မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၄၈

“ရှေ့တည့်တည့်ကိုပဲ ကြည့်ပါ”

“ရှေ့တည့်တည့်ကိုပဲ ကြည့်ပါ”

“ရှေ့​တည့်တည့်​ကိုပဲ ကြည့်​ပါ။ ရှေ့​တည့်တည့်​ကိုပဲ စူးစိုက်​ကြည့်​ပါ။” —ပညာ. ၄:၂၅

သီချင်း ၇၇ မှောင်မိုက်​လောက​ထဲ​က အလင်း

အကြို​သုံးသပ်ချက် *

၁-၂။ ပညာအလိမ္မာ ၄:၂၅ မှာ ပါ​တဲ့ အကြံဉာဏ်​ကို ဘယ်လို လိုက်နာ​နိုင်​သလဲ။ ဥပမာ​ပေး​ပါ။

ဒီ​အခြေအနေ​တွေ​ကို မြင်ယောင်​ကြည့်​ပါ။ သက်ကြီး ခရစ်ယာန် ညီအစ်မ​တစ်ယောက် အရင်က ပျော်ရွှင်စရာ အချိန်တွေ​အကြောင်း တွေး​နေတယ်။ အခု​ချိန်မှာ ဘဝက ပို​ခက်​လာပေမဲ့ ယေဟောဝါ​အတွက် တတ်နိုင်​သလောက် ဆက်​အမှုဆောင်​နေတယ်။ (၁ ကော. ၁၅:၅၈) ကမ္ဘာသစ်​မှာ ချစ်ရ​သူတွေနဲ့​အတူ နေထိုင်​နေတယ်လို့ နေ့တိုင်း မြင်ယောင်​ကြည့်​တယ်။ နောက်​ညီအစ်မ​က ယုံကြည်သူချင်း တစ်ယောက်​ကြောင့် စိတ်ထိခိုက်​ခဲ့​ရတာကို မှတ်မိ​နေပေမဲ့ စိတ်​မနာကြည်း​ဖို့ ဆုံးဖြတ်​လိုက်တယ်။ (ကော. ၃:၁၃) ညီအစ်ကို​တစ်ယောက်​လည်း အတိတ်​က လုပ်ခဲ့တဲ့ အမှားတွေကို သတိရ​ပေမဲ့ အခု​ချိန်​ကစပြီး သစ္စာ​ရှိနေဖို့​ကိုပဲ အာရုံစိုက်​တယ်။—ဆာ. ၅၁:၁၀

ဒီ​ခရစ်ယာန် သုံးယောက်မှာ ဘာ​တူညီချက် ရှိသလဲ။ သူတို့​အားလုံး အတိတ်ကို သတိရ​ပေမဲ့ အတိတ်မှာ​ပဲ တဝဲ​လည်လည် ဖြစ်​မနေဘူး။ “ရှေ့​တည့်တည့်​ကိုပဲ ကြည့်” ကြတယ်။—ပညာအလိမ္မာ ၄:၂၅ ကို​ဖတ်ပါ။

၃။ “ရှေ့​တည့်တည့်​ကိုပဲ ကြည့်” ဖို့ ဘာကြောင့် အရေးကြီး​သလဲ။

“ရှေ့​တည့်တည့်​ကိုပဲ ကြည့်” ဖို့ ဘာကြောင့် အရေးကြီး​သလဲ။ နောက်ကို​ပဲ တစ်ချိန်​လုံး ကြည့်​နေမယ်​ဆိုရင် လမ်းကို ဖြောင့်​အောင် လျှောက်​နိုင်​မှာ မဟုတ်သလို အတိတ်ကို​ပဲ တစ်ချိန်​လုံး တွေး​နေမယ်​ဆိုရင် ယေဟောဝါ​ရဲ့ အမှုတော်မှာ ရှေ့ဆက်​နိုင်​တော့​မှာ မဟုတ်ဘူး။—လု. ၉:၆၂

၄။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​မလဲ။

အတိတ်မှာ​ပဲ တဝဲ​လည်လည် ဖြစ်စေ​နိုင်​တဲ့ ထောင်ချောက် သုံးခု​အကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။ * (၁) အတိတ်ကို တသသ ဖြစ်နေ​ခြင်း၊ (၂) စိတ်​နာကြည်း​နေခြင်း၊ (၃) အပြစ်​ရှိတယ်လို့ အလွန်အကျွံ ခံစား​နေရ​ခြင်း​တို့ ဖြစ်တယ်။ “နောက်​မှာ ချန်ရစ်​ခဲ့​တာတွေကို” မဟုတ်ဘဲ “ရှေ့မှာ ရှိတာတွေကို” အာရုံစိုက်​ဖို့ ကျမ်းစာ​မူတွေ​က ဘယ်လို ကူညီ​ပေး​နိုင်​ကြောင်း သိရ​ပါ​မယ်။—ဖိ. ၃:၁၃

