ဘဝအတ္ထုပ္ပတ္တိ
စစ်မီးတောက်ချိန်မှာကော စစ်မီးငြိမ်းချိန်မှာပါ ယေဟောဝါ ခွန်အားပေး
ပေါလ်။ ၁၉၈၅၊ နိုဝင်ဘာလမှာ အနောက်အာဖရိကမှာ ရှိတဲ့ လိုင်ဘေးရီးယားနိုင်ငံကို လေယာဉ်နဲ့ ကျွန်တော်တို့ ထွက်လာကြတယ်။ ဦးဆုံး သာသနာပြုတာဝန်မို့လို့ တအား စိတ်လှုပ်ရှားနေကြတာ။ ဆီနီဂေါနိုင်ငံမှာ လေယာဉ် တစ်ထောက်နားတယ်။ အန်းက “နောက်တစ်နာရီဆိုရင် လိုင်ဘေးရီးယား ရောက်တော့မှာနော်” တဲ့။ အဲဒီအချိန်မှာပဲ “လိုင်ဘေးရီးယား သွားမယ့် ခရီးသည်တွေ လေယာဉ်ပေါ်ကနေ ဆင်းပေးပါ။ လိုင်ဘေးရီးယားမှာ အစိုးရကို အာဏာသိမ်းလိုက်ပြီ။ လေယာဉ်ဆင်းလို့ မရတော့ပါဘူး” ဆိုပြီး ကြေညာပါလေရော။ ဒါနဲ့ ဆီနီဂေါက သာသနာပြုတွေဆီမှာ ဆယ်ရက် သွားနေတယ်။ လိုင်ဘေးရီးယားမှာ လူတွေ အတုံးအရုံး အသတ်ခံရတယ်၊ ညမထွက်ရအမိန့် ထုတ်ထားတယ်၊ အမိန့်ချိုးဖောက်ရင် ပစ်သတ်တယ်ဆိုတဲ့ သတင်းတွေ ကြားနေရတယ်။
အန်း။ ကျွန်မတို့က သတ္တိကောင်းတဲ့အထဲ မပါဘူး။ ကျွန်မဆိုရင် ကြောက်တတ်လွန်းလို့ ငယ်ငယ်က နာမည်ပြောင်တောင် ပေးခံရတယ်။ လမ်းကူးရင်တောင် ကြောက်တာ။ ဒါပေမဲ့ အန္တရာယ် ဘယ်လောက်များများ တာဝန်ကျတဲ့ လိုင်ဘေးရီးယားကို ရောက်အောင် သွားမယ်လို့ ဆုံးဖြတ်ထားကြတယ်။
ပေါလ်။ ကျွန်တော်နဲ့ အန်းက အင်္ဂလန်အနောက်ပိုင်းမှာ မွေးတာပါ။ တစ်ယောက်နဲ့ တစ်ယောက် နေတဲ့ နေရာ ၅ မိုင် (၈ ကီလိုမီတာ) ပဲ ဝေးတယ်။ ကျွန်တော်တို့နှစ်ယောက်စလုံး ရှေ့ဆောင်လုပ်ဖို့ ကျွန်တော့်မိဘတွေနဲ့ အန်းရဲ့ အမေ အမြဲ အားပေးတယ်။ ဒါကြောင့် နှစ်ယောက်စလုံး အထက်တန်းကျောင်း ပြီးတာနဲ့ ရှေ့ဆောင်လုပ်တယ်။ ကျွန်တော်တို့ အချိန်ပြည့် အမှုဆောင်ချင်စိတ် ရှိလို့ မိဘတွေ သိပ်ဝမ်းသာကြတယ်။ ကျွန်တော် အသက် ၁၉ နှစ်မှာ ဗေသလ ဖိတ်ခေါ်ခံရတယ်။ ၁၉၈၂ ခုနှစ်မှာ အန်းနဲ့ လက်ထပ်ပြီး အန်းလည်း ဗေသလ ရောက်လာတယ်။
အန်း။ ဗေသလကို ကြိုက်ပေမဲ့ နှစ်ယောက်သား ပိုလိုအပ်တဲ့ နေရာမှာ အမှုဆောင်ချင်တာ ဟိုးအရင်ကတည်းကပဲ။ သာသနာပြု လုပ်ခဲ့ဖူးသူတွေနဲ့ ဗေသလမှာ တွဲအလုပ်လုပ်ရတော့ သာသနာပြု ဖြစ်ချင်စိတ်က တားမရတော့ဘူး။ ဒီအကြောင်း သုံးနှစ်လောက် ညတိုင်း သတ်သတ်မှတ်မှတ် ဆုတောင်းကြတယ်။ ၁၉၈၅ ခုနှစ်မှာ ၇၉ ကြိမ်မြောက် ဂိလဒ်သင်တန်း တက်ဖို့ ဖိတ်ခေါ်ခံရလို့ ဝမ်းသာလိုက်ရတာ။ တာဝန်က အနောက်အာဖရိကမှာ ရှိတဲ့ လိုင်ဘေးရီးယားနိုင်ငံ။
