မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၅၁

‘သူ့စကားကို ဆက်နားထောင်ကြပါ’

‘သူ့စကားကို ဆက်နားထောင်ကြပါ’

“သူဟာ ငါ​မြတ်နိုးတဲ့ ငါ့ရဲ့ ချစ်​သား​ပဲ။ သူ့​စကား​ကို နားထောင်​ကြ။”—မ. ၁၇:၅

သီချင်း ၅၄ ‘ဒီ​လမ်း​ပါ​ပဲ’

အကြို​သုံးသပ်ချက် *

၁-၂။ (က) ယေရှုရဲ့ တမန်တော်​ သုံးယောက် ဘာလုပ်ဖို့ မိန့်မှာ​ခံရ​သလဲ။ သူတို့ ဘယ်လို တုံ့ပြန်​သလဲ။ (ခ) ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

အေဒီ ၃၂၊ ပသခါပွဲ ပြီး​နောက်​မှာ တမန်တော် ပေတရု၊ ယာကုပ်နဲ့ ယောဟန်တို့ ထူးခြားတဲ့ စိတ်အာရုံ​တစ်ခု မြင်ခဲ့ကြတယ်။ ဟေရမုန်​တောင်​ကြော​ရဲ့ မြင့်မား​တဲ့ တောင်​တစ်ခု​မှာ ဖြစ်​နိုင်တယ်။ သူတို့​ရှေ့ ယေရှု ကိုယ်ယောင်​ပြောင်းလဲ​သွားတယ်။ “မျက်နှာ​က နေ​လို ထွန်းလင်း​ပြီး ဝတ်လုံ​ဟာ အလင်းရောင်​လို တောက်ပ​နေတယ်။” (မ. ၁၇:၁-၄) စိတ်အာရုံ ပြီး​ခါနီး​မှာ “သူဟာ ငါ​မြတ်နိုးတဲ့ ငါ့ရဲ့​ ချစ်​သား​ပဲ။ သူ့​စကား​ကို နားထောင်​ကြ” ဆိုတဲ့ ဘုရားသခင်ရဲ့ စကားသံ​ကို တမန်တော်​တွေ ကြား​လိုက်ရတယ်။ (မ. ၁၇:၅) ယေရှုရဲ့ စကား​ကို နားထောင်​ကြောင်း မိမိတို့ရဲ့ အသက်ရှင်​နေထိုင်ပုံ​အားဖြင့် တမန်တော် သုံးယောက် သက်သေပြ​ခဲ့တယ်။ သူတို့ရဲ့ ပုံသက်သေ​ကို ကျွန်တော်​တို့ တုပ​ချင်​ကြတယ်။

မလုပ်​ရမယ့်​အရာ တချို့​အကြောင်း ရှေ့​ဆောင်းပါး​မှာ ဆွေးနွေး​ခဲ့တယ်။ ဒီဆောင်းပါး​မှာ​တော့ လုပ်ရမယ်လို့ ယေရှု မိန့်မှာ​ခဲ့​တဲ့ အရာ​နှစ်ခု​အကြောင်း ဆွေးနွေး​ကြ​ပါ​မယ်။

“ကျဉ်း​တဲ့​ တံခါး​ကနေ ဝင်ကြပါ”

၃။ မဿဲ ၇:၁၃၊ ၁၄ အရ ကျွန်တော်​တို့ ဘာ​လုပ်သင့်သလဲ။

မဿဲ ၇:၁၃၊ ၁၄ ကို ဖတ်ပါ။ “ပြန့်ပြူး​တဲ့” လမ်း​နဲ့ “ကြမ်း​တဲ့” လမ်း​အကြောင်း ယေရှု ပြော​နေတာ သတိပြုပါ။ တတိယ​လမ်း​ဆိုတာ မရှိဘူး။ ဘယ်​လမ်းပေါ် လျှောက်​မယ်​ဆိုတာ ကိုယ်တိုင် ရွေးချယ်​ရမယ်။ ကျွန်တော်​တို့​ရဲ့ ထာဝရ​အသက်နဲ့ ဆိုင်​လို့ အရေးကြီးဆုံး ဆုံးဖြတ်ချက် ဖြစ်တယ်။