အတိတ်ကို တသသ ဖြစ်နေ​ခြင်း ထောင်ချောက်

အနာဂတ်​ကို အာရုံမစိုက်​နိုင်အောင် ဘာတွေ​က အတားအဆီး ဖြစ်စေ​နိုင်​သလဲ (စာပိုဒ် ၅၊ ၉၊ ၁၃ ကိုကြည့်ပါ) *

၅။ ဒေသနာ ၇:၁၀ မှာ ဘယ်​ထောင်ချောက်​အကြောင်း သတိပေးထား​သလဲ။

ဒေသနာ ၇:၁၀ ကို​ဖတ်ပါ။ “အရင်​ခေတ်​က ကောင်း​လိုက်တာ” လို့ ပြော​တာ မှားတယ်​ဆိုပြီး ဒီ​ကျမ်းချက်က မပြောဘူး။ အမှတ်တရ​ကောင်း​တွေ​ဟာ ယေဟောဝါ​ဆီက လက်ဆောင်​ပါ။ “‘အရင်​ခေတ်​က အခုခေတ်​ထက် ပိုကောင်းတယ်’ လို့ မပြောပါနဲ့” ဆိုပြီး အဲဒီ​အခန်းငယ်​က ပြော​နေတာ။ တစ်နည်း​အားဖြင့် လက်ရှိ အခြေအနေ​ကို အရင် အခြေအနေ​နဲ့ နှိုင်းယှဉ်တာ၊ အခု​ချိန်မှာ ဘာ​မဆို ပိုဆိုး​လာတာ​ချည်း​ပဲ​လို့ တွေးတာ​ဟာ ထောင်ချောက်​ပဲ။

အီဂျစ်​ပြည်​ကနေ ထွက်​လာပြီး​နောက် အစ္စရေး​တွေ ဘာ​အမှား လုပ်သလဲ (စာပိုဒ် ၆ ကိုကြည့်ပါ)

၆။ လက်ရှိ​ထက် အတိတ်​က ပို​ကောင်းတယ်​လို့ တွေးတာ ဘာကြောင့် ပညာ​မဲ့​ရာ ရောက်​သလဲ။ ဥပမာ​ပေး​ပါ။

လက်ရှိ​ထက် အတိတ်​က ပို​ကောင်းတယ်​လို့ တွေးတာ ဘာကြောင့် ပညာ​မဲ့​ရာ ရောက်​သလဲ။ အတိတ်ကို တသသ ဖြစ်နေ​ခြင်း​က ကောင်း​တာတွေကို​ပဲ မှတ်မိ​နေ​စေပြီး ကြုံ​ခဲ့​ရတဲ့ အခက်အခဲတွေကို​တော့ မေ့သွား​စေတယ်။ ရှေး​အစ္စရေး​လူမျိုး​အကြောင်း သုံးသပ်ကြည့်​ပါ။ အီဂျစ်​ပြည်​ကနေ ထွက်​လာပြီး​နောက် ဘဝ ဘယ်လောက် ကြမ်း​ခဲ့​တယ်​ဆိုတာ ချက်ချင်း မေ့သွား​ပြီး အစားအသောက် ကောင်း​ခဲ့​တာ​ကိုပဲ မှတ်မိ​နေတယ်။ “အီဂျစ်​ပြည်​မှာ အလကား စား​ခဲ့​ရတဲ့ ငါး၊ သခွားသီး၊ ဖရဲသီး၊ ကြက်သွန်မြိတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ​တွေ​ကို သတိရ​လိုက်တာ” လို့ ပြော​ကြတယ်။ (တော. ၁၁:၅) တကယ်ပဲ “အလကား” စား​ခဲ့​ရတာ​လား။ မဟုတ်ပါဘူး။ ကျွန်​အဖြစ် မညှာမတာ ခိုင်းစေ​ခံရ​ပြီး အကြီးအကျယ် ပေးဆက်​ခဲ့​ရတာ။ (ထွ. ၁:၁၃၊ ၁၄။ ၃:၆-၉) ဒါတောင် အခက်အခဲတွေကို မေ့​ပြီး အဲဒီ​ဘဝကို ပြန်​တမ်းတ​နေကြ​တယ်။ သူတို့​အတွက် ယေဟောဝါ လုပ်​ပေး​ခဲ့​တာတွေကို အာရုံစိုက်​မယ့်​အစား အတိတ်​က ကောင်းစား​ခဲ့​တာ​ကိုပဲ အာရုံစိုက်​ကြတယ်။ သူတို့ရဲ့ သဘောထားကို ယေဟောဝါ မနှစ်သက်ဘူး။—တော. ၁၁:၁၀

၇။ အတိတ်ကို တသသ ဖြစ်နေ​ခြင်း ထောင်ချောက်ကို ရှောင်​ဖို့ ညီအစ်မ​တစ်ယောက်ကို ဘာက ကူညီ​ပေး​သလဲ။

