လေ့လာရန် ဆောင်းပါး ၄၅
အမှုဆောင်လုပ်ငန်း အောင်မြင်ဖို့ ယေဟောဝါ ကူညီပေးပုံ
“သူတို့အလယ်မှာ ပရောဖက်ရှိမှန်း သိရကြလိမ့်မယ်။”—ယေဇ. ၂:၅။
သီချင်း ၆၇ “တရားစကားကို ဟောပြောပါ”
အကြိုသုံးသပ်ချက် a
၁။ ကျွန်တော်တို့ ဘာမျှော်လင့်ထားကြသလဲ။ ဘာကို စိတ်ချနိုင်သလဲ။
ဟောပြောခြင်းလုပ်ငန်းမှာ ဆန့်ကျင်မှုတွေ ကြုံရမယ်ဆိုတာ ကျွန်တော်တို့ မျှော်လင့်ထားကြတယ်။ အနာဂတ်မှာ ပိုဆိုးလာနိုင်တယ်။ (ဒံ. ၁၁:၄၄။ ၂ တိ. ၃:၁၂။ ဗျာ. ၁၆:၂၁) ဒါပေမဲ့ လိုအပ်တဲ့ အကူအညီကို ယေဟောဝါ ပေးမယ်ဆိုတာ စိတ်ချနိုင်တယ်။ ဘာကြောင့်လဲ။ ဘယ်လောက် ခက်ခဲတဲ့ တာဝန်ပဲ ဖြစ်ပါစေ ပြီးမြောက်အောင်မြင်နိုင်ဖို့ ကျေးကျွန်တွေကို ယေဟောဝါ အမြဲ ထောက်မပေးလို့ပဲ။ ဥပမာအနေနဲ့ ဗာဗုလုန်က ဂျူးသုံ့ပန်းတွေကို ဟောရတဲ့ ပရောဖက် ယေဇကျေလရဲ့ ဘဝဖြစ်ရပ်တချို့ကို လေ့လာကြည့်ကြစို့။
၂။ ဘယ်လိုလူတွေကို ယေဇကျေလ ဟောခဲ့ရသလဲ။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။ (ယေဇကျေလ ၂:၃-၆)
၂ ဘယ်လိုလူတွေကို ယေဇကျေလ ဟောခဲ့ရသလဲ။ “ဖီဆန်သူ၊” “အကြင်နာကင်းမဲ့သူ၊” ‘ပုန်ကန်တတ်သူတွေ’ လို့ ယေဟောဝါ ပြောတယ်။ ဆူးပင်လို၊ ကင်းမြီးကောက်လို အန္တရာယ်ရှိသူတွေ ဖြစ်တယ်။ ဒါကြောင့် “သူတို့ကို မကြောက်နဲ့” လို့ ယေဟောဝါ ပြောတာ မဆန်းပါဘူး။ (ယေဇကျေလ ၂:၃-၆ ကို ဖတ်ပါ။) ဟောပြောခြင်း တာဝန် ပြီးမြောက်အောင် ယေဇကျေလ ထမ်းဆောင်နိုင်ခဲ့တာဟာ သူ့ကို (၁) ယေဟောဝါ စေလွှတ်လို့၊ (၂) ဘုရားစွမ်းအားတော် ခွန်အားပေးလို့၊ (၃) ဘုရားသခင့် စကားတော် အားရှိစေလို့ပဲ။ အဲဒီအချက် သုံးချက်က ယေဇကျေလကို ဘယ်လို ကူညီပေးသလဲ။ ဒီနေ့ခေတ် ကျွန်တော်တို့ကို ဘယ်လို ကူညီပေးသလဲ။
ယေဇကျေလကို ယေဟောဝါ စေလွှတ်
၃။ ဘယ်စကားကြောင့် ယေဇကျေလ အားရှိသွားမလဲ။ သူ့ကို ထောက်မပေးမယ်လို့ ယေဟောဝါ ဘယ်လို အာမခံသလဲ။
