မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၄၄

သီချင်း ၃၃ သင့်ရဲ့ဝန်ကို ယေဟောဝါဆီ ပုံအပ်ပါ

မတရားမှုကို ရင်ဆိုင်နိုင်ပုံ

မတရားမှုကို ရင်ဆိုင်နိုင်ပုံ

“အဆိုးနဲ့ တုံ့ပြန်ပြီး အရှုံးမခံပါနဲ့။ အကောင်းနဲ့ တုံ့ပြန်ပြီး အဆိုးကို အမြဲ အနိုင်ယူလိုက်ပါ။”ရော. ၁၂:၂၁

အာရုံစိုက်ရာ

မတရားဆက်ဆံခံရတဲ့အခါ ပြဿနာ ပိုမကြီးစေမယ့်နည်းနဲ့ ဘယ်လို တုံ့ပြန်နိုင်သလဲ။

၁-၂။ ကျွန်တော်တို့ကို ဘယ်သူတွေ မတရားဆက်ဆံနိုင်သလဲ။ ရှင်းပြပါ။

 တရားသဖြင့် စီရင်ပေးဖို့ တရားသူကြီးဆီ တစ်ချိန်လုံး သွားပြီး အသနားခံတဲ့ မုဆိုးမ ပုံဥပမာအကြောင်း ယေရှု ပြောတယ်။ အဲဒီခေတ်မှာ လူများစွာ မတရားဆက်ဆံခံရလို့ ယေရှုရဲ့ ပုံဥပမာမှာ ပါတဲ့ မုဆိုးမရဲ့ ခံစားချက်ကို တပည့်တွေ သဘောပေါက်ကြမှာပဲ။ (လု. ၁၈:၁-၅) ဒီနေ့ခေတ်မှာလည်း တစ်ချိန်မဟုတ် တစ်ချိန် မတရားမှုတွေ ကြုံရတတ်လို့ မုဆိုးမရဲ့ ခံစားချက်ကို ကျွန်တော်တို့ သဘောပေါက်ကြပါတယ်။

ဒီနေ့လောကမှာ လူတွေဟာ အချင်းချင်း တစ်ဖက်စောင်းနင်း၊ မထောက်မထား၊ ချိုးချိုးနှိမ်နှိမ် ဆက်ဆံကြတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း မတရားဆက်ဆံခံရနိုင်တယ်ဆိုတာ ကြိုတွက်ထားကြတယ်။ (ဒေ. ၅:၈) ဒါပေမဲ့ ညီအစ်ကို/မတစ်ယောက် ကိုယ့်ကို မတရားဆက်ဆံတဲ့အခါ ကြိုတွက်မထားတဲ့ ကိစ္စ ဖြစ်လို့ တုန်လှုပ်မိနိုင်တယ်။ ညီအစ်ကို/မတွေဟာ အမှန်တရားကို ဆန့်ကျင်သူတွေလို ရည်ရွယ်ချက်ရှိရှိ မတရားလုပ်ကြတာတော့ မဟုတ်ဘူး။ မစုံလင်သူတွေ ဖြစ်လို့ မတရားလုပ်မိကြတာ။ ဆန့်ကျင်သူတွေ မတရားဆက်ဆံတာကို ယေရှု တုံ့ပြန်ပုံကနေ ကျွန်တော်တို့ အများကြီး သင်ယူနိုင်တယ်။ ဆန့်ကျင်သူတွေကိုတောင် ကျွန်တော်တို့ သည်းခံနိုင်တယ်ဆိုရင် ညီအစ်ကို/မတွေကို ပိုလို့တောင် သည်းခံသင့်တယ်။ လောကက လူတွေဖြစ်ဖြစ်၊ ညီအစ်ကို/မတွေဖြစ်ဖြစ် ကျွန်တော်တို့ကို မတရားဆက်ဆံတဲ့အခါ ယေဟောဝါ ဘယ်လို ခံစားရသလဲ။

၃။ ကျွန်တော်တို့ ဘယ်လို ဆက်ဆံခံရသလဲဆိုတာ ယေဟောဝါ အလေးအနက်ထားသလား။ အလေးအနက်ထားကြောင်း ဘယ်လို သိရသလဲ။

