လေ့လာရန် ဆောင်းပါး ၄၅
ကျွန်တော်တို့ကို သန့်ရှင်းသော စွမ်းအားတော် ကူညီပေးပုံ
“ကျွန်တော့်ကို အစွမ်းခွန်အားပေးတဲ့ ဘုရားသခင်ကြောင့် အရာရာကို စွမ်းဆောင်နိုင်လို့ပဲ။”—ဖိ. ၄:၁၃။
သီချင်း ၁၀၄ ဘုရားပေးလက်ဆောင် သန့်ရှင်းသော စွမ်းအားတော်
အကြိုသုံးသပ်ချက် *
၁-၂။ (က) တစ်ရက်ပြီးတစ်ရက် ရှေ့ဆက်နိုင်ဖို့ ဘာက ကူညီပေးသလဲ။ ရှင်းပြပါ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
“ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲကို စဉ်းစားလိုက်တဲ့အခါ ကိုယ့်အစွမ်းအစ တစ်ခုတည်းနဲ့ ခံရပ်နိုင်မှာ မဟုတ်ဘူး” လို့ သင် ပြောဖူးသလား။ ကျွန်တော်တို့အများစု အဲဒီလိုပြောဖူးကြတယ်။ ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာ ဒါမှမဟုတ် ချစ်ရသူ သေဆုံးတာတွေကို ဘယ်လို ရင်ဆိုင်နိုင်ခဲ့ကြောင်း ပြန်တွေးပြီး အဲဒီလိုပြောတာ ဖြစ်နိုင်တယ်။ ယေဟောဝါရဲ့ သန့်ရှင်းသော စွမ်းအားတော်က ပေးတဲ့ “သာမန်ထက် ထူးကဲတဲ့ တန်ခိုး” ကြောင့်သာ တစ်ရက်ပြီးတစ်ရက် ရှေ့ဆက်နိုင်တာလို့ သင် ခံစားရတယ်။—၂ ကော. ၄:၇-၉။
၂ ဒီဆိုးသွမ်းတဲ့ လောကရဲ့ ဩဇာလွှမ်းမိုးမှုကို တွန်းလှန်ဖို့လည်း သန့်ရှင်းသော စွမ်းအားတော် လိုတယ်။ (၁ ယော. ၅:၁၉) “နတ်ဆိုးများစွာ” နဲ့လည်း ကျွန်တော်တို့ တိုက်ခိုက်နေရတယ်။ (ဧ. ၆:၁၂) ဒါကြောင့် စွမ်းအားတော် ကူညီပေးနိုင်တဲ့ နည်းနှစ်နည်းနဲ့ အကျိုးအပြည့်အဝ ရနိုင်ပုံတွေကို ဆွေးနွေးကြပါမယ်။
သန့်ရှင်းသော စွမ်းအားတော်က ခွန်အားပေး
၃။ အခက်အခဲတွေကို ခံရပ်နိုင်အောင် ယေဟောဝါ ကူညီပေးတဲ့ နည်းတစ်နည်းက ဘာလဲ။
၃ အခက်အခဲတွေကြား တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့ ယေဟောဝါရဲ့ သန့်ရှင်းသော စွမ်းအားတော်က ခွန်အားပေးတယ်။ အခက်အခဲတွေကြား ဆက်အမှုဆောင်နိုင်တာဟာ “ခရစ်တော်ရဲ့တန်ခိုး” ကြောင့်ပဲလို့ တမန်တော် ပေါလု ခံစားရတယ်။ (၂ ကော. ၁၂:၉) ဒုတိယ သာသနာပြု ခရီးစဉ်အတွင်း ပေါလုဟာ ဟောပြောခြင်းလုပ်ငန်းအပြင် ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့ဖို့လည်း အလုပ်လုပ်ခဲ့ရတယ်။ ကောရိန္သုမြို့မှာ တဲရှင်ချုပ်သူတွေဖြစ်တဲ့ အာကုလနဲ့ ပြစ်ကိလရဲ့ အိမ်မှာ နေတယ်။ အလုပ်ချင်း တူတဲ့အတွက် သူတို့နဲ့အတူ အချိန်ပိုင်း အလုပ်လုပ်ခဲ့တယ်။ (တ. ၁၈:၁-၄) လောကအလုပ် လုပ်ရင်း အမှုဆောင်လုပ်ငန်းကိုလည်း ပြီးမြောက် အောင်လုပ်ဖို့ သန့်ရှင်းသော စွမ်းအားတော်က ပေါလုကို ခွန်အားပေးတယ်။
၄။ ၂ ကောရိန္သု ၁၂:၇-၉ အရ ဘယ်အခက်အခဲကို ပေါလု ရင်ဆိုင်ခဲ့ရသလဲ။
၄ ၂ ကောရိန္သု ၁၂:၇-၉ ကိုဖတ်ပါ။ ဒီကျမ်းချက်မှာ ပေါလု ပြောတဲ့ “ကိုယ်ခန္ဓာမှာ စူးတဲ့ ဆူး” ဆိုတာ ဘာကို ဆိုလိုသလဲ။ အသားထဲ ဆူးဝင်နေရင် အတော် နာကျင်တယ်။ ဒါကြောင့် နာကျင်စေတဲ့ အခက်အခဲ တစ်မျိုးမျိုးအကြောင်း ပေါလု ပြောနေတာဖြစ်တယ်။ အဲဒါကို “အမြဲ စူးရှနာကျင်စေ” တဲ့ “စာတန်ရဲ့ တမန်” လို့ ပေါလု ပြောတယ်။ စာတန် ဒါမှမဟုတ် နတ်ဆိုးတွေက အသားကို ဆူးနဲ့ ထိုးသလို ပေါလုရဲ့ အခက်အခဲတွေကို တိုက်ရိုက် ဖြစ်ပေါ်စေတာ မဟုတ်ပေမဲ့ အဲဒီ “ဆူး” ကို သူတို့ တွေ့တဲ့အခါ ပိုစူးအောင်၊ တစ်နည်းအားဖြင့် ပိုနာကျင်အောင် လုပ်နိုင်တယ်။ ပေါလု ဘယ်လို ဖြေရှင်းခဲ့သလဲ။
၅။ ပေါလုရဲ့ ဆုတောင်းချက်ကို ယေဟောဝါ ဘယ်လို ဖြေပေးသလဲ။
၅ ပထမတော့ ပေါလုဟာ “ဆူး” ကို ဖယ်ရှားပစ်ချင်တယ်။ “အဲဒီဆူးကို ဖယ်ရှားပေးဖို့ ဘုရားသခင်ဆီ သုံးကြိမ် အသနားခံခဲ့တယ်” လို့ ပြောတယ်။ ပေါလု ဆုတောင်းပေမဲ့ ဆူးကတော့ ဆက်ရှိနေတုန်းပဲ။ ပေါလုရဲ့ ဆုတောင်းချက်ကို ယေဟောဝါ မဖြေတာလား။ မဟုတ်ပါဘူး။ ယေဟောဝါက ပြဿနာကို မဖယ်ရှားပေးပေမဲ့ ခံရပ်နိုင်ဖို့ ခွန်အားပေးတယ်။ ‘မင်း အားနည်းတဲ့အခါ ငါ့တန်ခိုး အပြည့်အဝ ထင်ရှားတယ်’ လို့ ယေဟောဝါ ပြောတယ်။ (၂ ကော. ၁၂:၈၊ ၉) ပေါလုဟာ ဘုရားသခင့် အကူအညီကြောင့် ပျော်ရွှင်မှု၊ စိတ်ငြိမ်သက်မှု ဆက်ရှိနိုင်ခဲ့တယ်။—ဖိ. ၄:၄-၇။
၆။ (က) ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ ဘယ်လို ဖြေပေးနိုင်သလဲ။ (ခ) ညွှန်းထားတဲ့ ဘယ်ကျမ်းချက်တွေက သင့်ကို ခွန်အားရှိစေသလဲ။
