မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၄၆

ဝမ်းမြောက်စွာ ခံရပ်ဖို့ ယေဟောဝါ ကူညီပေး

ဝမ်းမြောက်စွာ ခံရပ်ဖို့ ယေဟောဝါ ကူညီပေး

“ယေဟောဝါက မင်းတို့ကို မျက်နှာသာ​ပေးဖို့ စိတ်ရှည်ရှည် စောင့်နေတယ်။ မင်းတို့ကို ကရုဏာ​ပြဖို့ ကြွလာ​မယ်။”—ဟေရှာ. ၃၀:၁၈

သီချင်း ၃ တို့​မျှော်လင့်​ကိုးစားရာ

အကြို​သုံးသပ်ချက် a

၁-၂။ (က) ဘယ်မေးခွန်းတွေကို ဆွေးနွေးကြမလဲ။ (ခ) ကျွန်တော်တို့ကို ကူညီဖို့ ယေဟောဝါ လိုလိုလားလား ရှိကြောင်း ဘာက ဖော်ပြသလဲ။

 ဘဝ​အခက်အခဲတွေကို ခံရပ်နိုင်ဖို့၊ အမှုတော်မှာ ပျော်ရွှင်​ဖို့ ယေဟောဝါ ကူညီပေးနိုင်တယ်။ ဘယ်နည်းတွေနဲ့လဲ။ ယေဟောဝါရဲ့ အကူအညီ​ကနေ ဘယ်လို အကျိုး အပြည့်အဝ ရနိုင်မလဲ။ အဲဒီမေးခွန်းတွေကို ဒီဆောင်းပါးမှာ လေ့လာကြပါမယ်။ အရင်ဆုံး၊ ကျွန်တော်တို့ကို ကူညီဖို့ ယေဟောဝါ တကယ် လိုလိုလားလား ရှိရဲ့လား ဆိုတာ ဆွေးနွေးကြစို့။

ဟီဘရူး ခရစ်ယာန်တွေ​ဆီ ရေးတဲ့ စာမှာ တမန်တော် ပေါလု သုံးထားတဲ့ အသုံးအနှုန်း တစ်ခုက အဲဒီ​မေးခွန်းရဲ့ အဖြေ​ရဖို့ ကူညီပေးနိုင်တယ်။ “ယေဟောဝါဟာ ကူညီ​မ​စ​ရှင် ဖြစ်တဲ့အတွက် ငါ ဘာကိုမှ မကြောက်ဘူး။ လူက ငါ့ကို ဘာလုပ်နိုင်မှာလဲ” လို့ ပေါလု ရေးတယ်။ (ဟီ. ၁၃:၆) ကျမ်းစာ အဘိဓာန်​တွေ​အရ “ကူညီ​မ​စ​ရှင်” ဆိုတဲ့ အသုံးအနှုန်းဟာ အကူအညီ တောင်းခံ​သူ​ဆီ အပြေးအလွှား သွားကူညီသူကို ဆိုလိုတယ်။ ဒုက္ခရောက်နေသူ တစ်ယောက်ယောက်ကို ကယ်တင်ဖို့ ယေဟောဝါ အပြေးအလွှား သွားတာ မြင်ယောင်​ကြည့်ပါ။ ကျွန်တော်တို့ကို ကူညီဖို့ ယေဟောဝါ သိပ်လိုလိုလားလား ရှိတာ သေချာတယ်။ ကျွန်တော်တို့ ဘေးမှာ ယေဟောဝါ ရှိနေရင် အခက်အခဲတွေကို ဝမ်းမြောက်စွာ ခံရပ်နိုင်ပါတယ်။

၃။ အခက်အခဲတွေကို ဝမ်းမြောက်စွာ ခံရပ်နိုင်ဖို့ ယေဟောဝါ ကူညီပေးတဲ့ နည်း​သုံးနည်းက ဘာတွေလဲ။

အခက်အခဲတွေကို ဝမ်းမြောက်စွာ ခံရပ်နိုင်ဖို့ ယေဟောဝါ ကူညီပေးတဲ့ နည်း​တချို့က ဘာတွေလဲ။ ဟေရှာယကျမ်းမှာ အဖြေ ရှာ​ကြည့်ကြစို့။ ဘာကြောင့်လဲ။ ဟေရှာယကျမ်းမှာ ပါတဲ့ ပရောဖက်ပြုချက် များစွာ​ဟာ ဒီနေ့ခေတ် ဘုရား​ကျေးကျွန်တွေ​နဲ့ သက်ဆိုင်​လို့​ပဲ။ အဲဒီအပြင် ကျွန်တော်တို့ နားလည်လွယ်မယ့် အသုံးအနှုန်းတွေ​နဲ့ ယေဟောဝါကို ဟေရှာယ ပုံဖော်လေ့ ရှိတယ်။ ဥပမာ၊ ဟေရှာယ အခန်းကြီး ၃၀ ကို ဖတ်​ကြည့်ပါ။ (၁) ဆုတောင်းချက်တွေကို ဂရုစိုက် နားထောင်ပြီး ဖြေကြားခြင်း၊ (၂) လမ်းညွှန်ချက် ပေးခြင်း၊ (၃) လောလောဆယ်ရော အနာဂတ်မှာ​ပါ ကောင်းချီး ပေးခြင်းအားဖြင့် ကျွန်တော်တို့ကို ယေဟောဝါ ကူညီ​ပုံ​အကြောင်း ဖော်ပြဖို့ လှပတဲ့ သရုပ်ဖော်ချက်တွေ သုံးထားတယ်။ ယေဟောဝါ ကူညီပေးတဲ့ အဲဒီ​နည်း သုံးနည်းကို အသေးစိတ် လေ့လာ​ကြည့်ကြစို့။

