မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၄၈

သီချင်း ၉၇ ဘုရားစကားမှာ အသက်တည်

ယေရှု အံ့ဖွယ်နည်းနဲ့ ပွားများစေတဲ့ မုန့်

ယေရှု အံ့ဖွယ်နည်းနဲ့ ပွားများစေတဲ့ မုန့်

“ကျွန်တော်ဟာ အသက်မုန့်ပဲ။ ကျွန်တော့်ဆီ လာတဲ့သူဟာ ဘယ်တော့မှ ဆာလောင်မှာ မဟုတ်ဘူး။”ယော. ၆:၃၅

အာရုံစိုက်ရာ

လူထောင်ချီ စားဖို့ မုန့်ငါးလုံးနဲ့ ငါးကလေးနှစ်ကောင်ကို ယေရှု အံ့ဖွယ်နည်းနဲ့ ပွားများစေတဲ့အကြောင်း ယောဟန် အခန်းကြီး ၆ မှာ မှတ်တမ်းတင်ထားတယ်။ ဒီမှတ်တမ်းကနေ ဘာသင်ယူနိုင်သလဲ။

၁။ ရှေးခေတ်မှာ ပေါင်မုန့် သိပ်အရေးပါတယ်ဆိုတာ ကျမ်းစာကနေ ဘယ်လို သိရသလဲ။

 ကျမ်းစာခေတ်မှာ ပေါင်မုန့်ဟာ အဓိက အစားအစာ ဖြစ်တယ်။ (က. ၁၄:၁၈။ ၁၈:၆) ပေါင်မုန့် ဘယ်လောက် အရေးပါသလဲဆိုရင် ကျမ်းစာမှာ အစားအစာအကြောင်း ပြောတဲ့အခါ “မုန့်” လို့ပဲ ခြုံငုံပြောလေ့ရှိတယ်။ (၁ ဘု. ၁၇:၁၁၊ ၁၂) ယေရှု အံ့ဖွယ်နည်းနဲ့ မုန့်ပွားများစေတဲ့အကြောင်း မှတ်တမ်းနှစ်ခုဟာ လူသိများတယ်။ (မ. ၁၆:၉၊ ၁၀) မှတ်တမ်းတစ်ခုကို ယောဟန် အခန်းကြီး ၆ မှာ တွေ့ရတယ်။ ဒီမှတ်တမ်းကနေ ဘာသင်ယူနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။

၂။ လူထောင်ချီအတွက် စားစရာ ဘာကြောင့် လိုအပ်လာသလဲ။

ယေရှုရဲ့ တမန်တော်တွေဟာ မြို့ရွာတွေမှာ လှည့်လည်ဟောပြောပြီးအပြန် ပင်ပန်းနေကြတယ်။ ဒါကြောင့် ဂါလိလဲအိုင်တစ်ဖက်ကမ်း ဗက်ဇဲဒမြို့နားက လူသူမရှိတဲ့ နေရာမှာ သွားနားဖို့ သူတို့ကို လှေနဲ့ ယေရှု ခေါ်လာတယ်။ (မာ. ၆:၇၊ ၃၀-၃၂။ လု. ၉:၁၀) ဒါပေမဲ့ အဲဒီနေရာကို လူထောင်ချီ ရောက်လာကြတယ်။ လူအုပ်ကို ယေရှု မသိကျိုးကျွန်ပြုသလား။ မပြုဘူး။ အချိန်ပေးပြီး ဘုရားနိုင်ငံတော်အကြောင်း သွန်သင်ပေးတယ်၊ လူနာတွေကို ကုသပေးတယ်။ ဒီလိုနဲ့ ညနေစောင်းလာတော့ လူအုပ် ဘာစားမလဲဆိုပြီး တမန်တော်တွေ စိတ်ပူသွားကြတယ်။ လူအုပ်ထဲက တချို့မှာ စားစရာနည်းနည်း ပါလာပုံပဲ။ အများစုကတော့ စားစရာ ပါမလာလို့ အနီးအနား ရွာတွေမှာ သွားဝယ်ကြရမယ်။ (မ. ၁၄:၁၅။ ယော. ၆:၄၊ ၅) ယေရှု ဘာလုပ်မလဲ။

