မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၅၃

လူငယ် ညီအစ်ကိုတို့၊ ရင့်ကျက်တဲ့ ခရစ်ယာန် အမျိုးသား ဖြစ်ဖို့ ကြိုးစားပါ

လူငယ် ညီအစ်ကိုတို့၊ ရင့်ကျက်တဲ့ ခရစ်ယာန် အမျိုးသား ဖြစ်ဖို့ ကြိုးစားပါ

“ယောက်ျားပီပီ သတ္တိရှိပါ။”—၁ ဘု. ၂:၂

သီချင်း ၁၃၅ ယေဟောဝါရဲ့ မေတ္တာရပ်ခံချက်— ‘ငါ့သား၊ ပညာရှိပါ’

အကြိုသုံးသပ်ချက် a

၁။ ယောကျ်ားပီသဖို့ ဘာလုပ်ရမလဲ။

 “ယောက်ျားပီပီ သတ္တိရှိပါ” လို့ ရှောလမုန်ကို ဘုရင် ဒါဝိဒ် ပြောတယ်။ (၁ ဘု. ၂:၁-၃) ဒီစကားဟာ ခရစ်ယာန် အမျိုးသားအားလုံးနဲ့ ဆိုင်တယ်။ ယောကျ်ားပီသဖို့ဆိုရင် ဘဝကဏ္ဍတိုင်းမှာ ဘုရားပညတ် နာခံသူ၊ ကျမ်းစာ အခြေခံမူတွေ လက်တွေ့ကျင့်သူ ဖြစ်ရမယ်။ (လု. ၂:၅၂) ညီအစ်ကိုလေးတွေ ရင့်ကျက်လာဖို့ ဘာကြောင့် အရေးကြီးသလဲ။

၂-၃။ ညီအစ်ကိုလေးတွေ ရင့်ကျက်လာဖို့ ဘာကြောင့် အရေးကြီးသလဲ။

ညီအစ်ကိုတွေဟာ မိသားစု၊ အသင်းတော်မှာ အရေးကြီး တာဝန် အများကြီး ရှိတယ်။ အနာဂတ်မှာ ရလာနိုင်တဲ့ တာဝန်တွေအကြောင်း ညီအစ်ကိုလေးတွေ စဉ်းစားမိမှာပဲ။ အချိန်ပြည့် အမှုထမ်း၊ အသင်းတော် အမှုထမ်း၊ အကြီးအကဲ ဖြစ်ဖို့ ပန်းတိုင်ထားနိုင်တယ်။ အိမ်ထောင်ပြုဖို့၊ သားသမီး ယူဖို့ စိတ်ကူးနိုင်တယ်။ (ဧ. ၆:၄။ ၁ တိ. ၃:၁) ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်မှ ပန်းတိုင် ရောက်မယ်။ အောင်မြင်နိုင်မယ်။ b

ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်လာဖို့ ဘာက ကူညီပေးမလဲ။ သင်ထားရမှာ၊ တတ်ထားရမှာ အများကြီး ရှိတယ်။ အနာဂတ်မှာ ရလာနိုင်တဲ့ တာဝန်တွေအတွက် အခုကတည်းက ဘယ်လို ပြင်ဆင်နိုင်မလဲ။

ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်လာစေမယ့် ခြေလှမ်းများ

ယေရှုရဲ့ အရည်အသွေးတွေကို အတုယူတာက ရင့်ကျက်လာစေနိုင် (စာပိုဒ် ၄ ကို ကြည့်ပါ)

၄။ စံထားထိုက်သူတွေ ဘယ်မှာ တွေ့နိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