အတိတ်ကို တသသ ဖြစ်နေ​ခြင်း ထောင်ချောက်ကို ဘယ်လို ရှောင်နိုင်​သလဲ။ ၁၉၄၅ တုန်း​က ဘရွတ်​ကလင် ဗေသလမှာ စ​အမှုဆောင်ခဲ့တဲ့ ညီအစ်မ တစ်ယောက်​အကြောင်း စဉ်းစား​ကြည့်​ပါ။ နှစ်​အနည်းငယ် ကြာပြီးနောက် ဗေသလ​အိမ်သား​တစ်ယောက်​နဲ့ အိမ်ထောင်ပြု​တယ်။ နှစ်ပေါင်း​များစွာ ဗေသလမှာ အတူ အမှုဆောင်​ကြတယ်။ ဒါပေမဲ့ ၁၉၇၆ မှာ ခင်ပွန်း​ဖြစ်သူ မကျန်း​မမာ ဖြစ်လာ​တယ်။ သေ​ရတော့မယ်​ဆိုတာ သိတဲ့​အချိန်​မှာ ခင်ပွန်း​က ဇနီး​ဖြစ်သူ မုဆိုးမ​ဘဝကို ရင်ဆိုင်​နိုင်​ဖို့ ပြင်ဆင်​ပေး​ခဲ့​တယ်။ “ငါ​တို့​ဟာ ပျော်ရွှင်​ချမ်းမြေ့​တဲ့ အိမ်ထောင်သည်​ဘဝကို ပိုင်ဆိုင်​ခဲ့​ကြတယ်။ အဲဒီ​ဘဝကို လူအများ မခံစား​ကြ​ရ​ဘူး” လို့ ပြော​တယ်။ “မင်းရဲ့ မှတ်ဉာဏ်​တွေ​ထဲမှာ ပြန်​ပေါ်လာ​မှာ ဖြစ်​ပေမဲ့ အတိတ်​အတွက် အသက်မရှင်​နဲ့။ အချိန်​က မင်းကို ကုစား​ပေး​သွား​လိမ့်မယ်။ မနာကြည်း​နဲ့၊ ကိုယ့်ကိုယ်ကိုယ် သနား​မနေ​နဲ့။ မင်း​ဆီ​မှာ ဒီ​ရွှင်လန်းမှု​တွေ၊ ကောင်းချီး​တွေ ရှိတာကို ဝမ်းသာ​ပါ။ . . . မှတ်ဉာဏ်​တွေ​ဟာ ဘုရားသခင် ပေး​တဲ့ ဆုကျေးဇူး ဖြစ်တယ်” လို့​လည်း အားပေးတယ်။ သိပ်​ကောင်း​တဲ့ အကြံဉာဏ်​ပဲ မဟုတ်လား။

၈။ အတိတ်မှာ တဝဲ​လည်လည် ဖြစ်​မနေတဲ့​အတွက် ညီအစ်မ ဘယ်လို အကျိုး​ရသလဲ။

ခင်ပွန်း​ရဲ့ အကြံဉာဏ်​ကို ညီအစ်မ လိုက်နာတယ်။ အသက် ၉၂ နှစ်မှာ သေဆုံး​တဲ့​အထိ သစ္စာ​ရှိရှိ အမှုဆောင်ခဲ့တယ်။ “ယေဟောဝါ​ရဲ့ အမှုတော်ကို ၆၃ နှစ်​ကျော် အချိန်ပြည့် လုပ်ဆောင်ခဲ့​တာ​ကို ပြန်ပြောင်း​ကြည့်​ရင် ကျွန်မ​ရဲ့ ဘဝဟာ တကယ့်ကို အားရ​ကျေနပ်စရာ​ကောင်းတယ်​လို့ ပြော​နိုင်​ပါ​တယ်” ဆိုပြီး မသေဆုံးခင် နှစ်​အနည်းငယ်မှာ ညီအစ်မ ပြော​တယ်။ “ဘဝကို အမှန်တကယ် ကျေနပ်​အားရ​စေ​တာ​က​တော့ ကျွန်မ​တို့​ရဲ့ ညီအစ်ကို/မ​တွေ​နဲ့​အတူ ပရဒိသု မြေကြီး​ပေါ်မှာ နေထိုင်ပြီး ကျွန်မ​တို့​ရဲ့ မဟာ​ဖန်ဆင်းရှင်၊ တစ်ဆူတည်း​သော စစ်မှန်​တဲ့ ဘုရားသခင် ယေဟောဝါ​ရဲ့ အမှုတော်ကို ထာဝစဉ် အမြဲ ထမ်းဆောင်​သွားမယ်​ဆိုတဲ့ မျှော်လင့်ချက်​နဲ့ ထူးမြတ်​လှတဲ့ ညီအစ်ကို အသင်းအပင်းပဲ ဖြစ်ပါ​တယ်” လို့ ဆက်​ပြော​တယ်။ * ရှေ့​တည့်တည့်​ကိုပဲ ကြည့်​ခဲ့​တဲ့ ဒီ​ညီအစ်မ​ဆီကနေ ကျွန်တော်​တို့ များစွာ သင်ယူ​နိုင်​ပါ​တယ်။