ယေဟောဝါဘုရားဟာ “တရားမျှတမှုကို မြတ်နိုးတယ်။” ကျွန်တော်တို့ ဘယ်လို ဆက်ဆံခံရသလဲဆိုတာ အလေးအနက်ထားတယ်။ (ဆာ. ၃၇:၂၈) မတရားမှုမှန်သမျှ၊ မတရားမှုကြောင့် ပေါ်ပေါက်လာတဲ့ ဆိုးကျိုးမှန်သမျှကို မကြာခင် ဖယ်ရှားပေးမယ်။ (ဆာ. ၇၂:၁၊ ၂) အချိန်တန်တဲ့အခါ ယေဟောဝါ “တရားသဖြင့် အမြန်ဆုံး စီရင်ပေးလိမ့်မယ်” လို့ ယေရှု အခိုင်အမာ ပြောထားတယ်။—လု. ၁၈:၇၊ ၈

၄။ မတရားမှုတွေကို ရင်ဆိုင်နိုင်ဖို့ ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။

မတရားမှုတွေ ယေဟောဝါ ဖယ်ရှားပေးမယ့်အချိန်ကို ကျွန်တော်တို့ စောင့်မျှော်နေကြတယ်။ အဲဒီအချိန်မရောက်ခင်မှာလည်း မတရားမှုတွေကို ရင်ဆိုင်နိုင်ဖို့ ယေဟောဝါ ကူညီပေးတယ်။ (၂ ပေ. ၃:၁၃) ဥပမာ၊ မတရားဆက်ဆံခံရတဲ့အခါ ပြဿနာ ပိုကြီးစေမယ့်နည်းနဲ့ မတုံ့ပြန်မိဖို့ သင်ပေးတယ်။ ဘယ်လို သင်ပေးသလဲ။ သားတော်ရဲ့ စံနမူနာကတစ်ဆင့်၊ ကျမ်းစာမူတွေကတစ်ဆင့်ပါ။

မတရားဆက်ဆံခံရတဲ့အခါ ကိုယ့်တုံ့ပြန်ပုံကို သတိထားပါ

၅။ မတရားဆက်ဆံခံရတဲ့အခါ ကိုယ့်တုံ့ပြန်ပုံကို ဘာကြောင့် သတိထားသင့်သလဲ။

မတရားဆက်ဆံခံရတဲ့အခါ အကြီးအကျယ် စိတ်ထိခိုက်နိုင်တယ်။ (ဒေ. ၇:၇) ယောဘ၊ ဟဗက္ကုတ်တို့လို သစ္စာရှိ ကျေးကျွန်တွေတောင် စိတ်ထိခိုက်ခဲ့တယ်။ (ယောဘ ၆:၂၊ ၃။ ဟဗ. ၁:၁-၃) စိတ်ထိခိုက်တာ သဘာဝ ဆိုပေမဲ့ ကိုယ့်တုံ့ပြန်ပုံကို သတိထားရမယ်။ သတိမထားရင် မိုက်မိုက်မဲမဲ ပြုမူမိနိုင်လို့ပါ။

၆။ အဗရှလုံရဲ့ အဖြစ်ကနေ ဘာသင်ခန်းစာ ရသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

ကိုယ်တိုင် ဒါမှမဟုတ် ကိုယ်ချစ်ရတဲ့သူ မတရားဆက်ဆံခံရတဲ့အခါ ကျွန်တော်တို့ လက်တုံ့ပြန်ချင်တတ်ကြတယ်။ ဒါပေမဲ့ လက်တုံ့ပြန်တာက ပြဿနာ ပိုကြီးစေနိုင်တယ်။ ဘုရင်ဒါဝိဒ်ရဲ့ သားတော် အဗရှလုံအကြောင်း စဉ်းစားကြည့်ပါ။ နှမဖြစ်သူ တာမာကို အဖေတူအမေကွဲ အစ်ကို အာမနုန် စော်ကားလိုက်လို့ အဗရှလုံ နာကြည်းနေခဲ့တယ်။ မောရှေပညတ်အရ အာမနုန် သေဒဏ်ခံထိုက်တယ်။ (ဝတ်. ၂၀:၁၇) အဗရှလုံ ဒေါသထွက်တာ မမှားပေမဲ့ ကိုယ့်နည်းကိုယ်ဟန်နဲ့ ပြဿနာ ဖြေရှင်းလိုက်တာတော့ မှားတယ်။—၂ ရှ. ၁၃:၂၀-၂၃၊ ၂၈၊ ၂၉

