မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၄၆

ယေဟောဝါဟာ ကူညီမစရှင် ဖြစ်လို့ သတ္တိရှိပါ

ယေဟောဝါဟာ ကူညီမစရှင် ဖြစ်လို့ သတ္တိရှိပါ

“မင်းတို့ကို ငါ ဘယ်တော့မှ ပစ်ထား​မှာ မဟုတ်ဘူး။ ဘယ်တော့မှ စွန့်ခွာ​မှာ မဟုတ်ဘူး။”—ဟီ. ၁၃:၅

သီချင်း ၅၅ သူတို့ကို မကြောက်​နဲ့

အကြို​သုံးသပ်ချက် *

၁။ ပြဿနာ​တွေ​နဲ့ တစ်ကိုယ်တည်း လုံးပန်း​နေရ​ချိန်မှာ ဘာက နှစ်သိမ့်မှု ဖြစ်စေ​မလဲ။ (ဆာလံ ၁၁၈:၅-၇)

ကူညီ​မယ့်​သူ မရှိဘဲ တစ်ကိုယ်တည်း ဖြစ်​နေတယ်လို့ ခံစား​ဖူး​သလား။ ယေဟောဝါ​ရဲ့ သစ္စာရှိ ကျေးကျွန်​တွေ အပါအဝင် လူများစွာ အဲဒီလို ခံစား​ဖူး​ကြတယ်။ (၁ ဘု. ၁၉:၁၄) အဲဒီလို ခံစား​နေ​ရတယ်​ဆိုရင် “မင်းတို့ကို ငါ ဘယ်တော့မှ ပစ်ထား​မှာ မဟုတ်ဘူး။ ဘယ်တော့မှ စွန့်ခွာ​မှာ မဟုတ်ဘူး” ဆိုတဲ့ ယေဟောဝါ​ရဲ့ ကတိ​ကို သတိရပါ။ “ယေဟောဝါ​ဟာ ကူညီ​မစ​ရှင် ဖြစ်​တဲ့​အတွက် ငါ ဘာကိုမှ မကြောက်​ဘူး။ လူက ငါ့ကို ဘာလုပ်​နိုင်​မှာ​လဲ” လို့ ယုံကြည်​စိတ်ချ​စွာ ပြော​နိုင်​ပါ​တယ်။ (ဟီ. ၁၃:၅၊ ၆) အေဒီ ၆၁ လောက်​မှာ ယုဒပြည်​က ခရစ်ယာန်​တွေ​ဆီ တမန်​တော် ပေါလု ရေးခဲ့တဲ့ အဲဒီ​စကား​တွေ​က ဆာလံ ၁၁၈:၅-၇ မှာပါတဲ့ စကား​တွေ​ကို အမှတ်​ရစေတယ်။—ဖတ်ပါ။

၂။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​မလဲ။ ဘာကြောင့်လဲ။

ယေဟောဝါ​ဟာ ကူညီ​မစ​ရှင် ဖြစ်​ကြောင်း ဆာလံဆရာ​လို​ပဲ ပေါလု ကိုယ်တွေ့ ကြုံ​ခဲ့​တယ်။ ဥပမာ၊ ဟီဘရူး ခရစ်ယာန်​တွေ​ဆီ စာ​မရေး​ခင် နှစ်နှစ်​ကျော်​လောက်​က မုန်တိုင်းထန်​တဲ့ ပင်လယ်​မှာ ခရီး​ကြမ်း နှင်ခဲ့​ရတယ်။ (တ. ၂၇:၄၊ ၁၅၊ ၂၀) ခရီးစဉ်​တစ်လျှောက်​ကော မတိုင်ခင်​မှာ​ပါ ပေါလု​ကို နည်း​အမျိုးမျိုးနဲ့ ယေဟောဝါ ကူညီ​ထောက်မ​တယ်။ အဲဒီ​ထဲ​က သုံးနည်း​ကို ဆွေးနွေး​ကြ​ပါ​မယ်။ ယေဟောဝါ​က ယေရှုနဲ့ ကောင်းကင်တမန်​တွေ​က​တစ်ဆင့်၊ အာဏာ​ရှိ​သူတွေက​တစ်ဆင့်၊ ယုံကြည်သူချင်းတွေ​က​တစ်ဆင့် ကူညီ​ပေးတယ်။ ပေါလု​ရဲ့ ဘဝမှာ ကြုံ​ခဲ့​ရတာတွေကို ပြန်​သုံးသပ်ခြင်းက ကျွန်တော်​တို့ အကူအညီ​တောင်း​တဲ့​အခါ ဖြေကြား​ပေးမယ်​ဆို​တဲ့ ဘုရား​ကတိ​ကို ပို​ယုံကြည်​စိတ်ချ​စေတယ်။