ဘယ်သူ့ကို စံထားမလဲ ရွေးပါ။ လူငယ်တွေ စံထားနိုင်တဲ့ စံနမူနာရှင် အများကြီး ကျမ်းစာမှာ ပါတယ်။ အဲဒီစံနမူနာရှင်တွေဟာ ဘုရားကို ချစ်ကြတယ်။ ဘုရားလူမျိုး အကျိုးအတွက် တာဝန်အမျိုးမျိုး ထမ်းဆောင်ကြတယ်။ မိသားစု၊ အသင်းတော်မှာလည်း စံထားထိုက်တဲ့ ရင့်ကျက်တဲ့ ညီအစ်ကိုတွေ တွေ့နိုင်တယ်။ (ဟီ. ၁၃:၇) အကောင်းဆုံး စံနမူနာရှင်ကတော့ ယေရှုခရစ်ပါ။ (၁ ပေ. ၂:၂၁) သူတို့ရဲ့ စံနမူနာကို လေ့လာတဲ့အခါ သဘောကျမိတဲ့ အရည်အသွေးတွေ မှတ်သားပါ။ (ဟီ. ၁၂:၁၊ ၂) ဘယ်လို အတုယူမလဲ စဉ်းစားပါ။

၅။ စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိအောင် ဘယ်လို လုပ်ရမလဲ။ ဘာကြောင့် အရေးကြီးသလဲ။ (ဆာလံ ၁၁၉:၉)

“စဉ်းစားဆင်ခြင်နိုင်စွမ်း” ရှိအောင် လုပ်ပါ။ “ကာကွယ်စောင့်ရှောက်ပါ။” (ပညာ. ၃:၂၁) စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိရင် တစ်ခုခု မလုပ်ခင် ချိန်ဆတတ်လာမယ်။ ဒါကြောင့် စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိဖို့ ကြိုးစားပါ။ ပျောက်မသွားဖို့ ကာကွယ်စောင့်ရှောက်ပါ။ ဘာကြောင့်လဲ။ ကိုယ့်အမြင်၊ ခံစားချက်ကို အခြေခံပြီး ဆုံးဖြတ်တဲ့ လူငယ်တွေ လောကမှာ ပြည့်နေလို့ပဲ။ (ပညာ. ၇:၇။ ၂၉:၁၁) လူမှု မီဒီယာကလည်း အများကြီး ဩဇာလွှမ်းမိုးနိုင်တယ်။ ဒါဆိုရင် စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိအောင် ဘယ်လို လုပ်ရမလဲ။ ကျမ်းစာ အခြေခံမူတွေ လေ့လာပါ။ အဲဒီမူတွေ ဘာကြောင့် အကျိုးရှိသလဲ စဉ်းစားပါ။ အဲဒီမူတွေကို အခြေခံပြီး ယေဟောဝါ စိတ်ရွှင်လန်းမယ့် ဆုံးဖြတ်ချက်တွေ ချပါ။ (ဆာလံ ၁၁၉:၉ ကို ဖတ်ပါ။) စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိအောင် လုပ်တာဟာ ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်စေမယ့် အရေးကြီး ခြေလှမ်း လှမ်းလိုက်တာပဲ။ (ပညာ. ၂:၁၁၊ ၁၂။ ဟီ. ၅:၁၄) (၁) ညီအစ်မတွေနဲ့ ဆက်ဆံပုံ၊ (၂) ဝတ်စားဖြီးလိမ်းပုံဆိုတဲ့ ကဏ္ဍနှစ်ခုမှာ စဉ်းစားဆင်ခြင်နိုင်စွမ်း ဘယ်လို အကျိုးပြုသလဲ သုံးသပ်ကြည့်ရအောင်။

၆။ ညီအစ်မတွေကို လေးစားဖို့ စဉ်းစားဆင်ခြင်နိုင်စွမ်းက ညီအစ်ကိုလေးတွေကို ဘယ်လို ကူညီပေးသလဲ။

