လေ့လာရန် ဆောင်းပါး ၄၇
လိုအပ်သလို သင် ပြုပြင်ပြောင်းလဲမလား
“ညီအစ်ကိုတို့၊ နောက်ဆုံး မှာကြားချင်တာက အမြဲ ရွှင်လန်းကြပါ။ လိုအပ်သလို ပြုပြင်ပြောင်းလဲကြပါ။”—၂ ကော. ၁၃:၁၁။
သီချင်း ၅၄ ‘ဒီလမ်းပါပဲ’
အကြိုသုံးသပ်ချက် *
၁။ မဿဲ ၇:၁၃၊ ၁၄ အရ ကျွန်တော်တို့ဟာ ဘယ်လိုနည်းနဲ့ ခရီးသည်တွေနဲ့ တူသလဲ။
ကျွန်တော်တို့အားလုံးဟာ ခရီးသည်တွေပါ။ ပန်းတိုင်ကတော့ ယေဟောဝါရဲ့ မေတ္တာပါ အုပ်ချုပ်မှုအောက် ကမ္ဘာသစ်မှာ အသက်ရှင်ဖို့ပါ။ ဒါကြောင့် နေ့တိုင်း အသက်လမ်းပေါ် ရှိနေဖို့ ကြိုးစားကြတယ်။ ဒါပေမဲ့ ယေရှု ပြောသလိုပဲ လမ်းက ကျဉ်းတော့ တစ်ခါတလေ ခက်တယ်။ (မဿဲ ၇:၁၃၊ ၁၄ ကိုဖတ်ပါ။) ဒါ့အပြင် ကျွန်တော်တို့ မစုံလင်တဲ့အတွက် လမ်းလွဲသွားဖို့ သိပ်လွယ်တယ်။—ဂလ. ၆:၁။
၂။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးမလဲ။ (“ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ နှိမ့်ချမှုက ကူညီပေး” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)
၂ အသက်လမ်းကျဉ်းပေါ် ဆက်ရှိချင်တယ်ဆိုရင် ကိုယ့်အတွေး၊ သဘောထား၊ လုပ်ရပ်တွေကို ပြုပြင်ပြောင်းလဲချင်စိတ် ရှိရမယ်။ “လိုအပ်သလို ပြုပြင်ပြောင်းလဲကြ” ဖို့ ကောရိန္သုမြို့မှာ ရှိတဲ့ ခရစ်ယာန်တွေကို တမန်တော် ပေါလု အားပေးတယ်။ (၂ ကော. ၁၃:၁၁) အဲဒါက ကျွန်တော်တို့နဲ့လည်း သက်ဆိုင်တယ်။ အပြောင်းအလဲတွေ လုပ်ဖို့ ကျမ်းစာက ဘယ်လို ကူညီပေးနိုင်ကြောင်း၊ အသက်လမ်းပေါ် ဆက်ရှိနေဖို့ ရင့်ကျက်တဲ့ မိတ်ဆွေတွေ ဘယ်လို ကူညီပေးနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ ယေဟောဝါရဲ့ အဖွဲ့အစည်းက ပေးတဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ ဘယ်အချိန်မှာ ခက်နိုင်ကြောင်းလည်း သုံးသပ်ပါမယ်။ အပြောင်းအလဲတွေ လုပ်ရင်း တစ်ချိန်တည်းမှာ ရွှင်လန်းနေနိုင်ဖို့ နှိမ့်ချမှုက ဘယ်လို ကူညီပေးနိုင်ကြောင်း သိရပါမယ်။
ကျမ်းစာရဲ့ တည့်မတ်မှုကို လက်ခံပါ
၃။ ကျမ်းစာက သင့်ကို ဘယ်လို ကူညီပေးနိုင်သလဲ။
