ဘဝအတ္ထုပ္ပတ္တိ
“ယေဟောဝါအတွက် ကျွန်တော် အမှုဆောင်ချင်တာ”
စူရီနမ်နိုင်ငံ မိုးသစ်တောထဲမှာ ရှိတဲ့ ဂရန်ဘူရီရွာနားက အုပ်စုလေးကို ကျွန်တော်တို့ လက်ပြနှုတ်ဆက်ပြီး တာပနာဟိုနီမြစ်ကြောင်းအတိုင်း စက်လှေနဲ့ စုန်ဆင်းလာတယ်။ ရေအောက် ကျောက်တုံးတွေကြောင့် ဖြစ်နေတဲ့ ရေမော်တွေကို ဖြတ်မောင်းလာတုန်း ကျောက်တုံး တစ်တုံးနဲ့ စက်လှေပန်ကာ ရိုက်မိသွားတယ်။ ချက်ချင်းပဲ လှေဦးပိုင်း နစ်ပြီး ကျွန်တော်တို့ ရေအောက် ရောက်သွားတယ်။ ရင် တလှပ်လှပ် တုန်သွားတာပဲ။ တိုက်နယ်ကြီးကြပ်မှူးအဖြစ် နှစ်ပေါင်းများစွာ လှေနဲ့ ခရီးသွားခဲ့ပေမဲ့ ကျွန်တော် ရေမကူးတတ်ဘူး။
ဘာဆက်ဖြစ်တယ်ဆိုတာ မပြောခင် အချိန်ပြည့် လုပ်ငန်းမှာ ဘယ်လို စပါဝင်ခဲ့ကြောင်း ပြောပြပါရစေ။
၁၉၄၂၊ ကရစ်ဘီယန်ပင်လယ်ထဲက လှပတဲ့ ကုရာစောင်းကျွန်းမှာ ကျွန်တော် မွေးလာတယ်။ အဖေက အစကတော့ စူရီနမ်ကပါ။ ဒါပေမဲ့ နောက်ပိုင်း ဒီကျွန်းကို အလုပ်ကိစ္စနဲ့ ပြောင်းလာတာ။ ကျွန်တော် မမွေးခင် နှစ်အနည်းငယ်လောက်က ကုရာစောင်းမှာ နှစ်ခြင်းခံတဲ့ ဦးဆုံး ယေဟောဝါသက်သေတွေထဲမှာ အဖေလည်း ပါတယ်။ a ကျွန်တော်တို့ အမြဲလိုလို ကကြီကကြောင် လုပ်ကြပေမဲ့ အဖေကတော့ ကျွန်တော်တို့နဲ့ အပတ်တိုင်း ကျမ်းစာလေ့လာတယ်။ အဖွား (အဖေ့ အမေ) ကို ကြည့်ရှုပြုစုဖို့ ကျွန်တော် အသက် ၁၄ နှစ်မှာ စူရီနမ်ကို မိသားစုလိုက် ပြောင်းသွားကြတယ်။
မိတ်ဆွေကောင်းတွေ ကူညီပေး
စူရီနမ်ရောက်တော့ အသင်းတော်မှာ ယေဟောဝါကို တက်တက်ကြွကြွ အမှုဆောင်နေတဲ့ လူငယ်တွေနဲ့ ပေါင်းဖြစ်တယ်။ ကျွန်တော့်ထက် နည်းနည်း အသက်ပိုကြီးကြတယ်။ မှန်မှန်ရှေ့ဆောင်တွေ။ အမှုဆောင်လုပ်ငန်း အတွေ့အကြုံတွေ ပြောပြတဲ့အခါ သူတို့မျက်နှာ ပြုံးပျော်နေတာပဲ။ အစည်းအဝေးတွေ ပြီးတိုင်း ကျွန်တော်တို့ ကျမ်းစာအကြောင်းတွေ ပြောဖြစ်ကြတယ်။ တစ်ခါတလေ အပြင်မှာ ထိုင်ပြီး ကြယ်အတိပြီးတဲ့ ကောင်းကင်ကို ကြည့်ရင်းပေါ့။ ကျွန်တော့်ဘဝမှာ ဘာဖြစ်ချင်တယ်ဆိုတာ သိဖို့ အဲဒီမိတ်ဆွေတွေ ကူညီပေးခဲ့တယ်။ ယေဟောဝါအတွက် ကျွန်တော် အမှုဆောင်ချင်တာ။ ဒါကြောင့် အသက် ၁၆ နှစ်မှာ နှစ်ခြင်းခံလိုက်တယ်။ အသက် ၁၈ နှစ်မှာ မှန်မှန်ရှေ့ဆောင် စလုပ်တယ်။
