မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၅၁

သီချင်း ၃ တို့မျှော်လင့်ကိုးစားရာ

သင့်မျက်ရည်တွေကို ယေဟောဝါ မှတ်ထားပေး

သင့်မျက်ရည်တွေကို ယေဟောဝါ မှတ်ထားပေး

“ကျွန်တော့်မျက်ရည်တွေကို သားရေဘူးထဲ သိမ်းထားပေးပါ။ စာအုပ်ထဲမှာလည်း ရေးမှတ်ထားပေးတယ် မဟုတ်လား။”ဆာ. ၅၆:၈

အာရုံစိုက်ရာ

ကျွန်တော်တို့ရဲ့ သောကတွေကို ယေဟောဝါ အပြည့်အဝ သိပြီး ဘယ်လိုနည်းနဲ့ စိတ်သက်သာစေကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။

၁-၂။ ကျွန်တော်တို့ ဘာကြောင့် မျက်ရည်ကျမိနိုင်သလဲ။

 တစ်ချိန်မဟုတ် တစ်ချိန် ကျွန်တော်တို့ မျက်ရည်ကျကြတယ်။ တစ်ခါတလေ ဝမ်းသာမျက်ရည်ကျကြတယ်။ ဥပမာ၊ ကိုယ့်ရင်သွေးလေး မွေးလာတဲ့အခါ၊ အမှတ်တရကောင်းတစ်ခုကို ပြန်တွေးမိတဲ့အခါ ဒါမှမဟုတ် မတွေ့တာကြာပြီ ဖြစ်တဲ့ မိတ်ဆွေကောင်းတစ်ယောက်နဲ့ ပြန်ဆုံတဲ့အခါ ဝမ်းသာလွန်းလို့ ငိုမိနိုင်တယ်။

ဒါပေမဲ့ ဝမ်းနည်းမျက်ရည်ကျတဲ့အချိန်က ပိုများတယ်။ ဥပမာ၊ တစ်ယောက်ယောက်ကြောင့် အကြီးအကျယ် စိတ်ပျက်ရတဲ့အခါ ငိုမိနိုင်တယ်။ နာတာရှည်ရောဂါ ခံစားနေရတဲ့အခါ ဒါမှမဟုတ် ချစ်ရသူ ဆုံးပါးသွားတဲ့အခါ ငိုမိနိုင်တယ်။ ဂျေရုဆလင်မြို့ကို ဗာဗုလုန်တွေ ဖျက်ဆီးတုန်းက မျက်ရည်မဆည်နိုင်အောင် ဖြစ်ခဲ့တဲ့ ပရောဖက် ယေရမိလို ကျွန်တော်တို့ ခံစားမိနိုင်တယ်။ “ငါ့မျက်ရည်တွေ ချောင်းလို စီးနေတယ်။ မနားတမ်း ဆက်တိုက် ငိုနေတယ်” လို့ ယေရမိ ပြောတယ်။—မြည်. ၃:၄၈၊ ၄၉

၃။ ကျေးကျွန်တွေ နာကျင်ခံစားရတဲ့အခါ ယေဟောဝါ ဘယ်လို ခံစားရသလဲ။ (ဟေရှာယ ၆၃:၉)

ဘဝမှာ စိတ်ညစ်လွန်းလို့ ကျွန်တော်တို့ ဘယ်နှကြိမ် ဘယ်နှခါ ငိုခဲ့ရတယ်ဆိုတာ ယေဟောဝါ သိတယ်။ ကျေးကျွန်တွေ နာကျင်ခံစားရတာကို ယေဟောဝါ မြင်တယ်၊ အော်ဟစ်အကူအညီတောင်းသံကို ကြားတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဆာ. ၃၄:၁၅) ဒါပေမဲ့ ကျေးကျွန်တွေရဲ့ အဖြစ်ကို မြင်ရုံ၊ အကူအညီတောင်းသံကို ကြားရုံပဲ မဟုတ်ဘူး။ မေတ္တာရှင်ဖခင် ဖြစ်လို့ သားသမီးတွေ မျက်ရည်ကျတဲ့အခါ အကြီးအကျယ် စိတ်ထိခိုက်တယ်၊ ချက်ချင်း ကူညီပေးတယ်။—ဟေရှာယ ၆၃:၉ ကို ဖတ်ပါ။

