ဘဝအတ္ထုပ္ပတ္တိ
အဓိပ္ပာယ် ပြည့်ဝတဲ့ ဘဝကို ရှာဖွေခြင်း
မြေထဲပင်လယ်ထဲ ရွက်လွှင့်နေတုန်း ကျွန်တော်တို့ရဲ့ ရွက်သင်္ဘောဟောင်းလေးထဲ ရေတွေ ဝင်လာမှန်း အထိတ်တလန့် တွေ့လိုက်ရတယ်။ မကြာခင် မုန်တိုင်းတိုက်လာတယ်။ ကျွန်တော် ကြောက်ပြီး ဘဝမှာ ဦးဆုံးအနေနဲ့ ဆုတောင်းမိတယ်။ ဒီအခြေအနေကို ဘယ်လို ရောက်လာတာလဲ။ အစကနေ ပြောပြပါရစေ။
၁၉၄၈၊ နယ်သာလန်မှာ ကျွန်တော် မွေးတယ်။ နောက်နှစ်မှာ မိသားစုလိုက် ဘရာဇီးနိုင်ငံ၊ ဆောပိုလိုမြို့ကို ပြောင်းကြတယ်။ မိဘတွေက ချာ့ခ်ျ မှန်မှန်တက်သူတွေ ဖြစ်တယ်။ ညစာစားပြီးတိုင်း မိသားစုလိုက် ကျမ်းစာ အတူဖတ်လေ့ရှိတယ်။ ၁၉၅၉ မှာ အမေရိကန်ကို ထပ်ပြောင်းသွားပြီး မက်ဆာချူးဆက်ပြည်နယ်မှာ အခြေချကြတယ်။
အဖေဟာ မိသားစု ရှစ်ယောက်အတွက် အလုပ်အမျိုးမျိုး လုပ်ပြီး ရုန်းကန်ခဲ့ရတယ်။ နယ်လှည့် ဈေးရောင်းသူ၊ လမ်းအလုပ်သမား၊ လေကြောင်းလိုင်းအတွက် အရောင်း ကိုယ်စားလှယ် လုပ်တယ်။ လေကြောင်းလိုင်းမှာ အလုပ်ရတော့ တစ်မိသားစုလုံး ခရီးသွားခွင့် ရတော့မှာ ဖြစ်လို့ ပျော်ကြတယ်။
အထက်တန်းကျောင်း တက်နေတုန်း ‘ကြီးလာရင် ဘာလုပ်မလဲ’ လို့ မကြာခဏ စဉ်းစားမိတယ်။ သူငယ်ချင်းတချို့က တက္ကသိုလ် တက်ဖို့၊ တချို့ကတော့ စစ်မှုထမ်းဖို့ ရွေးကြတယ်။ ကျွန်တော်က တိုက်ခိုက်တာ မပြောနဲ့ ရန်ဖြစ်တာတောင် မကြိုက်တော့ စစ်မှုထမ်းဖို့ မစဉ်းစားဘူး။ စစ်မှုထမ်းတာကို ရှောင်နိုင်အောင် တက္ကသိုလ် တက်ဖို့ ဆုံးဖြတ်လိုက်တယ်။ တကယ်တမ်း ကျွန်တော်က လူတွေကို ကူညီပေးချင်တာ။ အဲဒါက ဘဝကို အဓိပ္ပာယ် ရှိစေမယ်လို့ ထင်တယ်။
တက္ကသိုလ်ကျောင်းသားဘဝ
အသက်ရဲ့ မူလအစကို စိတ်ဝင်စားလို့ တက္ကသိုလ်မှာ မနုဿဗေဒကို လေ့လာတယ်။ ဆင့်ကဲအယူဝါဒ သင်ပေးခံရတယ်။ ဆရာတွေက အဲဒါကို အမှန်လို့ လက်ခံစေချင်ကြတယ်။ ဒါပေမဲ့ ကျွန်တော့်အတွက် တချို့ ရှင်းပြချက်တွေက ယုတ္တိမရှိဘူး။ မျက်စိမှိတ် ယုံရသလိုပဲ။ သိပ္ပံပညာနဲ့လည်း မကိုက်ဘူး။
ကျွန်တော် တက်တဲ့ အတန်းမှာ စာရိတ္တကောင်းဖို့ သင်ပေးတာမျိုး မရှိဘူး။ အောင်မြင်မှုအတွက် ဘာမဆို လုပ်ဖို့ပဲ သင်ပေးတယ်။ ပါတီတွေ တက်တယ်။ မူးယစ်ဆေး သုံးတယ်။ ခဏတစ်ဖြုတ်တော့ ပျော်ပေမဲ့ ရေရှည်မခံဘူး။ ‘ဘဝရည်ရွယ်ချက်က ဒါပဲလား’ လို့ တွေးမိတယ်။
ဒီအတောအတွင်း ဘော့စတွန်ကို ပြောင်းရွှေ့ပြီး အဲဒီမှာ တက္ကသိုလ် ဆက်တက်တယ်။ ကျောင်းစရိတ် ရဖို့ ကျောင်းပိတ်ရက်မှာ အလုပ်လုပ်တယ်။ အဲဒီမှာ ယေဟောဝါသက်သေတွေနဲ့ ဦးဆုံး တွေ့တာ။ အလုပ်ဖော်က ဒံယေလကျမ်း အခန်းကြီး လေးမှာ ပါတဲ့ “ခုနစ်ကာလ” အကြောင်း ပြောပြီး ကျွန်တော်တို့ဟာ နောက်ဆုံးကာလမှာ အသက်ရှင်နေကြောင်း ရှင်းပြတယ်။ (ဒံ. ၄:၁၃-၁၇) ကျွန်တော်သာ ဆက်ဆွေးနွေးပြီး ယုံကြည်လက်ခံလိုက်ရင် ဘဝပုံစံ ပြောင်းလဲရတော့မယ်ဆိုတာ ချက်ချင်း သဘောပေါက်သွားတယ်။ ဒါကြောင့် အဲဒီအလုပ်ဖော်ကို အတတ်နိုင်ဆုံး ရှောင်တယ်။
တောင်အမေရိကမှာ စေတနာ့ဝန်ထမ်း သွားလုပ်နိုင်အောင် ထောက်ကူပေးမယ့် သင်တန်းတွေ တက္ကသိုလ်မှာ တက်တယ်။ တခြားသူတွေကို ကူညီပေးတာက ဘဝကို ပိုအဓိပ္ပာယ် ရှိစေမယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမဲ့ ဒီနည်းနဲ့ ဘဝအဓိပ္ပာယ် ရှာတွေ့မှာ မဟုတ်ဘူးဆိုတာ သိလာတယ်။ စိတ်ဓာတ်ကျပြီး နှစ်ဝက်နဲ့ ကျောင်းထွက်လိုက်တယ်။
ဝေးလံတဲ့ ဒေသတွေမှာ ဘဝရည်ရွယ်ချက်ကို ဆက်ရှာဖွေ
၁၉၇၀၊ မေလမှာ အဖေ အလုပ်လုပ်တဲ့ လေကြောင်းလိုင်းမှာ လုပ်ဖို့ နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်ကို ပြောင်းရွှေ့ခဲ့တယ်။ ဒီအလုပ်ကြောင့် အာဖရိက၊ အမေရိက၊ ဥရောပနဲ့ အာရှတိုက်က နိုင်ငံတွေကို လည်ပတ်ခွင့် ရခဲ့တယ်။ ဘယ်နေရာပဲ ရောက်ရောက် နေရာအားလုံးမှာ လူတွေ ပြဿနာတွေ ရင်ဆိုင်နေရမှန်း၊ လက်တွေ့ကျတဲ့ ဖြေရှင်းနည်း မရှိမှန်း သိလာတယ်။ ဘဝမှာ အကျိုးရှိတာ တစ်ခုခု လုပ်ချင်စိတ် ပေါ်လာလို့ အမေရိကန်ကို ပြန်သွားပြီး အရင် တက်ခဲ့တဲ့ ဘော့စတွန် တက္ကသိုလ်မှာ ပြန်တက်ဖို့ စာရင်း ပေးလိုက်တယ်။
