မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၄၆

အိမ်ထောင်ကျခါစ ဇနီးမောင်နှံတို့၊ ဘဝမှာ ယေဟောဝါရဲ့ အမှုတော်ကို အဓိကထားပါ

အိမ်ထောင်ကျခါစ ဇနီးမောင်နှံတို့၊ ဘဝမှာ ယေဟောဝါရဲ့ အမှုတော်ကို အဓိကထားပါ

‘ယေဟောဝါ​ဟာ ငါ့​အစွမ်း​ခွန်အား​ပဲ။ ဘုရား​ကိုပဲ ယုံကြည်​ကိုးစား​တယ်။’—ဆာ. ၂၈:၇

သီချင်း ၁၃၁ “ဘုရားသခင် တွဲဖက်​ထား”

အကြို​သုံးသပ်ချက် *

၁-၂။ (က) အိမ်ထောင်​ကျ​ခါ​စ ဇနီး​မောင်နှံ​တွေ ယေဟောဝါ​ကို ဘာကြောင့် ယုံကြည်​ကိုးစား​သင့်သလဲ။ (ဆာလံ ၃၇:၃၊ ၄) (ခ) ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

သင်ဟာ အိမ်ထောင်ပြု​ဖို့ စဉ်းစား​နေ​သူလား။ ဒါမှ​မဟုတ် အိမ်ထောင်​ကျ​ခါ​စ​လား။ ဒါဆိုရင် ကိုယ်​သိပ်​ချစ်တဲ့​သူနဲ့ ဘဝကို ပျော်ရွှင်စွာ ရှေ့ဆက်​ဖို့ မျှော်လင့်​နေမှာ​ပဲ။ ဒါပေမဲ့ အိမ်ထောင်​ဆိုတာ အမြဲ ပန်း​ခင်း​လမ်း မဟုတ်ဘူး။ အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချဖို့ လို​တဲ့​အခါ​တွေ ရှိတယ်။ အခက်အခဲတွေကို ဖြေရှင်း​ပုံ၊ ဆုံးဖြတ်ချက်​တွေ ချ​ပုံ​က လာမယ့်​ နှစ်တွေ​တစ်လျှောက် ပျော်ရွှင်​တဲ့ ဇနီး​မောင်နှံ ဖြစ်​မလား​ဆိုတာ ဆုံးဖြတ်​ပေး​ပါ​လိမ့်မယ်။ ယေဟောဝါ​ကို အားကိုး​ပြီး ပညာရှိ ဆုံးဖြတ်ချက်​တွေ ချမယ်​ဆိုရင် အိမ်ထောင် ပိုသာ​ယာ​ပျော်ရွှင်​မယ်။ ဒါပေမဲ့ ဘုရား​အကြံဉာဏ်​ကို မလိုက်လျှောက်​ရင်​တော့ အိမ်ထောင်ရေး ထိခိုက်​စေနိုင်​တဲ့ ပြဿနာ​တွေ ကြုံ​ရမယ်။ ပျော်ရွှင်မှု​လည်း ပျောက်ဆုံး​မယ်။ဆာလံ ၃၇:၃၊ ၄ ကို ဖတ်ပါ။

ဒီ​ဆောင်းပါး​ဟာ အိမ်ထောင်​ကျ​ခါ​စ ဇနီး​မောင်နှံ​တွေ​အတွက် အဓိက ရည်ရွယ်​ပေမဲ့ အိမ်ထောင်သည်​အားလုံး​နဲ့​လည်း သက်ဆိုင်​ပါ​တယ်။ ကျမ်းစာ​ထဲ​က သစ္စာရှိ အမျိုးသား/သမီး​တချို့​ဆီက ဘာ​သင်ယူ​နိုင်​ကြောင်း၊ အိမ်ထောင် အပါအဝင် ဘဝ​ကဏ္ဍ အမျိုးမျိုးမှာ အဲဒီ​သင်ခန်းစာတွေကို ဘယ်လို ကျင့်သုံး​နိုင်​ကြောင်း၊ ဒီနေ့​ခေတ် ဇနီး​မောင်နှံ​တချို့​ဆီကနေ ဘာ​သင်ယူ​နိုင်​ကြောင်း ဒီ​ဆောင်းပါး​မှာ ဆွေးနွေး​ကြ​ပါ​မယ်။

အိမ်ထောင်​ကျ​ခါ​စ ဇနီး​မောင်နှံ​တွေ ဘယ်​အခက်အခဲ​တွေ ကြုံ​ရနိုင်သလဲ

ဘယ်​ဆုံးဖြတ်ချက်​တွေ​က ယေဟောဝါရဲ့ အမှုတော်မှာ တိုးချဲ့​ပါဝင်​ဖို့ အိမ်ထောင်​ကျ​ခါ​စ ဇနီး​မောင်နှံ​တွေ​အတွက် အတားအဆီး ဖြစ်​နိုင်​သလဲ (စာပိုဒ် ၃-၄ ကို ကြည့်​ပါ)