၃ “မင်းကို ငါ စေလွှတ်မယ်” လို့ ယေဇကျေလကို ယေဟောဝါ နှစ်ကြိမ်တိ တိ ပြောတယ်။ (ယေဇ. ၂:၃၊ ၄) ယေဇကျေလ သိပ်အားရှိသွားမှာပဲ။ ဘာကြောင့်လဲ။ မောရှေ၊ ဟေရှာယကို ပရောဖက်အဖြစ် ယေဟောဝါ ခန့်အပ်တုန်းကလည်း အဲဒီလို ပြောခဲ့တာ ယေဇကျေလ မှတ်မိမှာပါ။ (ထွ. ၃:၁၀။ ဟေရှာ. ၆:၈) အခက်အခဲတွေ အောင်မြင်ကျော်လွှားဖို့ အဲဒီပရောဖက်နှစ်ယောက်ကို ယေဟောဝါ ဘယ်လို ကူညီပေးခဲ့မှန်း ယေဇကျေလ သိတယ်။ ဒါကြောင့် “မင်းကို ငါ စေလွှတ်မယ်” လို့ ယေဟောဝါ ပြောတဲ့အခါ ဘုရားထောက်မမှုကို ယေဇကျေလ ယုံကြည်စိတ်ချခဲ့မှာ သေချာတယ်။ “ယေဟောဝါက ကျွန်တော့်ကို ပြောတယ်” ဆိုတဲ့ အသုံးအနှုန်းလည်း ယေဇကျေလကျမ်းမှာ အကြိမ်ကြိမ် ပါတယ်။ (ယေဇ. ၁၄:၂) မိမိကို ယေဟောဝါ စေလွှတ်ကြောင်း ယေဇကျေလ ယုံကြည်စိတ်ချတာ သေချာတယ်။ အဲဒီအပြင် ပုရောဟိတ်ရဲ့ သား ဖြစ်လို့ ခေတ်တစ်လျှောက် ပရောဖက်တွေကို ယေဟောဝါ ထောက်မမယ်လို့ ဘယ်လို အာမခံခဲ့ကြောင်း သွန်သင်ခံရမှာပဲ။ ဥပမာ၊ အိဇက်၊ ယာကုပ်၊ ယေရမိတို့ကို ‘မင်းနဲ့အတူ ငါရှိတယ်’ လို့ ယေဟောဝါ ပြောတယ်။—က. ၂၆:၂၄။ ၂၈:၁၅။ ယေ. ၁:၈။
၄။ ဘာက ယေဇကျေလကို အားရှိစေမလဲ။
၄ ယေဇကျေလ ပြောတာကို အစ္စရေးတွေ ဘယ်လို တုံ့ပြန်သလဲ။ “အစ္စရေးအမျိုးကတော့ ငါ့စကားကို နားမထောင်တဲ့အတွက် မင်းပြောတာကိုလည်း နားထောင်မှာ မဟုတ်ဘူး” လို့ ယေဟောဝါ ပြောတယ်။ (ယေဇ. ၃:၇) ယေဇကျေလကို ငြင်းပယ်တာဟာ ယေဟောဝါကို ငြင်းပယ်တာပဲ။ လူတွေ ငြင်းပယ်တာနဲ့ပဲ ပရောဖက်တာဝန် မအောင်မြင်တာ မဟုတ်မှန်း အဲဒီစကားကြောင့် ယေဇကျေလ စိတ်ချသွားတယ်။ ယေဇကျေလ ကြေညာတဲ့ တရားစီရင်ချက် သတင်းအတိုင်း တကယ် ဖြစ်လာတဲ့အခါ “သူတို့အလယ်မှာ ပရောဖက်ရှိမှန်း သိရကြလိမ့်မယ်” လို့လည်း ယေဟောဝါ အာမခံတယ်။ (ယေဇ. ၂:၅။ ၃၃:၃၃) အမှုဆောင်လုပ်ငန်း ပြီးမြောက်အောင် လုပ်ဆောင်ဖို့ ယေဇကျေလ ခွန်အား ရှိသွားမှာ သေချာတယ်။
ဒီနေ့ခေတ် ကျွန်တော်တို့ကို ယေဟောဝါ စေလွှတ်
၅။ ဟေရှာယ ၄၄:၈ အရ ကျွန်တော်တို့ကို ဘာက အားရှိစေသလဲ။