အမျိုးသမီးတွေကို လေးစားဖို့ စဉ်းစားဆင်ခြင်နိုင်စွမ်းက ကူညီပေးတယ်။ ညီအစ်မတစ်ယောက်ကို လူငယ် ညီအစ်ကိုတစ်ယောက် စိတ်ဝင်စားတာ သဘာဝပဲ။ မမှားဘူး။ ဒါပေမဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိတဲ့ ညီအစ်ကိုဟာ လက်ထပ်ဖို့ မရည်ရွယ်ရင် စိတ်ဝင်စားနေတယ်လို့ တစ်ဖက် ညီအစ်မ ထင်သွားအောင် ပြောမှာ၊ ရေးမှာ၊ ပြုမူမှာ မဟုတ်ဘူး။ (၁ တိ. ၅:၁၊ ၂) တွဲပြီဆိုရင်လည်း အဖော်တစ်ယောက်ယောက် မပါဘဲ ချိန်းတွေ့မှာ မဟုတ်ဘူး။ ဒါ ညီအစ်မရဲ့ နာမည်ကောင်းကို ထိန်းသိမ်းပေးနေတာပဲ။—၁ ကော. ၆:၁၈

၇။ အဝတ်အစား ရွေးတဲ့အခါ စဉ်းစားဆင်ခြင်နိုင်စွမ်းက ညီအစ်ကိုလေးတွေကို ဘယ်လို ကူညီပေးသလဲ။

စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိကြောင်း ပြနိုင်တဲ့ နောက်ကဏ္ဍကတော့ ဝတ်စားဖြီးလိမ်းပုံပါ။ ဖက်ရှင်လောကကို ဦးဆောင်နေသူ အများစုဟာ ယေဟောဝါကို မလေးစားသူတွေ၊ အကျင့်ပျက် လမ်းစဉ် လိုက်သူတွေ။ ဒါကြောင့် သူတို့ ထွင်လိုက်တဲ့ အဝတ်အစားတွေဟာ ကျပ်ထုပ်လွန်းတာ၊ အမျိုးသားတွေကို အမျိုးသမီးပုံစံ ပေါက်သွားစေတာမျိုး ဖြစ်နိုင်တယ်။ ရင့်ကျက်ဖို့ ကြိုးစားနေတဲ့ ညီအစ်ကိုလေးတွေဟာ အဝတ်အစား ရွေးတဲ့အခါ ကျမ်းစာ အခြေခံမူတွေ ထည့်စဉ်းစားမှာ၊ အသင်းတော်က စံနမူနာကောင်းသူတွေကို အတုယူမှာ ဖြစ်တယ်။ ‘ချင့်ချိန်တတ်တယ်၊ တခြားသူတွေကို လေးစားတယ်ဆိုတာ ငါ့ရွေးချယ်မှုတွေမှာ ပေါ်ရဲ့လား။ ငါ့ဝတ်စားပုံကို ကြည့်ပြီး ဘုရားအမှုဆောင်သူပါဆိုတာ တခြားသူတွေ အလွယ်တကူ သိပါ့မလား’ လို့ စဉ်းစားနိုင်တယ်။ (၁ ကော. ၁၀:၃၁-၃၃။ တိ. ၂:၆) စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိတဲ့ ညီအစ်ကိုလေးတွေကို ညီအစ်ကို/မတွေကော ကောင်းကင်ဘုံစံ ဖခင်ပါ တန်ဖိုးထားလေးစားတယ်။

