မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၄၇

ဘာကမှ သင့်ကို ယေဟောဝါနဲ့ ဝေးကွာမသွားပါစေနဲ့

ဘာကမှ သင့်ကို ယေဟောဝါနဲ့ ဝေးကွာမသွားပါစေနဲ့

“အို ယေဟောဝါ၊ ကိုယ်တော့်ကို ယုံကြည်​ကိုးစားပါတယ်။”—ဆာ. ၃၁:၁၄

သီချင်း  ၁၂၂ မယိမ်းမယိုင် ကြံ့ကြံ့ခံ​ရပ်တည်​နေ​ကြ

အကြို​သုံးသပ်ချက် a

၁။ ကျွန်တော်တို့နဲ့ ယေဟောဝါ​ဘုရား ရင်းနှီးချင်မှန်း ဘယ်လို သိနိုင်သလဲ။

 ယေဟောဝါ​ဘုရားက မိမိနဲ့ ရင်းနှီးအောင် ကြိုးစားဖို့ ကျွန်တော်တို့ကို ဖိတ်ခေါ်​ထားတယ်။ (ယာ. ၄:၈) ကျွန်တော်တို့ရဲ့ ဘုရား၊ ဖခင်နဲ့ မိတ်ဆွေ ဖြစ်ချင်​တယ်။ ဆုတောင်းချက်တွေကို ဖြေကြား​ပေးပြီး ခက်ခဲချိန်တွေမှာ ကူညီပေးတယ်။ အဖွဲ့အစည်း​ကို သုံးပြီး သွန်သင်၊ ကာကွယ်ပေးတယ်။ ဒါပေမဲ့ ယေဟောဝါ​ဘုရားနဲ့ ရင်းနှီးအောင် ကျွန်တော်တို့ ဘာလုပ်ရမလဲ။

၂။ ယေဟောဝါ​နဲ့ ဘယ်လို ရင်းနှီး​နိုင်သလဲ။

ဆုတောင်းခြင်း၊ ကျမ်းစာ​ဖတ်ပြီး တွေးတောဆင်ခြင်ခြင်းအားဖြင့် ယေဟောဝါနဲ့ ရင်းနှီး​လာနိုင်တယ်။ ဒါဆိုရင် ဘုရားကို​ချစ်​လာမယ်။ ကျေးဇူးတင်​လေးမြတ်​လာမယ်။ ဘုရား​ပဲ ရထိုက်တဲ့ ဂုဏ်တင်​ချီးမွမ်းမှု ပေးချင်​လာမယ်။ နာခံချင်လာမယ်။ (ဗျာ. ၄:၁၁) ဘုရားအကြောင်း ပိုသိလေ ဘုရားနဲ့ အဖွဲ့အစည်းအပေါ် ထားတဲ့ ယုံကြည်စိတ်ချမှု ပို​တိုးများလေ ဖြစ်လာမယ်။

၃။ ယေဟောဝါနဲ့ ဝေးကွာ​သွားဖို့ စာတန် ဘယ်လို ကြိုးစားသလဲ။ ဒါပေမဲ့ ဘုရားနဲ့ အဖွဲ့အစည်း​ကို ဘယ်တော့မှ မ​စွန့်ဖို့ ဘာက ကူညီပေးမလဲ။ (ဆာလံ ၃၁:၁၃၊ ၁၄)

အထူးသဖြင့် အခက်အခဲတွေ ကြုံရချိန်မှာ ယေဟောဝါ​ဘုရားနဲ့ ကျွန်တော်တို့ ဝေးကွာ​သွားဖို့ စာတန် ကြိုးစားတယ်။ ဘယ်လို ကြိုးစားသလဲ။ ယေဟောဝါနဲ့ အဖွဲ့အစည်းအပေါ် ထားတဲ့ ယုံကြည်စိတ်ချမှု တဖြည်းဖြည်း လှိုက်စားသွားအောင် လုပ်တယ်။ ဒါပေမဲ့ စာတန့် တိုက်ခိုက်မှု​တွေ​ကို ခုခံနိုင်ပါတယ်။ ယေဟောဝါ​ဘုရားကို အခိုင်အမာ ယုံကြည်​ကိုးစား​မယ်​ဆိုရင် ဘုရားနဲ့ အဖွဲ့အစည်း​ကို ဘယ်တော့မှ စွန့်ခွာ​သွားမှာ မဟုတ်ဘူး။ဆာလံ ၃၁:၁၃၊ ၁၄ ကို ဖတ်ပါ။

