မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၄၇

သီချင်း ၁၀၃ လူ့အသွင်ဆု သိုးထိန်းများ

ညီအစ်ကိုတို့၊ အကြီးအကဲ ဖြစ်ဖို့ တက်လှမ်းနေသလား

ညီအစ်ကိုတို့၊ အကြီးအကဲ ဖြစ်ဖို့ တက်လှမ်းနေသလား

“ကြီးကြပ်မှူး ဖြစ်ဖို့ ကြိုးစားတက်လှမ်းနေသူဟာ မွန်မြတ်တဲ့ အလုပ်ကို လိုလားတဲ့သူပဲ။”—၁ တိ. ၃:၁

အာရုံစိုက်ရာ

အကြီးအကဲ ဖြစ်ဖို့ ညီအစ်ကိုတွေ ပြည့်မီရမယ့် ကျမ်းစာတောင်းဆိုချက်တချို့ကို ဒီဆောင်းပါးမှာ ဆွေးနွေးထားပါတယ်။

၁-၂။ အကြီးအကဲတွေရဲ့ တာဝန်က ဘာလဲ။

 သင်ဟာ အသင်းတော် အမှုထမ်းအဖြစ် အမှုဆောင်နေတယ်ဆိုရင် အကြီးအကဲ ဖြစ်ဖို့ လိုအပ်တဲ့ အရည်အသွေး တော်တော်များများ ရှိနေလောက်ပါပြီ။ အကြီးအကဲ ဖြစ်ဖို့ သင် တက်လှမ်းနိုင်မလား။—၁ တိ. ၃:၁

အကြီးအကဲတွေရဲ့ တာဝန်က ဘာလဲ။ ဟောပြောခြင်းလုပ်ငန်းမှာ ထက်ထက်သန်သန် ပါဝင်ရတယ်။ ညီအစ်ကို/မတွေကို ထိန်းကျောင်းရတယ်၊ သွန်သင်ရတယ်။ သူတို့ ယုံကြည်ခြင်း ခိုင်ခံ့နေအောင် အပြောအဆို၊ လုပ်ရပ်အားဖြင့် ကူညီပေးရတယ်။ ဒါကြောင့်လည်း အကြီးအကဲတွေကို “လက်ဆောင်” လို့ ကျမ်းစာမှာ ခေါ်ထားတာ။—ဧ. ၄:၈

၃။ ညီအစ်ကိုတွေ အကြီးအကဲ ဘယ်လို ဖြစ်လာနိုင်သလဲ။ (၁ တိမောသေ ၃:၁-၇။ တိတု ၁:၅-၉)

ညီအစ်ကိုတွေ အကြီးအကဲ ဘယ်လို ဖြစ်လာနိုင်သလဲ။ လောကအလုပ်တွေမှာ များသောအားဖြင့် အလုပ်ရှင် တောင်းဆိုတဲ့ စွမ်းရည်တွေ ရှိရင် အလုပ်ရပြီ။ အကြီးအကဲဆိုတဲ့ မွန်မြတ်တဲ့ အလုပ်အတွက်တော့ ဟောပြောသွန်သင်ခြင်းစွမ်းရည် ရှိရုံနဲ့ မလုံလောက်ဘူး။ ၁ တိမောသေ ၃:၁-၇ နဲ့ တိတု ၁:၅-၉ မှာ ဖော်ပြထားတဲ့ ကျမ်းစာတောင်းဆိုချက်တွေ ပြည့်မီရမယ်။ (ဖတ်ပါ။) အဲဒီကျမ်းပိုဒ်တွေမှာ ပါတဲ့ တောင်းဆိုချက်တချို့ကို ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။ အသင်းတော် အတွင်းအပြင်မှာ နာမည်ကောင်း ရခြင်း၊ အိမ်ထောင်ဦးစီးကောင်း ဖြစ်ခြင်း၊ ညီအစ်ကို/မတွေအကျိုးကို လိုလိုလားလား သယ်ပိုးခြင်းဆိုတဲ့ ကဏ္ဍသုံးရပ်မှာ ညီအစ်ကိုတွေ အရည်အချင်း ဘယ်လို ပြည့်မီနိုင်သလဲ။

