မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အရက်နဲ့ပတ်သက်ပြီး ဘုရား ရှုမြင်ပုံ

အရက်နဲ့ပတ်သက်ပြီး ဘုရား ရှုမြင်ပုံ

လက်ဆောင် အမျိုးမျိုး ပေးထားလို့ကော အဲဒီလက်ဆောင်တွေကို ဘယ်လို သုံးမယ်ဆိုတဲ့ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခွင့် ပေးထားလို့ပါ ယေဟောဝါကို ကျေးဇူးတင်မှာပဲ။ ဘုရားပေး လက်ဆောင်တစ်ခုကတော့ စပျစ်ဝိုင်ပါ။ “အစားအစာဟာ ရယ်မောစေတယ်။ စပျစ်ဝိုင်ဟာ ဘဝကို ပျော်ရွှင်စေတယ်” လို့ ကျမ်းစာမှာ ဆိုထားတယ်။ (ဒေ. ၁၀:၁၉) ဒါပေမဲ့ အရက်၊ ဝိုင်ကြောင့် ဒုက္ခရောက်သူတချို့ သင် တွေ့ဖူးမယ်။ ဒါ့အပြင် အရက်နဲ့ပတ်သက်ပြီး ကမ္ဘာတစ်ဝန်းမှာ အမြင် အမျိုးမျိုး၊ စံနှုန်း အမျိုးမျိုး ရှိတယ်။ ခရစ်ယာန်တွေ ဘယ်လို ပညာရှိရှိ ဆုံးဖြတ်နိုင်မလဲ။

ဘယ်နေရာမှာပဲ နေနေ၊ ဘယ်ယဉ်ကျေးမှု နောက်ခံပဲ ရှိရှိ ဘုရားအမြင်ကို အခြေခံပြီး စဉ်းစားဆုံးဖြတ်တာ ရေရှည် အကျိုးရှိတယ်။

လောကမှာ လူတော်တော်များများ အရက် ခဏခဏ သောက်တာ၊ အများကြီး သောက်တာ သတိထားမိမှာပါ။ တချို့က ဘဝ အမောဖြေဖို့ သောက်ကြတယ်။ တချို့က ပြဿနာတွေ မေ့ဖျောက်ဖို့ သောက်ကြတယ်။ ဒေသတချို့မှာဆိုရင် အရက် အများကြီး သောက်နိုင်တာကို လူရာဝင်တယ်၊ ယောက်ျား ပီသတယ်လို့ မြင်ကြတယ်။

ခရစ်ယာန်တွေကတော့ မေတ္တာပြည့်ဝတဲ့ ဖန်ဆင်းရှင်ဆီက ပညာရှိ လမ်းညွှန်မှု ရထားကြတယ်။ ဥပမာ၊ သောက်ကြူးခြင်းရဲ့ ဝမ်းနည်းဖွယ် ဆိုးကျိုးတွေအကြောင်း ဘုရား သတိပေးတယ်။ မူးယစ်နေသူတစ်ယောက်နဲ့ မူးယစ်ခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာတွေအကြောင်း ပညာအလိမ္မာ ၂၃:၂၉-၃၅ မှာ အသေးစိတ် ဖတ်ရတယ်။ a အမှန်တရား မသိခင်က ဘဝပုံစံကို ဥရောပက အကြီးအကဲ ညီအစ်ကို ဒန်နီယယ် မှတ်မိနေတုန်းပဲ။ “မူးနေအောင် သောက်တော့ ဆုံးဖြတ်ချက်တွေ မှားတယ်။ နာကျင်စရာတွေ ကြုံရတယ်။ ပြန်စဉ်းစားတိုင်း ထိတ်လန့်မိနေတုန်းပဲ” လို့ ပြောတယ်။

အရက် သောက်တာနဲ့ပတ်သက်ပြီး ခရစ်ယာန်တွေ ပညာရှိရှိ ဆုံးဖြတ်နိုင်ဖို့၊ သောက်ကြူးရင် ကြုံရမယ့် ပြဿနာတွေ ရှောင်နိုင်ဖို့ ဘာက ကူညီပေးမလဲ။ ဘုရားအမြင်ကို အခြေခံပြီး တွေးခေါ်ပြုမူခြင်းပါ။

