မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

၁ တိမောသေ ၅:၂၁ မှာ ဖော်ပြထားတဲ့ “ရွေးချယ်ထားတဲ့ ကောင်းကင်တမန်တွေ” ဆိုတာ ဘယ်သူတွေလဲ

“တစ်ဖက်သတ်အစွဲတွေ၊ ဘက်လိုက်တာတွေ မရှိဘဲ ဒီညွှန်ကြားချက်တွေအတိုင်း လိုက်နာဖို့ ဘုရားသခင်နဲ့ ခရစ်တော်ယေရှုရဲ့ ရှေ့မှာ၊ ရွေးချယ်ထားတဲ့ ကောင်းကင်တမန်တွေရှေ့မှာ မင်းကို အလေးအနက် မှာချင်တယ်” လို့ အကြီးအကဲ တိမောသေကို တမန်တော် ပေါလု ပြောတယ်။—၁ တိ. ၅:၂၁

“ရွေးချယ်ထားတဲ့ ကောင်းကင်တမန်တွေ” ဆိုတာ ၁၄၄,၀၀၀ မဟုတ်တာ သေချာတယ်။ တိမောသေဆီ ပေါလု စာရေးချိန်မှာ ဘိသိက်ခံတစ်ယောက်မှ ကောင်းကင် မရောက်သေးဘူး။ တမန်တော်တွေ အပါအဝင် တခြားဘိသိက်ခံတွေဟာ နာမ်ဝိညာဉ်ပုဂ္ဂိုလ်တွေ မဖြစ်ကြသေးဘူး။ ဒါကြောင့် “ရွေးချယ်ထားတဲ့ ကောင်းကင်တမန်တွေ” ဆိုတာ ဘိသိက်ခံတွေ မဖြစ်နိုင်ဘူး။—၁ ကော. ၁၅:၅၀-၅၄။ ၁ သက်. ၄:၁၃-၁၇။ ၁ ယော. ၃:၂

“ရွေးချယ်ထားတဲ့ ကောင်းကင်တမန်တွေ” ဆိုတာ နောဧခေတ်တုန်းက ဘုရားကို ပုန်ကန်သွားတဲ့ ကောင်းကင်တမန်တွေလည်း မဖြစ်နိုင်ဘူး။ ဘုရားကို ပုန်ကန်ပြီး စာတန်နောက် ပါသွားတဲ့ ကောင်းကင်တမန်တွေဟာ နတ်ဆိုးတွေ ဖြစ်လာကြတယ်၊ ယေရှုရဲ့ ရန်သူတွေ ဖြစ်လာကြတယ်။ (က. ၆:၂။ လု. ၈:၃၀၊ ၃၁။ ၂ ပေ. ၂:၄) အနာဂတ်မှာ ယေရှုက သူတို့ကို တွင်းနက်ကြီးထဲ အနှစ် ၁,၀၀၀ ချည်နှောင်မယ်။ အဲဒီနောက် စာတန်နဲ့အတူ ဖျက်ဆီးမယ်။—ယု. ၆။ ဗျာ. ၂၀:၁-၃၊ ၁၀

၁ တိမောသေ ၅:၂၁ မှာ “ဘုရားသခင်နဲ့ ခရစ်တော်ယေရှု” အကြောင်း ဖော်ပြထားလို့ “ရွေးချယ်ထားတဲ့ ကောင်းကင်တမန်တွေ” ဆိုတာ ဘုရားသခင်နဲ့ ခရစ်တော်ယေရှုကို ထောက်ခံတဲ့ သစ္စာရှိ ကောင်းကင်တမန်တွေပဲ ဖြစ်ရမယ်။

သစ္စာရှိ ကောင်းကင်တမန် အမြောက်အမြား ရှိတယ်။ (ဟီ. ၁၂:၂၂၊ ၂၃) ကောင်းကင်တမန်အားလုံးကို တာဝန်တစ်မျိုးတည်း ယေဟောဝါ ပေးထားပုံမရဘူး။ (ဗျာ. ၁၄:၁၇၊ ၁၈) ဥပမာ၊ အဆီးရီးယားစစ်သည် ၁၈၅,၀၀၀ ကို ကွပ်မျက်ဖို့ ကောင်းကင်တမန်တစ်ပါးတည်းကိုပဲ ယေဟောဝါ တာဝန်ပေးတယ်။ (၂ ဘု. ၁၉:၃၅) “အပြစ်ကျူးလွန်စေသူတွေနဲ့ မတရားမှု ပြုသူတွေကို ကောင်းကင်နိုင်ငံထဲကနေ နုတ်ယူ” ဖို့ တာဝန်ရထားတဲ့ ကောင်းကင်တမန် တော်တော်များများ ရှိပုံရတယ်။ (မ. ၁၃:၃၉-၄၁) ‘ရွေးချယ်ခံရသူတွေကို စုသိမ်း’ ဖို့ တာဝန်ရထားတဲ့ ကောင်းကင်တမန်တွေလည်း ရှိသေးတယ်။ (မ. ၂၄:၃၁) တခြားကောင်းကင်တမန်တွေကတော့ “သွားလေရာရာမှာ [ကျွန်တော်တို့ကို] စောင့်ရှောက်ဖို့” တာဝန်ရထားကြတယ်။—ဆာ. ၉၁:၁၁။ မ. ၁၈:၁၀။ မဿဲ ၄:၁၁။ လုကာ ၂၂:၄၃ တို့နဲ့ နှိုင်းယှဉ်ပါ။

၁ တိမောသေ ၅:၂၁ ရဲ့ အထက်အောက်ကျမ်းပိုဒ်တွေမှာ အကြီးအကဲတွေ ဘယ်လို တာဝန်ထမ်းဆောင်သင့်ကြောင်း၊ အကြီးအကဲတွေကို အသင်းတော်မှာ ရှိသူတွေ ဘယ်လို လေးစားသင့်ကြောင်း ပေါလု ဖော်ပြထားတယ်။ အကြီးအကဲတွေအနေနဲ့ အသင်းတော်တာဝန် ထမ်းဆောင်တဲ့အခါ “တစ်ဖက်သတ်အစွဲတွေ၊ ဘက်လိုက်တာတွေ မရှိ” သင့်ဘူး။ မဆင်မခြင် ဆုံးဖြတ်တာမျိုး၊ တရားစီရင်တာမျိုး မလုပ်သင့်ဘူး။ အကြောင်းရင်းကတော့ သူတို့ဟာ “ဘုရားသခင်နဲ့ ခရစ်တော်ယေရှုရဲ့ ရှေ့မှာ၊ ရွေးချယ်ထားတဲ့ ကောင်းကင်တမန်တွေရှေ့” မှာ အမှုဆောင်နေလို့ပဲဆိုပြီး ပေါလု ပြောတယ်။ ဒါကြောင့် “ရွေးချယ်ထားတဲ့ ကောင်းကင်တမန်တွေ” ဆိုတာ အသင်းတော်နဲ့ ဆိုင်တဲ့ တာဝန်တွေ ရထားတဲ့ ကောင်းကင်တမန်တွေ ဖြစ်ပုံရတယ်။ အဲဒီတာဝန်တွေထဲမှာ ဘုရားလူမျိုးကို ကာကွယ်တာ၊ ဟောပြောခြင်းလုပ်ငန်းကို ကြီးကြပ်တာ၊ မြင်တွေ့တာတွေကို ယေဟောဝါဆီ သတင်းပို့တာ ပါဝင်တယ်။—မ. ၁၈:၁၀။ ဗျာ. ၁၄:၆