ယေရှု အံ့ဖွယ်နည်းနဲ့ ပွားများစေတဲ့ မုန့်

၃။ လူအုပ်အတွက် ဘာလုပ်ပေးဖို့ တမန်တော်တွေကို ယေရှု ပြောသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

“သူတို့ သွားစရာ မလိုပါဘူး။ ခင်ဗျားတို့ ကျွေးလိုက်ပါ” လို့ တမန်တော်တွေကို ယေရှု ပြောတယ်။ (မ. ၁၄:၁၆) ဒါပေမဲ့ လူအုပ်ထဲမှာ ယောက်ျားချည်းပဲဆိုရင်တောင် လူ ၅,၀၀၀ လောက် ရှိတာ။ အမျိုးသမီးတွေ၊ ကလေးတွေကိုပါ ထည့်တွက်ရင် လူ ၁၅,၀၀၀ လောက် ရှိမယ်။ (မ. ၁၄:၂၁) အဲဒီအချိန်မှာပဲ “ဒီကောင်လေးဆီမှာ မုယောမုန့်ငါးလုံးနဲ့ ငါးကလေးနှစ်ကောင် ရှိပါတယ်” ဆိုပြီး တမန်တော် အန္ဒြေ ပြောတယ်။ မုယောမုန့်ဟာ အဲဒီခေတ်မှာ လူတွေ ပုံမှန် စားနေကျ အစားအစာပဲ။ ငါးကျတော့ ဆားသိပ်ပြီး အခြောက်လှန်းထားတဲ့ငါး ဖြစ်ပုံရတယ်။ ဘာပဲဖြစ်ဖြစ် အန္ဒြေ ဆက်ပြောသလို “လူတွေ ဒီလောက်များတာ ဘယ်လိုလုပ် လောက်မှာလဲ။”—ယော. ၆:၉

လူတွေအတွက် ပကတိအစာကော ထာဝရအသက် ရစေတဲ့ အစာပါ ယေရှု ပေး (စာပိုဒ် ၃ ကို ကြည့်ပါ)


၄။ ယောဟန် ၆:၁၁-၁၃ မှာ ပါတဲ့ မှတ်တမ်းကနေ ဘာသင်ယူနိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

လူအုပ်ကို ယေရှု ကျွေးမွေးချင်တယ်။ ဒါကြောင့် မြက်ခင်းပေါ် အစုလိုက် ထိုင်ခိုင်းလိုက်တယ်။ (မာ. ၆:၃၉၊ ၄၀။ ယောဟန် ၆:၁၁-၁၃ ကို ဖတ်ပါ။) မုန့်နဲ့ ငါးအတွက် အဖဘုရားကို ယေရှု ကျေးဇူးတင်ချီးမွမ်းတယ်။ အစားအစာ ပေးသနားရှင်ဟာ ဘုရားသခင် ဖြစ်လို့ ဒီလိုကျေးဇူးတင်ချီးမွမ်းတာ တကယ် သင့်တော်တယ်။ ကျွန်တော်တို့လည်း တစ်ယောက်တည်း ရှိတဲ့အချိန်ဖြစ်ဖြစ်၊ တခြားသူတွေ ရှိတဲ့အချိန်ဖြစ်ဖြစ် အစာမစားခင် ဆုတောင်းခြင်းအားဖြင့် ယေရှုကို အတုယူရမယ်။ ယေရှု ကျေးဇူးတင်ချီးမွမ်းပြီးနောက် တမန်တော်တွေကို မုန့်နဲ့ ငါး လိုက်ဝေခိုင်းတယ်။ လူတွေ အဝစားရတဲ့အပြင် ပိုတောင်ပိုနေသေးတယ်။ စားကြွင်းစားကျန်တွေကို အလေအလွင့် မဖြစ်စေချင်လို့ တမန်တော်တွေကို ယေရှု လိုက်ကောက်ခိုင်းတယ်။ နောက်မှ စားဖို့ ဖြစ်မယ်။ မဖြုန်းတီးဖို့ ယေရှု သင်ပေးလိုက်တာပါပဲ။ သင်ဟာ မိဘဆိုရင် ဒီမှတ်တမ်း သုံးပြီး သားသမီးတွေကို ဘာသင်ပေးနိုင်သလဲ။ အစာမစားခင် ဆုတောင်းဖို့၊ တခြားသူတွေကို ဧည့်ဝတ်ပြုဖို့၊ ရက်ရောဖို့ သင်ပေးနိုင်တယ်။

