မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါရဲ့ ရည်ရွယ်ချက် ပြည့်စုံမယ်

ယေဟောဝါရဲ့ ရည်ရွယ်ချက် ပြည့်စုံမယ်

“ငါသည် နှုတ်ထွက်​အတိုင်း ပြု​မည်။ ကြံ​သည်​အတိုင်း စီရင်​မည်။”—ဟေ​ရှာ. ၄၆:၁၁

သီချင်း– ၁၄၇၊ ၁၄၉

၁၊ ၂။ (က) ကျွန်တော်​တို့ကို ယေဟောဝါ ဘာ​ဖော်ပြ​ပေးထား​သလဲ။ (ခ) ဟေရှာယ ၄၆:၁၀၊ ၁၁ နဲ့ ၅၅:၁၁ မှာ ဘယ်​အာမခံချက် တွေ့ရ​သလဲ။

ကျမ်းစာ​ရဲ့ အဖွင့်စကား​မှာ “အစအဦး​၌ ဘုရားသခင်သည် ကောင်းကင်​နှင့် မြေကြီးကို ဖန်ဆင်း​တော်မူ၏” လို့ ရိုးရိုးရှင်းရှင်း၊ ထိထိရောက်ရောက် ဖော်ပြထားတယ်။ (က. ၁:၁) အာကာသ၊ အလင်းရောင်၊ ဆွဲငင်အား​စတဲ့ ယေဟောဝါ ဖန်ဆင်း​ထားတဲ့​အရာ များစွာ​အကြောင်း ကျွန်တော်တို့ အနည်းငယ်​ပဲ သိ​ထားကြ​တ​ယ်။ စကြဝဠာ​ရဲ့ တစ်စိတ်တစ်ပိုင်း​လေး​ကိုပဲ မြင်ကြ​ရတယ်။ (ဒေ. ၃:၁၁) ဒါပေမဲ့ ယေဟောဝါက မြေကြီး​နဲ့ လူသားတွေ​အ​တွက် မိမိ​ရည်ရွယ်ချက်​ကို ဖော်ပြပေးတယ်။ မြေကြီး​ဟာ ဘုရား​ပုံသဏ္ဌာန်​နဲ့ ဖန်ဆင်းခံ​ရတဲ့ လူသားတွေ​အတွက် အကောင်းဆုံး စံအိမ်​ပါပဲ။ (က. ၁:၂၆) လူသား​တွေဟာ ယေဟောဝါရဲ့ သားသမီး​တွေ ဖြစ်လာမယ်။ ယေဟောဝါ​လည်း သူတို့ရဲ့ ဖခင် ဖြစ်လာ​ပါလိမ့်မယ်။

ကမ္ဘာဦး အခန်းကြီး​သုံး​မှာ ဖော်ပြထားတဲ့​အတိုင်း ယေဟောဝါရဲ့ ရည်ရွယ်ချက် တားဆီး​ခံ​လိုက်ရတယ်။ (က. ၃:၁-၇) ဒါပေမဲ့ မကျော်​လွှား​နိုင်တာ​တော့ မဟုတ်ပါဘူး။ ယေဟောဝါကို ဘယ်သူမှ မတားဆီး​နိုင်​ဘူး။ (ဟေ​ရှာ. ၄၆:၁၀၊ ၁၁။ ၅၅:၁၁) ဒါကြောင့် ယေဟောဝါရဲ့ မူလ​ရည်ရွယ်ချက် အချိန်​အတိအကျ ပြည့်စုံ​လာမယ်​ဆိုတာ စိတ်ချ​နိုင်ပါတယ်။

၃။ (က) ဘယ်​အခြေခံ အမှန်တရား​တွေ​က ကျမ်းစာ​သတင်း​စ​ကာ​ကို နားလည်စေ​သလဲ။ (ခ) အဲ​ဒီအမှန်​တရား​တွေကို ဘာကြောင့် ပြန်သုံးသပ်​မလဲ။ (ဂ) ဘယ်မေးခွန်းတွေကို သုံးသပ်​ကြ​မလဲ။