၈။ ညီအစ်ကိုလေးတွေ ဘယ်လိုနည်းနဲ့ ယုံကြည်စိတ်ချထိုက်သူ ဖြစ်လာနိုင်သလဲ။

ယုံကြည်စိတ်ချထိုက်သူ ဖြစ်ပါ။ ယုံကြည်စိတ်ချထိုက်သူဟာ ဘာတာဝန်ပဲ ရရ ကြိုးစားပမ်းစား လုပ်တယ်။ (လု. ၁၆:၁၀) ယေရှုအကြောင်း စဉ်းစားကြည့်ပါ။ ဘာကိုမှ ပေါ့ပေါ့ဆဆ၊ တာဝန်မဲ့ မလုပ်ဘူး။ ခက်ရင်တောင် ဘုရားပေး တာဝန်မှန်သမျှ ကျေပွန်တယ်။ လူတွေကို၊ အထူးသဖြင့် တပည့်တွေကို ချစ်လို့ လိုလိုလားလား အသက်စွန့်တယ်။ (ယော. ၁၃:၁) ယေရှုကို အတုယူပြီး ဘာတာဝန်ပဲ ရရ ကြိုးစားပမ်းစား လုပ်ပါ။ ဘယ်လို လုပ်ရမလဲ မသိရင် ရင့်ကျက်တဲ့ ညီအစ်ကိုတွေဆီ နှိမ့်ချမှုရှိရှိ အကူအညီ တောင်းပါ။ မခိုကပ်ပါနဲ့။ (ရော. ၁၂:၁၁) “လူတွေအတွက် မဟုတ်ဘဲ ယေဟောဝါအတွက် လုပ်နေတယ်လို့ သဘောထားပြီး” တာဝန် ကျေပွန်ပါ။ (ကော. ၃:၂၃) မစုံလင်သူ ဖြစ်တာမို့ ကျိုးနွံမှု ရှိပါ။ အမှား လုပ်မိတဲ့အခါ ဝန်ခံပါ။—ပညာ. ၁၁:၂

လက်တွေ့ အသုံးချပညာ သင်ပါ

၉။ ညီအစ်ကိုလေးတွေ လက်တွေ့ အသုံးချပညာ ဘာကြောင့် တတ်ထားရမလဲ။

ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်လာဖို့ လက်တွေ့ အသုံးချပညာ တတ်ထားရမယ်။ လက်တွေ့ အသုံးချပညာ တတ်ထားရင် အသင်းတော် တာဝန်တွေ ယူနိုင်မယ်။ ကိုယ့်ဝမ်းကိုယ် ကျောင်းနိုင်မယ်။ မိသားစုကို ရှာကျွေးနိုင်မယ်။ တခြားသူတွေနဲ့ ပြေပြေပြစ်ပြစ် ဆက်ဆံတတ်မယ်။ တတ်ထားသင့်တာတချို့ သုံးသပ်ကြည့်ပါ။

ကောင်းကောင်း ရေးတတ်၊ ဖတ်တတ်တာက ကိုယ်တိုင်နဲ့ အသင်းတော်ကို အကျိုးရစေ (စာပိုဒ် ၁၀-၁၁ ကို ကြည့်ပါ)

၁၀-၁၁။ ညီအစ်ကိုလေးတွေ ကောင်းကောင်း ရေးတတ်၊ ဖတ်တတ်ရင် ကိုယ်တိုင်နဲ့ အသင်းတော် ဘယ်လို အကျိုးရသလဲ။ (ဆာလံ ၁:၁-၃) (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၀ ကောင်းကောင်း ရေးတတ်၊ ဖတ်တတ်အောင် သင်ပါ။ ပျော်ရွှင်အောင်မြင်သူဟာ နေ့တိုင်း ကျမ်းစာ ဖတ်ရွတ်ဆင်ခြင်တယ်လို့ ကျမ်းစာမှာ ဆိုတယ်။ (ဆာလံ ၁:၁-၃ ကို ဖတ်ပါ။) နေ့တိုင်း ကျမ်းစာ ဖတ်ရင် ယေဟောဝါရဲ့ စဉ်းစားတွေးခေါ်ပုံ သိလာလို့ ကောင်းကောင်း ချင့်ချိန်သုံးသပ်တတ်လာမယ်။ (ပညာ. ၁:၃၊ ၄) အဲဒီလို ညီအစ်ကိုတွေ အသင်းတော်မှာ လိုတယ်။ ဘာကြောင့်လဲ။