စိတ်​နာကြည်း​နေခြင်း ထောင်ချောက်

၉။ ဝတ်ပြုရာ ၁၉:၁၈ အရ အထူးသဖြင့် ဘယ်​အချိန်​မှာ ခွင့်လွှတ်​ဖို့ ခက်​နိုင်​သလဲ။

ဝတ်ပြုရာ ၁၉:၁၈ ကို​ဖတ်ပါ။ ကိုယ့်​အပေါ် အမှား​လုပ်တဲ့​သူဟာ ယုံကြည်သူ၊ မိတ်ဆွေ၊ ဆွေမျိုး ဖြစ်နေ​တယ်​ဆိုရင် ခွင့်လွှတ်​ဖို့ ခက်​တတ်တယ်။ ဥပမာ၊ ညီအစ်မ​တစ်ယောက်ကို နောက်​ညီအစ်မ​တစ်ယောက်​က ပိုက်ဆံ​ခိုးတယ်​ဆိုပြီး စွပ်စွဲ​တယ်။ နောက်ပိုင်း၊ စွပ်စွဲ​တဲ့ ညီအစ်မ ပြန်တောင်းပန်​ပေမဲ့ စွပ်စွဲ​ခံရ​တဲ့ ညီအစ်မ​က ဖြစ်​ခဲ့​တာ​ကို မမေ့​နိုင်ဘူး ဖြစ်နေ​တယ်။ သင်​ကော အဲဒီလို ကြုံဖူး​သလား။ အဲဒီလို တစ်ထပ်တည်း မကြုံဖူး​ရင်တောင် ကျွန်တော်​တို့ အများစုဟာ တစ်ယောက်ယောက်​ကို စိတ်​နာကြည်း​နေပြီး ဘယ်တော့မှ ခွင့်လွှတ်​နိုင်​မှာ မဟုတ်ဘူးလို့ ခံစား​ရတာ​မျိုး ရှိ​နိုင်တယ်။

၁၀။ စိတ်နာ​ကြည်း​ခြင်း​ကို ကျော်လွှား​ဖို့ ဘာက အကူအညီ ဖြစ်စေ​နိုင်​သလဲ။

၁၀ စိတ်နာ​ကြည်း​ခြင်း​ကို ကျော်လွှား​ဖို့ ဘာက အကူအညီ ဖြစ်စေ​နိုင်​သလဲ။ တစ်ချက်​က​တော့ အရာအားလုံးကို ယေဟောဝါ မြင်​ကြောင်း သတိရခြင်း​ပါ​ပဲ။ မတရားမှု အပါအဝင် ကျွန်တော်​တို့ ကြုံ​ရတဲ့ အရာအားလုံးကို ဘုရား သိတယ်။ (ဟီ. ၄:၁၃) ကျွန်တော်​တို့ နာကျင်​ခံစား​ရတဲ့အခါ ဘုရား​လည်း ထပ်တူ ခံစား​ရတယ်။ (ဟေရှာ. ၆၃:၉) မတရားမှုတွေ​ကြောင့် ဖြစ်ပေါ်​လာတဲ့ နာကျင်မှု မှန်သမျှကို ဖယ်ရှား​ပေး​မယ်လို့လည်း ကတိပြု​ထား​တယ်။—ဗျာ. ၂၁:၃၊ ၄

၁၁။ တခြား​သူတွေကို ခွင့်လွှတ်​တဲ့​အခါ ဘာ​အကျိုး​ရသလဲ။

၁၁ တခြား​သူတွေကို ခွင့်လွှတ်​တဲ့​အခါ ကိုယ်တိုင်​လည်း အကျိုး​ရတယ်ဆိုတာ သတိရပါ။ ဒီ​အချက်​ကို စွပ်စွဲ​ခံရ​တဲ့ ညီအစ်မ သတိ​ရပြီး ခွင့်လွှတ်​နိုင်​ခဲ့​တယ်။ တခြား​သူတွေကို ခွင့်လွှတ်​ရင် ကိုယ့်ကိုလည်း ယေဟောဝါ ခွင့်လွှတ်​မယ်​ဆိုတာ ညီအစ်မ သိတယ်။ (မ. ၆:၁၄) တစ်ဖက် ညီအစ်မ မှား​မှန်း သိတယ်။ ဒါပေမဲ့ ခွင့်လွှတ်​ဖို့ ဆုံးဖြတ်​လိုက်တယ်။ ဒါ​ကြောင့် ပို​ပျော်​လာပြီး ယေဟောဝါ​ရဲ့ အမှုတော်ကို ပို​အာရုံစိုက်​လာနိုင်တယ်။