၄။ “ပြန့်ပြူး​တဲ့” လမ်း​အကြောင်း ရှင်းပြပါ။

လမ်း​နှစ်ခု​ရဲ့ ကွာခြား​ချက်​တွေ​ကို သိထား​ရမယ်။ “ပြန့်ပြူး​တဲ့” လမ်း​ဟာ သွားလာ​ရလွယ်​လို့ လူကြိုက်များ​တယ်။ လူအများ​နောက် လိုက်ပြီး အဲဒီ​လမ်းပေါ် လျှောက်ဖို့ အများစု ရွေးချယ်​ကြ​တာ ဝမ်းနည်းစရာပါပဲ။ ဒီ​လမ်းပေါ် လျှောက်ဖို့ သွေးထိုး​လှုံ့ဆော်သူ​ဟာ စာတန်​မာရ်နတ် ဖြစ်​ကြောင်း၊ သေခြင်း​မှာ လမ်းဆုံး​မှာ ဖြစ်​ကြောင်း သူတို့ မသိ​ကြဘူး။—၁ ကော. ၆:၉၊ ၁၀။ ၁ ယော. ၅:၁၉

၅။ “ကြမ်း​တဲ့” လမ်းကို လူတချို့ ဘယ်လို ရှာတွေ့​ပြီး စ​လျှောက်ခဲ့​ကြသလဲ။

“ပြန့်ပြူး​တဲ့” လမ်း​နဲ့ ဆန့်ကျင်ဘက်​က​တော့ “ကြမ်းတဲ့” လမ်း ဖြစ်တယ်။ ဒီ​လမ်းပေါ် လျှောက်တဲ့​သူ နည်း​မယ်လို့ ယေရှု ပြော​တယ်။ ဘာကြောင့်လဲ။ နောက်​အခန်းငယ်မှာ ပရောဖက် အတုအယောင်​တွေ​ကို သတိထားဖို့ နောက်လိုက်​တွေ​ကို ယေရှု သတိ​ပေးတယ်။ (မ. ၇:၁၅) ဘာသာ​တရား ထောင်ပေါင်း​များစွာ ရှိပြီး အများစုကလည်း အမှန်တရားကို သွန်သင်​တယ်လို့ ပြော​ကြတယ်​ဆိုပြီး လူတချို့ တွေးမိ​မယ်။ လူ​သန်းပေါင်း​များစွာ​ဟာ ဘာသာ​တွေ များ​လွန်းလို့ စိတ်ပျက်​ပြီး အသက်​လမ်းကို မရှာ​ကြ​တော့​ဘူး။ ဒါပေမဲ့ ရှာမယ်ဆိုရင် တွေ့​နိုင်​ပါ​တယ်။ “ခင်ဗျား​တို့​သာ ကျွန်တော့်​စကား​ကို အမြဲ လိုက်နာ​ရင် ကျွန်တော့်​တပည့်​အစစ် ဖြစ်​ရုံ​မက အမှန်တရားကိုပါ သိ​ရလိမ့်မယ်။ အဲဒီ​အမှန်တရားက ခင်ဗျား​တို့ကို လွတ်မြောက်​စေ​လိမ့်မယ်” လို့ ယေရှု ပြော​တယ်။ (ယော. ၈:၃၁၊ ၃၂) သင်ဟာ လူအများ​နောက် မလိုက်​ဘဲ အမှန်တရားကို ရှာ​ခဲ့လို့ ချီးမွမ်းစရာ​ပါ​ပဲ။ ဘုရား​ရဲ့ တောင်းဆိုချက်​တွေ​ကို သိဖို့ ကျမ်းစာ​ကို ထက်ထက်သန်သန် လေ့လာ​တယ်။ ယေရှုရဲ့ သွန်သင်ချက်​တွေ​ကို နားထောင်တယ်။ မှားယွင်းတဲ့ ဘာသာရေး သွန်သင်ချက်​တွေ​ကို ငြင်းပယ်​ဖို့၊ အယူမှား ဇာစ်မြစ်​ကနေ ဆင်းသက်​လာတဲ့ ပွဲ​တွေ မကျင်းပ​ဖို့ ယေဟောဝါ တောင်းဆိုထား​မှန်း သိလာတယ်။ ယေဟောဝါရဲ့ တောင်းဆိုချက်​တွေ​အတိုင်း နေထိုင်ဖို့၊ ဘုရား​မျက်နှာသာ မရ​စေမယ့် ဓလေ့​ထုံးစံတွေ​ကို ဖြတ်​ဖို့ မလွယ်​မှန်း​လည်း သိလာတယ်။ (မ. ၁၀:၃၄-၃၆) လိုအပ်​တဲ့ ပြုပြင်​ပြောင်းလဲမှု​တွေ လုပ်ဖို့ မလွယ်​ပါ​ဘူး။ ဒါပေမဲ့ ကောင်းကင်​ဖခင်​ကို ချစ်လို့၊ ဘုရား​မျက်နှာသာ ရ​ချင်​လို့ ကြိုးစား​ပြောင်းလဲ​တယ်။ ဘုရား သိပ်​ပျော်ရွှင်​မှာပဲ။—ပညာ. ၂၇:၁၁

