မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၄၈

သစ္စာစောင့်သိမှု စမ်းသပ်ခံရတဲ့အခါ သတိရှိနေပါ

သစ္စာစောင့်သိမှု စမ်းသပ်ခံရတဲ့အခါ သတိရှိနေပါ

“အရာရာမှာ သတိရှိ​နေပါ။”—၂ တိ. ၄:၅

သီချင်း  ၁၂၃ ဘုရား​အစီအစဉ်​ကို လက်အောက်ခံခြင်း

အကြို​သုံးသပ်ချက် a

၁။ သတိရှိနေတယ်ဆိုတာ ဘာကို ဆိုလိုသလဲ။ (၂ တိမောသေ ၄:၅)

 အခက်အခဲတွေ ကြုံရတဲ့အခါ ယေဟောဝါနဲ့ အဖွဲ့အစည်းအပေါ် ထားတဲ့ သစ္စာစောင့်သိ​မှု စမ်းသပ်ခံရနိုင်တယ်။ ဒီအခက်အခဲတွေကို ဘယ်လို ရင်ဆိုင်​ကျော်ဖြတ်​မလဲ။ သတိ​ရှိနေရမယ်။ နိုးကြား​နေ​ရမယ်။ ယုံကြည်ခြင်း ခိုင်မြဲ​နေ​ရမယ်။ (၂ တိမောသေ ၄:၅ ကို ဖတ်ပါ။) တည်တည်ငြိမ်ငြိမ် ရှိနေခြင်း၊ ရှင်းရှင်းလင်းလင်း စဉ်းစား​တွေးခေါ်ခြင်း၊ ကိစ္စရပ်တွေကို ယေဟောဝါ​လို ရှုမြင်ခြင်းအားဖြင့် သတိရှိနေနိုင်မယ်။ ဒါဆိုရင် ကိုယ့်​အတွေးတွေကို ခံစားချက်​က လွှမ်းမိုးတော့မှာ မဟုတ်ဘူး။

၂။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

အသင်းတော်​ပြင်ပက လာနိုင်တဲ့ အခက်အခဲ သုံးခု​အကြောင်း ရှေ့ဆောင်းပါးမှာ ဆွေးနွေး​ခဲ့ကြတယ်။ ယေဟောဝါအပေါ် သစ္စာစောင့်သိ​မှု စမ်းသပ်နိုင်တဲ့ အသင်းတော်ထဲက အခက်အခဲ သုံးခု​အကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ (၁) ယုံကြည်သူချင်းတစ်ယောက် ကိုယ့်ကို မတရား ဆက်ဆံတဲ့အခါ၊ (၂) ဆုံးမ​ခံရတဲ့အခါ၊ (၃) အဖွဲ့အစည်းရဲ့ ပြုပြင်ပြောင်းလဲမှု​တွေ​ကို လက်ခံရ ခက်နေတဲ့အခါ။ အဲဒီ​အခက်အခဲတွေ ကြုံရတဲ့အခါ ဘယ်လိုနည်းနဲ့ သတိရှိနေနိုင်မလဲ။ ယေဟောဝါနဲ့ အဖွဲ့အစည်းအပေါ် ဘယ်လို ဆက်​သစ္စာစောင့်သိ​နိုင်မလဲ။

ညီအစ်ကို/မ တစ်ယောက် ကိုယ့်ကို မတရား ဆက်ဆံတဲ့အခါ

၃။ ညီအစ်ကို/မ တစ်ယောက်ယောက် မတရား ဆက်ဆံတဲ့အခါ ဘယ်လို တုံ့ပြန်​မိ​နိုင်သလဲ။

ညီအစ်ကို/မ တစ်ယောက်ယောက်၊ တာဝန်ရှိ ညီအစ်ကို တစ်ယောက်ယောက် မတရား ဆက်ဆံတာ ကြုံဖူးသလား။ သင့်ကို ထိခိုက်အောင်​လုပ်ဖို့ ရည်ရွယ်ချင်မှ ရည်ရွယ်​မယ်။ (ရော. ၃:၂၃။ ယာ. ၃:၂) ဒါပေမဲ့ သူ့​လုပ်ရပ်ကြောင့် စိတ်ထိခိုက်​မိ​နိုင်တယ်။ အဲဒီအကြောင်း​ပဲ စဉ်းစားပြီး အိပ်ရေးပျက်တာမျိုးတောင် ဖြစ်နိုင်တယ်။ ‘ညီအစ်ကို​တစ်ယောက် ဖြစ်ပြီး ဒီလို​လုပ်တာ ဘုရား​အဖွဲ့အစည်း​မှ ဟုတ်ရဲ့လား’ လို့ တွေးမိနိုင်တယ်။ အဲဒီအတိုင်း စာတန် တွေးစေချင်တယ်။ (၂ ကော. ၂:၁၁) ဒီလို အပျက်သဘော အတွေး​တွေ​က ယေဟောဝါနဲ့ရော အဖွဲ့အစည်းနဲ့​ပါ ဝေးကွာ​သွားစေနိုင်တယ်။ ဒါကြောင့် ညီအစ်ကို/မ တစ်ယောက်ယောက် ကိုယ့်ကို မတရား ဆက်ဆံတဲ့အခါ ဘယ်လိုနည်းနဲ့ သတိရှိနေနိုင်သလဲ။ အန္တရာယ်​ရှိတဲ့ အတွေးအခေါ်တွေကို ဘယ်လို ရှောင်နိုင်သလဲ။

