မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

ယေဟောဝါက “သွေးဆောင်ခြင်း​ကို သင်တို့​ခံနိုင်​သည်ထက် ပို​၍​ခံစေ​တော်မူ​မည် မဟုတ်” လို့ တမန်တော် ပေါလု ရေးခဲ့တယ်။ (၁ ကော. ၁၀:၁၃) ဒါက ကျွန်တော်တို့ ခံ​နိုင်တဲ့​အ​ရာကို ယေဟောဝါ ကြိုတင်​အကဲဖြတ်​ပြီး ကြုံရမယ့် စမ်းသပ်မှု​တွေကို ရွေးချယ်​ပေးတယ်​လို့ ဆိုလို​သလား။

အဲ​ဒီ​သဘော​မျိုး သက်​ရောက်တဲ့ ဥပမာ​တစ်ခုကို သုံးသပ်ကြည့်ပါ။ သေကြောင်းကြံ​သွားတဲ့ သား​ဖြစ်သူ​ရဲ့ ဖခင် ဒီလို​မေးတယ်– ‘သား သေကြောင်းကြံ​တာကို ကျွန်တော်တို့ ခံနိုင်​မယ်လို့ ယေဟောဝါ ကြိုတင်​အကဲဖြတ်​ခဲ့သလား။ ကျွန်တော်တို့ ခံနိုင်​မယ်လို့ ဘုရားသခင် သတ်မှတ်​တဲ့အတွက် ဒီလို​ဖြစ်တာ​လား။’ ကျွန်တော်တို့ရဲ့ ဘဝ​မှာ ကြုံရမယ့် ဖြစ်ရပ်တွေကို ယေဟောဝါ ကြိုးကိုင်​ခြယ်လှယ်​ထားတယ်​လို့ ယူဆတာ အကျိုးအကြောင်း ညီညွတ်​ရဲ့​လား။

၁ ကောရိန္သု ၁၀:၁၃ မှာပါတဲ့ ပေါလု​ရဲ့ စကား​တွေကို ထပ်ဆင့် သုံးသပ်ကြည့်​တဲ့အခါ ကျွန်တော်တို့ ခံ​နိုင်တဲ့​အ​ရာကို ယေဟောဝါ ကြိုတင်​အကဲဖြတ်​ပြီး စမ်းသပ်မှု​တွေ ကျရောက်​စေတယ်​ဆိုတဲ့ အယူအဆ​ဟာ ကျမ်းစာနဲ့ မညီ​မှန်း သဘောပေါက်​စေတယ်။ အကြောင်းရင်း လေးခု​ကို သုံးသပ်ကြည့်​ကြစို့။

ပထမ၊ ယေဟောဝါက လူသား​တွေကို လွတ်လပ်​စွာ ရွေးချယ်ပိုင်ခွင့် ပေးထားတယ်။ ဘဝ​မှာ ကိုယ်ပိုင်ဆုံးဖြတ်​ချက်​တွေ ချစေ​ချင်တယ်။ (တရား. ၃၀:၁၉၊ ၂၀။ ယောရှု ၂၄:၁၅) မှန်ကန်တဲ့​ဆုံးဖြတ်ချက် ချ​မယ်ဆိုရင် ယေဟောဝါရဲ့ လမ်းညွှန်​မှုကို မျှော်ကိုး​နိုင်မယ်။ (သု. ၁၆:၉) ဆုံးဖြတ်ချက် မှား​သွား​ရင်​တော့ ဆိုးကျိုး​တွေ ရင်ဆိုင်​ရပါလိမ့်မယ်။ (ဂ​လ. ၆:၇) ဒါကြောင့် ကြုံရမယ့် စမ်းသပ်မှု​တွေကို ယေဟောဝါ ရွေးချယ်​ပေးတယ်​ဆိုရင် ကျွန်တော်တို့မှာ လွတ်လပ်​စွာ ရွေးချယ်ပိုင်ခွင့် ရှိပါ​တော့​မလား။

ဒုတိယ၊ ‘မျှော်လင့်မထားတဲ့ အ​ချိန်မှာ မျှော်လင့်မထားတဲ့ ဖြစ်ရပ်​တွေ’ မ​ကြုံ​စေဖို့ ယေဟောဝါ ကာကွယ်​မပေး​ဘူး။ (ဒေ. ၉:၁၁ကဘ) ဆိုးဝါး​လှတဲ့ မတော်တဆမှု​တွေ ကြုံရ​တာဟာ မရှိသင့်​တဲ့အချိန်မှာ မရှိသင့်တဲ့​နေ​ရာကို ရောက်နေ​လို့ ဖြစ်နိုင်တယ်။ မျှော်စင်​ပြိုလဲ​လို့ လူ ၁၈ ယောက် သေဆုံး​သွားတဲ့ အဖြစ်ဆိုး​အကြောင်း ယေရှု ပြောပြီး အဲဒါတွေဟာ ဘုရား​ကြောင့် မဟုတ်ဘူးလို့ ဖော်ပြ​ခဲ့တယ်။ (လု. ၁၃:၁-၅) ဒါကြောင့် ဘေးဆိုး​တွေမှာ ဘယ်သူ သေ​မယ်၊ ရှင်​မယ်​ဆိုတာ ဘုရား ဆုံးဖြတ်ထား​တယ်လို့ ယူဆတာ ယုတ္တိမရှိ​ဘူး။

