မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၄၈

ကိုယ်စခဲ့တဲ့ အလုပ်ကို ပြီးစီးအောင်လုပ်ပါ

ကိုယ်စခဲ့တဲ့ အလုပ်ကို ပြီးစီးအောင်လုပ်ပါ

‘အစပြု​လုပ်ဆောင်​ခဲ့​တဲ့ အလုပ်​ကို အပြီးသတ်​လိုက်ပါ။’—၂ ကော. ၈:၁၁

သီချင်း ၃၅ ‘ပို​အရေးကြီး​တဲ့​အရာတွေ​ကို ပိုင်းခြား​သိ​ပါ’

အကြို​သုံးသပ်ချက် *

၁။ ယေဟောဝါ ကျွန်တော်တို့ကို ဘာ​လုပ်​ခွင့်​ပေး​ထား​သလဲ။

ကိုယ့်​ဘဝ​လမ်းစဉ်​ကို စိတ်ကြိုက်​ရွေးချယ်​ဖို့ ကျွန်တော်တို့ကို ယေဟောဝါ ခွင့်ပြု​ထား​တယ်။ ဆုံးဖြတ်ချက်ကောင်း ချ​နိုင်​ပုံ​ကို သင်ပေး​ပြီး ဘုရား နှစ်သက်​တဲ့ ဆုံးဖြတ်ချက်တွေ ချ​တဲ့​အခါ အောင်မြင်​အောင် ကူညီ​ပေး​တယ်။ (ဆာ. ၁၁၉:၁၇၃) ကျမ်းစာ​အကြံဉာဏ်​ကို လိုက်နာ​လေ ဆုံးဖြတ်ချက်ကောင်းတွေ ပို​ချနိုင်​လေပဲ။—ဟီ. ၅:၁၄

၂။ ဆုံးဖြတ်ချက် ချ​ပြီးနောက် ဘာ​လုပ်​ဖို့ ခက်​နိုင်​သလဲ။

ဆုံးဖြတ်ချက်ကောင်း ချပြီး​ရင်တောင် အဲဒီအတိုင်း ပြီးစီး​အောင် လုပ်ဖို့ ခက်​နိုင်တယ်။ ဥပမာ​တချို့ သုံးသပ်​ကြည့်ပါ– ညီအစ်ကို​ငယ်​တစ်ဦး​ဟာ ကျမ်းစာ​တစ်အုပ်လုံး အပြီး​ဖတ်ဖို့ ဆုံးဖြတ်တယ်။ အပတ်​အနည်းငယ် ကြာပြီးနောက် ဆက်​မဖတ်​ဖြစ်​တော့​ဘူး။ ညီအစ်မ​တစ်ယောက် မှန်မှန်​ရှေ့ဆောင် လုပ်ဖို့ ဆုံးဖြတ်​ပေမဲ့ မလုပ်ဖြစ်​ဘဲ အချိန်ဆွဲ​နေတယ်။ အကြီးအကဲ​အဖွဲ့​က​လည်း အသင်းတော်မှာ သိုးထိန်း​လည်ပတ်မှု များများ​လုပ်ဖို့ သဘောတူ ဆုံးဖြတ်​ပေမဲ့ လ​အတော်ကြာ​တဲ့​အထိ မလုပ်​ဖြစ်​ဘူး။ အဲဒီ​ဖြစ်ရပ်တွေ​မှာ တူညီချက်​တစ်ခု ရှိ​တယ်။ ဆုံးဖြတ်တဲ့​အတိုင်း ပြီးစီး​အောင် မလုပ်​နိုင်​ခြင်း​ပါပဲ။ ပထမ​ရာစု​တုန်း​က ကောရိန္သု​မြို့​မှာ​ရှိတဲ့ ခရစ်ယာန်တွေ​လည်း အဲဒီလို ဖြစ်​ခဲ့​တယ်။ သူတို့​ဆီ​ကနေ ဘာ​သင်ခန်းစာ ယူ​နိုင်​သလဲ။