အဖိုးတန် သင်ခန်းစာများ သင်ယူခြင်း
ရှေ့ဆောင်လုပ်ရင်း သင်ခန်းစာ များစွာ သင်ယူခဲ့ရတယ်။ အဲဒါတွေက အချိန်ပြည့်လုပ်ငန်းမှာ ကူညီပေးတယ်။ သင်ခန်းစာ တစ်ခုကတော့ တခြားသူတွေကို လေ့ကျင့်ပေးဖို့ သိပ်အရေးကြီးတယ် ဆိုတာပါ။ ကျွန်တော် ရှေ့ဆောင်စလုပ်တုန်းက သာသနာပြု
ညီအစ်ကို ဝီလမ် ဗန် စာအီ အစစအရာရာ ဂရုစိုက်ပေးတယ်။ အသင်းတော် တာဝန်တွေ ဘယ်လို ထမ်းဆောင်ရမယ်ဆိုတာ သင်ပေးတယ်။ အဲဒီလို လေ့ကျင့်ခံရဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ အဲဒီတုန်းကတော့ ကျွန်တော် မသိသေးဘူး။ နောက်တစ်နှစ်မှာ အထူးရှေ့ဆောင်အဖြစ် ခန့်အပ်ခံရတယ်။ စူရီနမ် မိုးသစ်တောထဲက သီးခြားအုပ်စုတွေကို စပြီး ဦးဆောင်ပေးရတယ်။ ညီအစ်ကိုတွေ အချိန်ကိုက် လေ့ကျင့်ပေးခဲ့လို့ ကျေးဇူးတင်လိုက်တာ။ အဲဒီအချိန်ကစပြီး သူတို့ရဲ့ ပုံသက်သေအတိုင်း တခြားသူတွေကို လေ့ကျင့်ပေးဖို့ ကျွန်တော် ကြိုးစားတယ်။ဒုတိယ သင်ခန်းစာကတော့ ဘဝကို ရိုးရိုးရှင်းရှင်း၊ စနစ်ကျကျ နေတာ အကျိုးရှိတယ် ဆိုတာပါ။ လတစ်လ စတိုင်း တစ်လစာ လိုမယ့် ပစ္စည်းတွေကို ရှေ့ဆောင်အဖော်နဲ့ ကျွန်တော် စာရင်းလုပ်တယ်။ တစ်ယောက်က မြို့တက်ပြီး ဝယ်တယ်။ တစ်လစာ စိုက်သုံးငွေမို့ သေသေချာချာ စီမံရတယ်။ ပစ္စည်းတွေ တစ်လခံအောင် ဝေပုံကျ သတ်မှတ်ထားရတယ်။ မိုးသစ်တောထဲမှာ တစ်ခုခု ကုန်သွားရင် ကူညီနိုင်မယ့်သူ သိပ်မှ မရှိတာ။ ရိုးရိုးရှင်းရှင်း၊ စနစ်ကျကျ နေတတ်ဖို့ ငယ်ငယ်ကတည်းက သင်ယူထားလို့ ဘဝတစ်လျှောက်လုံး ဘုရားအမှုတော်မှာ အာရုံစိုက်နိုင်ခဲ့တာလို့ ကျွန်တော် ထင်တယ်။
တတိယ သင်ခန်းစာကတော့ လူတွေကို မိခင်ဘာသာစကားနဲ့ သင်ပေးခြင်းရဲ့ အကျိုးကျေးဇူးပါ။ ဒတ်ချ်၊ အင်္ဂလိပ်၊ ပါပီယာမန်တို၊ စူရီနမ်ရဲ့ အများသုံးစကား ဖြစ်တဲ့ စရန်နန်တွန်ဂို (စရန်နန်စကားလို့လည်း လူသိများ) စကားတွေ ကျွန်တော် ပြောတတ်တယ်။ ဒါပေမဲ့ မိုးသစ်တောမှာ နေတဲ့သူတွေက မိခင်စကားနဲ့ ပြောမှ သတင်းကောင်း နားထောင်ကြတာ ကျွန်တော် သတိထားမိတယ်။ စာရာမက်ကန် စကားလို စကား တချို့က ကျွန်တော့်အတွက် သိပ်ခက်တယ်။ အနိမ့်သံ၊ အမြင့်သံတွေ များတယ်။ ဒါပေမဲ့ သင်ရကျိုးတော့ နပ်ပါတယ်။ သူတို့ရဲ့ မိခင်စကားနဲ့ ပြောနိုင်လို့ နှစ်တွေတစ်လျှောက် လူအတော်များများကို အမှန်တရား သင်ပေးနိုင်ခဲ့တယ်။