တတိယ၊ ကျွန်တော်တို့​ယောက်တိုင်း သစ္စာသမာဓိ အရေး​ကိစ္စ​မှာ ပါဝင်ပတ်သက်​နေတယ်။ ယေဟောဝါကို ဝတ်ပြုသူ​အားလုံး စမ်းသပ်မှု​ကြုံရ​တဲ့အခါ သစ္စာရှိ​မှာ မဟုတ်ဘူးလို့ စာတန် စွပ်စွဲ​ပြီး ယောက်တိုင်း​ရဲ့ သစ္စာသမာဓိ​ကို စိန်ခေါ်​ထားတာ အမှတ်ရပါ။ (ယောဘ ၁:၉-၁၁။ ၂:၄။ ဗျာ. ၁၂:၁၀) ကျွန်တော်တို့ ခံ​နိုင်မှာ မဟုတ်ဘူးလို့ ယူဆ​ပြီး စမ်းသပ်မှု​တွေ မ​ကြုံရ​အော​င် ယေဟောဝါ ကာကွယ်​ပေးတယ်​ဆိုရင် စာတန်ရဲ့ စွပ်စွဲချက် မှန်​သွားမယ် မဟုတ်လား။

စတုတ္ထ၊ ကျွန်တော်တို့ ကြုံရမယ့်​အရာ​အားလုံးကို ယေ​ဟောဝါ ကြိုသိ​ထား​စရာ မလို​ပါဘူး။ (ဟေ​ရှာ. ၄၆:၁၀) ဘယ်​စမ်းသပ်မှု ကြုံရ​မယ်​ဆိုတာ ဘုရားသခင် ကြိုတင်​ရွေးချယ်​ထားတယ်​ဆိုတဲ့ အယူအဆ​က ကျွန်တော်တို့ရဲ့ အနာဂတ်​နဲ့ပတ်သက်တဲ့ အရာ​မှန်သမျှကို ကိုယ်တော် သိ​ထားတယ်​ဆိုတဲ့​သဘော သက်ရောက်​တ​ယ်။ ဒါပေမဲ့ ကျမ်းစာမှာ အဲဒီလို မပြော​ထားဘူး။ အနာဂတ်​ကို ဘုရားသခင် ကြိုသိ​နိုင်စွမ်း​ရှိ​ပါတယ်။ (ဟေ​ရှာ. ၄၆:၁၀) ဒါပေမဲ့ ကြိုသိ​နိုင်စွမ်း​ကို အမြဲ​အသုံးမပြု​ဘူးလို့ ကျမ်းစာမှာ ဖော်ပြတယ်။ (က. ၁၈:၂၀၊ ၂၁။ ၂၂:၁၂) ဒီနည်းအားဖြင့် ကျွန်တော်တို့ရဲ့ လွတ်လပ်​စွာ ရွေးချယ်ပိုင်ခွင့်ကို လေးစားမှု​နဲ့ မိမိရဲ့ ကြိုသိ​နိုင်စွမ်း​ကို ဟန်ချက်ညီ​စေတယ်။ ကျွန်တော်တို့ရဲ့ လွတ်လပ်မှုကို တန်ဖိုး​ထားပြီး မိမိရဲ့ ဂုဏ်​ရည်​တော်​တွေကို အမြဲ ဟန်ချက်ညီ​ညီ အသုံးပြု​တဲ့​ဘုရားဆီ​က​နေ အဲဒီလိုပဲ မျှော်လင့်​တ​ယ် မဟုတ်လား။—တရား. ၃၂:၄။ ၂ ကော. ၃:၁၇