နာမည်ကောင်း ရနိုင်ပုံ

၄။ “အပြစ်ပြောစရာမရှိသူ” ဖြစ်ရမယ်ဆိုတာ ဘာကို ဆိုလိုသလဲ။

အကြီးအကဲအဖြစ် အရည်အချင်း ပြည့်မီဖို့ဆိုရင် “အပြစ်ပြောစရာမရှိသူ” ဖြစ်ရမယ်။ ဆိုလိုတာက ညီအစ်ကို/မတွေရှေ့မှာ ကိုယ့်အမူအကျင့်တွေဟာ ကဲ့ရဲ့စရာ ဖြစ်မနေရဘူး။ ဒါ့အပြင် “အသင်းတော်ပြင်ပက လူတွေရှေ့မှာ နာမည်ကောင်း ရှိတဲ့သူ” ဖြစ်ရမယ်။ ခရစ်ယာန် ယုံကြည်ချက်တွေနဲ့ပတ်သက်လာရင် သင့်ကို မယုံကြည်သူတွေ ကဲ့ရဲ့နိုင်တယ်။ ဒါပေမဲ့ သင့်ရိုးသားမှု၊ အမူအကျင့်နဲ့ပတ်သက်လာရင်တော့ ကဲ့ရဲ့စရာအကြောင်း မရှိသင့်ဘူး။ (ဒံ. ၆:၄၊ ၅) ‘အသင်းတော် အတွင်းအပြင်မှာ ငါ နာမည်ကောင်း ရှိရဲ့လား’ လို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်ပါ။

၅။ “ကောင်းမြတ်တဲ့အရာကို နှစ်သက်သူ” ဖြစ်ကြောင်း ဘယ်လို ပြနိုင်သလဲ။

“ကောင်းမြတ်တဲ့အရာကို နှစ်သက်သူ” ဟာ တခြားသူတွေရဲ့ ကောင်းကွက်ကို ရှာတယ်။ အရည်အသွေးကောင်းတွေကို ချီးမွမ်းပေးတယ်။ ကောင်းမှုပြုဖို့ တာဝန် မရှိရင်တောင် ကောင်းမှုပြုတယ်။ (၁ သက်. ၂:၈) အကြီးအကဲတွေ ကောင်းမြတ်တဲ့အရာကို နှစ်သက်ဖို့ ဘာကြောင့် အရေးကြီးသလဲ။ ကောင်းမြတ်တဲ့အရာကို နှစ်သက်မှ ညီအစ်ကို/မတွေကို ထိန်းကျောင်းရာမှာ၊ အသင်းတော်တာဝန်တွေ ထမ်းဆောင်ရာမှာ တန်ဖိုးရှိတဲ့ ကိုယ့်အချိန်တွေကို ကြည်ကြည်ဖြူဖြူ အသုံးပြုမှာ ဖြစ်တယ်။ (၁ ပေ. ၅:၁-၃) သူတစ်ပါးအကျိုး သယ်ပိုးတဲ့အခါ စွန့်လွှတ်ပေးဆက်ရပေမဲ့ ပြန်ရတဲ့ ပျော်ရွှင်မှုက ပိုပါတယ်။—တ. ၂၀:၃၅

၆။ “ဧည့်ဝတ်ကျေပွန်သူ” ဖြစ်ကြောင်း ဘယ်လို ပြနိုင်သလဲ။ (ဟီဘရူး ၁၃:၂၊ ၁၆။ ရုပ်ပုံကိုလည်း ကြည့်ပါ။)