ကျောင်းပြန်တက်ပြီး မကြာခင်မှာပဲ ဘဝနဲ့ပတ်သက်တဲ့ မေးခွန်းတွေရဲ့ အဖြေ တစ်ခုမှ မရသေးမှန်း သိလာတယ်။ ဘာလုပ်ရမှန်း မသိတော့လို့ အကြံဉာဏ် ရဖို့ မနုဿဗေဒ ပါမောက္ခကို သွားမေးတယ်။ သူက “ဒါဆိုလည်း ဘာလို့ ကျောင်း ဆက်တက်နေတာလဲ၊ ထွက်လိုက်ပေါ့” လို့ အကြံပေးတယ်။ ကျွန်တော်လည်း ချက်ချင်းပဲ ကျောင်းထွက်လိုက်တယ်။
ဘဝဟာ အဓိပ္ပာယ် မရှိဘူးလို့ ခံစားနေရတုန်းပဲ။ ဒါကြောင့် ‘ပန်းပွင့်စွမ်းအား’ ဆိုတဲ့ အဖွဲ့နဲ့ ပိုပေါင်းသင်းဖြစ်တယ်။ သူတို့က ဓလေ့ထုံးစံတွေကို ငြင်းပယ်ပြီး ငြိမ်းချမ်းမှုနဲ့ မေတ္တာ တိုးများအောင် လုပ်ဆောင်တဲ့ အုပ်စု ဖြစ်တယ်။ မိတ်ဆွေတချို့နဲ့အတူ အမေရိကန် နိုင်ငံကို ဖြတ်ပြီး မက္ကဆီကိုနိုင်ငံ၊ အက္ကပိုကိုမြို့အထိ ခရီးသွားဖြစ်တယ်။ ဟစ်ပီတွေနဲ့လည်း အတူနေဖြစ်သေးတယ်။ သူတို့ကို ကြည့်ရတာ အပူအပင် ကင်းပုံပဲ။ သူတို့နဲ့ အတူနေထိုင်ရင်း သူတို့ဘဝမှာလည်း အဓိပ္ပာယ် မရှိမှန်း၊ တည်မြဲတဲ့ ပျော်ရွှင်မှုလည်း မရှိမှန်း သိလာတယ်။ မရိုးသားမှုနဲ့ သစ္စာမဲ့မှုတွေကိုလည်း တွေ့ခဲ့ရတယ်။
ရွက်လှေနဲ့ ဆက်ရှာဖွေ
ဒီအတောအတွင်း ကလေးဘဝက စိတ်ကူး ပြန်ပေါ်လာတယ်။ သင်္ဘောသားအဖြစ် မဟုတ်ဘဲ ကပ္ပတိန်အဖြစ် ပင်လယ်ပြင်မှာ ရွက်လွှင့်ချင်တာ။ အဲဒီလို လုပ်နိုင်ဖို့က ကိုယ်ပိုင် ရွက်လှေ ရှိမှ ဖြစ်မယ်။ တောမ်လို့ ခေါ်တဲ့ သူငယ်ချင်းမှာလည်း အဲဒီလို ဆန္ဒရှိတဲ့အတွက် အတူတူ ရွက်လွှင့်ပြီး ကမ္ဘာပတ်ဖို့ ဆုံးဖြတ်ကြတယ်။ လူတွေနဲ့ ဝေးတဲ့ ပရဒိသုခဘုံ ကျွန်းလေးကို ရှာတွေ့ချင်တာ။