ယေဟောဝါ နားထောင်​ပေး

၄။ (က) ဟေရှာယ​ခေတ်က ဂျူးတွေကို ယေဟောဝါ ဘယ်လို ဖော်ပြသလဲ။ သူတို့ ဘာဖြစ်ဖို့ ယေဟောဝါ ခွင့်ပြုလိုက်သလဲ။ (ခ) သစ္စာရှိသူတွေကို ယေဟောဝါ ဘာမျှော်လင့်ချက် ပေးသလဲ။ (ဟေရှာယ ၃၀:၁၈၊ ၁၉)

ဟေရှာယ အခန်းကြီး ၃၀ အစမှာ ယေဟောဝါက ဂျူးတွေကို “အပြစ် တစ်ခုပေါ် တစ်ခု ထပ်ဆင့်” လုပ်နေတဲ့ “ခေါင်းမာ​တဲ့ သားတွေ” အဖြစ် ဖော်ပြတယ်။ ‘ဒီ​လူတွေဟာ ပုန်ကန်​တတ်တဲ့​သူ​တွေ၊ ယေဟောဝါရဲ့​ပညတ်​ကို နာယူ​ချင်စိတ် မရှိတဲ့ သားတွေ’ လို့ ဆက်ပြောတယ်။ (ဟေရှာ. ၃၀:၁၊ ၉) ဘုရား​စကား နားမထောင်လို့ လူတွေ ဘေးဆိုး ကြုံဖို့ ယေဟောဝါ ခွင့်ပြုလိမ့်မယ်လို့ ဟေရှာယ ကြိုဟောတယ်။ (ဟေရှာ. ၃၀:၅၊ ၁၇။ ယေ. ၂၅:၈-၁၁) တကယ်ပဲ၊ ဗာဗုလုန်​ကို သုံ့ပန်း​အဖြစ် သူတို့ ဖမ်းဆီး​ခေါ်ဆောင်​သွား​ခံရတယ်။ ဒါပေမဲ့ သူတို့ထဲက သစ္စာရှိ ဂျူးတချို့ကိုတော့ မျှော်လင့်ချက် သတင်း ဟေရှာယ ပြောတယ်။ တစ်နေ့ကျရင် ဂျေရုဆလင်​ဆီ ယေဟောဝါ ပြန်ပို့​ပေးမယ်။ (ဟေရှာယ ၃၀:၁၈၊ ၁၉ ကို ဖတ်ပါ။) အဲဒီအတိုင်း အတိအကျ ဖြစ်ခဲ့တယ်။ ဗာဗုလုန် သုံ့ပန်း​ဘဝကနေ ယေဟောဝါ လွတ်မြောက်​စေတယ်။ ဒါပေမဲ့ ချက်ချင်းတော့ မဟုတ်ဘူး။ “ယေဟောဝါက မင်းတို့ကို မျက်နှာသာ​ပေးဖို့ စိတ်ရှည်ရှည် စောင့်နေတယ်” ဆိုတဲ့ စကားက သစ္စာရှိသူ​တွေ ကယ်တင်​ခံရ​ဖို့ အချိန်​အတိုင်းအတာ တစ်ခုအထိ စောင့်ခဲ့ရတယ်ဆိုတာ ပြတယ်။ ဗာဗုလုန် သုံ့ပန်း​ဘဝနဲ့ နှစ် ၇၀ နေပြီးမှ ဂျေရုဆလင်​ကို တချို့ ပြန်လာခွင့် ရကြတယ်။ (ဟေရှာ. ၁၀:၂၁။ ယေ. ၂၉:၁၀) နေရင်းပြည် ပြန်ရောက်တဲ့အခါ သုံ့ပန်း​ဘဝမှာ ကျခဲ့တဲ့ ဝမ်းနည်း​မျက်ရည်တွေ​ဟာ ဝမ်းသာ​မျက်ရည်​အဖြစ် ပြောင်းသွားတယ်။