အပြစ်​ရှိတယ်လို့ အလွန်အကျွံ ခံစား​နေရ​ခြင်း ထောင်ချောက်

၁၂။ ၁ ယောဟန် ၃:၁၉၊ ၂၀ ကနေ ဘာ​သိရသလဲ။

၁၂ ၁ ယောဟန် ၃:၁၉၊ ၂၀ ကို​ဖတ်ပါ။ ကျွန်တော်​တို့အားလုံး အပြစ်​ရှိတယ်လို့ ခံစား​ဖူး​ကြတယ်။ ဥပမာ၊ တချို့က အမှန်တရား မသိ​ခင် လုပ်ခဲ့တဲ့ အမှားတွေ​ကြောင့်၊ တချို့​ကျ​တော့ နှစ်ခြင်း​ခံ​ပြီး​နောက် လုပ်ခဲ့တဲ့ အမှားတွေ​ကြောင့် အပြစ်​ရှိတယ်လို့ ခံစား​နေ​ရတယ်။ ဒါ သဘာဝပါပဲ။ (ရော. ၃:၂၃) ကျွန်တော်​တို့​အားလုံး မှန်တာ လုပ်ချင်​ပေမဲ့ “ခဏ​ခဏ မှား​တတ်ကြ​တယ်။” (ယာ. ၃:၂။ ရော. ၇:၂၁-၂၃) အပြစ်​ရှိတယ်ဆိုတဲ့ ခံစားချက်​ဟာ နှစ်မြို့​စရာ မဟုတ်ပေမဲ့ အကျိုးပြု​နိုင်တယ်။ ကိုယ့်​လမ်းစဉ်​ကို ပြုပြင်​ဖို့၊ အမှားတွေ ထပ်​မလုပ်မိအောင် စိတ်ပိုင်းဖြတ်​ထား​ဖို့ လှုံ့ဆော်ပေး​လို့​ပါ​ပဲ။—ဟီ. ၁၂:၁၂၊ ၁၃

၁၃။ အပြစ်​ရှိတယ်လို့ အလွန်အကျွံ ခံစား​နေရ​ခြင်း ထောင်ချောက်ကို ဘာကြောင့် သတိထား​ရမလဲ။

၁၃ ဒါပေမဲ့ ကျွန်တော်​တို့ နောင်တ​ယူပြီး​နောက်၊ ယေဟောဝါ ခွင့်လွှတ်​ပြီး​နောက်​မှာ​တောင် အပြစ်ရှိ​တုန်း​ပဲ​လို့ အလွန်အကျွံ ခံစား​နေရ​နိုင်တယ်။ အဲဒါ​က​တော့ အန္တရာယ် ရှိတယ်။ (ဆာ. ၃၁:၁၀။ ၃၈:၃၊ ၄) ဘာကြောင့်လဲ။ အတိတ်​က အမှားတွေ​ကြောင့် အပြစ်ရှိ​နေတုန်းပဲ​လို့ ခံစား​ရတဲ့ ညီအစ်မ​တစ်ယောက်​အကြောင်း စဉ်းစား​ကြည့်​ပါ။ “ဘယ်​နည်းနဲ့​မဆို ကျွန်မ​အတွက် သိပ်​နောက်ကျ​သွား​ပုံ​ရတဲ့​အတွက်​ကြောင့် ယေဟောဝါ​ရဲ့ လုပ်ငန်းတော်မှာ ကျွန်မ ဘာမှ မ​လုပ်တာ​ပဲ ကောင်း​မှာ​ပါ​လို့ ခံစား​ခဲ့​ရ​ပါ​တယ်” ဆိုပြီး ညီအစ်မ ပြော​တယ်။ လူများစွာ အဲဒီလို ခံစား​ရတယ်။ ဒါပေမဲ့ အပြစ်​ရှိတယ်လို့ အလွန်အကျွံ ခံစား​နေရ​ခြင်း ထောင်ချောက်ကို သတိထား​ရမယ်။ ကျွန်တော်​တို့ကို ယေဟောဝါ​တောင် လက်မလျှော့​တာ ကိုယ့်ကိုယ်ကိုယ် လက်လျှော့​လိုက်ရင် စာတန် သိပ်​ပျော်​မှာ။—၂ ကောရိန္သု ၂:၅-၇၊ ၁၁ နဲ့​နှိုင်းယှဉ်ပါ။

