မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၄၅

အချင်းချင်း ခိုင်မြဲတဲ့ မေတ္တာ ဆက်ပြနေပါ

အချင်းချင်း ခိုင်မြဲတဲ့ မေတ္တာ ဆက်ပြနေပါ

“အချင်းချင်း​ကို ခိုင်မြဲ​တဲ့ မေတ္တာနဲ့ ကရုဏာ​ထားပြီး ဆက်ဆံ​ကြ။”—ဇာ. ၇:၉

သီချင်း ၁၀၇ မေတ္တာ​စံနမူနာ

အကြို​သုံးသပ်ချက် *

၁-၂။ အချင်းချင်း​ကို ခိုင်မြဲ​တဲ့ မေတ္တာ ပြဖို့ ဘယ်​အကြောင်းကောင်း​တွေ ရှိသလဲ။

အချင်းချင်း ခိုင်မြဲ​တဲ့ မေတ္တာ ပြ​သင့်တဲ့ အကြောင်းကောင်း​တွေ ရှိတယ်။ တချို့က ဘာတွေလဲ။ “ခိုင်မြဲ​တဲ့ မေတ္တာနဲ့ အမှန်တရားကို မစွန့်​ပါ​နဲ့။ . . . ဒါဆိုရင် ဘုရားသခင်​ရှေ့၊ လူရှေ့​မှာ မျက်နှာသာ​ ရပြီး ထိုးထွင်း​ဉာဏ် ရှိလာမယ်။” “သနား​ကြင်နာ​တတ်​သူ [ခိုင်မြဲ​တဲ့ မေတ္တာ ပြ​သူ] ဟာ ကိုယ့်ကိုယ်ကိုယ် ကောင်းကျိုး​ပြု​တယ်။” ‘ဖြောင့်မတ်ခြင်း​နဲ့ ခိုင်မြဲ​တဲ့ မေတ္တာကို လိုက်စား​တဲ့​သူက အသက်ကို ရလိမ့်မယ်’ လို့ ပညာအလိမ္မာကျမ်း​မှာ အဖြေ​ပေးတယ်။—ပညာ. ၃:၃၊ ၄။ ၁၁:၁၇။ ၂၁:၂၁

အဲဒီ​ကျမ်းချက်​တွေ​မှာ ခိုင်မြဲ​တဲ့ မေတ္တာ ပြ​သင့်တဲ့ အကြောင်းရင်း သုံးခု​ကို ဖော်ပြ​ထား​တယ်။ ပထမ၊ ခိုင်မြဲ​တဲ့ မေတ္တာ ပြ​တာ​က ဘုရား​ရှေ့မှာ ကျွန်တော်​တို့ကို တန်ဖိုး​ရှိစေတယ်။ ဒုတိယ၊ ခိုင်မြဲ​တဲ့ မေတ္တာ ပြ​ခြင်း​အားဖြင့် ကိုယ်တိုင် အကျိုး​ရတယ်။ ဥပမာ၊ တခြား​သူတွေနဲ့ မိတ်ဆွေ​နှောင်ကြိုး ခိုင်မြဲ​မယ်။ တတိယ၊ ခိုင်မြဲ​တဲ့ မေတ္တာ ပြ​ရင် ထာဝရ​အသက် အပါအဝင် တခြား အနာဂတ် ကောင်းချီး​တွေ ရမယ်။ ဒါ​ကြောင့် “အချင်းချင်း​ကို ခိုင်မြဲ​တဲ့ မေတ္တာနဲ့ ကရုဏာ​ထားပြီး ဆက်ဆံ​ကြ” ဆို​တဲ့ သတိပေး​ချက်​ကို လိုက်နာ​ဖို့ အကြောင်းကောင်း​တွေ ရှိပါတယ်။—ဇာ. ၇:၉

၃။ ဒီ​ဆောင်းပါး​မှာ ဘယ်​မေးခွန်းတွေကို ဆွေးနွေး​ကြ​မလဲ။

မေးခွန်း လေးခု​ရဲ့ အဖြေကို ဒီ​ဆောင်းပါး​မှာ ဆွေးနွေးပါ​မယ်။ ဘယ်သူတွေကို ခိုင်မြဲ​တဲ့ မေတ္တာ ပြ​သင့်သလဲ။ ခိုင်မြဲ​တဲ့ မေတ္တာ​အကြောင်း ရုသ​ကျမ်း​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။ ဒီနေ့​အချိန်​မှာ ခိုင်မြဲ​တဲ့ မေတ္တာ ဘယ်လို ပြ​နိုင်​သလဲ။ ခိုင်မြဲ​တဲ့ မေတ္တာ ပြ​သူတွေ ဘယ်လို အကျိုး​ရမလဲ။

ဘယ်သူတွေကို ခိုင်မြဲ​တဲ့ မေတ္တာ ပြ​သင့်သလဲ

၄။ ခိုင်မြဲ​တဲ့ မေတ္တာ ပြ​ရာ​မှာ ယေဟောဝါ​ကို ဘယ်လို တုပ​နိုင်​သလဲ။ (မာကု ၁၀:၂၉၊ ၃၀)