မြေကြီး​နဲ့ လူသားတွေ​အတွက် ဘုရားသခင့် ရည်ရွယ်ချက်၊ ဘုရားရဲ့ ရည်ရွယ်ချက် ပြည့်စုံရေး​မှာ ယေရှုရဲ့ အခန်းကဏ္ဍ​တွေနဲ့​ပတ်သက်တဲ့ ကျမ်းစာအမှန်တရား​တွေကို ကျွန်တော်တို့ သိ​ထားကြ​တ​ယ်။ အဲဒါတွေက အခြေခံ​အမှန်တရား​တွေ ဖြစ်ပြီး ကျမ်းစာလေ့လာ​ခါ​စမှာ ဦးဆုံး သိ​ခဲ့တဲ့​ကြောင်း​အရာတွေ ဖြစ်နိုင်တယ်။ အဲ​ဒီ​အရေးကြီးတဲ့ သွန်သင်ချက်​တွေအကြောင်း စိတ်ရင်းမှန်​တဲ့သူ​တွေကို ကျွန်တော်တို့ ပြန်​ဝေမျှ​နေကြတယ်။ အသင်းတော်​မှာ ဒီ​ဆောင်းပါးကို လေ့လာ​သွား​ရင်းနဲ့ ခရစ်တော်ရဲ့ သေခြင်း​အောက်မေ့ရာပွဲ​ကို တက်ရောက်​ဖို့ လူများ​နိုင်သမျှ​များများ​ကို ကြိုးစား​ဖိတ်ခေါ်​သွား​ကြ​မယ်။ (လု. ၂၂:၁၉၊ ၂၀) တက်ရောက်သူ​တွေဟာ ဘုရားသခင့် ရည်ရွယ်ချက်​အကြောင်း များစွာ သိရှိ​လာ​ကြပါ​လိမ့်မယ်။ ဒါကြောင့် အောက်မေ့ရာပွဲ မတိုင်ခင် ဒီ​ရက်​ပိုင်း​အတွင်း ကျမ်းစာသင်သား​တွေနဲ့ တခြား​စိတ်ရင်းမှန်​တဲ့သူ​တွေကို ဒီ​အရေးကြီး​ဖြစ်ရပ်​အကြောင်း စိတ်ဝင်စား​လာ​စေမယ့် မေးခွန်း​တချို့ကို သုံးသပ်ကြည့်​ကြစို့။ မေးခွန်း​သုံးခု​ကို ဆွေးနွေးကြ​ပါမယ်– မြေကြီး​နဲ့ လူသားတွေ​အတွက် ဘုရားသခင့် မူလ​ရည်ရွယ်ချက်​က ဘာလဲ။ အဲဒီ​ရည်ရွယ်ချက် ဘာဖြစ်​သွားခဲ့​သလဲ။ ဘုရားသခင့် ရည်ရွယ်ချက် ပြည့်စုံရေး​မှာ ယေရှုရဲ့ ပူဇော်သက္ကာ ဘာကြောင့် အဓိကကျ​သလဲ။

ဖန်ဆင်းရှင်ရဲ့ မူလ​ရည်ရွယ်ချက်​က ဘာလဲ

၄။ ဖန်ဆင်းခြင်း​က ယေဟောဝါရဲ့ ဘုန်း​တော်ကို ဘယ်လို ကြေညာ​နေ​သလဲ။

ယေဟောဝါဟာ အံ့ဖွယ်​ဖန်ဆင်းရှင် ဖြစ်တယ်။ ဖန်ဆင်း​သမျှ စံချိန်​စံနှုန်း မြင့်မား​တ​ယ်။ (က. ၁:၃၁။ ယေ. ၁၀:၁၂) ဖန်ဆင်းခြင်း​မှာ ပေါ်လွင်​နေတဲ့ အလှ​တရား​နဲ့ စနစ်ကျမှုက​နေ ဘာသင်ယူနိုင်သလဲ။ အသေးဆုံး​က​နေ အကြီးဆုံး​အထိ ယေဟောဝါ ဖန်ဆင်း​ထား​သမျှ အကျိုးပြု​မှန်း သိရှိ​ရတယ်။ လူ့ဆဲလ်​ရဲ့ ဆန်းကြယ်​ရှုပ်ထွေးမှု၊ မွေးကင်းစ​ကလေးရဲ့ နုနယ်​မှု၊ နေ​ဝင်​ဆ​ည်း​ဆာ​ရဲ့ အံ့မခန်း​လှပမှု​တို့ကို ဘယ်သူ မအံ့ဩ​ဘဲ နေ​မလဲ။ စစ်မှန်တဲ့ အလှ​တရားကို သိရှိခံစား​နိုင်စွမ်း ထည့်သွင်း​ဖန်ဆင်းခံ​ရတဲ့​အတွက် ဒီ​ဖန်ဆင်းခြင်း​လက်ရာ​တွေကို ကျွန်တော်တို့ သဘောကျ​ကြ​တ​ယ်။ဆာလံ ၁၉:၁ နဲ့ ၁၀၄:၂၄ တို့ကို ဖတ်ပါ။

၅။ ဖန်ဆင်းရာ​အားလုံး လိုက်ဖက်​ညီညွတ်​စွာ လုပ်ဆောင်​နိုင်​ဖို့ ယေဟောဝါ ဘယ်လို စီစဉ်​ထား​သလဲ။