ယေရှုနဲ့ ကောင်းကင်တမန်​တွေ​ဆီက အကူအညီ

၃။ ပေါလု ဘယ်လို တွေးမိ​နိုင်​သလဲ။ ဘာကြောင့်လဲ။

ပေါလု အကူအညီ လိုအပ်​နေတယ်။ အေဒီ ၅၆ လောက်​မှာ လူအုပ်​က ပေါလု​ကို ဂျေရုဆလင် ဗိမာန်တော်​ကနေ အပြင်​ဆွဲထုတ်​ပြီး သတ်​ဖို့ ကြိုးစား​တယ်။ နောက်​တစ်နေ့၊ ဂျူး​တရားရုံး​ချုပ်​ရှေ့ ရောက်တဲ့အခါ ရန်သူတွေ တစ်စစီ ဆွဲဖြတ်​ခါနီး​ပဲ။ (တ. ၂၁:၃၀-၃၂။ ၂၂:၃၀။ ၂၃:၆-၁၀) ‘ဘယ်လောက်​ကြာကြာ ဒီလို ခံ​နေရ​ဦး​မှာ​လဲ’ လို့ ပေါလု တွေးမိ​မှာပဲ။

၄။ ယေရှု​က​တစ်ဆင့် ပေါလု​ကို ယေဟောဝါ ဘယ်လို ကူညီ​ပေးသလဲ။

ပေါလု ဘယ်​အကူအညီ ရခဲ့​သလဲ။ ပေါလု အဖမ်း​ခံရ​ပြီး​နောက် ည​မှာ “သခင်” ယေရှု​က အနားမှာ လာ​ရပ်​ပြီး “သတ္တိ​ရှိပါ။ ဂျေရုဆလင်​မြို့မှာ ငါ့​အကြောင်း စေ့စေ့စပ်စပ် သက်သေခံ​ခဲ့​သလို ရောမမြို့​မှာလည်း မင်း သက်သေခံ​ရဦးမယ်” လို့ ပြော​တယ်။ (တ. ၂၃:၁၁) အချိန်ကိုက် အားပေးမှု​ပါ​ပဲ။ ဂျေရုဆလင်​မြို့မှာ ပေါလု သက်သေခံ​ခဲ့​တာ​ကို ယေရှု ချီးမွမ်း​တယ်။ ရောမ​မြို့ကို ဘေးကင်း​စွာ ရောက်​ပြီး ထပ်​သက်သေခံ​ရဦးမယ်​လို့​လည်း ကတိပေး​တယ်။ အဲဒီ​ကတိ​စကား ကြား​တဲ့​အခါ အဖေ့​ရင်ခွင်​ထဲ​က ကလေး​လို ပေါလု လုံခြုံမှု ခံစား​ခဲ့​ရမှာပဲ။

ပင်လယ်​မှာ မုန်တိုင်းထန်​နေချိန် သင်္ဘော​ပေါ်​က ယောက်​တိုင်း အသက်​လွတ်​မယ်​ဆိုပြီး ပေါလု​ကို ကောင်းကင်တမန် ကတိပေး​နေ (စာပိုဒ် ၅ ကိုကြည့်ပါ)

၅။ ကောင်းကင်တမန်​က​တစ်ဆင့် ပေါလု​ကို ယေဟောဝါ ဘယ်လို ကူညီ​သလဲ။ (မျက်နှာဖုံး​ပုံ​ကို ကြည့်​ပါ။)

တခြား ဘယ်​အခက်အခဲ​တွေ ပေါလု ကြုံ​ရသလဲ။ ဂျေရုဆလင်​က အဲဒီ​အဖြစ်အပျက်​တွေ​ပြီး​နောက် နှစ်နှစ်လောက်​မှာ အီတလီ​ကို သင်္ဘော​နဲ့ သွား​နေတုန်း မုန်တိုင်းမိ​တယ်။ သင်္ဘောသားတွေ၊ ခရီးသည်​တွေ​က သေ​တော့​မယ်​လို့ ထင်​နေကြ​တယ်။ ပေါလု​က​တော့ မကြောက်​ဘူး။ ဘာကြောင့်လဲ။ “ကျွန်တော် ဝတ်ပြုတဲ့ ဘုရားသခင်​ရဲ့ ကောင်းကင်တမန်​တစ်ပါး​က ည​တုန်း​က ကျွန်တော့်​အနားမှာ ပေါ်လာ​ပြီး ‘ပေါလု၊ မကြောက်ပါနဲ့။ ဆီဇာ ရှေ့မှောက်​ကို မင်း ရောက်​ရလိမ့်မယ်။ ဘုရားသခင်​က မင်းနဲ့​အတူပါ​လာတဲ့ လူအားလုံးကို အသက်ချမ်းသာ ပေးမှာ​ပါ’ လို့ ပြော​တယ်” ဆိုပြီး သင်္ဘော​ပေါ်​က လူတွေကို ပေါလု ပြော​တယ်။ အစောပိုင်း​တုန်း​က ယေရှု​က​တစ်ဆင့် ပေးခဲ့​တဲ့ ကတိ​ကို အခု ကောင်းကင်တမန်​က​တစ်ဆင့် ယေဟောဝါ ပြန်​ပြော​နေတာ။ ပေါလု တကယ်ပဲ ရောမ​မြို့ကို ရောက်​လာတယ်။—တ. ၂၇:၂၀-၂၅။ ၂၈:၁၆