၁၁ ကျမ်းစာကို အခြေခံပြီး သွန်သင်၊ အကြံပေးနိုင်တဲ့ ညီအစ်ကိုတွေကို ညီအစ်ကို/မတွေ အားကိုးကြတယ်။ (တိ. ၁:၉) ကောင်းကောင်း ရေးတတ်၊ ဖတ်တတ်ရင် မှတ်သားထိုက်တဲ့၊ ယုံကြည်ခြင်း ခိုင်ခံ့စေတဲ့ ဟောပြောချက်တွေ၊ မှတ်ချက်တွေ ပြင်ဆင်နိုင်မယ်။ လေ့လာမှု လုပ်တဲ့အခါ၊ အသင်းတော် အစည်းအဝေး၊ စည်းဝေးပွဲ၊ အစည်းအဝေးကြီး တက်တဲ့အခါ မှတ်စု ယူနိုင်မယ်။ အဲဒီမှတ်စုတွေက ကိုယ့်ယုံကြည်ခြင်း ခိုင်ခံ့အောင် လုပ်ဖို့၊ တခြားသူတွေကို အားပေးဖို့ အထောက်အကူ ပြုတယ်။

၁၂။ ဆက်ဆံရေး ပြေပြစ်လာဖို့ ဘာက ကူညီပေးမလဲ။

၁၂ ပြေပြေပြစ်ပြစ် ဆက်ဆံတတ်အောင် သင်ပါ။ ဆက်ဆံရေး ပြေပြစ်သူဟာ တခြားသူတွေရဲ့ အတွေးအခေါ်၊ ခံစားချက်ကို နားထောင်ပေးတယ်။ နားလည်ပေးတယ်။ (ပညာ. ၂၀:၅) လေသံ ဖမ်းတတ်တယ်။ မျက်နှာရိပ် မျက်နှာကဲ၊ လူရိပ် လူကဲ ခတ်တတ်တယ်။ အဲဒီလို အကဲခတ်တတ်ဖို့ဆိုရင် လူတွေနဲ့ များများ ပေါင်းပေးရမယ်။ အီးမေးလ်၊ စာတို ပို့ပြီးပဲ အမြဲ ဆက်သွယ်နေရင် လူမှုဆက်ဆံရေး ညံ့သွားမယ်။ ဒါကြောင့် လူချင်း တွေ့ပြီး ပြောဆိုဖို့ အခွင့်အရေး ရှာပါ။—၂ ယော. ၁၂

အလုပ် ရဖို့ အတတ်ပညာတစ်ခု တတ်ထားတာ အကျိုးရှိ (စာပိုဒ် ၁၃ ကို ကြည့်ပါ)

၁၃။ ညီအစ်ကိုလေးတွေ နောက်ထပ် ဘာကြိုးစားရမလဲ။ (၁ တိမောသေ ၅:၈) (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၃ ကိုယ့်ခြေထောက်ပေါ် ရပ်နိုင်အောင် ကြိုးစားပါ။ ရင့်ကျက်တဲ့ အမျိုးသားတွေဟာ ကိုယ့်ဝမ်းကိုယ် ကျောင်းနိုင်ရမယ်။ မိသားစုကို ရှာကျွေးနိုင်ရမယ်။ (၁ တိမောသေ ၅:၈ ကို ဖတ်ပါ။) နိုင်ငံတချို့မှာ ဖခင် ဒါမှမဟုတ် ဆွေမျိုးဆီကနေ လူငယ်တွေ သက်မွေးပညာ သင်ကြတယ်။ နိုင်ငံတချို့မှာတော့ အထက်တန်းကျောင်းမှာ သင်ပေးတယ်။ ဘယ်ကနေပဲ သင်သင် ဝမ်းစာရှာ ပညာတစ်ခု တတ်ထားတာ ကောင်းတယ်။ (တ. ၁၈:၂၊ ၃။ ၂၀:၃၄။ ဧ. ၄:၂၈) အလုပ်ကြိုးစားသူ၊ စပြီးရင် ဆုံးအောင် လုပ်နိုင်သူဆိုတဲ့ နာမည်ကောင်း ရအောင် ကြိုးစားပါ။ ဒါဆိုရင် အလုပ် ရဖို့၊ အလုပ် မြဲဖို့ လွယ်မယ်။ ဆွေးနွေးခဲ့တဲ့ အရည်အသွေးတွေ၊ အတတ်ပညာတွေက အနာဂတ်မှာ ရလာနိုင်တဲ့ တာဝန်တွေအတွက် အသင့်ဖြစ်စေတယ်။ တာဝန်တချို့ သုံးသပ်ကြရအောင်။