နှမဖြစ်သူ တာမာ စော်ကားခံရလို့ အဗရှလုံ နာကြည်းနေခဲ့ (စာပိုဒ် ၆ ကို ကြည့်ပါ)


၇။ မတရားမှုတွေကို မြင်တဲ့အခါ ဆာလံကျမ်းရေးသူ အစပိုင်းမှာ ဘယ်လို ခံစားရသလဲ။

မတရားလုပ်သူတွေ အပြစ်ပေးခံရပုံမပေါက်တဲ့အခါ မှန်ရာ လုပ်တာ အကျိုးရှိရဲ့လားလို့ ကျွန်တော်တို့ တွေးမိနိုင်တယ်။ လူကောင်းတွေကို ချနင်းပြီး လူဆိုးတွေ ကြီးပွားကောင်းစားနေတာကို ဆာလံကျမ်းရေးသူ သတိထားမိတယ်။ “အပူအပင် ကင်းကင်းနဲ့ နေရတာလည်း အဲဒီလူဆိုးတွေပါပဲ” လို့ ပြောတယ်။ (ဆာ. ၇၃:၁၂) မတရားမှုတွေကို မြင်ပြီး စိတ်မချမ်းမသာ ဖြစ်လာတယ်။ ယေဟောဝါကို ဝတ်ပြုတာ အကျိုးရှိရဲ့လားလို့ တွေးမိလာတယ်။ “ဒါကို နားလည်ဖို့ ကြိုးစားပေမဲ့ စိတ်အနှောင့်အယှက်ပဲ ဖြစ်ရတယ်” လို့ ပြောတယ်။ (ဆာ. ၇၃:၁၄၊ ၁၆) “ငါ့မှာတော့ ခြေလှမ်းတွေ မှားလုမတတ်၊ ခြေချော်လဲမတတ် ဖြစ်ခဲ့တယ်” လို့တောင် ပြောတယ်။ (ဆာ. ၇၃:၂) ညီအစ်ကို အယ်လ်ဘတ်တို a အဲဒီလိုဖြစ်ခဲ့တယ်။

၈။ မတရားဆက်ဆံခံရလို့ ညီအစ်ကိုတစ်ယောက် ဘာဖြစ်သွားသလဲ။

အသင်းတော်အလှူငွေ ခိုးတယ်လို့ ညီအစ်ကို အယ်လ်ဘတ်တို မဟုတ်မမှန် စွပ်စွဲခံရတယ်။ ဒါကြောင့် အကြီးအကဲတာဝန် ရပ်နားခံလိုက်ရတယ်။ ဒီကိစ္စကို သိတဲ့ ညီအစ်ကို/မ တော်တော်များများ အယ်လ်ဘတ်တိုကို မလေးစားကြတော့ဘူး။ “ဒေါသထွက်မိတယ်၊ ခံပြင်းမိတယ်” လို့ အယ်လ်ဘတ်တို ပြောတယ်။ အဲဒီခံစားချက်တွေကြောင့် ယေဟောဝါနဲ့ ဆက်ဆံရေး ထိခိုက်လာတယ်။ ငါးနှစ်လောက် မလှုပ်မရှား ဖြစ်သွားတယ်။ မတရားဆက်ဆံခံရတဲ့အခါ ခါးသီးနာကြည်းနေရင် ဘာဖြစ်သွားနိုင်သလဲဆိုတာ ဒီတွေ့ကြုံမှုက ဖော်ပြတယ်။

မတရားမှုကို ယေရှု ရင်ဆိုင်ပုံကနေ သင်ယူပါ

၉။ ယေရှု ဘယ်လို မတရားဆက်ဆံခံခဲ့ရသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

မတရားမှုကို ဘယ်လို ရင်ဆိုင်ရမယ်ဆိုတာနဲ့ပတ်သက်ပြီး ယေရှု အကောင်းဆုံး စံနမူနာ ပြခဲ့တယ်။ မိသားစုဝင်တွေကော အပြင်လူတွေပါ ယေရှုကို မတရားဆက်ဆံခဲ့ကြတယ်။ စိတ်ဖောက်ပြန်သွားပြီလို့ ဆွေမျိုးတွေ ပြောကြတယ်။ နတ်ဆိုးတွေဆီက တန်ခိုး ရထားတယ်လို့ ဘာသာရေးခေါင်းဆောင်တွေ စွပ်စွဲကြတယ်။ ရောမစစ်သားတွေ လှောင်ပြောင်ကြတယ်။ ကိုယ်ထိလက်ရောက် နှိပ်စက်ကြတယ်။ နောက်ဆုံးမှာ သတ်တောင် သတ်လိုက်ကြတယ်။ (မာ. ၃:၂၁၊ ၂၂။ ၁၄:၅၅။ ၁၅:၁၆-၂၀၊ ၃၅-၃၇) ဒီလိုမတရားဆက်ဆံခံရတာတောင် ယေရှု လက်တုံ့မပြန်ဘူး။ ယေရှုဆီကနေ ဘာသင်ယူနိုင်သလဲ။