၆။ ယေရှုရဲ့ ဘယ်ကတိ​က အားရှိစေ​သလဲ။ ဘာကြောင့်လဲ။

ကျွန်တော်​တို့ ဘယ်​အကူအညီ ရ​နေသလဲ။ ပေါလု​ကို ကူညီ​ခဲ့​သလို ကျွန်တော်​တို့ကို​လည်း ယေရှု ကူညီ​ပေးပါ​လိမ့်မယ်။ ဥပမာ၊ “လောက​စနစ် နိဂုံးပိုင်း​အထိ ခင်ဗျား​တို့​နဲ့​အတူ ကျွန်တော် အမြဲ ရှိနေမယ်” လို့ နောက်လိုက်​အားလုံး​ကို ယေရှု ကတိပေး​တယ်။ (မ. ၂၈:၂၀) ယေရှုရဲ့ စကား​က အားရှိစရာ​ပါ​ပဲ။ ဘာကြောင့်လဲ။ ကျွန်တော်​တို့အားလုံး အခက်အခဲ​တွေ ကြုံနေ​ရလို့ပဲ။ ဥပမာ၊ ချစ်ရသူ​တစ်ယောက် သေဆုံး​တဲ့​အခါ တစ်ရက်​နှစ်ရက်​လောက် မဟုတ်ဘဲ နှစ်ပေါင်း​များစွာ ဝမ်းနည်းပူဆွေး​ကြရတယ်။ တချို့က အသက်အရွယ် အိုမင်း​မှု​ကြောင့် စိတ်ဓာတ်ကျ​နေကြ​တယ်။ တချို့​ကျ​တော့ စိတ်ကျ​ဝေဒနာ ခံစား​နေ​ရတယ်။ ဒါတောင် အခက်ခဲဆုံး နေ့တွေမှာ သာမက ဘဝ​တစ်လျှောက်​လုံး ကျွန်တော်​တို့​နဲ့​အတူ ယေရှု “အမြဲ ရှိနေ” မယ်​ဆိုတာ သိထားလို့ ကြံ့ကြံ့ခံ ရပ်တည်​နေကြ​တယ်။—မ. ၁၁:၂၈-၃၀

ဟောပြောခြင်း​လုပ်ငန်းမှာ ကျွန်တော်​တို့ကို ကောင်းကင်တမန်​တွေ လမ်းညွှန်​ထောက်မ​နေ (စာပိုဒ် ၇ ကိုကြည့်ပါ)

၇။ ဗျာဒိတ် ၁၄:၆ အရ ဒီနေ့ ကျွန်တော်​တို့ကို ယေဟောဝါ ဘယ်လို ကူညီ​နေသလဲ။

ကောင်းကင်တမန်​တွေ​က​တစ်ဆင့် ယေဟောဝါ ကူညီ​ပေးမယ်​လို့ ကျမ်းစာ​မှာ ကတိပေး​ထား​တယ်။ (ဟီ. ၁:၇၊ ၁၄) ဥပမာ၊ “လူမျိုး၊ လူမျိုးနွယ်၊ ဘာသာ​စကား​အမျိုးမျိုး ပြော​တဲ့​လူတွေ” ကို “နိုင်ငံတော် သတင်းကောင်း” ဟော​ဖို့ ကောင်းကင်တမန်​တွေ လမ်းညွှန်​ထောက်မ​နေတယ်။—မ. ၂၄:၁၃၊ ၁၄။ ဗျာဒိတ် ၁၄:၆ ကို​ဖတ်ပါ။

အာဏာ​ရှိသူတွေ​ဆီက အကူအညီ

၈။ တပ်မှူး​တစ်ယောက်​က​တစ်ဆင့် ပေါလု​ကို ယေဟောဝါ ဘယ်လို ကူညီ​ပေးသလဲ။

ပေါလု ဘယ်​အကူအညီ ရခဲ့​သလဲ။ ရောမ​မြို့ကို ပေါလု ရောက်မယ်​လို့ အေဒီ ၅၆ တုန်း​က ယေရှု ကတိပေး​တယ်။ ဒါပေမဲ့ ဂျေရုဆလင်​မှာ ဂျူး​တချို့ ပေါလု​ကို ချောင်းမြောင်း​လုပ်ကြံ​ဖို့ ကြံစည်​နေကြ​တယ်။ အဲဒီ​အကြောင်း ရောမ​တပ်မှူး ကလောဒိ​လုသိ ကြား​တဲ့​အခါ ပေါလု​ကို ကယ်​ခဲ့​တယ်။ ဂျေရုဆလင်​မြို့ကနေ ၆၅ မိုင်​လောက် ဝေးတဲ့ ကဲသရိ​မြို့ကို စစ်တပ် ခြံရံ​ပြီး ချက်ချင်း ပို့ပေး​တယ်။ ကဲသရိ​မြို့မှာ ဘုရင်ခံ ဖေလဇ်​က ပေါလု​ကို “ဟေရုဒ်​မင်းရဲ့ နန်းတော်မှာ အစောင့်အကြပ်​နဲ့ ထား​ဖို့” အမိန့်ချ​လိုက်တယ်။ ဒါ​ကြောင့် သတ်ချင်​နေ​သူတွေရဲ့ လက်ကနေ ပေါလု လွတ်​သွားတယ်။—တ. ၂၃:၁၂-၃၅

၉။ ပေါလု​ကို ဘုရင်ခံ ဖေတ္တု ဘယ်လို ကူညီ​ပေးသလဲ။

နှစ်နှစ်​ကြာပြီးနောက် အေဒီ ၅၈ မှာ ပေါလု ကဲသရိ​မြို့မှာ အကျဉ်း​ကျနေ​တုန်း​ပဲ။ ဖေလဇ်​မင်းရဲ့ အရိုက်အရာကို ဖေတ္တု ဆက်ခံ​ထား​တယ်။ ပေါလု​ကို အမှု​စစ်​ဖို့ ဂျေရုဆလင်​မြို့ကို ပို့ပေး​ပါ​ဆိုပြီး ဂျူး​တွေ အသနားခံ​ကြ​တော့ ဖေတ္တု ငြင်း​လိုက်တယ်။ “လမ်းခုလတ်​မှာ ချောင်းမြောင်း​လုပ်ကြံ​ဖို့ စီစဉ်​ထား” တာ သိလို့ ဖြစ်​နိုင်တယ်။—တ. ၂၄:၂၇–၂၅:၅

၁၀။ ဆီဇာ​ဆီ​မှာ အယူခံဝင်​ဖို့ ပေါလု အသနားခံတာကို ဘုရင်ခံ ဖေတ္တု ဘယ်လို တုံ့ပြန်​သလဲ။

၁၀ နောက်ပိုင်း ပေါလု​ရဲ့ အမှုကို ကဲသရိ​မြို့မှာ စစ်​တယ်။ ဖေတ္တု​က “ဂျူး​တွေ​ရှေ့ မျက်နှာ​ရ​ချင်​တဲ့​အတွက်” ပေါလု​ကို “ဒီ​အမှု​အတွက် ဂျေရုဆလင်​မြို့ကို သွားပြီး အစစ်ဆေး​ခံ​ချင်​သလား” လို့ မေးတယ်။ ဂျေရုဆလင်​မှာ အသတ်ခံရ​နိုင်​မှန်း ပေါလု သိတယ်။ အဲဒီအပြင် အသက်​လွတ်ဖို့၊ ရောမ​မြို့ကို ရောက်​ပြီး ဆက်​အမှုဆောင်ဖို့ ဘာလုပ်​ရမယ်​ဆိုတာ​လည်း သိတယ်။ ဒါ​ကြောင့် “ဆီဇာ​ဆီ​မှာ ကျွန်တော် အယူခံဝင်​မယ်” လို့ ပြော​တယ်။ ဖေတ္တု​က အတိုင်ပင်ခံ​တွေ​နဲ့ ဆွေးနွေး​ပြီး “မင်း ဆီဇာ​ဆီ​မှာ အယူခံဝင်​လိုက်ပြီ​ဆိုတော့ ဆီဇာ​ဆီ​ကိုပဲ သွားရမယ်” လို့ ပြော​တယ်။ ဖေတ္တု​ရဲ့ စီရင်ချက်​ကြောင့် ရန်သူတွေ​လက်ကနေ လွတ်​ပြီး သူတို့နဲ့ အလှမ်းဝေး​ရာ ရောမ​မြို့ကို ပေါလု မကြာခင် ရောက်သွား​တော့​မယ်။—တ. ၂၅:၆-၁၂

၁၁။ ဟေရှာယရဲ့ အားရှိစရာ ဘယ်​စကား​တွေ​ကို ပေါလု ပြန်တွေး​မိ​နိုင်​သလဲ။

၁၁ အီတလီ​ကို သွားဖို့ ပေါလု စောင့်နေ​တုန်း ပရောဖက် ဟေရှာယရဲ့ သတိပေး​ချက်​ကို ပြန်တွေး​မိ​နိုင်တယ်။ “စစ်ဗျူဟာ ခင်း​ကြ။ ဒါပေမဲ့ အဲဒီ​စစ်ဗျူဟာ ပျက်​လိမ့်မယ်။ ကြိုက်​သလို စီစဉ်​ကြ။ ဒါပေမဲ့ အဲဒီ​အစီအစဉ် အောင်မြင်​မှာ မဟုတ်ဘူး။ ငါ​တို့​နဲ့​အတူ ဘုရားသခင် ရှိတယ်” လို့ ဆန့်ကျင်သူ​တွေ​ကို ပြော​ဖို့ ဟေရှာယ​ကို ယေဟောဝါ ညွှန်ကြား​တယ်။ (ဟေရှာ. ၈:၁၀) ဘုရား ကူညီ​မယ်​ဆိုတာ ပေါလု သိတဲ့​အတွက် ရှေ့မှာ ကြုံ​ရမယ့် အခက်အခဲတွေကို ရင်ဆိုင်ဖို့ အားရှိ​နေခဲ့တယ်။