၄။ ဒီဆောင်းပါးမှာ ဘာအကြောင်း လေ့လာကြမလဲ။

ဒီဆောင်းပါးမှာ အသင်းတော်​ပြင်ပက လာနိုင်တဲ့ အခက်အခဲ သုံးခု​အကြောင်း၊ တစ်ခု​ချင်း​စီ​က ယေဟောဝါနဲ့ အဖွဲ့အစည်းအပေါ် ထားတဲ့ ယုံကြည်စိတ်ချမှုကို ဘယ်လို လျော့နည်း​သွား​စေနိုင်​ကြောင်း လေ့လာကြပါမယ်။ ဒီ​အခက်အခဲတွေ​က ယေဟောဝါ​ဘုရားနဲ့ ဘယ်လို ဝေးကွာသွားစေနိုင်သလဲ။ စာတန့် တိုက်ခိုက်မှု​တွေ​ကို ဘယ်လို တွန်းလှန်​နိုင်မလဲ။

အခက်အခဲတွေ ကြုံရတဲ့အခါ

၅။ အခက်အခဲတွေကြောင့် ယေဟောဝါနဲ့ အဖွဲ့အစည်းအပေါ် ထားတဲ့ ယုံကြည်စိတ်ချမှု ဘယ်လို လျော့နည်း​သွား​နိုင်သလဲ။

မိသားစု ဆန့်ကျင်မှု၊ အလုပ်​လက်မဲ့ ဖြစ်တာ စတဲ့ ပြဿနာတွေ တစ်ခါတလေ ရင်ဆိုင်​ကြရတယ်။ ဒီ​အခက်အခဲတွေ​က ဘုရား​အဖွဲ့အစည်းအပေါ် ယုံကြည်စိတ်ချမှုကို ဘယ်လို လျော့နည်းသွားစေနိုင်သလဲ။ ဘုရားနဲ့ ဘယ်လို ဝေးကွာသွားစေနိုင်သလဲ။ အခက်အခဲတွေကို ရေရှည် ရင်ဆိုင်ရတဲ့အခါ မျှော်လင့်ချက်မဲ့ပြီး စိတ်ဓာတ်ကျလာနိုင်တယ်။ ဒါကို စာတန် အခွင့်ကောင်း​ယူပြီး ကျွန်တော်တို့ကို ဘုရား မချစ်ဘူး​လို့ သံသယဝင်စေချင်တယ်။ ဘုရားကြောင့်၊ အဖွဲ့အစည်း​ကြောင့် ကျွန်တော်တို့ ဒုက္ခရောက်​ရတာ​လို့ တွေးစေချင်တယ်။ အီဂျစ်ပြည်က အစ္စရေး​တချို့ အလားတူ အခြေအနေ ရင်ဆိုင်ခဲ့ရတယ်။ ကျွန်ဘဝကနေ လွတ်မြောက်စေဖို့ မောရှေ​နဲ့ အာရုန်​ကို ဘုရား ခန့်အပ်တာလို့ အစ​မှာတော့ ယုံကြည်ခဲ့ကြတယ်။ (ထွ. ၄:၂၉-၃၁) ဒါပေမဲ့ နောက်ပိုင်း ဖာရော​ကြောင့် ဘဝက ပို​ခက်ခဲ​လာတဲ့အခါ “ခင်ဗျားတို့​ကြောင့် ဖာရော​နဲ့ မင်းမှုထမ်း​တွေ​က ကျွန်တော်တို့ကို ကြည့်​မရတော့ဘူး။ ကျွန်တော်တို့ကို သတ်ဖို့ သူတို့​လက်ထဲ ဓား​ထည့်ပေးလိုက်သလို ဖြစ်နေပြီ” ဆိုပြီး မောရှေ​နဲ့ အာရုန်​ကို အပြစ်တင်ကြတယ်။ (ထွ. ၅:၁၉-၂၁) ဝမ်းနည်းစရာပါပဲ။ သင်လည်း အခက်အခဲတွေကို ရေရှည် ရင်ဆိုင်​နေ​ရရင် ယေဟောဝါနဲ့ အဖွဲ့အစည်းအပေါ် ယုံကြည်စိတ်ချမှု ခိုင်မာအောင် ဘယ်လို လုပ်နိုင်သလဲ။

၆။ အခက်အခဲတွေကို ရင်ဆိုင်နိုင်ဖို့ ပရောဖက် ဟဗက္ကုတ်ဆီကနေ ဘာသင်ယူရသလဲ။ (ဟဗက္ကုတ် ၃:၁၇-၁၉)