ရှေ့​ဆောင်းပါး​မှာ သိခဲ့ရတဲ့​အတိုင်း ယေဟောဝါ​က မိမိကို ချစ်​ပြီး ဝတ်ပြု​သူတွေကို ခိုင်မြဲ​တဲ့ မေတ္တာ ပြ​တယ်။ (ဒံ. ၉:၄) ‘ဘုရားသခင်​ ချစ်​ရတဲ့ သားသမီးတွေ ဖြစ်​နေတဲ့​အတွက် ဘုရားသခင်​ကို ကျွန်တော်​တို့ အတုယူ’ ချင်​ကြတယ်။ (ဧ. ၅:၁) ဒါ​ကြောင့် ညီအစ်ကို/မ​တွေ​ကို ခိုင်မြဲ​တဲ့ မေတ္တာ ပြဖို့ လိုတယ်။မာကု ၁၀:၂၉၊ ၃၀ ကို ဖတ်ပါ။

၅-၆။ လူအားလုံးကို ပြ​တဲ့ သာမန်​မေတ္တာနဲ့ ခိုင်မြဲ​တဲ့ မေတ္တာ ဘယ်လို ကွာခြား​သလဲ။

ခိုင်မြဲ​တဲ့ မေတ္တာရဲ့ အဓိပ္ပာယ်​ကို ပို​နားလည်​လေ ညီအစ်ကို/မ​တွေ​ကို ပို​မေတ္တာ ပြ​နိုင်​လေ ဖြစ်​မယ်။ အဲဒီလို ပို​နားလည်​ဖို့ ခိုင်မြဲ​တဲ့ မေတ္တာနဲ့ လူအားလုံးကို ပြ​တဲ့ သာမန်​မေတ္တာ ဘယ်လို ကွာခြား​ကြောင်း နှိုင်းယှဉ်​ကြည့်​ကြ​စို့။ ဥပမာတစ်ခု သုံးသပ်ကြည့်​ပါ။

 တမန်တော် ပေါလု​နဲ့ လူ​တစ်စု​ဟာ မော်လတာကျွန်း​နား​မှာ သင်္ဘော​ပျက်​ဘေး​နဲ့ ကြုံ​တယ်။ ကျွန်းသား​တွေ​က မိမိတို့​နဲ့ မ​ရင်းနှီး၊ မသိကျွမ်းတဲ့ သူစိမ်းတွေကို ဧည့်ဝတ်ပြု​ပြီး မေတ္တာပြ​ခဲ့​ကြတယ်။ (တ. ၂၈:၂၊) သူတို့ရဲ့ ဧည့်ဝတ်ပြုမှု​ဟာ လိုအပ်​နေတဲ့ သူစိမ်းတွေကို ကြင်နာ​မှု​ ပြ​တဲ့ လုပ်ရပ် ဖြစ်တယ်။ ဒါဟာ လူအားလုံးကို ပြ​တဲ့ သာမန်​မေတ္တာ ဖြစ်​ပြီး ခိုင်မြဲ​တဲ့ မေတ္တာ မဟုတ်ဘူး။

၇-၈။ (က) ခိုင်မြဲ​တဲ့ မေတ္တာ ဘာကြောင့် ပြ​တာလဲ။ (ခ) ရုသ​ကျမ်း​ကို ဘာကြောင့် ဆွေးနွေး​ကြ​မလဲ။

 စာပိုဒ် ၆ မှာ ဆွေးနွေး​ခဲ့​တဲ့ လူအားလုံးကို ပြတဲ့ သာမန်​မေတ္တာနဲ့ ခိုင်မြဲ​တဲ့ မေတ္တာရဲ့ ခြားနား​ချက်​ကတော့ စိတ်ရင်း​ပဲ။ ကျမ်းစာ​ခေတ်​က ဘုရား​ကျေးကျွန်​တွေ ဘာကြောင့် ခိုင်မြဲ​တဲ့ မေတ္တာ ပြ​ခဲ့​သလဲ။ တာဝန် ရှိလို့ မဟုတ်ဘဲ နှလုံးသား​ရဲ့ စေ့ဆော်မှု​ကြောင့် ချစ်​လို့ ပြ​ခဲ့​တာ။ ဒါဝိဒ်​အကြောင်း စဉ်းစား​ကြည့်​ပါ။ ဒါဝိဒ်​ကို မိတ်ဆွေ ယောနသန်ရဲ့ ဖခင် သတ်ချင်​နေတာ​တောင် ယောနသန်​ကို ဒါဝိဒ် ချစ်​လို့ ခိုင်မြဲ​တဲ့ မေတ္တာ ပြ​တယ်။ ယောနသန် သေဆုံး​ပြီး နှစ်ပေါင်း​များစွာ အကြာမှာ​တောင် ယောနသန်ရဲ့ သား မေဖိဗောရှက်​ကို ခိုင်မြဲ​တဲ့ မေတ္တာ ဆက်​ပြ​တယ်။—၁ ရှ. ၂၀:၉၊ ၁၄၊ ၁၅။ ၂ ရှ. ၄:၄။ ၈:၁၅။ ၉:၁၊ ၆၊ ၇