ယေဟောဝါက ဖန်ဆင်းရာ​အားလုံးကို နယ်နိမိတ် သတ်မှတ်​ထားတယ်။ အရာအားလုံး လိုက်ဖက်​ညီညွတ်​စွာ လုပ်ဆောင်​နိုင်​ဖို့ သဘာဝ​နိယာမတရား​နဲ့ ကျင့်ဝတ်​တရား​တွေ ပြ​ဋ္ဌာန်း​ထားတယ်။ (ဆာ. ၁၉:၇-၉) ဒါကြောင့် စကြဝဠာမှာ​ရှိတဲ့​အရာ မှန်သမျှ​ဟာ ဘုရားသခင့် ရည်ရွယ်ချက်​မှာ နေရာ​နဲ့ အလုပ်တာဝန် ကိုယ်စီ​ရှိ​ကြ​တ​ယ်။ ဖန်ဆင်း​ရာတွေ တွဲဖက်လုပ်ဆောင်​နိုင်​ပုံ​ကိုလည်း စံနှုန်း​ချမှတ်​ထားတယ်။ ဥပမာ၊ ဆွဲငင်အား နိယာမတရား​က လေထု​ကို ကမ္ဘာမြေ​နဲ့ အနီးကပ် ဆွဲ​ငင်​ထားတယ်။ ဒီရေ​နဲ့ ပင်လယ်​ကို ထိန်း​ညှိ​ပေးတယ်။ သက်ရှိတွေအတွက် မရှိမဖြစ်​တဲ့ ရူပ​စနစ်​ကို ဖြစ်ပေါ်​စေတယ်။ လူသားတွေ အပါအဝင် ဖန်ဆင်းရာ​အားလုံး အဲ​ဒီ​နယ်နိမိတ်​အတွင်း လှုပ်ရှားဆောင်ရွက်​ရတယ်။ ဖန်ဆင်းရာ​တွေရဲ့ စနစ်ကျမှုက မြေကြီး​နဲ့ လူသားတွေ​အတွက် ဘုရားသခင်​မှာ ရည်ရွယ်ချက်​ရှိကြောင်း ပေါ်လွင်​စေတယ်။ ဒီ​အံ့ဖွယ်​စနစ်ကျမှု​ရဲ့ အကြောင်းရင်းကို အမှုဆောင်လုပ်ငန်းမှာ ဖော်ပြ​ပေးနိုင်​မလား။—ဗျာ. ၄:၁၁

၆၊ ၇။ အာဒံနဲ့ ဧဝ​ကို ယေဟောဝါ ပေးတဲ့ လက်ဆောင်​တချို့က ဘာတွေ​လဲ။

လူသားတွေ​အတွက် ယေဟောဝါရဲ့ မူလ​ရည်ရွယ်ချက်​က မြေကြီး​ပေါ်မှာ ထာဝစဉ် အသက်ရှင်​စေဖို့ ဖြစ်တယ်။ (က. ၁:၂၈။ ဆာ. ၃၇:၂၉) အာဒံနဲ့ ဧဝ​ကို အသက်တာမှာ ပျော်မွေ့​စေမယ့် အဖိုးတန်​လက်ဆောင်​အမျိုးမျိုး ရက်ရက်ရောရော ပေးခဲ့တယ်။ (ယာကုပ် ၁:၁၇ ကိုဖတ်ပါ။) လွတ်လပ်​စွာ ရွေးချယ်ပိုင်ခွင့်၊ စဉ်းစား​ဆင်ခြင်နိုင်စွမ်း၊ မေတ္တာပြ​နိုင်စွမ်း၊ မိတ်ဖွဲ့​ပေါင်းသင်း​နိုင်စွမ်း​တို့​ကိုလည်း ပေးခဲ့တယ်။ အာဒံနဲ့ စကားပြော​ဆက်သွယ်​ပြီး​ နာခံမှု ဘယ်လို ပြ​ရ​မလဲဆိုတာ ညွှန်ကြားခဲ့တယ်။ အာဒံ​ဟာ မိမိ​လိုအပ်ရာ၊ တိရစ္ဆာန်တွေနဲ့ ကမ္ဘာမြေ​ကို ပြုစုစောင့်ရှောက်​ဖို့​လည်း သင်ယူ​ခဲ့ရတယ်။ (က. ၂:၁၅-၁၇၊ ၁၉၊ ၂၀) ယေဟောဝါက အာဒံနဲ့ ဧဝ​ကို အကြား၊ အမြင်၊ အထိအတွေ့၊ အနံ့၊ အရသာ​ဆိုတဲ့ အာရုံ​တွေကိုလည်း ထည့်သွင်း​ဖန်ဆင်း​ပေးခဲ့တယ်။ ဒါကြောင့် ပရဒိသု​စံအိမ်​ရဲ့ လှပမှု​နဲ့ ကြွယ်ဝ​မှုကို အပြည့်အဝ ခံ​စားနိုင်​ခဲ့ကြတယ်။ ပထမ​လူသား​မောင်နှံ​အတွက် ကျေနပ်စရာ အလုပ်အကိုင်၊ ပြီးမြောက်အောင်မြင်မှု၊ ရှာဖွေ​တွေ့ရှိမှု​တွေ အဆုံး​မရှိ​ပါပဲ။