အရင်ကလို​ပဲ ဒီနေ့မှာလည်း ကျေးကျွန်​တွေ​ကို ကာကွယ်​ဖို့ အာဏာ​ရှိသူတွေကို ယေဟောဝါ လှုံ့ဆော်ပေး​နိုင် (စာပိုဒ် ၁၂ ကိုကြည့်ပါ)

၁၂။ ပေါလု​ကို ယုလိ ဘယ်လို ဆက်ဆံ​သလဲ။ ပေါလု ဘာကို သိခဲ့​မလဲ။

၁၂ အေဒီ ၅၈ မှာ အီတလီ​ကို ပေါလု သင်္ဘော​နဲ့ စ​ထွက်​လာတယ်။ အကျဉ်းသား ဖြစ်​တဲ့​အတွက် ရောမ တပ်စုမှူး ယုလိ လက်အောက်​မှာ နေ​ရတယ်။ ဒါ​ကြောင့် ယုလိ လက်ခုပ်​ထဲ​က ရေ ဖြစ်သွား​ပြီ။ အခွင့်အာဏာကို ယုလိ ဘယ်လို အသုံးပြု​သလဲ။ နောက်​တစ်နေ့ ကမ်း​ကပ်​တဲ့​အခါ “ယု​လိ​က ပေါလု​ကို စေတနာ​ထားပြီး မိတ်ဆွေ​တွေ​ဆီ သွားခွင့်​ပေးတယ်။” နောက်ပိုင်း ပေါလု​ရဲ့ အသက်ကိုတောင် ကယ်တင်​ခဲ့​တယ်။ ဘယ်လို​နည်းနဲ့လဲ။ သင်္ဘော​ပျက်​တဲ့​အခါ အကျဉ်းသားတွေ ထွက်ပြေး​မှာ​စိုးလို့ သတ်ပစ်ဖို့ စစ်သည်​တွေ ဆုံးဖြတ်​ပေမဲ့ ယုလိ တားဆီး​ခဲ့​တယ်။ “ပေါလု​ကို အသက်ဘေး​က လွတ်​စေ​ချင်” လို့​ပဲ။ မိမိကို ကူညီ​ဖို့ သဘောကောင်း​တဲ့ တပ်စုမှူး​ကို ယေဟောဝါ အသုံးပြု​နေမှန်း ပေါလု သိခဲ့မှာပဲ။—တ. ၂၇:၁-၃၊ ၄၂-၄၄

စာပိုဒ် ၁၃ ကိုကြည့်ပါ

၁၃။ အာဏာ​ရှိသူတွေကို ယေဟောဝါ ဘယ်လို သုံးနိုင်​သလဲ။

၁၃ ကျွန်တော်​တို့ ဘယ်​အကူအညီ ရ​နေသလဲ။ ယေဟောဝါ​က သန့်ရှင်းသော စွမ်းအားတော်​ကို သုံးပြီး အာဏာ​ရှိသူတွေကို မိမိ အလိုရှိတဲ့​အတိုင်း လုပ်​စေနိုင်​တယ်။ “ရှင်ဘုရင်ရဲ့ စိတ်နှလုံး​ဟာ ယေဟောဝါ​ရဲ့ လက်ထဲမှာ​ရှိတဲ့ မြစ်ချောင်း​တွေ​နဲ့ တူတယ်။ ဘုရား​က အလိုရှိတဲ့​ဘက်​ကို စီးဆင်း​စေတယ်” လို့ ဘုရင် ရှောလမုန် ရေးတယ်။ (ပညာ. ၂၁:၁) ဘာကို ဆိုလို​သလဲ။ လူတွေက ကိုယ်​စီး​စေ​ချင်​တဲ့​ဘက်​ကို ရေ​စီး​စေဖို့ မြောင်း​ဖောက်​နိုင်တယ်။ အဲဒီလိုပဲ ယေဟောဝါ​လည်း စွမ်းအားတော်​ကို သုံးပြီး အာဏာရှင်​တွေ​ရဲ့ စဉ်းစား​ပုံ​ကို မိမိ အလိုတော်​နဲ့ ကိုက်ညီ​စေနိုင်​တယ်။ ဒီ​နည်း​အားဖြင့် ဘုရား​လူမျိုး​ကို အကျိုးပြုမယ့် ဆုံးဖြတ်ချက်​တွေ ချဖို့ သူတို့ လှုံ့ဆော်​ခံရ​တယ်။—ဧဇရ ၇:၂၁၊ ၂၅၊ ၂၆ နဲ့ နှိုင်းယှဉ်ပါ။