၃-၄။ အိမ်ထောင်​ကျ​ခါ​စ ဇနီး​မောင်နှံ​တွေ ဘယ်​အခက်အခဲ​တွေ ကြုံ​ရနိုင်သလဲ။

တချို့က အိမ်ထောင်​ကျ​ခါ​စ ဇနီး​မောင်နှံ​ကို တခြား​သူတွေ လုပ်​သလို လိုက်လုပ်ဖို့ အားပေးနိုင်တယ်။ ဥပမာ၊ အမြန်ဆုံး သားသမီး ယူဖို့ မိဘ​နဲ့ ဆွေမျိုး​တွေ ဖိအားပေး​နိုင်တယ်။ စိတ်ရင်းကောင်း​တဲ့ မိတ်ဆွေ​တွေ၊ မိသားစုဝင်တွေက​လည်း အိမ်​ဝယ်​ဖို့၊ ဇိမ်ခံ​ပစ္စည်း​တွေ ဝယ်​ဖို့ အားပေးနိုင်တယ်။

သတိ​မထားဘူးဆို​ရင် အကြွေး​နွံ​ နစ်​စေမယ့် ဆုံးဖြတ်ချက်​တွေ ချ​မိ​နိုင်တယ်။ အကြွေးဆပ်​ဖို့ နှစ်ယောက်စလုံး အချိန်ပြည့် အလုပ်လုပ်​ရနိုင်တယ်။ ဒါ​ကြောင့် ကိုယ်ပိုင် ကျမ်းစာ​လေ့လာ​ဖို့၊ မိသားစု​ ဝတ်ပြုမှု လုပ်ဖို့၊ အမှုဆောင်မှာ ပါဝင်​ဖို့ အချိန် သိပ်​မပေးနိုင်​တာ​မျိုး ဖြစ်လာ​နိုင်တယ်။ အပို​ဝင်ငွေ ရဖို့၊ အလုပ်​မြဲ​ဖို့ အချိန်ပို လုပ်​ရနိုင်တဲ့​အတွက် အစည်းအဝေးတွေ ပျက်​လာနိုင်တယ်။ ဒီလိုနဲ့ ယေဟောဝါရဲ့ အမှုတော်မှာ တိုးချဲ့​ပါဝင်​ဖို့ စိတ်​လှုပ်ရှား​စရာ အခွင့်အရေးတွေ ဆုံးရှုံး​သွားနိုင်တယ်။

၅။ ကလော့စ်​နဲ့ မာ​ရီ​ဆာ​ရဲ့ အဖြစ်ကနေ ဘာ​သိရသလဲ။

ပစ္စည်းဥစ္စာ​တွေ ပိုင်ဆိုင်​ဖို့ အဓိက​ထား​တာ​ဟာ ပျော်ရွှင်မှု မပေးနိုင်​ကြောင်း တွေ့ကြုံမှု​များစွာ​က ဖော်ပြ​တယ်။ ကလော့စ်​နဲ့ မာ​ရီ​ဆာ​အကြောင်း စဉ်းစား​ကြည့်​ပါ။ * ငွေ​များများ ရဖို့ အိမ်ထောင်​ကျ​ခါ​စ​မှာ နှစ်ယောက်စလုံး အချိန်ပြည့် အလုပ်​လုပ်ကြတယ်။ ဒါပေမဲ့ ပျော်ရွှင်​ကျေနပ်မှု မခံစားရဘူး။ “ကျွန်တော်​တို့​မှာ ရုပ်ပစ္စည်း​တွေ လို​တာ​ထက် ပို​ရှိပေမဲ့ ဘုရားရေးရာ​ဘက်မှာ​တော့ ဘာ​ပန်းတိုင်​မှ မရှိဘူး။ အမှန်အတိုင်း ပြော​ရ​ရင် ဘဝက ရှုပ်ထွေး​ပြီး ဖိစီးမှု သိပ်​များ​တယ်” လို့ ကလော့စ် ပြော​တယ်။ ရုပ်ပစ္စည်း ပို​ရှိဖို့ အဓိက​ထား​တာ​ဟာ ပျော်ရွှင်​ကျေနပ်မှု မပေးနိုင်​ကြောင်း သင်လည်း သိ​မှာ​ပါ။ ဒါပေမဲ့ စိတ်ဓာတ်​မကျပါနဲ့။ တခြား​သူတွေရဲ့ ပုံ​နမူနာ​ကောင်း​တွေ​ကို တွေးတော​ဆင်ခြင်​တာ​က လိုအပ်​တဲ့ အပြောင်းအလဲ​တွေ လုပ်ဖို့ ကူညီ​ပေး​နိုင်တယ်။ အရင်ဆုံး၊ ဘုရင် ယောရှဖတ်​ရဲ့ ပုံ​နမူနာ​ကနေ ခင်ပွန်း​တွေ ဘာ​သင်ယူ​နိုင်​ကြောင်း သုံးသပ်ကြည့်​ကြ​စို့။

ဘုရင် ယောရှဖတ်​လို​ပဲ ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ပါ

၆။ ပြဿနာကြီး​တစ်ခု ရင်ဆိုင်​ရတဲ့အခါ ပညာအလိမ္မာ ၃:၅၊ ၆ မှာ ပါတဲ့ အကြံဉာဏ်​ကို ဘုရင် ယောရှဖတ် ဘယ်လို လိုက်လျှောက်​သလဲ။