အနာဂတ် တာဝန်တွေအတွက် ကြိုတင်ပြင်ဆင်ပါ

၁၄။ အချိန်ပြည့် အမှုထမ်း ဖြစ်လာဖို့ ညီအစ်ကိုလေးတွေ ဘယ်လို ပြင်ဆင်နိုင်သလဲ။

၁၄ အချိန်ပြည့် အမှုထမ်း။ ရင့်ကျက်တဲ့ ညီအစ်ကိုများစွာဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အချိန်ပြည့်လုပ်ငန်း စခဲ့ကြတာ။ ရှေ့ဆောင် လုပ်တာက လူပေါင်းစုံနဲ့ ဆက်ဆံတတ်ဖို့၊ ငွေကို ချိန်သုံးတတ်ဖို့ ကူညီပေးတယ်။ (ဖိ. ၄:၁၁-၁၃) အရန်ရှေ့ဆောင် လုပ်တာက အချိန်ပြည့်လုပ်ငန်း စဖို့ ခြေလှမ်းကောင်းပဲ။ တော်တော်များများက အရန်ရှေ့ဆောင် လအတော်ကြာ လုပ်ကြတယ်။ အဆင်သင့် ဖြစ်ပြီဆိုရင် မှန်မှန်ရှေ့ဆောင် လုပ်ကြတယ်။ ရှေ့ဆောင် လုပ်ရင် ဆောက်လုပ်ရေး၊ ဗေသလစတဲ့ တခြား အချိန်ပြည့်လုပ်ငန်း တစ်မျိုးမျိုးမှာ ပါဝင်ဖို့ လမ်းပွင့်လာနိုင်တယ်။

၁၅-၁၆။ အသင်းတော် အမှုထမ်း၊ အကြီးအကဲအဖြစ် ညီအစ်ကိုလေးတွေ အရည်အချင်း ဘယ်လို ပြည့်မီနိုင်သလဲ။

၁၅ အသင်းတော် အမှုထမ်း၊ အကြီးအကဲ။ အကြီးအကဲအဖြစ် အမှုဆောင်နိုင်ဖို့ ညီအစ်ကိုတွေ ပန်းတိုင်ထားသင့်တယ်။ “ကြီးကြပ်မှူး ဖြစ်ဖို့ ကြိုးစားတက်လှမ်းနေသူဟာ မွန်မြတ်တဲ့ အလုပ်ကို လိုလားတဲ့သူ” လို့ ကျမ်းစာ ဆိုတယ်။ (၁ တိ. ၃:၁) အကြီးအကဲ မဖြစ်ခင် အသင်းတော် အမှုထမ်းအဖြစ် အရည်အချင်း ပြည့်မီရမယ်။ အသင်းတော် အမှုထမ်းတွေက အကြီးအကဲတွေကို နည်းအမျိုးမျိုးနဲ့ ထောက်မကြတယ်။ အကြီးအကဲ၊ အသင်းတော် အမှုထမ်းတွေဟာ နှိမ့်ချမှုရှိရှိ ညီအစ်ကို/မတွေအကျိုး သယ်ပိုးကြတယ်။ ဟောပြောခြင်းလုပ်ငန်းမှာ တက်တက်ကြွကြွ ပါဝင်ကြတယ်။ ညီအစ်ကိုလေးတွေ အသက် ၂၀ မပြည့်သေးရင်တောင် အသင်းတော် အမှုထမ်းအဖြစ် အရည်အချင်း ပြည့်မီနိုင်တယ်။ အရည်အချင်း ပြည့်မီတဲ့ အသင်းတော် အမှုထမ်းတွေဟာ အသက် ၂၀ စွန်းစွန်းမှာ အကြီးအကဲအဖြစ် ခန့်အပ်ခံရနိုင်တယ်။