ရုသ​ကျမ်း​ကနေ ခိုင်မြဲ​တဲ့ မေတ္တာ​အကြောင်း များစွာ သင်ယူနိုင်တယ်။ ရုသ​ကျမ်း​ထဲ​က ဇာတ်ကောင်​တွေ​ဆီကနေ ခိုင်မြဲ​တဲ့ မေတ္တာ​အကြောင်း ဘာ​သင်ယူ​နိုင်​သလဲ။ အသင်းတော်မှာ ဘယ်လို လက်တွေ့​ကျင့်သုံး​နိုင်​သလဲ။ *

ခိုင်မြဲ​တဲ့ မေတ္တာ​အကြောင်း ရုသ​ကျမ်း​ကနေ ဘာ​သင်ယူ​နိုင်​သလဲ

၉။ ယေဟောဝါ ဒဏ်ခတ်​တယ်လို့ နောမိ ဘာကြောင့် ခံစား​ရသလဲ။

ရုသ​ကျမ်း​မှာ နောမိ၊ ချွေး​မ ရုသ၊ ဗောဇ​အကြောင်း ဖတ်​ရတယ်။ ဗောဇ​ဟာ နောမိ​ရဲ့ ခင်ပွန်း​နဲ့ ဆွေမျိုး​တော်​ပြီး ဘုရား​ကို ကြောက်ရွံ့​သူ ဖြစ်တယ်။ အစ္စရေး​ပြည်​မှာ အငတ်ဘေး ဆိုက်​လို့ နောမိ၊ ခင်ပွန်း​နဲ့ သား​နှစ်ယောက် မောဘ​ပြည်​ကို ပြောင်း​သွား​ကြတယ်။ မောဘ​ပြည်​မှာ ခင်ပွန်း သေဆုံး​သွားတယ်။ သား​နှစ်ယောက် အိမ်ထောင်ကျ​တယ်။ နောက်ပိုင်း၊ သား​နှစ်ယောက်စလုံး သေဆုံး​သွားတယ်။ (ရု. ၁:၃-၅။ ၂:၁) အဲဒီ​အဖြစ်ဆိုး​တွေ​ကြောင့် နောမိ သိပ်​စိတ်ဓာတ်ကျ​တယ်။ ယေဟောဝါ ဒဏ်ခတ်​တယ်လို့​တောင် ခံစား​ခဲ့​ရတယ်။ ‘ယေဟောဝါ​ဘုရား​က အမေ့ကို ဒဏ်ခတ်​တယ်၊’ ‘ကျွန်မ​ဘဝမှာ ခါးသီး​တဲ့​ ဒုက္ခတွေ ကြုံ​ရအောင် အနန္တ​ တန်ခိုးရှင် ခွင့်ပြု​တယ်၊’ “ကျွန်မ​ကို ယေဟောဝါ​ဘုရား ဒဏ်ခတ်​ပြီ။ အနန္တ​ တန်ခိုးရှင်​က ကျွန်မ​ကို ဒုက္ခ​ရောက်​စေပြီ” လို့ ပြော​တယ်။—ရု. ၁:၁၃၊ ၂၀၊ ၂၁

၁၀။ နောမိ​ရဲ့ ပြစ်တင်​စကား​ကို ယေဟောဝါ ဘယ်လို တုံ့ပြန်​သလဲ။

၁၀ နောမိ​ရဲ့ ပြစ်တင်​စကား​ကို ယေဟောဝါ ဘယ်လို တုံ့ပြန်​သလဲ။ နောမိ​ကို မစွန့်​ဘူး။ အဲဒီအစား စာနာမှု ပြ​တယ်။ “ဖိနှိပ်မှု​က ဉာဏ်ပညာ​ရှိသူ​ကို ရူး​စေနိုင်​တယ်” ဆိုတာ ယေဟောဝါ နားလည်တယ်။ (ဒေ. ၇:၇) မိမိ​ဘေးမှာ ယေဟောဝါ ရှိကြောင်း နောမိ နားလည်​ဖို့ အကူအညီ လို​နေတယ်။ ဘုရား ဘယ်လို ကူညီ​ပေး​သလဲ။ (၁ ရှ. ၂:၈) နောမိ​ကို ခိုင်မြဲ​တဲ့ မေတ္တာ ပြဖို့ ရုသ​ကို ဘုရား လှုံ့ဆော်​ပေးတယ်။ စိတ်အား ပြန်​တက်လာ​ဖို့၊ ယေဟောဝါ ချစ်​နေဆဲပဲ​ဆိုတာ နားလည်​ဖို့ နောမိ​ကို ရုသ ကြင်ကြင်နာနာ ကူညီ​ပေးတယ်။ ရုသ​ဆီကနေ ဘာ​သင်ယူ​နိုင်​သလဲ။

၁၁။ စိတ်ဓာတ်​ကျနေ​သူတွေကို ကြင်နာ​မှု ရှိတဲ့ ညီအစ်ကို/မ​တွေ ဘာကြောင့် ကူညီ​ပေး​ကြသလဲ။