၃။ ကောရိန္သု​အသင်းတော်​ဟာ ဘာ​လုပ်​ဖို့ ဆုံးဖြတ်​သလဲ။ ဒါပေမဲ့ ဘာ​ဖြစ်​ခဲ့​သလဲ။

အေဒီ ၅၅ လောက်​မှာ ကောရိန္သု​မြို့သားတွေ​ဟာ အရေးကြီး​တဲ့ ဆုံးဖြတ်ချက် ချ​ခဲ့​ကြ​တယ်။ ဂျေရုဆလင်​နဲ့ ယုဒပြည်​မှာ ရှိတဲ့ ညီအစ်ကို​တွေ ဆင်းရဲ​ခက်ခဲ​နေ​ကြောင်း၊ သူတို့​ကို ကူညီ​ဖို့ တခြား​အသင်းတော်တွေ အလှူငွေ​ကောက်ခံ​နေ​ကြောင်း သိ​လိုက်​ရတယ်။ ဒါကြောင့် ကြင်နာ​ရက်ရော​တဲ့​စိတ်နဲ့ လှူဒါန်း​ဖို့ ဆုံးဖြတ်​ပြီး ဘယ်လို ဆက်​လုပ်​ရ​မယ်​ဆိုတာ တမန်တော် ပေါလု​ကို မေးမြန်း​ကြ​တယ်။ ပေါလု​လည်း ညွှန်ကြားချက်တွေ ပေးပြီး အလှူငွေ ကောက်ခံ​တာ​ကို ကူညီဖို့ တိတု​ကို တာဝန်​ပေး​တယ်။ (၁ ကော. ၁၆:၁။ ၂ ကော. ၈:၆) လ​အနည်းငယ်​ကြာပြီးနောက် ကောရိန္သု​အသင်းတော်​ဟာ ဆုံးဖြတ်​တဲ့​အတိုင်း မလုပ်​နေ​မှန်း ပေါလု သိ​လိုက်​တယ်။ ဒါကြောင့် တခြား​အသင်းတော်တွေ​ရဲ့ အလှူငွေတွေ​ကို ဂျေရုဆလင်​မြို့​ဆီ ယူ​သွား​မယ့်​အချိန်​မှာ သူတို့ အဆင်သင့်​မဖြစ်​ခဲ့​ကြ​ဘူး။—၂ ကော. ၉:၄၊ ၅

၄။ ၂ ကောရိန္သု ၈:၇၊ ၁၀၊ ၁၁ မှာ ကောရိန္သု​အသင်းတော်​ကို ဘာ​လုပ်​ဖို့ ပေါလု တိုက်တွန်း​သလဲ။

ကောရိန္သု​အသင်းတော်​ဟာ ဆုံးဖြတ်ချက်ကောင်း ချ​ခဲ့​တယ်။ သူတို့​ရဲ့ ခိုင်မာ​တဲ့ ယုံကြည်ခြင်း၊ ရက်ရော​တဲ့​စိတ်​ကို ပေါလု ချီးမွမ်း​တယ်။ ဒါပေမဲ့ အစပြု​လုပ်​ခဲ့​တာ​ကို အပြီးသတ်​ဖို့​လည်း တိုက်တွန်း​တယ်။ (၂ ကောရိန္သု ၈:၇၊ ၁၀၊ ၁၁ ကိုဖတ်ပါ။) သစ္စာရှိ ခရစ်ယာန်တွေ​တောင် ဆုံးဖြတ်ချက်​အတိုင်း လုပ်ဖို့ ခက်​နိုင်​ကြောင်း အဲဒီ​ဖြစ်ရပ်​ကနေ သိ​ရ​တယ်။