၃ ကိုယ့်အတွေး၊ ခံစားချက်တွေကို ဆန်းစစ်ဖို့ မလွယ်ဘူး။ ဘာကြောင့်လဲဆိုတော့ စိတ်နှလုံးဟာ စဉ်းလဲပြီး စိတ်ရဲ့ သဘောကို မသိနိုင်လို့ပဲ။ (ယေ. ၁၇:၉) “မှားယွင်းတဲ့ အတွေးအခေါ်နဲ့ ကိုယ့်ကိုယ်ကိုယ် လှည့်စား” မိဖို့ သိပ်လွယ်တယ်။ (ယာ. ၁:၂၂) ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ဖို့ ကျမ်းစာကို သုံးရမယ်။ စိတ်နှလုံးထဲမှာ ရှိတဲ့အရာတွေ၊ “အတွေးတွေ၊ အကြံအစည်တွေကို” ကျမ်းစာက ပိုင်းခြားသိမြင်စေတယ်။ (ဟီ. ၄:၁၂၊ ၁၃) တစ်နည်းအားဖြင့် ကျမ်းစာဟာ ဓာတ်မှန်ရိုက်စက်နဲ့ တူတယ်။ အတွင်းမှာ ဘာဖြစ်နေတယ်ဆိုတာ မြင်တွေ့စေတယ်။ ဒါပေမဲ့ ကျမ်းစာနဲ့ ဘုရားကိုယ်စားလှယ်တွေဆီက ရတဲ့ အကြံဉာဏ်တွေကနေ အကျိုးရဖို့ဆိုရင် နှိမ့်ချမှု ရှိရမယ်။
၄။ ဘုရင် ရှောလုဟာ မာနကြီးသူ ဖြစ်ကြောင်း ဘယ်လို သိရသလဲ။
၄ နှိမ့်ချမှု မရှိရင် ဘာဖြစ်နိုင်ကြောင်း ဘုရင် ရှောလုရဲ့ အဖြစ်ကနေ သိရတယ်။ ရှောလုဟာ ကိုယ့်အတွေး၊ လုပ်ရပ်တွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတာ အသိအမှတ်မပြုတဲ့အထိ မာနကြီးလာတယ်။ (ဆာ. ၃၆:၁၊ ၂။ ဟဗ. ၂:၄) အာမလက်လူမျိုးကို အနိုင်ရပြီးနောက် ဘာလုပ်သင့်ကြောင်း ယေဟောဝါ သတ်သတ်မှတ်မှတ် ညွှန်ကြားချိန်မှာ အဲဒီအချက် ထင်ရှားတယ်။ ယေဟောဝါရဲ့ စကားကို ရှောလု နားမထောင်ဘူး။ ပရောဖက် ရှမွေလ ဆုံးမတဲ့အခါမှာလည်း အမှားကို ဝန်မခံဘူး။ မနာခံတဲ့ လုပ်ရပ်ကို အသေးအဖွဲအဖြစ် ဆင်ခြေပေးပြီး တခြားသူတွေအပေါ် အပြစ်ပုံချတယ်။ (၁ ရှ. ၁၅:၁၃-၂၄) အစောပိုင်းတုန်းကလည်း အဲဒီလို သဘောထားမျိုး တင်ပြဖူးတယ်။ (၁ ရှ. ၁၃:၁၀-၁၄) ရှောလု မာနကြီးလာတယ်။ စဉ်းစားပုံကို မပြောင်းလဲဘူး။ ဒါကြောင့် သူ့ကို ယေဟောဝါ ဆုံးမပြီး ငြင်းပယ်လိုက်တယ်။
၅။ ရှောလုရဲ့ ပုံနမူနာကနေ ဘာသင်ယူနိုင်သလဲ။