၄။ ဘယ်ကျမ်းစာဇာတ်ကောင်တွေအကြောင်း ဆွေးနွေးသွားမလဲ။ ယေဟောဝါနဲ့ပတ်သက်ပြီး ဘာသိလာရမလဲ။

ကျေးကျွန်တွေ မျက်ရည်ကျတဲ့အခါ ယေဟောဝါ ဘယ်လို ခံစားရတယ်၊ ဘယ်လို ကူညီပေးတယ်ဆိုတာ ကျမ်းစာမှာ မှတ်တမ်းတင်ထားတယ်။ ဟန္န၊ ဒါဝိဒ်၊ ဟေဇကိမင်းတို့အကြောင်း စဉ်းစားကြည့်ပါ။ သူတို့ ဘာကြောင့် မျက်ရည်ကျခဲ့သလဲ။ သူတို့ရဲ့ အော်ဟစ်အကူအညီတောင်းသံကို ယေဟောဝါ ဘယ်လို တုံ့ပြန်သလဲ။ စိတ်ဒုက္ခရောက်လို့၊ သစ္စာဖောက်ခံရလို့၊ မျှော်လင့်ချက်မဲ့လို့ ကျွန်တော်တို့ မျက်ရည်ကျတဲ့အခါ ယေဟောဝါ ဘယ်လို စိတ်သက်သာစေမလဲဆိုတာ သူတို့ရဲ့ အဖြစ်ကနေ သိလာရမယ်။

စိတ်ဒုက္ခရောက်လို့ ကျတဲ့မျက်ရည်

၅။ ဟန္နရဲ့ စိတ်ဒုက္ခတွေအကြောင်း ပြောပြပါ။

ဟန္နဟာ စိတ်ဒုက္ခရောက်လွန်းလို့ မျက်ရည်ကျခဲ့တယ်။ အကြောင်းရင်းတစ်ခုကတော့ ခင်ပွန်းဖြစ်သူမှာ ပေနိန္နလို့ ခေါ်တဲ့ နောက်ထပ်ဇနီးတစ်ဦး ရှိနေတာပဲ။ ဟန္နကို ပေနိန္န ကြည့်မရဘူး။ ပိုဆိုးတာက ပေနိန္နမှာ သားသမီးတွေ ရှိပေမဲ့ ဟန္နမှာ သားသမီး မရှိဘူး။ (၁ ရှ. ၁:၁၊ ၂) ဟန္န ကလေးမရနိုင်တာကို မခံချိမခံသာဖြစ်အောင် ပေနိန္န အမြဲ ပြောတယ်။ သင်သာ ဟန္နနေရာမှာဆိုရင် ဘယ်လို ခံစားရမလဲ။ ဟန္နခမျာ “စိတ်ဆင်းရဲလွန်းလို့” “မစားနိုင် မသောက်နိုင်ဘဲ ငိုနေရရှာတယ်။”—၁ ရှ. ၁:၆၊ ၇၊ ၁၀

၆။ စိတ်သက်သာရာရဖို့ ဟန္န ဘာလုပ်သလဲ။

စိတ်သက်သာရာရဖို့ ဟန္န ဘာလုပ်သလဲ။ ယေဟောဝါကို ဝတ်ပြုဖို့ တဲတော်ကို သွားတယ်။ “ကျွန်မ စိတ်ဆင်းရဲနေတာကို မြင်ပြီး ကျွန်မကို မေ့မထားဘဲ သတိရ” ပါလို့ “ယေဟောဝါဆီ ဆုတောင်းရင်း ရှိုက်ကြီးတငင် ငိုချလိုက်တယ်။” အဲဒါ တဲတော်ဝင်း ဝင်ပေါက်နားမှာ ဖြစ်နိုင်တယ်။ (၁ ရှ. ၁:၁၀၊ ၁၁) ရင်ထဲရှိသမျှ ယေဟောဝါဆီ ဟန္န ဆုတောင်းပြောပြလိုက်တယ်။ ချစ်သမီးလေး ရှိုက်ကြီးတငင် ငိုနေတာကို ကြည့်ပြီး ယေဟောဝါ ဘယ်လောက်တောင် စိတ်သက်သာစေချင်လိုက်မလဲ။