၁၁ ဒုက္ခ​ရောက်​သူတွေကို ကူညီ​ပေးဖို့ ခိုင်မြဲ​တဲ့ မေတ္တာက လှုံ့ဆော်​ပေးတယ်။ နောမိ​ကို ရုသ မစွန့်​သလို ဒီနေ့လည်း ကြင်နာ​မှု ရှိတဲ့ ညီအစ်ကို/မ​တွေ​ဟာ စိတ်ဓာတ်​ကျနေ​သူတွေကို စွန့်​မသွား​ဘူး။ အတတ်နိုင်ဆုံး ဆက်​ကူညီ​ပေး​ကြတယ်။ ညီအစ်ကို/မ​တွေ​ကို သူတို့ ချစ်​ကြတယ်။ (ပညာ. ၁၂:၂၅။ ၂၄:၁၀) တမန်တော် ပေါလု​လည်း “စိတ်ဓာတ်​ကျနေ​သူတွေကို ကြင်ကြင်နာနာ ပြော​ဖို့၊ အားနည်း​သူတွေကို ထောက်မ​ပေးဖို့၊ လူတိုင်းကို စိတ်ရှည်​ဖို့” အားပေးထား​တယ်။—၁ သက်. ၅:၁၄

စိတ်ဓာတ်​ကျနေ​တဲ့ ညီအစ်ကို/မ​တွေ ပြော​တာ​ကို နားထောင်​ပေးခြင်း​အားဖြင့် ကူညီ​ပေး​နိုင် (စာပိုဒ် ၁၂ ကို ကြည့်​ပါ)

၁၂။ စိတ်ဓာတ်​ကျနေ​တဲ့ ညီအစ်ကို/မ​တွေ​ကို ကူညီ​ပေး​နိုင်​တဲ့ အထိရောက်ဆုံး​နည်း​က ဘာလဲ။

၁၂ စိတ်ဓာတ်​ကျနေ​တဲ့ ညီအစ်ကို/မ​တွေ​ကို ကူညီ​ပေး​နိုင်​တဲ့ အထိရောက်ဆုံး​ နည်း​က​တော့ သူတို့​ ပြော​တာ​ကို နားထောင်ခြင်း၊ သူတို့ကို ချစ်​ကြောင်း စိတ်ချ​စေခြင်း​အားဖြင့်​ပါ​ပဲ။ မိမိရဲ့ အဖိုးတန် သိုး​တွေ​ကို ဂရုစိုက်​ပေး​တာ ဘုရား သတိ​မထားမိဘဲ မနေဘူး။ (ဆာ. ၄၁:၁) “နိမ့်ကျ​သူကို မျက်နှာသာ​ပေး​တဲ့​သူဟာ ယေဟောဝါ​ကို ချေးငှား​ပေး​တဲ့​သူပဲ။ သူ့​လုပ်ရပ်​အတွက် ဘုရား ပြန်​ဆပ်ပေး​လိမ့်မယ်” လို့ ပညာအလိမ္မာ ၁၉:၁၇ မှာ ပြော​တယ်။

မောဘ​ပြည်​ကို ဩ​ရ​ပ ပြန်သွား​ပေမဲ့ ရုသ​က​တော့ ယောက္ခမ နောမိ​နဲ့ ဆက်နေ​ပြီး “အမေ​ သွားတဲ့ နေရာကို ကျွန်မ​ လိုက်မယ်” လို့ ပြော (စာပိုဒ် ၁၃ ကို ကြည့်ပါ)

၁၃။ ရုသ​နဲ့ ဩ​ရ​ပ ဘာကွာ​သလဲ။ နောမိ​ကို ခိုင်မြဲ​တဲ့ မေတ္တာ ပြဖို့ ရုသ ဘာကြောင့် ဆုံးဖြတ်​သလဲ။ (မျက်နှာဖုံး​ပုံ​ကို ကြည့်​ပါ။)

၁၃ ခင်ပွန်း​နဲ့ သား​နှစ်ယောက် သေဆုံး​ပြီး​နောက် နောမိ ဘာဆက်​ဖြစ်တယ်​ဆိုတာ လေ့လာခြင်း​ကနေ ခိုင်မြဲ​တဲ့ မေတ္တာ​အကြောင်း ထပ်​သိနိုင်တယ်။ “ယေဟောဝါ​က မိမိ​လူမျိုးကို အစာရေစာ ​ပေး​ပြီး ပြန်​ဂရုစိုက်​နေပြီ” ဆို​တဲ့ သတင်း နောမိ ကြား​တဲ့​အခါ ပြန်​ဖို့ ဆုံးဖြတ်​လိုက်တယ်။ (ရု. ၁:၆) အစပိုင်း​မှာ ချွေး​မ​ နှစ်ယောက်စလုံး လိုက်​လာတယ်။ ဒါပေမဲ့ လမ်းမှာ မောဘ​ပြည်​ကို ပြန်​ဖို့ ချွေး​မ​တွေ​ကို နောမိ သုံးကြိမ်​တိတိ တိုက်တွန်း​တဲ့​အခါ “ဩ​ရ​ပ​က ယောက္ခမ​ကို နမ်း​ပြီး ထွက်သွား​တယ်။ ရုသ​က​တော့ အနား​ကနေ မခွာ​ဘူး။” (ရု. ၁:၇-၁၄) နောမိ ပြော​တဲ့​အတိုင်း ဩ​ရ​ပ အိမ်​ပြန်​သွားတယ်။ ရုသ​က​တော့ အိမ်​ပြန်သွား​လို့ ရပေမဲ့ နောမိ​အပေါ် ခိုင်မြဲ​တဲ့ မေတ္တာ ရှိလို့ ဆက်​နေဖို့ ဆုံးဖြတ်​လိုက်တယ်။ (ရု. ၁:၁၆၊ ၁၇) ဒါဟာ တာဝန် ရှိလို့ မဟုတ်ဘဲ ချစ်​လို့ ဖြစ်တယ်။ နောမိ​ကို ရုသ ခိုင်မြဲ​တဲ့ မေတ္တာ ဆက်​ပြ​တယ်။ ဘာ​သင်ခန်းစာ ရသလဲ။