၆ ပေါလုလိုပဲ သင်လည်း အခက်အခဲကနေ လွတ်မြောက်ဖို့ ယေဟောဝါဆီ အသနားခံဖူးသလား။ အသနားခံတဲ့ကြား ပြဿနာက ဆက်ရှိနေတယ် ဒါမှမဟုတ် ပိုဆိုးလာတယ်ဆိုရင် ကိုယ့်ကို ယေဟောဝါ မနှစ်သက်လို့များလားဆိုပြီး စိုးရိမ်ဖူးသလား။ ဒါဆိုရင် ပေါလုရဲ့ အဖြစ်ကို သတိရပါ။ ပေါလုရဲ့ ဆုတောင်းချက်ကို ယေဟောဝါ ဖြေပေးသလို သင့်ဆုတောင်းချက်တွေကိုလည်း ဖြေပေးမှာ သေချာတယ်။ ယေဟောဝါက ပြဿနာကို ဖယ်ရှားပေးမှာ မဟုတ်ပေမဲ့ သန့်ရှင်းသော စွမ်းအားတော်အားဖြင့် ခံရပ်နိုင်ဖို့ လိုအပ်တဲ့ ခွန်အားကိုပေးပါလိမ့်မယ်။ (ဆာ. ၆၁:၃၊ ၄) ကျွန်တော်တို့ “အထိုးခံရလို့ လဲကျ” သွားနိုင်ပေမဲ့ ကျွန်တော်တို့ကို ယေဟောဝါ မစွန့်ပါဘူး။—၂ ကော. ၄:၈၊ ၉။ ဖိ. ၄:၁၃။
သန့်ရှင်းသော စွမ်းအားတော်က ရှေ့ဆက်ဖို့ တွန်းအားပေး
၇-၈။ (က) သန့်ရှင်းသော စွမ်းအားတော်က လေနဲ့ ဘယ်လို တူသလဲ။ (ခ) စွမ်းအားတော်ရဲ့ လုပ်ဆောင်ပုံကို ပေတရု ဘယ်လို ဖော်ပြသလဲ။
၇ သန့်ရှင်းသော စွမ်းအားတော် ကူညီပေးနိုင်တဲ့ နောက်တစ်နည်းက ဘာလဲ။ လှိုင်းထန်တဲ့ ပင်လယ်ထဲမှာတောင် ကိုယ်သွားချင်တဲ့ဘက် တိုက်နေတဲ့လေက သင်္ဘောကို လိုရာခရီးရောက်အောင် တွန်းပို့ပေးနိုင်တယ်။ အဲဒီလိုပဲ ဒုက္ခမုန်တိုင်းထဲကနေ ထွက်ပြီး ဘုရား ကတိပြုထားတဲ့ ကမ္ဘာသစ်ဆီ ဆက်သွားနိုင်ဖို့ သန့်ရှင်းသော စွမ်းအားတော်က ကျွန်တော်တို့ကို ကူညီပေးတယ်။
၈ တံငါသည် ဖြစ်တဲ့ တမန်တော် ပေတရုဟာ ရွက်လွှင့်ခြင်းအကြောင်း ကောင်းကောင်း နားလည်တယ်။ ဒါကြောင့် သန့်ရှင်းသော စွမ်းအားတော် လုပ်ဆောင်ပုံကို ဖော်ပြဖို့ ရွက်လွှင့်ခြင်းနဲ့ ဆက်စပ်တဲ့ အသုံးအနှုန်းကို သုံးခဲ့တယ်။ “ပရောဖက်ပြုချက်ဆိုတာ လူ့အလိုအတိုင်း ဖြစ်ပေါ်လာတာ မဟုတ်ဘူး။ လူတွေက သန့်ရှင်းသော စွမ်းအားတော်ရဲ့ လှုံ့ဆော်မှုကို ခံရလို့ ဘုရားသခင်ဆီက လာတဲ့ စကားတွေကို ပြန်ဟောတာဖြစ်တယ်” လို့ ပေတရု ရေးတယ်။ “လှုံ့ဆော်” လို့ ပြန်ဆိုထားတဲ့ ဂရိစကားလုံးဟာ စာသားအရ “ဆွဲခေါ်သွား” လို့ အဓိပ္ပာယ် ရှိတယ်။—၂ ပေ. ၁:၂၁။