ယေဟောဝါဆီ ရင်ဖွင့် ဆုတောင်းပါ။ ဘုရား အကူအညီကို ရှာပါ။ ပရောဖက် ဟဗက္ကုတ်​လည်း အခက်အခဲတွေ ကြုံခဲ့ရ​တယ်။ တစ်ကြိမ်မှာ ယေဟောဝါ ဂရုစိုက်​ရဲ့​လား​လို့ သံသယဝင်​မိ​ပုံ​ရတယ်။ ဒါကြောင့် ဘုရားဆီ ရင်ဖွင့်​ခဲ့တယ်။ “ယေဟောဝါ​ဘုရား၊ ကျွန်တော် ဘယ်အချိန်အထိ အော်ဟစ် အကူအညီ​တောင်းရမှာလဲ။ ဘယ်အချိန်ကျမှ ကြားမှာလဲ။. . . ဖိနှိပ်​သူတွေကို ကိုယ်တော် ဘာလို့ သည်းခံ​နေတာလဲ” လို့ ဆုတောင်းခဲ့တယ်။ (ဟဗ. ၁:၂၊ ၃) ဒီသစ္စာရှိ​ကျေးကျွန်ရဲ့ လှိုက်လှဲ​တဲ့ ဆုတောင်းချက်ကို ဘုရား အဖြေပေးတယ်။ (ဟဗ. ၂:၂၊ ၃) အရင်က ဘုရား​ကယ်တင်​ပေးခဲ့တာ​တွေ​ကို လေးလေးနက်နက် တွေးတော​ပြီးနောက် ဟဗက္ကုတ် ပြန်ပျော်ရွှင်လာတယ်။ မိမိကို ယေဟောဝါ ဂရုစိုက်ကြောင်း၊ အခက်အခဲတွေကို ခံရပ်နိုင်ဖို့ ကူညီပေးမှာ ဖြစ်ကြောင်း ယုံကြည်​စိတ်ချလာတယ်။ (ဟဗက္ကုတ် ၃:၁၇-၁၉ ကို ဖတ်ပါ။) ဘာသင်ခန်းစာ ရသလဲ။ အခက်အခဲတွေ ကြုံရတဲ့အခါ ယေဟောဝါဆီ ဆုတောင်းပြီး ဘယ်လို ခံစားနေရကြောင်း ပြောပြပါ။ ဘုရား အကူအညီကို ရှာပါ။ ဒါဆိုရင် ခံရပ်နိုင်ဖို့ ခွန်အားပေးမယ်​ဆိုတာ ယုံကြည်​စိတ်ချလာမယ်။ ဘုရား အကူအညီ ခံစားရတဲ့အခါ ယုံကြည်ခြင်းလည်း ပိုခိုင်မာလာမယ်။

၇။ ရှယ်လီ​ရဲ့ ဆွေမျိုး​တစ်ယောက် ဘာလုပ်ဖို့ ကြိုးစားသလဲ။ ယေဟောဝါကို ဆက်ယုံကြည်နေဖို့ ရှယ်လီကို ဘာက ကူညီပေးသလဲ။

ယေဟောဝါနဲ့ ရင်းနှီးအောင် ကူညီပေးမယ့် အရာတွေ ဆက်​လုပ်ဆောင်ပါ။ ဒါက အခက်အခဲ ကြုံရချိန် ပါပူဝါ နယူးဂီနီ​နိုင်ငံ​က ညီအစ်မ ရှယ်လီကို ကူညီပေးခဲ့တယ်။ b ရှယ်လီ့ မိသားစုက ဆင်းရဲ​ပြီး တစ်ခါတလေ တစ်နေ့စာ ရဖို့​တောင် မနည်း​ရုန်းကန်​ရတယ်။ ဘုရားအပေါ်​ထားတဲ့ ရှယ်လီ​ရဲ့ ယုံကြည်စိတ်ချမှု လျော့နည်းစေဖို့ ဆွေမျိုး​တစ်ယောက် ကြိုးစားတယ်။ “မင်း​ပြောတော့ ဘုရားရဲ့ သန့်ရှင်းသော စွမ်းအားတော် ကူညီပေးနေတယ်ဆို။ ဘယ်မှာလဲ အဲဒီ​စွမ်းအားတော်။ မိသားစုက ဆင်းရဲတွင်းနက်နေတုန်း။ တရား​လိုက်​ဟော​ရင်း​နဲ့​ပဲ အချိန်ဖြုန်းနေတာ” လို့ ပြောတယ်။ “‘ဘုရား တကယ်ပဲ ဂရုစိုက်​ရဲ့​လား’ လို့ ကျွန်မ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်။ ဒါကြောင့် ဘုရားဆီ ချက်ချင်း ဆုတောင်းပြီး စိတ်ထဲ​ရှိသမျှ ပြောပြ​လိုက်တယ်။ ကျမ်းစာနဲ့ အဖွဲ့အစည်းထုတ် စာပေတွေ ဆက်​ဖတ်တယ်။ အမှုဆောင်​နဲ့ အစည်းအဝေးတွေမှာ ဆက်​ပါဝင်တယ်” လို့ ရှယ်လီ ပြောတယ်။ သူ့​မိသားစုကို ယေဟောဝါ ကြည့်ရှု​စောင့်ရှောက်ပေးနေမှန်း မကြာခင်​မှာ​ပဲ သဘောပေါက်လာတယ်။ သူတို့ မငတ်ကြပါဘူး။ ပျော်ရွှင်​နေ​ကြတယ်။ “ကျွန်မရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ ဖြေကြား​ပေးတယ်လို့ ခံစားရတယ်” ဆိုပြီး ရှယ်လီ ပြောတယ်။ (၁ တိ. ၆:၆-၈) သင်လည်း ယေဟောဝါနဲ့ ရင်းနှီးအောင် ဆက်ကြိုးစားနေမယ်ဆိုရင် ဘယ်အခက်အခဲ၊ သံသယကြောင့်မှ ဘုရားနဲ့ ဝေးကွာ​သွားမှာ မဟုတ်ဘူး။