တောမ်နဲ့ ကျွန်တော် စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့နားက အရိမ်ဒီမာကို သွားကြတယ်။ လီဂရာလို့ နာမည်ပေးထားတဲ့ ရွက်လှေကို ဝယ်လိုက်ကြတယ်။ အရှည် ၃၁ ပေ ရှိတယ်။ အဲဒီလှေကို ပင်လယ်မှာ ရွက်လွှင့်လို့ ရအောင် ပြန်ပြင်ကြတယ်။ ခရီးစဉ်က အလျင်မလိုတဲ့အတွက် အင်ဂျင်တစ်ခုလုံးကို ဖြုတ်ပြီး အဲဒီနေရာမှာ သောက်ရေ သိုလှောင်ကြတယ်။ ရွက်လှေကို ဆိပ်ကမ်းလေးတွေမှာ ကမ်းကပ်နိုင်ဖို့ ၁၆ ပေ ရှည်တဲ့ လှော်တက် နှစ်ခုကိုလည်း ဝယ်တယ်။ နောက်ဆုံး၊ အိန္ဒိယ သမုဒ္ဒရာထဲက ဆေးရှဲလ်ကျွန်းကို ရွက်လွှင့်ကြတယ်။ ကျွန်တော်တို့ရဲ့ အစီအစဉ်က အာဖရိက အနောက်ကမ်းရိုးတန်းအတိုင်း ရွက်လွှင့်ပြီး တောင်အာဖရိက ဂွတ်ဟုပ်အငူကနေ ပတ်သွားဖို့ပဲ။ လမ်းကြောင်း သိဖို့ ကြယ်တွေ၊ မြေပုံတွေ၊ စာအုပ်တွေ သုံးကြတယ်။ ကိုယ့်တည်နေရာ အတိအကျကို ပြပေးနိုင်လို့ အံ့ဩမိတယ်။
ကျွန်တော်တို့ရဲ့ သစ်သားလှေအိုလေးနဲ့ ပင်လယ်ခရီးသွားဖို့ မသင့်တော်မှန်း မကြာခင်မှာပဲ သိလိုက်ရတယ်။ လှေထဲကို တစ်နာရီ ခြောက်ဂါလံနှုန်းနဲ့ ရေတွေ ဝင်လာတယ်။ အစပိုင်းမှာ ပြောခဲ့သလို မုန်တိုင်းကြောင့် ကြောက်ပြီး ဘဝမှာ ဦးဆုံးအကြိမ် ဆုတောင်းမိတယ်။ ဒီဘေးကနေ လွတ်မယ်ဆိုရင် ဘုရားကို သိအောင် လုပ်ပါ့မယ်လို့ ကတိပေးလိုက်တယ်။ မုန်တိုင်း ငြိမ်သွားတဲ့နောက် ကတိအတိုင်း ကျွန်တော် ချက်ချင်း လုပ်ခဲ့တယ်။
ပင်လယ်ပြင်မှာ ရှိနေတုန်း ကျမ်းစာ စဖတ်တယ်။ ငါးပျံတွေ၊ လင်းပိုင်တွေနဲ့ အဆုံးမဲ့ မိုးကုပ်စက်ဝိုင်းကို မြင်နေရတဲ့ မြေထဲပင်လယ်ထဲမှာ ကျမ်းစာဖတ်ရတာ ဘယ်လောက် သာယာမလဲဆိုတာ မြင်ယောင်ကြည့်လိုက်ပါ။ ညဘက်ဆို နဂါးငွေ့တန်း ဂလက်ဆီကို ကြည့်ပြီး လူသားတွေကို စိတ်ဝင်စားတဲ့ ဘုရားတစ်ပါး ရှိကို ရှိရမယ်လို့ ယုံကြည်စိတ်ချလာတယ်။