၉။ ပေတရု ပြောတဲ့ “ဆွဲခေါ်” ဆိုတဲ့ အသုံးအနှုန်းက ဘာကို ပုံပေါ်စေသလဲ။
၉ ပေတရု ပြောတဲ့ “ဆွဲခေါ်” ဆိုတဲ့ အသုံးအနှုန်းက ဘာကို ပုံပေါ်စေသလဲ။ တမန်တော်ကျမ်း ရေးသူ လုကာက “လေတ. ၂၇:၁၅) ဒါကြောင့် ကျမ်းရေးသူတွေ “ဆွဲခေါ်” ခံရတယ်လို့ ပေတရု ပြောတာက “ရေကြောင်းသွားလာမှုဆိုင်ရာ ရူပကအလင်္ကာ” ကို သုံးနေတာ ဖြစ်တယ်လို့ ကျမ်းပညာရှင်တစ်ယောက် ပြောတယ်။ လိုရာပန်းတိုင် ရောက်နိုင်ဖို့ လေက သင်္ဘောကို ဆွဲခေါ်သွားသလို ပရောဖက်တွေ၊ ကျမ်းရေးသူတွေ တာဝန် ပြီးမြောက်အောင် သန့်ရှင်းသော စွမ်းအားတော်က ကူညီပေးတယ်လို့ ပေတရု ပြောနေတာ။ “ပရောဖက်တွေက ရွက်ကို ဖြန့်လိုက်သလိုပေါ့” လို့ အဲဒီကျမ်းပညာရှင် ပြောတယ်။ ယေဟောဝါက “လေ” ဖြစ်တဲ့ သန့်ရှင်းသော စွမ်းအားတော်ကို ပေးခြင်းအားဖြင့် မိမိအပိုင်းကို လုပ်ဆောင်တယ်။ ကျမ်းရေးသူတွေကလည်း စွမ်းအားတော် လမ်းညွှန်မှုကို လိုက်နာခြင်းအားဖြင့် မိမိတို့အပိုင်းကို လုပ်ဆောင်တယ်။
နှင်ရာ ပါသွား” တဲ့ သင်္ဘောအကြောင်း ပြောချိန်မှာ အလားတူ ဂရိစကားလုံးကို သုံးနှုန်းခဲ့တယ်။ (၁၀-၁၁။ သန့်ရှင်းသော စွမ်းအားတော် ရဖို့ ဘယ်အချက်နှစ်ချက်ကို လုပ်ဆောင်ရမလဲ။ ဥပမာပေးပါ။
၁၀ ဒီနေ့ခေတ်မှာ ကျမ်းစောင်တွေ ရေးဖို့ စွမ်းအားတော်ကို ယေဟောဝါ မသုံးတော့ဘူး။ ဒါပေမဲ့ မိမိလူမျိုးကို လမ်းညွှန်ဖို့တော့ သုံးနေဆဲပါပဲ။ ယေဟောဝါက မိမိလုပ်ရမယ့် အပိုင်းကို လုပ်ဆောင်နေတယ်။ ကျွန်တော်တို့ကလည်း ကိုယ့်အပိုင်းကို လုပ်ဆောင်နေမှ စွမ်းအားတော်ကနေ အကျိုးရနိုင်မယ်။ ကိုယ့်အပိုင်းကို ဘယ်လို လုပ်ဆောင်ရမလဲ။
၁၁ လေကနေ အကျိုးရဖို့ သင်္ဘောသားတွေဟာ အချက်နှစ်ချက် လုပ်ရမယ်။ ပထမ၊ သင်္ဘောကို လေလမ်းကြောင်းပေါ် ရှိစေရမယ်။ လေလမ်းကြောင်းနဲ့ ဝေးရာ ဆိပ်ကမ်းမှာပဲ ရပ်ထားရင် သင်္ဘောဟာ ရှေ့ကို သွားမှာ မဟုတ်ဘူး။ ဒုတိယ၊ ရွက်ကို အစွမ်းကုန် ဖွင့်ထားရမယ်။ ရွက်ကို လေတိုးမှ သင်္ဘောက