‘ယေရှုလိုပဲ အစာမစားခင် ငါ ဆုတောင်းသလား’ လို့ ဆန်းစစ်ပါ (စာပိုဒ် ၄ ကို ကြည့်ပါ)


၅။ အဲဒီနေ့မှာ ယေရှု သွန်သင်ပေးတာ၊ အံ့ဖွယ်အမှုတွေ လုပ်တာကို မြင်တော့ လူတွေ ဘယ်လို တုံ့ပြန်သလဲ။ ယေရှု ဘာလုပ်သလဲ။

ယေရှု သွန်သင်ပေးတာ၊ အံ့ဖွယ်အမှုတွေ လုပ်တာကို မြင်တော့ လူတွေ သိပ်အံ့ဩသွားကြတယ်။ ထူးခြားတဲ့ ပရောဖက်တစ်ယောက်ကို ဘုရားသခင် ပေါ်ထွန်းစေမယ်လို့ မောရှေ ပြောထားတာ သူတို့ သိကြတယ်။ ဒါကြောင့် ‘မောရှေ ပြောတဲ့ ပရောဖက်ဟာ ယေရှုများလား’ လို့ တွေးမိသွားနိုင်တယ်။ (တရား. ၁၈:၁၅-၁၈) ယေရှုဟာ အစ္စရေးတစ်ပြည်လုံးကို အစားအစာ ဖူလုံစေနိုင်တဲ့ အုပ်စိုးရှင်ကောင်း ဖြစ်မယ်လို့ တွေးမိကြပုံရတယ်။ ဒါနဲ့ ယေရှုကို “အတင်းအကျပ် ဘုရင်” မြှောက်ဖို့ လုပ်ကြတယ်။ (ယော. ၆:၁၄၊ ၁၅) ယေရှုသာ လူအုပ်ဆန္ဒ လိုက်လျောလိုက်ရင် ရောမလက်အောက်မှာ ရှိတဲ့ ဂျူးတွေဘက် ရပ်တည်ရာကျသွားမှာ။ ယေရှု ဘာလုပ်သလဲ။ “တောင်ပေါ်ကို တစ်ကိုယ်တည်း ရှောင်ထွက်သွား” တယ်။ လူတွေ ဝိုင်းဖိအားပေးပေမဲ့ နိုင်ငံရေးမှာ ယေရှု မပါဘူး။ ကျွန်တော်တို့အတွက် သင်ခန်းစာပါပဲ။

၆။ ယေရှုကို ဘယ်လို အတုယူနိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

အံ့ဖွယ်နည်းနဲ့ မုန့်ပွားများစေဖို့၊ အနာရောဂါ ကုသပေးဖို့ ကျွန်တော်တို့ကို လူတွေ တောင်းဆိုမှာ မဟုတ်သလို ဘုရင်မြှောက်မှာလည်း မဟုတ်ဘူး။ ဒါပေမဲ့ အုပ်စိုးရှင်ကောင်း ဖြစ်မယ်လို့ သူတို့ ယူဆသူကို မဲပေးဖို့၊ ထောက်ခံဖို့ တိုက်တွန်းလာနိုင်တယ်။ ယေရှုရဲ့ စံနမူနာကို သတိရပါ။ နိုင်ငံရေးမှာ ယေရှု မပါဘူး။ “ကျွန်တော့်နိုင်ငံဟာ ဒီလောကနဲ့ မပတ်သက်ဘူး” လို့တောင် နောက်ပိုင်းမှာ ပြောတယ်။ (ယော. ၁၇:၁၄။ ၁၈:၃၆) ယေရှုရဲ့ အတွေးအခေါ်၊ လုပ်ရပ်ကို ဒီနေ့ခေတ် ခရစ်ယာန်စစ်တွေ အတုယူကြတယ်။ ယေရှုလိုပဲ ဘုရားနိုင်ငံတော်ကို ထောက်ခံကြတယ်။ ဘုရားနိုင်ငံတော်အကြောင်း သက်သေခံကြတယ်။ ဘုရားနိုင်ငံတော် ရောက်လာဖို့ ဆုတောင်းကြတယ်။ (မ. ၆:၁၀) ယေရှု အံ့ဖွယ်နည်းနဲ့ မုန့်ပွားများစေတဲ့အကြောင်း မှတ်တမ်းကနေ သင်ယူစရာတွေ ရှိသေးတယ်။