၁၄။ (က) ဒီနေ့​ခေတ် မေတ္တာ​ရှိ ညီအစ်ကို/မ​တွေ ဘာလုပ်​နေကြ​သလဲ။ (ခ) ဟီဘရူး ၁၃:၁၆ အရ ဘယ်​ပူဇော်သက္ကာ​တွေ​ကို ဘုရား နှစ်သက်​သလဲ။

၁၄ ခိုင်မြဲ​တဲ့ မေတ္တာက မျှော်လင့်​တာ​ထက်မက လုပ်ဆောင်ဖို့ လှုံ့ဆော်​ပေးတယ်။ အရင်ကလို​ပဲ ဒီနေ့လည်း ညီအစ်ကို/မများ​စွာ​ဟာ လူ​ချင်း မသိ​ရင်တောင် အချင်းချင်း ခိုင်​မြဲ​တဲ့ မေတ္တာ ပြ​နေကြတယ်။ ဥပမာ၊ သဘာဝဘေး ကျရောက်တဲ့​အခါ ဘယ်လို ကူညီ​ပေး​နိုင်​မလဲ​ဆိုတာ သိချင်​ကြတယ်။ အသင်းတော်မှာ တစ်ယောက်ယောက် အခက်အခဲ ကြုံနေ​ရင် လက်တွေ့ကျကျ ချက်ချင်း ကူညီ​ပေး​ကြတယ်။ ပထမ​ရာစု မက်ဆီဒိုးနီးယား​က ခရစ်ယာန်​တွေ​လို​ပဲ မျှော်လင့်​ထား​တာ​ထက်မက ပို​လုပ်ဆောင်နေ​ကြတယ်။ စွန့်လွှတ်​အနစ်နာခံ​ပြီး ကူညီ​နေကြတယ်။ နွမ်းပါး​တဲ့ ညီအစ်ကို/မ​တွေ​အတွက် “တတ်နိုင်​တာ​ထက် ပိုပြီး ပေးလှူ” နေကြတယ်။ (၂ ကော. ၈:၃) ဒီလို မေတ္တာပြ​တာ​ကို ယေဟောဝါ သိပ်​နှစ်သက်မှာ​ပဲ။ဟီဘရူး ၁၃:၁၆ ကို ဖတ်ပါ။

ဒီနေ့​ခေတ်​မှာ ခိုင်မြဲ​တဲ့ မေတ္တာ ဘယ်လို ပြ​နိုင်​သလဲ

၁၅-၁၆။ လက်မလျှော့​ကြောင်း ရုသ ဘယ်လို ပြသ​လဲ။

၁၅ နောမိ​ကို ရုသ ကူညီ​ပေး​ပုံ​ကနေ သင်ခန်းစာ​များစွာ သင်ယူနိုင်တယ်။ တချို့​ကို သုံးသပ်ကြည့်​ရအောင်။

၁၆ လက်မလျှော့​ပါ​နဲ့။ ယောက္ခမနဲ့​အတူ ယုဒပြည်ကို ရုသ လိုက်​လာတဲ့အခါ အစပိုင်း​မှာ နောမိ လက်မခံ​ဘူး။ ဒါပေမဲ့ ရုသ လက်မလျှော့​ဘူး။ ရလဒ်အနေနဲ့ “ရုသ မရမက လိုက်မယ်​ဆိုတာ နောမိ သိ​သွားတော့ ထပ်​မဖျောင်းဖျတော့​ဘူး။”—ရု. ၁:၁၅-၁၈