၅ ရှောလုရဲ့ ပုံနမူနာကနေ သင်ခန်းစာ ယူချင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးသင့်တယ်– ‘ကျမ်းစာ ဖတ်တဲ့အခါ ငါ ဆင်ခြေပေးလေ့ရှိသလား။ မနာခံတဲ့ လုပ်ရပ်ကို အသေးအဖွဲအဖြစ် ရှုမြင်သလား။ တခြားသူတွေအပေါ် အပြစ်ပုံချသလား။’ အဲဒီလို ဖြစ်နေရင် ကိုယ့်အတွေးနဲ့ သဘောထားကို ပြုပြင်ပြောင်းလဲရမယ်။ မပြောင်းလဲဘူးဆိုရင် ကျွန်တော်တို့ မာနကြီးသူ ဖြစ်သွားမယ်။ မိတ်ဆွေအဖြစ်ကနေ ယေဟောဝါ ငြင်းပယ်လိမ့်မယ်။—ယာ. ၄:၆။
၆။ ဘုရင် ရှောလုနဲ့ ဘုရင် ဒါဝိဒ် ဘယ်လို ကွာသလဲ။
၆ ဘုရင် ရှောလုနဲ့ ရှောလုကို ဆက်ခံတဲ့ ဘုရင် ဒါဝိဒ် ဘယ်လို ကွာသလဲ စဉ်းစားကြည့်ပါ။ ဒါဝိဒ်ဟာ “ယေဟောဝါရဲ့ ပညတ်” ကို ချစ်မြတ်နိုးတယ်။ (ဆာ. ၁:၁-၃) နှိမ့်ချသူတွေကို ယေဟောဝါ ကယ်တင်ပြီး မောက်မာသူတွေကို ဆန့်ကျင်တယ်ဆိုတာ သိတယ်။ (၂ ရှ. ၂၂:၂၈) ဒါကြောင့် မိမိရဲ့ စဉ်းစားပုံကို ဘုရားပညတ်နဲ့အညီ ပြုပြင်ပြောင်းလဲတယ်။ “အကြံဉာဏ်ပေးတဲ့ ယေဟောဝါကို ချီးမွမ်းမယ်။ ညအချိန်မှာ အနက်ရှိုင်းဆုံး ခံစားချက်တွေက ကျွန်တော့်ကို တည့်မတ်ပေးတယ်” လို့ ရေးခဲ့တယ်။—ဆာ. ၁၆:၇။
၇။ နှိမ့်ချသူ ဖြစ်မယ်ဆိုရင် ဘာလုပ်မလဲ။
၇ ကျွန်တော်တို့ဟာ နှိမ့်ချသူ ဖြစ်မယ်ဆိုရင် မှားယွင်းတဲ့ အတွေးအတိုင်း မလုပ်ဆောင်မိခင် အတွေးအခေါ်ကို ကျမ်းစာနဲ့အညီ ပြုပြင်ပြောင်းလဲမှာ ဖြစ်တယ်။ “လမ်းမှန်က ဒီမှာ။ ဒီလမ်းအတိုင်း လျှောက်ပါ” လို့ ပြောနေသလိုပဲ လက်ယာဘက်၊ လက်ဝဲဘက် လမ်းလွဲသွားတဲ့အခါ ကျမ်းစာက ကျွန်တော်တို့ကို သတိပေးလိမ့်မယ်။ (ဟေရှာ. ၃၀:၂၁) ယေဟောဝါရဲ့ စကားကို နားထောင်ရင် နည်းများစွာနဲ့ အကျိုးရမယ်။ (ဟေရှာ. ၄၈:၁၇) ဥပမာ၊ တစ်ယောက်ယောက် လာတည့်မတ်ပေးလို့ အရှက်ရတာမျိုး မကြုံတော့ဘူး။ ချစ်ရတဲ့ သားသမီးတစ်ယောက်လို ကိုယ့်ကို ဘုရား ဆက်ဆံမှန်း သိရလို့ ဘုရားနဲ့ ပိုရင်းနှီးလာမယ်။—ဟီ. ၁၂:၇။
၈။ ယာကုပ် ၁:၂၂-၂၅ မှာ ဖော်ပြထားတဲ့အတိုင်း ကျမ်းစာကို မှန်အဖြစ် ဘယ်လို သုံးနိုင်သလဲ။