ပင်လယ်ထဲမှာ အပတ်အနည်းငယ် နေပြီးနောက် စပိန်နိုင်ငံ၊ အဲလစ်ကန်း ဆိပ်ကမ်းကို ရောက်တယ်။ အဲဒီမှာ ပိုကောင်းတဲ့ ရွက်လှေ ဝယ်နိုင်ဖို့ အခုလှေကို ရောင်းဖို့ စီစဉ်ကြတယ်။ ဟောင်းနွမ်း၊ အင်ဂျင် မပါ၊ ရေစိမ့်နေတဲ့ လှေကို ဝယ်မယ့်သူ မရှိတာ အံ့ဩစရာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီအတောအတွင်း ကျမ်းစာဖတ်ခွင့် ရတာတော့ အကောင်းဆုံးပါပဲ။
ကျမ်းစာ ဖတ်လေ ဘဝအောင်မြင်မှု ရအောင် ကူညီပေးနိုင်တဲ့ စာအုပ် ဖြစ်မှန်း သိလာလေပဲ။ သန့်ရှင်းစင်ကြယ်ပြီး စာရိတ္တကောင်းတဲ့ ဘဝနဲ့ နေထိုင်နိုင်ပုံအကြောင်း ကျမ်းစာမှာ ရိုးရိုးရှင်းရှင်း ဖော်ပြထားလို့ အံ့သြမိတယ်။ ဒါပေမဲ့ ကျွန်တော် အပါအဝင် ခရစ်ယာန်လို့ အခေါ်ခံသူများစွာ အဲဒီအချက်ကို လျစ်လျူရှုကြတာ အံ့ဩစရာပဲ။
ဘဝကို သန့်ရှင်းအောင် ထားဖို့ အပြောင်းလဲကြီးတွေ လုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ မူးယစ်ဆေး ဖြတ်လိုက်တယ်။ ကျမ်းစာရဲ့ မြင့်မားတဲ့ ကိုယ်ကျင့်တရား စံနှုန်းအတိုင်း နေတဲ့သူတွေ ရှိမယ်လို့ တွေးမိတယ်။ သူတို့နဲ့ တွေ့ချင်တယ်။ သူတို့ကို တွေ့အောင် ကူညီပေးပါလို့ ဘုရားဆီ ဒုတိယအကြိမ် ဆုတောင်းခဲ့တယ်။
စစ်မှန်တဲ့ ဘာသာကို ရှာဖွေခြင်း
စစ်မှန်တဲ့ ဘာသာကို တွေ့တဲ့အထိ ဘာသာတစ်ခုချင်းစီကို ဆန်းစစ်ရှာဖွေဖို့ ဆုံးဖြတ်လိုက်တယ်။ အဲလစ်ကန်းမြို့ထဲက လမ်းတွေပေါ်
လျှောက်ကြည့်တဲ့အခါ ဘာသာရေး အဆောက်အအုံတွေ အများကြီး တွေ့တယ်။ ဒါပေမဲ့ အများစုမှာ ရုပ်တုတွေ ရှိနေလို့ စစ်မှန်တဲ့ ဘာသာ မဖြစ်နိုင်မှန်း သိလိုက်တယ်။တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတစ်ခုမှာ ဆိပ်ကမ်းကို မြင်နေရတဲ့ တောင်စောင်းမှာ ထိုင်ရင်း ယာကုပ် ၂:၁-၅ ကို ဖတ်မိတယ်။ အဲဒီကျမ်းချက်မှာ ချမ်းသာတဲ့သူတွေကို မျက်နှာသာ ပိုမပေးဖို့ သတိပေးထားတယ်။ လှေရှိရာကို ပြန်လာရင်း ဘာသာရေး အဆောက်အအုံနဲ့ တူတဲ့ နေရာတစ်ခုကို ဖြတ်လျှောက်လာတယ်။ ဝင်ပေါက်မှာ “ယေဟောဝါသက်သေတို့ရဲ့ နိုင်ငံတော်ခန်းမ” ဆိုတဲ့ ဆိုင်းဘုတ် ရေးထားတယ်။