ဘုရား​ရည်ရွယ်ချက်​မှာ ဘာတွေ ပါသေး​သလဲ။ ယေဟောဝါဟာ အာဒံနဲ့ ဧဝ​ကို စုံလင်​တဲ့​သားသမီး​တွေ မွေးဖွား​နိုင်စွမ်း ပေးထားတယ်။ ကမ္ဘာမြေ​တစ်ခုလုံး လူ့မိသားစု​နဲ့ ပြည့်တဲ့​အထိ တစ်ဆက်​ပြီး​တစ်ဆက် သားသမီး​တွေ မွေးဖွား​ဖို့ ဘုရားသခင် အလို​ရှိတယ်။ မိမိရဲ့ စုံလင်​တဲ့ ပထမ လူ့​သားသမီးတွေကို ယေဟောဝါ ချစ်​သလို အာဒံ၊​ ဧဝ​နဲ့ မိဘ​အားလုံး​ကိုလည်း သားသမီးတွေကို ချစ်​စေချင်တယ်။ ကမ္ဘာမြေ​နဲ့ သ​ယံ​ဇာ​တအား​လုံး လူသား​တို့ရဲ့ ထာဝ​ရစံအိမ် ဖြစ်လာမယ်။—ဆာ. ၁၁၅:၁၆

ဘာဖြစ်​သွားခဲ့​သလဲ

၈။ ကမ္ဘာဦး ၂:၁၆၊ ၁၇ မှာ ပါတဲ့​ပညတ်​ကို ဘုရားသခင် ဘာကြောင့် ပေးခဲ့​သလဲ။

ယေဟောဝါ ရည်​ရွယ်​ထားတဲ့​အတိုင်း ချက်ချင်း ဖြစ်မလာခဲ့​ဘူး။ ဘာကြောင့်လဲ။ မိမိတို့​ရဲ့ လွတ်လပ်မှု​ဘောင်​ကို အသိအမှတ် ပြု​မပြု စမ်းသပ်​တဲ့ ပညတ်​ရိုးရိုးလေး​တစ်ခုကို အာဒံနဲ့ ဧဝ​အတွက် ယေဟောဝါ ချမှတ်​ခဲ့တယ်။ “ကောင်းမကောင်း​ကို သိကျွမ်း​ရာ​အပင်​မှတစ်ပါး ထို​ဥယျာဉ်​၌ ရှိသမျှ​သော​အပင်​တို့၏ အသီး​ကို သင်သည် စား​ရသော​အခွင့် ရှိ၏။ ထို​အပင်​၏​အသီး​ကို​ကား မစား​ရ။ စား​သော​နေ့တွင် ဧကန်​အမှန် သေ​ရမည်” လို့ ဘုရား ပြောတယ်။ (က. ၂:၁၆၊ ၁၇) ဒီ​ပညတ်​ကို အာဒံနဲ့ ဧဝ နားလည်ဖို့၊ နာခံဖို့ မ​ခက်​ပါဘူး။ တကယ်တော့ စားစရာ လိုတာ​ထက် ပိုလျှံ​နေပါတယ်။

၉၊ ၁၀။ (က) ယေဟောဝါကို စာတန် ဘယ်လို စွပ်စွဲ​ခဲ့​သလဲ။ (ခ) အာဒံနဲ့ ဧဝ ဘာ​ဆုံးဖြတ်​ခဲ့ကြသလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)

စာတန်​မာရ်နတ်​ဟာ မြွေ​တစ်ကောင်​ကို သုံးပြီး ဖခင် ယေဟောဝါကို မ​နာခံဖို့ ဧဝ​ကို လှည့်ဖြား​သွေးဆောင်​ခဲ့တယ်။ (ကမ္ဘာဦး ၃:၁-၅ ကိုဖတ်ပါ။ ဗျာ. ၁၂:၉) “ဥယျာဉ်​၌ ရှိသမျှ​သော​အပင်​တို့၏​အသီး” ကို လူ့​သားသမီး​တွေ စား​ခွင့်​မရှိ​တာကို စာတန် ရေး​ကြီး​ခွင်​ကျယ် လုပ်​ခဲ့တယ်။ ‘ကိုယ်​လုပ်ချင်​တာကို လုပ်​ခွင့်​မရှိဘူး​ပေါ့’ လို့ ပြော​နေ​သလို​ပါပဲ။ အဲဒီနောက် “သင်တို့​သည် ဧကန်​အမှန် သေ​ရမည် မဟုတ်” လို့ ဗြောင်ဗြောင်တင်းတင်း လိမ်ညာ​ခဲ့တယ်။ “ထို​အသီး​ကို စား​သော​နေ့​၌ သင်တို့​သည် မျက်စိ​ပွင့်လင်း . . . [မည်] ကို ဘုရားသခင် သိတော်မူ​သည်” လို့​ပြောပြီး ဘုရားသခင်​ကို နာခံဖို့ မလို​ကြောင်း ဧဝ ယုံကြည်​လာအောင် လှည့်ဖြား​ခဲ့တယ်။ ဉာဏ်အလင်း ပွင့်​လာ​မှာ​မို့ အသီး​ကို ယေဟောဝါ မစား​စေချင်​သ​ယောင် စာတန် ပြောခဲ့တယ်။ “ကောင်းမကောင်း​ကို သိ​၍ ဘုရားသခင်​ကဲ့သို့ ဖြစ်” မယ်​လို့လည်း လိမ်ပြော​ခဲ့တယ်။

၁၀ အာဒံနဲ့ ဧဝ ဆုံးဖြတ်​ရတော့​မယ်။ ယေဟောဝါကို နာခံ​မလား။ မြွေ​ရဲ့ စကားကို နားထောင်​မလား။ ဘုရားကို မ​နာခံဖို့ ဆုံးဖြတ်​လိုက်​ကြ​တ​ယ်။ ဒီလိုနဲ့ စာတန့် ပုန်ကန်​မှုမှာ ပူးပေါင်း​ခဲ့ကြတယ်။ ယေဟောဝါကို မိမိတို့​ရဲ့ ဖခင်​အဖြစ် ငြင်းပယ်​ခဲ့ကြတယ်။ လုံခြုံ​တဲ့ ဘုရားသခင် အုပ်ချုပ်မှု​က​နေ မိမိတို့​ဘာသာ ဝေးကွာ​စေ​ခဲ့ကြတယ်။—က. ၃:၆-၁၃

၁၁။ ပုန်ကန်​မှုကို ယေဟောဝါ ဘာကြောင့် သည်း​မခံ​ခဲ့​သလဲ။

၁၁ ယေဟောဝါကို အာဒံနဲ့ ဧဝ ပုန်ကန်တဲ့​အတွက် စုံလင်မှု ဆုံးၡုံးသွားခဲ့ကြတယ်။ ‘ဆိုးညစ်တဲ့အရာကို​ ကြည့်​မနေ​နိုင်တဲ့၊ မကောင်း​မှုကို သည်း​မခံ​နိုင်တဲ့’ ယေဟောဝါ​နဲ့လည်း ဝေးကွာ​သွား​ကြ​တ​ယ်။ (ဟဗ. ၁:၁၃၊​ ကဘ)​ ယေဟောဝါ​သာ ပုန်ကန်တဲ့​ပြစ်​မှုကို သည်းခံ​ခဲ့ရင် ကောင်းကင်နဲ့ မြေကြီး​မှာရှိတဲ့ သက်ရှိ​ဖန်ဆင်းရာ​အားလုံး​ရဲ့ ကောင်းကျိုး ထိပါး​ခံရ​လိမ့်မယ်။ ကိုယ်တိုင်​ရဲ့ ယုံကြည်ကိုးစား​နိုင်​မှု​လည်း သံသယဝင်​စရာ ဖြစ်လာမယ်။ ယေဟောဝါဟာ မိမိ​စံနှုန်းတွေ​အပေါ် သစ္စာ​ရှိတာ​မို့ ဘယ်တော့မှ မချိုးဖောက်​ဘူး။ (ဆာ. ၁၁၉:၁၄၂) အာဒံနဲ့ ဧဝ​တို့မှာ လွတ်လပ်​စွာ ရွေးချယ်ပိုင်ခွင့် ရှိလို့ ဘုရား​ပညတ်​ကို ချိုးဖောက်​ပိုင်ခွင့် ရှိတယ်ဆိုတဲ့​သဘော​မျိုး မသက်ရောက်​ဘူး။ ယေဟောဝါကို ပုန်ကန်တဲ့​အကျိုးဆက်​အနေနဲ့ သူတို့​တစ်​တွေ သေဆုံး​ပြီး မြေမှုန့်​ဘဝ ပြန်ရောက်​သွား​ကြ​တယ်။—က. ၃:၁၉