၈ ကျမ်းစာဟာ မှန်နဲ့ တူတယ်။ (ယာကုပ် ၁:၂၂-၂၅ ကိုဖတ်ပါ။) မနက်တိုင်း အိမ်က မထွက်ခင် ကျွန်တော်တို့ မှန်ကြည့်တယ်။ ဒါမှ တခြားသူတွေ မမြင်ခင် ပြုပြင်စရာ ရှိတာ ပြုပြင်နိုင်မှာ။ အလားတူပဲ၊ နေ့တိုင်း ကျမ်းစာ ဖတ်တဲ့အခါ ကိုယ့်အတွေး၊ သဘောထားမှာ ပြုပြင်ဖို့ လိုတာတွေ တွေ့လာမယ်။ မနက်တိုင်း အိမ်က မထွက်ခင် နေ့စဉ်ကျမ်းချက် ဖတ်တာ အကျိုးရှိမှန်း လူများစွာ တွေ့ရှိကြတယ်။ အဲဒီကျမ်းချက်ကို တစ်နေ့လုံး စဉ်းစားဆင်ခြင်ပြီး ကျင့်သုံးဖို့ ကြိုးစားတယ်။ ဒါ့အပြင် ကျွန်တော်တို့မှာ နေ့တိုင်း ကျမ်းစာ ဖတ်ရှု၊ တွေးတောဆင်ခြင်တဲ့ အလေ့အထ ရှိရမယ်။ ရိုးရှင်းပုံပေါက်ပေမဲ့ အသက်လမ်းကျဉ်းပေါ် ဆက်ရှိနေဖို့ ကျွန်တော်တို့ လုပ်နိုင်တဲ့ အရေးကြီးဆုံးအရာတစ်ခုပါပဲ။
ရင့်ကျက်တဲ့ မိတ်ဆွေတွေ ပြောတာကို နားထောင်ပါ
၉။ ဘယ်အချိန်မှာ သင့်ကို မိတ်ဆွေတစ်ယောက် လာတည့်မတ်ပေးနိုင်သလဲ။
၉ ယေဟောဝါဆီကနေ လမ်းလွဲသွားဖူးသလား။ (ဆာ. ၇၃:၂၊ ၃) အဲဒီတုန်းက သတ္တိရှိရှိ လာတည့်မတ်ပေးတဲ့ ရင့်ကျက်တဲ့ မိတ်ဆွေရဲ့ အကြံဉာဏ်ကို နားထောင်လိုက်လျှောက်ခဲ့သလား။ ဒါဆိုရင် သင် မှန်ရာကို လုပ်ခဲ့တာပဲ။ သတိပေးခဲ့တဲ့ မိတ်ဆွေကို ကျေးဇူးတင်နေမှာ သေချာတယ်။—ပညာ. ၁:၅။
၁၀။ ကိုယ့်ကို မိတ်ဆွေတစ်ယောက် တည့်မတ်လာတဲ့အခါ ဘယ်လို တုံ့ပြန်သင့်သလဲ။
၁၀ “သစ္စာရှိတဲ့ မိတ်ဆွေဟာ ခက်ခဲပုံပေါက်နေရင်တောင် ပဲ့ပြင်တတ်တယ်” လို့ ကျမ်းစာမှာ ပြောတယ်။ (ပညာ. ၂၇:၆) ဘာကို ဆိုလိုသလဲ။ ဒီဥပမာကို စဉ်းစားကြည့်ပါ– ကားလမ်းကူးဖို့ စောင့်နေတုန်း ဖုန်းဆီ သင် အာရုံရောက်နေတယ်။ ဘယ်ညာ မကြည့်ဘဲ လမ်းကူးမိတယ်။ မိတ်ဆွေတစ်ယောက်က သင့်ကို ပလက်ဖောင်းပေါ် ရောက်အောင် လှမ်းဆွဲလိုက်တယ်။ ခပ်ကြမ်းကြမ်း ဆွဲလိုက်လို့ လက်နာသွားပေမဲ့ သူ မြန်မြန် ဆွဲလိုက်လို့သာ သင် ကားတိုက်မခံရတာ။ ရက်အတော်ကြာ လက်နာနေမယ်ဆိုရင်တောင် သူ့ကို စိတ်ဆိုးပါ့မလား။ စိတ်ဆိုးမှာ မဟုတ်ဘူး။ အကူအညီအတွက် ကျေးဇူးတောင် တင်နေမှာ။ အလားတူပဲ၊ သင့်အပြော၊ လုပ်ရပ်တွေဟာ ဘုရားရဲ့ ဖြောင့်မတ်တဲ့ စံနှုန်းတွေနဲ့ မကိုက်ညီဘူးလို့ မိတ်ဆွေတစ်ယောက် သတိပေးလာတဲ့အခါ အစပိုင်းမှာတော့ စိတ်ထိခိုက်မိနိုင်တယ်။ ဒါပေမဲ့ စိတ်မဆိုးပါနဲ့။ မကျေမချမ်း မဖြစ်ပါနဲ့။ ဉာဏ်တိမ်ရာ ရောက်သွားမယ်။ (ဒေ. ၇:၉) အဲဒီအစား သတ္တိရှိရှိ သတိပေးတဲ့အတွက် ကျေးဇူးတင်လိုက်ပါ။