ရှေ့ကို သွားမယ်။ အလားတူပဲ၊ ကျွန်တော်တို့လည်း သန့်ရှင်းသော စွမ်းအားတော် အကူအညီ ရမှ ယေဟောဝါရဲ့ လုပ်ငန်းမှာ ခံနိုင်ရည်ရှိမယ်။ စွမ်းအားတော်ကနေ အကျိုးရဖို့ အချက်နှစ်ချက်ကို လုပ်ဆောင်ရမယ်။ ပထမ၊ စွမ်းအားတော် ရစေမယ့် လုပ်ဆောင်မှုတွေမှာ ပါဝင်ခြင်းအားဖြင့် စွမ်းအားတော်ရဲ့ လမ်းကြောင်းပေါ်မှာ ရှိနေရမယ်။ ဒုတိယ၊ အဲဒီလုပ်ဆောင်မှုတွေမှာ အပြည့်အဝ ပါဝင်ခြင်းအားဖြင့် အစွမ်းကုန် “ရွက်ဖွင့်” ထားရဆာ. ၁၁၉:၃၂) အဲဒီအချက်တွေကို လုပ်ဆောင်မယ်ဆိုရင် စွမ်းအားတော်က ဆန့်ကျင်မှု၊ အခက်အခဲ လှိုင်းလုံးတွေထဲကနေ ရုန်းထွက်နိုင်အောင် တွန်းပေးမယ်။ ကမ္ဘာသစ်ကို သွားတဲ့ လမ်းမှာ သစ္စာရှိရှိ ဆက်ခံရပ်နိုင်အောင် ကူညီပေးပါလိမ့်မယ်။
မယ်။ (၁၂။ အခု ဘာအကြောင်း ဆွေးနွေးကြမလဲ။
၁၂ စွမ်းအားတော် ကူညီပေးတဲ့ နည်းနှစ်နည်းကို ဆွေးနွေးခဲ့ကြပြီ။ အခက်အခဲတွေ ကြုံရချိန်မှာ သစ္စာရှိဖို့ စွမ်းအားတော်က ခွန်အားပေးတယ်။ ရှေ့ဆက်နိုင်ဖို့၊ ထာဝရအသက်လမ်းပေါ် ဆက်လျှောက်နိုင်ဖို့ တွန်းအားပေးတယ်။ အခု စွမ်းအားတော်ကနေ အကျိုးအပြည့်အဝ ရဖို့ လုပ်ဆောင်ရမယ့် အရာလေးခုအကြောင်း ဆွေးနွေးကြမယ်။
သန့်ရှင်းသော စွမ်းအားတော်ကနေ အကျိုးအပြည့်အဝ ရနိုင်ပုံ
၁၃။ ၂ တိမောသေ ၃:၁၆၊ ၁၇ အရ ကျမ်းစာက ဘာလုပ်ပေးနိုင်သလဲ။ ကျွန်တော်တို့ ဘာလုပ်ရမလဲ။
၁၃ ပထမ၊ ကျမ်းစာလေ့လာပါ။ (၂ တိမောသေ ၃:၁၆၊ ၁၇ ကိုဖတ်ပါ။) “ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်မှု” လို့ ပြန်ဆိုထားတဲ့ ဂရိစကားလုံးဟာ “ဘုရားသခင် လေမှုတ်သွင်းတယ်” ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ ဘုရားသခင်က စွမ်းအားတော်ကို သုံးပြီး မိမိရဲ့ အတွေးတွေကို ကျမ်းရေးသူတွေရဲ့ စိတ်ထဲ “မှုတ်သွင်း” ပေးတယ်။ ဒါကြောင့် ကျမ်းစာ ဖတ်ပြီး တွေးတောတဲ့အခါ ကျွန်တော်တို့ရဲ့ စိတ်နှလုံးထဲ ဘုရားသခင့် လမ်းညွှန်ချက်တွေ ဝင်လာတယ်။ အဲဒါက အလိုတော်နဲ့အညီ အသက်ရှင်ဖို့ လှုံ့ဆော်ပေးတယ်။ (ဟီ. ၄:၁၂) ဒါပေမဲ့ စွမ်းအားတော်ကနေ အကျိုးအပြည့်အဝ ရဖို့ဆိုရင် ကျမ်းစာ မှန်မှန် လေ့လာဖို့၊ အသေအချာ တွေးတောဖို့ အချိန် ဖယ်ထားရမယ်။ ဒါမှ ကျွန်တော်တို့ ပြောဆိုလုပ်ဆောင်သမျှအပေါ် ကျမ်းစာက ဩဇာလွှမ်းမိုးလိမ့်မယ်။