နိုင်ငံရေးမှာ မပါဝင်ခြင်းအားဖြင့် နောက်လိုက်တွေအတွက် ယေရှု စံနမူနာပြ (စာပိုဒ် ၆ ကို ကြည့်ပါ)


“မုန့်ကျွေးတဲ့ အံ့ဖွယ်အမှုရဲ့ အဓိပ္ပာယ်”

၇။ ယေရှု ဘာလုပ်သလဲ။ တမန်တော်တွေ ဘယ်လို တုံ့ပြန်သလဲ။ (ယောဟန် ၆:၁၆-၂၀)

လူအုပ်ကို ကျွေးမွေးပြီးနောက် တောင်ပေါ်ကို ယေရှု တစ်ယောက်တည်း တက်သွားတယ်။ တမန်တော်တွေကိုတော့ အိုင်တစ်ဖက်ကမ်းက ကပေရနောင်မြို့ကို လှေနဲ့ ကူးနှင့်ခိုင်းတယ်။ ဒီလိုနဲ့ မိမိကို ဘုရင်မြှောက်ဖို့ လုပ်နေတဲ့ လူအုပ်ကို ရှောင်လိုက်တယ်။ (ယောဟန် ၆:၁၆-၂၀ ကို ဖတ်ပါ။) တမန်တော်တွေ လှေနဲ့ ကူးနေတုန်း လေပြင်းတိုက်လို့ လှိုင်းလေထန်လာတယ်။ အဲဒီအချိန်မှာ ယေရှု ရေပေါ် လမ်းလျှောက်ပြီး သူတို့ဆီ လာတယ်။ တမန်တော် ပေတရုကိုလည်း ရေပေါ် လမ်းလျှောက်ဖို့ ပြောတယ်။ (မ. ၁၄:၂၂-၃၁) အဲဒီနောက် ယေရှု လှေပေါ် ရောက်တာနဲ့ လေငြိမ်သွားတယ်။ တမန်တော်တွေ အံ့အားသင့်သွားပြီး “သခင်ဟာ တကယ်ပဲ ဘုရားသခင်ရဲ့ သားပါ” လို့ ပြောကြတယ်။ a (မ. ၁၄:၃၃) ဒါပေမဲ့ စိတ်ဝင်စားစရာက ယေရှု အံ့ဖွယ်နည်းနဲ့ မုန့်ပွားများစေပြီးနောက်မှာ မဟုတ်ဘဲ ရေပေါ် လမ်းလျှောက်ပြီးနောက်မှာ သူတို့ ဒီလိုပြောကြတာ။ “[သူတို့] အံ့အားသင့်သွားတယ်။ မုန့်ကျွေးတဲ့ အံ့ဖွယ်အမှုရဲ့ အဓိပ္ပာယ်ကို သူတို့ သဘောမပေါက်သေးဘူး။ နားမလည်သေးဘူး” လို့ မာကု ပြောတယ်။ (မာ. ၆:၅၀-၅၂) မုန့်ပွားများစေနိုင်တဲ့ တန်ခိုးလောက်ပဲ ယေရှုကို ယေဟောဝါဘုရား ပေးထားတာ မဟုတ်မှန်း သူတို့ သဘောမပေါက်ကြဘူး။ ဒါပေမဲ့ ဒီအဖြစ်အပျက်ပြီးနောက် သိပ်မကြာခင်မှာပဲ မုန့်ပွားများစေတဲ့ အံ့ဖွယ်အမှုအကြောင်း ယေရှုကိုယ်တိုင် အစပြန်ဖော်ပြီး သင်ခန်းစာနောက်တစ်ခု ပေးတယ်။

၈-၉။ ယေရှုကို လူအုပ် ဘာကြောင့် ရှာသလဲ။ (ယောဟန် ၆:၂၆၊ ၂၇)