၁၇။ လွယ်လွယ်နဲ့ လက်မလျှော့​ဖို့ ဘာက ကူညီ​ပေး​မလဲ။

၁၇ ကျင့်သုံး​နိုင်​ပုံ– စိတ်ဓာတ်​ကျနေ​သူတွေကို ကူညီ​ဖို့ စိတ်ရှည်မှု လိုတယ်။ သူတို့ကို လက်မလျှော့​သင့်ဘူး။ အကူအညီ လို​နေတဲ့ ညီအစ်မ​တစ်ယောက်ဟာ အစပိုင်း​မှာ အကူအညီကို ငြင်း​နိုင်တယ်။ * ဒါပေမဲ့ အတတ်နိုင်ဆုံး ကူညီ​ပေးဖို့ ခိုင်မြဲ​တဲ့ မေတ္တာက လှုံ့ဆော်ပေး​ပါ​လိမ့်မယ်။ (ဂလ. ၆:၂) နောက်ပိုင်း၊ ကျွန်တော်​တို့​ရဲ့ ကူညီ​နှစ်သိမ့်မှု​ကို လက်ခံ​လာမယ်လို့ မျှော်လင့်​နိုင်​ပါ​တယ်။

၁၈။ ရုသ ဘာကြောင့် စိတ်ထိခိုက်​မိ​နိုင်​သလဲ။

၁၈ လွယ်လွယ်နဲ့ စိတ်မဆိုး​ပါ​နဲ့။ ဘက်သလီဟင်​မြို့ကို နောမိ​နဲ့ ရုသ ရောက်​ပြီး အိမ်နီးချင်းတွေ​နဲ့ တွေ့​တော့ နောမိ​က “ဒီကနေ​ ထွက်သွား​တုန်း​က ကျွန်မ​မှာ ပြည့်ပြည့်စုံစုံ ရှိခဲ့တယ်။ အခုတော့ ယေဟောဝါ​ဘုရား​က ကျွန်မ​ကို လက်ဗလာ​နဲ့ ပြန်ပို့​လိုက်ပြီ” လို့ ပြော​တယ်။ (ရု. ၁:၂၁) ဒီ​စကား​တွေ ကြား​တဲ့​အခါ ရုသ ဘယ်လို ခံစား​ရမယ်ဆိုတာ စဉ်းစား​ကြည့်​ပါ။ နောမိ​ကို အတတ်နိုင်ဆုံး ကူညီ​ပေးတယ်။ နောမိ​နဲ့​အတူ ငိုကြွေး​တယ်။ နှစ်သိမ့်​ပေးတယ်။ ရက်ပေါင်း​များစွာ အတူ လမ်းလျှောက်​ခဲ့တယ်။ ဒါတောင် “ယေဟောဝါ​ဘုရား​က ကျွန်မ​ကို လက်​ဗလာ​နဲ့ ပြန်ပို့​လိုက်ပြီ” လို့ နောမိ ပြော​တယ်။ ဘေးမှာ ရပ်နေတဲ့ ရုသရဲ့ အကူအညီကို အသိအမှတ်​တောင် မပြုဘူး။ ရုသ တော်​တော် စိတ်ထိခိုက်​မိ​မှာပဲ။ ဒါပေမဲ့ နောမိ​ကို စွန့်​မသွား​ဘူး။

၁၉။ စိတ်ဓာတ်​ကျနေ​သူကို စွန့်​မသွားဖို့ ဘာက ကူညီ​ပေး​မလဲ။

၁၉ ကျင့်သုံး​နိုင်​ပုံ– ဒီနေ့လည်း စိတ်ဓာတ်​ကျနေ​တဲ့ ညီအစ်မ​ကို အတတ်နိုင်ဆုံး ကူညီ​ပေး​နေတဲ့​ကြား ကျွန်တော်​တို့ စိတ်​ထိခိုက်အောင် ပြော​လာနိုင်တယ်။ ဒါပေမဲ့ လွယ်လွယ်နဲ့ စိတ်မဆိုး​ပါ​နဲ့။ အကူအညီ လို​နေတဲ့ ညီအစ်မ​ကို စွန့်​မသွား​ပါ​နဲ့။ သူ့ကို နှစ်သိမ့်​ပေး​နိုင်​တဲ့ နည်းလမ်း ရှာတွေ့​နိုင်အောင် ယေဟောဝါ​ဆီ အကူအညီ တောင်း​ပါ။—ပညာ. ၁၇:၁၇

ဗောဇ​ကို ဒီနေ့​ခေတ် ခရစ်ယာန် အကြီးအကဲ​တွေ ဘယ်လို တုပ​နိုင်​သလဲ (စာပိုဒ် ၂၀-၂၁ ကို ကြည့်​ပါ)

