မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရှေ့ဆောင် ဂျော့ရိုစတန်နဲ့ အာသာဝီလီတို့ ကားရေတိုင်ကီမှာ ရေဖြည့်နေစဉ်။—မြောက်ပိုင်းဒေသ၊ ၁၉၃၃

မော်ကွန်းတိုက်​မှ

“ရှည်လျားကြမ်းတမ်းလွန်းတဲ့ လမ်းရယ်လို့ မရှိဘူး”

“ရှည်လျားကြမ်းတမ်းလွန်းတဲ့ လမ်းရယ်လို့ မရှိဘူး”

၁၉၃၇၊ မတ်လ​မှာ ပင်ပန်းနွမ်းနယ်​နေတဲ့ ခရီးသွား​နှစ်ယောက်​ဟာ ဩစတြေးလျ​နိုင်ငံ၊ ဆစ်ဒနီ​မြို့ထဲ ညစ်ပေ​နေတဲ့​ကား​ကို ဖြည်းဖြည်း​မောင်း ဝင်​လာတယ်။ လွန်ခဲ့တဲ့​နှစ်​က ထွက်​သွားပြီး လမ်းခရီး​တစ်လျှောက် ဝေးလံ​ခက်ခဲကြမ်းတမ်း​တဲ့ နေရာတွေ​ကို မိုင် ၁၂,၀၀၀ (၁၉,၃၀၀ ကီလိုမီတာ) ခရီးနှင်​ခဲ့ကြတယ်။ ဒီ​လူတွေဟာ စူးစမ်းရှာဖွေ​သူတွေ၊ စွန့်စား​သွားလာ​သူတွေ​တော့ မဟုတ်​ကြဘူး။ ဩစတြေးလျ​တိုက်​တစ်ဝန်း ဘုရားနိုင်ငံတော်​သတင်း ရောက်ရှိ​ဖို့ ဆုံးဖြတ်​ထားတဲ့၊ စိတ်​ထက်သန်တဲ့ ရှေ့ဆောင် အာသာ​ဝီလီ​နဲ့ ဘီလ် နူး​လန်း​တို့​ပါပဲ။

ဩစတြေးလျ​နိုင်ငံ​က ကျမ်းစာကျောင်းသား * အနည်းငယ်​ဟာ ၁၉၂၀ ပြည့်လွန်နှစ် နှောင်းပိုင်း​အထိ ဆိပ်ကမ်းမြို့​တွေ၊ မြို့ကြီး​တွေမှာ​ပဲ အဓိက ဟောပြော​ခဲ့ကြတယ်။ ခြောက်သွေ့​တဲ့၊ လူဦးရေ ပြန့်ကျဲ​တဲ့ ကုန်း​တွင်း​ပိုင်း​ဒေသ​ဟာ အမေရိကန်​နိုင်ငံရဲ့ ထက်ဝက်​လောက် ရှိတယ်။ ယေရှုရဲ့ နောက်လိုက်​တွေဟာ ဝေးခေါင်​တဲ့ ဩစတြေးလျ​ကုန်း​တွင်း​ပိုင်း အပါအဝင် “မြေကြီး​စွန်း​တိုင်အောင်” သက်သေခံ​ရမယ်​ဆိုတာ ညီအစ်ကိုတွေ ကောင်းကောင်း သိ​ထားကြ​တ​ယ်။ (တ. ၁:၈) ဒီ​တာဝန်​ကြီး​ကို ဘယ်လို ပြီးမြောက်​နိုင်မလဲ။ သူတို့ရဲ့ ကြိုးစားအားထုတ်​မှုကို ယေဟောဝါ ကောင်းချီးပေး​မယ်​ဆိုတာ အပြည့်အဝ ယုံကြည်​စိတ်ချ​ပြီး အကောင်းဆုံး လုပ်​ဆောင်ဖို့ ညီအစ်ကိုတွေ စိတ်ပိုင်းဖြတ်​ထားကြ​တ​ယ်။

ရှေ့ဆောင်​တွေ စတင်​ဟောပြော​ကြ

၁၉၂၉ ခုနှစ်မှာ ကွင်း​စ​လန်း​နဲ့ ဩစတြေးလျ​အနောက်ပိုင်း အသင်းတော်​တွေဟာ ကုန်း​တွင်း​ပိုင်း​ဒေသ​တွေမှာ ဟောပြော​ဖို့ ကား​တွေကို အသေအချာ ပြုပြင်တပ်ဆင်​ခဲ့ကြတယ်။ ခက်ခဲတဲ့ အခြေအနေတွေကို ကိုင်တွယ်​နိုင်ပြီး ကားပြင်​တတ်တဲ့ ဒူ​ပေ​နာ​ပေ​ခံ ရှေ့ဆောင်​တွေ​က ကား​တွေကို မောင်း​ကြ​တ​ယ်။ ဒီ​ရှေ့ဆောင်​တွေဟာ တစ်ခါ​မှ သက်သေ​မခံ​ဖူးတဲ့ ဒေသများ​စွာကို ရောက်ရှိ​ခဲ့ကြတယ်။