“ဧည့်ဝတ်ကျေပွန်သူ” ဟာ ရင်းနှီးတဲ့ မိတ်ဆွေ မဟုတ်သူတွေကိုတောင် ကောင်းမှုပြုတယ်။ (၁ ပေ. ၄:၉) “အသိမိတ်ဆွေ မဟုတ်သူတွေအတွက် အိမ်တံခါးကိုကော နှလုံးသားတံခါးကိုပါ ဖွင့်ထားတယ်” လို့ အကိုးအကားစာအုပ်တစ်အုပ်က ဆိုတယ်။ ‘ဧည့်ဝတ်ကျေပွန်သူဆိုတဲ့ နာမည်ကောင်း ငါ ရထားသလား’ လို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်ပါ။ (ဟီဘရူး ၁၃:၂၊ ၁၆ ကို ဖတ်ပါ။) ဧည့်ဝတ်ကျေပွန်သူဟာ ငွေကြေးချို့တဲ့သူတွေကို တတ်နိုင်သလောက် ဝေမျှပေးကမ်းတယ်။ တိုက်နယ်ကြီးကြပ်မှူးတွေ၊ ဧည့်ဟောပြောသူတွေလို အလုပ်ကြိုးစားတဲ့ ဘုရားအမှုဆောင်တွေကို တတ်နိုင်သလောက် ဧည့်ဝတ်ပြုတယ်။—က. ၁၈:၂-၈။ ပညာ. ၃:၂၇။ လု. ၁၄:၁၃၊ ၁၄။ တ. ၁၆:၁၅။ ရော. ၁၂:၁၃

ဧည့်ဝတ်ကျေပွန်တဲ့ မောင်နှံတစ်စုံဟာ တိုက်နယ်ကြီးကြပ်မှူးနဲ့ ဇနီးကို အိမ်မှာ တည်းခွင့်ပေး (စာပိုဒ် ၆ ကို ကြည့်ပါ)


၇။ “ငွေမတပ်မက်သူ” ဖြစ်ကြောင်း ဘယ်လို ပြနိုင်သလဲ။

“ငွေမတပ်မက်သူ” ဖြစ်ရမယ်။ ဆိုလိုတာက ပစ္စည်းဥစ္စာ အဓိကမထားရဘူး။ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ ဘဝကဏ္ဍတိုင်းမှာ ဘုရားနိုင်ငံတော်ကို အဓိကထားရမယ်။ (မ. ၆:၃၃) ဝတ်ပြုရေး၊ မိသားစု၊ အသင်းတော်အတွက် ကိုယ့်အချိန်၊ ခွန်အား၊ ပိုင်ဆိုင်ရာတွေကို အသုံးပြုရမယ်။ (မ. ၆:၂၄။ ၁ ယော. ၂:၁၅-၁၇) ‘ငွေနဲ့ပတ်သက်တဲ့ ငါ့သဘောထားက ဘာလဲ။ ရှိတာလေးနဲ့ ရောင့်ရဲသလား။ ငွေ ပိုရဖို့၊ ပစ္စည်းဥစ္စာ ပိုရှိလာဖို့ အဓိကထားနေရဲ့လား’ လို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်ပါ။—၁ တိ. ၆:၆၊ ၁၇-၁၉

၈။ “ပြုမူကျင့်ကြံပုံ အစွန်းမရောက်သူ၊” “ချုပ်တည်းခြင်းရှိသူ” ဖြစ်ကြောင်း ဘယ်လို ပြနိုင်သလဲ။

“ပြုမူကျင့်ကြံပုံ အစွန်းမရောက်သူ၊” “ချုပ်တည်းခြင်းရှိသူ” ဟာ ဘဝကဏ္ဍတိုင်းမှာ အကျိုးသင့်အကြောင်းသင့်ရှိတယ်။ ဥပမာ၊ အစားအသောက်၊ ဝတ်စားဖြီးလိမ်းပုံ၊ ဖျော်ဖြေရေးကဏ္ဍတွေမှာ အစွန်းမရောက်ဘူး။ ခေတ်ရေစီးကြောင်းနောက် မလိုက်ဘူး။ (လု. ၂၁:၃၄။ ယာ. ၄:၄) ဒေါသထွက်စရာ အခြေအနေမှာတောင် အေးဆေးတည်ငြိမ်တယ်။ “သောက်ကြူးသူ” မဖြစ်ရဘူး။ ဆိုလိုတာက မူးတဲ့အထိ မသောက်ရဘူး။ မမူးဘူးဆိုရင်တောင် ကိုယ်သောက်တဲ့ ပမာဏကြောင့် သောက်ကြူးသူလို့ သတ်မှတ်ခံရတာမျိုး မဖြစ်ရဘူး။ ‘ပြုမူကျင့်ကြံပုံ အစွန်းမရောက်သူ၊ ချုပ်တည်းခြင်းရှိသူ ဖြစ်နေရဲ့လား’ လို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်ပါ။