ဒါဆို “ဘုရားသခင်သည် . . . သွေးဆောင်ခြင်း​ကို သင်တို့​ခံနိုင်​သည်ထက် ပို​၍​ခံစေ​တော်မူ​မည် မဟုတ်” ဆိုတဲ့ ပေါလု​ရဲ့ စကားကို ဘယ်လို နားလည်​ရ​မလဲ။ စမ်းသပ်မှု မ​ကြုံရ​ခင်မှာ မဟုတ်ဘဲ စမ်းသပ်မှု ကြုံရချိန်​အတွင်း ယေဟောဝါ လုပ်​ဆောင်တဲ့​အ​ရာကို ပေါလု ဖော်ပြ​နေတာ​ဖြစ်တယ်။ * ဒါကြောင့် ဘယ်​စမ်းသပ်မှု​ပဲ ကြုံရ​ပါစေ ယေဟောဝါကို ယုံကြည်ကိုးစား​ရင် ကျွန်တော်​တို့ကို ထောက်မပေး​မယ်​ဆိုတာ ပေါလု​ရဲ့ စကား​တွေ​က စိတ်ချ​စေတယ်။ (ဆာ. ၅၅:၂၂) ပေါလု​ရဲ့ စကားက အခြေခံ အမှန်တရား​နှစ်ခု​အပေါ် အခြေခံ​တ​ယ်။

ပထမ၊ ကျွန်တော်တို့ ကြုံရတဲ့ စမ်းသပ်မှု​တွေ​က “လူတို့​ကြုံရ​တတ်​သော” အရာတွေ​ပဲ ဖြစ်တယ်။ ဒါကြောင့် လူတွေ ကြုံနေ​ကျ​အရာတွေ​ကိုပဲ ကျွန်တော်တို့ ကြုံ​ရတယ်။ ယေဟောဝါကို အားကိုး​ရင် အဲ​ဒီ​စမ်းသပ်မှု​တွေကို ခံရပ်နိုင်​ပါလိမ့်မယ်။ (၁ ပေ. ၅:၈၊ ၉) ၁ ကောရိန္သု ၁၀:၁၃ ရဲ့ ရှေ့နောက်စကား​အရ တောကန္တာရ​မှာ အစ္စရေးတွေ ကြုံ​ခဲ့တဲ့ စမ်းသပ်မှု​တွေကို ပေါလု ရည်​ညွှန်း​တ​ယ်။ (၁ ကော. ၁၀:၆-၁၁) အဲ​ဒီ​စမ်းသပ်မှု​တွေဟာ လူသားတွေ မကြုံဖူး​တဲ့၊ အစ္စရေးတွေ မခံနိုင်​လောက်တဲ့ စမ်းသပ်မှု မဟုတ်ဘူး။ “ထို​သူ​အချို့” မနာခံ​ခဲ့ဘူး​လို့ ပေါလု လေး​ကြိမ် ပြောခဲ့တယ်။ ဘုရားသခင်​ကို အားမကိုး​တဲ့အတွက် မှားယွင်း​တဲ့ ဆန္ဒ​တွေ​နောက် အစ္စရေး​တချို့ ပါ​သွားတာ ဝမ်းနည်းစရာ​ပါပဲ။

ဒုတိယ၊ ဘုရားသခင်သည် သစ္စာရှိ” တ​ယ်။ လူတွေနဲ့ ဘုရားသခင် ဆက်ဆံ​ခဲ့တဲ့ မှတ်တမ်းအရ ဘုရားသခင်​ဟာ မိမိ​ကို “ချစ်​၍ ပညတ်တော်​တို့ကို စောင့်ရှောက်​သောသူ​တို့” အပေါ် ခိုင်မြဲ​တဲ့​မေတ္တာ ပြခဲ့​မှန်း ဖော်ပြတယ်။ (တရား. ၇:၉) ဘုရားသခင် အမြဲ​ကတိတည်​မှန်း​လည်း အဲဒီမှတ်တမ်းက ဖော်ပြတယ်။ (ယောရှု ၂၃:၁၄) ဘုရားသခင် သစ္စာရှိ​ခဲ့တဲ့ မှတ်တမ်းအရ ဘုရားကို ချစ်​ပြီး ယုံကြည်ကိုးစား​သူတွေဟာ စမ်းသပ်မှု​တွေနဲ့​ပတ်သက်ပြီး ကတိ​နှစ်ခု​ကို ဘုရား​တည်မယ်​ဆိုတာ ယုံကြည်စိတ်ချ​နိုင်တယ်– (၁) မခံနိုင်​လောက်တဲ့​အထိ ဘယ်​စမ်းသပ်မှု​ကိုမှ ဘုရား ခွင့်ပြု​မှာ မဟုတ်ဘူး။ (၂) “လွတ်မြောက်​ရာ​လမ်း​ကိုလည်း ပြင်ဆင်ပေး” မယ်။

ယေဟောဝါက “ဆင်းရဲဒုက္ခရှိသမျှ၌ ငါတို့ကို နှစ်သိမ့်ပေး”