မတရားမှုကို ဘယ်လို ရင်ဆိုင်ရမယ်ဆိုတာ ယေရှု အကောင်းဆုံး စံနမူနာ ပြ (စာပိုဒ် ၉-၁၀ ကို ကြည့်ပါ)


၁၀။ မတရားမှုကို ယေရှု ဘယ်လို ရင်ဆိုင်သလဲ။ (၁ ပေတရု ၂:၂၁-၂၃)

၁၀ ၁ ပေတရု ၂:၂၁-၂၃ ကို ဖတ်ပါ။ b မတရားမှုကို ယေရှု ဘယ်လို ရင်ဆိုင်သလဲ။ ဘယ်အချိန် နှုတ်ဆိတ်နေရမယ်၊ ဘယ်အချိန် စကားပြောရမယ်ဆိုတာ ယေရှု သိတယ်။ (မ. ၂၆:၆၂-၆၄) စွပ်စွဲချက်တိုင်းကို လိုက်မဖြေရှင်းဘူး။ (မ. ၁၁:၁၉) ဖြေရှင်းပြီဆိုရင်လည်း ဆန့်ကျင်သူတွေကို စော်စော်ကားကား မပြောဘူး၊ မခြိမ်းခြောက်ဘူး။ “ဖြောင့်မတ်စွာ တရားစီရင်ပေးမယ့်အရှင်ရဲ့ လက်ထဲ ကိုယ့်ကိုယ်ကိုယ် ပုံအပ်” ထားတဲ့အတွက် ချုပ်တည်းနိုင်ခဲ့တယ်။ မိမိ မတရားဆက်ဆံခံရတာကို ယေဟောဝါ မြင်မှန်း သိတယ်။ အချိန်တန်တဲ့အခါ မတရားမှုအားလုံးကို ဖယ်ရှားပေးမယ်ဆိုတာ ယုံတယ်။

၁၁။ ဘယ်နည်းတွေနဲ့ အပြောအဆို ဂရုစိုက်နိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၁ မတရားဆက်ဆံခံရတဲ့အခါ အပြောအဆို ဂရုစိုက်ခြင်းအားဖြင့် ယေရှုကို အတုယူနိုင်တယ်။ မတရားမှုတချို့ဟာ မပြောပလောက်ဘူးဆိုရင် ဒါမှမဟုတ် ပြောလိုက်လို့ ပြဿနာ ပိုကြီးသွားနိုင်တယ်ဆိုရင် နှုတ်ဆိတ်နေလိုက်နိုင်တယ်။ (ဒေ. ၃:၇။ ယာ. ၁:၁၉၊ ၂၀) မတရားဆက်ဆံခံရသူကို ကာကွယ်ဖို့ ဒါမှမဟုတ် ကျမ်းစာအမှန်တရားဘက် ရပ်တည်ဖို့ တစ်ခုခု ပြောမှ ရမယ့်အချိန်လည်း ရှိနိုင်တယ်။ (တ. ၆:၁၊ ၂) အဲဒီလိုအချိန်မျိုးမှာ အတတ်နိုင်ဆုံး အေးအေးဆေးဆေး၊ လေးလေးစားစား ပြောသင့်တယ်။—၁ ပေ. ၃:၁၅ c

မတရားဆက်ဆံခံရတဲ့အခါ ဘယ်အချိန် စကားပြောမလဲ၊ ဘယ်လို ပြောမလဲဆိုတာ သေသေချာချာ ဆုံးဖြတ်ခြင်းအားဖြင့် ယေရှုကို အတုယူနိုင် (စာပိုဒ် ၁၁-၁၂ ကို ကြည့်ပါ)