၉။ (က) “ချင့်ချိန်တတ်သူ” ဖြစ်ကြောင်း ဘယ်လို ပြနိုင်သလဲ။ (ခ) “စည်းစနစ်ရှိသူ” ဖြစ်ကြောင်း ဘယ်လို ပြနိုင်သလဲ။

“ချင့်ချိန်တတ်သူ” ဟာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ကျမ်းစာမူတွေကို သေသေချာချာ စဉ်းစားတယ်။ ဒါကြောင့် ထိုးထွင်းဉာဏ် ရှိလာတယ်။ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်တယ်။ ချင့်ချိန်တတ်သူဟာ အလျင်စလို ကောက်ချက်မချဘူး။ အကြောင်းစုံ သိအောင် လုပ်တယ်။ (ပညာ. ၁၈:၁၃) ဒါကြောင့် ယေဟောဝါရဲ့ စဉ်းစားပုံနဲ့ ကိုက်ညီတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်တယ်။ “စည်းစနစ်ရှိသူ” ဟာ စနစ်တကျ လုပ်ကိုင်တယ်၊ အချိန်တိကျတယ်။ ယုံကြည်စိတ်ချထိုက်သူ၊ ညွှန်ကြားချက် လိုက်နာသူလို့ နာမည်ရတယ်။ အခုထိ ဆွေးနွေးသွားတဲ့ အရည်အသွေးတွေ ရှိလာရင် သင် နာမည်ကောင်း ရလာမယ်။ အခု၊ အိမ်ထောင်သည် အကြီးအကဲတွေ ပြည့်မီရမယ့် ကျမ်းစာတောင်းဆိုချက်တွေကို ဆွေးနွေးကြရအောင်။

အိမ်ထောင်ဦးစီးကောင်း ဖြစ်နိုင်ပုံ

၁၀။ “အိမ်ထောင်ကို ကောင်းစွာ ဦးစီးတတ်သူ” ဖြစ်ကြောင်း ဘယ်လို ပြနိုင်သလဲ။

၁၀ သင်ဟာ အိမ်ထောင်သည်ဆိုရင် အကြီးအကဲ ဖြစ်ဖို့ အရည်အချင်း ပြည့်မီမမီဆိုတာ သင့်မိသားစု နာမည်ကောင်း ရှိမရှိဆိုတာနဲ့လည်း သက်ဆိုင်တယ်။ ဒါကြောင့် သင်ဟာ “အိမ်ထောင်ကို ကောင်းစွာ ဦးစီးတတ်သူ” ဖြစ်ရမယ်။ ဆိုလိုတာက မေတ္တာရှိပြီး တာဝန်ကျေပွန်တဲ့ အိမ်ထောင်ဦးစီး ဖြစ်ရမယ်။ ဝတ်ပြုမှုကဏ္ဍတိုင်းမှာ မိသားစုကို ဦးဆောင်ပေးရမယ်။ ဒါ ဘာကြောင့် သိပ်အရေးကြီးသလဲ။ တမန်တော် ပေါလု ပြောသလိုပါပဲ “သူ့အိမ်ထောင်ကိုတောင် မဦးစီးတတ်ရင် ဘုရားသခင်ရဲ့ အသင်းတော်ကို ဘယ်လိုလုပ် ဂရုစိုက်စောင့်ရှောက်နိုင်မလဲ။”—၁ တိ. ၃:၅