ကြမ်း​တဲ့​ လမ်းပေါ် ဆက်လျှောက်​နေပါ

ဘုရားသခင့် အကြံဉာဏ်​နဲ့ စံနှုန်း​တွေ​က ‘လမ်း​ကြမ်း’ ပေါ် ဆက်​ရှိနေဖို့ ကူညီ​ပေး (စာပိုဒ် ၆-၈ ကို ကြည့်​ပါ) *

၆။ ဆာလံ ၁၁၉:၉၊ ၁၀၊ ၄၅၊ ၁၃၃ အရ လမ်း​ကြမ်း​ပေါ် ဆက်လျှောက်​နိုင်​ဖို့ ဘာက ကူညီ​ပေး​မလဲ။

ကြမ်း​တဲ့​ လမ်းပေါ် ဆက်လျှောက်​နိုင်​ဖို့ ဘာက ကူညီ​ပေး​မလဲ။ ဒီ​ဥပမာ​ကို သုံးသပ်ကြည့်​ပါ။ ကျဉ်း​မြောင်း​တဲ့ တောင်ပေါ်​လမ်းမှာ ကားမောင်း​သူနဲ့ ကား​တွေ အန္တရာယ်ကင်း​အောင် လမ်းဘေး အကာအရံ​တွေ လုပ်ထား​တယ်။ လမ်း​အစွန်​နား မရောက်​အောင်၊ ချောက်ထဲ မကျအောင် ကာကွယ်​ပေးဖို့​ပဲ။ ဒီ​အကာအရံ​တွေ​ကို ရှုပ်​တယ်၊ လွတ်လွတ်လပ်လပ် မောင်း​လို့ မရဘူး​ဆိုပြီး ဘယ်​ကား​သမား​မှ ပြော​မှာ မဟုတ်ဘူး။ ကျမ်းစာ​မှာ ပါတဲ့ ယေဟောဝါရဲ့ စံနှုန်း​တွေ​လည်း အဲဒီ​အကာအရံ​နဲ့ တူတယ်။ လမ်း​ကြမ်း​ပေါ် ဆက်လျှောက်​နိုင်​ဖို့ ကူညီ​ပေးတယ်။ဆာလံ ၁၁၉:၉၊ ၁၀၊ ၄၅၊ ၁၃၃ ကို ဖတ်ပါ။

၇။ လမ်း​ကြမ်း​ကို လူငယ်တွေ ဘယ်လို ရှုမြင်​သင့်သလဲ။

လူငယ်တို့၊ ယေဟောဝါရဲ့ စံနှုန်း​တွေ​ဟာ တင်းကျပ်​လွန်းတယ်လို့ တစ်ခါ​တ​လေ ထင်​မိ​သလား။ အဲဒီလိုပဲ စာတန် ထင်​စေ​ချင်​တာ။ ပြန့်ပြူး​တဲ့ လမ်းပေါ် လျှောက်​နေသူတွေကို အားကျ​စေချင်တယ်။ သူတို့ တကယ် ပျော်ရွှင်​နေကြ​ပုံ​ပဲ။ အတန်းဖော်​တွေ၊ အင်တာနက်​ပေါ်​က လူတွေကို သုံးပြီး ကျွန်တော်​တို့​ဘဝမှာ ပျော်စရာ​တွေ ဆုံးရှုံး​နေတယ်လို့ ခံစား​ရအောင် စာတန် လုပ်နေတယ်။ ယေဟောဝါရဲ့ စံနှုန်း​တွေ​ကြောင့် ဘဝကို အပြည့်အဝ မပျော်​ရ​ဘူးလို့​လည်း ထင်​စေချင်တယ်။ * ဒါပေမဲ့ ဒီ​အချက်​ကို သတိရပါ– စာတန်​က မိမိ​လမ်းပေါ် လျှောက်​နေသူတွေကို ခရီးလမ်း​ဆုံး​မှာ ဘာဖြစ်​မယ်​ဆိုတာ မသိ​စေ​ချင်ဘူး။ ယေဟောဝါ​က​တော့ အသက်​လမ်းပေါ် ဆက်လျှောက်​နေ​သူတွေ ဘာ​ကောင်းချီး​တွေ ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြ​ပေးတယ်။—ဆာ. ၃၇:၂၉။ ဟေရှာ. ၃၅:၅၊ ၆။ ၆၅:၂၁-၂၃