၇။ ရင်ဖွင့်ဆုတောင်းလိုက်လို့ ဟန္န ဘယ်လို စိတ်သက်သာသွားသလဲ။

ဟန္နရဲ့ ရင်ဖွင့်ဆုတောင်းသံကို ယေဟောဝါ ဖြေကြားပေးမှာပါလို့ ပုရောဟိတ်မင်း ဧလိ အားပေးတယ်။ “အဲဒီနောက် [ဟန္န] ထွက်သွားပြီး စားသောက်တယ်။ မျက်နှာညှိုးငယ်မနေတော့ဘူး” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (၁ ရှ. ၁:၁၇၊ ၁၈) အခက်အခဲတွေ မပြေလည်သေးပေမဲ့ ဟန္န စိတ်သက်သာသွားပြီ။ သောကဝန်ထုပ်ကို ယေဟောဝါဆီ ပုံအပ်လိုက်ပြီ ဖြစ်လို့ပါ။ ဟန္နရဲ့ သောကတွေကို ယေဟောဝါ မြင်တယ်၊ ရင်ဖွင့်ဆုတောင်းသံကို ကြားတယ်။ နောက်ပိုင်းမှာ သားသမီးတွေ ထွန်းကားစေတယ်။—၁ ရှ. ၁:၁၉၊ ၂၀။ ၂:၂၁

၈-၉။ ဟီဘရူး ၁၀:၂၄၊ ၂၅ အရ အစည်းအဝေး တက်ဖြစ်အောင် တက်ဖို့ ဘာကြောင့် အရေးကြီးသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

ဘာသင်ခန်းစာ ရသလဲ။ မျက်ရည်ကျလောက်တဲ့အထိ သင် စိတ်ဒုက္ခရောက်နေသလား။ မိသားစုဝင် ဒါမှမဟုတ် မိတ်ဆွေတစ်ယောက် ဆုံးပါးသွားလို့ ပူဆွေးနေတာ ဖြစ်နိုင်တယ်။ ဒီလိုအခြေအနေမှာ တစ်ယောက်တည်း နေချင်မိတာ သဘာဝပါပဲ။ ဒါပေမဲ့ တဲတော် သွားလို့ ဟန္န စိတ်သက်သာပြီး အားရှိသွားတာကို သတိရပါ။ သင်လည်း စိတ်နွမ်းလျနေရင်တောင် အစည်းအဝေး သွားတက်တဲ့အခါ သင့်ကို ယေဟောဝါ စိတ်သက်သာစေနိုင်တယ်၊ အားရှိစေနိုင်တယ်။ (ဟီဘရူး ၁၀:၂၄၊ ၂၅ ကို ဖတ်ပါ။) တစ်နည်းကတော့ အစည်းအဝေးမှာ ကြားရတဲ့ ကျမ်းပိုဒ်တွေအားဖြင့်ပါ။ နှစ်သိမ့်မှု ဖြစ်စေတဲ့ ကျမ်းပိုဒ်တွေ ကြားတဲ့အခါ စိတ်နောက်ကျိရာကနေ စိတ်ကြည်လင်လာမယ်။ အခြေအနေ ချက်ချင်း ထူးမသွားပေမဲ့ ကိုယ့်စိတ်ကိုယ် ထိန်းနိုင်လာမယ်။

အစည်းအဝေး သွားတက်တဲ့အခါ ညီအစ်ကို/မတွေရဲ့ နှစ်သိမ့်အားပေးမှုကြောင့်လည်း ကျွန်တော်တို့ စိတ်သက်သာရာရကြတယ်။ (၁ သက်. ၅:၁၁၊ ၁၄) အထူးရှေ့ဆောင် ညီအစ်ကိုတစ်ယောက်အကြောင်း စဉ်းစားကြည့်ပါ။ ဇနီးဖြစ်သူ ဆုံးသွားတယ်။ “မျက်ရည်မထိန်းနိုင်လို့ တစ်ခါတလေ တစ်ယောက်တည်း နေချင်မိတယ်။ ဒါပေမဲ့ အစည်းအဝေး ရောက်တဲ့အခါ ညီအစ်ကို/မတွေရဲ့ အားပေးစကားတွေ၊ မှတ်ချက်တွေကြောင့် ကျွန်တော် စိတ်သက်သာသွားတယ်။ အစည်းအဝေး မလာခင်တုန်းက ဘယ်လောက်ပဲ ပူဆွေးသောကရောက်နေပါစေ အစည်းအဝေး ရောက်ရင် အမြဲ စိတ်အေးချမ်းသွားတယ်” လို့ သူ ပြောတယ်။ ညီအစ်ကို/မတွေကို သုံးပြီး ကျွန်တော်တို့ကို ယေဟောဝါ ကူညီပေးနိုင်တဲ့အတွက် အစည်းအဝေး တက်ဖြစ်အောင် တက်ပါ။