၁၁။ မိတ်ဆွေရဲ့ တည့်မတ်မှုကို ဘာကြောင့် ငြင်းပယ်မိနိုင်သလဲ။
၁၁ မိတ်ဆွေရဲ့ တည့်မတ်မှုကို ဘာကြောင့် ငြင်းပယ်မိနိုင်သလဲ။ မာနစိတ်ကြောင့်ပဲ။ မာနကြီးသူတွေဟာ “ကိုယ်ကြားချင်တာကို” ပဲ နားထောင်ချင်ပြီး “အမှန်တရားကို နားမထောင်” ကြဘူး။ (၂ တိ. ၄:၃၊ ၄) ကိုယ့်အတွေးအခေါ်ပဲ မှန်တယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ “ဘာမှ မဟုတ်ဘဲနဲ့ ကိုယ့်ကိုယ်ကိုယ် အရေးပါသူလို့ ထင်နေရင် ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာပဲ” လို့ တမန်တော် ပေါလု ပြောတယ်။ (ဂလ. ၆:၃) ဘုရင် ရှောလမုန်ကလည်း “ဆင်းရဲပေမဲ့ ဉာဏ်ပညာရှိတဲ့ ကလေးဟာ အသက်ကြီးပေမဲ့ ဉာဏ်တိမ်ပြီး သတိပေးတာကို လက်မခံတတ်တဲ့ ဘုရင်ထက် ပိုသာတယ်” လို့ ရှင်းရှင်းလင်းလင်း ပြောခဲ့တယ်။—ဒေ. ၄:၁၃။
၁၂။ ဂလာတိ ၂:၁၁-၁၄ မှာ ပါတဲ့ တမန်တော် ပေတရုရဲ့ ပုံနမူနာကနေ ဘာသင်ယူရသလဲ။
၁၂ တမန်တော် ပေတရုကို တမန်တော် ပေါလု လူရှေ့သူရှေ့ တည့်မတ်ခဲ့ချိန်အကြောင်း စဉ်းစားကြည့်ပါ။ (ဂလာတိ ၂:၁၁-၁၄ ကိုဖတ်ပါ။) ပေါလု ပြောတဲ့ စကား၊ ပြောဆိုပုံ၊ ပြောတဲ့ အချိန်အခါကြောင့် ပေတရု စိတ်ဆိုးမိနိုင်တယ်။ ဒါပေမဲ့ ပေတရု ပညာရှိတယ်။ အကြံဉာဏ်ကို လက်ခံတယ်။ ပေါလုကို အငြိုးမထားဘူး။ နောက်ပိုင်း၊ ပေါလုကို “ချစ်ရတဲ့ ညီအစ်ကို” လို့တောင် ခေါ်ခဲ့တယ်။—၂ ပေ. ၃:၁၅။
၁၃။ မိတ်ဆွေတစ်ယောက်ကို အကြံပေးဖို့ လိုအပ်လာတဲ့အခါ ဘယ်အချက်တွေကို သတိရသင့်သလဲ။
၁၃ မိတ်ဆွေတစ်ယောက်ကို အကြံပေးဖို့ လိုလာပြီလို့ ထင်တဲ့အခါ ဘယ်အချက်တွေကို သတိရသင့်သလဲ။ အကြံမပေးခင်မှာ “ငါ ‘တရားလွန် ဖြောင့်မတ်’ နေသလား” လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ (ဒေ. ၇:၁၆) တရားလွန် ဖြောင့်မတ်သူဟာ ယေဟောဝါရဲ့ စံနှုန်းအတိုင်း မဟုတ်ဘဲ ကိုယ့်စံနှုန်းအတိုင်း