ညီအစ်ကို/မတွေရဲ့ မေတ္တာကနေ ရတဲ့ ခွန်အား
ပေါလ်။ လိုင်ဘေးရီးယားထဲ ပြန်ဝင်ခွင့်ရတဲ့ ဦးဆုံးလေယာဉ်နဲ့ ဆီနီဂေါကနေ ကျွန်တော်တို့ ထွက်လာကြတယ်။ လိုင်ဘေးရီးယားမှာ နိုင်ငံရေးအခြေအနေ တင်းမာနေတုန်းပဲ။ ညမထွက်ရအမိန့် ထုတ်ထားတုန်းပဲ။ လူတွေ
ဘယ်လောက် ထိတ်လန့်နေသလဲဆိုရင် ကားအိတ်ဇောပေါက်သံ ကြားရင်တောင် လန့်ဖျပ်ပြီး ပြေးမိပြေးရာ ပြေးတဲ့အထိပဲ။ ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ် ရှိနေနိုင်ဖို့ ညတိုင်း ဆာလံကျမ်း အတူတူ ဖတ်တယ်။ နိုင်ငံရေးအခြေအနေ မကောင်းပေမဲ့ တာဝန်ကို သိပ်မြတ်နိုးတယ်။ အန်းက လယ်ကွင်းသာသနာပြု။ ကျွန်တော်က ဗေသလမှာ။ ညီအစ်ကို ဂျွန် ရှားရုခ်နဲ့ ကျွန်တော် အလုပ်တွဲလုပ်ရတယ်။ ညီအစ်ကို ဂျွန်က လိုင်ဘေးရီးယား ရောက်တာ ကြာပြီ။ ဒီက ညီအစ်ကို/မတွေရဲ့ အခြေအနေအရပ်ရပ်ကို ကောင်းကောင်း သိတယ်။ ဒါကြောင့် သူ့ဆီကနေ အများကြီး သင်ယူရတယ်။အန်း။ လိုင်ဘေးရီးယားကို မြန်မြန်ဆန်ဆန် သဘောကျသွားတာ ညီအစ်ကို/မတွေကြောင့်ပါပဲ။ ညီအစ်ကို/မတွေက နွေးထွေးတယ်၊ ဖော်ရွေတယ်၊ ဘုရားအပေါ် သစ္စာရှိကြတယ်။ ကျွန်မတို့ကို အကြံပေးကြတယ်၊ အားပေးကြတယ်။ ဒါကြောင့် သူတို့နဲ့ သံယောဇဉ် တွယ်လာတယ်။ မိသားစုအသစ် ရလိုက်သလိုပဲ။ ပြီးတော့ အမှုဆောင်လုပ်ငန်းကလည်း အားရစရာကြီး။ ခဏပဲ နေပြီး ထပြန်ရင် အိမ်ရှင်တွေ မကြိုက်ဘူး။ လမ်းထောင့်မှာ လူတွေ ကျမ်းစာအကြောင်း ဆွေးနွေးနေတတ်တယ်။ ဒီတော့ ဝင်ဆွေးနွေးလိုက်ရုံပဲ။ ကျမ်းစာသင်အံမှု များလွန်းလို့ အချိန်မလောက်ဘူး။ ဒါကြောင့် အခက်အခဲကို ပြောပါဆိုရင်တော့ သင်အံမှု များတာပါပဲရှင်။
ထိတ်လန့်စရာတွေကြားက ခွန်အား
ပေါလ်။ လေးနှစ်လောက် တော်တော်လေး အေးအေးချမ်းချမ်း ရှိပြီးခါမှ ၁၉၈၉ ခုနှစ်မှာ ပြည်တွင်းစစ် ထဖြစ်ပါလေရော။ ၁၉၉၀၊ ဇူလိုင် ၂ ရက်မှာ ဗေသလနားတစ်ဝိုက်ကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်လိုက်တယ်။ ကျွန်တော်တို့ အပြင်နဲ့ သုံးလလုံးလုံး အဆက်အသွယ် ပြတ်သွားတယ်။ မိသားစုနဲ့ကော ကမ္ဘာ့ဌာနချုပ်နဲ့ပါ အဆက်အသွယ် ပြတ်သွားတာ။ စားနပ်ရိက္ခာ ရှားပါးရတဲ့အထဲ မင်းမဲ့စရိုက်တွေ၊ မုဒိန်းမှုတွေ နေရာတကာပဲ။ ဒီလိုပုံစံနဲ့ ၁၄ နှစ် ကြာသွားလို့ တစ်နိုင်ငံလုံး ရစရာ မရှိလောက်အောင် ဖြစ်သွားတယ်။