၁၆ ဘယ်လိုနည်းနဲ့ အရည်အချင်း ပြည့်မီနိုင်သလဲ။ တောင်းဆိုချက်တချို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ တောင်းဆိုချက်အားလုံးဟာ ယေဟောဝါ၊ မိသားစု၊ အသင်းတော်ကို ချစ်တဲ့ မေတ္တာနဲ့ ကျမ်းစာကို အခြေခံတယ်ဆိုတာ သတိရပါ။ (၁ တိ. ၃:၁-၁၃။ တိ. ၁:၆-၉။ ၁ ပေ. ၅:၂၊ ၃) တောင်းဆိုချက် တစ်ခုစီကို သဘောပေါက်ဖို့ ကြိုးစားပါ။ ပြည့်မီဖို့ ယေဟောဝါဆီ အကူအညီ တောင်းပါ။ c

ဇနီးနဲ့ သားသမီးတွေကို အိမ်ထောင်ဦးစီး ချစ်ဖို့၊ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ဝတ်ပြုရေးပိုင်း ဂရုစိုက်ဖို့ ယေဟောဝါ အလိုရှိ (စာပိုဒ် ၁၇ ကို ကြည့်ပါ)

၁၇။ ခင်ပွန်း၊ အိမ်ထောင်ဦးစီးတာဝန်အတွက် ညီအစ်ကိုလေးတွေ ဘယ်လို ပြင်ဆင်နိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၇ ခင်ပွန်း၊ အိမ်ထောင်ဦးစီး။ ယေရှု ပြောသလိုပဲ ညီအစ်ကိုတချို့ အိမ်ထောင်မပြုကြဘူး။ (မ. ၁၉:၁၂) အိမ်ထောင်ပြုမယ်ဆိုရင် ခင်ပွန်းတာဝန်၊ အိမ်ထောင်ဦးစီး တာဝန် ရှိလာမယ်။ (၁ ကော. ၁၁:၃) ဇနီးကို ချစ်ဖို့၊ ထောက်ပံ့ဖို့၊ အဖော်အဖက်ကောင်း ဖြစ်ဖို့၊ ဘုရားနဲ့ ရင်းနှီးအောင် ကူညီပေးဖို့ ခင်ပွန်းတွေကို ယေဟောဝါ တောင်းဆိုတယ်။ (ဧ. ၅:၂၈၊ ၂၉) စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိခြင်း၊ အမျိုးသမီးတွေကို လေးစားခြင်း၊ ယုံကြည်စိတ်ချထိုက်သူ ဖြစ်ခြင်းစတဲ့ ဒီဆောင်းပါးမှာ ဆွေးနွေးထားတဲ့ အရည်အသွေးတွေက ခင်ပွန်းကောင်း၊ အိမ်ထောင်ဦးစီးကောင်း ဖြစ်ဖို့ ကူညီပေးနိုင်တယ်။

၁၈။ ဖခင်တာဝန်အတွက် ညီအစ်ကိုလေးတွေ ဘယ်လို ပြင်ဆင်နိုင်သလဲ။

၁၈ ဖခင်။ အိမ်ထောင်ပြုပြီးရင် သားသမီး ရလာနိုင်တယ်။ ဖခင်ကောင်း ဖြစ်ဖို့ ယေဟောဝါဆီက ဘာသင်ယူနိုင်သလဲ။ သင်ယူစရာ အများကြီး ရှိတယ်။ (ဧ. ၆:၄) သားယေရှုကို ချစ်မြတ်နိုးတယ်လို့ ယေဟောဝါ ထုတ်ပြောတယ်။ (မ. ၃:၁၇) သင်လည်း ဖခင် ဖြစ်လာရင် သားသမီးတွေကို ချစ်ကြောင်း မကြာမကြာ ပြောပါ၊ ပြပါ။ ချီးမွမ်းပေးပါ။ ယေဟောဝါကို အတုယူတဲ့ ဖခင်တွေဟာ သားသမီးတွေ ရင့်ကျက်တဲ့ အမျိုးသား/သမီး ဖြစ်လာဖို့ ကူညီပေးကြတယ်။ မိသားစု၊ အသင်းတော်မှာ ရှိသူတွေကို မေတ္တာပြခြင်း၊ ဂရုစိုက်ခြင်း၊ ချစ်ခင်တန်ဖိုးထားတယ်ဆိုတာ ထုတ်ပြောခြင်းအားဖြင့် ဖခင်ကောင်း ဖြစ်ဖို့ အခုကတည်းက ပြင်ဆင်နိုင်တယ်။ (ယော. ၁၅:၉) ဒီလို ပြင်ဆင်ထားတာက အနာဂတ်မှာ ခင်ပွန်း၊ ဖခင် ဖြစ်လာတဲ့အခါ တာဝန်ကျေပွန်ဖို့ ကူညီပေးမယ်။ လောလောဆယ်မှာလည်း ယေဟောဝါ၊ မိသားစု၊ အသင်းတော်အတွက် ကောင်းချီးတစ်ရပ် ဖြစ်နေမယ်။