၄။ မတရား ဆက်ဆံခံရတဲ့အခါ ယောသပ် ဘယ်လို သတိရှိနေသလဲ။ ကျွန်တော်တို့ ဘာသင်ယူနိုင်သလဲ။ (ကမ္ဘာဦး ၅၀:၁၉-၂၁)

နာကြည်း​မနေပါနဲ့။ ယောသပ် ဆယ်ကျော်သက်​အရွယ်မှာ အစ်ကိုတွေ​ရဲ့ မတရား ဆက်ဆံတာ​ခံရတယ်။ အစ်ကိုတွေက ယောသပ်​ကို မုန်းပြီး တချို့ဆို သတ်တောင် သတ်ပစ်ချင်​ကြတယ်။ (က. ၃၇:၄၊ ၁၈-၂၂) နောက်ဆုံး၊ ကျွန်​အဖြစ် ရောင်းစား​လိုက်ကြတယ်။ ဒါကြောင့် ၁၃ နှစ်လောက် ပြင်းထန်တဲ့ အခက်အခဲတွေ ယောသပ် ရင်ဆိုင်ခဲ့ရတယ်။ ယေဟောဝါ တကယ်​မှ ချစ်​ရဲ့​လား၊ အကူအညီ လိုအပ်ချိန်​မှာ စွန့်သွားပြီလားလို့ တွေးမိနိုင်တယ်။ ဒါပေမဲ့ ယောသပ် နာကြည်း​မနေဘူး။ အဲဒီအစား တည်တည်ငြိမ်ငြိမ် ဆက်​ရှိပြီး သတိရှိနေတယ်။ အခွင့်အရေး ရချိန်မှာ​တောင် အစ်ကိုတွေကို လက်စားမချေ​ဘူး။ မေတ္တာ​ပြတယ်။ ခွင့်လွှတ်​ခဲ့တယ်။ (က. ၄၅:၄၊ ၅) အဲဒီလို​လုပ်နိုင်တာ ရှင်းရှင်းလင်းလင်း စဉ်းစား​တွေးခေါ်နိုင်လို့ပဲ။ အခက်အခဲတွေကို​ပဲ အာရုံစိုက်​မယ့်​အစား ယေဟောဝါရဲ့ ရည်ရွယ်ချက်​ဖြစ်တဲ့ ကိစ္စရပ် တစ်ခုလုံးကို ခြုံငုံ​ကြည့်​လို့​ပဲ။ (ကမ္ဘာဦး ၅၀:၁၉-၂၁ ကို ဖတ်ပါ။) ဘာသင်ခန်းစာ ရသလဲ။ ကျွန်တော်တို့လည်း မတရား ဆက်ဆံခံရတဲ့အခါ ယေဟောဝါကို မ​နာကြည်း​ပါ​နဲ့။ ဘုရား စွန့်သွားပြီလားလို့ မတွေးပါနဲ့။ အဲဒီအစား အခက်အခဲ​ကို ခံရပ်ဖို့ ဘုရား ဘယ်လို ကူညီပေးတယ်ဆိုတာ တွေးတော​ဆင်ခြင်​ပါ။ တခြားသူတွေ မတရား ဆက်ဆံတဲ့အခါ သူတို့ရဲ့ အပြစ်​အနာအဆာ​တွေ​ကို မေတ္တာနဲ့ ဖုံးအုပ်​လိုက်ပါ။—၁ ပေ. ၄:၈