အရက်နဲ့ပတ်သက်ပြီး ကျမ်းစာအဆိုက ဘာလဲ။ လူတွေ အရက် သောက်တဲ့ အကြောင်းရင်းတချို့က ဘာလဲ။

ကျမ်းစာစံနှုန်း

အရက်ယမကာ တော်သင့်ရုံ သောက်တာကို ကျမ်းစာက အပြစ်မဆိုဘူး။ စပျစ်ဝိုင် သောက်တာ လူကို ပျော်ရွှင်စေတယ်လို့တောင် အသိအမှတ်ပြုထားတယ်။ “ပျော်ပျော်ပါးပါး အစာစားပါ။ ရွှင်လန်းတဲ့ စိတ်နဲ့ စပျစ်ဝိုင် သောက်ပါ” လို့ ဖတ်ရတယ်။ (ဒေ. ၉:၇) ယေရှုကော ယေဟောဝါရဲ့ တခြား သစ္စာရှိ ကျေးကျွန်တွေပါ စပျစ်ဝိုင် သောက်တယ်။—မ. ၂၆:၂၇-၂၉။ လု. ၇:၃၄။ ၁ တိ. ၅:၂၃

အရက် သောက်တာကို ကျမ်းစာ အပြစ်မဆိုပေမဲ့ မူးတာကို အပြစ်ဆိုတယ်။ “သောက်စားမူးယစ် မနေပါနဲ့” လို့ ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။ (ဧ. ၅:၁၈) ‘သောက်ကြူးသူတွေ ဘုရားသခင်ရဲ့ နိုင်ငံတော်ကို အမွေမခံရဘူး’ လို့တောင် ဖော်ပြတယ်။ (၁ ကော. ၆:၁၀) သောက်ကြူးတာ၊ မူးတာကို ယေဟောဝါ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်။ ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်က လူတွေရဲ့ အမြင်ကို မဟုတ်ဘဲ ဘုရားအမြင်ကို အခြေခံပြီး ကျွန်တော်တို့ ဆုံးဖြတ်ကြတယ်။

အများကြီး သောက်ပေမဲ့ မမူးတဲ့သူတွေ ရှိတယ်။ ဒါလည်း အန္တရာယ် ရှိတယ်။ အမျိုးသားဖြစ်ဖြစ်၊ အမျိုးသမီးဖြစ်ဖြစ် “ဝိုင်ရဲ့ ကျေးကျွန် ဖြစ်နေ” ရင် အမှား လုပ်မိနိုင်တယ်၊ ယေဟောဝါနဲ့ ဆက်ဆံရေး ပျက်နိုင်တယ်လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။ (တိ. ၂:၃။ ပညာ. ၂၀:၁) “သောက်ကြူး” ရင် ကမ္ဘာသစ် မဝင်ရဘူးလို့တောင် ယေရှု သတိပေးတယ်။ (လု. ၂၁:၃၄-၃၆) အရက် သောက်လို့ ဖြစ်လာနိုင်တဲ့ ပြဿနာတွေ ရှောင်ဖို့ ဘာက ကူညီပေးနိုင်သလဲ။

ဘာကြောင့် သောက်သလဲ၊ ဘယ်လောက် သောက်သလဲ ဆန်းစစ်ပါ

အရက်နဲ့ပတ်သက်ပြီး ကိုယ့်ယဉ်ကျေးမှုက လူအများစု မြင်သလို မြင်တာ အန္တရာယ် ရှိတယ်။ အစားအသောက် ကိစ္စနဲ့ပတ်သက်ပြီး ယေဟောဝါ နှစ်သက်တာကိုပဲ ခရစ်ယာန်တွေ ရွေးချယ်ကြတယ်။ “စားတာဖြစ်ဖြစ်၊ သောက်တာဖြစ်ဖြစ်၊ ဘာကိစ္စပဲဖြစ်ဖြစ် ဘုရားသခင်ရဲ့ ဘုန်းတော်ကို ထောက်ပြီး အရာရာကို လုပ်ဆောင်ကြပါ” လို့ ကျမ်းစာ သတိပေးတယ်။ (၁ ကော. ၁၀:၃၁) စဉ်းစားသင့်တဲ့ မေးခွန်းနဲ့ ကျမ်းစာ အခြေခံမူတချို့ကတော့–