၈။ အော်​လက်​ဖ်​ရဲ့ အဖြစ်ကနေ လူငယ်တွေ ဘာ​သင်ယူ​နိုင်​သလဲ။

လူငယ် ညီအစ်ကို အော်​လက်​ဖ်​အကြောင်း စဉ်းစား​ကြည့်​ပါ။ * အတန်းဖော်​တွေ​က လိင်​အကျင့်ပျက်​ဖို့ ဖိအား​ပေး​ကြတယ်။ မိမိဟာ ယေဟောဝါသက်သေ ဖြစ်​ကြောင်း၊ ကျမ်းစာ​ရဲ့ မြင့်မား​တဲ့ ကိုယ်ကျင့်တရား စံနှုန်း​အတိုင်း နေထိုင်​ကြောင်း ရှင်းပြ​တဲ့​အခါ အတန်းဖော် မိန်းကလေး​တချို့က အတူ​အိပ်​ဖို့ ပို​လို့​တောင် သွေးဆောင်​လာကြတယ်။ ဒါပေမဲ့ အော်​လက်​ဖ်​က​တော့ မှန်ရာ​ဘက် အခိုင်အမာ ရပ်တည်​တယ်။ နောက်ထပ် ဖိအား​လည်း ရှိသေးတယ်။ “တက္ကသိုလ် ဆက်​တက်​ဖို့ ဆရာ​တွေ ဖိအား​ပေး​ကြတယ်။ တက္ကသိုလ်​တက်​မှ ဂုဏ်​ရှိပြီး ဘဝ အောင်မြင်​မှာ​လို့ ပြော​ကြတယ်” ဆိုပြီး အော်​လက်​ဖ် ပြော​တယ်။ အဲဒီ​ဖိအားတွေကို တွန်းလှန်​နိုင်​ဖို့ အော်​လက်​ဖ်​ကို ဘာက ကူညီ​ပေး​သလဲ။ “ညီအစ်ကို/မတွေ​နဲ့ ရင်းရင်းနှီးနှီး ပေါင်း​တယ်။ သူတို့က ကျွန်တော့် မိသားစု​လို ဖြစ်​လာတယ်။ ကျမ်းစာ​ကိုလည်း အရင်ကထက် ပို​လေ့လာ​တယ်။ ကျမ်းစာ​ကို နက်နက်နဲနဲ လေ့လာ​လေ အမှန်တရား​ ဖြစ်​မှန်း ပို​စိတ်ချ​လာ​လေ​ပဲ။ ရလဒ်အနေနဲ့ ယေဟောဝါရဲ့ အမှုတော်မှာ ပါဝင်​ဖို့ စိတ်ပိုင်း​ဖြတ်လိုက်​တယ်” လို့ ပြော​တယ်။

၉။ ကြမ်း​တဲ့​ လမ်းပေါ် ဆက်လျှောက်​နိုင်​ဖို့ ဘာ​လိုအပ်​သလဲ။

ကျွန်တော်​တို့ အသက်​လမ်းပေါ်​ကနေ ထွက်သွား​တာမျိုး စာတန် ဖြစ်စေ​ချင်​တယ်။ လူအများစု​နဲ့​အတူ “ပျက်စီးခြင်း​ကို ပို့ဆောင်​တဲ့” ပြန့်ပြူး​တဲ့​ လမ်းပေါ်မှာ လျှောက်​စေချင်တယ်။ (မ. ၇:၁၃) ဒါပေမဲ့ ယေရှုရဲ့ စကား​ကို ဆက်​နားထောင်မယ်၊ ကြမ်း​တဲ့​ လမ်းကို အကာအကွယ်​အဖြစ် ရှုမြင်​မယ်​ဆိုရင် ဒီ​လမ်းပေါ် ဆက်လျှောက်​နိုင်​ပါ​လိမ့်မယ်။ ကျွန်တော်​တို့ လုပ်ဆောင်ဖို့ ယေရှု မိန့်မှာ​ထား​တဲ့​အရာ နောက်တစ်ခု​အကြောင်း သုံးသပ်​ကြရအောင်။