အန်း။ မျိုးနွယ်စုတစ်စုနဲ့ တစ်စု တိုက်ခိုက်သတ်ဖြတ်ကြတယ်။ ဘယ်နေရာ ကြည့်ကြည့် လက်နက်ကိုင်တွေချည်းပဲ။ ပြောက်ကျားအင်္ကျီတွေ ဝတ်စားပြီး လမ်းပေါ် ပတ်သွားကြတယ်၊ အိမ်တွေ ဝင်စီးကြတယ်။ လူသတ်တာများ “ကြက်ကလေး၊ ငှက်ကလေး သတ်တာ” ကျနေရောပဲ။ စစ်ဆေးရေးဂိတ်တွေမှာ၊ ဗေသလနားတစ်ဝိုက်မှာ အလောင်းတွေဆိုရင် ထပ်နေတာ။ အသတ်ခံရတဲ့အထဲ သာသနာပြုနှစ်ယောက်နဲ့ သစ္စာရှိ ညီအစ်ကို/မ တော်တော်များများ ပါသွားတယ်။
လက်နက်ကိုင်တွေက သူတို့ မုန်းတဲ့ မျိုးနွယ်စုက လူတွေကို တွေ့တာနဲ့ သတ်ပစ်တတ်ကြတယ်။ ဒါကြောင့် အဲဒီမျိုးနွယ်စုက ညီအစ်ကို/မတွေကို တခြားမျိုးနွယ်စုက ညီအစ်ကို/မတွေ အသက်ရင်းပြီး ဝှက်ထားပေးကြတယ်။ သာသနာပြုတွေ၊ ဗေသလအိမ်သားတွေလည်း ဝိုင်းဝှက်ပေးကြတယ်။ အိုးပစ်အိမ်ပစ် ပြေးလာရတဲ့ ညီအစ်ကို/မတချို့ ဗေသလအောက်ထပ်မှာ အိပ်ကြတယ်။ တချို့က အပေါ်ထပ်မှာ ရှိတဲ့ အခန်းတွေမှာ လာပေါင်းနေကြတယ်။ ကျွန်မတို့အခန်းမှာဆိုရင် ၇ ယောက် လာပေါင်းနေတာ။
ပေါလ်။ ဗေသလမှာ လူတွေ ဝှက်ထားမထား လက်နက်ကိုင်တွေ နေ့တိုင်း လာလာစစ်တယ်။ သူတို့ ရောက်လာပြီဆိုရင် ညီအစ်ကိုနှစ်ယောက်က အပြင်ဂိတ်မှာ စကားထွက်ပြောတယ်။ သူတို့နှစ်ယောက်
အချက်ပြတာကို ညီအစ်ကိုတစ်ယောက်နဲ့ ညီအစ်မတစ်ယောက်က ပြတင်းပေါက်ကနေ ကြည့်ပေးတယ်။ ညီအစ်ကိုနှစ်ယောက် လက်ကို အရှေ့မှာ ထားတယ်ဆိုရင် အခြေအနေ ကောင်းတယ်။ အနောက်မှာ ထားတယ်ဆိုရင် အခြေအနေ မဟန်ဘူး။ ညီအစ်ကို/မတွေကို ပြေးဝှက်ပေတော့ပဲ။အန်း။ တစ်ရက်တော့ လက်နက်ကိုင်အုပ်စုတစ်စု ဒေါသတကြီး အတင်း ဝင်လာတယ်။ ကျွန်မနဲ့ ညီအစ်မတစ်ယောက် ရေချိုးခန်းထဲ ပြေးဝင်လိုက်တယ်။ ရေချိုးခန်းထဲက ဗီရိုမှာ ပုန်းဖို့ အံဝှက်လေး ရှိတယ်လေ။ အဲဒီမှာ ညီအစ်မကို ကျုံ့ကျုံ့လေး ဝင်ထိုင်ခိုင်းလိုက်တယ်။ လက်နက်ကိုင်တွေ အပေါ်ထပ် တက်လာပြီး ကျွန်မတို့အခန်းတံခါးကို တဒုန်းဒုန်း ထုတော့တာပဲ။ လက်ထဲမှာလည်း စက်သေနတ်တွေနဲ့။ “ကျွန်တော့်မိန်းမ ရေချိုးခန်း သုံးနေလို့ပါ” ဆိုပြီး သူတို့ကို ပေါလ် တားထားတယ်။ အဲဒီအချိန်မှာ ညီအစ်မ ပုန်းနေတဲ့ အံဝှက်ကို ကျွန်မ ပိတ်လိုက်တော့ အသံထွက်သွားတယ်။ ပြီးတော့ ဗီရိုထဲ ပစ္စည်းတွေ ပြန်ထည့်တာ နည်းနည်းကြာသွားတယ်။ သူတို့ သံသယဝင်ရင် ဒုက္ခပဲဆိုပြီး တွေးကြောက်သွားတာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေရောပဲ။ ဒီလိုပုံစံနဲ့ ထွက်တွေ့ရင်တော့ မဖြစ်သေးပါဘူးဆိုပြီး အသံတိတ် ဆုတောင်းလိုက်တယ်။ ဆုတောင်းပြီးတာနဲ့ တံခါးဖွင့်ပြီး တည်တည်ငြိမ်ငြိမ် နှုတ်ဆက်လိုက်တယ်။ သူတို့ထဲက တစ်ယောက် ကျွန်မကို တွန်းထုတ်ပြီး ဗီရိုဘက် တန်းတန်းမတ်မတ် သွား၊ အထဲက ပစ္စည်းတွေ မွှေပါလေရော။ ဘာမှ မတွေ့တော့ မကျေနပ်တဲ့ပုံနဲ့။ တခြားအခန်းတွေကိုကော ထပ်ခိုးပါမကျန် လိုက်ရှာကြသေးတယ်။ တော်သေးလို့ ဘာမှ တွေ့မသွားဘူး။
အမှောင်ထဲက အလင်း
ပေါလ်။ နေ့တွေ၊ လတွေ ဆက်လာတော့ ရိက္ခာလျော့လာတယ်။ ဘုရားရေးရာ အစားအစာကိုပဲ အဓိကထားပြီး အသက်ဆက်ရတယ်။ ဗေသလ နံနက်ဝတ်ပြုမှုက ကျွန်တော်တို့အတွက် “နံနက်စာ” ပေါ့။ အဲဒီက ရတဲ့ ခွန်အားကတော့ လျှော့တွက်လို့မရအောင်ပါပဲ။
ရိက္ခာပြတ်သွားမှာ စိုးပြီး ကျွန်တော်တို့ အပြင်ထွက်ရှာရင် ပုန်းနေတဲ့ ညီအစ်ကို/မတွေကို ကာကွယ်ပေးမယ့်သူ မရှိတာနဲ့ သူတို့ အသတ်ခံကြရမှာ။ လိုအပ်တာတွေကို အံ့ဩစရာ နည်းလမ်းတွေနဲ့ ယေဟောဝါ အချိန်ကိုက် ပြင်ဆင်ပေးတာ အကြိမ်ကြိမ်ပါပဲ။ လိုအပ်တာတွေလည်း ပြင်ဆင်ပေးတယ်။ စိတ်တည်ငြိမ်ဖို့လည်း ကူညီပေးတယ်။
ခေတ်ကာလ အမှောင်ကျနေပေမဲ့ အမှန်တရား ပိုထွန်းလင်းလာတယ်။ ညီအစ်ကို/မတွေ အသက်လုပြီး ခဏခဏ ပြေးရပေမဲ့ ယုံကြည်ခြင်းလမ်းကနေတော့ ပြေးထွက်မသွားကြဘူး။ ဘယ်အချိန် ကြည့်ကြည့် တည်တည်ငြိမ်ငြိမ်ပဲ။ “ကြီးစွာသောဒုက္ခအတွက် အစမ်းလေ့ကျင့်မှု” လို့တောင် တချို့ ပြောကြတယ်။ ညီအစ်ကို/မတွေအတွက် အကြီးအကဲတွေ၊ လူငယ် ညီအစ်ကိုတွေ မားမားမတ်မတ် ရပ်တည်ကြတယ်။ ပြေးရင်းလွှားရင်း အချင်းချင်း ရိုင်းပင်းတယ်။ ရောက်တဲ့နေရာမှာ ဟောပြောတယ်။ တောထဲတောင်ထဲ ရရာပစ္စည်းတွေနဲ့ နေရာတစ်နေရာစာ လုပ်ပြီး အစည်းအဝေး ကျင်းပတယ်။ အစည်းအဝေးတွေနဲ့ ဟောပြောခြင်းလုပ်ငန်းဟာ ဒုက္ခပင်လယ်ထဲက ခိုကိုးရာကျွန်းလေးလိုပါပဲ။ ဒုက္ခပတ်လည် ဝိုင်းနေပေမဲ့ အစည်းအဝေး တက်လိုက်ရရင်၊ ဟောပြောလိုက်ရရင် ညီအစ်ကို/မတွေ မျှော်လင့်ချက် တောက်ပလာကြတယ်၊ အားရှိလာကြတယ်။ ကယ်ဆယ်ရေး အထောက်အပံ့ ဝေပြီဆိုရင် အဝတ်အစားတွေ မတောင်းဘဲ အမှုဆောင်လွယ်အိတ် တောင်းကြလို့ ကျွန်တော်တို့ စိတ်ထိမိရတယ်။ စစ်ကြောင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်နေသူတွေက သတင်းကောင်းကို သိပ်လိုလားကြတယ်။ ညီအစ်ကို/မတွေ ပျော်နေတာ၊ အကောင်းမြင်စိတ် ရှိတာကို အံ့ဩကြတယ်။ အမှောင်မှာ ထွန်းလင်းနေတဲ့ အလင်းနဲ့ တူကြတာကိုး။ (မ. ၅:၁၄-၁၆) ညီအစ်ကို/မတွေ ဇွဲနပဲနဲ့ ဟောပြောလို့ လက်နက်ကိုင်တချို့တောင် အမှန်တရားထဲ ရောက်လာတယ်။
ရင်ကွဲတဲ့ဒဏ် ခံရပ်နိုင်ဖို့ ခွန်အား
ပေါလ်။ လိုင်ဘေးရီးယားကနေ ကျွန်တော်တို့ ထွက်ရတဲ့အချိန်တွေ ရှိတယ်။ သုံးကြိမ်က ခဏတစ်ဖြုတ် ထွက်ရတာ။ နှစ်ကြိမ်က တစ်နှစ်လောက် ကြာအောင် ထွက်ရတာ။ သာသနာပြု ညီအစ်မတစ်ယောက် ပြောတဲ့စကားက ကျွန်တော်တို့ ပြောချင်တာနဲ့ ထပ်တူပါပဲ။ “ဂိလဒ်သင်တန်းကနေ သင်ပေးလိုက်တဲ့အတိုင်း တာဝန်ကျနေရာက ညီအစ်ကို/မတွေကို ကျွန်မတို့ ရင်ထဲအသည်းထဲကနေ ချစ်ပေးတယ်။ ဒါကြောင့် ဒီလိုအခြေအနေမျိုးမှာမှ သူတို့ကို ထားခဲ့ရတော့ ရင်ကွဲရပြီပေါ့” တဲ့။ အိမ်နီးချင်းနိုင်ငံတွေမှာ နေရင်း လိုင်ဘေးရီးယားက ညီအစ်ကို/မတွေနဲ့ ဟောပြောခြင်းလုပ်ငန်းကို ထောက်မပေးနိုင်လို့ တော်သေးတယ်။
အန်း။ ၁၉၉၆၊ မေလမှာ ဌာနခွဲကားနဲ့ ကျွန်မတို့နှစ်ယောက်ရယ် ညီအစ်ကို/မ နောက်ထပ်နှစ်ယောက်ရယ် ထွက်လာတယ်။ ဌာနခွဲနဲ့ပတ်သက်တဲ့ အရေးကြီး မှတ်တမ်းမှတ်ရာ တစ်ထပ်ကြီး ပါလာတယ်။ မြို့ရဲ့ ဟိုဘက်ခြမ်း ၁၀ မိုင် (၁၆ ကီလိုမီတာ) အကွာမှာ ပိုလုံခြုံတဲ့နေရာ ရှိတယ်ဆိုပြီး ထွက်လာကြတာ။ ဖြစ်ချင်တော့ တိုက်ပွဲဖြစ်နေတဲ့ နေရာကိုမှ တည့်တည့်ကြီး ရောက်သွားပါလေရော။ လက်နက်ကိုင်တွေ မိုးပေါ် သေနတ်ထောင်ပစ်ပြီး ကားကို တားတယ်။ ပြီးတော့ ကျွန်မတို့သုံးယောက်ကို ကားပေါ်ကနေ ဆွဲချပြီး မောင်းထွက်သွားတယ်။ သူတို့နဲ့ ပေါလ်တစ်ယောက်တည်း ပါသွားတာ။ ကျွန်မတို့သုံးယောက်သား ငိုင်တိုင်တိုင်ကြီး ရပ်ကျန်ခဲ့တယ်။ ရုတ်တရက် ကျွန်မတို့ဆီ ပေါလ် လမ်းလျှောက်လာတယ်။ နဖူးကနေ သွေးတွေ စီးကျနေတာ တွေ့တော့ ‘သွားပြီ၊ ပေါလ် ပစ်ခံလိုက်ရပြီ’ ပေါ့။ နောက်တော့မှ ‘နေပါဦး၊ ပစ်ခံရရင် ဘယ်လိုလုပ် လမ်းလျှောက်နိုင်ဦးမလဲ’ လို့ တွေးမိသွားတယ်။ လက်နက်ကိုင်တစ်ယောက်က ပေါလ်ကို ရိုက်နှက်ပြီး ကားပေါ်က တွန်းချထားခဲ့တာ။ ဒဏ်ရာမကြီးလို့ တော်သေးတယ်။