လူရာဝင်ချင်လို့ သောက်တာလား။ ‘လူအများနောက် မလိုက်နဲ့’ လို့ ထွက်မြောက်ရာ ၂၃:၂ မှာ ဆိုတယ်။ မိမိကို ဝတ်မပြုသူတွေကို အစ္စရေးတွေ မတုဖို့ ယေဟောဝါ သတိပေးနေတာ။ ဒီနေ့ခေတ် ခရစ်ယာန်တွေအတွက်လည်း သိပ်ကောင်းတဲ့ သတိပေးချက်ပါပဲ။ အရက်နဲ့ပတ်သက်ပြီး ကိုယ့်ပတ်ဝန်းကျင်က လူတွေလို တွေးမယ်၊ ဆုံးဖြတ်မယ်ဆိုရင် တဖြည်းဖြည်း ဘုရားစံနှုန်းတွေကနေ သွေဖည်လာမယ်။ ဘုရားနဲ့ ဝေးလာမယ်။—ရော. ၁၂:၂

ဇ ရှိတယ်ဆိုတာ ပြချင်လို့ သောက်တာလား။ ယဉ်ကျေးမှုတချို့မှာ အရက် ခဏခဏ သောက်တာ၊ အများကြီး သောက်တာ ပုံမှန်ပဲ။ အထူးအဆန်းလို့ မမြင်ဘူး။ (၁ ပေ. ၄:၃) ဒါပေမဲ့ “နိုးကြားနေကြပါ။ ယုံကြည်ခြင်း ခိုင်မြဲနေကြပါ။ ရဲစွမ်းသတ္တိ ရှိကြပါ။ အစွမ်းခွန်အားလည်း ရှိကြပါ” လို့ ၁ ကောရိန္သု ၁၆:၁၃ မှာ အားပေးထားတာ သတိပြုပါ။ လူတွေ ထင်သလို အရက်ဟာ ရဲဆေးလား။ မဟုတ်ဘူး။ ရီဝေဝေ ဖြစ်သွားလို့၊ စိတ်ထွေသွားလို့ ကောင်းကောင်းတောင် မဆုံးဖြတ်နိုင်၊ မပြုမူနိုင်တော့ဘူး။ အရက်ကြောင့် လမ်းလွဲသွားသူတွေကို ယိုင်တီးယိုင်တိုင်၊ ဒယိမ်းဒယိုင် ဖြစ်နေသူ၊ မှန်မှန်ကန်ကန် မဆုံးဖြတ်နိုင်သူလို့ ဟေရှာယ ၂၈:၇ မှာ ဖော်ပြထားတယ်။

စစ်မှန်တဲ့ အစွမ်းခွန်အားဟာ ယေဟောဝါဆီက လာတယ်။ နိုးကြားပြီး ယုံကြည်ခြင်းမှာ ခိုင်မြဲနေမှ အစွမ်းခွန်အား ရှိနိုင်မယ်။ (ဆာ. ၁၈:၃၂) အန္တရာယ်တွေ ရှောင်ဖို့၊ ယေဟောဝါနဲ့ ဆက်ဆံရေး မထိခိုက်စေမယ့် ဆုံးဖြတ်ချက်တွေ ချဖို့ သတိရှိနေခြင်းအားဖြင့် အစွမ်းခွန်အား ရှိနိုင်တယ်။ အဲဒီလို အစွမ်းခွန်အားမျိုး မြေကြီးပေါ် ရှိစဉ် ယေရှု ပြတယ်။ သတ္တိရှိသူ၊ မှန်ရာ လုပ်ဖို့ ဆုံးဖြတ်ချက် ခိုင်မာသူအဖြစ် လူများစွာ လေးစားကြတယ်။