အခု ဘာလုပ်မလဲ

ကျမ်းစာကနေ သင်ယူတဲ့၊ သိလာတာတွေ လက်တွေ့ကျင့်တဲ့ လူငယ် ညီအစ်ကိုများစွာ ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်လာ (စာပိုဒ် ၁၉-၂၀ ကို ကြည့်ပါ)

၁၉-၂၀။ ရင့်ကျက်တဲ့ ခရစ်ယာန် အမျိုးသား ဖြစ်လာဖို့ လူငယ် ညီအစ်ကိုတွေကို ဘာက ကူညီပေးမလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)

၁၉ လူငယ် ညီအစ်ကိုတို့၊ နေရင်းထိုင်ရင်း သင်တို့ ရင့်ကျက်လာမှာ မဟုတ်ဘူး။ ဘယ်သူ့ကို စံထားမလဲ ရွေးရမယ်။ စဉ်းစားဆင်ခြင်နိုင်စွမ်း ရှိရမယ်။ ယုံကြည်စိတ်ချထိုက်သူ ဖြစ်ရမယ်။ လက်တွေ့ အသုံးချပညာတွေ တတ်ထားရမယ်။ အနာဂတ် တာဝန်တွေအတွက် ကြိုတင်ပြင်ဆင်ရမယ်။

၂၀ ကြိုးစားရမယ့် အပိုင်းတွေ စဉ်းစားလိုက်ရင် စိတ်လေးမိနိုင်တယ်။ ဒါပေမဲ့ အဆင်ပြေမှာပါ။ ယေဟောဝါ ကူညီပေးချင်တယ်။ (ဟေရှာ. ၄၁:၁၀၊ ၁၃) ညီအစ်ကို/မတွေလည်း ကူညီပေးကြလိမ့်မယ်။ ရင့်ကျက်တဲ့ ခရစ်ယာန် ဖြစ်လာရင် ဘဝဟာ ကျေနပ်ပျော်ရွှင်စရာကောင်းပြီး အဓိပ္ပာယ် ပြည့်ဝလာမယ်။ လူငယ် ညီအစ်ကိုတွေကို ကျွန်တော်တို့ သိပ်ချစ်တယ်။ ရင့်ကျက်တဲ့ ခရစ်ယာန် အမျိုးသား ဖြစ်လာအောင် သင် ကြိုးစားနေတာကို ယေဟောဝါ ကောင်းချီး ကြွယ်ဝစွာ ပေးပါစေ။—ပညာ. ၂၂:၄

သီချင်း ၆၅ တိုးတက်နေပါ

a ခရစ်ယာန် အသင်းတော်မှာ ရင့်ကျက်တဲ့ ညီအစ်ကိုတွေ လိုတယ်။ လူငယ် ညီအစ်ကိုတွေ ဘယ်လိုနည်းနဲ့ ရင့်ကျက်လာနိုင်သလဲ ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။

b ရှေ့ဆောင်းပါးမှာ ပါတဲ့ “စကားလုံး ရှင်းလင်းချက်” ကို ကြည့်ပါ။

c ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း အခန်း ၅-၆ ကို ကြည့်ပါ။