ခင်ပွန်း​တို့၊ တာဝန်​တွေ များ​လွန်းလို့ တစ်ခါ​တ​လေ စိတ်ဖိစီး​နေ​သလား။ ဒါဆိုရင် ဘုရင် ယောရှဖတ်​ရဲ့ ပုံ​နမူနာ​ကနေ အကျိုး​ရနိုင်ပါတယ်။ ယောရှဖတ်​ဟာ ဘုရင်​အနေ​နဲ့ တစ်​တိုင်းပြည်​လုံး ဘေးကင်း​လုံခြုံ​ဖို့ တာဝန်​ရှိသူ ဖြစ်တယ်။ အဲဒီ​အရေးကြီး​တာဝန်ကို ဘယ်လို ကိုင်တွယ်​သလဲ။ ကိုယ့်​လူမျိုးကို ကာကွယ်​ဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်တယ်။ ခံတပ်​မြို့​တွေ တည်ဆောက်​တယ်။ စစ်သည်​အင်အား ၁,၁၆၀,၀၀၀ ကျော် စုဆောင်း​တယ်။ (၂ ရာ. ၁၇:၁၂-၁၉) နောက်ပိုင်း၊ ပြဿနာကြီး​တစ်ခု ရင်ဆိုင်​ရတယ်။ အမ္မုန်၊ မောဘ၊ စိရ​တောင်တန်း​ဒေသက လူတွေ စုပေါင်း​ထား​တဲ့ စစ်တပ်​ကြီး ခြိမ်းခြောက်​တာ​ကို ခံရတယ်။ (၂ ရာ. ၂၀:၁၊ ၂) ယောရှဖတ် ဘာ​လုပ်သလဲ။ ကူညီ​ပေးဖို့၊ ခွန်အား​ပေးဖို့ ယေဟောဝါ​ဆီ ဆုတောင်း​တယ်။ ပညာအလိမ္မာ ၃:၅၊ ၆ မှာ ပါတဲ့ ပညာရှိ အကြံဉာဏ်​အတိုင်း​ပါ​ပဲ။ (ဖတ်ပါ။) ၂ ရာဇဝင်ချုပ် ၂၀:၅-၁၂ မှာ ပါတဲ့ ယောရှဖတ်​ရဲ့ နှိမ့်ချတဲ့ ဆုတောင်းချက်​က ကောင်းကင်​ဖခင်​ကို ဘယ်လောက် ယုံကြည်​ကိုးစား​ကြောင်း ဖော်ပြ​တယ်။ ယောရှဖတ်​ရဲ့ ဆုတောင်းချက်​ကို ယေဟောဝါ ဘယ်လို အဖြေပေး​သလဲ။

၇။ ယောရှဖတ်​ရဲ့ ဆုတောင်းချက်​ကို ယေဟောဝါ ဘယ်လို အဖြေပေး​သလဲ။

လေဝိ​အမျိုးသား ယဟာ​ဇေလ​က​တစ်ဆင့် ယောရှဖတ်​ကို ယေဟောဝါ စကားပြော​တယ်။ “နေရာယူ​ကြ​ပါ။ ငြိမ်ငြိမ်လေး ရပ်နေ​ပြီး ယေဟောဝါ ဘယ်လို ကယ်တင်​မယ်​ဆိုတာ စောင့်ကြည့်​နေ​လိုက်ပါ” လို့ ပြော​တယ်။ (၂ ရာ. ၂၀:၁၃-၁၇) ဒါဟာ တိုက်ပွဲဝင်​နေကျ ပုံစံ​တော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒီ​ညွှန်ကြားချက်​ဟာ လူ​ဆီက မဟုတ်ဘဲ ယေဟောဝါ​ဆီက လာတာ။ ဘုရား​ကို အပြည့်အဝ ယုံကြည်​ကိုးစား​တဲ့​အတွက် ဘုရား မှာ​တဲ့​အတိုင်း ယောရှဖတ် လုပ်ဆောင်တယ်။ ရန်သူနဲ့ ထွက်​တွေ့​တဲ့​အခါ စစ်တပ်​ရှေ့မှာ အကျွမ်းကျင်​ဆုံး စစ်သည်​တွေ မဟုတ်ဘဲ လက်နက်​ မပါတဲ့ သီချင်းသည်​တွေ​ကို နေရာချ​တယ်။ ယောရှဖတ်​ကို ယေဟောဝါ စိတ်မပျက်​စေ​ဘူး။ ရန်သူ​စစ်တပ်​ကို ရှုံးနိမ့်​စေတယ်။—၂ ရာ. ၂၀:၁၈-၂၃

အိမ်ထောင်​ကျ​ခါ​စ ဇနီး​မောင်နှံ​တွေ​ဟာ ဆုတောင်းခြင်း၊ ကျမ်းစာ လေ့လာခြင်းအားဖြင့် ယေဟောဝါရဲ့ အမှုတော်ကို ဘဝမှာ အဓိက​ထား​နိုင် (စာပိုဒ် ၈၊ ၁၀ ကို ကြည့်ပါ)