၅။ ဘယ်​မေးခွန်းတွေ သုံးသပ်​ကြ​မလဲ။

ကောရိန္သု​အသင်းသားတွေ​လို​ပဲ ကျွန်တော်တို့​လည်း ဆုံးဖြတ်​တဲ့​အတိုင်း လုပ်ဖို့ ခက်​နိုင်​တယ်။ ဘာကြောင့်​လဲ။ မစုံလင်မှု​ကြောင့် အချိန်​ဆွဲ​မိ​နိုင်​တယ်။ ကြိုတင် မမြင်​နိုင်​တဲ့ ဖြစ်ရပ်တွေ​ကြောင့် ဆုံးဖြတ်​တဲ့​အတိုင်း လုပ်ဖို့ ခက်​နိုင်​တယ်။ (ဒေ. ၉:၁၁။ ရော. ၇:၁၈) ဒါပေမဲ့ ဆုံးဖြတ်ချက်​ကို ပြန်​သုံးသပ်​ပြီးနောက် ပြုပြင်​ဖို့ လို​နေရင် ဘာလုပ်​မလဲ။ အစပြု​ထား​တာ​ကို အပြီးသတ်​နိုင်အောင် ဘာလုပ်​ရ​မလဲ။

ဆုံးဖြတ်ချက် မချခင်

၆။ ဘယ်​အချိန်​မှာ ဆုံးဖြတ်ချက်​ကို ပြန်​ပြင်​ဖို့ လို​နိုင်​သလဲ။

အရေးကြီး ဆုံးဖြတ်ချက်​တချို့ကို​တော့ ပြင်​လို့ မရ​ဘူး။ ဥပမာ၊ ကျွန်တော်တို့​ဟာ ယေဟောဝါ​ကို ဝတ်ပြု​ဖို့၊ အိမ်ထောင်ဖက်​ကို သစ္စာ​ရှိ​ဖို့ ဆုံးဖြတ်​ထား​တဲ့​အတိုင်း လုပ်​ရ​မယ်။ (မ. ၁၆:၂၄။ ၁၉:၆) ဒါပေမဲ့ ဆုံးဖြတ်ချက်​တချို့​ကို​တော့ ပြန်​ပြင်​ဖို့ လို​နိုင်​တယ်။ အကြောင်း​က​တော့ အခြေအနေတွေ ပြောင်း​သွား​နိုင်လို့ပဲ။ ဆုံးဖြတ်ချက်ကောင်း ချ​နိုင်အောင် ဘာက ကူညီ​ပေး​နိုင်​သလဲ။

၇။ ဘာ​အတွက် ဆုတောင်း​သင့်​သလဲ။ ဘာကြောင့်​လဲ။

ဉာဏ်​ပညာ ရ​ဖို့ ဆုတောင်း​ပါ။ “တစ်ယောက်ယောက်​က ဉာဏ်ပညာ လို​နေ​ရင် [ရက်ရက်​ရောရော ပေး​တတ်​တဲ့] ဘုရား​သခင်​ဆီ တောင်း​မြဲ​တောင်း​ပါ” လို့ ယာကုပ် ရေး​တယ်။ (ယာ. ၁:၅) ကျွန်တော်တို့​အားလုံး “ဉာဏ်​ပညာ လို​နေ” ကြ​တယ်။ ဒါကြောင့် ဆုံးဖြတ်ချက်​ချ​တဲ့​အခါ၊ ဆုံးဖြတ်ချက်​ကို ပြန်​ပြင်​ဖို့ လို​တဲ့​အခါ ယေဟောဝါ​ကို အားကိုး​ရ​မယ်။ ဆုံးဖြတ်ချက်ကောင်း ချ​နိုင်​အောင် ယေဟောဝါ ကူညီ​ပါ​လိမ့်​မယ်။