၁၂။ “ဖြောင့်မတ်စွာ တရားစီရင်ပေးမယ့်အရှင်ရဲ့ လက်ထဲ” ဘယ်လိုနည်းနဲ့ ကျွန်တော်တို့ “ကိုယ့်ကိုယ်ကိုယ် ပုံအပ်” ထားကြသလဲ။

၁၂ “ဖြောင့်မတ်စွာ တရားစီရင်ပေးမယ့်အရှင်ရဲ့ လက်ထဲ ကိုယ့်ကိုယ်ကိုယ် ပုံအပ်” ထားခြင်းအားဖြင့်လည်း ယေရှုကို အတုယူနိုင်တယ်။ ကိုယ့်ကို တစ်ယောက်ယောက် ဆက်ဆံပုံ မှားနေတာဖြစ်ဖြစ်၊ အထင်အမြင် မှားနေတာဖြစ်ဖြစ် အခြေအနေမှန်ကို ယေဟောဝါ သိကြောင်း ကျွန်တော်တို့ စိတ်ချကြတယ်။ အချိန်တန်ရင် ကိစ္စရပ်တွေကို ယေဟောဝါ အမှန်အတိုင်း ဖြစ်စေမယ်ဆိုတာ စိတ်ချတာက မတရားမှုတွေကို ခံရပ်စေနိုင်တယ်။ ကိစ္စရပ်တွေကို ယေဟောဝါလက်ထဲ ပုံအပ်ထားရင် တခြားသူတွေကို ကျွန်တော်တို့ ခါးသီးနာကြည်းမနေတော့ဘူး။ ခါးသီးနာကြည်းနေရင် အလွန်အကျွံ တုံ့ပြန်မိနိုင်တယ်။ မပြုံးနိုင်မပျော်နိုင် ဖြစ်နိုင်တယ်။ ယေဟောဝါနဲ့ ကိုယ့်ဆက်ဆံရေး ထိခိုက်နိုင်တယ်။—ဆာ. ၃၇:၈

၁၃။ မတရားဆက်ဆံခံထားရတယ်ဆိုရင် ဘာကို စိတ်ချနိုင်သလဲ။

၁၃ ယေရှုရဲ့ စံနမူနာကို တစ်ထပ်တည်း လိုက်လျှောက်နိုင်မှာတော့ မဟုတ်ဘူး။ ဘာကြောင့်လဲ။ ကျွန်တော်တို့ မစုံလင်တဲ့အတွက် နောက်မှ နောင်တရမယ့်အရာတွေ ပြောမိလုပ်မိတတ်တယ်။ (ယာ. ၃:၂) ဒါ့အပြင် မတရားမှုတချို့ကြောင့် သေရာပါ စိတ်ဒဏ်ရာ၊ ကိုယ်ဒဏ်ရာ ရသွားတာ ဖြစ်နိုင်တယ်။ သင် ကြုံရတာတွေကို ယေဟောဝါ သိတယ်ဆိုတာ စိတ်ချပါ။ ယေရှုလည်း မတရားဆက်ဆံခံခဲ့ရလို့ သင့်ကို စာနာပေးနိုင်တယ်။ (ဟီ. ၄:၁၅၊ ၁၆) မတရားမှုတွေကို ကျွန်တော်တို့ ရင်ဆိုင်နိုင်ဖို့ သားတော်ရဲ့ စံနမူနာအပြင် ကျမ်းစာမူတွေကိုလည်း ယေဟောဝါ ပေးထားတယ်။ ရောမကျမ်းထဲက ကျမ်းပိုဒ်နှစ်ပိုဒ်ကို သုံးသပ်ကြည့်ရအောင်။

“အမျက်တော်ကိုသာ အခွင့်ပေးလိုက်ပါ”

၁၄။ “အမျက်တော်ကိုသာ အခွင့်ပေးလိုက်ပါ” ဆိုတာ ဘာကို ဆိုလိုသလဲ။ (ရောမ ၁၂:၁၉)