၅။ မတရား ဆက်ဆံခံရချိန်မှာ မီကာ ဘယ်လို ဆက်သတိရှိနေသလဲ။

တောင်​အမေရိက​မှာ​နေတဲ့ အကြီးအကဲ ညီအစ်ကို မီကာ b အကြောင်း စဉ်းစားကြည့်ပါ။ တာဝန်ရှိ ညီအစ်ကိုတွေ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတာ ကြုံခဲ့ရဖူးတယ်။ “အဲဒီလောက် စိတ်ဖိစီးမှု​မျိုး တစ်ခါမှ မကြုံဖူး​ဘူး။ တော်တော် စိုးရိမ် ထိတ်လန့်မိတယ်။ ညဘက်တွေဆို အိပ်မပျော်​ဘူး။ ကူကယ်ရာမဲ့သလို ခံစားရပြီး ငိုမိတယ်” လို့ ပြောတယ်။ ဒါပေမဲ့ မီကာ ဆက်​သတိရှိနေတယ်။ ခံစားချက်တွေကို ကြိုးစား​ထိန်းချုပ်​တယ်။ သန့်ရှင်းသော စွမ်းအားတော် ပေးဖို့၊ ခံရပ်​နိုင်စွမ်း ပေးဖို့ မခြားမလပ် ဆုတောင်းတယ်။ အကူအညီ ဖြစ်စေမယ့် အဖွဲ့အစည်း စာပေတွေ ရှာဖတ်တယ်။ ဘာသင်ခန်းစာ ရသလဲ။ ညီအစ်ကို/မ တစ်ယောက်ယောက် ကိုယ့်ကို မတရား ဆက်ဆံ​တယ်လို့ ခံစားရတဲ့အခါ တည်တည်ငြိမ်ငြိမ် ဆက်ရှိနေပါ။ အပျက်သဘော ခံစားချက်တွေကို ကြိုးစား​ထိန်းချုပ်​ပါ။ ဘယ်လို အခြေအနေတွေကြောင့် သူ ပြောမိ၊ လုပ်မိ​တယ်ဆိုတာ မသိနိုင်ဘူး။ ဒါကြောင့် ကိစ္စရပ်တွေကို သူ့ဘက်ကနေ မြင်နိုင်​အောင် ကူညီပေးဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ ဒါဆိုရင် အဲဒီ​လူကို ဆက်သံသယဝင်နေတော့မှာ မဟုတ်ဘူး။ ထိခိုက်မှု​ကို ဗွေယူတော့မှာ မဟုတ်ဘူး။ (ပညာ. ၁၉:၁၁) သင့်​အခြေအနေကို ယေဟောဝါ သိကြောင်း၊ ခံရပ်​နိုင်စွမ်း ပေးမှာ ဖြစ်ကြောင်း သတိရပါ။—၂ ရာ. ၁၆:၉။ ဒေ. ၅:၈

ဆုံးမ​ခံရတဲ့အခါ

၆။ ကျွန်တော်တို့ကို ချစ်လို့ ယေဟောဝါ ဆုံးမတယ်ဆိုတာ နားလည်ဖို့ ဘာကြောင့် အရေးကြီးသလဲ။ (ဟီဘရူး ၁၂:၅၊ ၆၊ ၁၁)

ဆုံးမ​ခံရတဲ့အခါ နာကျင်​ခံစားမိနိုင်တယ်။ ဒါပေမဲ့ နာကျင်​ရတာကို​ပဲ အာရုံစိုက်နေမယ်ဆိုရင် ဆုံးမမှုကို လျှော့ပေါ့​တွေးမိနိုင်တယ်။ မတရား​ဘူး၊ ကြမ်းတမ်း​လွန်းတယ်လို့​တောင် ခံစားမိနိုင်တယ်။ ရလဒ်အနေနဲ့ ကျွန်တော်တို့ကို ချစ်လို့ ယေဟောဝါ ဆုံးမတယ်​ဆိုတဲ့ အချက်ကို မေ့သွား​နိုင်တယ်။ (ဟီဘရူး ၁၂:၅၊ ၆၊ ၁၁ ကို ဖတ်ပါ။) ကိုယ့်​ခံစားချက်ကို​ပဲ အာရုံစိုက်နေမယ်ဆိုရင် စာတန်ကို အမြတ်ထုတ်ခွင့် ပေးရာ ရောက်သွားမယ်။ စာတန်က ဆုံးမမှုကို ငြင်းပယ်​စေချင်တယ်။ ယေဟောဝါနဲ့ရော အသင်းတော်နဲ့​ပါ ဝေးကွာ​သွား​စေချင်တယ်။ သင် ဆုံးမ​ခံရတယ်​ဆိုရင် ဘယ်လိုနည်းနဲ့ ဆက်သတိရှိနိုင်သလဲ။

ဆုံးမမှုကို ပေတရု နှိမ့်ချစွာ လက်ခံ​လို့ ယေဟောဝါ​အတွက် ပိုအသုံးဝင်သူ ဖြစ်ခဲ့ (စာပိုဒ် ၇ ကို ကြည့်ပါ)

၇။ (က) ရုပ်ပုံ​မှာ ဖော်ပြထားတဲ့အတိုင်း ဆုံးမမှုကို ပေတရု လက်ခံပြီးနောက် ယေဟောဝါ ဘယ်လို ဆက်​အသုံးပြုသလဲ။ (ခ) ပေတရု​ဆီကနေ ဘာသင်ယူရသလဲ။

ဆုံးမမှုကို လက်ခံပါ။ လိုအပ်သလို ပြုပြင်​ပြောင်းလဲ​ပါ။ တခြား​တမန်တော်တွေ​ရှေ့မှာ ပေတရု​ကို ယေရှု တစ်ကြိမ်​ထက်မက ဆုံးမ​ပဲ့ပြင်​ခဲ့တယ်။ (မာ. ၈:၃၃။ လု. ၂၂:၃၁-၃၄) ဒါကြောင့် ပေတရု အရှက်ရ​မိ​နိုင်တယ်။ ဒါပေမဲ့ ယေရှု​အပေါ် ဆက်သစ္စာစောင့်သိတယ်။ ဆုံးမမှုကို လက်ခံတယ်။ အမှားတွေ​ကနေ သင်ယူတယ်။ ပေတရု​ရဲ့ သစ္စာစောင့်သိမှုကို ယေဟောဝါ ဆုချတယ်။ အသင်းတော်မှာ တာဝန်ကြီးတွေ ပေးအပ်​ခဲ့တယ်။ (ယော. ၂၁:၁၅-၁၇။ တ. ၁၀:၂၄-၃၃။ ၁ ပေ. ၁:၁) ပေတရု​ဆီကနေ ဘာသင်ယူနိုင်သလဲ။ ဆုံးမ​ခံရ​လို့ နာကျင်​ခံစားရတာကိုပဲ အာရုံစိုက်​မယ့်​အစား ဆုံးမမှုကို လက်ခံမယ်၊ လိုအပ်သလို ပြုပြင်​ပြောင်းလဲ​မယ်​ဆိုရင် ကိုယ်တိုင်​ကော တခြားသူတွေ​ပါ အကျိုးရမယ်။ ယေဟောဝါနဲ့ ညီအစ်ကို/မတွေအတွက် ပိုအသုံးဝင်လာမယ်။