ညီအစ်ကို/မတွေကြောင့် ကျွန်တော်တို့ စိတ်သက်သာရာရနိုင် (စာပိုဒ် ၈-၉ ကို ကြည့်ပါ)


၁၀။ စိတ်ဒုက္ခရောက်နေတဲ့အခါ ဟန္နကို ဘယ်လို အတုယူနိုင်သလဲ။

၁၀ ယေဟောဝါဆီ ရင်ဖွင့်ဆုတောင်းတဲ့အတွက် ဟန္န စိတ်သက်သာရာရခဲ့တယ်။ သင်လည်း ဆုတောင်းချက်တွေကို ယေဟောဝါ နားထောင်ပေးမယ်ဆိုတာ စိတ်ချပြီး ‘စိုးရိမ်ပူပန်စရာ ရှိသမျှကို ပုံအပ်ထားလိုက်ပါ။’ (၁ ပေ. ၅:၇) ညီအစ်မတစ်ယောက်အကြောင်း စဉ်းစားကြည့်ပါ။ ခင်ပွန်းကို ဓားပြတွေ သတ်သွားတယ်။ “ကျွန်မနှလုံးသားတစ်ခုလုံး ပြန်ဆက်လို့မရတော့တဲ့အထိ တစ်စစီ ကျိုးပဲ့ကြေမွသွားသလိုပဲ။ ဒါပေမဲ့ ကျွန်မကို သိပ်ချစ်တဲ့ ကောင်းကင်ဘုံစံအဖ ယေဟောဝါဆီ ဆုတောင်းလိုက်တိုင်း စိတ်ဒဏ်ရာ သက်သာလာတယ်။ ဆုတောင်းတဲ့အခါ တစ်ခါတလေ ကိုယ့်ခံစားချက်တွေကို ဖြောင့်အောင်တောင် မပြောနိုင်ပေမဲ့ ယေဟောဝါက နားလည်ပေးတယ်။ ရင်ထဲ ဗလောင်ဆူနေချိန်မှာ စိတ်တည်ငြိမ်အောင် ကူညီပေးဖို့ ဆုတောင်းတယ်။ ဆုတောင်းလိုက်တာနဲ့ ချက်ချင်း စိတ်တည်ငြိမ်သွားပြီး တစ်နေ့တာ ရှေ့ဆက်နိုင်သွားတယ်” လို့ ညီအစ်မ ပြောတယ်။ သင် စိတ်ဒုက္ခရောက်လွန်းလို့ မျက်ရည်ကျပြီး ဆုတောင်းတဲ့အခါလည်း ယေဟောဝါ ထပ်တူခံစားရတယ်။ သင့်ခံစားချက်ကို အပြည့်အဝ နားလည်တယ်။ စိတ်ဒုက္ခရောက်နေတုန်းပဲဆိုရင်တောင် သင့်ကို စိတ်သက်သာစေမယ်၊ စိတ်ငြိမ်သက်စေမယ်။ (ဆာ. ၉၄:၁၉။ ဖိ. ၄:၆၊ ၇) သင် သစ္စာရှိရှိ ခံရပ်နေတာကို ဆုချမယ်။—ဟီ. ၁၁:၆