မုန့်ဝေပေးခဲ့တဲ့ နေရာကို နောက်တစ်နေ့ လူအုပ် ရောက်လာပေမဲ့ ယေရှုနဲ့ တမန်တော်တွေ မရှိတော့ဘူး။ ဒါနဲ့ အဲဒီနေရာနား ဆိုက်လာတဲ့ တိဗေရိမြို့က လှေတွေ စီးပြီး ယေရှုကို ရှာဖို့ ကပေရနောင်မြို့ဆီ ထွက်လာကြတယ်။ (ယော. ၆:၂၂-၂၄) ဘုရားနိုင်ငံတော်အကြောင်း ထပ်သင်ယူချင်လို့ မဟုတ်ဘဲ စားချင်လို့ ယေရှုကို ရှာကြတာ။ ဘာကြောင့် အဲဒီလိုပြောနိုင်သလဲ။

ကပေရနောင်မြို့နားမှာ ယေရှုကို လူအုပ် တွေ့သွားတယ်။ ဝမ်းတစ်ထွာ ပြည့်ဖို့ မိမိကို ရှာနေကြတာလို့ ယေရှု ပွင့်ပွင့်လင်းလင်း ပြောလိုက်တယ်။ ယေရှု လုပ်ပေးတဲ့ မုန့်ကို သူတို့ “အဝစား” ခဲ့ရလို့ ဆန္ဒပြည့်သွားတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒါ “ပျက်စီးတတ်တဲ့ အစာ” ဖြစ်တယ်လို့ ယေရှု ပြောတယ်။ ဒါကြောင့် “ထာဝရအသက် ရစေတဲ့ အစာကို ရဖို့ ကြိုးစားကြပါ” လို့ တိုက်တွန်းတယ်။ (ယောဟန် ၆:၂၆၊ ၂၇ ကို ဖတ်ပါ။) ထာဝရအသက် ရစေတဲ့ အစာ ရှိတယ်ဆိုတာ ကြားလိုက်ရတော့ လူအုပ် အံ့ဩသွားမှာပဲ။ ဘယ်လိုအစာမျိုးမို့လို့ ထာဝရအသက် ရစေနိုင်တာလဲ။ အဲဒီအစာ ဘယ်လို ရနိုင်မလဲ။

၁၀။ “ထာဝရအသက် ရနိုင်ဖို့” ဘာလုပ်ရမလဲ။

၁၀ ထာဝရအသက် ရစေတဲ့ အစာ ရဖို့ တစ်ခုခု လုပ်ရမယ်လို့ လူအုပ် တွေးမိတာ ထင်ရှားတယ်။ မောရှေပညတ်မှာ တောင်းဆိုထားတာတွေ လုပ်ရမယ်လို့ တွေးမိပုံပဲ။ ဒါပေမဲ့ “ဘုရားသခင် စေလွှတ်တဲ့သူကို ယုံကြည်သက်ဝင်တာဟာ ဘုရားသခင် နှစ်သက်တဲ့ လုပ်ရပ်ပဲ” လို့ ယေရှု ပြောတယ်။ (ယော. ၆:၂၈၊ ၂၉) “ထာဝရအသက် ရနိုင်ဖို့” ဆိုရင် ဘုရားသခင် စေလွှတ်တဲ့သူကို ယုံကြည်သက်ဝင်ရမယ်။ ဒီအကြောင်း အရင်ကလည်း ယေရှု ပြောဖူးတယ်။ (ယော. ၃:၁၆-၁၈၊ ၃၆) ထာဝရအသက် ဘယ်လို ရနိုင်ကြောင်း နောက်ပိုင်းမှာလည်း ပြောသေးတယ်။—ယော. ၁၇:၃

၁၁။ ပကတိမုန့်ကိုပဲ လူတွေ အာရုံစိုက်နေကြောင်း ဘယ်လို သိရသလဲ။ (ဆာလံ ၇၈:၂၄၊ ၂၅)