ကိုယ့်​ညီအစ်ကို​နဲ့ ပြေလည်​အောင် လုပ်ပါ

၁၀။ မဿဲ ၅:၂၃၊ ၂၄ အရ ကျွန်တော်​တို့ ဘာလုပ်​ရမယ်လို့ ယေရှု ပြော​သလဲ။

၁၀ မဿဲ ၅:၂၃၊ ၂၄ ကို ဖတ်ပါ။ ဂျူး​တွေ​အတွက် သိပ်​အရေးကြီးတဲ့ အခြေအနေ​တစ်ခု​ကို ယေရှု ပြော​တယ်။ လူတစ်ယောက် ဗိမာန်တော်မှာ ယဇ်​ပူဇော်​ဖို့ လာတယ်။ တိရစ္ဆာန် ပူဇော်သက္ကာ​ကို ပုရောဟိတ်​ဆီ ပေး​ခါနီး​မှာပဲ မိမိကို ညီအစ်ကို​တစ်ယောက် မကျေမနပ် ဖြစ်နေမှန်း သတိရ​သွား​ရင် ပူဇော်သက္ကာ​ကို ထားပြီး “သွား” ရမယ်။ ဘာကြောင့်လဲ။ ယေဟောဝါ​ဆီ ပူဇော်သက္ကာ ဆက်သ​တာ​ထက် ပို​အရေးကြီး​တာ ရှိသေးလို့​လား။ “ညီအစ်ကို​ဆီ သွားပြီး သူနဲ့ ပြေလည်​အောင် အရင်​လုပ်ပါ” လို့ ယေရှု ရှင်းရှင်းလင်းလင်း ပြော​တယ်။

အစ်ကို​နဲ့ ပြန်​ပြေလည်​အောင် နှိမ့်ချစွာ ကြိုးစား​တဲ့ ယာကုပ်ရဲ့ ပုံသက်သေ​ကို သင် တုပ​မလား (စာပိုဒ် ၁၁-၁၂ ကို ကြည့်​ပါ) *

၁၁။ ဧသော​နဲ့ ပြေလည်​ဖို့ ယာကုပ် ဘယ်လို ကြိုးစား​သလဲ။

၁၁ ပြေလည်​အောင် လုပ်တာ​နဲ့​ပတ်သက်ပြီး ဘိုးဘေး​ ယာကုပ်​ဆီကနေ အဖိုးတန် သင်ခန်းစာ​တွေ သင်ယူနိုင်တယ်။ မွေးရပ်မြေနဲ့ အနှစ် ၂၀ လောက် ဝေးကွာ​ပြီး​နောက် အဲဒီကို ပြန်​ဖို့ ကောင်းကင်တမန်​က​တစ်ဆင့် ယာကုပ်​ကို ဘုရား မိန့်မှာတယ်။ (က. ၃၁:၁၁၊ ၁၃၊ ၃၈) ဒါပေမဲ့ ပြဿနာ​တစ်ခု ရှိတယ်။ အစ်ကို ဧသော​က ယာကုပ်​ကို သတ်ချင်​နေတာ။ (က. ၂၇:၄၁) အစ်ကို​ဖြစ်သူ အငြိုး​ထား​နေဆဲ ဖြစ်​မှာ ယာကုပ် ‘ကြောက်​ပြီး စိုးရိမ်​မိတယ်။’ (က. ၃၂:၇) အစ်ကို​နဲ့ ပြေလည်​ဖို့ ဘာ​လုပ်သလဲ။ ဦးဆုံး၊ ဒီ​ကိစ္စ​ကို ယေဟောဝါ​ဆီ ဆုတောင်း​ပြောပြ​တယ်။ ပြီး​နောက် ဧသော​ဆီ လက်ဆောင်​တွေ အများကြီး ပို့​ပေးတယ်။ (က. ၃၂:၉-၁၅) နောက်ဆုံး၊ အစ်ကို​နဲ့ မျက်နှာ​ချင်း​ဆိုင် တွေ့​တဲ့​အခါ ကိုယ့်​ဘက်က​စပြီး လေးစားမှု ပြ​တယ်။ ဧသော​ကို တစ်ကြိမ်၊ နှစ်ကြိမ်​မက ခု​နစ်​ကြိမ်​အထိ ဦးညွှတ်​တယ်။ အဲဒီလို နှိမ့်ချ၊ လေးစားတဲ့ လုပ်ရပ်တွေ​အားဖြင့် အစ်ကို​နဲ့ ပြေလည်​အောင် ကြိုးစား​တယ်။—က. ၃၃:၃၊ ၄

၁၂။ ယာကုပ်ရဲ့ ပုံ​နမူနာ​ကနေ ဘာ​သင်ယူ​ရသလဲ။

၁၂ အစ်ကို ဧသော​နဲ့ တွေ့​ဖို့ ယာကုပ် ပြင်ဆင်​ပုံ၊ ချဉ်းကပ်​ပုံ​ကနေ သင်ခန်းစာ​တစ်ခု သင်ယူနိုင်တယ်။ ယာကုပ်ဟာ ယေဟောဝါ​ဆီ နှိမ့်ချစွာ အကူအညီ တောင်း​တယ်။ ပြီး​နောက် အစ်ကို​နဲ့ ပြေလည်​ဖို့ အတတ်နိုင်ဆုံး ကြိုးစား​ခြင်း​အားဖြင့် ဆုတောင်းချက်​နဲ့​အညီ လုပ်ဆောင်တယ်။ အစ်ကို​နဲ့ တွေ့​တဲ့​အခါ ဘယ်သူ မှန်တယ်၊ မှားတယ်​ဆိုပြီး ဖြစ်​ခဲ့​တာတွေကို အငြင်းအခုံ မလုပ်​ဘူး။ ပြန်​ပြေလည်​ဖို့​ပဲ ပန်းတိုင်​ထား​တယ်။ ယာကုပ်ရဲ့ ပုံ​နမူနာကို ဘယ်လို တုပ​နိုင်​သလဲ။