၈။ ယောရှဖတ်​ရဲ့ ပုံ​နမူနာ​ကနေ ခင်ပွန်း​တွေ ဘာ​သင်ယူ​နိုင်​သလဲ။

ခင်ပွန်း​တို့၊ ယောရှဖတ်​ရဲ့ ပုံ​နမူနာ​ကနေ သင်ယူ​နိုင်​ပါ​တယ်။ သင်တို့ဟာ မိသားစု​အတွက် တာဝန်​ရှိသူ ဖြစ်လို့ ထောက်ပံ့​ပေးဖို့ အလုပ်​ကြိုးစား​ကြတယ်။ အခက်အခဲ​တွေ ရင်ဆိုင်​ရတဲ့အခါ ကိုယ့်​ဟာ​ကိုယ် ဖြေရှင်း​နိုင်တယ်လို့ ခံစား​ရတဲ့​အချိန်တွေ ရှိ​နိုင်တယ်။ ဒါပေမဲ့ ကိုယ့်​အစွမ်း​ခွန်အား​ကို အားမကိုး​ပါ​နဲ့။ ယေဟောဝါ​ဆီ သီးသန့် ဆုတောင်း​ပြီး အကူအညီ တောင်း​ပါ။ ဇနီး​နဲ့​အတူ​လည်း ဆုတောင်း​ပါ။ ကျမ်းစာ​နဲ့ အဖွဲ့အစည်း​ထုတ် စာပေ​တွေ လေ့လာခြင်း​အားဖြင့် ယေဟောဝါ​ဆီက လမ်းညွှန်မှု ရှာပါ။ ရလာတဲ့ အကြံဉာဏ်​အတိုင်း လိုက်လျှောက်ပါ။ သင့်ရဲ့ ကျမ်းစာ​အခြေပြု ဆုံးဖြတ်ချက်​တွေ​ကို တချို့ သဘောတူ​ချင်​မှ တူ​မယ်။ ရူးမိုက်​တယ်လို့​တောင် ပြော​ကြ​မယ်။ ငွေ၊ ငွေ​နဲ့ ဝယ်လို့​ ရတဲ့ အရာ​တွေ​က​သာ မိသားစုကို အကောင်းဆုံး ကာကွယ်​မှု ပေး​နိုင်​မယ်လို့​တောင် ပြော​ကြ​မယ်။ ဒါပေမဲ့ ယောရှဖတ်​ရဲ့ ပုံ​နမူနာကို သတိရပါ။ ယေဟောဝါ​ကို သူ ယုံကြည်​ကိုးစား​ပြီး လုပ်ရပ်​နဲ့ သက်သေပြ​တယ်။ အဲဒီ​သစ္စာ​ရှိသူ ယောရှဖတ်​ကို ယေဟောဝါ မစွန့်​သလို သင့်ကိုလည်း စွန့်​မှာ မဟုတ်ဘူး။ (ဆာ. ၃၇:၂၈။ ဟီ. ၁၃:၅) ပျော်ရွှင်​တဲ့ ဘဝ​ ရဖို့ အိမ်ထောင်သည်တွေ ဘာလုပ်​နိုင်​သေး​သလဲ။

ပရောဖက် ဟေရှာယ​နဲ့ ဇနီး​လို​ပဲ ယေဟောဝါရဲ့ အမှုတော်ကို ဘဝမှာ ဦးစားထား​ပါ

၉။ ပရောဖက် ဟေရှာယ​နဲ့ ဇနီး​အကြောင်း ဘာ​သိရသလဲ။

ဟေရှာယ​နဲ့ ဇနီး​ဟာ ယေဟောဝါရဲ့ အမှုတော်ကို ဘဝမှာ အဓိက​ထား​ကြတယ်။ ဟေရှာယဟာ ပရောဖက် ဖြစ်တယ်။ ဇနီး​ကိုလည်း “ပရောဖက်မ” လို့ ခေါ်ထား​တဲ့​အတွက် ပရောဖက်​တာဝန် ရ​ပုံ​ပေါ်​တယ်။ (ဟေရှာ. ၈:၁-၄) နှစ်ယောက်စလုံး ယေဟောဝါရဲ့ ဝတ်ပြုရေးကို​ပဲ အာရုံစိုက်​ကြတယ်။ ဒီနေ့​ခေတ် ဇနီး​မောင်နှံ​တွေ​အတွက် သိပ်​ကောင်း​တဲ့ ပုံသက်သေ​ပါ​ပဲ။

၁၀။ ကျမ်းစာ​ပရောဖက်ပြုချက်​တွေ​ကို လေ့လာခြင်း​က ယေဟောဝါ​အတွက် အတတ်နိုင်ဆုံး အမှုဆောင်မယ်​ဆိုတဲ့ စိတ်ပိုင်း​ဖြတ်​ချက်​ကို ဘယ်လို ခိုင်မာ​စေနိုင်​သလဲ။

၁၀ ဒီနေ့​ခေတ် ဇနီး​မောင်နှံ​တွေ​လည်း အမှုတော်မှာ အတတ်နိုင်ဆုံး ပါဝင်ခြင်း​အားဖြင့် ယေဟောဝါ​ကို ဘဝမှာ ဦးစားထား​နိုင်တယ်။ ကျမ်းစာ​ပရောဖက်ပြုချက်​တွေ​အကြောင်း၊ ဘယ်လို အမြဲ ပြည့်စုံ​ကြောင်း လေ့လာခြင်း​အားဖြင့် ယေဟောဝါ​ကို ပို​ယုံကြည်​ကိုးစား​အောင် လုပ်​နိုင်တယ်။ * (တိ. ၁:၂) ကျမ်းစာ​ပရောဖက်ပြုချက်​တချို့ ပြည့်စုံမှု​မှာ ကိုယ်တိုင် ဘယ်လို ပါဝင်​နိုင်​ကြောင်း​လည်း စဉ်းစား​ကြည့်​နိုင်တယ်။ ဥပမာ၊ အဆုံး မရောက်ခင် မြေတစ်ခွင်လုံးမှာ သတင်းကောင်း ဟော​ရမယ်ဆို​တဲ့ ယေရှုရဲ့ ပရောဖက်ပြုချက် ပြည့်စုံမှု​မှာ ပါဝင်​နိုင်တယ်။ (မ. ၂၄:၁၄) အဲဒီ​ကျမ်းစာ​ပရောဖက်ပြုချက် ပြည့်စုံ​နေကြောင်း ပို​စိတ်ချ​လာတာ​နဲ့​အမျှ ​ယေဟောဝါ​အတွက် အတတ်နိုင်ဆုံး အမှုဆောင်​ချင်​တဲ့ စိတ်ပိုင်း​ဖြတ်​ချက် ပို​ခိုင်မာ​လာပါလိမ့်မယ်။