၅ ကျွန်တော်တို့ကိုလည်း ယေဟောဝါ စေလွှတ်တယ်ဆိုတဲ့ အချက်ကနေ အားယူနိုင်တယ်။ ကျွန်တော်တို့ကို မိမိရဲ့ “သက်သေတွေ” လို့ ခေါ်ပြီး ဘုရား ဂုဏ်တင်တယ်။ (ဟေရှာ. ၄၃:၁၀) တကယ့် အခွင့်ထူးကြီးပါပဲ။ “သူတို့ကို မကြောက်နဲ့” လို့ ယေဇကျေလကို ယေဟောဝါ အားပေးသလို ကျွန်တော်တို့ကိုလည်း “မကြောက်ပါနဲ့” လို့ အားပေးနေတယ်။ ဆန့်ကျင်သူတွေကို ဘာကြောင့် မကြောက်သင့်သလဲ။ ယေဇကျေလလိုပဲ ကျွန်တော်တို့ကို ယေဟောဝါ စေလွှတ်လို့၊ ဘုရားထောက်မမှု ရထားကြလို့ပါပဲ။—ဟေရှာယ ၄၄:၈ ကို ဖတ်ပါ။
၆။ (က) ကျွန်တော်တို့ကို ထောက်မပေးမယ်ဆိုတာ ယေဟောဝါ ဘယ်လို အာမခံသလဲ။ (ခ) ဘာက အားရှိစေသလဲ။
၆ ကျွန်တော်တို့ကို ထောက်မပေးမယ်လို့ ယေဟောဝါ အာမခံတယ်။ ဥပမာ၊ “မင်းတို့ဟာ ငါ့ရဲ့သက်သေတွေပဲ” လို့ မပြောခင် “မင်း ရေထဲ ဖြတ်လျှောက်တဲ့အခါ မင်းနဲ့အတူ ငါ ရှိမယ်။ မြစ်ကို ဖြတ်ကူးတဲ့အခါ မင်းကို ရေလွှမ်းမှာ မဟုတ်ဘူး။ မီးထဲ ဖြတ်လျှောက်တဲ့အခါ မင်းကို မီးလောင်မှာ မဟုတ်ဘူး။ မီးဟပ်မှာ မဟုတ်ဘူး” လို့ ပြောတယ်။ (ဟေရှာ. ၄၃:၂) အမှုဆောင်လုပ်ငန်း လုပ်ဆောင်တဲ့အခါ တစ်ခါတလေ မြစ်လို၊ မီးလို ဆန့်ကျင်မှုတွေ ကျွန်တော်တို့ ကြုံရနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါရဲ့ အကူအညီနဲ့ ဆက်ဟောပြောနေကြတယ်။ (ဟေရှာ. ၄၁:၁၃) ယေဇကျေလခေတ်မှာလိုပဲ ဒီနေ့ခေတ် လူများစွာလည်း သတင်းတရားကို ငြင်းပယ်ကြတယ်။ ဒါပေမဲ့ သူတို့ ငြင်းပယ်တာနဲ့ပဲ ဘုရားရဲ့ သက်သေအဖြစ် ကျွန်တော်တို့ရဲ့ တာဝန် မအောင်မြင်ဘူးလို့ မဆိုလိုဘူး။ သစ္စာရှိရှိ ဆက်ဟောပြောနေသရွေ့ ယေဟောဝါရဲ့ နှစ်သက်မှု ရမယ်ဆိုတာ သိထားလို့ အားရှိကြတယ်။ “တစ်ယောက်စီက ကိုယ့်ရဲ့အားထုတ်မှုနဲ့အညီ အကျိုးခံစားရလိမ့်မယ်” လို့ တမန်တော် ပေါလု ပြောတယ်။ (၁ ကော. ၃:၈။ ၄:၁၊ ၂) “ကိုယ့်ကြိုးစားအားထုတ်မှုကို ယေဟောဝါ ဆုချမှန်း သိရလို့ ပျော်တယ်” လို့ သက်တမ်းကြာ ရှေ့ဆောင်ညီအစ်မတစ်ယောက် ပြောတယ်။
ယေဇကျေလကို ဘုရားစွမ်းအားတော် ခွန်အားပေး
၇။ မြင်ရတဲ့ စိတ်အာရုံအကြောင်း ပြန်တွေးတိုင်း ယေဇကျေလ ဘယ်လို ခံစားရမလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)