တခြားသူတွေကို မစာမနာ အကဲဖြတ်တတ်တယ်။ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပြီးနောက်မှာတောင် မိတ်ဆွေကို အကြံပေးဖို့ လိုနေတုန်းပဲလို့ ထင်ရင် ပြဿနာက ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြပါ။ မေးခွန်းတွေကို ထိထိရောက်ရောက် သုံးပြီး သူ့အမှားကို မြင်လာအောင် ကူညီပေးပါ။ ကျမ်းစာကို အခြေခံပြီး ပြောပါ။ မိတ်ဆွေဟာ ကိုယ့်ဆီမှာ မဟုတ်ဘဲ ယေဟောဝါဆီမှာ စာရင်းရှင်းရမယ်ဆိုတာ သတိရပါ။ (ရော. ၁၄:၁၀) ကျမ်းစာအကြံဉာဏ်ကို အားကိုးပါ။ ယေရှုရဲ့ သနားစာနာမှုကို တုပပါ။ (ပညာ. ၃:၅။ မ. ၁၂:၂၀) ဘာကြောင့်လဲ။ တခြားသူတွေကို ဆက်ဆံတဲ့ နည်းအတိုင်း ကျွန်တော်တို့ကို ယေဟောဝါ ဆက်ဆံမှာ ဖြစ်လို့ပဲ။—ယာ. ၂:၁၃။
ဘုရားအဖွဲ့အစည်းက ပေးတဲ့ လမ်းညွှန်ချက်ကို လိုက်နာပါ
၁၄။ ဘုရားအဖွဲ့အစည်းက ဘာတွေ ပြင်ဆင်ပေးသလဲ။
၁၄ ကျွန်တော်တို့ အသက်လမ်းပေါ် ဆက်ရှိနေဖို့ အဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာ အပိုင်းကတစ်ဆင့် ယေဟောဝါ လမ်းညွှန်နေတယ်။ အဖွဲ့အစည်းက ပြင်ဆင်ပေးတဲ့ ကျမ်းစာအခြေပြု ဗီဒီယို၊ စာပေ၊ အစည်းအဝေးတွေက ကျမ်းစာအကြံဉာဏ်ကို လိုက်နာဖို့ ကူညီပေးတယ်။ အုပ်ချုပ်ရေးအဖွဲ့ဟာ ဟောပြောခြင်းလုပ်ငန်းကို ဘယ်လို အကောင်းဆုံး စီစဉ်ဆောင်ရွက်မယ်ဆိုတာ ဆုံးဖြတ်တိုင်း သန့်ရှင်းသော စွမ်းအားတော်ကို အားကိုးတယ်။ ဒါတောင် ဆုံးဖြတ်ချက်တွေကို ပုံမှန် ပြန်သုံးသပ်တယ်။ ဘာကြောင့်လဲ။ “ဒီလောကရဲ့ ဇာတ်ကွက် ပြောင်းလဲနေ” တဲ့အတွက် အခြေအနေသစ်တွေနဲ့အညီ အလိုက်သင့် ပြုပြင်ပြောင်းလဲဖို့ လိုအပ်နိုင်လို့ပဲ။—၁ ကော. ၇:၃၁။
၁၅။ ကြေညာသူတချို့ ဘယ်အခက်အခဲ ရင်ဆိုင်ရသလဲ။
၁၅ အဖွဲ့အစည်းက ပေးတဲ့ ကျမ်းစာရှင်းပြချက်အသစ်တွေ၊ ကိုယ်ကျင့်တရားဆိုင်ရာ ကျမ်းစာအခြေပြု ညွှန်ကြားချက်တွေကို ကျွန်တော်တို့ လိုလိုလားလား လက်ခံကြတယ်။ ဒါပေမဲ့ အဖွဲ့အစည်းရဲ့ ပြုပြင်ပြောင်းလဲမှုတွေက ကိုယ့်အသက်တာအပေါ် သက်ရောက်မှု ရှိလာတဲ့အခါ ဘယ်လို တုံ့ပြန်သလဲ။ ဥပမာ၊ မကြာသေးခင် နှစ်တွေမှာ ဝတ်ပြုရာနေရာ ဆောက်လုပ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း ကုန်ကျစရိတ်တွေ မြင့်တက်လာတယ်။ ဒါကြောင့် နိုင်ငံတော်ခန်းမတွေကို တတ်နိုင်သမျှ ပေါင်းသုံးဖို့ အုပ်ချုပ်ရေးအဖွဲ့ ညွှန်ကြားတယ်။ ဒီပြုပြင်ပြောင်းလဲမှုကြောင့် အသင်းတော်တချို့ ပေါင်းလိုက်ရတယ်။ နိုင်ငံတော်ခန်းမတချို့ ရောင်းလိုက်ရတယ်။ ရလာတဲ့ ရန်ပုံငွေကို နိုင်ငံတော်ခန်းမ အလိုအပ်ဆုံး ဒေသတွေမှာ ဆောက်ဖို့ သုံးတယ်။ သင့်ဒေသမှာ ခန်းမတွေ ရောင်းလိုက်တယ်၊ အသင်းတော်တွေ ပေါင်းလိုက်တယ်ဆိုရင် အခြေအနေသစ်နဲ့အညီ ပြုပြင်ပြောင်းလဲဖို့ သင့်အတွက် ခက်နိုင်တယ်။ ကြေညာသူတချို့အတွက် အစည်းအဝေး တက်ဖို့ ပိုဝေးသွားတယ်။ နိုင်ငံတော်ခန်းမ ဆောက်လုပ်ရေး၊ ပြုပြင်ထိန်းသိမ်းရေးမှာ ကြိုးစားပါဝင်ခဲ့သူတွေလည်း ဘာလို့များ ခန်းမ ရောင်းလိုက်ရသလဲဆိုတာ
တွေးပြီး သူတို့ရဲ့ အချိန်တွေ၊ ခွန်အားတွေ အလဟဿ ဖြစ်သွားပြီလို့ ခံစားရနိုင်တယ်။ ဒါပေမဲ့ အစီအစဉ်သစ်နဲ့အညီ ပူးပေါင်းလုပ်ဆောင်ကြလို့ ချီးမွမ်းစရာပါပဲ။၁၆။ ကောလောသဲ ၃:၂၃၊ ၂၄ မှာ ပါတဲ့ အကြံဉာဏ်ကို လိုက်လျှောက်ခြင်းက ဘယ်လိုနည်းနဲ့ ကျွန်တော်တို့ကို ရွှင်လန်းနေစေနိုင်သလဲ။
၁၆ ယေဟောဝါအတွက် လုပ်ဆောင်နေတယ်၊ အဖွဲ့အစည်းကို ဘုရား လမ်းညွှန်နေတယ်ဆိုတာ သတိရမယ်ဆိုရင် ရွှင်လန်းနေနိုင်ပါလိမ့်မယ်။ (ကောလောသဲ ၃:၂၃၊ ၂၄ ကိုဖတ်ပါ။) ဗိမာန်တော် ဆောက်ဖို့ လှူဒါန်းရာမှာ ဘုရင် ဒါဝိဒ် ပုံသက်သေကောင်း ပြခဲ့တယ်။ “ကျွန်တော်နဲ့ ကျွန်တော့်လူတွေဟာ စေတနာအလျောက် ပေးတဲ့ အလှူတွေကို ဒီလောက်အထိ လှူနိုင်စွမ်း မရှိပါဘူး။ အရာခပ်သိမ်းကို ကိုယ်တော့်ဆီက ရထားတာပါ။ ကိုယ်တော် ပေးသနားထားတာတွေကိုပဲ ပြန်ပြီး ပေးလှူနေကြတာပါ” လို့ ပြောတယ်။ (၁ ရာ. ၂၉:၁၄) အလားတူပဲ၊ ကျွန်တော်တို့ လှူဒါန်းတယ်ဆိုတာလည်း ယေဟောဝါ ပေးထားတာတွေထဲကပဲ ပြန်ပေးတာပါ။ ဒါတောင် လုပ်ငန်းကို ထောက်မဖို့ ကျွန်တော်တို့ ပေးတဲ့ အချိန်၊ ခွန်အား၊ ပစ္စည်းဥစ္စာတွေကို ယေဟောဝါ တန်ဖိုးထားတယ်။—၂ ကော. ၉:၇။