‘ဒီလူတွေ ငါ့ကို ဘယ်လို ကြိုဆိုကြမလဲဆိုတာ စမ်းကြည့်လိုက်ဦးမယ်’ လို့ တွေးမိတယ်။ ဒါနဲ့ ခန်းမထဲကို ခြေဗလာ၊ မုတ်ဆိတ် ဗရပွ၊ ဂျင်းဘောင်းဘီ အစုတ်နဲ့ ဝင်သွားလိုက်တယ်။ ဧည့်ကြိုက အသက်ကြီး အမျိုးသမီး တစ်ယောက်နားမှာ ထိုင်ဖို့ စီစဉ်ပေးတယ်။ သူက ဟောပြောသူ ပြောတဲ့ ကျမ်းချက်တွေ ရှာတွေ့အောင် ကူညီပေးတယ်။ အစည်းအဝေးပြီးနောက် အားလုံး လာနှုတ်ဆက်ကြလို့ သူတို့ရဲ့ ကြင်နာမှုကို အံ့သြမိတယ်။ အမျိုးသားတစ်ယောက်က အိမ်လာပြီး ကျမ်းစာ ဆွေးနွေးဖို့ ဖိတ်ခေါ်တယ်။ ဒါပေမဲ့ ကျွန်တော် ကျမ်းစာ ဖတ်တာ မပြီးသေးတဲ့အတွက် “အဆင်သင့်ဖြစ်ရင် ပြောမယ်” လို့ ပြန်ပြောလိုက်တယ်။ ဒီအတောအတွင်း အစည်းအဝေး အားလုံးကို စတက်တယ်။
အပတ်အနည်းငယ် ကြာပြီးနောက် အဲဒီအမျိုးသားရဲ့ အိမ်ကို သွားလည်တယ်။ သူက ကျမ်းစာ မေးခွန်းတွေကို ဖြေပေးတယ်။ တစ်ပတ်ကြာပြီးနောက် အဝတ်အစားကောင်းတွေ ပါတဲ့ အိတ်တစ်အိတ် ကျွန်တော့်ကို ပေးတယ်။ ဒီအဝတ်အစား ပိုင်ရှင်ဟာ အချင်းချင်းကို ချစ်ပါ၊ စစ်အတတ် မသင်နဲ့ဆိုတဲ့ ကျမ်းစာ အမိန့်ကို လိုက်နာလို့ ထောင်ကျနေတာလို့ ပြောတယ်။ (ဟေရှာ. ၂:၄။ ယော. ၁၃:၃၄၊ ၃၅) အခု ကျွန်တော် ရှာနေတာကို တွေ့ပြီ၊ ကျမ်းစာထဲမှာ ပါတဲ့ ကိုယ်ကျင့်တရား စံနှုန်းအတိုင်း နေထိုင်သူတွေကို တွေ့ပြီဆိုတာ သေချာသွားပြီ။ ကျွန်တော့်ပန်းတိုင်က ပရဒိသုခဘုံ ကျွန်းလေးကို ရှာတွေ့ဖို့ မဟုတ်တော့ဘူး။ ကျမ်းစာကို တကယ်နားလည်အောင် လေ့လာဖို့ ဖြစ်သွားပြီ။ ဒါကြောင့် နယ်သာလန်နိုင်ငံကို ပြန်ခဲ့တယ်။
အလုပ်ရှာချိန်