တာဝန်ရှိ ညီအစ်ကိုတွေ မတရား ဆက်ဆံခံရတဲ့အခါ

၈။ အဖွဲ့အစည်းက တာဝန်ရှိ ညီအစ်ကိုတွေ ဘာ​ကြုံရနိုင်သလဲ။

ဆန့်ကျင်သူတွေ​က ဦးဆောင်နေတဲ့ ညီအစ်ကိုတွေ​အကြောင်း အလိမ်အညာ၊ မဟုတ်မမှန် သတင်းတွေကို မီဒီယာ​နဲ့ လူမှုကွန်ယက်​တွေ​မှာ ဖြန့်ကြတယ်။ (ဆာ. ၃၁:၁၃) ညီအစ်ကို​တချို့ ဖမ်းဆီး​ခံရပြီး ရာဇဝတ်သားတွေ​အဖြစ် စွပ်စွဲ​ခံရတယ်။ ပထမ​ရာစု ခရစ်ယာန်တွေ​လည်း တမန်တော် ပေါလု မတရား စွပ်စွဲ​ခံရပြီး အဖမ်းခံရ​တဲ့အခါ အလားတူ အခြေအနေ ကြုံခဲ့ရ​တယ်။ သူတို့ ဘယ်လို တုံ့ပြန်ခဲ့ကြသလဲ။

၉။ တမန်တော်​ပေါလု ထောင်ကျတဲ့အခါ ခရစ်ယာန်​တချို့ ဘယ်လို တုံ့ပြန်​ကြသလဲ။

ရောမမြို့မှာ တမန်တော် ပေါလု ထောင်ကျတဲ့အခါ ပထမ​ရာစု ခရစ်ယာန်​တချို့ ဆက်မကူညီကြတော့ဘူး။ (၂ တိ. ၁:၈၊ ၁၅) ဘာကြောင့်လဲ။ ရာဇဝတ်သား​အဖြစ် သတ်မှတ်​ခံရတဲ့ ပေါလု​ကြောင့် ရှက်လို့​လား။ (၂ တိ. ၂:၈၊ ၉) ဒါမှမဟုတ် ကိုယ်တိုင်လည်း နှိပ်စက်​ခံရ​မှာ ကြောက်လို့​လား။ ဘာကြောင့်​ပဲ ဖြစ်ဖြစ် ပေါလု ဘယ်လို ခံစားရမလဲ စဉ်းစားကြည့်ပါ။ ညီအစ်ကိုတွေအတွက် အသက်ကိုတောင် မငဲ့ဘဲ အခက်အခဲတွေ ခံရပ်ခဲ့တယ်။ (တ. ၂၀:၁၈-၂၁။ ၂ ကော. ၁:၈) ပေါလု အကူအညီ လိုနေချိန် စွန့်သွားသူတွေလို ကျွန်တော်တို့ မဖြစ်ချင်ကြပါဘူး။ တာဝန်ရှိ ညီအစ်ကိုတွေ နှိပ်စက်​ခံရတဲ့အခါ ကျွန်တော်တို့ ဘာကို စိတ်စွဲ​မှတ်ထား​နိုင်သလဲ။

၁၀။ တာဝန်ရှိ ညီအစ်ကိုတွေ နှိပ်စက်​ခံရတဲ့အခါ ဘာကို သတိရသင့်သလဲ။ ဘာကြောင့်လဲ။

၁၀ ဘာကြောင့်၊ ဘယ်သူ​ကြောင့် ညှဉ်းဆဲခံရတာလဲဆိုတာ သတိရပါ။ တိမောသေ ဒုတိယစောင် ၃:၁၂ မှာ “ခရစ်တော်​ယေရှုရဲ့ နောက်လိုက်​အ​နေနဲ့ ဘုရားတရား​ကိုင်းရှိုင်း​တဲ့ အသက်တာနဲ့ နေချင်​သူတိုင်းဟာ ညှဉ်းဆဲ​ခံရ​မှာ​ပဲ” လို့ ပြောထားတယ်။ ဒါကြောင့် တာဝန်ရှိ ညီအစ်ကိုတွေကို စာတန် ပစ်မှတ်ထား တိုက်ခိုက်တာ မအံ့သြ​သင့်​ဘူး။ သူ့​ရည်ရွယ်ချက်က ကျွန်တော်တို့ရဲ့ သမာဓိကို ချိုးဖျက်​ဖို့၊ ကြောက်သွားစေဖို့​ပဲ။—၁ ပေ. ၅:၈