ပြဿနာတွေ မေ့ဖျောက်ချင်လို့ သောက်တာလား။ “စိုးရိမ်စိတ်တွေ သိပ်များနေတဲ့အခါ ကိုယ်တော် နှစ်သိမ့်ပေးပြီး စိတ်သက်သာရာ ရစေတယ်” လို့ ဆာလံကျမ်း ရေးသူ ပြောတယ်။ (ဆာ. ၉၄:၁၉) စိုးရိမ်စိတ် များနေတဲ့အခါ စိတ်သက်သာရာ ရဖို့ အရက်ကို မဟုတ်ဘဲ ယေဟောဝါကို အားကိုးပါ။ ယေဟောဝါဆီ မကြာခဏ ဆုတောင်းတာ စိတ်သက်သာစေတယ်။ အသင်းတော်မှာ ရှိတဲ့ ရင့်ကျက်တဲ့ မိတ်ဆွေ တစ်ယောက်ယောက်ဆီက အကြံဉာဏ် တောင်းတာလည်း အကျိုးရှိတယ်။ တကယ်တော့ ပြဿနာတွေ မေ့ဖျောက်ချင်လို့ အရက် သောက်ရင် မှန်ရာ လုပ်ချင်စိတ်ပါ ပျက်သွားမယ်။ (ဟော. ၄:၁၁) အစောပိုင်းမှာ ဖော်ပြတဲ့ ဒန်နီယယ် ဒီလိုပြောတယ်– “ကျွန်တော့်မှာ စိုးရိမ်စိတ်၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်တွေ ရှိတယ်။ ဒါတွေကို ဖြေဖျောက်ဖို့ဆိုပြီး အရက် သောက်မိပါတယ်။ ပိုဆိုးသွားတယ်။ အပေါင်းအသင်းတွေနဲ့ မိတ်ပျက်သွားတယ်။ ကိုယ့်ကိုယ်ကိုယ် မလေးစားတော့ဘူး။” ဒန်နီယယ်ကို ဘာက ကူညီပေးသလဲ။ “အရက်ကို မဟုတ်ဘဲ ယေဟောဝါကို အဖော်ပြုရမှာပါလားဆိုတာ သဘောပေါက်သွားတယ်။ ယေဟောဝါကို အားကိုးမှပဲ ပြဿနာတွေ ရှင်းနိုင်တော့တယ်” လို့ ပြောတယ်။ ပြဿနာတွေကြောင့် အခြေအနေ မျှော်လင့်ချက် မဲ့နေပုံ ပေါက်ရင်တောင် ကူညီပေးဖို့ ယေဟောဝါ အမြဲ အသင့်ရှိတယ်။—ဖိ. ၄:၆၊ ၇။ ၁ ပေ. ၅:၇

အရက် သောက်တတ်တယ်ဆိုရင် သောက်တဲ့ အကြိမ်ရေ၊ ပမာဏနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပါ။ ‘ငါ အရက် သောက်တာနဲ့ပတ်သက်ပြီး စိုးရိမ်မိတယ်လို့ မိသားစုဝင်၊ မိတ်ဆွေ တစ်ယောက် ပြောဖူးသလား။’ ဒါဆိုရင် ကိုယ် သတိမထားမိပေမဲ့ ပြဿနာ ရှိနေပြီဆိုတဲ့ သဘောပဲ။ ‘ခါတိုင်းထက် ပိုသောက်ဖြစ်နေသလား။’ ဒါ အရက်စွဲဖို့ လမ်းစ ဖြစ်နိုင်တယ်။ ‘မသောက်တာ ရက်နည်းနည်း ကြာရင် မနေနိုင်တော့ဘူးလား။’ ဒါဆိုရင်တော့ စွဲနေပြီ။ အရက်ချိုး ဖြစ်နေပြီ။ အရက် ဖြတ်ဖို့ ဆရာဝန် အကူအညီ လိုနိုင်တယ်။

အရက်ကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာ များလို့ ခရစ်ယာန်တချို့ လုံးဝ မသောက်ဖို့ ဆုံးဖြတ်ကြတယ်။ တချို့က မကြိုက်လို့ မသောက်တာ။ ဘာအကြောင်းကြောင့် ဖြစ်ဖြစ် ကိုယ့်အပေါင်းအသင်းတစ်ယောက် အရက် မသောက်ရင် မဝေဖန်ပါနဲ့။ သူ့ဆုံးဖြတ်ချက်ကို လေးစားပါ။