လေးရက်လောက်ကြာတော့ နယ်သာလန်နိုင်ငံ၊ ဂရိုနီဂန်မြို့ကို ရောက်လာတယ်။ ကိုယ့်ကိုယ်ကိုယ် ထောက်ပံ့ဖို့ အလုပ် လိုက်ရှာတယ်။ ပရိဘောဂ အလုပ်ရုံတစ်ခုမှာ အလုပ်လျှောက်တော့ ဖောင်ထဲမှာ ဘယ်ဘာသာလဲလို့ မေးထားတယ်။ ဒါနဲ့ “ယေဟောဝါသက်သေ” လို့ ဖြည့်လိုက်တယ်။ ပိုင်ရှင်က ဖတ်ပြီး မျက်နှာပျက်သွားတယ်။ “ပြန်အသိပေးမယ်” လို့ ပြောပေမဲ့ ဘယ်တော့မှ မခေါ်တော့ဘူး။
ဆာ. ၃၇:၄) အဲဒီညီအစ်ကိုရဲ့ အလုပ်ရုံမှာ တစ်နှစ်လောက် အလုပ်လုပ်ရင်း သူနဲ့ ကျမ်းစာလေ့လာတယ်။ ၁၉၇၄၊ ဇန်နဝါရီမှာ နှစ်ခြင်းခံလိုက်တယ်။
ဒါနဲ့ ပရိဘောဂရုံ နောက်တစ်ခုမှာ လူလိုသလားလို့ ပိုင်ရှင်ကို မေးကြည့်တယ်။ ဘွဲ့လက်မှတ်၊ ထောက်ခံစာတွေ ရှိလားလို့ မေးတော့ သစ်သားလှေ တစ်စီးကို ပြုပြင်ဖူးတဲ့အကြောင်း ပြောပြလိုက်တယ်။ အလုပ်ရှင်က “ဒီနေ့လယ် အလုပ်စတော့။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ ဒီအလုပ်ရုံမှာ ဘာပြဿနာမှ မဖြစ်စေနဲ့။ ဘာလို့လဲဆိုတော့ ငါက ယေဟောဝါသက်သေ ဖြစ်ပြီး ကျမ်းစာစံနှုန်းတွေအတိုင်း နေထိုင်လို့ပဲ” ဆိုပြီး ပြောတော့ ကျွန်တော် အံ့သြသွားတယ်။ “ကျွန်တော်လည်း ယေဟောဝါသက်သေပဲ” လို့ အံ့ဩတကြီး ပြောလိုက်တယ်။ ကျွန်တော့် ဆံပင်ရှည်၊ မုတ်ဆိတ်တွေကို ကြည့်ပြီး သူက “ဒါဆို မင်းကို ကျမ်းစာသင်ပေးမယ်” လို့ ပြောတော့ ကျွန်တော် လက်ခံလိုက်တယ်။ တခြား အလုပ်ရှင်တွေ ဘာကြောင့် အလုပ်မခန့်မှန်း နားလည်သွားပြီ။ ကျွန်တော့် ဆုတောင်းချက်တွေကို ယေဟောဝါ အဖြေပေးလိုက်တာပဲ။ (နောက်ဆုံးတော့ အဓိပ္ပာယ်ရှိတဲ့ ဘဝကို ရှာတွေ့ပြီ
တစ်လကြာပြီးနောက် ရှေ့ဆောင် စလုပ်တယ်။ တကယ့်ကို ပျော်ရွှင်စရာ ဘဝပါပဲ။ နောက်လမှာ အသစ်ဖွင့်လိုက်တဲ့ စပိန်ဘာသာစကားအုပ်စုကို ကူညီပေးဖို့ အမ်စတာဒမ်ကို ပြောင်းရွှေ့ခဲ့တယ်။ စပိန်၊ ပေါ်တူဂီစကားတွေနဲ့ ကျမ်းစာသင်အံမှု လုပ်ရတာ ပျော်ရွှင်စရာပါပဲ။ ၁၉၇၅၊ မေလမှာ အထူးရှေ့ဆောင်အဖြစ် ခန့်အပ်ခံရတယ်။