သစ္စာဖောက်ခံရလို့ ကျတဲ့မျက်ရည်

၁၁။ တခြားသူတွေရဲ့ လုပ်ရပ်ကြောင့် ဒါဝိဒ် ဘယ်လို ခံစားခဲ့ရသလဲ။

၁၁ ဒါဝိဒ်ဟာ ဘဝတစ်လျှောက် ငိုခဲ့ရတဲ့အချိန်တွေ တော်တော်များတယ်။ ဘာကြောင့်လဲ။ ဒါဝိဒ်ကို ရန်လိုသူတွေ များတယ်။ လူရင်းတွေတောင် သစ္စာဖောက်သွားကြတယ်။ (၁ ရှ. ၁၉:၁၀၊ ၁၁။ ၂ ရှ. ၁၅:၁၀-၁၄၊ ၃၀) “ဒုက္ခပေးသူတွေကြောင့်” ဒါဝိဒ် ဘယ်လို ခံစားခဲ့ရသလဲ။ “ညည်းတွားရလွန်းလို့ ကျွန်တော် မောပန်းနေပြီ။ တစ်ညလုံး ငိုရလွန်းလို့ အိပ်ရာဟာ မျက်ရည်တွေနဲ့ စိုရွှဲနေပြီ။ ခုတင်ကလည်း မျက်ရည်ထဲမှာ မျောနေပြီ” လို့ ပြောတယ်။ (ဆာ. ၆:၆၊ ၇) တခြားသူတွေရဲ့ လုပ်ရပ်ကြောင့် ဒါဝိဒ် မျက်ရည်ဖြိုင်ဖြိုင်ကျတဲ့အထိ ခံစားခဲ့ရတယ်။

၁၂။ ဆာလံ ၅၆:၈ အရ ဒါဝိဒ် ဘာကို ယုံကြည်စိတ်ချသလဲ။

၁၂ ဘဝမှာ အခက်အခဲ အများကြီး ကြုံရပေမဲ့ မိမိကို ယေဟောဝါ ချစ်တယ်ဆိုတာ ဒါဝိဒ် ယုံကြည်စိတ်ချတယ်။ “ငါ့ငိုကြွေးသံကို ယေဟောဝါ ကြားလိမ့်မယ်” လို့ ပြောတယ်။ (ဆာ. ၆:၈) မိမိမျက်ရည်တွေကို သားရေဘူးထဲ ယေဟောဝါ သိမ်းထားပေးတယ်၊ စာအုပ်ထဲမှာ ရေးမှတ်ထားပေးတယ်ဆိုပြီး ဆာလံ ၅၆:၈ မှာ လှလှပပ ဖော်ကျူးထားတယ်။ (ဖတ်ပါ။) မိမိ နာကျင်ခံစားရတာကို ယေဟောဝါ သတိထားမိတယ်၊ မှတ်ထားပေးတယ်ဆိုတာ စိတ်ချကြောင်း ဖော်ပြလိုက်တာပါပဲ။ အခက်အခဲတွေလောက်ကိုသာ မဟုတ်ဘဲ အခက်အခဲတွေကြောင့် ဘယ်လို ခံစားနေရသလဲဆိုတာကိုပါ ယေဟောဝါ သိကြောင်း ဒါဝိဒ် ယုံကြည်စိတ်ချတယ်။ ကျွန်တော်တို့ကိုလည်း ယေဟောဝါ သိပ်ချစ်တယ်၊ ခံစားချက်တွေကို ဂရုစိုက်တယ်ဆိုတာ ဒါဝိဒ်ရဲ့ စကားတွေက ဖော်ပြနေတယ်။