၁၁ ယေရှုကို လူအုပ် မယုံကြည်ဘူး။ “ကျွန်တော်တို့ မြင်ပြီး ဆရာ့ကို ယုံကြည်လာအောင် ဘယ်အံ့ဖွယ်အမှုကို ပြမှာလဲ” လို့တောင် မေးကြသေးတယ်။ (ယော. ၆:၃၀) မောရှေခေတ်တုန်းကဆိုရင် ဘိုးဘေးတွေ မန္နမုန့် စားရတယ်ဆိုပြီး ပြောကြတယ်။ (နေ. ၉:၁၅။ ယော. ၆:၃၁။ ဆာလံ ၇၈:၂၄၊ ၂၅ ကို ဖတ်ပါ။) ပကတိမုန့်အကြောင်းပဲ သူတို့ တွေးနေတာ ထင်ရှားတယ်။ မန္နမုန့်နဲ့ မတူဘဲ ထာဝရအသက် ရစေတဲ့ “ကောင်းကင်က စစ်မှန်တဲ့ မုန့်” အကြောင်း ယေရှု ဆက်ပြောချိန်မှာ ဆိုလိုရင်းကို မေးတောင် မမေးကြဘူး။ (ယော. ၆:၃၂) ထာဝရအသက်နဲ့ပတ်သက်ပြီး ယေရှု သွန်သင်ပေးချင်တာကို အာရုံမစိုက်နိုင်တဲ့အထိ ပကတိမုန့်ကိုပဲ အာရုံစိုက်နေကြတယ်။ ဒီမှတ်တမ်းကနေ ဘာသင်ယူနိုင်သလဲ။

အဓိက အာရုံစိုက်သင့်ရာ

၁၂။ ဘာက အရေးကြီးဆုံးလို့ ယေရှု ပြောသလဲ။

၁၂ ယောဟန် အခန်းကြီး ၆ ကနေ ရတဲ့ အရေးကြီး သင်ခန်းစာက ဘာလဲ။ ဘုရားကို နာခံဖို့၊ ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိဖို့ ကျွန်တော်တို့ အဓိက အာရုံစိုက်သင့်တယ်။ စာတန် လာသွေးဆောင်ချိန်မှာ “လူဟာ အစားအစာနဲ့ပဲ အသက်ရှင်ရမှာ မဟုတ်ဘူး၊ ယေဟောဝါရဲ့ နှုတ်ထွက်စကား မှန်သမျှနဲ့ အသက်ရှင်ရမယ်” ဆိုပြီး ယေရှု ပြောတယ်။ ဘုရားကို နာခံတာ အစားအစာထက် ပိုအရေးကြီးတယ်လို့ ပြောလိုက်တာပါပဲ။ (မ. ၄:၃၊ ၄) ဒါ့အပြင် ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိဖို့ အရေးကြီးတယ်လို့ တောင်ပေါ် တရားတော်မှာ ပြောတယ်။ (မ. ၅:၃) ဒါကြောင့် ‘ငါ့ဘဝမှာ လိုအင်ဆန္ဒတွေ ပြည့်ဝဖို့ထက် ဘုရားကို နာခံဖို့၊ ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိဖို့ ပိုအာရုံစိုက်နေရဲ့လား’ လို့ ဆန်းစစ်သင့်တယ်။

၁၃။ (က) စားတာသောက်တာ ဘာကြောင့် မမှားသလဲ။ (ခ) ဘယ်သတိပေးချက်ကို အာရုံစိုက်သင့်သလဲ။ (၁ ကောရိန္သု ၁၀:၆၊ ၇၊ ၁၁)