၁၁-၁၂။ အကြီးအကဲ ဖြစ်ဖို့ အရည်အချင်း ပြည့်မီမမီဆိုတာ မိသားစုဝင်တွေ အမူအကျင့် ကောင်းမကောင်းဆိုတာနဲ့ ဘယ်လို သက်ဆိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၁ သင်ဟာ ဖခင်ဆိုရင် သင့်အုပ်ထိန်းမှုအောက်မှာ ရှိတဲ့ ‘သားသမီးတွေဟာ အမူအကျင့်ကောင်းပြီး နာခံတတ်သူတွေ ဖြစ်ရမယ်။’ ကလေးသဘာဝ သူတို့ ပျော်ချင်၊ ဆော့ချင်ကြမှာပဲ။ ဒါပေမဲ့ သူတို့ကို မေတ္တာပါပါ သွန်သင်ပေးရမယ်။ မိဘစကား နားထောင်တတ်ဖို့၊ တခြားသူတွေကို လေးစားတတ်ဖို့၊ လိမ္မာရေးခြား ရှိဖို့ ကောင်းကောင်း လေ့ကျင့်ပေးရမယ်။ ယေဟောဝါနဲ့ ဆက်ဆံရေး ကောင်းဖို့၊ ကျမ်းစာမူတွေနဲ့အညီ နေထိုင်ဖို့၊ နှစ်ခြင်းခံတဲ့အထိ တိုးတက်ဖို့လည်း အစွမ်းကုန် ကူညီပေးရမယ်။

၁၂ ‘သားသမီးတွေဟာ ယုံကြည်သူတွေ ဖြစ်ရမယ်။ ထိန်းမနိုင်သိမ်းမရ ဖြစ်တဲ့သူ၊ ဆုံးမရခက်သူတွေလို့ နာမည်မထွက်ရဘူး။’ မိဘနဲ့အတူ နေတဲ့ ယုံကြည်သူ သားသမီးဟာ ကြီးလေးတဲ့အပြစ် လုပ်ရင် ဖခင်ကို ဘယ်လို ထိခိုက်နိုင်သလဲ။ ဖခင် လေ့ကျင့်ဆုံးမတာ ပေါ့လျော့လို့ဆိုရင် အကြီးအကဲ ဖြစ်ဖို့ အရည်အချင်း မပြည့်မီတာမျိုး ဖြစ်နိုင်တယ်။—၁၉၉၆၊ အောက်တိုဘာ ၁၅ ကင်းမျှော်စင် စာ. ၂၁၊ ပိုဒ်. ၆-၇ ကို ကြည့်ပါ။

ဝတ်ပြုမှုကဏ္ဍ အမျိုးမျိုးမှာ ပါဝင်ဖို့ သားသမီးတွေကို ဖခင်ဖြစ်သူ လေ့ကျင့်ပေးနေ (စာပိုဒ် ၁၁ ကို ကြည့်ပါ)


ညီအစ်ကို/မတွေအကျိုး သယ်ပိုးနိုင်ပုံ

၁၃။ (က) “အကျိုးသင့်အကြောင်းသင့်ရှိသူ” ဖြစ်ကြောင်း ဘယ်လို ပြနိုင်သလဲ။ (ခ) “ထင်ရာစိုင်းသူ” မဟုတ်ကြောင်း ဘယ်လို ပြနိုင်သလဲ။