၈-၉။ ဆုံးမခံရပြီးနောက် အစပိုင်းမှာ ဘာနာဒို ဘယ်လို ခံစားခဲ့ရသလဲ။ ဒါပေမဲ့ အတွေးအခေါ်ကို ပြုပြင်ဖို့ ဘာက ကူညီပေးသလဲ။

မိုဇမ်ဘစ်​နိုင်ငံ​က ညီအစ်ကို ဘာနာဒို​အကြောင်း စဉ်းစားကြည့်ပါ။ အကြီးအကဲအဖြစ်ကနေ ဖယ်ရှားခံရတဲ့အခါ အစပိုင်းမှာ ဘယ်လို ခံစားရသလဲ။ “ကိုယ်​ရတဲ့ ဆုံးမမှုကို မကြိုက်လို့ စိတ်​နာကြည်း​မိတယ်” လို့ ပြောတယ်။ အသင်းတော်မှာ တခြားသူတွေ ဘယ်လို မြင်မလဲဆိုတာပဲ တွေးပူ​မိတယ်။ “အခြေအနေကို အမှန်အတိုင်း ရှုမြင်ဖို့၊ ယေဟောဝါနဲ့ အဖွဲ့အစည်း​ကို ပြန်ယုံကြည်​စိတ်ချလာဖို့ လ​အတော်များများ ကြာ​ခဲ့တယ်” လို့ ပြောတယ်။ အမြင်မှန်​ရလာဖို့ ဘာနာဒိုကို ဘာက ကူညီပေးသလဲ။

ကိုယ့်​အတွေးအခေါ်ကို ပြုပြင်​တည့်မတ်တယ်။ “အကြီးအကဲအဖြစ် အမှုဆောင်ခဲ့​တုန်းက ယေဟောဝါရဲ့ ဆုံးမမှု​အပေါ် အမြင်မှန်​ရှိဖို့ တခြားသူတွေကို ကူညီတဲ့အခါ ဟီဘရူး ၁၂:၇ ကို ကျွန်တော် သုံးခဲ့တယ်။ အခု ‘အဲဒီ​ကျမ်းချက်ကို ဘယ်သူ ကျင့်သုံးရမှာလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးတယ်။ ကျွန်တော်​အပါအဝင် ယေဟောဝါရဲ့ ကျေးကျွန်​အားလုံး​ပေါ့” လို့ ပြောတယ်။ ယေဟောဝါနဲ့ အဖွဲ့အစည်း​ကို ပြန်ယုံကြည်​စိတ်ချလာဖို့ တခြား ပြုပြင်ပြောင်းလဲမှု​တွေ​လည်း လုပ်ခဲ့တယ်။ ကျမ်းစာကို အရင်ကထက် ပိုအချိန်ပေး ဖတ်ရှု​တယ်။ ပိုလေးလေးနက်နက် တွေးတော​ဆင်ခြင်​တယ်။ ညီအစ်ကို/မတွေ ဘယ်လို မြင်မလဲဆိုတာ တွေးပူမိဆဲ ဖြစ်ပေမဲ့ သူတို့နဲ့အတူ အမှုဆောင်​တွေ၊ အသင်းတော် အစည်းအဝေးတွေမှာ ပါဝင်တယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာ အကြီးအကဲအဖြစ် ပြန်ခန့်အပ်ခံရတယ်။ သင်လည်း ဘာနာဒိုလိုပဲ ဆုံးမ​ခံရတယ်​ဆိုရင် နာကျင်​ခံစားရတာကိုပဲ အာရုံမစိုက်ပါနဲ့။ ဆုံးမမှုကို လက်ခံပါ။ လိုအပ်သလို ပြုပြင်​ပြောင်းလဲ​ပါ။ c (ပညာ. ၈:၃၃။ ၂၂:၄) ဒါဆိုရင် ဘုရားကိုရော အဖွဲ့အစည်း​ကို​ပါ သစ္စာစောင့်သိ​နေ​လို့ ဆုချခံရမှာ သေချာပါတယ်။