၁၃ လိုအင်ဆန္ဒတွေ ပြည့်ဝဖို့ ဆုတောင်းတာ၊ လိုအင်ဆန္ဒတွေ ပြည့်ဝတဲ့အခါ ပျော်တာ မမှားပါဘူး။ (လု. ၁၁:၃) “စားတာ၊ သောက်တာ၊ ကြိုးစားပမ်းစား လုပ်ကိုင်တာတွေကြောင့် ပျော်ရွှင်ရတာထက် ကောင်းတာ ဘာမှ မရှိဘူး။ ဒါဟာ စစ်မှန်တဲ့ ဘုရားသခင် ပေးသနားတဲ့အရာပဲ” လို့ ကျမ်းစာ ဆိုတယ်။ (ဒေ. ၂:၂၄။ ၈:၁၅။ ယာ. ၁:၁၇) ဒါပေမဲ့ အစားအစာ၊ ပစ္စည်းဥစ္စာတွေကို ဘဝမှာ သူ့နေရာနဲ့သူ ထားရမယ်။ ဂျေရုဆလင်မြို့နဲ့ ဗိမာန်တော် ဖျက်ဆီးခံရခါနီးမှာ အသက်ရှင်ခဲ့တဲ့ ခရစ်ယာန်တွေဆီ တမန်တော် ပေါလု စာရေးတုန်းက ဒီအချက်ကို အလေးပေးဖော်ပြတယ်။ တောကန္တာရမှာ အစ္စရေးလူမျိုး ဘာအမှားတွေ လုပ်ခဲ့ကြောင်း ပြောတယ်။ ဆိုင်းနိုင်းတောင်နားမှာ လုပ်ခဲ့တဲ့ လုပ်ရပ်အကြောင်းလည်း ပါတယ်။ ‘အကျိုးပျက်စေတဲ့အရာတွေကို သူတို့ တပ်မက်သလို မတပ်မက်ဖို့’ ခရစ်ယာန်တွေကို ပေါလု သတိပေးတယ်။ (၁ ကောရိန္သု ၁၀:၆၊ ၇၊ ၁၁ ကို ဖတ်ပါ။) ယေဟောဝါ အံ့ဖွယ်နည်းနဲ့ ပြင်ဆင်ပေးတဲ့ အစားအစာတောင် “အကျိုးပျက်စေတဲ့အရာ” ဖြစ်သွားခဲ့တာဟာ အစ္စရေးတွေ အစားအစာ အငမ်းမရ ဖြစ်လွန်းလို့ပဲ။ (တော. ၁၁:၄-၆၊ ၃၁-၃၄) ရွှေနွားရုပ်ရှေ့မှာ ပွဲလုပ်တုန်းကလည်း သူတို့ စားသောက်ပြီး မြူးထူးပျော်ပါးခဲ့ကြတယ်။ (ထွ. ၃၂:၄-၆) အေဒီ ၇၀၊ ဂျူးစနစ် အဆုံးမတိုင်ခင် အသက်ရှင်ခဲ့တဲ့ ခရစ်ယာန်တွေအတွက် သတိပေးပုံနမူနာအဖြစ် ဒီအကြောင်းတွေကို ပေါလု ပြောခဲ့တာ။ ကျွန်တော်တို့လည်း လောကစနစ်အဆုံးမှာ အသက်ရှင်နေရလို့ ပေါလုရဲ့ သတိပေးချက်ကို အာရုံစိုက်သင့်တယ်။

၁၄။ အစားအသောက်နဲ့ပတ်သက်ပြီး ကမ္ဘာသစ်မှာ ဘာမျှော်လင့်နိုင်သလဲ။

၁၄ “ဒီနေ့အတွက် ကျွန်တော်တို့ လိုအပ်တဲ့ အစားအစာကို ပေးသနားပါ” လို့ ဆုတောင်းဖို့ ယေရှု သင်ပေးတုန်းက ကောင်းကင်မှာကော ကမ္ဘာမြေမှာပါ အလိုတော် ပြည်စုံလာမယ့်အချိန်နဲ့ ဆက်စပ်ဖော်ပြခဲ့တာကို သတိပြုပါ။ (မ. ၆:၉-၁၁) အလိုတော် ကမ္ဘာမြေမှာ ပြည့်စုံလာမယ့်အချိန်ကို မြင်ယောင်ကြည့်ပါ။ ကမ္ဘာမြေအတွက် ဘုရားအလိုတော်မှာ စားကောင်းသောက်ဖွယ် ပေါကြွယ်ဝဖို့ ပါတယ်။ ဘုရားနိုင်ငံတော်မှာ အရသာရှိတဲ့ အစားအသောက် အလျှံပယ် ရှိမယ်လို့ ဟေရှာယ ၂၅:၆-၈ မှာ ဖော်ပြထားတယ်။ ဆာလံ ၇၂:၁၆ အရ “ကောက်နှံတွေဟာ မြေပေါ်မှာ တောင်ပုံရာပုံ ရှိနေလိမ့်မယ်။ တောင်ပေါ်မှာ ဖွေးဖွေးလှုပ်နေလိမ့်မယ်။” ဘာမုန့်တွေ လုပ်မယ်၊ ဘယ်လိုဟင်းလျာအသစ်တွေ စမ်းချက်မယ်ဆိုပြီး စဉ်းစားကြည့်ပါ။ ကိုယ်စိုက်တဲ့ စပျစ်ခြံက စပျစ်သီးတွေ စားပြီး စပျစ်ဝိုင် သောက်နေတယ်လို့ မြင်ယောင်ကြည့်ပါ။ (ဟေရှာ. ၆၅:၂၁၊ ၂၂) ဒီကောင်းချီးတွေကို လူတိုင်း ခံစားကြရမှာ။