တခြား​သူတွေနဲ့ ပြေလည်​အောင် ဘယ်လို လုပ်မလဲ

၁၃-၁၄။ ယုံကြည်သူချင်း တစ်ယောက်ကို စိတ်​ထိခိုက်အောင် လုပ်မိရင် ဘာလုပ်သင့်​လဲ။

၁၃ အသက်​လမ်းပေါ် လျှောက်​နေတဲ့ ကျွန်တော်​တို့​ဟာ အချင်းချင်း ပြေပြေလည်လည် ရှိရမယ်။ (ရော. ၁၂:၁၈) ယုံကြည်သူချင်း တစ်ယောက်ကို စိတ်​ထိခိုက်အောင် လုပ်မိ​မှန်း သတိထား​မိရင် ဘာ​လုပ်သင့်သလဲ။ ယာကုပ်​လို​ပဲ ယေဟောဝါ​ဆီ ထက်ထက်သန်သန် ဆုတောင်း​ပါ။ ပြန်​ပြေလည်​အောင် ကြိုးစား​တာ​ကို ကောင်းချီး​ပေးဖို့ ဆုတောင်း​နိုင်တယ်။

၁၄ အချိန်​ယူပြီး ကိုယ့်ကိုယ်ကိုယ် ပြန်​ဆန်းစစ်​ဖို့​လည်း လိုတယ်။ ‘မာန​ကို ဘေးချိတ်​ပြီး နှိမ့်ချစွာ တောင်းပန်​ဖို့၊ ပြေလည်​အောင် လုပ်ဖို့ လိုလိုလားလား ရှိရဲ့လား။ ကိုယ့်​ဘက်က အစ​ပြုပြီး ပြေလည်​အောင် လုပ်မယ်ဆိုရင် ယေဟောဝါ​နဲ့ ယေရှု ဘယ်လို ခံစား​ရမလဲ’ စတဲ့ မေးခွန်းတွေ မေး​နိုင်တယ်။ အဲဒီ​မေးခွန်းတွေ​က ယေရှုရဲ့ စကား​ကို နားထောင်ဖို့၊ ယုံကြည်သူချင်းတွေနဲ့ ပြေလည်​အောင် နှိမ့်ချစွာ ကြိုးစားဖို့ လှုံ့ဆော်ပေး​နိုင်တယ်။ ဒီ​ကိစ္စ​မှာ ယာကုပ်ရဲ့ ပုံ​နမူနာကို တုပ​နိုင်တယ်။

၁၅။ ဧဖက် ၄:၂၊ ၃ မှာ ပါ​တဲ့ မူကို ကျင့်သုံး​တာ​က ညီအစ်ကို​နဲ့ ပြေလည်​ဖို့ ဘယ်လို ကူညီ​ပေး​နိုင်​သလဲ။

၁၅ ယာကုပ်​သာ အစ်ကို​နဲ့ တွေ့​တဲ့​အခါ မာန​စိတ်​နဲ့ ငြင်းခုံ​နေရင် ဘာ​ဖြစ်သွား​မလဲ​ဆိုတာ မြင်ယောင်​ကြည့်​ပါ။ ဆိုးဆိုးရွားရွား ဖြစ်သွား​နိုင်တယ်။ ကျွန်တော်​တို့​လည်း ညီအစ်ကို​နဲ့ ပြေလည်​ဖို့ ကြိုးစား​တဲ့​အခါ နှိမ့်ချ​စိတ် ရှိရမယ်။ (ဧဖက် ၄:၂၊ ၃ ကို ဖတ်ပါ။) “ခံတပ်​မြို့ဟာ တော်ရုံ အညံ့​မခံ​ဘူး။ စိတ်နာ​သွားတဲ့ ညီအစ်ကို​ဆိုရင် ပို​လို့​တောင် အလျှော့ပေး​မှာ မဟုတ်ဘူး။ ခံတပ်​ရဲ့ ကန့်​လန့်​ကျင်​တွေ​နဲ့​ တူ​တဲ့ အငြင်းအခုံ​တွေ ရှိနေ​ဦး​မှာပဲ” လို့ ပညာအလိမ္မာ ၁၈:၁၉ မှာ ပြော​တယ်။ စိတ်ထိခိုက်​နေတဲ့ ညီအစ်ကို​ဟာ ခံတပ်​နဲ့​ တူတယ်။ ဒါပေမဲ့ နှိမ့်ချ​စိတ်​နဲ့ တောင်းပန်​မယ်​ဆိုရင် “ခံတပ်” ထဲ ဝင်နိုင်ဖို့၊ တစ်နည်း​အားဖြင့် ပြေလည်မှု ရဖို့ ပို​လွယ်ကူမယ်။