၁၄။ (က) ခရစ်ယာန် အစည်းအဝေးတွေဟာ “လေတိုက်”တဲ့ အရပ်နဲ့ တူတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။ (ခ) အစည်းအဝေးတွေကို “အစွမ်းကုန် ရွက်ဖွင့်ပြီး” ဘယ်လို တက်နိုင်သလဲ။
၁၄ ဒုတိယ၊ ဘုရားသခင်ကို အတူဝတ်ပြုပါ။ (ဆာ. ၂၂:၂၂) ခရစ်ယာန် အစည်းအဝေးတွေဟာ “လေတိုက်” တဲ့ အရပ်နဲ့ တူတယ်။ အဲဒီမှာ ယေဟောဝါရဲ့ စွမ်းအားတော် ရှိနေတယ်။ (ဗျာ. ၂:၂၉) ဘာကြောင့် အဲဒီလိုပြောနိုင်သလဲ။ ခရစ်ယာန်ချင်းတွေနဲ့ ဝတ်ပြုဖို့ အတူစုဝေးချိန်မှာ စွမ်းအားတော် ရဖို့ ဆုတောင်းတယ်။ ကျမ်းစာအခြေပြု သီချင်းတွေ ဆိုတယ်။ စွမ်းအားတော်နဲ့ ခန့်အပ်ထားတဲ့ ညီအစ်ကိုတွေရဲ့ ကျမ်းစာအခြေပြု လမ်းညွှန်ချက်တွေကို နားထောင်တယ်။ အဲဒီစွမ်းအားတော်ကပဲ တာဝန်ကျတဲ့အပိုင်းတွေကို ပြင်ဆင်၊ တင်ဆက်နိုင်ဖို့ ညီအစ်မတွေကို ကူညီပေးတယ်။ ဒါပေမဲ့ စွမ်းအားတော်ကနေ အကျိုးအပြည့်အဝ ရဖို့ အစည်းအဝေးတွေအတွက် ကြိုတင်ပြင်ဆင်ပြီး ပါဝင်ရမယ်။ ဒါက ရွက်ကို အစွမ်းကုန် ဖွင့်တာနဲ့ တူတယ်။
၁၅။ သန့်ရှင်းသော စွမ်းအားတော်က ဟောပြောခြင်းလုပ်ငန်းမှာ ဘယ်လို ကူညီပေးသလဲ။
၁၅ တတိယ၊ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ပါ။ ဟောပြောခြင်းနဲ့ သွန်သင်ခြင်းလုပ်ငန်းမှာ ကျမ်းစာသုံးတဲ့အခါ စွမ်းအားတော် အကူအညီကို လက်ခံရာရောက်တယ်။ (ရော. ၁၅:၁၈၊ ၁၉) ဒါပေမဲ့ စွမ်းအားတော်ကနေ အကျိုးအပြည့်အဝ ရဖို့ ဟောပြောခြင်းလုပ်ငန်းမှာ မှန်မှန် ပါဝင်ရမယ်။ ဖြစ်နိုင်တဲ့အခါတိုင်း ကျမ်းစာ သုံးရမယ်။ အမှုဆောင်လုပ်ငန်းကို ပိုအဓိပ္ပာယ်ရှိစေနိုင်တဲ့ နည်းတစ်နည်းကတော့ အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင်ထဲက နမူနာ တင်ဆက်နည်းတွေကို အသုံးပြုခြင်းပါပဲ။