ဘယ်လောက်ပဲ သောက်မယ်ဆိုပြီး ကန့်သတ်ထားတာ ပညာရှိရာ ရောက်တယ်။ တစ်ပတ် တစ်ခါပဲ သောက်မယ်၊ ဆေးဖြစ်ဝါးဖြစ်လောက်ပဲ သောက်မယ် စသဖြင့် သောက်မယ့် အကြိမ်ရေ ကန့်သတ်ထားနိုင်တယ်။ တချို့ကျတော့ သောက်မယ့် အမျိုးအစား ကန့်သတ်ထားကြတယ်။ ဝိုင်၊ ဘီယာ နည်းနည်းပါးပါး သောက်ပေမဲ့ ပြင်းတာ မသောက်ကြဘူး။ ရောစပ်ပြီးတော့လည်း မသောက်ကြဘူး။ ဒီလိုမျိုး ရှင်းရှင်းလင်းလင်း ကန့်သတ်ထားရင် ကန့်သတ်ထားတဲ့အတိုင်း နေဖို့ လွယ်တယ်။ ရင့်ကျက်တဲ့ ခရစ်ယာန်တစ်ယောက် ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ထားတာ၊ ကန့်သတ်ထားတဲ့အတိုင်း နေတာ ရှက်စရာ မဟုတ်ဘူး။

အရက် သောက်တာနဲ့ပတ်သက်ပြီး ဆုံးဖြတ်တဲ့အခါ တခြားသူတွေရဲ့ ခံစားချက်ကိုလည်း ထည့်တွက်ရမယ်။ “ညီအစ်ကိုအတွက် တိုက်မိလဲစရာ ဖြစ်စေမယ်ဆိုရင် အသားစားတာဖြစ်စေ၊ ဝိုင်သောက်တာဖြစ်စေ ဘာကိုမှ မလုပ်တာ အကောင်းဆုံးပါပဲ” လို့ ရောမ ၁၄:၂၁ မှာ ဖော်ပြတယ်။ ဒီအကြံဉာဏ်ကို ဘယ်လို လိုက်နာနိုင်မလဲ။ မေတ္တာပြပါ။ ကိုယ် အရက် သောက်လို့ တစ်ယောက်ယောက် စိတ်အနှောင့်အယှက် ဖြစ်မယ်ဆိုရင် အဲဒီတစ်ခေါက် မသောက်ဘဲ နေလိုက်နိုင်တယ်။ ဒါက တခြားသူတွေကို လေးစားရာ၊ မေတ္တာထားရာ ရောက်တယ်။ ကိုယ့်အကျိုးထက် သူတစ်ပါးအကျိုး ရှာရာ ရောက်တယ်။—၁ ကော. ၁၀:၂၄

ဒါ့အပြင် အရက်နဲ့ပတ်သက်ပြီး အစိုးရ ဥပဒေတွေ ရှိနိုင်တယ်။ အသက် ဘယ်နှနှစ်အောက် မသောက်ရဘူး၊ အရက် သောက်ပြီး မော်တော်ယာဉ် မမောင်းရဘူး၊ စက်ပစ္စည်းတချို့ မသုံးရဘူး စသဖြင့် ဥပဒေ ထုတ်ထားနိုင်တယ်။ အဲဒီဥပဒေတွေကို ခရစ်ယာန်တွေ လိုက်နာရမယ်။—ရော. ၁၃:၁-၅

ကျွန်တော်တို့ကို လက်ဆောင်မွန် အများကြီး ယေဟောဝါ ပေးထားတယ်။ တစ်ခုကတော့ အဲဒီလက်ဆောင်တွေကို ဘယ်လို သုံးမလဲ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခွင့်ပါ။ အဲဒီထဲမှာ ဘာစားမလဲ၊ ဘာသောက်မလဲ ဆုံးဖြတ်တာ ပါတယ်။ ကောင်းကင်ဘုံစံ အဖ နှစ်သက်မယ့်အရာ ရွေးချယ်ဆုံးဖြတ်ခြင်းအားဖြင့် လွတ်လပ်စွာ ရွေးချယ်ခွင့်ကို တန်ဖိုးထားကြောင်း ပြကြရအောင်။

a တစ်ကြိမ်တစ်ခါ အသောက်လွန်သွားရင်တောင် လူသတ်မိတာ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေတာ၊ လိင်မတော်မတရား ပြုတာ၊ သက်ဆိုင်သူကို ကိုယ်ထိလက်ရောက် အကြမ်းဖက်တာ၊ မလိုချင်ဘဲ ကိုယ်ဝန် ရစေမယ့်၊ ကူးစက်ရောဂါ ရသွားစေမယ့် ပုံစံနဲ့ လိင်ဆက်ဆံတာ၊ ကိုယ်ဝန်ပျက်တာလိုမျိုး အန္တရာယ်တွေ ရှိနိုင်တယ်လို့ အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး စင်တာက ဖော်ပြတယ်။