အနားမှာ စစ်ကားတစ်စီး တွေ့တယ်။ ကားပေါ်မှာ လူတွေ အပြည့်ပဲ။ ကားနဲ့ ထွက်ပြေးကြမလို့လေ။ ကျွန်မတို့လည်း အဲဒီကားနဲ့ လိုက်မယ် လုပ်တော့ လူပြည့်နေလို့ တွယ်ပြီး လိုက်သွားရတယ်။ ကားဆရာ သွေးရူးသွေးတန်းနဲ့ မောင်းတာ ကားမောင်းမြန်ချက်က ကျွန်မတို့ လွင့်ကျမတတ်ပဲ။ ရပ်ပါဦး ပြောပေမဲ့ မရဘူး။ ခရီးဆုံးတဲ့အထိတော့ ပြုတ်မကျဘဲ ပါသွားသားပဲ။ ကြောက်တာကတစ်မျိုး၊ ကျစ်ကျစ်ပါအောင် ကားတွယ်စီးထားရတာကတစ်မျိုး။ ကားပေါ်က ဆင်းတော့ ကြွက်သားတွေ တင်းပြီး အကြောတွေတောင် တုန်နေတာ။
ပေါလ်။ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်တော့ ဖုန်အလိမ်းလိမ်းနဲ့။ အဝတ်အစားတွေလည်း ပြဲလို့။ ‘အော်၊ အသက်တော့ ရှိနေသေးတာပဲ’ လို့ တွေးရတယ်။ အဲဒီည ကွင်းပြင်ကြီးထဲ ရဟတ်ယာဉ်တစ်စင်းဘေး ကျွန်တော်တို့ အိပ်ကြတယ်။ ရဟတ်ယာဉ်က ကျည်ရာတွေ ပွနေတာပဲ။ ပြီးတော့ ခနော်ခနဲ့ တစ်စစီ ပြုတ်ထွက်တော့မယ့်ပုံ။ ဒါပေမဲ့ နောက်မနက် အဲဒီရဟတ်ယာဉ်နဲ့ ဆီရာလီယွန်နိုင်ငံ သွားရမှာ။ အသက်ရှင်လျက်လေး ဆီရာလီယွန် ရောက်သွားလို့ ယေဟောဝါကို ကျေးဇူးတင်မိတယ်။ လိုင်ဘေးရီးယားမှာ ကျန်ခဲ့တဲ့ ညီအစ်ကို/မတွေအတွက်တော့ စိတ်ပူသား။
အခက်အခဲသစ် ရင်ဆိုင်နိုင်ဖို့ ခွန်အား
အန်း။ ဆီရာလီယွန်၊ ဖရီးတောင်းမြို့က ဗေသလကို ကျွန်မတို့ ချောချောမောမော ရောက်လာတယ်။ ညီအစ်ကို/မတွေ ဝိုင်းဂရုစိုက်ပေးတယ်။ ဒါပေမဲ့ ပြဿနာက ဘာလဲဆိုတော့ အနိဋ္ဌာရုံမြင်ကွင်းတွေ ကျွန်မခေါင်းထဲ ပြန်ပြန်ပေါ်လာတာပဲ။ နေ့ဘက်ဆိုရင် တစ်ခုခုကို အမြဲ တွေးကြောက်မိနေတယ်။ အမြင်တွေ၊ အတွေးတွေ ဝေဝေဝါးဝါး ဖြစ်ကုန်တယ်။ ညဘက်ဆိုရင် လန့်ဖျပ်ပြီး တုန်တုန်ယင်ယင် နိုးလာတယ်။ နိုးလာပြီဆိုရင် ချွေးစေးတွေနဲ့။ အသက်ရှူသံတွေလည်း မမှန်တော့ဘူး။ အဲဒီလိုအချိန်တွေမှာ ကျွန်မကို ပေါလ် ဖက်ထားပြီး ဆုတောင်းပေးတယ်။ ကြောက်စိတ်လျော့တဲ့အထိ နိုင်ငံတော်သီချင်း အတူတူ ဆိုတယ်။ ဒီလိုပုံစံနဲ့တော့ ရူးတော့မှာပဲ၊ အမှုဆောင်နိုင်တော့မှာ မဟုတ်ဘူးလို့ ကျွန်မ တွေးမိတယ်။