၁၃ အရည်အသွေးကောင်းတွေ ရှိတဲ့ ညီအစ်ကိုတွေဟာ အသင်းတော်အတွက် သိပ်အဖိုးတန်တယ်။ ဥပမာ၊ အကြီးအကဲတွေဟာ “အကျိုးသင့်အကြောင်းသင့်ရှိသူ” ဖြစ်ရမယ်။ ဆိုလိုတာက တခြားသူတွေနဲ့ သင့်မြတ်အောင် နေရမယ်။ တခြားသူတွေ အချင်းချင်း သင့်မြတ်အောင်လည်း ကူညီပေးရမယ်။ အကျိုးသင့်အကြောင်းသင့်ရှိသူဆိုတဲ့ နာမည်ကောင်း ရချင်ရင် တခြားသူတွေ ပြောတာ နားထောင်ပေးပါ။ တခြားသူတွေရဲ့ အမြင်ကို နားလည်ဖို့ ကြိုးစားပါ။ သင် အကြီးအကဲ ဖြစ်လာပြီဆိုပါစို့။ အကြီးအကဲ အစည်းအဝေးမှာ ညီအစ်ကို အများစု သဘောတူတဲ့အချက်က ကိုယ့်အကြိုက်နဲ့ မကိုက်ရင်တောင် ကျမ်းစာမူနဲ့ ငြိမနေရင် လိုလိုလားလား သဘောတူမလား။ အကြီးအကဲတွေဟာ “ထင်ရာစိုင်းသူ” မဖြစ်ရဘူး။ ဆိုလိုတာက ကိုယ့်နည်းလမ်းအတိုင်း လိုက်လုပ်ဖို့ တခြားသူတွေကို ဖိအားမပေးရဘူး။ တခြားသူတွေရဲ့ အကြံပေးချက်တွေကို တန်ဖိုးထားပြီး ထည့်သွင်းစဉ်းစားရမယ်။ (က. ၁၃:၈၊ ၉။ ပညာ. ၁၅:၂၂) “ရန်မလိုတတ်သူ” ဖြစ်ရမယ်။ “ဒေါသထွက်လွယ်သူ” မဖြစ်ရဘူး။ ဆိုလိုတာက မခက်ထန်ရဘူး၊ ညှိနှိုင်းလို့မရသူ မဖြစ်ရဘူး။ ပြေပြေလည်လည် ပြောဆိုပြုမူတတ်ရမယ်။ သင့်သင့်မြတ်မြတ် နေတတ်ရမယ်။ အခြေအနေ တင်းမာနေရင်တောင် တခြားသူတွေနဲ့ သင့်မြတ်ဖို့ အစပြုလုပ်ဆောင်ရမယ်။ (ယာ. ၃:၁၇၊ ၁၈) နားဝင်အောင် ပြောတတ်ရင် ဆန့်ကျင်သူတွေ အပါအဝင် တခြားသူတွေ သဘောထား ပျော့ပျောင်းလာနိုင်တယ်။—သူကြီး. ၈:၁-၃။ ပညာ. ၂၀:၃။ ၂၅:၁၅။ မ. ၅:၂၃၊ ၂၄

၁၄။ (က) “ယုံကြည်သူ လူသစ်” မဖြစ်ရဘူးဆိုတာ ဘာကို ဆိုလိုသလဲ။ (ခ) “သစ္စာစောင့်သိသူ” ဖြစ်ကြောင်း ဘယ်လို ပြနိုင်သလဲ။

၁၄ အကြီးအကဲအဖြစ် ခန့်အပ်ခံရမယ့်သူဟာ “ယုံကြည်သူ လူသစ်” မဖြစ်ရဘူး။ အမှန်တရားသက်တမ်း အကြာကြီး ရှိဖို့ မလိုပေမဲ့ အကြီးအကဲအဖြစ် အမှုဆောင်နိုင်လောက်တဲ့အထိ ရင့်ကျက်ဖို့ အချိန်လိုတယ်။ ယေရှုလို နှိမ့်ချမှု ရှိသူ၊ ထပ်ဆင့်တာဝန်တွေ ယေဟောဝါ ပေးလာမယ့်အချိန်ကို ကျေကျေနပ်နပ် စောင့်ဆိုင်းတတ်သူ ဖြစ်ရမယ်။ (မ. ၂၀:၂၃။ ဖိ. ၂:၅-၈) ယေဟောဝါဘုရားဆီမှာ တွယ်ကပ်နေခြင်း၊ ဘုရားစံနှုန်းတွေကနေ သွေဖည်မသွားခြင်း၊ ဘုရားအဖွဲ့အစည်းရဲ့ ညွှန်ကြားချက်တွေကို လိုက်နာခြင်းအားဖြင့် “သစ္စာစောင့်သိသူ” ဖြစ်ကြောင်း သက်သေပြနိုင်တယ်။—၁ တိ. ၄:၁၅