အဖွဲ့အစည်းရဲ့ ပြုပြင်ပြောင်းလဲမှု​တွေ​ကို လက်ခံရ ခက်တဲ့အခါ

၁၀။ ဘယ်​အပြောင်းအလဲ​ကြောင့် အစ္စရေး​တချို့​ရဲ့ သစ္စာစောင့်သိ​မှု စမ်းသပ်ခံခဲ့ရတာ ဖြစ်မလဲ။

၁၀ အဖွဲ့အစည်းရဲ့ ပြုပြင်ပြောင်းလဲမှု​တွေ​က သစ္စာစောင့်သိမှုကို စမ်းသပ်​နိုင်တယ်။ သတိမထားဘူးဆိုရင် ယေဟောဝါနဲ့​တောင် ဝေးကွာ​သွားစေနိုင်တယ်။ ဥပမာ၊ အစ္စရေးတွေ​အတွက် ဘယ်လို အပြောင်းအလဲ ဖြစ်ခဲ့တယ်ဆိုတာ စဉ်းစားကြည့်ပါ။ မောရှေ​ပညတ် မရှိခင်တုန်းက ပုရောဟိတ်​တာဝန်ကို အိမ်ထောင်ဦးစီး​တွေ ထမ်းဆောင်ခဲ့ရတယ်။ ပူဇော်ရာ​ပလ္လင်​တွေ တည်ဆောက်​ကြတယ်။ မိသားစု​ကိုယ်စား ယေဟောဝါဆီ ပူဇော်သက္ကာတွေ ဆက်သ​ကြတယ်။ (က. ၈:၂၀၊ ၂၁။ ၁၂:၇။ ၂၆:၂၅။ ၃၅:၁၊ ၆၊ ၇။ ယောဘ ၁:၅) ဒါပေမဲ့ ပညတ်တရား​အောက် ရောက်လာတဲ့အခါ အဲဒီအခွင့်ထူး​ကို အိမ်ထောင်ဦးစီး​တွေ လက်လွှတ်​လိုက်ရတယ်။ ပူဇော်သက္ကာတွေ ဆက်သ​ဖို့ အာရုန် မိသားစုထဲက အမျိုးသားတွေကို ပုရောဟိတ်​အဖြစ် ယေဟောဝါ ခန့်အပ်တယ်။ အဲဒီ​နောက်ပိုင်း အာရုန်​မျိုးဆက် မဟုတ်တဲ့ အိမ်ထောင်ဦးစီး​တစ်ယောက် ပုရောဟိတ်​အဖြစ် လုပ်ဆောင်မယ်ဆိုရင် သေဒဏ်​ခံရနိုင်တယ်။ d (ဝတ်. ၁၇:၃-၆၊ ၈၊ ၉) ဒီ​အပြောင်းအလဲ​ကြောင့် မောရှေ​နဲ့ အာရုန်ရဲ့ အခွင့်အာဏာ​ကို ကောရ၊ ဒါသန်၊ အဘိရံ​နဲ့ မျိုးနွယ်စု ခေါင်းဆောင် ၂၅၀ ပုန်ကန်ခဲ့တာ​များ​လား။ (တော. ၁၆:၁-၃) အတိအကျတော့ မပြောနိုင်ဘူး။ ဘာပဲဖြစ်ဖြစ် ကောရ​နဲ့ အပေါင်းပါတွေ ယေဟောဝါအပေါ် ဆက်သစ္စာ မရှိခဲ့​ကြ​ဘူး။ သင်​ကော အဖွဲ့အစည်းဆိုင်ရာ အပြောင်းအလဲတွေ​ကြောင့် သစ္စာစောင့်သိ​မှု စမ်းသပ်ခံရတဲ့အခါ ဘာလုပ်နိုင်သလဲ။

ကောဟတ်​အမျိုးသားတွေ တာဝန် အပြောင်းအလဲ ကြုံရတဲ့အခါ သီချင်းသည်၊ တံခါးစောင့်၊ သိုလှောင်ရုံ ကြီးကြပ်သူ​တွေ​အဖြစ် လိုလိုလားလား ဆက်​အမှုဆောင် (စာပိုဒ် ၁၁ ကို ကြည့်ပါ)