၁၄ ရောမ ၁၂:၁၉ ကို ဖတ်ပါ။ “အမျက်တော်ကိုသာ အခွင့်ပေးလိုက်ပါ” လို့ ခရစ်ယာန်တွေကို တမန်တော် ပေါလု တိုက်တွန်းတယ်။ အမျက်တော်ကို အခွင့်ပေးတယ်ဆိုတာ ဘုရား သတ်မှတ်ထားချိန်မှာ ဘုရားနည်းလမ်းနဲ့ ဖြေရှင်းပေးမှာကို စောင့်ဆိုင်းတာ ဖြစ်တယ်။ “မှားနေတာတွေ တွေ့ရင် ကိုယ့်နည်းကိုယ့်ဟန်နဲ့ အမှန်လိုက်ပြင်ချင်စိတ်ကို မနည်း ထိန်းရတယ်။ ယေဟောဝါကို စောင့်ဆိုင်းတတ်ဖို့ ရောမ ၁၂:၁၉ က ကူညီပေးတယ်” လို့ မတရားဆက်ဆံခံခဲ့ရတဲ့ ညီအစ်ကို ဂျွန် ပြောတယ်။

၁၅။ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ယေဟောဝါ ဖြေရှင်းပေးမယ့်အချိန်ကို စောင့်ဆိုင်းတာ ဘာကြောင့် အကောင်းဆုံး ဖြစ်သလဲ။

၁၅ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ယေဟောဝါ ဖြေရှင်းပေးမယ့်အချိန်ကို စောင့်ဆိုင်းတာ အကျိုးရှိတယ်။ ဘာကြောင့်လဲ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းရင် ကြုံရမယ့် စိတ်ဖိစီးစရာတွေ၊ စိတ်ပျက်စရာတွေ မကြုံရတော့ဘူး။ ကျွန်တော်တို့ကို ကူညီပေးမယ်လို့ ယေဟောဝါ ကတိပေးထားတယ်။ ‘မတရားမှုတွေကို ငါ့လက်ထဲ အပ်ထားလိုက်။ ကြည့်ရှင်းပေးမယ်’ လို့ ပြောနေသလိုပါပဲ။ “မတရားမှုအတွက် ငါ လက်တုံ့ပြန်ပေးမှာပါ” ဆိုတဲ့ ယေဟောဝါရဲ့ ကတိကို ယုံတယ်၊ ယေဟောဝါ အကောင်းဆုံး ဖြေရှင်းပေးမယ်ဆိုတာ စိတ်ချတယ်ဆိုရင် ပြဿနာထုပ်ကြီးကို ကျွန်တော်တို့ ပိုက်ထားမှာ မဟုတ်ဘူး။ “ယေဟောဝါ ဖြေရှင်းပေးတာကိုသာ စောင့်ဆိုင်းရင် ကိုယ်ဖြေရှင်းတာထက် ပိုကောင်းတဲ့ ရလဒ် ရလာမှာ” လို့ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ညီအစ်ကို ဂျွန် ပြောတယ်။

“အကောင်းနဲ့ တုံ့ပြန်ပြီး အဆိုးကို အမြဲ အနိုင်ယူလိုက်ပါ”

၁၆-၁၇။ ဆုတောင်းခြင်းက “အကောင်းနဲ့ တုံ့ပြန်ပြီး အဆိုးကို အမြဲ အနိုင်ယူ” ဖို့ ဘယ်လို ကူညီပေးသလဲ။ (ရောမ ၁၂:၂၁)

၁၆ ရောမ ၁၂:၂၁ ကို ဖတ်ပါ။ “အကောင်းနဲ့ တုံ့ပြန်ပြီး အဆိုးကို အမြဲ အနိုင်ယူလိုက်ပါ” လို့လည်း ခရစ်ယာန်တွေကို ပေါလု တိုက်တွန်းတယ်။ “ရန်သူကို ချစ်မြဲ ချစ်ပါ။ ကိုယ့်ကို နှိပ်စက်သူတွေအတွက် အမြဲ ဆုတောင်းပေးပါ” လို့ တောင်ပေါ်တရားတော်မှာ ယေရှု ပြောတယ်။ (မ. ၅:၄၄) ပြောတဲ့အတိုင်းလည်း လုပ်တယ်။ ရောမစစ်သားတွေ သစ်တိုင်ပေါ် တင်ပြီး သံနဲ့ ရိုက်တုန်းက ယေရှု ဘယ်လောက် နာကျင်မလဲဆိုပြီး ကျွန်တော်တို့ တွေးမိကြမယ်။ ဒါပေမဲ့ ယေရှု ဘယ်လောက် နာကျင်ခဲ့ရတယ်၊ အရှက်ခွဲခံခဲ့ရတယ်၊ မတရားဆက်ဆံခံခဲ့ရတယ်ဆိုတာ အပြည့်အဝ နားလည်နိုင်မှာ မဟုတ်ဘူး။