၇ ဘုရားစွမ်းအားတော် ဘယ်လောက် တန်ခိုးကြီးကြောင်း ယေဇကျေလ မြင်တယ်။ စိတ်အာရုံတစ်ခုမှာ ခွန်အားကြီး ကောင်းကင်တမန်တွေကို သန့်ရှင်းသော စွမ်းအားတော် ကူညီပေးပုံ၊ ကောင်းကင်ရထားရဲ့ ကြီးမားလှတဲ့ ဘီးတွေ ရွေ့လျားအောင် ကူညီပေးပုံကို ယေဇကျေလ မြင်ရတယ်။ (ယေဇ. ၁:၂၀၊ ၂၁) ဘာဖြစ်သွားသလဲ။ အံ့ဩထိတ်လန့်လွန်းလို့ “အဲဒါကိုမြင်တဲ့အခါ ကျွန်တော် ပျပ်ဝပ်လိုက်တယ်” လို့ ပြောတယ်။ (ယေဇ. ၁:၂၈) နောက်ပိုင်း၊ အဲဒီစိတ်အာရုံကို ပြန်တွေးမိတိုင်း အမှုဆောင်လုပ်ငန်း ပြီးမြောက်ဖို့ ဘုရားစွမ်းအားတော် ကူညီပေးမယ်ဆိုတာ စိတ်ချပြီး အားတက်လာမှာပဲ။
၈-၉။ (က) “မတ်တတ်ရပ်ပါ” လို့ ယေဟောဝါ ပြောတဲ့အခါ ယေဇကျေလ ဘာဖြစ်လာသလဲ။ (ခ) ခက်ခဲတဲ့ တာဝန်အတွက် ယေဇကျေလကို ယေဟောဝါ နောက်ထပ် ဘယ်လို ခွန်အား ရှိစေသလဲ။
၈ “လူသား၊ မတ်တတ်ရပ်ပါ။ မင်းကို ပြောစရာရှိတယ်” လို့ ယေဇကျေလကို ယေဟောဝါ ပြောတယ်။ အဲဒီစကားနဲ့ ဘုရားစွမ်းအားတော်ကြောင့် ယေဇကျေလ မတ်တတ်ရပ်ဖို့ အားရှိလာတယ်။ ‘ကျွန်တော့်အပေါ် စွမ်းအားတော် သက်ရောက်လာပြီး မတ်တတ်ရပ်ခိုင်းတယ်’ လို့ ပြောတယ်။ (ယေဇ. ၂:၁၊ ၂) နောက်ပိုင်း၊ အမှုဆောင်လုပ်ငန်း လုပ်ဆောင်ချိန် တစ်လျှောက်လုံး ယေဇကျေလကို ဘုရား “လက်တော်၊” တစ်နည်းအားဖြင့် သန့်ရှင်းသော စွမ်းအားတော် လမ်းညွှန်ပေးတယ်။ (ယေဇ. ၃:၂၂။ ၈:၁။ ၃၃:၂၂။ ၃၇:၁။ ၄၀:၁) “ခေါင်းမာပြီး အကြင်နာကင်းမဲ့” သူတွေကို ဟောပြောရမယ့် တာဝန်အတွက် ခွန်အား ရှိစေတယ်။ (ယေဇ. ၃:၇) ‘မင်းရဲ့မျက်နှာထားကို သူတို့ရဲ့မျက်နှာထားလို ငါမာကျောစေမယ်။ မင်းရဲ့နဖူးကိုလည်း သူတို့ရဲ့နဖူးလို မာကျောစေမယ်။ မင်းရဲ့နဖူးကို စိန်လို မာအောင်၊ မီးခတ်ကျောက်ထက် မာအောင် ငါလုပ်မယ်။ သူတို့ကို မကြောက်နဲ့။ သူတို့မျက်နှာထားကြောင့် မထိတ်လန့်နဲ့’ လို့ ယေဟောဝါ ပြောတယ်။ (ယေဇ. ၃:၈၊ ၉) ‘လူတွေ ခေါင်းမာလို့ စိတ်ဓာတ်မကျနဲ့။ မင်းကို ငါ ခွန်အား ရှိစေမယ်’ လို့ ပြောနေတာပါပဲ။