ပြစ်ကိလ​နဲ့ အာကုလ​လို ဘုရား​နိုင်ငံတော်​ကို ဦးစားထား​ပါ

၁၁။ ပြစ်ကိလ​နဲ့ အာကုလ ဘာလုပ်​နိုင်​ခဲ့​သလဲ။ ဘာကြောင့်လဲ။

၁၁ လူငယ် ဇနီး​မောင်နှံ​တွေ​ဟာ ရောမ​မြို့မှာ နေခဲ့တဲ့ ဂျူး​ဇနီး​မောင်နှံ ပြစ်ကိလ​နဲ့ အာကုလ​ဆီကနေ​လည်း သင်ယူ​နိုင်​ပါ​တယ်။ ယေရှု​အကြောင်း သတင်းကောင်း ကြား​ပြီး​နောက် သူတို့ ခရစ်ယာန် ဖြစ်လာ​ကြတယ်။ ကျေနပ်စရာ ဘဝ​ပါ​ပဲ။ ဒါပေမဲ့ ဂျူး​အားလုံး ရောမမြို့​ကနေ ထွက်သွား​ဖို့ ဧကရာဇ် ကလောဒိ အမိန့်ပေး​ချိန်မှာ မျှော်လင့်​မထားတဲ့ အပြောင်းအလဲ ဖြစ်​လာတယ်။ ဘာဆက်​လုပ်ကြ​မလဲ။ နေသားကျ​ပြီး​သား ဝန်းကျင်​ကို စွန့်၊ အိမ်သစ် ရှာပြီး နေရာ​သစ်​မှာ အလုပ်သစ် စ​ရတော့မယ်။ ဒီ​ဘဝ​အချိုးအကွေ့​ကြောင့် ဘုရား​နိုင်ငံတော်​ကို ဒုတိယ​နေရာမှာ ထား​လိုက်​ကြသလား။ အဖြေကို သင် သိ​မှာ​ပါ။ ကောရိန္သု​မြို့ကို ရောက်တော့ ဒေသခံ​ အသင်းတော်​နဲ့ ပူးပေါင်း​တယ်။ ညီအစ်ကို/မ​တွေ​ကို အားပေးဖို့ တမန်တော် ပေါလု​နဲ့ ပူးပေါင်း​လုပ်ဆောင်တယ်။ နောက်ပိုင်း၊ ဟောပြောသူ ပို​လိုအပ်​တဲ့ တခြား​မြို့​တွေ​ကို သူတို့ ပြောင်းရွှေ့​သွား​ကြတယ်။ (တ. ၁၈:၁၈-၂၁။ ရော. ၁၆:၃-၅) တကယ့်ကို အဓိပ္ပာယ် ရှိပြီး ပျော်ရွှင်စရာ ဘဝ​ပါ​ပဲ။

၁၂။ အိမ်ထောင်သည်တွေ​ဟာ ဘုရားရေးရာ ပန်းတိုင်​တွေ ဘာကြောင့် ချမှတ်​သင့်သလဲ။

၁၂ ဒီနေ့​ခေတ် ဇနီး​မောင်နှံ​တွေ ဘုရား​နိုင်ငံတော်​ကို ဦးစားထား​ခြင်း​အားဖြင့် ပြစ်ကိလ​နဲ့ အာကုလ​ကို တုပ​နိုင်တယ်။ ဘဝ​ပန်းတိုင်​တွေ​အကြောင်း ဆွေးနွေး​ရမယ့် အကောင်းဆုံး​အချိန်​က​တော့ ပိုးပန်း​ချိန်​ပါ​ပဲ။ ဘုရားရေးရာ ပန်းတိုင်​တွေ အတူ​ချမှတ်​ပြီး လက်လှမ်းမီ​ဖို့ အတူ​ကြိုးစား​မယ်​ဆိုရင် ယေဟောဝါရဲ့ အကူအညီကို ခံစား​ရဖို့ အခွင့်အရေး ပို​ရ​လာမယ်။ (ဒေ. ၄:၉၊ ၁၂) ရပ်​စယ်​နဲ့ အဲလီ​ဇ​ဘတ်​အကြောင်း စဉ်းစား​ကြည့်​ပါ။ “ပိုးပန်း​ချိန်​အတွင်း အထူးသဖြင့် ဘုရားရေးရာ ပန်းတိုင်​တွေ​အကြောင်း ဆွေးနွေး​ကြတယ်” လို့ ရပ်​စယ် ပြော​တယ်။ “အဲဒီလို ဆွေးနွေး​ထား​တာ​က နောက်ပိုင်း ဆုံးဖြတ်ချက်​တွေ ချ​တဲ့​အခါ ပန်းတိုင် ပြောင်း​မသွားဖို့ ကူညီ​ပေးတယ်” လို့ အဲလီ​ဇ​ဘတ် ပြော​တယ်။ အခြေအနေ ပေး​လာတဲ့အခါ ကြေညာသူ ပို​လိုအပ်​တဲ့ မိုက်ခရို​နီး​ရှား​ကို သူတို့ ပြောင်း​သွား​ကြတယ်။