၁၅။ အကြီးအကဲတွေဟာ ဟောပြောချက် ပေးတာ အရမ်းတော်နေရမယ်လို့ ဆိုလိုသလား။ ရှင်းပြပါ။

၁၅ ကြီးကြပ်မှူးတွေဟာ “သွန်သင်ဖို့ အရည်အချင်း ပြည့်မီသူ” ဖြစ်ရမယ်လို့ ကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ ဟောပြောချက် ပေးတာ အရမ်းတော်နေရမယ်လို့ ဆိုလိုသလား။ မဆိုလိုပါဘူး။ အကြီးအကဲများစွာဟာ ဟောပြောချက် ပေးရာမှာ အရမ်းတော်မနေပေမဲ့ အမှုဆောင်မှာ၊ သိုးထိန်းလည်ပတ်မှုတွေမှာ ထိထိရောက်ရောက် သွန်သင်နိုင်ကြတယ်။ (၁ ကောရိန္သု ၁၂:၂၈၊ ၂၉ နဲ့ ဧဖက် ၄:၁၁ ကို နှိုင်းယှဉ်ပါ။) ဟောပြောချက် ပေးတာ အရမ်းတော်နေဖို့ မလိုပေမဲ့ ထိရောက်တဲ့ သွန်သင်သူ ဖြစ်ဖို့ အမြဲ ကြိုးစားနေရမယ်။ ထိရောက်တဲ့ သွန်သင်သူ ဘယ်လို ဖြစ်လာနိုင်သလဲ။

၁၆။ ထိရောက်တဲ့ သွန်သင်သူ ဘယ်လို ဖြစ်လာနိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၆ “စစ်မှန်တဲ့ တရားစကားကို လက်ကိုင်ပြုသူ” ဖြစ်ရမယ်။ ထိရောက်တဲ့ သွန်သင်သူ ဖြစ်ဖို့ဆိုရင် အများရှေ့မှာ သွန်သင်တဲ့အခါဖြစ်ဖြစ်၊ သီးသန့် အကြံပေးဆုံးမတဲ့အခါဖြစ်ဖြစ် ကျမ်းစာကို အခြေခံရမယ်။ ကျမ်းစာနဲ့ အဖွဲ့အစည်းစာပေတွေကို အပတ်တကုတ် လေ့လာရမယ်။ (ပညာ. ၁၅:၂၈။ ၁၆:၂၃) လေ့လာတဲ့အခါ ကျမ်းပိုဒ်တွေကို အဖွဲ့အစည်းစာပေတွေမှာ ဘယ်လို ရှင်းပြထားသလဲဆိုတာ အာရုံစိုက်ရမယ်။ ဒါမှ ကျမ်းပိုဒ်တွေကို မှန်မှန်ကန်ကန် ပြန်သုံးနိုင်မယ်။ ဒါ့အပြင် သိလာတာကို နားထောင်နေသူတွေ လက်တွေ့ကျင့်သုံးချင်စိတ် ပေါ်လာအောင် သွန်သင်ပေးရမယ်။ အတွေ့အကြုံရှိ အကြီးအကဲတွေဆီကနေ အကြံဉာဏ် တောင်းတဲ့အခါ၊ အကြံဉာဏ်အတိုင်း လိုက်နာတဲ့အခါ ထိရောက်တဲ့ သွန်သင်သူ ဖြစ်လာနိုင်တယ်။ (၁ တိ. ၅:၁၇) အကြီးအကဲတွေဟာ ညီအစ်ကို/မတွေကို ‘အားပေးနိုင်သူ’ ဖြစ်ရမယ်။ လိုအပ်တဲ့အခါ အကြံပေးနိုင်သူ၊ ‘ပဲ့ပြင်နိုင်သူ’ လည်း ဖြစ်ရမယ်။ အားပေးသည်ဖြစ်စေ၊ အကြံပေးပဲ့ပြင်သည်ဖြစ်စေ ကြင်နာမှု အမြဲ ရှိရမယ်။ မေတ္တာပါပါ နားဝင်အောင် ပြောရင်၊ ကျမ်းစာကို အခြေခံရင် ကြီးမြတ်တဲ့ဆရာ ယေရှုကို အတုယူနေတာ ဖြစ်လို့ ထိရောက်တဲ့ သွန်သင်သူ ဖြစ်လာနိုင်တယ်။—မ. ၁၁:၂၈-၃၀။ ၂ တိ. ၂:၂၄