ပေါလု ထောင်ကျ​နေချိန် သြနေသိဖော် သတ္တိရှိရှိ ထောက်မခဲ့။ ပြန်သရုပ်ဖော်ထားတဲ့ ပုံ​မှာ ပါတဲ့​အတိုင်း ဒီနေ့လည်း ထောင်ကျ​နေတဲ့ ယုံကြည်သူချင်းတွေ​ကို ညီအစ်ကို/မတွေ ထောက်မပေးကြ (စာပိုဒ် ၁၁-၁၂ ကို ကြည့်ပါ)

၁၁။ ဩနေသိဖော်ရဲ့ ပုံနမူနာ​ကနေ ဘာသင်ခန်းစာ ရသလဲ။ (၂ တိမောသေ ၁:၁၆-၁၈)

၁၁ ညီအစ်ကိုတွေကို စွန့်မသွားဘဲ သစ္စာရှိရှိ ဆက်ထောက်မပါ။ (၂ တိမောသေ ၁:၁၆-၁၈ ကို ဖတ်ပါ။) ပေါလု ထောင်ကျတဲ့အခါ ဩနေသိဖော်လို့ ခေါ်တဲ့ ပထမ​ရာစု ခရစ်ယာန်​တစ်ယောက်ကတော့ ထူးထူးခြားခြား တုံ့ပြန်​ခဲ့တယ်။ “[ပေါလု]ကို သံကြိုး​နဲ့ ချည်နှောင်​ထားပေမဲ့ သူက မရှက်မကြောက်” ဘူး။ အဲဒီအစား မတွေ့တွေ့အောင် ရှာတယ်။ ရှာတွေ့တဲ့အခါ အသက်ကိုတောင် မငဲ့ဘဲ လက်တွေ့ကျကျ ကူညီ​ထောက်မ​တယ်။ ဘာသင်ခန်းစာ ရသလဲ။ ညီအစ်ကိုတွေ နှိပ်စက်​ခံရတဲ့အခါ လူကြောက်တဲ့​စိတ်ကြောင့် ကျွန်တော်တို့ ကြောက်သွားတာမျိုး၊ ဆက်မကူညီတော့တာမျိုး မဖြစ်သင့်ဘူး။ အဲဒီအစား သူတို့ဘက်က​နေ ခုခံ​ပြောဆိုပါ။ အတတ်နိုင်ဆုံး ကူညီပေးပါ။ (ပညာ. ၁၇:၁၇) ကျွန်တော်တို့ရဲ့ မေတ္တာနဲ့ ထောက်မမှုကို သူတို့ လိုအပ်တယ်။

၁၂။ ရုရှား​နိုင်ငံ​က ညီအစ်ကို/မတွေဆီကနေ ဘာသင်ယူနိုင်သလဲ။

၁၂ ရုရှား​နိုင်ငံ​က ထောင်ကျ​နေတဲ့ ယုံကြည်သူချင်းတွေ​ကို ညီအစ်ကို/မတွေ ဘယ်လို ကူညီပေးကြောင်း စဉ်းစားကြည့်ပါ။ တချို့ ရုံးတင်​စစ်ဆေးခံရတဲ့အခါ အားပေးဖို့ ညီအစ်ကို/မတွေ တရားရုံး​ကို လာကြတယ်။ ဘာသင်ခန်းစာ ရသလဲ။ တာဝန်ရှိ ညီအစ်ကိုတွေ နာမည်ဖျက်ခံရ၊ အဖမ်းခံရ၊ နှိပ်စက်​ခံရတဲ့အခါ မကြောက်ပါနဲ့။ သူတို့အတွက် ဆုတောင်း​ပေးပါ။ သူတို့ရဲ့ မိသားစုဝင်တွေကို ဂရုစိုက်ပေးပါ။ လက်တွေ့ကျကျ ကူညီပေးပါ။—တ. ၁၂:၅။ ၂ ကော. ၁:၁၀၊ ၁၁

လှောင်ပြောင်​ခံရတဲ့အခါ

၁၃။ လှောင်ပြောင်မှုတွေကြောင့် ယေဟောဝါနဲ့ အဖွဲ့အစည်းအပေါ် ယုံကြည်စိတ်ချမှု ဘယ်လို လျော့နည်း​သွား​နိုင်သလဲ။