အိမ်ထောင်​ကျ​ခါ​စ ဇနီး​မောင်နှံ​တွေ​ဟာ ဘုရားရေးရာ ပန်းတိုင်​တွေ ချမှတ်ခြင်းအားဖြင့် ယေဟောဝါရဲ့ အမှုတော်ကို ဘဝမှာ အဓိက​ထား​နိုင် (စာပိုဒ် ၁၃ ကို ကြည့်ပါ)

၁၃။ ဆာလံ ၂၈:၇ အရ ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ရင် ဘာ​အကျိုး​တွေ ရမလဲ။

၁၃ ရပ်​စ​ယ်​နဲ့ အဲလီ​ဇ​ဘတ်​လို​ပဲ ဇနီး​မောင်နှံ​များစွာ​ဟာ ဟောပြောခြင်းနဲ့ သွန်သင်ခြင်း​မှာ အချိန်ပို​ပေး​နိုင်အောင် ဘဝကို ရိုးရိုးရှင်းရှင်း ထား​ဖို့ ဆုံးဖြတ်​ကြတယ်။ ယေဟောဝါရဲ့ အမှုတော်မှာ အကျိုး​ရှိတဲ့ ပန်းတိုင်​တွေ ချ​ပြီး လက်လှမ်းမီ​ဖို့ အတူ​ကြိုးစား​ရင် ရလဒ်ကောင်း များစွာ ရရှိ​ပါ​လိမ့်မယ်။ ယေဟောဝါရဲ့ ဂရုစိုက်​စောင့်ရှောက်မှု​ကို မြင်ရတဲ့​အခါ ဘုရား​ကို ပို​ယုံကြည်​ကိုးစား​လာမယ်။ ပို​ပျော်ရွှင်​လာမယ်။ဆာလံ ၂၈:၇ ကို ဖတ်ပါ။

တမန်တော် ပေတရု​နဲ့ ဇနီး​လို​ပဲ ယေဟောဝါရဲ့ ကတိ​တွေ​ကို ယုံကြည်​ကိုးစား​ပါ

၁၄။ မဿဲ ၆:၂၅၊ ၃၁-၃၄ မှာ ပါတဲ့ ကတိ​ကို ယုံကြည်​ကိုးစား​ကြောင်း တမန်တော် ပေတရု​နဲ့ ဇနီး ဘယ်လို ဖော်ပြ​သလဲ။

၁၄ တမန်တော် ပေတရု​နဲ့ ဇနီး​ဆီကနေ​လည်း အိမ်ထောင်သည်တွေ သင်ယူနိုင်တယ်။ ယေရှုနဲ့ ဦးဆုံး​အကြိမ် တွေ့​ပြီး ခြောက်​လ၊ တစ်နှစ်​လောက်​မှာ တမန်တော် ပေတရု အရေးကြီး ဆုံးဖြတ်ချက်​တစ်ခု ချ​ခဲ့​ရတယ်။ ပေတရု​ဟာ တံငါ​လုပ်ငန်း​နဲ့ အသက်မွေး​သူ ဖြစ်တယ်။ ဒါ​ကြောင့် မိမိ​နောက်ကို အချိန်ပြည့် လိုက်​ဖို့ ယေရှု ဖိတ်ခေါ်​တဲ့​အခါ မိသားစု အခြေအနေ​ကို ထည့်​စဉ်းစား​ခဲ့​ရမှာပဲ။ (လု. ၅:၁-၁၁) ဟောပြောခြင်း​လုပ်ငန်းမှာ ယေရှုနဲ့အတူ လိုက်​ဖို့ ပေတရု ဆုံးဖြတ်​တယ်။ ပညာ​ရှိတဲ့ ဆုံးဖြတ်ချက်​ပါ​ပဲ။ ဒီ​ဆုံးဖြတ်ချက်​ကို ပေတရု​ရဲ့ ဇနီး ထောက်မ​ပေးတယ်​လို့ ယူဆ​နိုင်​စရာ အကြောင်း​ရှိတယ်။ ယေရှု ထမြောက်​ပြီး​နောက် ခရီးစဉ်​တချို့​မှာ ပေတရု​နဲ့​အတူ ဇနီး လိုက်သွား​တယ်လို့ ကျမ်းစာ ဖော်ပြ​တယ်။ (၁ ကော. ၉:၅) ဇနီး​ရဲ့ ပုံသက်သေ​ကောင်း​ကြောင့် ခရစ်ယာန် ခင်ပွန်း​နဲ့ ဇနီး​တွေ​အတွက် ပေတရု အကြံဉာဏ် ပေး​တဲ့​အခါ လွတ်လပ်​စွာ ပြောဆို​နိုင်​ခဲ့တယ်။ (၁ ပေ. ၃:၁-၇) ဘဝမှာ ဘုရား​နိုင်ငံတော်​ကို ဦးစားထား​ရင် ဘုရား ကူညီ​ထောက်မ​ပေး​မယ်​ဆိုတဲ့ ကတိ​ကို ပေတရု​နဲ့ ဇနီး ယုံကြည်​ကိုးစား​ခဲ့​တာ ထင်ရှား​တယ်။မဿဲ ၆:၂၅၊ ၃၁-၃၄ ကို ဖတ်ပါ။