၁၃။ သစ္စာဖောက်ခံရတဲ့အခါ ဘာကို သတိရရမလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၃ ဘာသင်ခန်းစာ ရသလဲ။ လူရင်းတစ်ယောက် စိတ်ပျက်အောင် လုပ်သွားလို့ ဒါမှမဟုတ် သစ္စာဖောက်သွားလို့ သင် စိတ်ထိခိုက်နေသလား။ လက်ထပ်ဖို့ ရည်ရွယ်ထားသူ ဒါမှမဟုတ် အိမ်ထောင်ဖက် ကိုယ့်ကို စွန့်ပစ်သွားလို့ ဒါမှမဟုတ် ချစ်ရသူတစ်ယောက် ယေဟောဝါကို ကျောခိုင်းသွားလို့ နာကျင်ခံစားနေရတာ ဖြစ်နိုင်တယ်။ ညီအစ်ကိုတစ်ယောက်အကြောင်း စဉ်းစားကြည့်ပါ။ မိန်းမဖြစ်သူ ဖောက်ပြန်ပြီး သူ့ကို ထားသွားတယ်။ “ကျွန်တော် လန့်လည်း လန့်၊ ယုံလည်း မယုံနိုင်ဘူး။ ဝမ်းနည်းတယ်၊ ဒေါသထွက်တယ်။ အရှုံးသမားတစ်ယောက်လို ခံစားရတယ်” လို့ ပြောတယ်။ သင်လည်း သစ္စာဖောက်ခံရတယ်ဆိုရင် ဘာကို သတိရနိုင်သလဲ။ သင့်ကို ယေဟောဝါ ဘယ်တော့မှ မစွန့်ပစ်ဘူးဆိုတာ သတိရနိုင်တယ်။ “လူတွေက ပြောင်းလဲတတ်တယ်။ ယေဟောဝါကတော့ ကျောက်ဆောင် ဖြစ်လို့ မပြောင်းလဲဘူး။ ဘာတွေပဲ ဖြစ်လာပါစေ သစ္စာစောင့်သိသူတွေကို ဘယ်တော့မှ မစွန့်ဘူး” လို့ ညီအစ်ကို ပြောတယ်။ (ဆာ. ၃၇:၂၈) သင့်ကို လူတစ်ယောက် ချစ်ပေးနိုင်တာထက် ယေဟောဝါ ပိုချစ်ပေးနိုင်တယ်ဆိုတာကိုလည်း သတိရပါ။ သင် သစ္စာဖောက်ခံရပေမဲ့ သင့်ကို ယေဟောဝါ ဂရုစိုက်တာ၊ တန်ဖိုးထားတာ ပြောင်းမသွားဘူး။ (ရော. ၈:၃၈၊ ၃၉) လူတွေ ဘယ်လိုပဲ ဆက်ဆံပါစေ သင့်ကို ကောင်းကင်ဘုံစံအဖ ချစ်တယ်။

စိတ်ကြေကွဲနေသူတွေရဲ့ အနီးအပါးမှာ ယေဟောဝါ ရှိတယ်ဆိုတာ ဆာလံကျမ်းက စိတ်ချစေ (စာပိုဒ် ၁၃ ကို ကြည့်ပါ)


၁၄။ ဆာလံ ၃၄:၁၈ မှာ ယေဟောဝါ ဘာအာမခံထားသလဲ။

၁၄ သစ္စာဖောက်ခံရတဲ့အခါ ဆာလံ ၃၄:၁၈ မှာ ပါတဲ့ ဒါဝိဒ်ရဲ့ စကားတွေကလည်း စိတ်သက်သာရာရစေတယ်။ (ဖတ်ပါ။) “စိတ်ထောင်းကိုယ်ကြေ ဖြစ်နေသူတွေ” ဟာ မျှော်လင့်စရာ ဘာမှ မရှိတော့ဘူးလို့ ခံစားရနိုင်တယ်။ အဲဒီလိုလူတွေကို ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။ “အနီးအပါးမှာ” ရှိနေပေးတယ်။ ယေဟောဝါဟာ ကလေး ငိုတဲ့အခါ ထွေးပိုက်ပြီး အငိုတိတ်အောင် ချော့ပေးတဲ့ မိဘလိုပါပဲ။ သစ္စာဖောက်ခံရလို့၊ စွန့်ပစ်ခံရလို့ ကျွန်တော်တို့ စိတ်ကြေကွဲပြီး ငိုကြွေးတဲ့အခါ မကြည့်ရက်ဘူး၊ ချက်ချင်း ကူညီပေးတယ်။ စိတ်သက်သာအောင် လုပ်ပေးချင်တယ်။ ဒါ့အပြင် မျှော်လင့်စရာ အများကြီး ပေးထားတယ်။ ဘုရားပေးမျှော်လင့်ချက်က လက်ရှိ အခက်အခဲတွေကို ခံရပ်စေနိုင်တယ်။—ဟေရှာ. ၆၅:၁၇