အိုးနင်းခွက်နင်း ဖြစ်တဲ့ အချိန်တွေတော့ ရှိတာပေါ့။ တစ်ခါက အစာအိမ် အောင့်တတ်တဲ့ ကျမ်းစာသင်သားကို ဗိုက်အဆင်ပြေလားလို့ မေးချင်တာ၊ တကယ် မေးလိုက်တော့ ကိုယ်ဝန် ရှိနေလား ဖြစ်သွားတယ်။ အဲဒီအမျိုးသမီး စိတ်ကသိကအောက် ဖြစ်သွားတာပေါ့။ အဲဒီလို အလွဲလေးတွေ ရှိပေမဲ့လည်း ကိုယ်တာဝန်ကျရာ ဒေသက လူတွေကို မိခင်စကားနဲ့ ပြောဖို့ ကျွန်တော် အမြဲ ကြိုးစားတယ်။
ထပ်ဆင့်တာဝန်တွေ ရလာ
၁၉၇၀ မှာ တိုက်နယ်ကြီးကြပ်မှူးအဖြစ် ခန့်အပ်ခံရတယ်။ အဲဒီတစ်နှစ်လုံး မိုးသစ်တောထဲက သီးခြားအုပ်စု အတော်များများကို “ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်ကို လည်ပတ်ခြင်း” စလိုက်ရှိုး ပြရတယ်။ သူတို့ဆီ ရောက်ဖို့ ညီအစ်ကိုတချို့နဲ့ ကျွန်တော် မြစ်ကြောင်းတွေတစ်လျှောက် လှေနဲ့ သွားရတယ်။ မီးစက်၊ ဆီပုံး၊ ဆီမီးအိမ်၊ စလိုက် ပစ္စည်းတွေ အပြည့်ပဲ။ ကမ်းကပ်တော့ စလိုက်ရှိုး ပြမယ့် နေရာဆီ ရောက်ဖို့ ပစ္စည်းတွေ ထပ်သယ်သွားရတယ်။ အဲဒီလို အခက်အခဲတွေ ရှိပေမဲ့ ကျွန်တော် အမှတ်မိဆုံးကတော့ အဲဒီအစီအစဉ်ကို သီးခြားအုပ်စုက လူတွေ သိပ်ကြိုက်ကြတယ် ဆိုတာပါပဲ။ ယေဟောဝါအကြောင်း၊ အဖွဲ့အစည်းရဲ့ မြေကြီးဆိုင်ရာ အပိုင်းအကြောင်း တခြားသူတွေကို
သင်ပေးခွင့် ရလို့ ပျော်လိုက်တာ။ လူတွေ ယေဟောဝါနဲ့ ရင်းနှီးလာတာကို မြင်ရတဲ့ ကောင်းချီးဟာ အမှုတော်မှာ စွန့်လွှတ်အနစ်နာခံခဲ့သမျှထက် အဆများစွာ သာလွန်တယ်။သုံးလွန်တင်တဲ့ ကြိုး ထုံးဖွဲ့လာ
တစ်ကိုယ်ရေဘဝနဲ့ အမှုဆောင်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို သိပေမဲ့ ဘဝလက်တွဲဖော် လိုတယ်လို့ ခံစားလာရတယ်။ ဒါကြောင့် မိုးသစ်တောထဲက အခက်အခဲတွေကို မျှဝေခံစားရင်း အချိန်ပြည့်လုပ်ငန်းမှာ ပျော်ရွှင်စွာ ခံရပ်နိုင်မယ့် ဇနီးတစ်ယောက် ပေးပါလို့ သတ်သတ်မှတ်မှတ် ဆုတောင်းတယ်။ တစ်နှစ်လောက် ကြာပြီးနောက် ကိုယ်ကျိုးစွန့်စိတ် ရှိတဲ့ အထူးရှေ့ဆောင် ညီအစ်မ အီသယ်နဲ့ ဆုံတယ်။ အီသယ်ဟာ ငယ်ငယ်ကတည်းက တမန်တော် ပေါလုကို သိပ်အထင်ကြီးလေးစားသူ၊ ပေါလုလိုပဲ အမှုဆောင်လုပ်ငန်းမှာ အတတ်နိုင်ဆုံး ပေးဆက်ချင်သူ ဖြစ်တယ်။ ၁၉၇၁၊ စက်တင်ဘာမှာ ကျွန်တော်တို့ လက်ထပ်လိုက်ပြီး တိုက်နယ်လုပ်ငန်းမှာ မောင်နှံစုံလိုက် စပါဝင်ကြတယ်။