၅။ ဟေရှာယ ၃၀:၁၉ မှာ ဘယ်လို အာမခံထားသလဲ။

“ဘုရားက မင်း အော်ဟစ် အကူအညီ​တောင်းတဲ့အခါ ကျိန်းသေ မျက်နှာသာ​ပေးမယ်” ဆိုတဲ့ စကားကနေ ကျွန်တော်တို့ နှစ်သိမ့်မှု ရနိုင်တယ်။ (ဟေရှာ. ၃၀:၁၉) ကျွန်တော်တို့ အော်ဟစ် အကူအညီ တောင်းတဲ့အခါ ယေဟောဝါ ဂရုစိုက် နားထောင်ပေးမယ်၊ အမြန် အဖြေပေးမယ်ဆိုတာ ဟေရှာယ စိတ်ချစေတယ်။ “မင်းရဲ့​အသံကို ကြားတာနဲ့ ပြန်ဖြေ​မယ်” လို့ ဟေရှာယ ဆက်ပြောတယ်။ မိမိဆီ ဆုတောင်း​သူတွေကို ကူညီဖို့ ယေဟောဝါ ဘယ်လောက် လိုလိုလားလား၊ ထက်ထက်သန်သန် ရှိကြောင်း အဲဒီစကားတွေက ဖော်ပြတယ်။ ဒါက ဝမ်းမြောက်စွာ ခံရပ်နိုင်ဖို့ ကျွန်တော်တို့ကို ကူညီပေးတယ်။

၆။ ကျေးကျွန်​တစ်ယောက်စီ​ရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ နားထောင်​ပေး​ကြောင်း ဟေရှာယ ဘယ်လို ဖော်ပြသလဲ။

အဲဒီ​အခန်းငယ်​ကနေ ဆုတောင်းခြင်း​အကြောင်း ဘာ​သိ​ရသေးသလဲ။ ကျွန်တော်တို့ တစ်ယောက်စီ​ရဲ့ ဆုတောင်းချက်တွေကို ယေဟောဝါ ဂရုစိုက် နားထောင်တယ်။ ဘာကြောင့် အဲဒီလို ပြော​နိုင်သလဲ။ ဟေရှာယ အခန်းကြီး ၃၀ အစပိုင်းမှာ လူမျိုးတော်ကို အုပ်စုလိုက်​အဖြစ် စကားပြော​နေ​လို့ “မင်းတို့” ဆိုတဲ့ အများကိန်း သုံးထားတယ်။ ဒါပေမဲ့ အခန်းငယ် ၁၉ မှာ “မင်း” ဆိုပြီး အနည်းကိန်း သုံးထားတယ်။ တစ်ယောက်ချင်းစီ​ကို ပြောနေတာ ဖြစ်လို့ပဲ။ “မင်း မငိုကြွေး​ရတော့ဘူး၊” “ဘုရားက မင်း အော်ဟစ် အကူအညီ​တောင်းတဲ့အခါ ကျိန်းသေ မျက်နှာသာ​ပေးမယ်၊” “မင်း​ရဲ့​အသံကို ကြားတာနဲ့ ပြန်ဖြေ​မယ်” လို့ ဟေရှာယ ပြောတယ်။ ယေဟောဝါဟာ မေတ္တာရှိတဲ့ ဖခင် ဖြစ်လို့ စိတ်ပျက်​နေတဲ့ သားသမီးကို “မင်း​အစ်ကို၊ အစ်မ​လောက်​တောင် စိတ်​မ​မာ​ဘူး” လို့ ဘယ်တော့မှ မပြောဘူး။ အဲဒီအစား ကျွန်တော်တို့ တစ်ယောက်ချင်းစီ​ကို ဂရုစိုက်ပြီး ဆုတောင်းချက်တွေကို သတ်သတ်မှတ်မှတ် နားထောင်ပေးတယ်။—ဆာ. ၁၁၆:၁။ ဟေရှာ. ၅၇:၁၅

‘ဘုရားသခင်ကို မငြိမ်စေကြနဲ့’ လို့ ဟေရှာယ ပြောတာ ဘာကို ဆိုလိုသလဲ (စာပိုဒ် ၇ ကို ကြည့်ပါ)

၇။ မပြတ် ဆုတောင်းဖို့ ဟေရှာယ​နဲ့ ယေရှု ဘယ်လို အလေးပေး​ဖော်ပြသလဲ။

ကိုယ်​စိုးရိမ်​နေတဲ့ ကိစ္စ​တစ်ခု​အကြောင်း ဆုတောင်း​ပြောပြတဲ့အခါ ယေဟောဝါရဲ့ ချက်ချင်း တုံ့ပြန်​ပုံ​ဟာ ခံရပ်နိုင်အောင် ခွန်အားပေးတာ ဖြစ်နိုင်တယ်။ ကိုယ်​မျှော်လင့်​ထားချိန်​မှာ အခက်အခဲ မပြီးဆုံးဘဲ ဆက်ရှိနေတယ်ဆိုရင် ခံရပ်​နိုင်စွမ်း ပေးဖို့ ယေဟောဝါဆီ ကျွန်တော်တို့ အကြိမ်ကြိမ် ဆုတောင်း​ရနိုင်တယ်။ အဲဒီလို ဆုတောင်းဖို့လည်း ဘုရား ဖိတ်ခေါ်​ထားတယ်။ ‘ဘုရားသခင်ကို မငြိမ်စေကြနဲ့’ ဆိုတဲ့ ဟေရှာယရဲ့ စကားက အဲဒီအချက်ကို ဖော်ပြတယ်။ (ဟေရှာ. ၆၂:၇ယုဒသန်​ကျမ်း) ဘာကို ဆိုလိုသလဲ။ ယေဟောဝါ ခဏလေး​တောင် ငြိမ်ငြိမ်​နေ​လို့ မရတဲ့​အထိ မပြတ် ဆုတောင်းနေသင့်တယ်။ ဟေရှာယရဲ့ စကားက ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး လုကာ ၁၁:၈-၁၀၊ ၁၃ မှာ ပါတဲ့ ယေရှုရဲ့ ပုံဥပမာကို သတိရစေတယ်။ သန့်ရှင်းသော စွမ်းအားတော် ရအောင် “ဇွဲမလျှော့ဘဲ တောင်းနေ” ဖို့၊ “တောင်းမြဲတောင်း” ဖို့ ယေရှု သင်ပေးတယ်။ မှန်ကန်​တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်အောင် လမ်းညွှန်ပေးဖို့လည်း ယေဟောဝါဆီ ဆုတောင်းနိုင်တယ်။