၁၇ မတရားမှုကို ယေရှု အနိုင်ယူခဲ့တယ်။ စစ်သားတွေကို အပြစ်ပေးဖို့ ယေဟောဝါဆီ ဆုမတောင်းဘူး။ “အဖ၊ သူတို့ကို ခွင့်လွှတ်ပါ။ သူတို့ ဘာလုပ်နေမှန်း သူတို့ မသိကြဘူး” လို့ ဆုတောင်းတယ်။ (လု. ၂၃:၃၄) ကျွန်တော်တို့လည်း ကိုယ့်ကို မတရားဆက်ဆံသူတွေအတွက် ဆုတောင်းပေးတဲ့အခါ ခါးသီးနာကြည်းစိတ် လျော့လာနိုင်တယ်။ သူတို့အပေါ် အမြင်ပြောင်းလာနိုင်တယ်။

၁၈။ ဆုတောင်းခြင်းက ညီအစ်ကို အယ်လ်ဘတ်တိုနဲ့ ဂျွန် မတရားမှုကို ရင်ဆိုင်နိုင်ဖို့ ဘယ်လို ကူညီပေးခဲ့သလဲ။

၁၈ ဒီဆောင်းပါးမှာ ပါတဲ့ ညီအစ်ကို အယ်လ်ဘတ်တိုနဲ့ ဂျွန် မတရားမှုကို ရင်ဆိုင်နိုင်ဖို့ ဆုတောင်းခြင်းက ကူညီပေးခဲ့တယ်။ “ကျွန်တော့်ကို မတရားဆက်ဆံခဲ့တဲ့ ညီအစ်ကိုတွေအတွက် ဆုတောင်းပေးတယ်။ ပြီးခဲ့တာတွေကို အတိတ်မှာ ထားခဲ့နိုင်ဖို့ အကြိမ်ကြိမ် ဆုတောင်းတယ်” လို့ အယ်လ်ဘတ်တို ပြောတယ်။ ဝမ်းသာစရာက ယေဟောဝါကို အယ်လ်ဘတ်တို သစ္စာရှိရှိ ပြန်ဝတ်ပြုနေပြီ။ “ကျွန်တော့်ကို ထိခိုက်အောင် လုပ်ခဲ့တဲ့ ညီအစ်ကိုအတွက် အကြိမ်ကြိမ် ဆုတောင်းပေးတယ်။ အဲဒီလိုဆုတောင်းလိုက်တော့ သူ့အပေါ် အမြင်ကြည်လာတယ်။ ကိုယ်တိုင်လည်း စိတ်ငြိမ်သက်လာတယ်” လို့ ဂျွန် ပြောတယ်။

၁၉။ ဒီလောကစနစ်အဆုံး မရောက်သေးသရွေ့ ဘာလုပ်နေရမလဲ။ (၁ ပေတရု ၃:၈၊ ၉)

၁၉ ဒီလောကစနစ်အဆုံး မရောက်သေးသရွေ့ ဘယ်လိုမတရားမှုမျိုး ကျွန်တော်တို့ ကြုံရဦးမလဲ မပြောနိုင်ဘူး။ ဘာပဲ ကြုံရကြုံရ အကူအညီ ရဖို့ ယေဟောဝါဆီ အမြဲ ဆုတောင်းကြရအောင်။ ယေရှုရဲ့ စံနမူနာကို အတုယူကြရအောင်။ ကျမ်းစာမူတွေကို လက်တွေ့ကျင့်သုံးကြရအောင်။ ဒါဆိုရင် ယေဟောဝါ ပေးတဲ့ ကောင်းချီး ရမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။—၁ ပေတရု ၃:၈၊ ၉ ကို ဖတ်ပါ။

သီချင်း ၃၈ ကိုယ်တော် သင်တို့ကို ခွန်အားရှိစေမယ်

a အမည်လွှဲများ။

b ပထမရာစုမှာ သခင်ဆိုးတချို့၊ မယုံကြည်သူ ခင်ပွန်းတချို့က ခရစ်ယာန်တွေကို မတရားဆက်ဆံခဲ့ကြတယ်။ ဒီအကြောင်း ပေတရု ပထမစောင် အခန်းကြီး ၂ နဲ့ ၃ မှာ ပေတရု ဖော်ပြထားတယ်။—၁ ပေ. ၂:၁၈-၂၀။ ၃:၁-၆၊ ၈၊ ၉