၉ ဟောရမယ့် နေရာဆီ ယေဇကျေလကို ဘုရားစွမ်းအားတော် ခေါ်သွားတယ်။ “ယေဟောဝါရဲ့လက်တော် ကျွန်တော့်အပေါ် အားအင်အပြည့်နဲ့ သက်ရောက်နေတယ်” လို့ ယေဇကျေလ ပြောတယ်။ ဟောရမယ့် သတင်းစကားကို ကောင်းကောင်း နားလည်ဖို့ တစ်ပတ် ကြာတယ်။ (ယေဇ. ၃:၁၄၊ ၁၅) အဲဒီနောက် ချိုင့်ဝှမ်းလွင်ပြင်ကို ယေဟောဝါ သွားခိုင်းတယ်။ အဲဒီမှာ ယေဇကျေလအပေါ် “စွမ်းအားတော် သက်ရောက်လာ” တယ်။ (ယေဇ. ၃:၂၃၊ ၂၄) အမှုဆောင်လုပ်ငန်း စဖို့ အသင့် ဖြစ်နေပြီ။
ဒီနေ့ခေတ် ကျွန်တော်တို့ကို ဘုရားစွမ်းအားတော် ခွန်အားပေး
၁၀။ ဟောပြောခြင်းလုပ်ငန်း လုပ်ဆောင်ဖို့ ဘယ်အကူအညီ လိုအပ်သလဲ။ ဘာကြောင့်လဲ။
၁၀ ဟောပြောခြင်းလုပ်ငန်း လုပ်ဆောင်ဖို့ ဘယ်အကူအညီ ကျွန်တော်တို့ ရထားသလဲ။ ယေဇကျေလအကြောင်း ပြန်စဉ်းစားကြည့်ပါ။ ဟောပြောခြင်းလုပ်ငန်း မစခင် ယေဇကျေလ လိုအပ်တဲ့ ခွန်အားကို ဘုရားစွမ်းအားတော် ပေးတယ်။ ယေဇကျေလလိုပဲ ဒီနေ့လည်း စွမ်းအားတော် အကူအညီကြောင့်သာ ကျွန်တော်တို့ ဆက်ဟောပြောနိုင်တာ။ လုပ်ငန်း ရပ်တန့်သွားအောင် စာတန် တိုက်ခိုက်နေလို့ပဲ။ (ဗျာ. ၁၂:၁၇) လူ့ရှုထောင့်က ကြည့်ရင် စာတန်ကို ကျွန်တော်တို့ လုံးဝ မယှဉ်နိုင်ဘူး။ ဒါပေမဲ့ ဟောပြောခြင်းလုပ်ငန်းအားဖြင့် စာတန်ကို အနိုင်ရနေတယ်။ (ဗျာ. ၁၂:၉-၁၁) ဘယ်နည်းနဲ့လဲ။ ဟောပြောနေတာကိုက စာတန့် ခြိမ်းခြောက်မှုတွေကို မကြောက်ဘူးဆိုတာ ပြနေတာပဲ။ ကျွန်တော်တို့ တစ်ခါ ဟောတိုင်း စာတန် တစ်ခါ ရှုံးနေတယ်။ ဒါဆိုရင် ဆန့်ကျင်မှုကြား ဆက်ဟောပြောနိုင်တာက ဘာကို ဖော်ပြသလဲ။ ကျွန်တော်တို့ကို သန့်ရှင်းသော စွမ်းအားတော် ခွန်အားပေးနေကြောင်း၊ ယေဟောဝါရဲ့ မျက်နှာသာ ရထားကြောင်း ဖော်ပြတယ်။—မ. ၅:၁၀-၁၂။ ၁ ပေ. ၄:၁၄။
၁၁။ သန့်ရှင်းသော စွမ်းအားတော်က ဘာလုပ်ပေးမလဲ။ စွမ်းအားတော် ဆက်ရနေဖို့ ဘာလုပ်ရမလဲ။
၁၁ ယေဇကျေလရဲ့ မျက်နှာထားနဲ့ နဖူးကို ယေဟောဝါ ပုံဆောင်သဘောအရ မာကျောစေတာကနေ ဘာထပ်သိရသလဲ။ အမှုဆောင်လုပ်ငန်းမှာ ကြုံရနိုင်တဲ့ အခက်အခဲနဲ့ ကျွန်တော်တို့ ခွန်အား ညီမျှအောင် ဘုရားစွမ်းအားတော် ကူညီပေးနိုင်တယ်။ ဆိုလိုတာက ဘယ်အခက်အခဲကိုမဆို ကျော်ဖြတ်ဖို့ ခွန်အားပေးနိုင်တယ်။ (၂ ကော. ၄:၇-၉) ဒါဆိုရင် ဘုရားစွမ်းအားတော် ဆက်ရနေအောင် ဘာလုပ်ရမလဲ။ ဆုတောင်းချက်တွေကို