၁၅။ ရှင်ပြန်ထမြောက်လာသူတွေ ဘာသင်ယူရမလဲ။ (ယောဟန် ၆:၃၅)

၁၅ ယောဟန် ၆:၃၅ ကို ဖတ်ပါ။ ကမ္ဘာသစ်မှာ အစားအသောက် ပေါကြွယ်ဝမယ်။ ဒါပေမဲ့ စားရသောက်ရတာထက် ပျော်ရွှင်စေမယ့်အရာ ရှိတယ်။ ယေရှု အံ့ဖွယ်နည်းနဲ့ ပွားများစေတဲ့ မုန့်နဲ့ ငါးကို စားသုံးသူတွေအကြောင်း စဉ်းစားကြည့်ပါ။ အဲဒီတုန်းက ယေရှုကို သူတို့ ယုံကြည်သက်ဝင်ကြောင်း မပြခဲ့ရင်တောင် ရှင်ပြန်ထမြောက်လာတဲ့အထဲ ပါနိုင်တယ်။ သူတို့ ရှင်ပြန်ထမြောက်လာတဲ့အခါ သူတို့ထဲက တချို့နဲ့ ကျွန်တော်တို့ တွေ့ဆုံရနိုင်တယ်။ (ယော. ၅:၂၈၊ ၂၉) “ကျွန်တော်ဟာ အသက်မုန့်ပဲ။ ကျွန်တော့်ဆီ လာတဲ့သူဟာ ဘယ်တော့မှ ဆာလောင်မှာ မဟုတ်ဘူး” ဆိုတဲ့ ယေရှုစကားရဲ့ အဓိပ္ပာယ်ကို အဲဒီအချိန်ရောက်ရင်တော့ သူတို့ သင်ယူကြရမယ်။ မိမိတို့အတွက် ရွေးဖိုးပူဇော်သက္ကာအဖြစ် ယေရှု အသက်ပေးခဲ့တယ်ဆိုတာ ယုံကြည်သက်ဝင်ကြရမယ်။ ရှင်ပြန်ထမြောက်လာသူတွေ၊ ကမ္ဘာသစ်မှာ မွေးလာမယ့်ကလေးတွေအတွက် အဲဒီအချိန်မှာ ကျမ်းစာပညာပေး အစီအစဉ် ရှိမယ်။ အဲဒီအစီအစဉ်မှာ သင် ပါဝင်ပြီး သူတို့ကို ကျမ်းစာအမှန်တရား သင်ပေးတဲ့အခါ စားရသောက်ရတာထက် ပိုပျော်ရွှင်မယ်။

၁၆။ နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးမလဲ။

၁၆ ယောဟန် အခန်းကြီး ၆ မှာ ပါတဲ့ မှတ်တမ်းတစ်စိတ်တစ်ပိုင်းကို ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပြီ။ ဒါပေမဲ့ “ထာဝရအသက်” နဲ့ပတ်သက်ပြီး ယေရှု ထပ်သွန်သင်ပေးသေးတယ်။ ယေရှု သွန်သင်ပေးတာကို ဂျူးတွေ အာရုံစိုက်ဖို့ လိုခဲ့သလို ကျွန်တော်တို့လည်း အာရုံစိုက်ဖို့ လိုတယ်။ ယောဟန် အခန်းကြီး ၆ ကို နောက်ဆောင်းပါးမှာ ဆက်ဆွေးနွေးသွားပါမယ်။

သီချင်း ၂၀ အချစ်ဆုံးသားကို ပေးခဲ့