၁၄။ သင့်ကို ယေဟောဝါ လက်မလျှော့​ဘူးဆို​တာ ဘယ်လို သိနိုင်​သလဲ။

၁၄ ‘ကိုယ့်ကို ယေဟောဝါ လက်မလျှော့​ဘူးဆို​တာ ဘယ်လို သိနိုင်​သလဲ’ လို့ တချို့ တွေးမိ​မယ်။ အဲဒီလို တွေးမိ​တာ​ကို​က သင့်ကို ယေဟောဝါ လက်မလျှော့​ဘူးဆို​တဲ့ အဓိပ္ပာယ်ပဲ။ “ကိုယ်​ထင်တာ​ထက် ပို​အမြစ်စွဲ​နေတဲ့ ဘဝ​လမ်းစဉ်​ဟောင်း​ရဲ့ အကျင့်ဆိုး​တွေ​ကြောင့် အကြိမ်ကြိမ် တိုက်မိ​လဲ​ပြီး ကျရှုံး​မိ​နိုင်တယ်။ . . . ဒါပေမဲ့ စိတ်မပျက်​ပါ​နဲ့။ ခွင့်​မလွှတ်​နိုင်​တဲ့ အပြစ် ကျူးလွန်​လိုက်ပြီ​လို့ မတွေးပါနဲ့။ စာတန် အဲဒီလိုပဲ ထင်​စေချင်တယ်။ ယူကျုံး​မရ ဖြစ်​ပြီး စိတ်​အနှောင့်အယှက် ဖြစ်နေ​တာ​ကို​က သင့်​အခြေအနေ သိပ်​မဆိုး​သေး​ဘူးဆို​တဲ့ သက်သေ​ပဲ။ ဘုရားဆီ နှိမ့်ချစွာ၊ စိတ်အား​ထက်သန်​စွာ ပြန်​လှည့်လာ​ပါ။ ဘုရား​ရဲ့ ခွင့်လွှတ်​မှု၊ ဆေးကြော​သန့်စင်ပေးမှု​နဲ့ အကူအညီ ရဖို့ ကြိုးစား​ပါ။ အမှား​တစ်ခု​ကို ဘယ်နှစ်ကြိမ်​ပဲ လုပ်မိ​ပါစေ ဒုက္ခ​ရောက်ချိန်​မှာ ဖခင်​ဆီ ပြေး​သွားတဲ့ ကလေး​တစ်ယောက်လို ဘုရားဆီ ချဉ်းကပ်​ပါ။ မဟာ​ကရုဏာရှင် ယေဟောဝါ လိုလိုလားလား ကူညီ​ပေး​ပါ​လိမ့်မယ်” လို့ ကင်းမျှော်စင် တစ်စောင်​မှာ ဖော်ပြ​တယ်။ *

၁၅-၁၆။ ကိုယ့်ကို ယေဟောဝါ လက်မလျှော့​ဘူးဆို​တာ သိရလို့ တချို့ ဘယ်လို ခံစား​ရသလဲ။

၁၅ မိမိကို ယေဟောဝါ လက်မလျှော့​ဘူးဆို​တာ သိရလို့ ဘုရား​ကျေးကျွန်​များစွာ စိတ်သက်သာရာ ရ​ကြတယ်။ ဥပမာ၊ “သမ္မာကျမ်းစာ​က ဘဝ​ပုံစံ​ကို ပြောင်းလဲ​ပေး​နိုင်” ဆောင်းပါးတွဲ​တစ်ခု​မှာ ညီအစ်မ​တစ်ယောက်​က အတိတ်​တုန်း​က အမှား​လုပ်ခဲ့ဖူး​လို့ သူ့ကို ယေဟောဝါ ချစ်တယ်​ဆိုတာ လက်ခံဖို့ ခက်​နေတယ်။ နှစ်ခြင်း​ခံ​ပြီး​နောက် နှစ်ပေါင်း​များစွာ ကြာ​တဲ့​အထိ အဲဒီလို ခံစား​နေရ​တုန်းပဲ။ ဒါပေမဲ့ ရွေးဖိုး​အကြောင်း စဉ်းစား​လိုက်တဲ့အခါ ကိုယ့်ကို ယေဟောဝါ ဘယ်လောက် ချစ်​မှန်း သဘောပေါက်​လာတယ်။ *