၁၅။ တီ​ယာ​ဂို​နဲ့ အက်စတာ​ရဲ့ အဖြစ်ကနေ ဘာ​သိရသလဲ။

၁၅ သင်ဟာ အိမ်ထောင်ကျ​တာ နှစ်နည်း​နည်း ကြာပြီ​ဆိုရင် အမှုဆောင်​လုပ်ငန်း တိုးချဲ့​ချင်စိတ် ဘယ်လို ဆက်​မွေးမြူ​နိုင်​သလဲ။ တစ်နည်း​က​တော့ တခြား ဇနီး​မောင်နှံ​တွေ​ဆီကနေ သင်ယူခြင်း​ပါ​ပဲ။ ဥပမာ၊ “ကိုယ့်ကိုယ်ကိုယ် တလိုတလား ပေးဆက်​ကြ​သူများ” ဆောင်းပါးတွဲ​တွေ​ကို ဖတ်​နိုင်တယ်။ အဲဒီ​ဆောင်းပါး​တွေ​ဟာ ဘရာဇီး​က ဇနီး​မောင်နှံ တီ​ယာ​ဂို​နဲ့ အက်စတာ​ကို ပို​လိုအပ်​တဲ့ ဒေသမှာ အမှုဆောင်​ချင်စိတ် ဖြစ်လာ​ဖို့ ကူညီ​ပေးတယ်။ “ဒီနေ့​ခေတ် ကျေးကျွန်​တွေ​ကို ယေဟောဝါ ဘယ်လို ကူညီ​ပေး​ကြောင်း တွေ့ကြုံမှု​တွေ ဖတ်​ရတဲ့အခါ ယေဟောဝါရဲ့ ဂရုစိုက်​စောင့်ရှောက်မှု​ကို ကိုယ်တိုင် ခံစားချင်​လာတယ်” လို့ တီ​ယာ​ဂို ပြော​တယ်။ နောက်ပိုင်း၊ ပါရာဂွေး​နိုင်ငံ​ကို ပြောင်းရွှေ့​သွား​ကြတယ်။ ၂၀၁၄ က​စပြီး ပေါ်တူဂီ​စကားပြော လယ်ကွင်း​မှာ အမှုဆောင်​နေကြတယ်။ “အကြိုက်ဆုံး ကျမ်းချက်​တစ်ချက်​က​တော့ ဧဖက် ၃:၂၀ ပါ။ ယေဟောဝါရဲ့ လုပ်ငန်းမှာ အဲဒီ​စကား​တွေ ပြည့်စုံ​တာ​ကို ကျွန်မတို့ မကြာခဏ မြင်ရ​တယ်” လို့ အက်စတာ ပြော​တယ်။ ကိုယ်​တောင်း​တာ​ထက် ယေဟောဝါ ပိုပေး​မယ်​ဆိုပြီး ဧဖက်​ အသင်းတော်​ဆီ ရေး​တဲ့ အဲဒီ​စာ​မှာ ပေါလု ကတိ​ပေးတယ်။ အဲဒီ​ကတိ သိပ်​မှန်ပါတယ်။

အိမ်ထောင်​ကျ​ခါ​စ ဇနီး​မောင်နှံ​တွေ​ဟာ ရင့်ကျက်သူတွေ​ဆီကနေ အကြံဉာဏ် တောင်းခံ​ခြင်း​အားဖြင့် ယေဟောဝါရဲ့ အမှုတော်ကို ဘဝမှာ အဓိက​ထား​နိုင် (စာပိုဒ် ၁၆ ကို ကြည့်ပါ)

၁၆။ ဘဝ​ပန်းတိုင်​တွေ ချမှတ်​ရာ​မှာ လူငယ် ဇနီး​မောင်နှံ​တွေ ဘယ်သူတွေဆီ​ကနေ အကြံဉာဏ် ရယူ​နိုင်​သလဲ။

၁၆ ဒီနေ့​ခေတ် လူငယ် ဇနီး​မောင်နှံ​တွေ​ဟာ ယေဟောဝါ​ကို အားကိုး​တဲ့ တခြား​သူတွေရဲ့ တွေ့ကြုံမှု​ကနေ အကျိုး​ရနိုင်တယ်။ မောင်နှံ​တချို့​ဆိုရင် အချိန်ပြည့် အမှုဆောင်​လုပ်ငန်းမှာ ပါဝင်​လာတာ ဆယ်စုနှစ်ချီ ရှိပြီ။ ကိုယ့်​ပန်းတိုင်​တွေ​ကို ပြန်​ဆန်းစစ်​ဖို့ လို​နေတယ်လို့ ခံစားရ​ရင် သူတို့ဆီကနေ အကြံဉာဏ် တောင်း​ပါ။ ဒါဟာ ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ကြောင်း ပြ​နိုင်​တဲ့ နောက်တစ်နည်း​ပါ​ပဲ။ (ပညာ. ၂၂:၁၇၊ ၁၉) ဘုရားရေးရာ ပန်းတိုင်​တွေ ချပြီး လက်လှမ်းမီ​နိုင်​ဖို့ အကြီးအကဲ​တွေ​လည်း ကူညီ​ပေး​နိုင်တယ်။