၁၆။ ဘာကို ကြို​စဉ်းစား​ထား​ဖို့ လိုသလဲ။ ဘာကြောင့်လဲ။

၁၆ ညီအစ်ကို​ကို ဘာ​ပြော​မယ်၊ ဘယ်လို ပြော​မယ်​ဆိုတာ ကြို​စဉ်းစား​ထား​ဖို့​လည်း လိုတယ်။ အဆင်သင့်​ဖြစ်​ပြီ​ဆိုရင် သူ့​စိတ်ထဲ​က နာကြည်း​ချက်​တွေ ပျောက်စေ​ဖို့​ဆိုတဲ့ ရည်ရွယ်ချက်​နဲ့ စကား​သွား​ပြောပါ။ အစပိုင်း​မှာ​တော့ သူ့​ဘက်က စိတ်ထိခိုက်​စရာတွေ ပြော​လာနိုင်တယ်။ ဒါကြောင့် စိတ်ဆိုး​မိ​နိုင်၊ ဆင်ခြေ​ပေး​မိ​နိုင်တယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ရင် ပြန်​ပြေလည်​မှာ မဟုတ်ဘူး။ ဘယ်သူ မှားတယ်၊ မှန်တယ် ဆိုတာ​ထက် ညီအစ်ကို​နဲ့ ပြန်​ပြေလည်​ဖို့​က ပို​အရေးကြီးကြောင်း သတိရပါ။—၁ ကော. ၆:၇

၁၇။ ဂီလ်ဘတ်​ရဲ့ အဖြစ်ကနေ ဘာ​သိရသလဲ။

၁၇ ညီအစ်ကို ဂီလ်ဘတ်​ဟာ တခြား​သူနဲ့ ပြန်​ပြေလည်​ဖို့ အတတ်နိုင်ဆုံး ကြိုးစား​ခဲ့တယ်။ “မိသားစုဝင်​တစ်ယောက်​နဲ့ တော်​တော် အဆင်မပြေ​ဘူး။ ပြန်​ပြေလည်​အောင် အေးအေးဆေးဆေး ဆွေးနွေး​နိုင်​ဖို့ နှစ်နှစ်​ကျော်​လောက် ကြိုးစား​ခဲ့​ရတယ်” လို့ ပြော​တယ်။ ဘာဆက်​လုပ်​သေး​သလဲ။ “သူနဲ့ စကား​မပြော​ခင် ဆုတောင်း​တယ်။ စကား​နာ မထိုး​မိဖို့ ကိုယ့်​စိတ်​ကို ပြင်ဆင်​တယ်။ ခွင့်လွှတ်​ဖို့ ကြိုးစား​တယ်။ ကိုယ်​မှန်တယ်​ဆိုတာ ရှင်းပြဖို့​ထက် ပြေလည်​အောင် လုပ်ဖို့ ပို​အရေးကြီး​မှန်း နားလည်​ထား​တယ်” လို့ ပြော​တယ်။ ရလဒ်အနေနဲ့ “အခု မိသားစုဝင်​အားလုံး​နဲ့ ဆက်ဆံ​ရေး​ကောင်း ရှိနေလို့ စိတ်အေး​ရပြီ” လို့ ဂီလ်ဘတ် ပြော​တယ်။

၁၈-၁၉။ ကိုယ့်​ကြောင့် တစ်ယောက်ယောက် စိတ်ထိခိုက်​နေရင် ဘာလုပ်ဖို့ စိတ်ပိုင်း​ဖြတ်​သင့်သလဲ။ ဘာကြောင့်လဲ။

၁၈ ကိုယ့်​ကြောင့် ယုံကြည်သူချင်း​တစ်ယောက် စိတ်ထိခိုက်​နေမှန်း သိလာ​ရင် ဘာလုပ်ဖို့ စိတ်ပိုင်း​ဖြတ်​သင့်သလဲ။ ယေရှု မိန့်မှာ​တဲ့​အတိုင်း ပြေလည်​အောင် လုပ်ပါ။ ယေဟောဝါ​ဆီ ဆုတောင်း ပြောပြ​ပါ။ ပြေလည်​အောင် လုပ်နိုင်ဖို့ စွမ်းအားတော် အကူအညီ တောင်း​ပါ။ ဒါဆိုရင် ကိုယ်တိုင် ပျော်ရွှင်မှု ခံစား​ရမယ်။ ယေရှုရဲ့ စကား​ကို နားထောင်​ကြောင်း ပြ​ရာ​လည်း ရောက်မယ်။—မ. ၅:၉