၁၆ အဲဒီ​တွေ့ကြုံမှု​ကနေ ညီအစ်ကို​တစ်ယောက် ဘယ်လို အကူအညီ ရသလဲ။ “ကျွန်တော် ငယ်ငယ်​တုန်း​က ညစ်ညမ်း​တဲ့ ရုပ်ပုံ​စာပေ​တွေ၊ ရုပ်ရှင်တွေ ကြည့်​တဲ့ အကျင့် ရှိခဲ့တယ်။ သိပ်​မကြာခင်​တုန်း​က အဲဒီ​အရာ​တွေ​ကို ကျွန်တော် ပြန်​ကြည့်မိ​တယ်။ ဒါနဲ့ ခရစ်ယာန် အကြီးအကဲ​တွေ​ရဲ့ အကူအညီကို ရယူ​လိုက်တယ်၊ နောက်ပိုင်း ကျွန်တော့်​အခြေအနေ တဖြည်းဖြည်း တိုးတက်​လာတယ်။ အကြီးအကဲ​တွေ​က ဘုရားသခင် ကျွန်တော့်​ကို ချစ်တယ်၊ ကြင်နာ​ထောက်ထား​တယ်​ဆိုတာ​ကို စိတ်ချ​စေတယ်။ ဒါပေမဲ့ တစ်ခါ​တလေ ငါဟာ တန်ဖိုး​မရှိတဲ့​သူပါ၊ ဘုရားသခင် ငါ့ကို ချစ်​မှာ မဟုတ်ပါဘူး​ဆိုပြီး ခံစား​နေရ​တုန်း​ပဲ။ [အဲဒီ​ညီအစ်မ] ရဲ့ အကြောင်း​က ကျွန်တော့်​အတွက် အရမ်း အထောက်အကူ​ရတယ်။ ဘုရားသခင် ကျွန်တော့်​ကို ခွင့်လွှတ်​မှာ မဟုတ်ပါဘူးလို့ ယူဆတာ​က ဘုရားသခင့် သားတော် ပေးဆက်တဲ့​အရာ​က ကျွန်တော့်​အပြစ်တွေကို မဖုံးအုပ်​ပေး​နိုင်ဘူး​လို့ ပြော​တာ​နဲ့ အတူတူပဲ​ဆိုတာ အခု နားလည်​သွားပါပြီ။ အဲဒီ​ဆောင်းပါး​ကို ကျွန်တော် ညှပ်ယူ​ထား​လိုက်တယ်။ ဒါမှ ငါဟာ တန်ဖိုး​မရှိဘူး​ဆိုတဲ့ အတွေး​ဝင်လာ​တဲ့​အခါတိုင်း [အဲဒီ​ညီအစ်မ] အကြောင်းကို ပြန်ဖတ်​ပြီး စဉ်းစား​ဆင်ခြင်​နိုင်​မယ်” လို့ ပြော​တယ်။

၁၇။ အပြစ်​ရှိတယ်လို့ အလွန်အကျွံ ခံစား​နေရ​ခြင်း ထောင်ချောက်ကို တမန်​တော် ပေါလု ဘယ်လို ရှောင်​ခဲ့​သလဲ။

၁၇ အဲဒီလို တွေ့ကြုံမှု​တွေ​က တမန်​တော် ပေါလု​အကြောင်း သတိ​ရစေတယ်။ ပေါလု​ဟာ ခရစ်ယာန် ဖြစ်​မလာခင် ကြီးလေး​တဲ့ အပြစ်တွေ ကျူးလွန်​တယ်။ လုပ်ခဲ့တဲ့ အမှားတွေကို သတိရ​ပေမဲ့ အတိတ်မှာ​ပဲ တဝဲ​လည်လည် ဖြစ်​မနေဘူး။ (၁ တိ. ၁:၁၂-၁၅) ရွေးဖိုး​ကို မိမိ​အတွက် ယေဟောဝါ ပြင်ဆင်​ပေး​တဲ့ လက်ဆောင်​အဖြစ် ရှုမြင်တယ်။ (ဂလ. ၂:၂၀) အပြစ်​ရှိတယ်လို့ အလွန်အကျွံ ခံစား​မနေဘူး။ ရှေ့လျှောက် ယေဟောဝါ​ကို အကောင်းဆုံး ပေးဆက်​ဖို့​ပဲ အာရုံစိုက်​တယ်။

အနာဂတ်​အတွက် အသက်ရှင်ပါ

ရှေ့​တည့်တည့်​ကိုပဲ ကြည့်​ဖို့ စိတ်ပိုင်းဖြတ်​ထား​ကြပါစို့ (စာပိုဒ် ၁၈-၁၉ ကိုကြည့်ပါ) *

၁၈။ ဒီ​ဆောင်းပါး​ကနေ ဘာ​သိရသလဲ။

၁၈ ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ခဲ့​တာ​တွေ​ကနေ ဘာ​သိရသလဲ။ (၁) အမှတ်တရ​ကောင်း​တွေ​ဟာ ယေဟောဝါ​ဆီက လက်ဆောင် ဖြစ်တယ်။ ဒါပေမဲ့ အရင်က ကိုယ့်​ဘဝ​အခြေအနေ ဘယ်လောက် ကောင်းကောင်း အနာဂတ် ကမ္ဘာသစ် အသက်တာ​လောက်​တော့ မကောင်း​နိုင်ဘူး။ (၂) တခြား​သူတွေ​ကြောင့် စိတ်ထိခိုက်​မိ​နိုင်​ပေမဲ့ ရှေ့ဆက်​နိုင်​ဖို့​ဆိုရင် ခွင့်လွှတ်​ရမယ်။ (၃) အပြစ်​ရှိတယ်လို့ အလွန်အကျွံ ခံစား​နေရ​ခြင်း​က ရွှင်လန်း​တဲ့ စိတ်​နဲ့ အမှုဆောင်ဖို့ အတားအဆီး ဖြစ်စေ​နိုင်တယ်။ ဒါ​ကြောင့် ကျွန်တော်​တို့ကို ယေဟောဝါ ခွင့်လွှတ်​လိုက်ပြီ​ဆိုတာ ပေါလု​လို ယုံကြည်​စိတ်ချ​နေ​ရမယ်။

