ခု ရှိနိုင်​သေး​တယ်။

အခန်းငယ် ၁၆ ရဲ့ အစပိုင်း​ကို ကြည့်​ပါ။ အရပ်​တကာ​ လည်ပြီး သွားပုပ်လေလွင့် မပြောဖို့ ဘုရား မိန့်မှာတယ်။ သွားပုပ်လေလွင့် ပြော​တယ်​ဆိုတာ ပြဿနာ ဖြစ်စေ​နိုင်​တဲ့ အတင်းအဖျင်း ပြော​တာ​လောက်​ပဲ မဟုတ်ဘူး။ (ပညာ. ၁၀:၁၉။ ဒေ. ၁၀:၁၂-၁၄။ ၁ တိ. ၅:၁၁-၁၅။ ယာ. ၃:၆) တစ်ယောက်ယောက်​ကို နာမည်​ဖျက်​ဖို့ ရည်ရွယ်ပြီး မကောင်း​ပြော​တာ ဖြစ်တယ်။ တစ်ဖက်သား အသက်​အန္တရာယ် ရှိမယ်​ဆိုတာ သိ​သိ​နဲ့ မဟုတ်မမှန် သက်သေ​ထွက်ဆို​တာ ဖြစ်​နိုင်တယ်။ နာဗုတ်​ဟာ အသရေ​ဖျက်​သူ နှစ်ယောက်​ရဲ့ မဟုတ်မမှန် သက်သေ​ထွက်ဆို​မှု​ကြောင့် မတရား​သဖြင့် ကျောက်ခဲ​နဲ့ ပေါက်သတ်​ခံရ​ကြောင်း သတိရပါ။ (၁ ဘု. ၂၁:၈-၁၃) မှန်ပါတယ်။ သွားပုပ်လေလွင့်​ ပြောသူ​ဟာ ဝတ်ပြုရာ ၁၉:၁၆ ရဲ့ ဒုတိယ​ပိုင်း​မှာ ပြော​သလို လူတစ်ယောက်ကို သေကြောင်းကြံ​မိ​သလို ဖြစ်​နိုင်တယ်။

အဲဒီအပြင် တစ်ယောက်ယောက်​အကြောင်း သွားပုပ်လေလွင့် ပြော​တာ​ဟာ မုန်း​လို့​လည်း ဖြစ်​နိုင်တယ်။ “ညီအစ်ကို​ကို မုန်းတဲ့​သူဟာ လူ့​အသက်ကို သတ်​တဲ့​သူ ဖြစ်တယ်။ လူ့​အသက် သတ်​ရင် ထာဝရ​အသက် မရနိုင်​ဘူးဆို​တာ ခင်ဗျား​တို့ သိပါတယ်” လို့ ၁ ယောဟန် ၃:၁၅ မှာ ပြော​ထား​တယ်။ ဝတ်ပြုရာ ၁၉:၁၆ မှာ ပါ​တဲ့ စကား​တွေ ပြော​ပြီး​နောက် “ကိုယ့်​ညီအစ်ကို​ကို မုန်းတဲ့​စိတ် မထား​နဲ့” လို့ ဆက်​ပြော​ထား​တာ မှတ်သား​စ​ရာ​ပါ​ပဲ။—ဝတ်. ၁၉:၁၇

ဒါ​ကြောင့် ဝတ်ပြုရာ ၁၉:၁၆ ထဲ​က မိန့်မှာချက်​ဟာ ခရစ်ယာန်​တွေ​အတွက်​လည်း ပြင်းထန်​တဲ့ သတိပေး​ချက်​ပါ​ပဲ။ တခြားသူ​အကြောင်း မကောင်း​တွေးတာ၊ သွားပုပ်လေလွင့် ပြော​တာ​တွေ ရှောင်ရမယ်။ မကြိုက်​လို့​ ဖြစ်စေ၊ မနာလို​လို့ ဖြစ်စေ သွားပုပ်လေလွင့် ပြော​တာ​ဟာ သူ့ကို မုန်း​ရာ​ရောက်တယ်။ ခရစ်ယာန်​တွေ​ဟာ ဘယ်သူ့ကိုမှ မမုန်း​ရ​ဘူး။—မ. ၁၂:၃၆၊ ၃၇