ယေဟောဝါ နားထောင်ပေးမယ်ဆိုတဲ့ ယုံကြည်စိတ်ချမှု အပြည့်နဲ့ မခြားမလပ် ဆုတောင်းနေရမယ်။ ‘တောင်းမြဲတောင်းပါ။ ရှာမြဲရှာပါ။ ခေါက်မြဲခေါက်ပါ’ လို့ တပည့်တွေကို ယေရှု သင်ပေးတယ်။ “တောင်းတဲ့သူတွေကို” ယေဟောဝါ ‘သန့်ရှင်းသော စွမ်းအားတော် ပေးမယ်။’—လု. ၁၁:၉၊ ၁၃။ တ. ၁:၁၄။ ၂:၄။
ယေဇကျေလကို ဘုရားသခင့် စကားတော် အားရှိစေ
၁၂။ ယေဇကျေလ ၂:၉–၃:၃ အရ စာလိပ် ဘယ်က လာသလဲ။ ဘာတွေ ပါသလဲ။
၁၂ ယေဇကျေလကို ဘုရားစွမ်းအားတော် သာမက ဘုရားစကားတော်ကလည်း ခွန်အားရှိစေတယ်။ စိတ်အာရုံတစ်ခုမှာ စာလိပ် ကိုင်ထားတဲ့ လက်တစ်ဖက်ကို ယေဇကျေလ မြင်တယ်။ (ယေဇကျေလ ၂:၉–၃:၃ ကို ဖတ်ပါ။) စာလိပ် ဘယ်က လာသလဲ။ ဘာတွေ ပါသလဲ။ ယေဇကျေလကို ဘယ်လို အားရှိစေသလဲ။ ကြည့်ကြစို့။ စာလိပ်ဟာ ဘုရားသခင့် ရာဇပလ္လင်ကနေ လာတာ။ အစောပိုင်းမှာ ယေဇကျေလ မြင်ထားတဲ့ ကောင်းကင်တမန် လေးပါးထဲက တစ်ပါးကို ယေဟောဝါ သုံးပြီး စာလိပ်ပေးခိုင်းပုံရတယ်။ (ယေဇ. ၁:၈။ ၁၀:၇၊ ၂၀) စာလိပ်ထဲမှာ ဘုရားသခင့် စကားတွေ ပါတယ်။ ပုန်ကန်တဲ့ သုံ့ပန်းတွေကို ပြန်ပြောဖို့ တရားစီရင်ချက် သတင်းပါ။ (ယေဇ. ၂:၇) စာလိပ် ရှေ့ခြမ်းမှာရော နောက်ခြမ်းမှာပါ စာတွေ ရေးထားတယ်။
၁၃။ စာလိပ်ကို ဘာလုပ်ဖို့ ယေဇကျေလကို ယေဟောဝါ ပြောသလဲ။ စာလိပ် ဘာကြောင့် ချိုသလဲ။
၁၃ စာလိပ်ကို စားပြီး “ဗိုက်ဖြည့်ပါ” လို့ ယေဇကျေလကို ယေဟောဝါ ပြောတယ်။ ယေဇကျေလလည်း အကုန် စားလိုက်တယ်။ ဘာကို ဆိုလိုသလဲ။ ကြေညာရမယ့် သတင်းစကားကို အပြည့်အဝ နားလည်အောင် လုပ်ရမယ်။ ကိုယ့်အစိတ်အပိုင်း ဖြစ်သွားသလို အနက်ရှိုင်းဆုံး ခံစားချက်ထိ ရောက်ရမယ်။ စာလိပ်ကို စားလိုက်တော့ ထူးခြားတာ တစ်ခု ဖြစ်လာတယ်။ “ပျားရည်လို ချို” နေတယ်။ (ယေဇ. ၃:၃) ဘာကြောင့်လဲ။ ယေဟောဝါကို ကိုယ်စားပြုရမယ့် အခွင့်ထူးဟာ ယေဇကျေလအတွက် ချိုမြိန်တဲ့ အရသာလို နှစ်သက်ကြည်နူးစရာ ဖြစ်လို့ပါပဲ။ (ဆာ. ၁၉:၈-၁၁) ပရောဖက်အဖြစ် ယေဟောဝါ နှစ်သက်လက်ခံတာကို ယေဇကျေလ သိပ်ကျေးဇူးတင်တယ်။
၁၄။ တာဝန်အတွက် အသင့် ဖြစ်အောင် ယေဇကျေလကို ဘာက ကူညီပေးသလဲ။