၁၂။ အာဒံရဲ့ သားသမီး​တွေ ဘာဖြစ်​ခဲ့​သလဲ။

၁၂ အသီး​ကို အာဒံနဲ့ဧဝ စား​လိုက်တဲ့​အတွက် ဘုရားသခင့် စကြဝဠာ မိသားစုဝင်​အဖြစ် ဘယ်တော့မှ လက်မခံ​နိုင်​တော့တဲ့ အနေအထား ရောက်​သွားတယ်။ သူတို့ကို ဧ​ဒင်​က​နေ ဘုရားသခင် မောင်းထုတ်လိုက်တယ်။ ပြန်လမ်း လုံးဝ မရှိတော့​ဘူး။ (က. ၃:၂၃၊ ၂၄) ဒီလိုနဲ့ ကိုယ့်​ဆုံးဖြတ်ချက်​ရဲ့ ဆိုးကျိုး​တွေကို ယေဟောဝါ တရား​သဖြင့် ရင်ဆိုင်​စေခဲ့တယ်။ (တရားဟောရာ ၃၂:၄၊ ၅ ကိုဖတ်ပါ။) မစုံလင်​တော့​တဲ့အတွက် ဘုရားသခင့် အရည်အသွေး​တွေကို ပြည့်ဝစုံလင်​စွာ မတင်ပြ​နိုင်ကြ​တော့ဘူး။ အာဒံ​ဟာ ကိုယ်တိုင်​ရဲ့ အံ့ဖွယ်​အနာဂတ် ဆုံးၡုံးသွား​ရုံ​သာမက သားသမီး​တွေကိုလည်း မစုံလင်မှု၊ အပြစ်၊ သေခြင်း လက်ဆင့်ကမ်း​ပေးခဲ့တယ်။ (ရော. ၅:၁၂) သားသမီး​တွေ အဆုံးမဲ့​အသက်တာ ရရှိနိုင်​မယ့် အလားအလာ ဆုံးၡုံး​စေခဲ့တယ်။ အာဒံနဲ့ ဧဝ​သာမက သူတို့ရဲ့ သားသမီး​တွေလည်း စုံလင်​တဲ့ သားသမီး​တွေ မမွေးဖွား​နိုင်​တော့ဘူး။ ဘုရားသခင်​ကို အာဒံနဲ့ ဧဝ​တို့ ကျောခိုင်း​ပြီးတဲ့နောက် ဒီနေ့​အထိ လူသား​တွေကို စာတန် ဆက်​လှည့်ဖြား​နေ​ခဲ့တယ်။—ယော. ၈:၄၄

ရွေးနုတ်ဖိုး​က ရင်​ကြား​စေ့​ပေး

၁၃။ လူသားတွေ​အတွက် ယေဟောဝါ ဘာ​အလိုရှိ​သလဲ။

၁၃ လူသား​တွေကို ဘုရားသခင် ချစ်​နေတုန်း​ပါပဲ။ အာဒံနဲ့ ဧဝ ပုန်ကန်​သွားပေ​မဲ့ ယေဟောဝါက လူသား​တွေကို မိမိ​နဲ့ ကောင်းတဲ့​ဆက်ဆံရေး ရှိ​စေချင်တယ်။ ဘယ်သူ့​ကိုမှ မသေ​စေချင်​ဘူး။ (၂ ပေ. ၃:၉) ဒါကြောင့် ပုန်ကန်မှု​ပြီးပြီး​ချင်း လူသားတွေ မိမိ​နဲ့ မိတ်ဆွေ ပြန်​ဖြစ်စေ​နိုင်အောင်၊ တစ်ချိန်​တည်းမှာ မိမိရဲ့ ဖြောင့်မတ်​တဲ့ စံနှုန်းတွေကို စောင့်ထိန်း​ရာ​ရောက်အောင် စီစဉ်​ခဲ့တယ်။ ယေဟောဝါ ဘယ်လို စီစဉ်​ခဲ့​သလဲ။

၁၄။ (က) ယောဟန် ၃:၁၆ အရ လူသား​တွေကို ကယ်တင်​ဖို့ ဘုရား​သခင် ဘာ​ပြင်ဆင်ပေး​ထား​သလဲ။ (ခ) ဘယ်​မေးခွန်း​ကို စိတ်ဝင်စားသူ​တွေနဲ့ သုံးသပ်​နိုင်သလဲ။

၁၄ ယောဟန် ၃:၁၆ ကိုဖတ်ပါ။ ဒီ​ကျမ်း​ချက်ကို အောက်မေ့ရာပွဲ ဖိတ်ခေါ်​ချိန်မှာ ဖတ်ပြ​လေ့ရှိတယ်။ မေးစရာ​က ယေရှုရဲ့ ပူဇော်သက္ကာ​က ဘယ်လိုနည်းနဲ့ ထာဝ​ရအသက် ရရှိ​စေ​သလဲ။ အောက်မေ့ရာပွဲ​ကင်ပိန်း၊ အောက်မေ့ရာပွဲ၊ တက်ရောက်သူ​တွေဆီ ပြန်လည်ပတ်​ခြင်းက အဲ​ဒီ​အရေးကြီးတဲ့ မေးခွန်း​ရဲ့ အဖြေကို အမှန်တရား ရှာဖွေ​နေ​သူတွေ၊ စိတ်ရင်းမှန်​သူတွေ နားလည်​လာအောင် ကူညီပေး​ပါလိမ့်မယ်။ ရွေးနုတ်ဖိုး​မှာ ပေါ်လွင်​နေတဲ့ ယေဟောဝါရဲ့ မေတ္တာနဲ့ ဉာဏ်​ပညာ အတိမ်အနက်​ကို သူတို့ စတင်​သဘောပေါက်​လာတဲ့အခါ အထင်ကြီး​လေးစား​လာနိုင်တယ်။ ရွေးနုတ်ဖိုး​ရဲ့ ဘယ်အချက်တွေ​ကို ကျွန်တော်တို့ အလေးပေး​ဖော်ပြ​နိုင်သလဲ။