၁၆။ သန့်ရှင်းသော စွမ်းအားတော် ရနိုင်တဲ့ တိုက်ရိုက်နည်းက ဘာလဲ။
၁၆ စတုတ္ထ၊ ယေဟောဝါဆီ ဆုတောင်းပါ။ (မ. ၇:၇-၁၁။ လု. ၁၁:၁၃) သန့်ရှင်းသော စွမ်းအားတော် ရနိုင်တဲ့ တိုက်ရိုက်နည်းကတော့ ယေဟောဝါဆီ ဆုတောင်းခြင်း ဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေ ယေဟောဝါဆီ မရောက်အောင်၊ စွမ်းအားတော် ဆုကျေးဇူး ကျွန်တော်တို့ဆီ မရောက်အောင် ထောင်နံရံဖြစ်စေ၊ စာတန်ဖြစ်စေ ဘာကမှ မတားဆီးနိုင်ဘူး။ (ယာ. ၁:၁၇) စွမ်းအားတော်ကနေ အကျိုးအပြည့်အဝ ရဖို့ ဘယ်လို ဆုတောင်းသင့်သလဲ။ လုကာခရစ်ဝင်ကျမ်းမှာပဲပါတဲ့ ပုံဥပမာကနေ ဆုတောင်းခြင်းအကြောင်း သင်ယူကြစို့။ *
စွဲစွဲမြဲမြဲ ဆုတောင်းပါ
၁၇။ လုကာ ၁၁:၅-၉၊ ၁၃ မှာပါတဲ့ ယေရှုရဲ့ ပုံဥပမာကနေ ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး ဘာသင်ခန်းစာ ရသလဲ။
၁၇ လုကာ ၁၁:၅-၉၊ ၁၃ ကိုဖတ်ပါ။ ယေရှုရဲ့ ပုံဥပမာက သန့်ရှင်းသော စွမ်းအားတော် ရဖို့ ဘယ်လို ဆုတောင်းသင့်ကြောင်း ဖော်ပြတယ်။ ပုံဥပမာမှာပါတဲ့လူက “ဇွဲမလျှော့ဘဲ တောင်း” တဲ့အတွက် လိုချင်တာ ရခဲ့တယ်။ ညသန်းခေါင် ဖြစ်ပေမဲ့ မိတ်ဆွေဆီ အကူအညီတောင်းဖို့ မတွန့်ဆုတ်ဘူး။ (mwb18 ဇူလိုင် စာမျက်နှာ ၄ ကိုကြည့်ပါ။) ယေရှုက ဒီပုံဥပမာကို ဆုတောင်းခြင်းနဲ့ ဘယ်လို ဆက်စပ်ခဲ့သလဲ။ “တောင်းမြဲတောင်းပါ၊ ရလိမ့်မယ်။ ရှာမြဲရှာပါ၊ တွေ့လိမ့်မယ်။ ခေါက်မြဲခေါက်ပါ၊ တံခါးပွင့်လာလိမ့်မယ်” လို့ ယေရှု ပြောတယ်။ ဘာသင်ခန်းစာ ရသလဲ။ စွမ်းအားတော် အကူအညီရဖို့ စွဲစွဲမြဲမြဲ ဆုတောင်းရမယ်။
၁၈။ ယေရှုရဲ့ ပုံဥပမာအရ သန့်ရှင်းသော စွမ်းအားတော်ကို ယေဟောဝါ ပေးမယ်လို့ ဘာကြောင့် စိတ်ချနိုင်သလဲ။
၁၈ ယေရှုရဲ့ ပုံဥပမာက ယေဟောဝါ ဘာကြောင့် သန့်ရှင်းသော စွမ်းအားတော် ပေးကြောင်းလည်း နားလည်စေတယ်။ ပုံဥပမာမှာပါတဲ့ လူဟာ အိမ်ရှင်ကောင်း ဖြစ်ချင်တယ်။ ညဉ့်နက်မှာ လာတဲ့ ဧည့်သည်ကို ဧည့်ခံချင်ပေမဲ့ ကျွေးစရာ ဘာမှ မရှိဘူး။ ဒါပေမဲ့ ဇွဲမလျှော့ဘဲ တောင်းတဲ့အတွက် အိမ်နီးချင်းက မုန့်ကို