၁၄ နောက်ပိုင်း၊ “ငါပြောသမျှကို နားထောင်ပြီး နှလုံးသွင်းပါ” လို့ ယေဇကျေလကို ယေဟောဝါ ပြောတယ်။ (ယေဇ. ၃:၁၀) စာလိပ်မှာ ရေးထားတာတွေကို မှတ်ထားဖို့၊ အသေအချာ တွေးတောဖို့ ပြောတာပါ။ ဒီလို လုပ်လို့ ယေဇကျေလ အားရှိလာတယ်။ ကြေညာရမယ့် သတင်းစကား ရလာတယ်။ (ယေဇ. ၃:၁၁) ယေဇကျေလရဲ့ နှုတ်မှာရော စိတ်ထဲမှာပါ ဘုရားရဲ့ သတင်းစကား ရှိနေလို့ ဘုရားပေး တာဝန် ကျေပွန်အောင် ထမ်းဆောင်ဖို့ အသင့် ဖြစ်နေပြီ။—ဆာ. ၁၉:၁၄။
ဒီနေ့ခေတ် ကျွန်တော်တို့ကို ဘုရားသခင့် စကားတော် အားရှိစေ
၁၅။ ခံနိုင်ရည် ရှိဖို့ ဘာကို “နှလုံးသွင်း” ရမလဲ။
၁၅ အမှုဆောင်လုပ်ငန်းမှာ ခံနိုင်ရည် ရှိဖို့ဆိုရင် ကျွန်တော်တို့လည်း ဘုရားစကားတော်နဲ့ အားဖြည့်ထားရမယ်။ ယေဟောဝါ ပြောတာ အားလုံးကို “နှလုံးသွင်း” ရမယ်။ ဒီနေ့ခေတ်မှာ ကျမ်းစာကတစ်ဆင့် ယေဟောဝါ စကားပြောနေတယ်။ ကိုယ့်အတွေး၊ ခံစားချက်၊ စိတ်ရင်းတို့ကို ကျမ်းစာ ဆက်ဩဇာလွှမ်းမိုးအောင် ဘာလုပ်ရမလဲ။
၁၆။ ကျမ်းစာကို ကောင်းကောင်း နားလည်အောင် ဘာလုပ်ရမလဲ။
၁၆ ကျွန်တော်တို့ အစာစားပြီးနောက် ခန္ဓာကိုယ်က အစာခြေလိုက်တဲ့အခါ အားရှိလာသလိုပဲ ကျမ်းစာ ဖတ်ရှုလေ့လာပြီး တွေးတောဆင်ခြင်တာက ယုံကြည်ခြင်း ပိုခိုင်မာစေတယ်။ စာလိပ်ကနေ ရတဲ့ သင်ခန်းစာကို စိတ်စွဲမှတ်ထားရမယ်။ ယေဟောဝါက ကျွန်တော်တို့ကို ကျမ်းစာမှာ ပါတဲ့ တရားစကားနဲ့ “ဗိုက်ဖြည့်” ထားစေချင်တယ်။ ဆိုလိုတာက ကောင်းကောင်း နားလည်အောင် လုပ်စေချင်တယ်။ ဆုတောင်းခြင်း၊ ဖတ်ရှုလေ့လာခြင်း၊ တွေးတောဆင်ခြင်ခြင်းအားဖြင့် အဲဒီလို လုပ်နိုင်တယ်။ အရင်ဆုံး စိတ်နှလုံးကို ပြင်ဆင်ဖို့ ဆုတောင်းကြတယ်။ ပြီးနောက် ကျမ်းပိုဒ်တစ်ပိုဒ် ဖတ်တယ်။ ဖတ်တာကို ခဏရပ်ပြီး အသေအချာ တွေးတောဆင်ခြင်တယ်။ ဘာရလဒ် ရမလဲ။ များများ တွေးတောလေ ကျမ်းစာကို ပိုနားလည်လေ၊ ယုံကြည်ခြင်း ခိုင်မာလေ ဖြစ်ပါလိမ့်မယ်။
၁၇။ ကျမ်းစာထဲက ဖတ်လိုက်တဲ့ အချက်ကို တွေးတောဆင်ခြင်ဖို့ ဘာကြောင့် အရေးကြီးသလဲ။