၁၄။ တမန်​တော် ၁၂:၅ အရ ဘယ်သူတွေ​အတွက် ဆုတောင်းပေး​နိုင်​သလဲ။

၁၄ ကျွန်တော်​တို့ ဘာလုပ်​နိုင်​သလဲ။ ခရစ်ယာန် အသက်တာနဲ့ အမှုဆောင်​လုပ်ငန်း​အပေါ် အကျိုး​သက်ရောက်​မယ့် ဆုံးဖြတ်ချက်​တွေ​ကို “ရှင်ဘုရင်​တွေ၊ အထက်​အာဏာပိုင်တွေ” ချ​တော့​မယ့်​အခါမျိုးမှာ သူတို့​အတွက် ဆုတောင်းပေး​နိုင်တယ်။ (၁ တိ. ၂:၁၊ ၂။ နေ. ၁:၁၁) အကျဉ်း​ကျနေ​တဲ့ ညီအစ်ကို/မ​တွေ​အတွက် ပထမ​ရာစု ခရစ်ယာန်​တွေ​လို​ပဲ စိတ်အား​ထက်သန်​စွာ ဆုတောင်းပေး​နိုင်တယ်။ (တမန်​တော် ၁၂:၅ ကို​ဖတ်ပါ။ ဟီ. ၁၃:၃) ညီအစ်ကို/မ​တွေ​ကို ကြီးကြပ်​နေတဲ့ ထောင်မှူး​တွေ​အတွက်​လည်း ဆုတောင်းပေး​နိုင်တယ်။ ယုလိ​လို စိတ်​ကောင်း​ဝင်ပြီး အကျဉ်း​ကျနေ​တဲ့ ညီအစ်ကို/မ​တွေ​ကို “စေတနာ​ထား” နိုင်အောင် သူတို့​စိတ်​ကို လှုံ့ဆော်ပေး​ဖို့ ဆုတောင်း​နိုင်တယ်။

ယုံကြည်သူချင်းတွေ​ဆီက အကူအညီ

၁၅-၁၆။ အာရိတ္တာခု​နဲ့ လုကာ​က​တစ်ဆင့် ပေါလု​ကို ယေဟောဝါ ဘယ်လို ကူညီ​ပေးသလဲ။

၁၅ ပေါလု ဘယ်​အကူအညီ ရခဲ့​သလဲ။ ရောမ​မြို့ကို သွားတဲ့ ခရီးစဉ်​အတွင်း ယုံကြည်သူချင်းတွေ​က​တစ်ဆင့် ပေါလု​ကို ယေဟောဝါ အကြိမ်ကြိမ် ကူညီ​ပေးတယ်။ ဥပမာ​တချို့ သုံးသပ်ကြည့်​ကြ​စို့။

၁၆ ပေါလု​ရဲ့ သစ္စာရှိ မိတ်ဆွေ နှစ်ယောက်​ဖြစ်​တဲ့ အာရိတ္တာခု​နဲ့ လုကာဟာ ပေါလု​နဲ့​အတူ ရောမ​မြို့ကို လိုက်သွားဖို့ ဆုံးဖြတ်​ကြတယ်။ * တကယ်တော့ ရောမ​မြို့ကို ဘေးကင်း​စွာ ရောက်မယ်​လို့ အာရိတ္တာခု​နဲ့ လုကာ​ကို ယေရှု ကတိပေး​ခဲ့​တာ မဟုတ်ဘူး။ ဒါတောင် ပေါလု​နဲ့​အတူ လိုလိုလားလား အသက်စွန့်​ဖို့ အသင့်ရှိ​ခဲ့​ကြတယ်။ သူတို့ ဘေးကင်း​မယ်​ဆိုတာ ရေကြောင်း​ခရီး​မှာ မုန်တိုင်းထန်​ချိန် ပေါလု ပြော​တော့​မှ သိခဲ့​ကြ​တာ။ ဒါ​ကြောင့် ကဲသရိ​မြို့ကို သွားမယ့် သင်္ဘော​ပေါ် အာရိတ္တာခု​နဲ့ လုကာ တက်လာ​တဲ့​အခါ ယေဟောဝါ​ဆီ ပေါလု ဆုတောင်း​ပြီး သတ္တိ​ရှိတဲ့ အဲဒီ​မိတ်ဆွေ နှစ်ယောက်​အတွက် ကျေးဇူး​တင်​ခဲ့​မှာပဲ။—တ. ၂၇:၁၊ ၂၊ ၂၀-၂၅