မျှော်လင့်ချက်မဲ့လို့ ကျတဲ့မျက်ရည်

၁၅။ ဟေဇကိ ဘာကြောင့် ရှိုက်ကြီးတငင် ငိုသလဲ။

၁၅ ယုဒမင်း ဟေဇကိဟာ အသက် ၃၉ နှစ်မှာ သေလုမြောပါး ဖျားတယ်။ ပြန်နေကောင်းလာမှာ မဟုတ်ဘူး၊ သေရလိမ့်မယ်ဆိုပြီး ပရောဖက် ဟေရှာယကတစ်ဆင့် ယေဟောဝါ ပြောတယ်။ (၂ ဘု. ၂၀:၁) ဟေဇကိ မျှော်လင့်ချက် မရှိတော့ပုံပဲ။ ဒါနဲ့ ရှိုက်ကြီးတငင် ငိုပြီး ယေဟောဝါဆီ အသနားခံတယ်။—၂ ဘု. ၂၀:၂၊ ၃

၁၆။ ဟေဇကိ ငိုယိုအသနားခံတာကို ယေဟောဝါ ကြားတော့ ဘာလုပ်သလဲ။

၁၆ ဟေဇကိ ငိုယိုအသနားခံတာကို ယေဟောဝါ ကြားတော့ သနားသွားပြီး “မင်းရဲ့ ဆုတောင်းသံကို ငါကြားတယ်။ မင်းရဲ့ မျက်ရည်ကိုလည်း ငါမြင်တယ်။ အခု မင်းရဲ့ ရောဂါပျောက်ကင်းအောင် လုပ်ပေးမယ်” လို့ ပြောတယ်။ သက်တမ်း တိုးပေးမယ်၊ ဂျေရုဆလင်မြို့ကို အဆီးရီးယားဘုရင်ရဲ့ လက်ကနေ ကယ်တင်မယ်လို့လည်း ဟေရှာယကတစ်ဆင့် ပြောတယ်။—၂ ဘု. ၂၀:၄-၆

၁၇။ ရောဂါဖိစီးချိန်မှာ ယေဟောဝါ ဘယ်လို ဖေးမပေးသလဲ။ (ဆာလံ ၄၁:၃) (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၇ ဘာသင်ခန်းစာ ရသလဲ။ ကုမရတဲ့ ရောဂါ သင် ခံစားနေရသလား။ မျက်ရည်စက်လက် ဖြစ်နေရင်တောင် သင့်ခံစားချက်ကို ယေဟောဝါဆီ ဆုတောင်းပြောပြပါ။ ‘ကရုဏာကြီးတဲ့အဖ၊ နှစ်သိမ့်ခြင်းအမျိုးမျိုးရဲ့ အရှင်က ကျွန်တော်တို့ ဆင်းရဲဒုက္ခအမျိုးမျိုး ခံရတဲ့အခါ နှစ်သိမ့်ပေးမယ်’ လို့ အာမခံထားတယ်။ (၂ ကော. ၁:၃၊ ၄) ဒီနေ့အချိန်မှာ ကျွန်တော်တို့ရဲ့ ပြဿနာအားလုံးကို ယေဟောဝါ ဖယ်ရှားပေးမှာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကို ဖေးမပေးမယ်ဆိုတာ အမြဲ စိတ်ချနိုင်တယ်။ (ဆာလံ ၄၁:၃ ကို ဖတ်ပါ။) ယေဟောဝါ ဘယ်လို ဖေးမပေးသလဲ။ သန့်ရှင်းသော စွမ်းအားတော်ကတစ်ဆင့် ခွန်အား၊ ဉာဏ်ပညာ၊ စိတ်ငြိမ်သက်မှု ပေးတယ်။ (ပညာ. ၁၈:၁၄။ ဖိ. ၄:၁၃) အနာရောဂါအားလုံးကို ပျောက်ကင်းစေမယ်ဆိုတဲ့ ကျမ်းစာမျှော်လင့်ချက် ပေးတယ်။—ဟေရှာ. ၃၃:၂၄

ခွန်အား၊ ဉာဏ်ပညာ၊ စိတ်ငြိမ်သက်မှု ပေးခြင်းအားဖြင့် ဆုတောင်းချက်တွေကို ယေဟောဝါ ဖြေကြားပေး (စာပိုဒ် ၁၇ ကို ကြည့်ပါ)


၁၈။ မျှော်လင့်ချက် မဲ့နေပုံပေါက်တဲ့အခါ သင့်ကို ဘယ်ကျမ်းပိုဒ်က စိတ်သက်သာစေသလဲ။ (“ စိတ်သက်သာရာရစေမယ့် ကျမ်းပိုဒ်များ” လေးထောင့်ကွက်ကို ကြည့်ပါ။)