၁၅။ လူသား​ယေရှုဟာ လူသား​အာဒံနဲ့ ဘယ်လို ကွာခြား​သလဲ။

၁၅ ရွေးနုတ်ဖိုး ပေးနိုင်​မယ့် စုံလင်သူ​ကို ယေဟောဝါ ပေးခဲ့တယ်။ အဲ​ဒီ​စုံလင်​သူဟာ ယေဟောဝါအပေါ် သစ္စာစောင့်သိ​ဖို့၊ မျှော်လင့်ချက် မဲ့​နေတဲ့ လူသားတွေ​အတွက် အသက်​ကို လိုလိုလားလား ပေးဆက်​ဖို့ လို​ပါလိမ့်မယ်။ (ရော. ၅:၁၇-၁၉) ယေဟောဝါဟာ ဦးဆုံး ဖန်ဆင်းရာ​ဖြစ်တဲ့ ယေရှုရဲ့​အသက်​ကို ကောင်းကင်​က​နေ မြေကြီး​ပေါ် ပြောင်းရွှေ့​ပေးခဲ့တယ်။ (ယော. ၁:၁၄) ဒီလိုနဲ့ ယေရှုဟာ အာဒံ​လိုပဲ စုံလင်​တဲ့​လူသား ဖြစ်လာတယ်။ အာဒံနဲ့ မတူ​တာ​က​တော့ စုံလင်​တဲ့​လူ​ဆီကနေ ယေဟောဝါ မျှော်လင့်​တဲ့ စံနှုန်း​အတိုင်း ယေရှု အသက်ရှင်​ခဲ့တယ်။ အဆိုး​ရွား​ဆုံး စမ်းသပ်မှု​တွေ ကြုံရချိန်​မှာတောင် ယေရှု အပြစ်​မလုပ်​ခဲ့ဘူး။ ဘုရားသခင့် ပညတ်​တစ်ခုကို​မှ မချိုးဖောက်​ခဲ့ဘူး။

၁၆။ ရွေးနုတ်ဖိုး​ဟာ ဘာကြောင့် အဖိုးတန်​လက်ဆောင် ဖြစ်သလဲ။

၁၆ ယေရှုဟာ စုံလင်သူ​အဖြစ် သေဆုံးခြင်း​အားဖြင့် လူသား​တွေကို အပြစ်​နဲ့ သေခြင်း​က​နေ ကယ်တင်​နိုင်ခဲ့တယ်။ အာဒံ ဖြစ်​သင့်​သမျှ​အတိုင်း စုံလင်သူ၊ ဘုရားသခင်​ကို အပြည့်အဝ နာခံ​သစ္စာစောင့်သိ​သူ ဖြစ်ခဲ့တယ်။ (၁ တိ. ၂:၆) ယေရှုဟာ ယောက်ျား၊ မိန်းမ၊ ကလေး​စတဲ့ “လူများ​အတွက်” ထာဝရအသက်​လမ်း​ကို ဖွင့်ပေး​မယ့် ရွေးနုတ်ဖိုး ပူဇော်သက္ကာ ဖြစ်လာတယ်။ (မ. ၂၀:၂၈) ဘုရားသခင့် မူလ​ရည်ရွယ်ချက် ပြည့်စုံရေး​မှာ ရွေးနုတ်ဖိုး​ဟာ အဓိကကျ​တ​ယ်။ (၂ ကော. ၁:၁၉၊ ၂၀) ရွေးနုတ်ဖိုး​ဟာ သစ္စာရှိသူ လူသား​အားလုံးကို ထာဝရအသက် အလားအလာ ရရှိ​စေတယ်။

ကျွန်တော်တို့​အတွက် ယေဟောဝါ လမ်းဖွင့်​ပေး

၁၇။ ရွေးနုတ်ဖိုး​က ဘာကို ဖြစ်မြောက်​စေ​သလဲ။

၁၇ ယေဟောဝါဟာ ကိုယ်တိုင်​အကြီးအကျယ် အနစ်နာခံ​ပြီး ရွေးနုတ်ဖိုး ပြင်ဆင်ပေး​ခဲ့တယ်။ (၁ ပေ. ၁:၁၉) တစ်ပါးတည်း​သော​သား​ကို အသေခံ​စေတဲ့​အထိ လူသား​တွေကို အလွန်​တန်ဖိုး​ထားတယ်။ (၁ ယော. ၄:၉၊ ၁၀) ယေရှုဟာ ကျွန်တော်တို့ရဲ့ မူလ​ဖခင် အာဒံ့​နေ​ရာကို အစားဝင်​လိုက်တဲ့ သဘော​ပါပဲ။ (၁ ကော. ၁၅:၄၅) ဒီနည်းအားဖြင့် ယေရှုက ကျွန်တော်​တို့ကို အသက်​ပြန်​ရစေ​ရုံ​သာမက ဘုရားသခင့် မိသားစုဝင် ပြန်​ဖြစ်ခွင့်​ပါ ပေးခဲ့တယ်။ ယေရှုရဲ့ ပူဇော်သက္ကာ​ကို အခြေခံပြီး မိမိရဲ့​ဖြောင့်မတ်​တဲ့​စံနှုန်း​ကိုလည်း မချိုးဖောက်​ဘဲ လူသား​တွေကို မိမိရဲ့​မိသားစုဝင်​အဖြစ် ဘုရားသခင် ပြန်လက်ခံ​နိုင်ပြီ။ သစ္စာရှိ​လူသား​အားလုံး စုံလင်​လာမယ့်​အချိန်​အကြောင်း စဉ်းစား​ခြင်းက ကြည်နူးစရာ​ပဲ မဟုတ်လား။ ကောင်းကင်နဲ့ မြေကြီး​မှာရှိတဲ့ မိသားစုဝင်​အားလုံး အပြည့်အဝ စည်းလုံး​လာမယ်။ ကျွန်တော်တို့အားလုံး အပြည့်​ဝ​ဆုံး​သဘော​နဲ့ ဘုရားသခင့် သားသမီး​တွေ ဖြစ်လာကြမယ်။—ရော. ၈:၂၁