၁၃ ဟောပြောလို့၊ ဘုရားရဲ့ မြင့်မားတဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေအတိုင်း နေထိုင်​လို့ မယုံကြည်သူ ဆွေမျိုးတွေ၊ အလုပ်ဖော်​တွေ၊ ကျောင်းနေဖက်တွေ လှောင်ပြောင်​နိုင်တယ်။ (၁ ပေ. ၄:၄) “မင်း​ကိုတော့ ခင်ပါတယ်။ ဒါပေမဲ့ မင်း​ဘာသာ​က တင်းကျပ်လွန်း​ပြီး ခေတ်​နောက်ကျ​နေပြီ” လို့ ပြောကောင်းပြောကြမယ်။ နှင်ထုတ်ထားသူတွေ​ကို ဆက်ဆံပုံ​နဲ့ပတ်သက်ပြီး “မေတ္တာရှိတယ်ဆိုတာ ဒါမျိုး​လား” လို့ တချို့ ဝေဖန်​နိုင်တယ်။ ဒီလို​စကားတွေက ကျွန်တော်တို့​စိတ်ထဲ သံသယ​မျိုးစေ့ ကြဲ​ပေးနိုင်တယ်။ “ဘုရား တရားလွန် တောင်းဆို​နေတာ​များ​လား။ ဘုရား​အဖွဲ့အစည်းက တင်းကျပ်လွန်း​သ​လား” ဆိုပြီး စတွေးလာနိုင်တယ်။ ဒီလို​အခြေအနေမျိုး သင် ကြုံနေရရင် ယေဟောဝါနဲ့ရော အဖွဲ့အစည်းနဲ့​ပါ ဘယ်လို ဆက်နီးကပ်နေနိုင်မလဲ။

လှောင်ပြောင်​တဲ့ မိတ်ဆွေ အတုအယောင်​တွေ​ရဲ့ အလိမ်အညာ စကားတွေကို ယောဘ မယုံခဲ့။ အဲဒီအစား ဘုရားအပေါ် သမာဓိ ဆက်​စောင့်ထိန်း​ဖို့ စိတ်ပိုင်းဖြတ်ထား (စာပိုဒ် ၁၄ ကို ကြည့်ပါ)

၁၄။ ယေဟောဝါရဲ့ စံနှုန်းတွေအတိုင်း နေ​လို့ တခြားသူတွေ လှောင်ပြောင်​တဲ့အခါ ဘယ်လို တုံ့ပြန်သင့်သလဲ။ (ဆာလံ ၁၁၉:၅၀-၅၂)

၁၄ ယေဟောဝါရဲ့ စံနှုန်းတွေအတိုင်း နေထိုင်ဖို့ စိတ်ပိုင်းဖြတ်ထားပါ။ ယောဘဟာ လှောင်ပြောင်​ခံရပေမဲ့ ယေဟောဝါ​ဘုရားရဲ့ စံနှုန်းတွေအတိုင်း ဆက်​နေထိုင်ခဲ့တယ်။ ဘယ်လောက်ပဲ ကောင်းအောင် ကြိုးစား​ကြိုးစား ဘုရား အရေးမစိုက်​ပါ​ဘူး​လို့ ထင်အောင် မိတ်ဆွေ အတုအယောင်​တစ်ယောက် ယောဘကို လှည့်စား​ပြောဆိုတယ်။ (ယောဘ ၄:၁၇၊ ၁၈။ ၂၂:၃) ဒါပေမဲ့ ဒီ​အလိမ်အညာတွေကို ယောဘ မယုံဘူး။ အမှားအမှန်​နဲ့​ပတ်သက်တဲ့ ဘုရား​စံနှုန်းတွေ မှန်တယ်ဆိုတာ သိပြီး အဲဒီအတိုင်း နေထိုင်ဖို့ ဆုံးဖြတ်​ထားတယ်။ တခြားသူတွေ​ကြောင့် ကိုယ့်​သမာဓိကို မချိုးဖျက်ဘူး။ (ယောဘ ၂၇:၅၊ ၆) ဘာသင်ခန်းစာ ရသလဲ။ လှောင်ပြောင်မှုတွေကြောင့် ဘုရားရဲ့ စံနှုန်းတွေကို သံသယ​မဝင်​မိပါစေ​နဲ့။ ကိုယ်တွေ့ အဖြစ်အပျက်တွေကို ပြန်စဉ်းစားပါ။ ယေဟောဝါရဲ့ စံနှုန်းတွေ မှန်ကန်​ပြီး အကျိုး ဖြစ်စေတယ်ဆိုတာ သင် မကြာခဏ ကြုံဖူး​မှာ​ပါ။ အဲဒီစံနှုန်းတွေကို အားပေး​ထောက်ခံတဲ့ အဖွဲ့အစည်း​ကို ဆက်ထောက်မဖို့ စိတ်ပိုင်းဖြတ်ထားပါ။ ဒါဆိုရင် လူတွေ ဘယ်လောက်ပဲ လှောင်ပြောင်​ပါ​စေ ဘုရားနဲ့ ဘယ်တော့မှ ဝေးကွာ​သွားမှာ မဟုတ်ဘူး။—ဆာလံ ၁၁၉:၅၀-၅၂ ကို ဖတ်ပါ။