ထပေးတယ်။ ယေရှု ဘာကို ဆိုလိုတာလဲ။ မစုံလင်တဲ့ လူသားတောင် ဇွဲမလျှော့ဘဲ တောင်းတဲ့သူကို ကူညီပေးတယ်ဆိုရင် ကြင်နာတတ်တဲ့ ကောင်းကင်ဖခင်က စွမ်းအားတော် ရဖို့ ဇွဲမလျှော့ဘဲ တောင်းတဲ့သူကို ပိုလို့တောင် ပေးမှာ ဖြစ်တယ်။ ဒါကြောင့် စွမ်းအားတော်ကို ယေဟောဝါ ပေးမယ်ဆိုတဲ့ ယုံကြည်စိတ်ချမှုနဲ့ ဆုတောင်းနိုင်ပါတယ်။—ဆာ. ၁၀:၁၇။ ၆၆:၁၉။
၁၉။ ကျွန်တော်တို့ ရှုံးနိမ့်မှာ မဟုတ်ဘူးလို့ ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။
၁၉ ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ စာတန် ဘယ်လောက်ပဲ ကြိုးစားပါစေ ကျွန်တော်တို့ ရှုံးနိမ့်မှာ မဟုတ်ဘူး။ စွမ်းအားတော်က ကျွန်တော်တို့ကို နည်းနှစ်နည်းနဲ့ ကူညီနေလို့ပဲ။ ပထမ၊ စွမ်းအားတော်က အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ လိုအပ်တဲ့ ခွန်အားကို ပေးတယ်။ ဒုတိယ၊ ကမ္ဘာသစ်မှာ အသက်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ယေဟောဝါရဲ့ အမှုတော်မှာ ရှေ့ဆက်နိုင်ဖို့ တွန်းအားပေးတယ်။ ဒါကြောင့် စွမ်းအားတော်ကနေ အကျိုးအပြည့်အဝ ရယူဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။
သီချင်း ၄၁ ဆုတောင်းသံကို နားထောင်ပေးပါ
^ အပိုဒ်၊ 5 ဘုရားသခင့် သန့်ရှင်းသော စွမ်းအားတော်က ခံနိုင်ရည် ရှိဖို့ ဘယ်လို ကူညီပေးနိုင်ကြောင်း၊ စွမ်းအားတော်ကနေ အကျိုးအပြည့်အဝရဖို့ ဘာလုပ်နိုင်ကြောင်းတို့ကို ဒီဆောင်းပါးမှာ ဆွေးနွေးသွား ပါမယ်။
^ အပိုဒ်၊ 59 ပုံအညွှန်း– အချက် ၁– ညီအစ်ကိုနဲ့ ညီအစ်မဟာ နိုင်ငံတော်ခန်းမမှာ ယုံကြည်သူချင်းတွေနဲ့အတူ စည်းဝေးခြင်းအားဖြင့် ယေဟောဝါရဲ့ စွမ်းအားတော် ရှိတဲ့နေရာကို ရောက်နေကြတယ်။ အချက် ၂– အစည်းအဝေးမှာ ပါဝင်ဖို့ သူတို့ ပြင်ဆင်လာကြတယ်။ ဒီဆောင်းပါးမှာ လေ့လာခဲ့တဲ့ ကျမ်းစာ လေ့လာခြင်း၊ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ခြင်း၊ ယေဟောဝါဆီ ဆုတောင်းခြင်းတွေကလည်း အထက်ပါ အချက်နှစ်ချက်နဲ့ အတူတူပဲ။