စမ်းသပ်မှု ကြုံရ​ချိန်မှာ မိမိ​ကို အားကိုး​သူတွေ​အတွက် လွတ်မြောက်​ရာ​လမ်း​ကို ယေဟောဝါ ဘယ်လို ပြင်ဆင်ပေး​သလဲ။ အလိုတော် ရှိမယ်​ဆိုရင် စမ်းသပ်​မှုကို ဖယ်ရှားပေး​လိုက်​နိုင်တယ်။ ဒါပေမဲ့ “သင်တို့ ခံရပ်နိုင်​မည်​အကြောင်း လွတ်မြောက်​ရာ​လမ်း​ကိုလည်း ပြင်ဆင်ပေး​တော်မူ​မည်” လို့ ပေါလု ပြောခဲ့​တာကို အမှတ်ရပါ။ ဒါကြောင့် စမ်းသပ်မှု​တွေကို အောင်မြင်​စွာ ခံရပ်နိုင်​ဖို့ လိုအပ်​ရာကို ပြင်ဆင်ပေး​ခြင်းအားဖြင့် “လွတ်မြောက်​ရာ​လမ်း” ကို ပြင်ဆင်​ပေးတယ်။ လွတ်မြောက်​ရာ​လမ်း​ကို ယေဟောဝါ ပြင်ဆင်​ပေးတဲ့ နည်းလမ်း​တချို့​အကြောင်း သုံးသပ်ကြည့်ပါ–

  • ဘုရားသခင်​က “ဆင်းရဲဒုက္ခ​ရှိသမျှ​၌ ငါ​တို့ကို နှစ်သိမ့်ပေး” တ​ယ်။ (၂ ကော. ၁:၃၊ ၄) နှုတ်မြွက်တော်​ကျမ်းစာ၊ သန့်ရှင်းသော စွမ်းအားတော်၊ သစ္စာရှိကျွန် ပြင်ဆင်​ပေးတဲ့ ကျမ်းစာ​အကြောင်းအရာ​အားဖြင့် ကျွန်တော်တို့ရဲ့ စိတ်နှလုံး​နဲ့ ခံစားချက်​တွေကို သက်သာ​စေတယ်။—မ. ၂၄:၄၅။ ယော. ၁၄:၁၆။ ရော. ၁၅:၄

  • သန့်ရှင်းသော စွမ်းအားတော်​နဲ့ လမ်းညွှန်ပေး​နိုင်တယ်။ (ယော. ၁၄:၂၆) စမ်းသပ်မှု ကြုံရ​ချိန်မှာ ကျမ်းစာ​မှတ်တမ်းတွေ၊ ကျမ်းစာမူ​တွေကို မှတ်မိ​ပြီး မှန်ကန်တဲ့​ဆုံးဖြတ်ချက် ချ​နိုင်အောင် စွမ်းအားတော်​က ကူညီပေး​နိုင်တယ်။

  • ကျွန်တော်တို့​အကျိုး​အတွက် ကောင်းကင်တမန်​တွေကို အသုံးပြုနိုင်တယ်။—ဟေဗြဲ ၁:၁၄

  • အပြော​နဲ့​ရော လုပ်ရပ်​နဲ့​ပါ ကျွန်တော်​တို့ကို “အားပေးထောက်မ” နိုင်တဲ့ ယုံကြည်သူချင်းတွေ​အားဖြင့် ကူညီပေး​နိုင်တယ်။—ကော. ၄:၁၁

ဒါဆို ၁ ကောရိန္သု ၁၀:၁၃ မှာပါတဲ့ ပေါလု​ရဲ့ စကားကို ဘယ်လို ကောက်ချက်ချ​နိုင်သလဲ။ ကျွန်တော်တို့ ကြုံရတဲ့​စမ်းသပ်မှု​တွေကို ယေဟောဝါ မရွေး​ချယ်​ပေး​ဘူး။ ဒါပေမဲ့ စမ်းသပ်မှု ကြုံရ​တဲ့အခါ ဒီအချက်ကို စိတ်ချ​နိုင်တယ်– ယေဟောဝါကို အပြည့်အဝ ယုံကြည်ကိုးစား​မယ်ဆိုရင် လူတစ်ယောက် မခံနိုင်​လောက်တဲ့​အထိ စမ်းသပ်​ခံဖို့ ခွင့်ပြု​မှာ မဟုတ်ဘူး။ ကျွန်တော်တို့ ခံရပ်​နိုင်အောင် လွတ်မြောက်​ရာ​လမ်း​ကို ပြင်ဆင်ပေး​လိမ့်မယ်။ စိတ်သက်သာ​စရာ​ပါပဲ။

^ စာပိုဒ်၊ 2 “သွေးဆောင်ခြင်း” လို့ပြန်ဆို​ထားတဲ့ ဂရိစကားလုံး​ဟာ “စမ်းသပ်မှု” ကိုလည်း ဆိုလို​နိုင်တယ်။