အီသယ်ဟာ ဆင်းရဲတဲ့ မိသားစုမှာ ကြီးပြင်းလာသူမို့ မိုးသစ်တောထဲက နယ်လှည့်လုပ်ငန်းမှာ လွယ်လွယ်လေးနဲ့ နေသားကျသွားတယ်။ ဥပမာ၊ တောနက်ထဲက အသင်းတော်တွေဆီ လည်ပတ်တဲ့အခါ ပစ္စည်း များများစားစား မသယ်သွားဘူး။ မြစ်ထဲမှာပဲ အဝတ်လျှော်၊ ရေချိုးကြတယ်။ အိမ်ရှင်တွေ ချက်ကျွေးတာ ဘာမဆို စားကြတယ်။ အီဂွာနာဖွတ်၊ ရေချို ငါးမုတ်၊ တောထဲ မြစ်ထဲက ဖမ်းမိတဲ့ အကောင်ပလောင်တွေပေါ့။ ပန်းကန် မရှိရင် ငှက်ပျောရွက်နဲ့ စားတယ်။ ဇွန်း မရှိရင် လက်နဲ့ စားတယ်။ ယေဟောဝါရဲ့ လုပ်ငန်းမှာ ကိုယ်ကျိုးစွန့် ပါဝင်ရင်း သုံးလွန်တင်တဲ့ ကြိုး ပိုခိုင်လာတယ်လို့ ကျွန်တော်တို့ ခံစားရတယ်။ (ဒေ. ၄:၁၂) အဲဒီအတွေ့အကြုံတွေကို ကျွန်တော်တို့ ဘာနဲ့မှ မလဲနိုင်ဘူး။
ဆောင်းပါးအစမှာ ပြောတဲ့ အဖြစ်အပျက်က မိုးသစ်တော သီးခြားအုပ်စု တစ်စုဆီကနေ အပြန်ခရီးမှာပါ။ ရေမော်တွေကို ဖြတ်မောင်းတုန်း ရေအောက် ခဏရောက်သွားပေမဲ့ ချက်ချင်းပဲ
ရေပေါ် ပြန်ပေါ်လာတယ်။ အသက်ကယ်အင်္ကျီ ဝတ်ထားလို့၊ ရေထဲ ပြုတ်မကျသွားလို့ တော်သေးတယ်။ လှေထဲမှာတော့ ရေတွေ အပြည့်ပဲ။ ဒါနဲ့ အိုးတွေထဲက အစားအစာတွေ ပစ်ထုတ်ပြီး အဲဒီအိုးတွေနဲ့ ရေခပ်ထုတ်ရတယ်။စားဖို့ ဘာမှ မကျန်တော့လို့ မြစ်ကြောင်းအတိုင်း စုန်ဆင်းလာရင်း ငါးမျှားကြတယ်။ ဒါပေမဲ့ တစ်ကောင်မှ မမိဘူး။ ဒါကြောင့် ညစာ ရအောင် ကူညီပေးပါလို့ ယေဟောဝါဆီ ဆုတောင်းကြတယ်။ ဆုတောင်းပြီး ချက်ချင်းပဲ ညီအစ်ကိုတစ်ယောက် ငါးစာ ချတဲ့အခါ ငါးကြီးတစ်ကောင် မိသွားတယ်။ ငါးယောက် အဝစားခဲ့ရတယ်။
ခင်ပွန်း၊ ဖခင်၊ နယ်လှည့်ကြီးကြပ်မှူး
နယ်လှည့်လုပ်ငန်းမှာ ငါးနှစ် ပါဝင်ပြီးနောက် အီသယ်နဲ့ ကျွန်တော် မျှော်လင့်မထားတဲ့ ကောင်းချီး ရလာတယ်။ မိဘ ဖြစ်ကြတော့မယ်။ ဘာဆက်လုပ်ရမယ် မသေချာပေမဲ့ ဒီသတင်း ကြားလို့ ပျော်တယ်။ ဖြစ်နိုင်ရင်တော့ နှစ်ယောက်စလုံး အချိန်ပြည့်လုပ်ငန်းမှာ ဆက်ပါဝင်ချင်တယ်။ ၁၉၇၆ မှာ သား အီသန်နီယယ် မွေးလာတယ်။ နှစ်နှစ်ခွဲ ကြာပြီးနောက် ဒုတိယသား ဂျိုဗာနီ မွေးလာတယ်။