အဲဒီအပတ်မှာပဲ မဂ္ဂဇင်းနှစ်စောင် ထွက်လာတာကတော့ မမေ့နိုင်စရာပါပဲ။ တစ်စောင်က ၁၉၉၆၊ ဇွန် ၈ ရက်ထုတ် နိုးလော့! မဂ္ဂဇင်း။ “အလိုလိုထိတ်လန့်ခြင်းကို ကိုင်တွယ်ဖြေရှင်းခြင်း” ဆိုတဲ့ ဆောင်းပါး ပါတယ်။ ကျွန်မ အထိတ်ထိတ်အလန့်လန့် ဖြစ်နေရတဲ့ အကြောင်းရင်းကို သဘောပေါက်သွားတယ်။ နောက်တစ်စောင်က ၁၉၉၆၊ မေ ၁၅ ရက်ထုတ် ကင်းမျှော်စင် မဂ္ဂဇင်း။ “သူတို့သည် ခွန်အားကို အဘယ်မှ ရရှိကြသနည်း” ဆိုတဲ့ ဆောင်းပါး ပါတယ်။ အဲဒီမှာ အတောင်ကျိုးနေတဲ့ လိပ်ပြာပုံ ပါတယ်။ အတောင်ကျိုးနေပေမဲ့ လိပ်ပြာလေး အစာရှာနိုင်၊ ပျံသန်းနိုင်သလိုပဲ ကျွန်မတို့လည်း စိတ်ကျိုးပဲ့နေပေမဲ့ ယေဟောဝါ ပေးတဲ့ စွမ်းအားတော်ကြောင့် တခြားသူတွေကို ကူညီပေးနိုင်တုန်းပါပဲလို့ ဆောင်းပါးမှာ ရှင်းပြထားတယ်။ ဒီဆောင်းပါးနှစ်ပုဒ်က ကျွန်မအတွက် ယေဟောဝါဆီက အချိန်တန်အစာပါပဲ။ (မ. ၂၄:၄၅) ဒီအကြောင်း ဆွေးနွေးထားတဲ့ ဆောင်းပါးတွေ ကျွန်မ ထပ်ရှာတယ်၊ စုထားတယ်။ ပြန်ပြန်ဖတ်လို့ အကျိုးရတယ်။ အချိန်ကြာလာတာနဲ့အမျှ ပုံရိပ်ဆိုးတွေကြောင့် အထိတ်တလန့်ဖြစ်တာ တဖြည်းဖြည်း သက်သာလာတယ်။
တာဝန်သစ် လက်ခံနိုင်ဖို့ ခွန်အား
ပေါလ်။ လိုင်ဘေးရီးယားထဲ ပြန်ဝင်ခွင့်ရတဲ့ အကြိမ်တိုင်း သိပ်ပျော်တယ်။ လိုင်ဘေးရီးယားမှာ အမှုဆောင်တာ ၂၀၀၄ ခုနှစ် နှစ်ကုန်ပိုင်း ရောက်တော့ အနှစ် ၂၀ နီးပါး ရှိသွားပြီ။ စစ်ပြီးသွားပြီ။ ဌာနခွဲ ဆောက်လုပ်ရေးအတွက် စီစဉ်နေကြပြီ။ အဲဒီအချိန်မှာပဲ တာဝန်သစ် ရလာတယ်။
တကယ့် စမ်းသပ်မှုပဲ။ မိသားစုလို ဖြစ်နေတဲ့ ညီအစ်ကို/မတွေကို ဘယ်လို ထားခဲ့ရမလဲ။ ဒါပေမဲ့ မိသားစုရင်းချာတွေနဲ့ ခွဲပြီး ဂိလဒ်သင်တန်း
သွားတက်တုန်းက ယေဟောဝါရဲ့ ကောင်းချီးတွေ ဘယ်လောက် ခံစားခဲ့ရတယ်ဆိုတာ စဉ်းစားလိုက်တော့ တာဝန်သစ်ကို လက်ခံနိုင်သွားတယ်။ တာဝန်သစ်က အိမ်နီးချင်းနိုင်ငံ ဂါနာမှာပါ။အန်း။ လိုင်ဘေးရီးယားကနေ ထွက်လာတော့ ငိုလိုက်ရတာ။ “ကျွန်တော်တို့ကို မေ့လိုက်ပါ” လို့ သက်ကြီး ညီအစ်ကို ဖရန့်ခ် ပြောတော့ အံ့ဩသွားတယ်။ နောက်မှ သူ ဒီလိုရှင်းပြတယ်– “ကျွန်တော်တို့ကို ဘယ်တော့မှ မမေ့ဘူးဆိုတာ သိပါတယ်။ ဒါပေမဲ့ တာဝန်သစ်က ညီအစ်ကို/မတွေကို ရင်ထဲအသည်းထဲကနေ ချစ်ရဦးမယ် မဟုတ်လား။ ယေဟောဝါ ပေးတဲ့ တာဝန်ဆိုတော့ အဲဒီက ညီအစ်ကို/မတွေကို ကောင်းကောင်း ဂရုစိုက်လိုက်ပါ” တဲ့။ အသိ သိပ်မရှိတဲ့၊ အစစအရာရာ အစိမ်းသက်သက် ဖြစ်နေတဲ့ နိုင်ငံမှာ တာဝန်သစ် စဖို့ ညီအစ်ကိုရဲ့ စကားတွေက ခွန်အားပါပဲ။