၁၁။ လေဝိ​အနွယ် ကောဟတ်​အမျိုးသား​တချို့​ဆီကနေ ဘာသင်ယူရသလဲ။

၁၁ အဖွဲ့အစည်း အပြောင်းအလဲတွေ​ကို အပြည့်အဝ ထောက်မပါ။ တောကန္တာရ​ထဲ လှည့်လည်ချိန်အတွင်း ကောဟတ်​အမျိုးသားတွေ အထူး​တာဝန်တစ်ခု ထမ်းဆောင်​ရတယ်။ တပ်​စခန်း ပြောင်းရွှေ့တိုင်း ကောဟတ်​အမျိုးသား​တချို့က လူအားလုံး​ရှေ့မှာ ပဋိညာဉ်သေတ္တာ​ကို သယ်​ကြရတယ်။ (တော. ၃:၂၉၊ ၃၁။ ၁၀:၃၃။ ယောရှု ၃:၂-၄) တကယ့်​အခွင့်ထူး​ပါပဲ။ ဒါပေမဲ့ ကတိထားရာပြည်​ထဲ အခြေချ​ပြီးနောက်​မှာတော့ အပြောင်းအလဲတွေ ဖြစ်လာတယ်။ ပဋိညာဉ်သေတ္တာ​ကို ပြောင်းရွှေ့​နေစရာ မလိုတော့ဘူး။ ဒါကြောင့် ဘုရင် ရှောလမုန် နန်းစံချိန်​အတွင်း ကောဟတ်​အမျိုးသား​တချို့က သီချင်းသည်​တွေ၊ တံခါးစောင့်တွေ၊ သိုလှောင်ရုံ ကြီးကြပ်သူ​တွေ​အဖြစ် ခန့်အပ်ခံရတယ်။ (၁ ရာ. ၆:၃၁-၃၃။ ၂၆:၁၊ ၂၄) ဒါကို ကောဟတ်​အမျိုးသားတွေ ညည်းညူ​တယ်၊ ပိုထင်ပေါ်တဲ့ တာဝန် တစ်ခုခု တောင်းဆိုတယ်​ဆိုတဲ့ မှတ်တမ်း မရှိဘူး။ ဘာသင်ခန်းစာ ရသလဲ။ အဖွဲ့အစည်းရဲ့ ပြုပြင်ပြောင်းလဲမှု​တွေ​ကြောင့် ကိုယ့်​တာဝန် ထိခိုက်လာတဲ့အခါမှာတောင် စိတ်နှလုံး အကြွင်းမဲ့ ထောက်မပါ။ ဘယ်​တာဝန်​ပဲ​ရ​ရ ဝမ်းမြောက်ဝမ်းသာ အမှုဆောင်​ပါ။ ကိုယ့်​တန်ဖိုး​ဟာ ကိုယ့်​တာဝန်​ပေါ် မ​မူတည်​ကြောင်း သတိရပါ။ တာဝန်​ထက် သင့်​နာခံမှုကိုသာ ယေဟောဝါ ပိုတန်ဖိုးထားတာ။—၁ ရှ. ၁၅:၂၂

၁၂။ ဗေသလ​ကနေ တာဝန် အပြောင်းအလဲ ရတဲ့အခါ ဇိုင်နာ ဘယ်လို ခံစားရသလဲ။

၁၂ တာဝန် အပြောင်းအလဲ ကြုံရ​ပြီး မြတ်နိုးတဲ့ အခွင့်ထူး ဆုံးရှုံး​သွားတဲ့ ညီအစ်မ ဇိုင်နာ​အကြောင်း စဉ်းစားကြည့်ပါ။ ဒီညီအစ်မက အရှေ့အလယ်ပိုင်း​မှာ နေထိုင်တယ်။ ဗေသလမှာ ၂၃ နှစ်​ကျော် အမှုဆောင်​ပြီးနောက် အထူးရှေ့ဆောင် ပြန်လုပ်ဖို့ တာဝန်ရတယ်။ “တကယ့်​အပြောင်းအလဲကြီးပါပဲ။ အသုံးမဝင်တော့ဘူး​လို့ ခံစားရတယ်။ ‘ဘာ​အမှား လုပ်မိလို့လဲ’ လို့ တွေးမိတယ်” ဆိုပြီး ပြောတယ်။ အသင်းတော်က ညီအစ်ကို/မ တချို့ကလည်း “သိပ်မတော်လို့ ဗေသလမှာ ဆက်ရှိမနေတာ” လို့ ပြောပြီး ပိုခံရခက်အောင် လုပ်ကြတယ်။ အချိန်​အတော်ကြာ စိတ်ဓာတ်ကျပြီး ညတိုင်း ငိုခဲ့ရတယ်။ ဒါပေမဲ့ “အဖွဲ့အစည်း​ကို​ရော ယေဟောဝါရဲ့ မေတ္တာကို​ပါ ကျွန်မ ဘယ်တော့မှ သံသယ​မဝင်ဘူး” လို့ ပြောတယ်။ ဇိုင်နာ ဘယ်လိုနည်းနဲ့ ဆက်သတိရှိနေနိုင်ခဲ့သလဲ။