အဲဒီအချိန်တုန်းက စူရီနမ်ရဲ့ လိုအပ်ချက်အရ သားသမီး မွေးမြူရင်း တိုက်နယ်ကြီးကြပ်မှူး ဆက်လုပ်ဖို့ ဌာနခွဲရုံးက စီစဉ်ပေးတယ်။ သားတွေ ငယ်ငယ်တုန်းကတော့ အသင်းတော် နည်းတဲ့ တိုက်နယ်တွေမှာပဲ တာဝန်ကျတယ်။ ဒါကြောင့် လတိုင်း သီတင်းပတ်တချို့မှာ တိုက်နယ်ပတ်ပြီး ကျန်တဲ့ရက်တွေမှာတော့ ကိုယ်တာဝန်ကျတဲ့ အသင်းတော်မှာ ရှေ့ဆောင်လုပ်တယ်။ အိမ်နဲ့ နီးတဲ့ အသင်းတော်တွေဆီ လည်ပတ်တဲ့အခါ အီသယ်နဲ့ သားတွေ လိုက်ကြတယ်။ ဒါပေမဲ့ မိုးသစ်တောထဲက အသင်းတော်တွေ၊ တိုက်နယ်အစည်းအဝေးတွေ ဆိုရင်တော့ တစ်ယောက်တည်းပဲ ခရီးသွားတယ်။
တာဝန်အားလုံး ထောင့်စေ့အောင် လုပ်နိုင်ဖို့ သေသေချာချာ စီစဉ်ရတယ်။ အပတ်တိုင်း မိသားစု ဝတ်ပြုမှု လုပ်ပေးတယ်။ မိုးသစ်တောထဲက အသင်းတော်တွေဆီ လည်ပတ်ချိန်မှာတော့ အိမ်မှာ အီသယ်က သားတွေနဲ့ မိသားစု ဝတ်ပြုမှု လုပ်တယ်။ ဖြစ်နိုင်တဲ့အခါတိုင်းတော့ ဘာမဆို မိသားစုလိုက် အတူလုပ်ဖို့ ကျွန်တော်တို့ ကြိုးစားတယ်။ သားတွေအတွက် အကျိုးရှိတဲ့ အပန်းဖြေစရာတွေ စီစဉ်ပေးတယ်။ ဂိမ်းတွေ ဆော့ကြတယ်။ ဟိုနားဒီနား လျှောက်လည်ကြတယ်။ အများအားဖြင့် ကျွန်တော် အသင်းတော် တာဝန်တွေ ပြင်ဆင်ရင်း ညနက်သွားလေ့ရှိတယ်။ အီသယ်ဟာ ပညာအလိမ္မာ ၃၁:၁၅ မှာ ပါတဲ့ လုပ်ရည်ကိုင်ရည်ရှိတဲ့ ဇနီးပါပဲ။ သားတွေ ကျောင်းမသွားခင် မိသားစုလိုက် နေ့စဉ် ကျမ်းချက် ဖတ်နိုင်အောင်၊ မနက်စာ အတူ စားနိုင်အောင် မိုးမလင်းခင် ထလေ့ရှိတယ်။ ကျမ်းပေး တာဝန်တွေ ကျေပွန်နိုင်အောင် အမြဲ ကူညီပေးတဲ့၊ ကိုယ်ကျိုးစွန့်စိတ် ရှိတဲ့ ဇနီး ရထားလို့ ကျေးဇူးတင်လိုက်တာ။
ယေဟောဝါနဲ့ အမှုဆောင်လုပ်ငန်းကို သားတွေ ချစ်လာဖို့ ကျွန်တော်တို့ ကြိုးစားကူညီပေးတယ်။ ကျွန်တော်တို့ ဆန္ဒကြောင့် မဟုတ်ဘဲ သူတို့ကိုယ်တိုင် ရွေးချယ်ပြီး အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်လာတာမျိုး ဖြစ်စေချင်တယ်။ အခက်အခဲတွေအကြောင်း ပြောပြပေမဲ့ အချိန်ပြည့်လုပ်ငန်းရဲ့ ပျော်ရွှင်မှုအကြောင်း၊ ယေဟောဝါ ဘယ်လို ကူညီပေးတယ်၊ မိသားစုလိုက် ဘယ်လို ကောင်းချီးပေးတယ်ဆိုတဲ့အကြောင်း ပိုအလေးပေးပြောပြတယ်။ ဘဝမှာ ယေဟောဝါကို ဦးစားထားတဲ့ သက်သေခံတွေနဲ့ ပေါင်းသင်းနိုင်အောင်လည်း စီစဉ်ပေးတယ်။