၁၇ ကျမ်းစာ ဖတ်ရှုလေ့လာဖို့၊ တွေးတောဆင်ခြင်ဖို့ ဘာကြောင့် အရေးကြီးသလဲ။ လောလောဆယ် နိုင်ငံတော် သတင်း ဟောဖို့၊ မဝေးတော့တဲ့ အနာဂတ်မှာ ပြင်းထန်တဲ့ တရားစီရင်ချက် သတင်း ကြေညာဖို့ ခွန်အားရှိစေလို့ပဲ။ ယေဟောဝါရဲ့ နှစ်သက်ဖွယ် အရည်အသွေးတွေအကြောင်း တွေးတောဆင်ခြင်တဲ့အခါ ဘုရားနဲ့ ပိုရင်းနှီးလာမယ်။ ရလဒ်အနေနဲ့ ချိုမြိန်တဲ့ အရသာလို ကြည်နူးစရာ ငြိမ်သက်မှု၊ ကျေနပ်ရောင့်ရဲမှု ခံစားရပါလိမ့်မယ်။—ဆာ. ၁၁၉:၁၀၃။
ခံရပ်ဖို့ လှုံ့ဆော်ခံကြရ
၁၈။ လူတွေ ဘာကို အသိအမှတ် ပြုရမလဲ။
၁၈ ကျွန်တော်တို့က ယေဇကျေလလို ပရောဖက်တော့ မဟုတ်ဘူး။ ဒါပေမဲ့ ပြီးပြီလို့ ဘုရား ပြောတဲ့ အချိန်အထိ ကျမ်းစာ သတင်းစကား ဆက်ကြေညာနေဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။ တရားစီရင်ချိန် ရောက်တဲ့အခါ လူတွေ သတိပေးစကား မကြားခဲ့ပါဘူး၊ ဘုရား ဂရုမစိုက်ပါဘူးလို့ ပြောစရာအကြောင်း လုံးဝ ရှိမှာ မဟုတ်ဘူး။ (ယေဇ. ၃:၁၉။ ၁၈:၂၃) အဲဒီအစား ကျွန်တော်တို့ ကြေညာတဲ့ သတင်းဟာ ဘုရားဆီက လာတယ်ဆိုတာ သူတို့ အသိအမှတ် ပြုကို ပြုရပါလိမ့်မယ်။
၁၉။ အမှုဆောင်လုပ်ငန်း ပြီးမြောက်အောင် လုပ်နိုင်ဖို့ ဘာက ခွန်အားပေးမလဲ။
၁၉ အမှုဆောင်လုပ်ငန်း ပြီးမြောက်အောင် လုပ်နိုင်ဖို့ ကျွန်တော်တို့ကို ဘာက ခွန်အားပေးမလဲ။ ယေဇကျေလကို ခွန်အားပေးတဲ့ အချက် သုံးချက်ပါပဲ။ ကျွန်တော်တို့ကို ယေဟောဝါ စေလွှတ်မှန်း၊ ဘုရားသခင့် သန့်ရှင်းသော စွမ်းအားတော် ခွန်အားပေးနေမှန်း၊ ဘုရားသခင့် စကားတော် အားရှိစေမှန်း သိထားလို့ ဆက်ဟောပြောနေကြတာ။ ဘုရားသခင့် အကူအညီနဲ့ အမှုဆောင်လုပ်ငန်း ပြီးမြောက်အောင် လုပ်ဖို့၊ “အဆုံးထိ” ခံရပ်နေဖို့ ကျွန်တော်တို့ လှုံ့ဆော်ခံကြရတယ်။—မ. ၂၄:၁၃။
သီချင်း ၆၅ တိုးတက်နေပါ
a ဟောပြောခြင်း တာဝန် ထမ်းဆောင်ရာမှာ ပရောဖက် ယေဇကျေလကို ကူညီပေးတဲ့ အချက်သုံးချက်အကြောင်း၊ ယေဟောဝါ ကူညီပေးပုံအကြောင်း ဒီဆောင်းပါးမှာ လေ့လာကြပါမယ်။ အမှုဆောင်လုပ်ငန်းမှာ ကျွန်တော်တို့ကိုလည်း ယေဟောဝါ ကူညီပေးမယ်ဆိုတာ ပိုယုံကြည်စိတ်ချလာပါလိမ့်မယ်။