တစ်ရက်၊ ဘိုလီးဗီးယား ကျမ်းစာသင်သားကို စပိန် အစည်းအဝေး ခေါ်လာတဲ့ အထူးရှေ့ဆောင် ညီအစ်မ အီနီကီနဲ့ ဆုံတယ်။ ကျွန်တော်တို့ နှစ်ယောက် စာရေးဆက်သွယ်ဖြစ်ကြပြီး မကြာခင်မှာပဲ ပန်းတိုင်တူမှန်း သိလာတယ်။ ၁၉၇၆ မှာ လက်ထပ်လိုက်ပြီး အထူးရှေ့ဆောင်တွေအဖြစ် ဆက်အမှုဆောင်ကြတယ်။ ၁၉၈၂ မှာ ၇၃ ကြိမ်မြောက် ဂိလဒ်ကျောင်း တက်ဖို့ ဖိတ်ခေါ်ခံရတယ်။ အရှေ့အာဖရိကမှာ တာဝန်ကျလို့ အံ့ဩဝမ်းသာခဲ့ရတယ်။ ကင်ညာနိုင်ငံ၊ မွန်ဘာဆာမှာ ငါးနှစ်တိတိ အမှုဆောင်ခဲ့တယ်။ ၁၉၈၇ မှာ ဟောပြောခွင့် ပြန်ရလာတဲ့ တန်ဇန်းနီးယားမှာ တာဝန်ကျတယ်။ အဲဒီမှာ ၂၆ နှစ်လောက် အမှုဆောင်ခဲ့ပြီး ကင်ညာကို ပြန်ရောက်တယ်။
ကျမ်းစာအမှန်တရား သိလာအောင် စိတ်နှိမ့်ချသူတွေကို ကူညီပေးရတာ အဓိပ္ပာယ်ရှိတဲ့ ဘဝပါပဲ။ ဥပမာ၊ ကျွန်တော့် ဦးဆုံး ကျမ်းစာသင်အံမှု အမျိုးသားကို မွန်ဘာဆာမြို့ အများရှေ့ သက်သေခံခြင်းမှာ စတွေ့တာ။ မဂ္ဂဇင်းနှစ်စောင် ပေးတော့ “ဒါဖတ်ပြီးရင် ဘာဆက်လုပ်ရမလဲ” လို့ သူ မေးတယ်။ နောက်တစ်ပတ်မှာ သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ် အသက်ရှင်နိုင်သည် ဆိုတဲ့ စာအုပ်နဲ့ ကျမ်းစာ စလေ့လာဖြစ်ကြတယ်။ အဲဒီစာအုပ်ကို ဆွာဟီလီစကားနဲ့ ထုတ်ထားတာ မကြာသေးဘူး။ တစ်နှစ်ကြာပြီးနောက် သူ နှစ်ခြင်းခံတယ်။ မှန်မှန်ရှေ့ဆောင် ဖြစ်လာတယ်။ အဲဒီအချိန်ကစပြီး သူနဲ့ ဇနီးဟာ လူတစ်ရာလောက်ကို နှစ်ခြင်းခံတဲ့အထိ ကူညီပေးခဲ့ကြတယ်။
ဘဝအဓိပ္ပာယ်ကို သိလာတဲ့အခါ ပုလဲကို ရှာတွေ့ပြီး အဆုံးရှုံး မခံတော့တဲ့ နယ်လှည့်ကုန်သည်လို ခံစားရတယ်။ (မ. ၁၃:၄၅၊ ၄၆) စစ်မှန်တဲ့ ဘဝအဓိပ္ပာယ်ကို ရှာတွေ့ဖို့ လူတွေကို ကူညီပေးချင်ခဲ့တာ။ အဓိပ္ပာယ် ပြည့်ဝတဲ့ ဘဝရအောင် မိမိလူမျိုးကို ယေဟောဝါ ဘယ်လို ကောင်းချီးပေးမှန်း ချစ်ဇနီးနဲ့အတူ ကိုယ်တွေ့ ခံစားနေရပါတယ်။