၁၈ ယေဟောဝါရဲ့ စကားကြောင့် ဟေဇကိ စိတ်သက်သာရာရခဲ့တယ်။ ကျွန်တော်တို့လည်း ကျမ်းစာမှာ ပါတဲ့ ယေဟောဝါရဲ့ စကားတွေကို ဖတ်မယ်ဆိုရင် စိတ်သက်သာရာရမယ်၊ စိတ်အားတက်လာမယ်။ (ရော. ၁၅:၄) အနောက်အာဖရိကမှာ ရှိတဲ့ ညီအစ်မတစ်ယောက်ဟာ ကင်ဆာဖြစ်နေမှန်း သိလိုက်ရတဲ့အခါ ငိုပဲ ငိုနေတော့တယ်။ “ကျွန်မအတွက် နှစ်သိမ့်မှု ဖြစ်စေတဲ့ ကျမ်းပိုဒ်တစ်ပိုဒ်ကတော့ ဟေရှာယ ၂၆:၃ ပါ။ အခြေအနေတွေကို မထိန်းချုပ်နိုင်ပေမဲ့ ယေဟောဝါ ပေးတဲ့ တည်မြဲတဲ့ ငြိမ်သက်မှုကြောင့် ခံစားချက်ကို ထိန်းချုပ်နိုင်မယ်ဆိုတာ ဒီကျမ်းပိုဒ်က စိတ်ချစေတယ်” လို့ ပြောတယ်။ မျှော်လင့်ချက် မဲ့နေပုံပေါက်တဲ့အခါ သင့်ကို စိတ်သက်သာစေတဲ့ ကျမ်းပိုဒ်တစ်ပိုဒ်ပိုဒ် ရှိသလား။

၁၉။ ဘယ်အနာဂတ် စောင့်ကြိုနေသလဲ။

၁၉ နောက်ဆုံးကာလရဲ့ အဆုံးပိုင်းမှာ အသက်ရှင်နေရလို့ ဝမ်းနည်းငိုကြွေးစရာကိစ္စတွေ ပိုများလာဖို့ပဲ ရှိတယ်။ ဒါပေမဲ့ ဟန္န၊ ဒါဝိဒ်၊ ဟေဇကိမင်းတို့အဖြစ်ကနေ သိရတဲ့အတိုင်း ကျွန်တော်တို့ရဲ့ မျက်ရည်တွေကို ယေဟောဝါ မှတ်ထားပေးတယ်။ ကျွန်တော်တို့နဲ့ ထပ်တူခံစားပေးတယ်။ မျက်ရည်ကျစရာကိစ္စတွေ ရှိတဲ့ကြားက သစ္စာရှိတဲ့ ကျွန်တော်တို့ကို ချစ်တယ်။ ဒါကြောင့် စိတ်ဒုက္ခရောက်နေတဲ့အခါ ယေဟောဝါဆီ ရင်ဖွင့်ဆုတောင်းပါ။ ညီအစ်ကို/မတွေနဲ့ ရင်းရင်းနှီးနှီး နေပါ။ စိတ်သက်သာရာရဖို့ ကျမ်းစာဖတ်ပါ။ သစ္စာရှိရှိ ခံရပ်နေရင် ယေဟောဝါ ဆုချမယ်ဆိုတာ စိတ်ချပါ။ ဆုတစ်ခုကတော့ ကမ္ဘာသစ်အသက်တာပါ။ ကမ္ဘာသစ်မှာ မျက်ရည်ရှိသမျှကို ယေဟောဝါ သုတ်ပေးမယ်။ ဆိုလိုတာက စိတ်ဒုက္ခရောက်လို့၊ သစ္စာဖောက်ခံရလို့၊ မျှော်လင့်ချက်မဲ့လို့ မျက်ရည်ကျရတာမျိုး မရှိအောင် လုပ်ပေးမယ်။ (ဗျာ. ၂၁:၄) သင် မျက်ရည်ကျတယ်ဆိုရင်တော့ ဝမ်းသာမျက်ရည်ပဲ ဖြစ်မှာပါ။

သီချင်း ၄ “ယေဟောဝါဟာ ငါ့သိုးထိန်းပါ”