ကျမ်းစာ သုံးပြီး ဘယ်လို အားပေးရမယ်ဆိုတာ အတွေ့အကြုံရှိ အကြီးအကဲဆီကနေ အသင်းတော် အမှုထမ်း သင်ယူခွင့်ရ။ အသင်းတော်မှာ ဟောပြောချက် ပေးဖို့ မှန်ရှေ့မှာ အစမ်းလေ့ကျင့်နေ (စာပိုဒ် ၁၆ ကို ကြည့်ပါ)


ဆက်တက်လှမ်းနေပါ

၁၇။ (က) အသင်းတော် အမှုထမ်းတွေ ဆက်တက်လှမ်းဖို့ ဘာက ကူညီပေးနိုင်သလဲ။ (ခ) ညီအစ်ကိုတစ်ယောက်ကို အကဲဖြတ်တဲ့အခါ အကြီးအကဲတွေ ဘာသတိရသင့်သလဲ။ (“ တခြားသူတွေကို အကဲဖြတ်တဲ့အခါ ကျိုးနွံမှု ရှိပါ” လေးထောင့်ကွက်ကို ကြည့်ပါ။)

၁၇ အကြီးအကဲ ဖြစ်ဖို့ ပြည့်မီရမယ့် တောင်းဆိုချက် အများကြီး ရှိလို့ အကြီးအကဲ ဖြစ်နိုင်မှာ မဟုတ်တော့ပါဘူးလို့ အသင်းတော် အမှုထမ်းတချို့ ခံစားရနိုင်တယ်။ ဒါပေမဲ့ တောင်းဆိုချက်တွေ ရာနှုန်းပြည့် ပြည့်မီဖို့ ယေဟောဝါကော အဖွဲ့အစည်းပါ မမျှော်လင့်ကြောင်း သတိရပါ။ (ယာ. ၃:၂) ဒါ့အပြင် တောင်းဆိုချက်တွေ ပြည့်မီဖို့ စွမ်းအားတော်က ကူညီပေးနိုင်တယ်။ (ဖိ. ၂:၁၃) သင် တိုးတက်ချင်တဲ့ သတ်သတ်မှတ်မှတ် အရည်အသွေး ရှိသလား။ ယေဟောဝါဆီ ဆုတောင်းပြောပြပါ။ အဲဒီအရည်အသွေးအကြောင်း ရှာဖွေလေ့လာပါ။ ဘယ်လို တိုးတက်အောင် လုပ်ရမလဲဆိုတာ အကြီးအကဲတစ်ယောက်ယောက်ကို အကြံဉာဏ်တောင်းပါ။

၁၈။ အသင်းတော် အမှုထမ်းအားလုံး ဘာအားပေးခံရသလဲ။

၁၈ အကြီးအကဲတွေ အပါအဝင် ညီအစ်ကိုအားလုံး ဒီဆောင်းပါးမှာ ဆွေးနွေးခဲ့တဲ့ အရည်အသွေးတွေ ရှိနေဖို့ ဆက်ကြိုးစားကြရအောင်။ (ဖိ. ၃:၁၆) သင်ဟာ အသင်းတော် အမှုထမ်းလား။ ဒါဆိုရင် အကြီးအကဲ ဖြစ်ဖို့ တက်လှမ်းပါ။ ယေဟောဝါအတွက်၊ အသင်းတော်အတွက် ပိုအသုံးဝင်သူ ဖြစ်လာအောင် လေ့ကျင့်ပုံသွင်းပေးပါလို့ ဆုတောင်းပါ။ (ဟေရှာ. ၆၄:၈) အကြီးအကဲ ဖြစ်ဖို့ သင် ကြိုးစားတက်လှမ်းနေတာကို ယေဟောဝါ ကြွယ်ဝစွာ ကောင်းချီးပေးပါစေ။

သီချင်း ၁၀၁ စည်းလုံးစွာ လုပ်ဆောင်ခြင်း