ယေဟောဝါ လမ်းညွှန်​ပေး

၈။ ရှေးခေတ်​တုန်းက ဟေရှာယ ၃၀:၂၀၊ ၂၁ မှာ ပါတဲ့ စကားတွေ ဘယ်လို ပြည့်စုံခဲ့သလဲ။

ဟေရှာယ ၃၀:၂၀၊ ၂၁ ကို ဖတ်ပါ။ ဂျေရုဆလင်မြို့ကို ဗာဗုလုန် စစ်တပ် တစ်နှစ်ခွဲ ဝိုင်းရံချိန်မှာ လူတွေ ဒုက္ခ​ကြုံရတာ မဆန်းတော့လို့ မုန့်စားရသလို၊ ရေသောက်ရသလို ဖြစ်လာတယ်။ ဒါပေမဲ့ ဂျူးတွေသာ နောင်တရပြီး အကျင့် ပြောင်းလဲ​မယ်​ဆိုရင် ကယ်တင်မယ်​လို့ အခန်းငယ် ၂၀၊ ၂၁ မှာ ယေဟောဝါ ကတိပေးတယ်။ ယေဟောဝါကို “မဟာသွန်သင်ရှင်” အဖြစ် ဟေရှာယ ဖော်ပြပြီး နှစ်​သက်​လက်ခံဖွယ်​နည်းနဲ့ ဘယ်လို ဝတ်ပြု​ရမယ်ဆိုတာ ဘုရား သင်ပေးမယ်လို့ ကတိပေးတယ်။ ဂျူးတွေ သုံ့ပန်း​ဘဝကနေ လွတ်မြောက်ချိန်မှာ အဲဒီစကားတွေ ပြည့်စုံလာတယ်။ ယေဟောဝါဟာ သူတို့ရဲ့ မဟာသွန်သင်ရှင် ဖြစ်လာတယ်။ ဘုရားရဲ့ လမ်းညွှန်မှု​ကြောင့် စင်ကြယ်တဲ့ ဝတ်ပြုရေး ပြန်တည်ထောင်နိုင်ခဲ့တယ်။ ဒီနေ့ခေတ်မှာလည်း ယေဟောဝါကို မဟာသွန်သင်ရှင်​အဖြစ် ရထားတာ တကယ့် ကောင်းချီးပါပဲ။

၉။ ယေဟောဝါရဲ့ လမ်းညွှန်ချက် ရ​နေတဲ့ နည်းတစ်နည်းက ဘာလဲ။

အဲဒီ​အခန်းငယ်​တွေ​မှာ​ပဲ ယေဟောဝါရဲ့ သွန်သင်မှုကို နည်း​နှစ်နည်းနဲ့ ခံယူ​ရတဲ့ ကျောင်းသားတွေ​အဖြစ် ကျွန်တော်တို့ကို ဟေရှာယ ပုံဖော်​ထားတယ်။ ပထမ​နည်းကတော့ “မဟာသွန်သင်ရှင်​ကို မင်း​မျက်စိ​နဲ့ တပ်အပ်​မြင်ရ​လိမ့်မယ်” လို့ ဟေရှာယ ပြောတယ်။ ကျောင်းသားတွေ​ရှေ့ ရပ်နေတဲ့ ဆရာ​ကို မြင်ယောင်မိ​စေတယ်။ ဒီနေ့ခေတ်၊ ဘုရားရဲ့ သွန်သင်ချက်ကနေ ကျွန်တော်တို့ အကျိုး​ခံစားနေရတာ အခွင့်ထူး​ပါပဲ။ ယေဟောဝါ ဘယ်လို သွန်သင်​ပေးသလဲ။ အဖွဲ့အစည်းကတစ်ဆင့်​ပါ။ အဖွဲ့အစည်းကတစ်ဆင့် ရှင်းလင်းတဲ့ လမ်းညွှန်ချက်တွေ ရ​နေ​လို့ ကျေးဇူးတင်စရာပါပဲ။ အသင်းတော် အစည်းအဝေး၊ အစည်းအဝေးကြီး၊ စာပေ၊ ရုပ်သံ၊ တခြား​နည်းတွေနဲ့ အဲဒီ​လမ်းညွှန်ချက်တွေ ရကြတယ်။ ဒါတွေ​က အခက်အခဲတွေကို ဝမ်းမြောက်စွာ ခံရပ်နိုင်ဖို့ ကူညီပေးတယ်။