၁၇။ ယုံကြည်သူချင်းတွေ​က​တစ်ဆင့် ပေါလု​ကို ယေဟောဝါ ဘယ်လို ကူညီ​ပေးသလဲ။

၁၇ ပေါလု​ဟာ ခရီးစဉ်​အတွင်း ယုံကြည်သူချင်းတွေ​ဆီက အကူအညီကို အကြိမ်ကြိမ် ရရှိခဲ့တယ်။ ဥပမာ၊ ဆိုင်ဒုန်​မြို့မှာ သင်္ဘော​ဆိုက်​တော့ ယုလိ​က ပေါလု​ကို “မိတ်ဆွေ​တွေ​ဆီ သွားခွင့်​ပေး” တဲ့​အတွက် “မိတ်ဆွေ​တွေ​က ပေါလု​ကို ကူညီ​ခွင့်​ရ​ကြတယ်။” နောက်ပိုင်း၊ ပေါတယောလိ​မြို့မှာ “ညီအစ်ကို​တွေ​ကို တွေ့​တော့ ခုနစ်​ရက်​လောက် နေဖို့” ပေါလု​နဲ့ မိတ်ဆွေတွေကို “တောင်းပန်​ကြတယ်။” လိုအပ်ရာ​တွေ​ကို ကူညီ​ပေးတဲ့ အဲဒီ​ညီအစ်ကို​တွေ​ကို အားရှိစရာ တွေ့ကြုံမှု​တွေ ပေါလု ဝေမျှ​ခဲ့​မှာပဲ။ (တမန်​တော် ၁၅:၂၊ ၃ နဲ့ နှိုင်းယှဉ်ပါ။) အဲဒီ​လည်ပတ်မှု​ကနေ လန်းဆန်းမှု ရပြီး​နောက် ပေါလု​နဲ့ မိတ်ဆွေ​တွေ ခရီးဆက်​ခဲ့​ကြတယ်။—တ. ၂၇:၃။ ၂၈:၁၃၊ ၁၄

ပေါလု​လို​ပဲ ကျွန်တော်​တို့​လည်း ယေဟောဝါ​ဆီက အကူအညီကို ယုံကြည်သူချင်းတွေ​က​တစ်ဆင့် ရရှိ (စာပိုဒ် ၁၈ ကိုကြည့်ပါ)

၁၈။ ပေါလု ဘာကြောင့် ဘုရား​ကို ကျေးဇူး​တင်​ချီးမွမ်း​ပြီး အားတက်လာ​သလဲ။

၁၈ ရောမ​မြို့ကို သွား​နေတုန်း လွန်ခဲ့တဲ့ သုံးနှစ်​တုန်း​က ရောမ အသင်းတော်ကို “ခင်ဗျား​တို့​ဆီ လာ​ချင်​နေတာလည်း နှစ်​အတော်ကြာ ရှိနေပြီ” လို့ ရေးခဲ့တာ​ကို ပေါလု တွေး​နေမှာ​ပဲ။ (ရော. ၁၅:၂၃) အကျဉ်းသား​အနေ​နဲ့ ရောက်လာ​မယ်​လို့​တော့ မထင်ထား​ဘူး။ ရောမ​မြို့က ညီအစ်ကို​တွေ လမ်းခုလတ်​မှာ လာ​စောင့်​နေတာ တွေ့​တော့ ပေါလု သိပ်​အား​ရှိသွား​မှာပဲ။ “ပေါလု​က သူတို့ကို မြင်​တော့ ဘုရားသခင်​ကို ကျေးဇူး​တင်​ချီးမွမ်း​ပြီး အားတက်လာ​တယ်။” (တ. ၂၈:၁၅) ညီအစ်ကို​တွေ ရောက်လာ​ပေးလို့ ဘုရား​ကို ပေါလု ကျေးဇူး​တင်​ခဲ့​တယ်။ ဘာကြောင့်လဲ။ ယုံကြည်သူချင်းတွေ​က​တစ်ဆင့် ယေဟောဝါ ကူညီ​တာ​ကို ခံစားရ​ပြန်​လို့​ပဲ။

စာပိုဒ် ၁၉ ကိုကြည့်ပါ

၁၉။ ၁ ပေတရု ၄:၁၀ အရ လိုအပ်​နေသူတွေကို ကူညီ​ဖို့ ကျွန်တော်​တို့ကို ယေဟောဝါ ဘယ်လို သုံးနိုင်​သလဲ။