၁၇။ ကလော့စ်​နဲ့ မာ​ရီ​ဆာ ဘာ​ကြုံ​ရသလဲ။ သူတို့ရဲ့ အဖြစ်ကနေ ဘာ​သိရသလဲ။

၁၇ တစ်ခါ​တ​လေ အမှုဆောင်​လုပ်ငန်း တိုးချဲ့​မယ်​ဆိုတဲ့ ကိုယ့်​ဆုံးဖြတ်ချက် ထင်ထား​သလို ဖြစ်​မလာ​တာ​မျိုး ရှိ​နိုင်တယ်။ အစောပိုင်းမှာ ဖော်ပြ​ခဲ့​တဲ့ ကလော့စ်​နဲ့ မာရီဆာ​အကြောင်း စဉ်းစား​ကြည့်​ပါ။ အိမ်ထောင်​သက် သုံးနှစ်​ကြာပြီး​နောက် အိမ်နဲ့ ဝေး​တဲ့ ဖင်လန် ဌာနခွဲ ဆောက်လုပ်ရေး​မှာ စေတနာ့​ဝန်ထမ်း လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ ခြောက်​လ​ထက် ပို​နေရ​မှာ မဟုတ်ဘူးဆိုတာ သိလိုက်​ရတော့ စိတ်ဓာတ်ကျ​မိ​ကြတယ်။ မကြာခင်​မှာပဲ အာရဘီ ဘာသာ​စကား​သင်တန်း တက်​ဖို့ ဖိတ်ခေါ်​ခံရတယ်။ အခု တခြား​နိုင်ငံ​က အာရဘီ​စကားပြော လယ်ကွင်း​မှာ ပျော်ရွှင်စွာ အမှုဆောင်​နေကြတယ်။ “ယေဟောဝါ​ကို အကြွင်းမဲ့ ယုံကြည်​ကိုးစား​ပြီး ကိုယ့်ရဲ့ သက်သောင့်သက်သာ ဘဝ​ထဲ​ကနေ ထွက်​ဖို့​ဆိုတာ တွေး​လိုက်​ရုံ​နဲ့​တင် စိုးရိမ်​စရာ​ပဲ။ ဒါပေမဲ့ မမျှော်လင့်​ထား​တဲ့ နည်းတွေနဲ့ ယေဟောဝါ အမြဲ ကူညီ​ပေး​မှန်း သိခဲ့ရတယ်။ ဒါ​ကြောင့် ယေဟောဝါ​ကို ပို​ယုံကြည်​ကိုးစား​လာတယ်” လို့ မာ​ရီ​ဆာ ပြော​တယ်။ သူတို့ရဲ့ အဖြစ်​က ဖော်ပြ​တဲ့​အတိုင်း ယေဟောဝါ​ကို အကြွင်းမဲ့ ယုံကြည်​ကိုးစား​ရင် ဘုရား အမြဲ ဆု​ချမယ်​ဆိုတာ စိတ်ချ​နိုင်​ပါ​တယ်။

၁၈။ ယေဟောဝါ​ကို ဆက်​ယုံကြည်​ကိုးစား​ဖို့ အိမ်ထောင်သည်တွေ ဘာလုပ်​နိုင်​သလဲ။

၁၈ အိမ်ထောင်​ဆိုတာ ယေဟောဝါ​ဆီက လက်ဆောင်​ပါ။ (မ. ၁၉:၅၊ ၆) အိမ်ထောင်သည်တွေကို ဘုရား ပျော်ရွှင်​စေချင်တယ်။ (ပညာ. ၅:၁၈) လူငယ် ဇနီး​မောင်နှံ​တို့၊ ကိုယ့်​ဘဝကို ဘယ်လို သုံး​နေတယ်​ဆိုတာ ဆန်းစစ်​ကြည့်​ပါ။ ဘုရား​ပေး လက်ဆောင်​တွေ​အတွက် ကျေးဇူး​တင်​လေးမြတ်​ကြောင်း ဖော်ပြ​ဖို့ အတတ်နိုင်ဆုံး ကြိုးစား​နေ​သလား။ အဲဒီ​အကြောင်း ယေဟောဝါ​ဆီ ဆုတောင်း ပြောပြ​ပါ။ ကိုယ့်​အခြေအနေ​နဲ့ သက်ဆိုင်​တဲ့ ကျမ်းစာ​မူတွေ ရှာဖွေပါ။ ယေဟောဝါ​ ပေး​တဲ့ အကြံဉာဏ်​ကို လိုက်လျှောက်ပါ။ ယေဟောဝါရဲ့ အမှုတော်ကို အဓိကထား​မယ်​ဆိုရင် အဓိပ္ပာယ် ရှိပြီး ပျော်ရွှင်စရာ​ဘဝ ရမယ်ဆိုတာ စိတ်ချ​နိုင်​ပါ​တယ်။

သီချင်း ၁၃၂ တို့​တစ်​သား​တစ်ကိုယ်တည်း ဖြစ်​ပြီ

^ အပိုဒ်၊ 5 ဆုံးဖြတ်ချက်​တချို့​ကြောင့် ယေဟောဝါရဲ့ အမှုတော်မှာ ကိုယ်​ပေး​နိုင်​မယ့် အချိန်၊ ခွန်အား​ကို ထိခိုက်မှု ရှိ​နိုင်တယ်။ အထူးသဖြင့် အိမ်ထောင်​ကျ​ခါ​စ ဇနီး​မောင်နှံ​တွေ​ဟာ ဘဝ​အပေါ် ရေရှည် အကျိုး​သက်ရောက်​မယ့် ဆုံးဖြတ်ချက်​တွေ ချ​ရတယ်။ အဓိပ္ပာယ်​ရှိပြီး ပျော်ရွှင်စရာ ဘဝ ရအောင် ပညာရှိ ဆုံးဖြတ်ချက်​တွေ ချ​နိုင်​ဖို့ ဒီ​ဆောင်းပါး​က ကူညီ​ပေး​ပါ​လိမ့်မယ်။

^ အပိုဒ်၊ 5 အမည်​လွှဲ​များ။