၂၀။ ရုသ ရှေ့ဆက်​ဖို့ ဘာကြောင့် အားရှိ​လာသလဲ။

၂၀ လိုအပ်​တဲ့​အချိန်​မှာ အားပေး​စကား ပြောပါ။ နောမိ​ကို ရုသ ခိုင်မြဲ​တဲ့ မေတ္တာ ပြ​ပေမဲ့ ရုသ​ကိုယ်တိုင် အားပေးမှု လိုအပ်​နေတယ်။ ရုသ​ကို အားပေးဖို့ ဗောဇ​ကို ယေဟောဝါ လှုံ့ဆော်​ပေးတယ်။ “သမီး လုပ်ခဲ့တာ​တွေ​အတွက် ယေဟောဝါ​ဘုရား ဆု​ချပါ​စေ။ သမီး​က အစ္စရေး​တို့​ရဲ့​ ဘုရား ယေဟောဝါရဲ့ အတောင်​အောက်မှာ ခိုလှုံ​တဲ့​အတွက် ဘုရား​ဆီကနေ ပြီးပြည့်စုံ​တဲ့​ဆု ရ​ပါစေ” လို့ ရုသ​ကို ဗောဇ ပြော​တယ်။ ရုသ တော်​တော် စိတ်အားတက်​သွားမှာပဲ။ ‘သခင်​က ကျွန်မ​ကို နှစ်သိမ့်​ပေး​ပြီး အားပေး​စကားပြော​တယ်’ လို့ ရုသ ပြော​တယ်။ (ရု. ၂:၁၂၊ ၁၃) လိုအပ်​ချိန်မှာ ပြော​တဲ့ ဗောဇ​ရဲ့ အားပေး​စကား​ကြောင့် ရုသ ရှေ့ဆက်​ဖို့ အားရှိ​လာတယ်။

၂၁။ ဟေရှာယ ၃၂:၁၊ ၂ အရ အကြီးအကဲ​တွေ ဘာလုပ်ရမလဲ။

၂၁ ကျင့်သုံး​နိုင်​ပုံ– တခြား​သူတွေကို ခိုင်မြဲ​တဲ့ မေတ္တာ ပြ​သူတွေ​ကိုယ်တိုင် တစ်ခါ​တလေ အားပေးမှု လိုအပ်​နိုင်တယ်။ ရုသရဲ့ ကြင်နာ​တဲ့ လုပ်ရပ်​ကို ဗောဇ သတိပြုမိ​ကြောင်း ချီးမွမ်း​သလို ဒီနေ့​ခေတ် အကြီးအကဲ​တွေ​လည်း တခြား​သူတွေကို ကူညီ​ပေး​နေတဲ့ ညီအစ်ကို/မ​တွေ​ကို ချီးမွမ်း​ကြတယ်။ အဲဒီလို လိုအပ်​တဲ့​အချိန်​မှာ ပြော​တဲ့ ချီးမွမ်း​စကား​တွေ​က ရှေ့ဆက်​ဖို့ အားရှိစေတယ်။ဟေရှာယ ၃၂:၁၊ ၂ ကို ဖတ်ပါ။

ခိုင်မြဲ​တဲ့ မေတ္တာ ပြ​သူတွေ ဘယ်လို အကျိုး​ရမလဲ

၂၂-၂၃။ နောမိ​ရဲ့ သဘောထား ဘယ်လို ပြောင်း​သွား​သလဲ။ ဘာကြောင့်လဲ။ (ဆာလံ ၁၃၆:၂၃၊ ၂၆)

၂၂ ရုသ​နဲ့ နောမိ​အတွက် ဗောဇ စားစရာ​တွေ ရက်ရက်ရောရော ပေးတယ်။ (ရု. ၂:၁၄-၁၈) ဗောဇ​ရဲ့ ရက်ရောမှု​ကို နောမိ ဘယ်လို တုံ့ပြန်​သလဲ။ “အသက်ရှင်​သူ၊ သေလွန်​သူတွေကို ခိုင်မြဲ​တဲ့ မေတ္တာ​ ပြဖို့ မပျက်ကွက်​တဲ့ ယေဟောဝါ​ဘုရား​က သူ့ကို ကောင်းချီး​ပေး​ပါစေ” လို့ ပြော​တယ်။ (ရု. ၂:၂၀) နောမိ​ရဲ့ သဘောထား ပြောင်းလဲ​သွားပြီ။ အစပိုင်း​မှာ ‘ယေဟောဝါ​ဘုရား ဒဏ်ခတ်​တယ်’ လို့ နာကျင်​ကြေကွဲစွာ ပြော​ခဲ့​ပေမဲ့ အခုတော့ ‘ယေဟောဝါ​ဘုရား​က ခိုင်မြဲ​တဲ့ မေတ္တာ​ ပြဖို့ မပျက်ကွက်​ဘူး’ လို့ ဝမ်းသာစွာ ပြော​တယ်။ ဘာကြောင့် ဒီလို သဘောထား ပြောင်း​သွားတာ​လဲ။

၂၃ နောက်ဆုံး​မှာ ယေဟောဝါရဲ့ အကူအညီကို နောမိ မြင်​လာတယ်။ ယုဒပြည်​ကို ပြန်​တဲ့ ခရီးစဉ်​တစ်လျှောက် ရုသ​ကို သုံးပြီး နောမိ​ကို ယေဟောဝါ ကူညီ​ပေးတယ်။ (ရု. ၁:၁၆) “ပြန်​ဝယ်​ခွင့်​ ရှိသူ” ဗောဇ​က အမျိုးသမီး​ နှစ်ယောက်ကို ရက်ရက်ရောရော ကူညီ​ပေး​ချိန်မှာ​လည်း ယေဟောဝါရဲ့ အကူအညီကို နောမိ ခံစား​ရတယ်။ * (ရု. ၂:၁၉၊ ၂၀) ‘ယေဟောဝါ ငါ့ကို မစွန့်​မှန်း၊ တစ်ချိန်​လုံး ငါ​နဲ့​အတူ ရှိနေမှန်း အခုတော့ သိပြီ’ လို့ နောမိ တွေးမိ​မှာပဲ။ (ဆာလံ ၁၃၆:၂၃၊ ၂၆ ကို ဖတ်ပါ။) မိမိကို မစွန့်​လို့ ရုသ​နဲ့ ဗောဇ​ကို နောမိ သိပ်​ကျေးဇူး​တင်​နေမှာ​ပဲ။ သုံးယောက်စလုံး အလွန်​ ပျော်ရွှင်​နေကြ​မှာ မြင်ယောင်​ကြည့်​နိုင်​ပါ​တယ်။