၁၅။ ဘရီဂျစ် ဘာကြောင့် လှောင်ပြောင်ခံရသလဲ။

၁၅ အိန္ဒိယ​နိုင်ငံ​က ညီအစ်မ ဘရီဂျစ်​အကြောင်း စဉ်းစားကြည့်ပါ။ ယုံကြည်ချက်ကြောင့် မိသားစုဝင်တွေ လှောင်ပြောင်​ကြတယ်။ ၁၉၉၇ မှာ ဘရီဂျစ် နှစ်ခြင်းခံပြီး မကြာခင်​မှာ​ပဲ မယုံကြည်သူ​ခင်ပွန်း အလုပ်ပြုတ်သွားတယ်။ ဒါကြောင့် ဘရီဂျစ်ရဲ့​ခင်ပွန်းက သူ့မိဘတွေနေတဲ့ တခြား​မြို့ကို ပြောင်းဖို့ ဆုံးဖြတ်​လိုက်တယ်။ ဒါပေမဲ့ ဒီထက်​ပိုဆိုးတာတွေ ဘရီဂျစ် ကြုံရတယ်။ ခင်ပွန်း အလုပ် မရှိလို့ မိသားစုကို ထောက်ပံ့ဖို့ ဘရီဂျစ် အချိန်ပြည့် အလုပ်လုပ်ရတယ်။ ဒါ့အပြင် အနီးဆုံး အသင်းတော်က မိုင် ၂၂၀ (ကီလိုမီတာ ၃၅၀) ဝေးတယ်။ ခင်ပွန်း​ရဲ့ မိသားစုကလည်း ဆန့်ကျင်ကြတယ်။ ဆန့်ကျင်မှု​က ဆိုးရွား​လွန်းလို့ ဘရီဂျစ်ရဲ့ မိသားစု ထပ်ပြောင်းရွှေ့ခဲ့ရတယ်။ မမျှော်လင့်ဘဲ ခင်ပွန်း ဆုံးသွား​တယ်။ နောက်ပိုင်း၊ သမီး​တစ်ယောက် အသက် ၁၂ နှစ်အရွယ်မှာ ကင်ဆာ​ရောဂါနဲ့ ဆုံးသွား​တယ်။ ဆွေမျိုးတွေ ဝိုင်းအပြစ်တင်ကြပြန်ရော။ ယေဟောဝါ​သက်သေ ဖြစ်လို့ ဒီလို​အဖြစ်ဆိုးတွေ ကြုံရတာလို့ ပြောကြတယ်။ ဒါတောင် ယေဟောဝါကို ဘရီဂျစ် ဆက်ယုံကြည်​ကိုးစားပြီး အဖွဲ့အစည်းနဲ့ ဆက်​ပူးပေါင်း​တယ်။

၁၆။ ယေဟောဝါနဲ့ရော အဖွဲ့အစည်းနဲ့​ပါ နီးနီးကပ်ကပ်​နေ​လို့ ဘရီဂျစ် ဘယ်လို ကောင်းချီး ရသလဲ။

၁၆ အသင်းတော်နဲ့ ဝေးတဲ့​နေရာမှာ နေ​ရလို့ အိမ်နားတစ်ဝိုက်မှာ​ပဲ ဟောပြောဖို့၊ အိမ်မှာ​ပဲ အစည်းအဝေးတွေ ကျင်းပဖို့ ဘရီဂျစ်​ကို တိုက်နယ်ကြီးကြပ်မှူး​တစ်ယောက် အားပေးတယ်။ အစပိုင်း​မှာတော့ သိပ်ခက်တယ်​လို့ ခံစားရတယ်။ ဒါပေမဲ့ အဲဒီ​အကြံ​အတိုင်း လိုက်နာခဲ့တယ်။ တခြားသူတွေကို သတင်းကောင်း ဟောတယ်။ အိမ်မှာ အစည်းအဝေးတွေ ကျင်းပတယ်။ အချိန်ယူပြီး သမီးတွေ​နဲ့ မိသားစု​ဝတ်ပြုမှု လုပ်တယ်။ ဘာရလဒ် ရသလဲ။ ကျမ်းစာသင်အံမှု အများကြီး ကျင်းပနိုင်ပြီး အတော်များများ နှစ်ခြင်းခံ​ကြတယ်။ ၂၀၀၅ မှာ ဘရီဂျစ် မှန်မှန်ရှေ့ဆောင် စ​လုပ်တယ်။ ယေဟောဝါ​ဘုရားကို ယုံကြည်လို့၊ အဖွဲ့အစည်းအပေါ် သစ္စာရှိလို့ ဆုချခံရတယ်။ သမီးတွေ ဘုရားကို သစ္စာရှိရှိ အမှုဆောင်​နေပြီး အခုဆို အဲဒီဒေသမှာ အသင်းတော် နှစ်ခု​တောင် ရှိနေပြီ။ ယေဟောဝါ​ပေးတဲ့ ခွန်အားကြောင့် အခက်အခဲတွေ၊ မိသားစု ဆန့်ကျင်မှု​တွေ​ကို ခံရပ်နိုင်​တယ်ဆိုတာ ဘရီဂျစ် ယုံကြည်စိတ်ချတယ်။