၁၃။ အပျက်သဘောထား ခံစားချက်တွေကို ဇိုင်နာ ဘယ်လို ကျော်လွှားနိုင်ခဲ့သလဲ။

၁၃ အပျက်​သဘောထားတွေကို ဇိုင်နာ တိုက်ထုတ်​နိုင်ခဲ့တယ်။ ဘယ်လိုနည်းနဲ့လဲ။ ကိုယ်​သတ်သတ်မှတ်မှတ် ကြုံနေရတဲ့ အခက်အခဲ​အကြောင်း ရေးထားတဲ့ အဖွဲ့အစည်း​စာပေတွေ ဖတ်တယ်။ ၂၀၀၁၊ ဖေဖော်ဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင်စိတ်ပျက်​အားလျော့ခြင်း​ကို သင်​အောင်မြင်​ကျော်လွှားနိုင်” ဆိုတဲ့ ဆောင်းပါး​က တော်တော် အကူအညီ ဖြစ်စေတယ်။ တာဝန် အပြောင်းအလဲ ကြုံရတဲ့အခါ ကျမ်းရေးသူ မာကု​လည်း အဲဒီလို ခံစားရနိုင်တယ်လို့ ဆောင်းပါးမှာ ရှင်းပြထားတယ်။ “မာကုရဲ့ ပုံသက်သေ​က စိတ်ဓာတ်ကျမှုကို ကျော်လွှား​ဖို့ ဆေးစွမ်းကောင်းတစ်လက်ပဲ” လို့ ဇိုင်နာ ပြောတယ်။ မိတ်ဆွေတွေနဲ့​လည်း ဇိုင်နာ ရင်းရင်းနှီးနှီး ဆက်​ပေါင်းသင်း​တယ်။ တစ်သီးပုဂ္ဂလ မနေဘူး။ ကိုယ့်ကိုယ်ကိုယ် သနား​မနေဘူး။ အဖွဲ့အစည်း ဆုံးဖြတ်ချက်တွေကို သန့်ရှင်းသော စွမ်းအားတော် လမ်းညွှန်​နေကြောင်း၊ ဦးဆောင်နေတဲ့ ညီအစ်ကိုတွေ မိမိကို အလွန်​ဂရုစိုက်ကြောင်း ဇိုင်နာ သဘောပေါက်လာတယ်။ အဖွဲ့အစည်း​အတွက် အရေးကြီးဆုံးက ဘုရား​အလုပ် ပြီးစီးဖို့ပဲ ဆိုတာ​လည်း သဘောပေါက်လာတယ်။

၁၄။ ဗလာဒိုအတွက် အဖွဲ့အစည်းဆိုင်ရာ ဘယ်​အပြောင်းအလဲကို လက်ခံဖို့ ခက်သလဲ။ သူ့ကို ဘာက ကူညီပေးသလဲ။

၁၄ စလိုဗေးနီးယားမှာ​နေတဲ့ အသက် ၇၃ နှစ်အရွယ် အကြီးအကဲ ညီအစ်ကို ဗလာဒို​အကြောင်း စဉ်းစားကြည့်ပါ။ သူ့​အသင်းတော်ကို တခြား​အသင်းတော်နဲ့ ပေါင်းလိုက်ပြီး သူ​တက်နေတဲ့ နိုင်ငံတော်ခန်းမကို ဆက်မသုံးတော့တဲ့အခါ တော်တော်​ခံစားခဲ့ရတယ်။ “ဒီလောက်​လှတဲ့ နိုင်ငံတော်ခန်းမကို ဘာလို့ ဆက်မသုံးတော့တာလဲဆိုတာ နားမလည်​နိုင်အောင် ဖြစ်ခဲ့​ရတယ်။ မကြာသေးခင်​က​မှ ခန်းမကို ပြုပြင်​မွမ်းမံထားတော့ တော်တော် စိတ်ပျက်​မိတယ်။ ကျွန်တော်က လက်သမား​ပါ။ ပရိဘောဂ​အသစ်တွေကို ကျွန်တော် လုပ်ပေးခဲ့တာ။ အသင်းတော် ပေါင်းလိုက်လို့ ပြုပြင်​ပြောင်းလဲ​ရမှာ​တွေ​က ကျွန်တော်တို့လို သက်ကြီး​ကြေညာသူတွေအတွက် မလွယ်ဘူး” လို့ ပြောတယ်။ ဒီဆုံးဖြတ်ချက်ကို ထောက်မပေးဖို့ ဗလာဒိုကို ဘာက ကူညီပေးသလဲ။ “ယေဟောဝါ​အဖွဲ့အစည်းရဲ့ အပြောင်းအလဲတွေ​ကို လက်ခံတာ အမြဲ ကောင်းချီး​ရစေတယ်။ အနာဂတ်မှာ ကြုံရ​မယ့် ပိုကြီးမားတဲ့ အပြောင်းအလဲတွေ​အတွက် အ​သင့်​ပြင်ပေး​တယ်” လို့ ပြောတယ်။ အသင်းတော် ပေါင်းလိုက်လို့၊ တာဝန်​ပြောင်းသွားလို့ ပြုပြင်​ပြောင်းလဲဖို့ သင် ခက်နေသလား။ သင့်​ခံစားချက်ကို ယေဟောဝါ နားလည်တယ်ဆိုတာ စိတ်ချပါ။ ဒီ​အပြောင်းအလဲတွေ​ကို ထောက်မပြီး ယေဟောဝါကို​ရော ဘုရား​အသုံးပြုနေတဲ့ အဖွဲ့အစည်း​ကို​ပါ ဆက်​သစ္စာစောင့်သိ​နေ​ရင် ကောင်းချီး ခံစားရမှာ သေချာပါတယ်။—ဆာ. ၁၈:၂၅