၁၉။ ကမ္ဘာသစ် ရောက်တဲ့အခါ အတိတ်ကို တွေး​ပြီး စိတ်မကောင်း​ဖြစ်​ရတာ​မျိုး မရှိတော့ဘူး​ဆိုတာ ဘယ်လို သိရသလဲ။

၁၉ ကျွန်တော်​တို့​မှာ ထာဝစဉ် အသက်ရှင်ဖို့ အလားအလာ ရှိတယ်။ ကမ္ဘာသစ် ရောက်တဲ့အခါ အတိတ်ကို တွေး​ပြီး စိတ်မကောင်း​ဖြစ်​ရတာ​မျိုး မရှိတော့ဘူး။ “အရင်တုန်းက ဖြစ်​ခဲ့​တာတွေကို သတိရ​တော့​မှာ မဟုတ်ဘူး” လို့ ကျမ်းစာ​မှာ ပြော​တယ်။ (ဟေရှာ. ၆၅:၁၇) ယေဟောဝါ​အတွက် အမှုဆောင်​ရင်း တချို့ တဖြည်းဖြည်း အသက်ကြီး​လာပြီ။ ဒါပေမဲ့ ကမ္ဘာသစ်​မှာ ပြန်​နုပျို​လာလိမ့်မယ်။ (ယောဘ ၃၃:၂၅) ဒါကြောင့် အတိတ်မှာ​ပဲ တ​ဝဲ​လည်လည် ဖြစ်​မနေ​ပါ​နဲ့။ ရှေ့​တည့်တည့်​ကိုပဲ ကြည့်​ပြီး အနာဂတ်​အတွက် အသက်ရှင်ပါ။

သီချင်း ၁၄၂ မျှော်လင့်ချက်ကို ကိုင်စွဲ​ထားခြင်း

^ အပိုဒ်၊ 5 အတိတ်ကို သတိရ​တာ ကောင်း​ပါတယ်။ ဒါပေမဲ့ အတိတ်ကို​ပဲ အာရုံစိုက်​နေရင် လက်ရှိ လုပ်နိုင်တာ​တွေ၊ အနာဂတ်​မှာ ဖြစ်​လာမယ့်​အရာ​တွေ​ကို အာရုံမစိုက်​နိုင်​တော့​ဘူး။ အတိတ်မှာ​ပဲ တဝဲ​လည်လည် ဖြစ်စေ​နိုင်​တဲ့ ထောင်ချောက် သုံးခု​အကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။ အဲဒီ​ထောင်ချောက်​တွေ​ကို ရှောင်ဖို့ ကူညီ​ပေး​နိုင်​တဲ့ ကျမ်းစာ​မူတွေ​နဲ့ ခေတ်​သစ် ပုံ​နမူနာ​တွေ​ကိုလည်း ဆွေးနွေး​ပါ​မယ်။

^ အပိုဒ်၊ 4 စကားလုံး ရှင်းလင်းချက်– ဒီ​ဆောင်းပါး​မှာ ပါ​တဲ့ “အတိတ်မှာ​ပဲ တဝဲ​လည်လည် ဖြစ်နေ​တယ်” ဆိုတာ အရင်က အကြောင်း​တွေ​ကိုပဲ တစ်ချိန်​လုံး ပြော​နေတာ၊ စဉ်းစား​နေတာ ဒါမှ​မဟုတ် အရင်တုန်းက ကိုယ့်​ဘဝ ဘယ်လောက် ကောင်း​ခဲ့​တယ် ဆိုတာ​ကိုပဲ တွေး​နေတာကို ဆိုလို​တယ်။

^ အပိုဒ်၊ 14 ၁၉၅၄၊ ဖေဖော်ဝါရီ ၁၅ ကင်းမျှော်စင် စာမျက်နှာ ၁၂၃ (အင်္ဂလိပ်) ကို ကြည့်​ပါ။

^ အပိုဒ်၊ 59 ပုံ​အညွှန်း– အတိတ်ကို တ​သသ ဖြစ်နေခြင်း၊ စိတ်နာကြည်း​နေခြင်း၊ အပြစ်​ရှိတယ်လို့ အလွန်အကျွံ ခံစား​နေရ​ခြင်း​ဟာ လေးလံ​တဲ့ ဝန်ထုပ်​နဲ့ တူ​ပြီး အသက်​လမ်းမှာ ရှေ့ဆက်​ဖို့ အခက်တွေ့​စေတယ်။

^ အပိုဒ်၊ 66 ပုံအညွှန်း– လေးလံ​တဲ့ ဝန်ထုပ်​လို ခံစားချက်​တွေ​ကို ဖယ်ရှား​လိုက်တဲ့အခါ ကျွန်တော်​တို့ စိတ်သက်သာရာ ရပြီး ပျော်ရွှင်​လာတယ်။ အားသစ်အင်သစ်​တွေ ရှိ​လာတယ်။ ဒီလိုနဲ့ ရှေ့ဆက်​နိုင်​ပါ​လိမ့်မယ်။