၈။ ဆုံးဖြတ်ချက် မချ​ခင် ဘာ​လုပ်​သင့်​သလဲ။

အသေ​အချာ ရှာဖွေ​လေ့လာ​ပါ။ ကျမ်းစာ​နဲ့ အဖွဲ့အစည်း​ထုတ် စာပေတွေ​ကို ဖတ်​ပါ။ ယုံကြည်​စိတ်ချ​ရ​သူတွေ​နဲ့ တိုင်ပင်​ပါ။ (ပညာ. ၂၀:၁၈) အလုပ်​မပြောင်း​ခင်၊ အိမ်​မပြောင်း​ခင်၊ အမှုဆောင်​လုပ်ငန်း​မှာ ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့​ဖို့ သင့်တော်​တဲ့ ပညာရေး​ကို မရွေးချယ်​ခင် အသေ​အချာ ရှာဖွေ​လေ့လာ​ဖို့ လို​တယ်။

၉။ ကိုယ့်​စိတ်ရင်း​ကို အသေ​အချာ ဆန်းစစ်​မယ်​ဆိုရင် ဘာ​အကျိုး​ရ​မလဲ။

ကိုယ့်ရဲ့ စိတ်ရင်း​ကို ဆန်းစစ်ပါ။ ကျွန်တော်တို့​ရဲ့ စိတ်ရင်း​ဟာ ယေဟောဝါ​အတွက် အရေးကြီး​တယ်။ (ပညာ. ၁၆:၂) ဘုရားသခင်​က ကျွန်တော်တို့​ကို အရာရာ​မှာ ရိုးသား​စေ​ချင်​တယ်။ ဒါကြောင့် ဆုံးဖြတ်ချက် ချ​တဲ့​အခါ ကိုယ့်​စိတ်ရင်း​ကို အသေ​အချာ ဆန်းစစ်​ရ​မယ်။ ကိုယ့်ကိုယ်ကိုယ်​ရော တခြားသူ​အပေါ်​မှာ​ပါ ရိုးသား​ရ​မယ်။ မရိုးသား​ရင် ဆုံးဖြတ်​တဲ့​အတိုင်း လုပ်​ဖို့ ခက်​လိမ့်​မယ်။ ဥပမာ၊ ညီအစ်ကို​ငယ်​တစ်ယောက် မှန်မှန်​ရှေ့ဆောင် လုပ်​ဖို့ ဆုံးဖြတ်​တယ်။ နောက်ပိုင်း နာရီ​ပြည့်​ဖို့ ခက်​လာ​တယ်။ အမှုဆောင်​မှာ​လည်း မပျော်​တော့​ဘူး။ ယေဟောဝါ​ကို ပျော်​စေ​ချင်​လို့ ရှေ့ဆောင် လုပ်တာ​လို့ သူ ထင်​နေ​ပေမဲ့ တကယ်တမ်း​တော့ မိဘ​နဲ့ တခြားသူတွေ စိတ်​ကျေနပ်​အောင် လုပ်​နေတာ ဖြစ်​နိုင်​တယ်။

၁၀။ ပြုပြင်​ပြောင်းလဲ​နိုင်​ဖို့ ဘာ​လို​သလဲ။

၁၀ ဆေးလိပ်​ဖြတ်​ဖို့ ဆုံးဖြတ်​တဲ့ ကျမ်းစာ​သင်သား​အကြောင်း သုံးသပ်​ကြည့်​ပါ။ အစပိုင်း တစ်ပတ်​နှစ်ပတ်​လောက် ဆေးလိပ် ဖြတ်​နိုင်​ပေမဲ့ ပြန်​ပြန်​သောက်​မိ​တယ်။ ဒါပေမဲ့ နောက်ဆုံး​တော့ အောင်မြင်​သွား​တယ်။ ယေဟောဝါ​ဘုရား​ကို ချစ်​ပြီး ဘုရား​ရဲ့ နှစ်သက်မှု ရ​ချင်​တဲ့​စိတ်​ကြောင့် အဲဒီ​အကျင့်ဆိုး​ကို ဖြတ်​နိုင်​ခဲ့​တာ။—ကော. ၁:၁၀။ ၃:၂၃