၁၀။ “နောက်ကနေ​ပြောတဲ့ အသံကို” ဘယ်နည်းနဲ့ ကြားနေ​ရသလဲ။

၁၀ ယေဟောဝါ သွန်သင်​ပေးတဲ့ ဒုတိယ​နည်းကတော့ “နောက်ကနေ​ပြောတဲ့ အသံကို နားနဲ့ ဆတ်ဆတ်ကြားရလိမ့်မယ်” လို့ ဟေရှာယ ပြောတယ်။ ကျောင်းသား​အနောက်ကနေ လမ်းလျှောက်ပြီး ဘယ်​လမ်း သွားရမယ်ဆိုတာ လမ်းညွှန်​ပေးနေတဲ့ ဆရာ​အဖြစ် ယေဟောဝါကို ပုံဖော်​ထားတာ။ ဒီနေ့ခေတ်မှာ ဘုရား​အသံကို ကျွန်တော်တို့ အနောက်ကနေ ကြားနေ​ရတယ်။ ဘယ်လိုနည်းနဲ့လဲ။ ကျမ်းစာကို လွန်ခဲ့တဲ့ နှစ်များစွာတုန်းက ရေးထားတာ ဖြစ်လို့ ကျွန်တော်တို့ အနောက်ကနေ ပြောတဲ့ အသံ​လို​ပါပဲ။ ကျမ်းစာဖတ်တိုင်း အနောက်က လာတဲ့ ဘုရား​အသံကို ကြားရ​သ​လို​ပါပဲ။—ဟေရှာ. ၅၁:၄

၁၁။ ဝမ်းမြောက်စွာ ခံရပ်နိုင်ဖို့ ဘယ်​အချက်တွေ လုပ်ရမလဲ။ ဘာကြောင့်လဲ။

၁၁ အဖွဲ့အစည်းနဲ့ ကျမ်းစာကတစ်ဆင့် ယေဟောဝါ ပေးတဲ့ လမ်းညွှန်ချက်ကနေ ဘယ်လို အကျိုး အပြည့်အဝ ရနိုင်သလဲ။ ဟေရှာယ အချက်​နှစ်ချက် ပြောတာ သတိပြု​ပါ။ ပထမ၊ “လမ်းမှန်​က ဒီ​မှာ။” ဒုတိယ၊ “ဒီ​လမ်းအတိုင်း လျှောက်ပါ။” (ဟေရှာ. ၃၀:၂၁) “လမ်းမှန်” ကို သိရုံနဲ့ မပြီးဘူး။ “ဒီ​လမ်းအတိုင်း လျှောက်” ဖို့ လိုတယ်။ ကျမ်းစာကတစ်ဆင့်၊ အဖွဲ့အစည်း ရှင်းပြချက်တွေက​တစ်ဆင့် ဘုရား​တောင်းဆိုတာတွေကို ကျွန်တော်တို့ သိလာတယ်။ ဘယ်လို လက်တွေ့​ကျင့်​ရမယ်ဆိုတာ​လည်း သိလာတယ်။ အမှုတော်မှာ ဝမ်းမြောက်စွာ ခံရပ်နိုင်ဖို့​ဆိုရင် အဲဒီ နှစ်ချက်​စ​လုံး လုပ်ဖို့ လိုတယ်။ ဒါမှ ယေဟောဝါရဲ့ ကောင်းချီး ရမှာ။

ယေဟောဝါ ကောင်းချီးပေး

၁၂။ ဟေရှာယ ၃၀:၂၃-၂၆ အရ လူမျိုးတော်ကို ယေဟောဝါ ဘယ်လို ကောင်းချီးပေးသလဲ။

၁၂ ဟေရှာယ ၃၀:၂၃-၂၆ ကို ဖတ်ပါ။ ဗာဗုလုန် သုံ့ပန်း​ဘဝကနေ ပြန်လာ​တဲ့ ဂျူးတွေ​အတွက် ဒီ​ပရောဖက်ပြုချက် ဘယ်လို ပြည့်စုံလာသလဲ။ ရုပ်ပိုင်း​ရော ဘုရားရေးရာပိုင်း​ပါ ကောင်းချီး အလျှံပယ် ရကြတယ်။ အစားအစာ အလျှံပယ် ပေးပြီး ဘုရား ကောင်းချီး​ပေးသလို အရေးကြီးဆုံးကတော့ စင်ကြယ်တဲ့ ဝတ်ပြုရေး တဖြည်းဖြည်း ပြန်တည်ထောင်နိုင်အောင် လိုအပ်တာ မှန်သမျှ ပြင်ဆင်​ပေးတယ်။ အရင်က တစ်ခါမှ မခံစားရဖူးတဲ့ အတိုင်းအတာနဲ့ ရတဲ့ ကောင်းချီးတွေ​ပါပဲ။ အခန်းငယ် ၂၆ မှာ ပြောသလို အလင်း ပိုထွန်းလင်းအောင်၊ တစ်နည်းအားဖြင့် ဘုရား​စကားကို ပိုနားလည်အောင် ဘုရား ကူညီပေးတယ်။ (ဟေရှာ. ၆၀:၂) ယေဟောဝါရဲ့ ကောင်းချီးကြောင့် ကျေးကျွန်တွေ “စိတ်​ကြည်နူး” ရတဲ့အတွက် ဝမ်းမြောက်စွာ ဆက်အမှုဆောင်ဖို့ ခွန်အား ရှိလာကြတယ်။—ဟေရှာ. ၆၅:၁၄