ပေါလ်။ အချိန်တိုအတွင်းမှာပဲ ဂါနာက ညီအစ်ကို/မတွေဟာ ကျွန်တော်တို့ရဲ့ မိသားစုအသစ်လို ဖြစ်လာတယ်။ ဂါနာမှာ ညီအစ်ကို/မတွေမှ အများကြီး။ သူတို့ရဲ့ သစ္စာစောင့်သိမှု၊ ခိုင်မာတဲ့ ယုံကြည်ခြင်းကနေ အများကြီး သင်ယူရတယ်။ ဂါနာမှာ ၁၃ နှစ် အမှုဆောင်ပြီးနောက် ကင်ညာနိုင်ငံမှာ ရှိတဲ့ အရှေ့အာဖရိက ဌာနခွဲမှာ အမှုဆောင်ဖို့ တောင်းဆိုခံရတော့ အံ့ဩရပြန်တယ်။ မိတ်ဟောင်းဆွေဟောင်းတွေကို သိပ်သတိရပေမဲ့ ကင်ညာက ညီအစ်ကို/မတွေနဲ့ ချက်ချင်း သံယောဇဉ် တွယ်သွားပြန်တယ်။ ဟောပြောဖို့ နယ်မြေ ကျယ်ပြန့်တာကတော့ ဂါနာနဲ့ လိုင်ဘေးရီးယားလိုပါပဲ။
ဘဝသင်ခန်းစာများ
အန်း။ ဘဝတစ်လျှောက် ထိတ်လန့်စရာတွေ၊ အခက်အခဲတွေ အများကြီး ကြုံခဲ့ရတယ်။ အန္တရာယ်များတဲ့ နေရာတွေမှာ နေရတဲ့အခါ၊ ကျပ်တည်းတဲ့ ကာလတွေ ဖြတ်သန်းရတဲ့အခါ လူရော စိတ်ပါ ထိတာကတော့ ထိမှာပဲ။ အံ့ဖွယ်နည်းနဲ့ ကာကွယ်ခံရမှာ မဟုတ်ဘူး။ သေနတ်သံ၊ အမြောက်သံ ကြားရင် ကျွန်မ ရင်ထဲ တလှပ်လှပ် ဖြစ်နေတုန်းပဲ။ လက်တွေ ထုံကျဉ်လာတုန်းပဲ။ ဒါပေမဲ့ ညီအစ်ကို/မတွေကတစ်ဆင့်၊ တခြားနည်းလမ်းပေါင်းစုံကတစ်ဆင့် ယေဟောဝါ ပေးတဲ့ ခွန်အားကို အမိအရ ဖမ်းဆုပ်ဖို့ သင်ယူခဲ့ရတယ်။ မှန်မှန် လေ့လာ၊ ဆုတောင်း၊ အစည်းအဝေးတက်၊ ဟောပြောတဲ့အခါ တာဝန်မှာ မြဲနေဖို့ ယေဟောဝါ ကူညီပေးနိုင်တယ်ဆိုတာလည်း သိခဲ့ရတယ်။
ပေါလ်။ “တာဝန်ကို မြတ်နိုးသလား” လို့ တချို့ မေးတယ်။ သိပ်လှတဲ့ နိုင်ငံတစ်နိုင်ငံဟာ အန္တရာယ်များတဲ့၊ အကျည်းတန်တဲ့ နိုင်ငံ ဖြစ်သွားနိုင်တယ်။ ဒါဆိုရင် နိုင်ငံထက် ကျွန်တော်တို့ ပိုမြတ်နိုးမိတာ ဘာဖြစ်မလဲ။ မိသားစုလို ဖြစ်လာတဲ့ အဖိုးတန် ညီအစ်ကို/မတွေပေါ့။ နောက်ခံ မတူကြပေမဲ့ ယုံကြည်ခြင်းနဲ့ပတ်သက်လာရင် တစ်သွေးတည်းတစ်သံတည်းပဲ။ သူတို့ကို အားပေးဖို့ ကျွန်တော်တို့ စေလွှတ်ခံရတာလို့ ထင်ခဲ့တယ်။ တကယ်တမ်းကျတော့ သူတို့ဆီက ကျွန်တော်တို့ အားယူရတာ။
ဘယ်နေရာ ရောက်ရောက် ကမ္ဘာချီ မိသားစု ရှိနေတာဟာ ယေဟောဝါရဲ့ အံ့ဖွယ်အမှုပါပဲ။ အဖွဲ့အစည်းထဲ ရှိနေသရွေ့ကတော့ ကိုယ့်အိမ်ကိုယ့်ရာ၊ ကိုယ့်မိသားစုဆီမှာ ရှိနေရသလိုပါပဲ။ ယေဟောဝါကို ဆက်ကိုးစားမယ်ဆိုရင် အခြေအနေတိုင်းမှာ လိုအပ်တဲ့ ခွန်အား ရနေမယ်ဆိုတာ တထစ်ချ ယုံပါတယ်။—ဖိ. ၄:၁၃။