၁၁။ သတ်သတ်​မှတ်မှတ် ပန်းတိုင်​ထား​ဖို့ ဘာကြောင့် လို​သလဲ။

၁၁ သတ်သတ်​မှတ်မှတ် ပန်းတိုင်​ထား​ပါ။ သတ်သတ်​မှတ်မှတ် ပန်းတိုင်​ထား​ရင် အောင်မြင်​ဖို့ ပို​လွယ်ကူ​မယ်။ ဥပမာ၊ ကျမ်းစာ​ကို ပို​ဖတ်​ဖို့ ဆုံးဖြတ်​ပေမဲ့ သတ်သတ်​မှတ်မှတ် ဇယား​မထား​ရင် အောင်မြင်​မှာ မဟုတ်​ဘူး။ * အသင်းတော် အကြီးအကဲတွေ​ဟာ သိုးထိန်း​လည်ပတ်မှု များများ​လုပ်​ဖို့ ဆုံးဖြတ်​ပေမဲ့ မလုပ်​နိုင်​ကြ​ဘူး။ ဆုံးဖြတ်​တဲ့​အတိုင်း လုပ်​နိုင်​ဖို့​ဆိုရင် “သိုးထိန်း​လည်ပတ်​ဖို့ လိုအပ်​နေ​တဲ့ ညီအစ်ကို​/​မတွေ​ရဲ့ စာရင်း​လုပ်​ထား​ပြီ​လား။ လည်ပတ်​မယ့် အချိန်​ကို သတ်မှတ်​ပြီးပြီ​လား” စတဲ့ မေးခွန်းတွေ​ကို သုံးသပ်​နိုင်​တယ်။

၁၂။ ကျွန်တော်တို့ ဘာ​လုပ်​ဖို့ လို​နိုင်​သလဲ။ ဘာကြောင့်​လဲ။

၁၂ လက်တွေ့ကျ​ပါ။ လုပ်​ချင်​တာ​အားလုံး လိုက်​လုပ်​ဖို့ ကျွန်တော်တို့​မှာ အချိန်၊ ဥစ္စာ၊ ခွန်အား မရှိ​ကြ​ဘူး။ ဒါကြောင့် လက်တွေ့ကျ​ပါ။ အကျိုးသင့်​အကြောင်းသင့်​ရှိပါ။ မပြည့်မီ​နိုင်​တဲ့ ဆုံးဖြတ်ချက်တွေ​ကို ပြန်​ပြင်​ဖို့ လို​နိုင်​တယ်။ (ဒေ. ၃:၆) ဆုံးဖြတ်ချက်​ကို ပြန်​သုံးသပ်၊ ပြန်​ပြုပြင်​ပြီးနောက် အဲဒီ​အတိုင်း လုပ်​နိုင်​မယ်​လို့ ခံစား​ရ​တယ် ဆိုပါစို့။ ဆုံးဖြတ်​တဲ့​အတိုင်း ပြီးစီး​အောင်​လုပ်​နိုင်​ဖို့ ကူညီ​ပေး​မယ့် အချက်​ငါးချက်​ကို သုံးသပ်​ကြည့်​ပါ။