လမ်းကျဉ်းပေါ် ဆက်လျှောက်နေပါ
၁၇။ ပြုပြင်ပြောင်းလဲစရာတွေ ရှိတာကို သတိထားမိတဲ့အခါ ဘာကြောင့် စိတ်ဓာတ်မကျသင့်သလဲ။
၁၇ အသက်လမ်းကျဉ်းပေါ် ဆက်ရှိနေနိုင်ဖို့ ကျွန်တော်တို့အားလုံး ယေရှုရဲ့ ခြေရာကို ထက်ကြပ်မကွာ လိုက်လျှောက်ရမယ်။ (၁ ပေ. ၂:၂၁) ကိုယ့်မှာ ပြုပြင်ပြောင်းလဲစရာတွေ ရှိတာကို သတိထားမိတဲ့အခါ စိတ်ဓာတ်မကျပါနဲ့။ ဒါ ကောင်းတဲ့ လက္ခဏာပါ။ ပြောင်းလဲဖို့ လိုမှန်း သိတယ်ဆိုကတည်းက ယေဟောဝါရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်လျှောက်ချင်တယ်ဆိုတဲ့ သဘောပဲ။ ကျွန်တော်တို့ မစုံလင်ဘူးဆိုတာ ယေဟောဝါ သိတယ်။ ယေရှုရဲ့ ပုံနမူနာကို အပြည့်အဝ တုပဖို့ မမျှော်လင့်ဘူး။
၁၈။ ပန်းတိုင် ရောက်ဖို့ ဘာလုပ်ရမလဲ။
၁၈ ရှေ့တည့်တည့်ကိုပဲ ကြည့်ပါ။ ကိုယ့်အတွေး၊ သဘောထား၊ လုပ်ရပ်တွေကို ပြုပြင်ပြောင်းလဲချင်စိတ် ရှိပါ။ (ပညာ. ၄:၂၅။ လု. ၉:၆၂) နှိမ့်ချပါ။ “အမြဲ ရွှင်လန်းကြပါ။ လိုအပ်သလို ပြုပြင်ပြောင်းလဲကြပါ။” (၂ ကော. ၁၃:၁၁) ဒါဆိုရင် “မေတ္တာနဲ့ ငြိမ်သက်ခြင်းရဲ့ အရှင် ဘုရားသခင်က [ကျွန်တော်တို့]နဲ့အတူ ရှိလိမ့်မယ်။” ပန်းတိုင် ရောက်ရုံသာမက ခရီးလမ်းတစ်လျှောက်မှာလည်း ကျွန်တော်တို့ ရွှင်လန်းနေနိုင်ပါလိမ့်မယ်။
သီချင်း ၃၄ သမာဓိရှိရှိ လျှောက်လှမ်းခြင်း
^ အပိုဒ်၊ 5 ကိုယ့်အတွေး၊ သဘောထား၊ လုပ်ရပ်တွေကို ပြုပြင်ပြောင်းလဲဖို့ တချို့အတွက် ခက်နိုင်တယ်။ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ ဘာကြောင့် လိုအပ်ကြောင်း၊ တစ်ချိန်တည်းမှာ ဘယ်လို ရွှင်လန်းနေနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။
^ အပိုဒ်၊ 76 ပုံအညွှန်း– ပညာမဲ့ ဆုံးဖြတ်ချက် ချမိလို့ ဘာဖြစ်ခဲ့ကြောင်း ညီအစ်ကိုငယ် ပြောပြတာကို (ညာဘက်မှာ ရှိတဲ့) သက်ကြီး ညီအစ်ကို ငြိမ်သက်စွာ နားထောင်ရင်း အကြံပေးဖို့ လိုသလားဆိုတာ စဉ်းစားနေ။