၁၃။ ပြန်တည်ထောင်ခြင်း ပရောဖက်ပြုချက် ဒီနေ့ခေတ်မှာ ဘယ်လို ပြည့်စုံနေသလဲ။

၁၃ စင်ကြယ်တဲ့ ဝတ်ပြုရေး ပြန်တည်ထောင်ခြင်းနဲ့​ပတ်သက်တဲ့ ပရောဖက်ပြုချက်ဟာ ဒီနေ့ခေတ်​နဲ့​ရော သက်ဆိုင်​သ​လား။ သက်ဆိုင်ပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ မှားယွင်းတဲ့ ကမ္ဘာ့ဘာသာရေး အင်ပါယာ ဖြစ်တဲ့ မဟာဗာဗုလုန်​ကနေ ၁၉၁၉ က​စပြီး လူ​သန်းပေါင်း​များစွာ လွတ်မြောက်​လာကြတယ်။ အစ္စရေးတွေ​ရဲ့ ကတိထားရာ ပြည်ထက် ပိုကောင်းတဲ့ ပုံဆောင်​ပရဒိသု​ထဲ ပို့ဆောင်​ခံကြရ​တယ်။ (ဟေရှာ. ၅၁:၃။ ၆၆:၈) ပုံဆောင်​ပရဒိသု​ဆိုတာ ဘာလဲ။

၁၄။ ပုံဆောင်​ပရဒိသု​ဆိုတာ ဘာလဲ။ ဒီနေ့ခေတ် အဲဒီမှာ ဘယ်သူတွေ နေထိုင်​နေသလဲ။ (စကားလုံး ရှင်းလင်းချက်ကို ကြည့်ပါ။)

၁၄ ၁၉၁၉ က​စပြီး ပုံဆောင်​ပရဒိသုမှာ ဘိသိက်ခံ​တွေ ပျော်ရွှင်​နေ​ကြတယ်။ b မြေကြီး မျှော်လင့်ချက် ရှိတဲ့ “တခြား​သိုး” လည်း ပုံဆောင်​ပရဒိသုမှာ နေခွင့်ရလာပြီး ဘုရား​ကောင်းချီး အလျှံပယ် ခံစားနေရတယ်။—ယော. ၁၀:၁၆။ ဟေရှာ. ၂၅:၆။ ၆၅:၁၃

၁၅။ ဒီနေ့ခေတ်မှာ ပုံဆောင်​ပရဒိသု ဘယ်မှာ ရှိသလဲ။

၁၅ ဒီနေ့ခေတ်မှာ ပုံဆောင်​ပရဒိသု ဘယ်မှာ ရှိသလဲ။ ယေဟောဝါကို ဝတ်ပြုသူ​တွေ​ဟာ ကမ္ဘာ့ဒေသ အရပ်ရပ်​မှာ နေထိုင်ကြတယ်။ ဒါကြောင့် ပုံဆောင်​ပရဒိသု​ဟာ ကမ္ဘာတစ်ဝန်းလုံးမှာ တည်ရှိတယ်။ ကျွန်တော်တို့ ဘယ်မှာပဲ နေထိုင်ပါ​စေ စစ်မှန်တဲ့ ဝတ်ပြုရေးကို တက်တက်ကြွကြွ အားပေး​ထောက်မ​နေသရွေ့ ပုံဆောင်​ပရဒိသုမှာ နေထိုင်နေကြတယ်။

ပုံဆောင်​ပရဒိသု ပိုလှပအောင် ကျွန်တော်တို့ တစ်ယောက်စီ ဘယ်လို ပါဝင်​အားဖြည့်နိုင်သလဲ (စာပိုဒ် ၁၆-၁၇ ကို ကြည့်ပါ)