ဆုံးဖြတ်ချက်​အတိုင်း လုပ်​စေ​နိုင်​တဲ့ အချက်များ

၁၃။ ဆုံးဖြတ်ချက်​အတိုင်း လုပ်ဆောင်​နိုင်​စွမ်း ရှိ​ဖို့ ဘာ​လုပ်​ရ​မလဲ။

၁၃ လုပ်ဆောင်​နိုင်​စွမ်း ရှိ​ဖို့ ဆုတောင်း​ပါ။ ဆုံးဖြတ်​တဲ့​အတိုင်း လုပ်​နိုင်​ဖို့ “လုပ်ဆောင်​နိုင်​စွမ်း​ကို” ဘုရား​သခင် ပေး​နိုင်​တယ်။ (ဖိ. ၂:၁၃) ဒါကြောင့် သန့်ရှင်း​သော စွမ်းအားတော်​ကနေ ခွန်အား​ရ​ဖို့ ယေဟောဝါ​ဆီ ဆုတောင်း​ပါ။ အဖြေ ရ​ဖို့ ကြန့်ကြာ​နေ​ပုံ​ပေါက်​ရင်​တောင် ဆက်​ဆုတောင်း​ပါ။ “တောင်း​မြဲ​တောင်း​ပါ၊ [သန့်ရှင်း​သော စွမ်းအားတော်] ရ​လိမ့်​မယ်” လို့ ယေရှု ပြော​တယ်။—လု. ၁၁:၉၊ ၁၃

၁၄။ ပညာအလိမ္မာ ၂၁:၅ မှာ​ပါ​တဲ့ ကျမ်းစာ​မူ​က ဆုံးဖြတ်​တဲ့​အတိုင်း လုပ်​ဖို့ ဘယ်လို ကူညီ​ပေး​သလဲ။

၁၄ ဇယား​ဆွဲ​ပါ။ (ပညာအလိမ္မာ ၂၁:၅ ကိုဖတ်ပါ။) လုပ်ငန်း​တစ်ခုခု​ကို အပြီးသတ်​နိုင်​ဖို့ ဇယား ရှိ​ရ​မယ်၊ ဇယား​အတိုင်း လုပ်​ရ​မယ်။ အလားတူပဲ၊ ဆုံးဖြတ်ချက် ချ​ပြီးပြီ​ဆိုရင် သတ်သတ်​မှတ်မှတ် လုပ်​ရ​မယ့် အချက်တွေ​ကို စာရင်း​လုပ်​ပါ။ လုပ်​စရာ သိပ်​များ​လွန်း​ရင် တစ်ခုချင်းစီ ခွဲ​လုပ်​ဖို့ စီစဉ်​ပါ။ ပေါလု​က သူ​ရောက်လာ​မှ အလှူငွေ ကောက်​တာ​မျိုး မဖြစ်​အောင် “သီတင်းပတ်​ရဲ့ ပထမ​နေ့​တိုင်း” အလှူငွေ​ကို သီးသန့်​ဖယ်​ထား​ဖို့ ကောရိန္သု​အသင်းတော်​ကို တိုက်တွန်း​တယ်။ (၁ ကော. ၁၆:၂) လုပ်​စရာတွေ​ကို တစ်ခုချင်းစီ ခွဲ​လုပ်​ဖို့ စီစဉ်​ထား​ရင် မပြီး​မှာ စိုးရိမ်​စရာ မလို​တော့​ဘူး။

၁၅။ ဇယား ဆွဲ​ပြီးနောက် ဘာ​လုပ်​နိုင်​သလဲ။

၁၅ ဇယား​ကို ရှင်းရှင်း​လင်းလင်း ချ​ရေး​ထား​ရင် ဆုံးဖြတ်​တဲ့​အတိုင်း လုပ်​ဖို့ လွယ်ကူ​စေ​တယ်။ (၁ ကော. ၁၄:၄၀) ဥပမာ၊ အကြီးအကဲ​အဖွဲ့​ရဲ့ ဆုံးဖြတ်ချက်​တိုင်း​ကို ရေးမှတ်​ဖို့ အကြီးအကဲ​တစ်ယောက်​ကို တာဝန်​ပေး​ပါ​ဆို​တဲ့ ညွှန်ကြားချက် ရှိ​တယ်။ ဆုံးဖြတ်ချက်​အတိုင်း လုပ်​ဖို့ ဘယ်သူ့​ကို တာဝန်​ပေး​ထား​တယ်၊ ဘယ်​အချိန်​မှာ ပြီး​ရ​မယ်​ဆိုတဲ့ အချက်တွေ​ကို​ပါ သူ ရေး​ထား​သင့်​တယ်။ အဲဒီလို​လုပ်​တဲ့ အကြီးအကဲတွေ​ဟာ ပို​အောင်မြင်​ကြ​တယ်။ (၁ ကော. ၉:၂၆) သင့်​ရဲ့ နေ့စဉ်​အလုပ်တွေ​ကို​လည်း အဲဒီ​အတိုင်း စီစဉ်​နိုင်​တယ်။ ဥပမာ၊ နေ့စဉ် လုပ်​ရ​မယ့်​အရာတွေ​ကို စာရင်း​လုပ်​ပါ။ ဦးစား​ပေး​ရ​မယ့်​အရာ​ကို ထိပ်​မှာ ရေး​ပါ။ ဒါက ဆုံးဖြတ်ချက်​အတိုင်း အချိန်တို​အတွင်း ပြီးစီး​အောင် လုပ်​ဖို့ ကူညီ​နိုင်​တယ်။