မိသားစုကို ပြုစုစောင့်ရှောက်ဖို့ ကျွန်တော်တို့ လိုအပ်တာ အားလုံး ယေဟောဝါ ပြင်ဆင်ပေးတယ်။ ကိုယ့်ဘက်က အတတ်နိုင်ဆုံး ကြိုးစားဖို့တော့ လိုတာပေါ့။ တစ်ကိုယ်ရေ အထူးရှေ့ဆောင်အဖြစ် မိုးသစ်တောမှာ ရခဲ့တဲ့ အတွေ့အကြုံက ရုပ်ပစ္စည်း လိုအပ်ရာတွေအတွက် ကြိုတင်စီစဉ်တတ်ဖို့ သင်ပေးတယ်။ ဒါပေမဲ့ တစ်ခါတလေ အတတ်နိုင်ဆုံး ကြိုးစားတဲ့ကြား ထိန်းချုပ်မရတဲ့ အခြေအနေတွေကြောင့် လိုအပ်တာ မရတဲ့ အခါမျိုးတွေ ရှိတယ်။ အဲဒီလိုအခါမျိုးမှာ ယေဟောဝါ အမြဲ ကူညီပေးမယ်ဆိုတာ ယုံကြည်တယ်။ ဥပမာ၊ ၁၉၈၆ နဲ့ ၁၉၉၂ ကြားကာလအတွင်း စူရီနမ်မှာ ပြည်တွင်းစစ် ဖြစ်တယ်။ အဲဒီနှစ်တွေတစ်လျှောက် အခြေခံ လိုအပ်ရာတောင် ရဖို့ ခက်တဲ့ အချိန်တွေ ရှိတယ်။ ဒါပေမဲ့ ယေဟောဝါ အမြဲ ပြင်ဆင်ပေးတယ်။—မ. ၆:၃၂။
အတိတ်ကို ပြန်တွေးကြည့်တဲ့အခါ
ဘဝတစ်လျှောက် ကျွန်တော်တို့ကို ယေဟောဝါ အမြဲ ဂရုစိုက်စောင့်ရှောက်ပေးတယ်။ ကျေနပ်ပျော်ရွှင်အောင် ကူညီပေးတယ်။ သားနှစ်ယောက်က တကယ့် ကောင်းချီးပါ။ ယေဟောဝါကို ဝတ်ပြုလာအောင် ပြုစုပျိုးထောင်ခွင့်ရတာ အခွင့်ထူးပါပဲ။ အချိန်ပြည့်လုပ်ငန်းကို အသက်မွေးလုပ်ငန်းအဖြစ် သူတို့ ရွေးချယ်ကြလို့ ကျွန်တော်တို့ သိပ်ပျော်တယ်။ အီသန်နီယယ်ရော ဂျိုဗာနီပါ အဖွဲ့အစည်း ပြင်ဆင်ပေးတဲ့ သင်တန်းကျောင်းတွေ တက်ပြီး အခု ဇနီးတွေနဲ့အတူ စူရီနမ် ဌာနခွဲမှာ အမှုဆောင်နေတယ်။
အခု အီသယ်ရော ကျွန်တော်ပါ တော်တော် အသက်ကြီးပြီ။ ဒါပေမဲ့ အထူးရှေ့ဆောင်တွေအဖြစ် ယေဟောဝါရဲ့ အမှုတော်မှာ အလုပ်များနေတုန်းပဲ။ အလုပ်များလွန်းလို့ ရေကူးသင်ဖို့တောင် အချိန် မရသေးဘူး။ နောင်တတော့ မရပါဘူး။ အတိတ်ကို ပြန်တွေးကြည့်တဲ့အခါ အချိန်ပြည့်လုပ်ငန်းကို တစ်ဘဝတာ လုပ်ငန်းအဖြစ် လုပ်ဖို့ ငယ်ငယ်ကတည်းက ဆုံးဖြတ်ခဲ့တာဟာ အကောင်းဆုံး ဆုံးဖြတ်ချက်ပဲလို့ တကယ် ခံစားရပါတယ်။