၁၆။ ပုံဆောင်​ပရဒိသု​ရဲ့ အလှ​တရားကို ဘယ်လိုနည်းနဲ့ ဆက်​အာရုံစိုက်​နိုင်သလဲ။

၁၆ ပုံဆောင်​ပရဒိသုမှာ ဆက်ရှိနေဖို့ဆိုရင် တခြားအရာတွေ​အပြင် ကမ္ဘာချီ ခရစ်ယာန် အသင်းတော်အတွက် ကျေးဇူးတင်​လေးမြတ်စိတ် ဆက်​ရှိနေရမယ်။ ဘယ်လိုနည်းနဲ့ ဆက်​ရှိနိုင်သလဲ။ ပုံဆောင်​ပရဒိသုမှာ နေထိုင်သူတွေ​ရဲ့ အပြစ်​အနာအဆာ​တွေ​ကို မဟုတ်ဘဲ အလှ​တရားကို အာရုံစိုက်ခြင်းအားဖြင့်ပါ။ (ယော. ၁၇:၂၀၊ ၂၁) အဲဒီလို အာရုံစိုက်​ဖို့ ဘာကြောင့် အရေးကြီးသလဲ။ ဒီ​ဥပမာ​ကို စဉ်းစားကြည့်ပါ။ လှပတဲ့ ဥယျာဉ်​ထဲ​မှာ အပင် အမျိုးမျိုး ရှိသလို အသင်းတော်တွေ​ထဲက ပုံဆောင်​ပရဒိသုမှာ​လည်း အပင်နဲ့ ခိုင်းနှိုင်းနိုင်တဲ့ လူအမျိုးမျိုး ရှိတယ်။ (ဟေရှာ. ၄၄:၄။ ၆၁:၃) ကိုယ့်​အနီးအနား​က “အပင်” တစ်ပင်​ချင်း​စီ​ရဲ့ အပြစ်​အနာအဆာ​ကို မဟုတ်ဘဲ “သစ်တော” တစ်ခုလုံး​ရဲ့ အလှအပ​ကို ဆက်​အာရုံစိုက်​နေဖို့ လိုတယ်။ ကိုယ်တိုင် ဒါမှမဟုတ် အသင်းတော်ထဲက တခြားသူတွေရဲ့ အပြစ်​အနာအဆာ​တွေ​ကြောင့် ကမ္ဘာချီ စည်းလုံးတဲ့ အသင်းတော်ရဲ့ အလှ​တရားကို မမြင်တော့တဲ့အထိ မဖြစ်သင့်ဘူး။

၁၇။ အသင်းတော်ရဲ့ စည်းလုံးမှု တိုးများအောင် ကျွန်တော်တို့ တစ်ယောက်စီ ဘာလုပ်နိုင်သလဲ။

၁၇ စည်းလုံးမှု တိုးများအောင် ကျွန်တော်တို့ တစ်ယောက်ချင်းစီ ဘာလုပ်နိုင်သလဲ။ ငြိမ်သက်မှု ရှိအောင် လုပ်ဆောင်သူတွေ ဖြစ်​ခြင်းအားဖြင့်​ပါပဲ။ (မ. ၅:၉။ ရော. ၁၂:၁၈) အသင်းတော်ထဲက တခြားသူတွေ​နဲ့ သင့်မြတ်ဖို့ ကိုယ့်ဘက်က အစပြု​လုပ်ဆောင်တိုင်း ပုံဆောင်​ပရဒိသု ပိုလှလာအောင် ပါဝင်​အားဖြည့်ပေးရာ ရောက်တယ်။ ပုံဆောင်​ပရဒိသုမှာ နေထိုင်သူ တစ်ယောက်ချင်း​ကို စင်ကြယ်တဲ့ ဝတ်ပြုရေး​ဆီ ယေဟောဝါ ဆွဲဆောင်ထားကြောင်း သတိရပါ။ (ယော. ၆:၄၄) တန်ဖိုး​ရှိတယ်လို့ ယေဟောဝါ​ဘုရား ယူမှတ်​ထားတဲ့ ကျေးကျွန်တွေ​ကြား ငြိမ်သက်​စည်းလုံးမှု တိုးများအောင် ကျွန်တော်တို့ ကြိုးစား​လုပ်ဆောင်နေတာ ဘုရား တွေ့တဲ့အခါ သိပ်ပျော်မှာ သေချာတယ်။—ဟေရှာ. ၂၆:၃။ ဟဂ္ဂဲ ၂:၇

၁၈။ ဘာတွေ​အကြောင်း မကြာမကြာ တွေးတော​ဆင်ခြင်သင့်သလဲ။ ဘာကြောင့်လဲ။

၁၈ ဘုရား​ကျေးကျွန်တွေ​အဖြစ် ကိုယ်​ရထားတဲ့ ကောင်းချီးတွေ​ကနေ ဘယ်လို အကျိုး အပြည့်အဝ ရနိုင်သလဲ။ ကျမ်းစာ၊ ကျမ်းစာ​အခြေပြု စာပေတွေ လေ့လာပြီး သေသေချာချာ တွေးတော​ဆင်ခြင်​ပါ။ ဒါက ခရစ်ယာန် အရည်အသွေးတွေ ပြုစု​ပျိုးထောင်​နိုင်အောင်၊ အသင်းတော်မှာ “ညီရင်း​အစ်ကို​မေတ္တာ၊” “ချစ်ခင်​မြတ်နိုး” မှု ပြ​နိုင်အောင် ကူညီပေးပါလိမ့်မယ်။ (ရော. ၁၂:၁၀) လောလောဆယ် ရ​နေတဲ့ ကောင်းချီးတွေ​အကြောင်း တွေးတော​ဆင်ခြင်​တဲ့အခါ ယေဟောဝါနဲ့ ပိုရင်းနှီး​လာမယ်။ အနာဂတ်မှာ ရမယ့် ကောင်းချီးတွေ​အကြောင်း တွေးတော​ဆင်ခြင်​တဲ့အခါ ဘုရားကို ထာဝစဉ် ဝတ်ပြုခွင့် မျှော်လင့်ချက် ပိုခိုင်မာလာမယ်။ ဒါတွေ​အားလုံးက လောလောဆယ် ယေဟောဝါကို ပျော်ရွှင်စွာ ဝတ်ပြုဖို့ ကူညီပေးပါလိမ့်မယ်။