အရာရာမှာ သတိရှိ​နေပါ

၁၅။ အသင်းတော်ထဲက လာတဲ့ အခက်အခဲတွေ ကြုံရတဲ့အခါ ဘယ်လို ဆက်​သတိရှိနေနိုင်သလဲ။

၁၅ ဒီ​အစီအစဉ်​စနစ် အဆုံး နီးလာတာနဲ့အမျှ အသင်းတော်​အတွင်း​က လာတဲ့ အခက်အခဲတွေ ကြုံလာရနိုင်တယ်။ အဲဒီ​အခက်အခဲတွေ​က ယေဟောဝါအပေါ် ထားတဲ့ သစ္စာစောင့်သိမှုကို စမ်းသပ်​နိုင်တယ်။ ဒါကြောင့် သတိ​ရှိနေရမယ်။ ညီအစ်ကို/မ တစ်ယောက်ယောက် သင့်ကို မတရား ဆက်ဆံတဲ့အခါ စိတ်​နာကြည်း​မနေပါနဲ့။ ဆုံးမ​ခံရတဲ့အခါ နာကျင်​ခံစားရတာကိုပဲ အာရုံမစိုက်ပါနဲ့။ ဆုံးမမှုကို လက်ခံပါ။ လိုအပ်သလို ပြုပြင်​ပြောင်းလဲ​ပါ။ ယေဟောဝါ အဖွဲ့အစည်းရဲ့ အပြောင်းအလဲတွေ​က ကိုယ့်ကို ထိခိုက်လာတဲ့အခါ စိတ်နှလုံး အကြွင်းမဲ့ လက်ခံပါ။ လမ်းညွှန်ချက်ကို နာခံ​ပါ။

၁၆။ ယေဟောဝါနဲ့ အဖွဲ့အစည်းအပေါ် ယုံကြည်စိတ်ချမှု ဘယ်လို ဆက်​ထိန်းထား​နိုင်သလဲ။

၁၆ သစ္စာစောင့်သိ​မှု စမ်းသပ်ခံရတဲ့အခါ ယေဟောဝါနဲ့ အဖွဲ့အစည်းအပေါ် ယုံကြည်စိတ်ချမှု ဆက်​ထိန်းထား​နိုင်ပါတယ်။ အဲဒီလိုဖြစ်နိုင်ဖို့ သတိ​ရှိနေရမယ်။ ဆိုလိုတာက တည်တည်ငြိမ်ငြိမ် ရှိရမယ်။ ရှင်းရှင်းလင်းလင်း စဉ်းစား​တွေးခေါ်​ရမယ်။ ကိစ္စရပ်တွေကို ယေဟောဝါ ရှုမြင်သလို ရှုမြင်​ရမယ်။ ကိုယ်​ကြုံနေရတဲ့ အခက်အခဲတွေကို အောင်အောင်မြင်မြင် ရင်ဆိုင်​ဖြေရှင်းခဲ့တဲ့ ကျမ်းစာ​ဇာတ်ကောင်တွေ​အကြောင်း လေ့လာဖို့၊ သူတို့ရဲ့​ပုံသက်သေကို တွေးတော​ဆင်ခြင်​ဖို့ စိတ်ပိုင်းဖြတ်ထားပါ။ ယေဟောဝါဆီ ဆုတောင်းပြီး အကူအညီ​တောင်းပါ။ အသင်းတော်နဲ့ ဘယ်တော့မှ တသီးတခြား မနေပါနဲ့။ ဒါဆိုရင် ဘာတွေ​ပဲ ကြုံရပါစေ ယေဟောဝါနဲ့ရော အဖွဲ့အစည်းနဲ့​ပါ ဝေးကွာသွားအောင် စာတန် ဘယ်လိုမှ တားဆီးနိုင်မှာ မဟုတ်ဘူး။—ယာ. ၄:၇

သီချင်း ၁၂၆ မြဲမြံနိုးကြား၊ ခွန်အားကြီးပွား

a အထူးသဖြင့် အသင်းတော်​အတွင်း​က အခက်အခဲတွေ ရင်ဆိုင်​ရချိန်မှာ ယေဟောဝါနဲ့ အဖွဲ့အစည်းအပေါ် သစ္စာစောင့်သိ​မှု စမ်းသပ်ခံရနိုင်တယ်။ အဲဒီ​အခက်အခဲ သုံးခု​အကြောင်း၊ ယေဟောဝါနဲ့ အဖွဲ့အစည်း​ကို ဘယ်လို ဆက်သစ္စာ​ရှိနိုင်​ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။

b အမည်လွှဲများ။

c ထပ်သိချင်ရင် ၂၀၀၉၊ ဩဂုတ် ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၃၀ “သင်သည် တစ်ချိန်က​အမှုဆောင်ခဲ့သလော ပြန်၍​အမှုဆောင်နိုင်မည်လော” ဆောင်းပါးကို ကြည့်ပါ။

d အိမ်ထောင်ဦးစီးတွေဟာ အသားစား​ချင်လို့ တိရစ္ဆာန်​သတ်ရတဲ့အခါ တဲတော်​ကို အရင်ဆုံး​ယူလာ​ရမယ်လို့ ပညတ်တရား တောင်းဆိုထားတယ်။ တဲတော်​နဲ့ ဝေးလွန်းတဲ့​နေရာမှာ နေထိုင်တဲ့ အိမ်ထောင်ဦးစီးတွေအတွက်တော့ ခြွင်းချက်​ဖြစ်တယ်။—တရား. ၁၂:၂၁