ယေဟောဝါနဲ့ အဖွဲ့အစည်းအပေါ် ဆက်သစ္စာရှိနေပါ

၁၇။ ဘာလုပ်ဖို့ စိတ်ပိုင်းဖြတ်ထားသင့်သလဲ။

၁၇ အခက်အခဲတွေ ကြုံရချိန်မှာ ကျွန်တော်တို့ကို ဘုရား ပစ်ထား​တယ်၊ အဖွဲ့အစည်း​ကို ထောက်မ​လို့ ဘဝက ပိုခက်ရုံပဲ ရှိမယ်လို့ စာတန် ယုံစေချင်တယ်။ တာဝန်ရှိ ညီအစ်ကိုတွေ လှောင်ပြောင်၊ နှိပ်စက်၊ ထောင်ချ​ခံရတဲ့အခါ ကြောက်သွားစေချင်တယ်။ လှောင်ပြောင်​ခံရ​လို့ ဘုရား စံနှုန်းတွေနဲ့ အဖွဲ့အစည်းအပေါ် ယုံကြည်စိတ်ချမှု လျော့နည်း​သွား​စေချင်တယ်။ ဒါပေမဲ့ စာတန်ရဲ့ အကြံအစည်​တွေ​ကို ကျွန်တော်တို့ သိလို့ လှည့်စားမခံကြဘူး။ (၂ ကော. ၂:၁၁) ယေဟောဝါ​ဘုရားနဲ့ အဖွဲ့အစည်းအပေါ် ဆက်သစ္စာ​ရှိပြီး စာတန်ရဲ့ အလိမ်အညာတွေကို ငြင်းပယ်ဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။ သင့်ကို ယေဟောဝါ ဘယ်တော့မှ မစွန့်ပစ်​ဘူး​ဆိုတာ သတိရပါ။ (ဆာ. ၂၈:၇) ဒါကြောင့် ဘာကမှ သင့်ကို ယေဟောဝါနဲ့ ဝေးကွာ​မ​သွားပါစေ​နဲ့။—ရော. ၈:၃၅-၃၉

၁၈။ နောက်ဆောင်းပါးမှာ ဘာအကြောင်း လေ့လာကြမလဲ။

၁၈ ဒီဆောင်းပါးမှာ အသင်းတော်​ပြင်ပက လာနိုင်တဲ့ အခက်အခဲတွေ​အကြောင်း လေ့လာခဲ့ကြပြီ။ ဒါပေမဲ့ အသင်းတော်​အတွင်း​က လာတဲ့ အခက်အခဲတွေကြောင့်​လည်း ယေဟောဝါ​ဘုရားနဲ့ အဖွဲ့အစည်းအပေါ် ထားတဲ့ ယုံကြည်စိတ်ချမှု စမ်းသပ်ခံရနိုင်တယ်။ ဒီအခက်အခဲတွေကို ဘယ်လို အောင်အောင်မြင်မြင် ရင်ဆိုင်​နိုင်မလဲ။ နောက်ဆောင်းပါးမှာ လေ့လာကြပါမယ်။

သီချင်း ၁၁၈ ယုံကြည်ခြင်း တိုးများစေပါ’

a ဒီနောက်ဆုံး​ကာလမှာ သစ္စာရှိရှိ ခံရပ်နိုင်ဖို့ ယေဟောဝါ​ဘုရားနဲ့ အဖွဲ့အစည်း​ကို ဆက်ယုံကြည်​ကိုးစား​နေ​ရမယ်။ အဲဒီ​ယုံကြည်​ကိုးစားမှု ပျက်ပြားသွားအောင် လုပ်ဖို့ အခက်အခဲတွေကို စာတန် သုံး​နေ​တယ်။ စာတန် သုံးတဲ့ အခက်အခဲ သုံးခု​အကြောင်း၊ ဘုရားနဲ့ ဘုရား​အဖွဲ့အစည်းအပေါ် ဘယ်လို ဆက်သစ္စာ​ရှိနိုင်​ကြောင်း ဒီဆောင်းပါးမှာ လေ့လာကြပါမယ်။

b အမည်လွှဲများ။