၁၆။ ဆုံးဖြတ်ချက်​အတိုင်း လုပ်​နိုင်​ဖို့ ဘာ​လုပ်​ရ​မလဲ။ ဒီ​အချက်​ကို ရောမ ၁၂:၁၁ က ဘယ်လို ထောက်ခံ​သလဲ။

၁၆ ကြိုးစား​အားထုတ်​ပါ။ ဇယား​အတိုင်း အပြီး​လုပ်​နိုင်​ဖို့ ကြိုးစား​အားထုတ်​ရ​မယ်။ (ရောမ ၁၂:၁၁ ကိုဖတ်ပါ။) သွန်သင်သူ​ကောင်း ဖြစ်​ဖို့ “အမြဲ ကြိုးစား​လုပ်ဆောင်​ပါ၊” “မဆုတ်​မနစ် လုပ်ဆောင်​ပါ” ဆိုပြီး တိမောသေ​ကို ပေါလု ပြော​တယ်။ အဲဒီ​အကြံပြုချက်​ကို တခြား​ဘုရား​ရေးရာ ပန်းတိုင်တွေ​မှာ​လည်း ကျင့်သုံး​နိုင်​တယ်။—၁ တိ. ၄:၁၃၊ ၁၆

၁၇။ ဆုံးဖြတ်​တဲ့​အတိုင်း လုပ်​တဲ့​အခါ ဧဖက် ၅:၁၅၊ ၁၆ ကို ဘယ်လို ကျင့်သုံး​နိုင်​သလဲ။

၁၇ အချိန်​ကို ပညာ​ရှိရှိ စီမံ​ပါ။ (ဧဖက် ၅:၁၅၊ ၁၆ ကိုဖတ်ပါ။) ဆုံးဖြတ်​တဲ့​အတိုင်း လုပ်​မယ့် အချိန်​ကို သတ်မှတ်​ပါ။ သတ်မှတ်​ထား​တဲ့​အတိုင်း လုပ်​ပါ။ အကောင်းဆုံး အချိန်​ကို စောင့်​မနေ​ပါ​နဲ့။ အကောင်းဆုံး အချိန်​ဆိုတာ ရှိ​ချင်​မှ ရှိ​မယ်။ (ဒေ. ၁၁:၄) အရေး​မကြီး​တာ​တွေ​နဲ့ အချိန်​ကုန်​သွား​ပြီး ပို​အရေးကြီး​တာ​တွေ​အတွက် အချိန်​နဲ့ ခွန်အား မရှိ​တော့​တာ​မျိုး မဖြစ်​အောင် ဂရုစိုက်​ပါ။ (ဖိ. ၁:၁၀) ဖြစ်​နိုင်​ရင် အနှောင့်​အယှက် သိပ်​မရှိ​တဲ့ အချိန်​ကို ရွေး​ပါ။ ကိုယ် အာရုံစိုက် လုပ်​တော့​မယ်​ဆိုတာ တခြား​သူတွေ​ကို သိ​စေ​ပါ။ ဖုန်း​ပိတ်​ထား​ပါ။ အီးမေးလ်​တွေ၊ လူမှု​မီဒီယာတွေ​ကို နောက်​မှ ကြည့်​ပါ။ *