၁၈။ ဘယ်​အ​ချိန်မှာ ယေဟောဝါဟာ “လူ​ခပ်သိမ်း​၌ အရာခပ်သိမ်း” ဖြစ်လာ​မလဲ။

၁၈ စာတန့်​ပုန်ကန်မှု​က လူသားတွေ​အပေါ် ယေဟောဝါရဲ့ မေတ္တာကို မရပ်တန့်​စေနိုင်​ခဲ့ဘူး။ မစုံလင်​တဲ့​လူသားတွေ​ကိုလည်း ယေဟောဝါအပေါ် သစ္စာမဲ့​အော​င် မလုပ်​နိုင်ခဲ့​ဘူး။ ရွေးနုတ်ဖိုး​အားဖြင့် သားသမီး​အားလုံး အပြည့်အဝ ဖြောင့်မတ်​လာအောင် ယေဟောဝါ ကူညီပေး​ပါလိမ့်မယ်။ “သား​တော်ကို . . . ယုံကြည်​ကြောင်း တင်ပြ​သောသူ​တိုင်း” ထာဝရအသက် ရ​တဲ့အခါ ဘယ်လို​အသက်တာ​မျိုး ဖြစ်​မလဲဆိုတာ စဉ်းစားကြည့်ပါ။ (ယော. ၆:၄၀) မေတ္တာနဲ့ ဉာဏ်​ပညာ ကြီးမားတဲ့ ယေဟောဝါဟာ မူလ​ရည်ရွယ်ချက်​အတိုင်း လူ့မိသားစု​ကို စုံလင်​အော​င် လုပ်ပေး​ပါလိမ့်မယ်။ အဲဒီအခါ ယေဟောဝါဟာ “လူ​ခပ်သိမ်း​၌ အရာခပ်သိမ်း” ဖြစ်လာ​ပါလိမ့်မယ်။—၁ ကော. ၁၅:၂၈

၁၉။ (က) ရွေးနုတ်ဖိုး​ကို ကျေးဇူးတင်​ခြင်းက ဘာ​လုပ်ဖို့ လှုံ့ဆော်ပေး​သင့်သလဲ။ (“ ထိုက်တန်​သူတွေကို ဆက်​ရှာဖွေ​ကြပါစို့” လေးထောင့်ကွက်​ကို ကြည့်ပါ။) (ခ) ရွေးနုတ်ဖိုး​ရဲ့ ဘယ်​ကဏ္ဍ​ကို နောက်​ဆောင်းပါးမှာ ဆွေးနွေးကြမလဲ။

၁၉ ရွေးနုတ်ဖိုး​ကို ကျေးဇူးတင်​ခြင်းက ဒီအဖိုးတန်​လက်ဆောင်​က​နေ တခြားသူတွေ အကျိုးရ​အော​င် အတတ်နိုင်ဆုံး ကူညီဖို့ ကျွန်တော်​တို့ကို လှုံ့ဆော်ပေး​သင့်တယ်။ လူအားလုံး ထာဝရအသက် အလားအလာ​ရ​အော​င် ရွေးနုတ်ဖိုး​အားဖြင့် ယေဟောဝါ မေတ္တာပါ​စွာ ပြင်ဆင်ပေး​ထားကြောင်း လူတွေ သိ​ဖို့လိုတယ်။ ရွေးနုတ်ဖိုး​က ဒီထက်မက ပြီးမြောက်​ပါ​သေးတယ်။ ဧဒင်ဥယျာ​ဉ်​မှာ စာတန်​ပေါ်ပေါက်​စေ​ခဲ့တဲ့ ကျင့်ဝတ်​အရေးကိစ္စ​တွေကို ယေရှုရဲ့ ပူဇော်​သက္ကာ​က ဘယ်လို ဖြေရှင်း​ပေး​သလဲ​ဆိုတာ နောက်​ဆောင်းပါးမှာ ဆွေးနွေးကြ​ပါမယ်။