၁၉ “အသင်းတော်ရဲ့ ဦးခေါင်း” ယေရှု​ခရစ်​က​တစ်ဆင့် မေတ္တာပါ လမ်းညွှန်ချက်တွေ ယေဟောဝါ ပေး​ထား​လို့ ကျေးဇူး​တင်စရာ​ပါ​ပဲ။ (ဧ. ၅:၂၃) “သူ့​စကား​ကို နားထောင်” ဖို့ တမန်တော် ပေတရု၊ ယာကုပ်၊ ယောဟန်တို့​လို စိတ်ပိုင်း​ဖြတ်​ထား​ကြပါစို့။ (မ. ၁၇:၅) ကိုယ့်​ကြောင့် စိတ်ထိခိုက်​သွားတဲ့ ယုံကြည်သူချင်း​နဲ့ ပြန်​ပြေလည်​အောင် ဘယ်လို လုပ်နိုင်​ကြောင်း ဆွေးနွေး​ခဲ့​ကြပြီ။ အဲဒီလို ပြေလည်​အောင် ကြိုးစား​ပြီး အသက်​ရစေတဲ့ လမ်း​ကြမ်း​ပေါ် ဆက်လျှောက်​နေမယ်​ဆိုရင် အခု​လောလောဆယ် ကောင်းချီး​များစွာ ရမယ်။ အနာဂတ်​မှာလည်း အဆုံးမဲ့ ပျော်ရွှင်မှု ခံစား​ရပါလိမ့်မယ်။

သီချင်း ၁၃၀ ခွင့်လွှတ်​တတ်ကြ​ပါ

^ အပိုဒ်၊ 5 အသက်​လမ်းပေါ် ပို့ဆောင်​ပေး​တဲ့ ကျဉ်း​တဲ့​ တံခါး​ကနေ ဝင်​ဖို့ ကျွန်တော်​တို့ကို ယေရှု အားပေးတယ်။ ယုံကြည်သူချင်းတွေနဲ့ ပြေလည်​အောင် လုပ်ဖို့​လည်း ညွှန်ကြား​တယ်။ အဲဒီ​စကား​တွေ​ကို လိုက်နာတဲ့အခါ ဘယ်​အခက်အခဲ​တွေ ကြုံ​ရနိုင်သလဲ။ ဘယ်လို ကျော်လွှား​နိုင်​မလဲ။

^ အပိုဒ်၊ 7 www.pr418.com ထဲ​က လူငယ်များ​အမေး မေးခွန်း ၁၀ ခု​အတွက် အဖြေ​များ စာစောင် မေးခွန်း ၆– “ရွယ်တူချင်း​တွေ​ရဲ့ ဖိအား​ကို ဘယ်လို တွန်းလှန်​နိုင်​မလဲ” နဲ့ ကာတွန်း​သရုပ်ဖော် ဗီဒီယို ရွယ်တူချင်း​တွေ​ရဲ့ ဖိအား​ကို တွန်းလှန်​ပါ ကို ကြည့်​ပါ။ (သမ္မာကျမ်းစာ သွန်သင်ချက်​များ > ဆယ်ကျော်သက်​များ မှာ ကြည့်​ပါ။)

^ အပိုဒ်၊ 8 အမည်​လွှဲ​များ။

^ အပိုဒ်၊ 56 ပုံ​အညွှန်း– ဘုရား ပြင်ဆင်​ပေး​တဲ့ အကာအရံ​တွေ ကာရံ​ထား​တဲ့ ‘လမ်း​ကြမ်း’ ပေါ် ဆက်​ရှိနေတာ​က ညစ်ညမ်း​ရုပ်ပုံ၊ အကျင့်ပျက် အပေါင်းအသင်း၊ အဆင့်မြင့် ပညာရေး​ကို ဦးစားထား​ခြင်း စတဲ့ အန္တရာယ်​တွေ​ကို ရှောင်​ဖို့ ကူညီ​ပေး​နိုင်။

^ အပိုဒ်၊ 58 ပုံ​အညွှန်း– အစ်ကို ဧသော​နဲ့ ပြန်​ပြေလည်​ဖို့ ယာကုပ် အကြိမ်ကြိမ် ဦးညွှတ်​နေ။