၂၄။ ညီအစ်ကို/မ​တွေ​ကို ဘာကြောင့် ခိုင်မြဲ​တဲ့ မေတ္တာ ဆက်​ပြ​သင့်သလဲ။

၂၄ ရုသ​ကျမ်း​ကနေ ခိုင်မြဲ​တဲ့ မေတ္တာ​အကြောင်း ဘာ​သိရသလဲ။ စိတ်ဓာတ်​ကျနေ​တဲ့ ညီအစ်ကို/မ​တွေ​ကို လွယ်လွယ်နဲ့ လက်မလျှော့​ဖို့ ခိုင်မြဲ​တဲ့ မေတ္တာက လှုံ့ဆော်​ပေးတယ်။ စွန့်လွှတ်​အနစ်နာခံ​ပြီး ကူညီ​ပေးဖို့​လည်း လှုံ့ဆော်​ပေးတယ်။ အကြီးအကဲ​တွေ​အနေ​နဲ့ ခိုင်မြဲ​တဲ့ မေတ္တာ ပြ​နေသူတွေကို လိုအပ်​တဲ့​အချိန်​မှာ အားပေးဖို့ လိုတယ်။ အကူအညီ လို​နေ​သူတွေ ခွန်အား ပြန်​ရှိလာ​တာ မြင်ရတဲ့​အခါ ကျွန်တော်​တို့ သိပ်​ဝမ်းသာ​ကြတယ်။ (တ. ၂၀:၃၅) ခိုင်မြဲ​တဲ့ မေတ္တာ ဆက်​ပြ​သင့်တဲ့ အဓိက အကြောင်းရင်း​က​တော့ ‘ခိုင်မြဲ​တဲ့​ မေတ္တာ ကြီးမား​တဲ့​ ဘုရား’ ယေဟောဝါ​ကို တုပ​ချင်​လို့၊ ဘုရား နှစ်သက်မှု ရ​ချင်​ကြ​လို့​ပါ​ပဲ။—ထွ. ၃၄:၆။ ဆာ. ၃၃:၂၂

သီချင်း ၁၃၀ ခွင့်လွှတ်​တတ်ကြ​ပါ

^ အပိုဒ်၊ 5 အသင်းတော်မှာ ရှိတဲ့ ညီအစ်ကို/မ အချင်းချင်း ခိုင်မြဲ​တဲ့ မေတ္တာ ပြဖို့ ယေဟောဝါ အလိုရှိတယ်။ ရှေးခေတ် ဘုရား​ကျေးကျွန်​တချို့ ခိုင်မြဲ​တဲ့ မေတ္တာ ဘယ်လို ပြကြောင်း ဆန်းစစ်ခြင်း​ကနေ ဒီ​အရည်အသွေး​အကြောင်း ပို​နားလည်​လာမယ်။ ဒီ​ဆောင်းပါး​မှာ ရုသ၊ နောမိ၊ ဗောဇ​ရဲ့ ပုံ​နမူနာ​ကနေ ဘာ​သင်ယူ​နိုင်​ကြောင်း ဆွေးနွေးပါ​မယ်။

^ အပိုဒ်၊ 8 ဒီ​ဆောင်းပါး​ကနေ အကျိုး အပြည့်အဝ ရအောင် ရုသ အခန်းကြီး ၁ နဲ့ ကို ဖတ်​ဖို့ အားပေးပါ​တယ်။

^ အပိုဒ်၊ 17 နောမိ​အကြောင်း ဆွေးနွေး​နေတာ ဖြစ်လို့ အကူအညီ လို​နေတဲ့ ညီအစ်မ​တွေ​ကို အလေးပေး​ဖော်ပြ​ပေမဲ့ ညီအစ်ကို​တွေ​နဲ့​လည်း သက်ဆိုင်​ပါ​တယ်။

^ အပိုဒ်၊ 23 ပြန်​ဝယ်​ခွင့်​ ရှိသူ ဗောဇ​အကြောင်း ထပ်​သိချင်ရင် ၂၀၁၂၊ အောက်တိုဘာ ၁ ရက်ထုတ် ကင်းမျှော်စင် “သူတို့ရဲ့ ယုံကြည်ခြင်းကို တုပ​ပါ—‘မွန်မြတ်သော အမျိုးသမီး’” ဆောင်းပါး​ကို ကြည့်​ပါ။