၁၉ ကျွန်တော်​တို့ ဘာလုပ်​နိုင်​သလဲ။ သင့်​အသင်းတော်မှာ ဖျားနာ​လို့၊ ချစ်ရသူ သေဆုံး​သွား​လို့၊ တခြား အခက်အခဲ​တွေ ရှိလို့ စိတ်ဓာတ်​ကျနေ​တဲ့ ညီအစ်ကို/မ​တွေ​ကို သိသလား။ သိမယ်​ဆိုရင် ကိုယ့်​ဘက်က ကြင်နာ​တဲ့၊ မေတ္တာ​ရှိတဲ့ အရာ​တစ်ခုခု ပြော​နိုင်၊ လုပ်နိုင်အောင် ကူညီ​ပေးဖို့ ယေဟောဝါ​ဆီ ဆုတောင်း​ပါ။ ကျွန်တော်​တို့​ရဲ့ စကား​နဲ့ လုပ်ရပ်ဟာ ညီအစ်ကို/မ​တွေ လိုအပ်​နေတဲ့ အားပေးမှု ဖြစ်​နိုင်တယ်။ (၁ ပေတရု ၄:၁၀ ကို​ဖတ်ပါ။) * ကျွန်တော်တို့ ကူညီ​ပေးလိုက်​သူတွေဟာ “မင်းတို့ကို ငါ ဘယ်တော့မှ ပစ်ထား​မှာ မဟုတ်ဘူး။ ဘယ်တော့မှ စွန့်ခွာ​မှာ မဟုတ်ဘူး” ဆို​တဲ့ ယေဟောဝါ​ရဲ့ ကတိ​ကို ပြန်​ယုံကြည်​စိတ်ချ​လာနိုင်တယ်။ အဲဒီလိုသာ ဖြစ်​မယ်​ဆိုရင် ဝမ်းသာစရာ​ပဲ မဟုတ်လား။

၂၀။ ‘ယေဟောဝါ​ဟာ ကူညီ​မစ​ရှင် ဖြစ်တယ်’ လို့ ဘာကြောင့် ပြော​နိုင်​သလဲ။

၂၀ ပေါလု​နဲ့ မိတ်ဆွေ​တွေ​လို​ပဲ ကျွန်တော်​တို့​လည်း ဘဝ​ခရီး​တစ်လျှောက် ကြမ်းတမ်း​တဲ့ ဒုက္ခ​မုန်တိုင်း​တွေ ကြုံ​ရနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါ အတူ​ရှိနေလို့ ကြောက်​ဖို့ မလိုပါဘူး။ ယေရှုနဲ့ ကောင်းကင်တမန်​တွေ​က​တစ်ဆင့် ယေဟောဝါ ကူညီ​ပေးတယ်။ ဘုရား​ရည်ရွယ်ချက်​နဲ့ ကိုက်ညီ​တဲ့ အခါမျိုးမှာ အာဏာ​ရှိ​သူတွေက​တစ်ဆင့်​လည်း ကူညီ​ပေးတယ်။ ကျွန်တော်​တို့ကို ကူညီ​ဖို့ ညီအစ်ကို/မ​တွေ​ရဲ့ စိတ်​ကို သန့်ရှင်းသော စွမ်းအားတော်​က​တစ်ဆင့် ယေဟောဝါ လှုံ့ဆော်ပေး​တယ်။ ဒါ​ကြောင့် “ယေဟောဝါ​ဟာ ကူညီ​မစ​ရှင် ဖြစ်​တဲ့​အတွက် ငါ ဘာကိုမှ မကြောက်​ဘူး။ လူက ငါ့ကို ဘာလုပ်​နိုင်​မှာ​လဲ” လို့ ပေါလု​လို​ပဲ ပြော​နိုင်​ကြ​ပါ​တယ်။—ဟီ. ၁၃:၆

သီချင်း ၃၈ ကိုယ်တော် သင်တို့ကို ခွန်အား​ရှိစေမယ်

^ အပိုဒ်၊ 5 အခက်အခဲ​တွေ ရင်ဆိုင်ဖို့ တမန်​တော် ပေါလု​ကို ယေဟောဝါ ကူညီ​ပေးတဲ့ နည်း​သုံးနည်း​ကို ဒီဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။ အရင်က ကျေးကျွန်​တွေ​ကို ယေဟောဝါ ကူညီ​ပေးပုံအကြောင်း ပြန်​သုံးသပ်​တာ​က ဒီနေ့လည်း ဘဝ​မုန်တိုင်းတွေကို ကျော်ဖြတ်​နိုင်​ဖို့ ကူညီ​ပေးမယ်​ဆိုတာ ယုံကြည်​စိတ်ချ​စေတယ်။

^ အပိုဒ်၊ 16 အာရိတ္တာခု​နဲ့ လုကာဟာ ပေါလု​နဲ့​အတူ ခရီး​သွား​ဖူး​တယ်။ ယုံကြည်​စိတ်ချ​ရတဲ့ ဒီ​အမျိုးသားတွေဟာ ရောမ​မြို့မှာ ပေါလု ထောင်ကျ​တော့​လည်း အတူ​ရှိနေ​ပေးကြတယ်။—တ. ၁၆:၁၀-၁၂။ ၂၀:၄။ ကော. ၄:၁၀၊ ၁၄

^ အပိုဒ်၊ 19 ၂၀၀၉၊ ဇန်နဝါရီ ၁၅ ကင်းမျှော်စင် စာ. ၁၃-၁၄၊ ပိုဒ်. ၅-၉ ကို ကြည့်​ပါ။