၁၈-၁၉။ အတားအဆီးတွေ ကြုံ​တဲ့​အခါ ဆုံးဖြတ်​တဲ့​အတိုင်း ဆက်​လုပ်​နိုင်​ဖို့ ဘာက ကူညီ​ပေး​နိုင်​သလဲ။

၁၈ အကျိုး​ရလဒ်​ကို အာရုံစိုက်​ပါ။ ဆုံးဖြတ်ချက်​ရဲ့ အကျိုး​ရလဒ်​ကို ခရီးစဉ်​တစ်ခု​ရဲ့ အဆုံး​နဲ့ နှိုင်းယှဉ်​နိုင်​တယ်။ ခရီးဆုံး​ပန်းတိုင် ရောက်​ဖို့​ဆိုရင် လမ်း​ပိတ်​နေ​ရင်​တောင် လမ်းကြောင်း​ပြောင်း​ပြီး ဆက်​သွား​ရ​မယ်။ အလားတူပဲ၊ ကိုယ့်​ဆုံးဖြတ်ချက်​ရဲ့ အကျိုး​ရလဒ်​ကို အာရုံစိုက်​မယ်​ဆိုရင် အတားအဆီးတွေ ကြုံ​တဲ့​အခါ အလွယ်​တကူ လက်လျှော့​မှာ မဟုတ်​ဘူး။—ဂလ. ၆:၉

၁၉ ဆုံးဖြတ်ချက်ကောင်း ချ​ဖို့၊ အဲဒီ​အတိုင်း လုပ်​ဖို့ မလွယ်​ပါ​ဘူး။ ဒါပေမဲ့ အစပြု​ထား​တာ​ကို ပြီးစီး​အောင် လုပ်​ဖို့ ဉာဏ်ပညာ​နဲ့ အစွမ်း​ခွန်အား​ကို ယေဟောဝါ ပေး​နိုင်​ပါ​တယ်။

သီချင်း ၆၅ တိုးတက်​နေ​ပါ

^ အပိုဒ်၊ 5 ဆုံးဖြတ်ချက်​တချို့​အတွက် နောင်တ​ရ​ဖူး​သလား။ ဆုံးဖြတ်ချက်ကောင်း ချ​ဖို့၊ ဆုံးဖြတ်ချက်​အတိုင်း လုပ်​ဖို့ တစ်ခါ​တလေ ခက်​နေ​သလား။ ဒီ​စိန်ခေါ်ချက်တွေ​ကို ကျော်လွှား​နိုင်​ဖို့၊ ကိုယ်​စ​ခဲ့​တဲ့ အလုပ်​ကို ပြီးစီး​အောင်​လုပ်​နိုင်​ဖို့ ဒီ​ဆောင်းပါး​က ကူညီ​ပေး​ပါ​လိမ့်​မယ်။

^ အပိုဒ်၊ 11 ကိုယ်ပိုင်​ကျမ်းစာ​လေ့လာ​ဖို့ စီစဉ်​တဲ့​အခါ jw.org​® မှာ​ပါ​တဲ့ “ကျမ်းစာ​ဖတ်ရှုခြင်း​အတွက် အစီစဉ်​ဇယား” ကို သုံး​နိုင်​တယ်။

^ အပိုဒ်၊ 17 အချိန်​ကို စီမံ​ခြင်း​နဲ့​ပတ်သက်ပြီး ၂၀၁၀၊ ဧပြီလ​ထုတ် နိုးလော့! မှာ​ပါ​တဲ့ “အချိန် ပို​၍ ရ​နည်း ၂၀” ဆောင်းပါး​ကို ကြည့်​ပါ။