ခံရပ်ဖို့ စိတ်ပိုင်းဖြတ်ထားပါ

၁၉။ (က) ဟေရှာယ ၃၀:၁၈ အရ ဘာကို စိတ်ချနိုင်သလဲ။ (ခ) ဝမ်းမြောက်စွာ ခံရပ်နိုင်ဖို့ ဘာက ကူညီပေးမလဲ။

၁၉ ယေဟောဝါဟာ ဒီ​စနစ်ဆိုး​ကို အဆုံးတိုင်စေတဲ့အခါ ကျွန်တော်တို့ကို ကယ်တင်ဖို့ “ကြွလာ” ပါလိမ့်မယ်။ (ဟေရှာ. ၃၀:၁၈) “တရားမျှတတဲ့ ဘုရားသခင်” ဖြစ်လို့ စာတန့်​စနစ်ကို လိုအပ်တာ​ထက် ပိုပြီး တစ်ရက်​တောင် သက်ဆိုးရှည်ခွင့် ပြုမှာ မဟုတ်ကြောင်း ကျွန်တော်တို့ စိတ်ချတယ်။ (ဟေရှာ. ၂၅:၉) အဲဒီအချိန်ကို ယေဟောဝါနဲ့​အတူ စိတ်ရှည်ရှည် စောင့်နေ​ကြတယ်။ ဒီအတောအတွင်း ဆုတောင်းခြင်း အခွင့်ထူး​ကို တန်ဖိုးထားဖို့၊ ကျမ်းစာ လေ့လာပြီး လက်တွေ့​ကျင့်သုံးဖို့၊ ကောင်းချီးတွေကို တွေးတော​ဆင်ခြင်​ဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။ ဒါဆိုရင် ဝမ်းမြောက်စွာ ခံရပ်​ရင်း ဝတ်ပြုနိုင်ဖို့ ကျွန်တော်တို့ကို ယေဟောဝါ ကူညီပေးပါလိမ့်မယ်။

သီချင်း  ၁၄၂ မျှော်လင့်ချက်ကို ကိုင်စွဲထားခြင်း

a ဘဝ​အခက်အခဲတွေကို ဝမ်းမြောက်စွာ ခံရပ်နိုင်ဖို့ ကျေးကျွန်တွေကို ယေဟောဝါ ကူညီပေးတဲ့ နည်း​သုံးနည်း​အကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။ ဟေရှာယ အခန်းကြီး ၃၀ ကို လေ့လာ​ကြ​မယ်။ ယေဟောဝါဆီ ဆုတောင်းဖို့၊ ကျမ်းစာ ဖတ်ရှု​လေ့လာဖို့၊ လက်ရှိ​နဲ့ အနာဂတ် ကောင်းချီးတွေကို တွေးတော​ဆင်ခြင်​ဖို့ အရေးကြီးကြောင်း သိလာရပါမယ်။

b စကားလုံး ရှင်းလင်းချက်– “ပုံဆောင်​ပရဒိသု” ဆိုတာ ငြိမ်းချမ်း​လုံခြုံတဲ့ အခြေအနေကို ဆိုလိုတယ်။ အဲဒီမှာ ယေဟောဝါကို စည်းလုံးစွာ ဝတ်ပြုခွင့် ရကြတယ်။ ဘာသာရေး အလိမ်အညာတွေကနေ လွတ်မြောက်​စေ​တဲ့ ကျမ်းစာ အကြောင်းအရာ အလျှံပယ် ရကြတယ်။ ဘုရားနိုင်ငံတော် သတင်းကောင်း ဟောပြော​ရတဲ့ ကျေနပ်စရာ အလုပ်လည်း ရထားတယ်။ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်။ အခက်အခဲတွေကို ဝမ်းမြောက်စွာ ခံရပ်နိုင်အောင် ကူညီပေးတဲ့ မေတ္တာရှိ ညီအစ်ကို/မတွေ​လည်း ရထားတယ်။ မှန်ကန်​တဲ့​နည်းနဲ့ ယေဟောဝါကို စဝတ်ပြုချိန်၊ ဘုရားကို အတတ်နိုင်ဆုံး အတုယူချိန်မှာ ပုံဆောင်​ပရဒိသု​ထဲ ကျွန်တော်တို့ ရောက်လာကြတယ်။