ကား​မရှိတဲ့ ရှေ့ဆောင်​တွေ​က စက်ဘီး​နဲ့ သွား​ကြ​တ​ယ်။ ဥပမာ၊ ၂၃ နှစ်အရွယ် ဘဲ​န်းနက် ဘ​ရ​စ်​ကယ်​ဟာ ကွင်း​စ​လန်း​ပြည်နယ်၊ ရော့ဟမ်​တန်​က​နေ ထွက်​ပြီး ဝေးခေါင်​တဲ့ မြောက်ပိုင်း​ဒေသ​မှာ ငါးလ​ကြာ သွားလာ​ဟောပြော​ခဲ့တယ်။ သူ့​စက်ဘီး​ပေါ်မှာ စောင်၊ အဝတ်အစား၊ အစားအသောက်၊ စာအုပ်တွေ အများကြီး သယ်​သွားတယ်။ စက်ဘီးတာယာ ပေါက်​သွား​တော့ ယေဟောဝါ လမ်းပြ​မယ်​ဆိုတာ ယုံကြည်စိတ်ချ​ပြီး ဆက်သွား​ခဲ့တယ်။ လူတွေ ရေငတ်​သေဆုံး​ခဲ့ဖူးတဲ့​နေ​ရာကို ဖြတ်​ပြီး မိုင် ၂၀၀ စက်ဘီး တွန်း​သွားခဲ့တယ်။ နောက်​အနှစ် ၃၀ ကျော်​အထိ ညီအစ်ကို ဘ​ရ​စ်​ကယ်​ဟာ ဩစတြေးလျ​နိုင်ငံ​တစ်ဝန်း စက်ဘီး၊ မော်တော်​ဆိုက်​ကယ်၊ ကား​တို့​နဲ့ မိုင်​သော​င်း​နဲ့​ချီ သွားလာ​ခဲ့တယ်။ မူလ​တိုင်းရင်းသား အ​ဘိုရီ​ဂျင်​တွေကို စတင်​ဟောပြောခဲ့ပြီး အသင်းတော်သစ်​တွေ တည်ထောင်​ပေး​ခဲ့တာ​မို့ ကုန်း​တွင်း​ပိုင်း​ဒေသ​မှာ လူသိများ​ပြီး လေးစား​ခံရတဲ့​သူ ဖြစ်လာတယ်။

အခက်အခဲတွေကို ကျော်လွှားခြင်း

ဩစတြေးလျ​နိုင်ငံ​ဟာ ကမ္ဘာပေါ်မှာ လူဦးရေ အကျဲ​ဆုံး​နိုင်ငံ​တစ်ခု ဖြစ်တယ်။ အထူးသဖြင့် ကုန်း​တွင်း​ပိုင်း​ဒေသ​တွေမှာ​ပေါ့။ ဒါကြောင့် ယေဟောဝါရဲ့ လူတွေဟာ တိုက်ကြီး​ရဲ့ ဝေးလံသီခေါင်​တဲ့ ဒေသ​တွေမှာ နေထိုင်သူ​တွေကို ရှာဖွေ​ဖို့ စိတ်ဓာတ်​ကြံ့ခိုင်မှု ပြ​ခဲ့ကြတယ်။

ရှေ့ဆောင် စ​တူး​ဝပ် ကယ်​လ​တီ​နဲ့ ဝီလျံ တို​ရင်​တန်​တို့ဟာ စိတ်ဓာတ်​ကြံ့ခိုင်​ကြောင်း ပြ​ခဲ့ကြ​သူတွေ​ပဲ။ သူတို့ဟာ ၁၉၃၃ ခုနှစ်မှာ ကြီးမားကျယ်ပြော​တဲ့ ဆီ​မ်​ဆန်​သဲကန္တာရ​ကို ဖြတ်​ပြီး တိုက်ကြီး​ရဲ့​အလယ်ပိုင်း အဲ​လ​စ်​စ​ပ​ရင်း​မြို့မှာ ဟောပြော​ခဲ့ကြတယ်။ သူတို့ရဲ့ ကား​လေး ပျက်​သွား​တော့ ထားခဲ့​ရတယ်။ သစ်သား​ခြေတု​တစ်ဖက်​နဲ့ ညီအစ်ကို ကယ်​လ​တီဟာ ဟောပြောခြင်း​ခရီး​ကို ဆက်သွား​ခဲ့တယ်။ အခုတော့ ကုလားအုတ်​နဲ့ သွား​လာတယ်။ ရှေ့ဆောင်​တွေရဲ့ ကြိုးစားမှု ရလဒ်ကောင်း​ခဲ့တယ်။ ဝီလျံ​ခရိခ် ရထား​ဘူတာရုံ​မှာ ဟိုတယ်​ပိုင်ရှင်​တစ်ယောက်နဲ့ တွေ့​ခဲ့ကြတယ်။ နောက်ပိုင်းမှာ ဟိုတယ်​ပိုင်ရှင် ချားလ် ဘန်းဟတ်ဟာ အမှန်တရားကို လက်ခံပြီး ဟိုတယ်​ကို ရောင်း​လိုက်တယ်။ ဩစတြေးလျ​နိုင်ငံရဲ့ အ​ခြောက်သွေ့​ဆုံး၊ အ​ဝေးလံ​ဆုံး ဒေသ​တချို့​မှာ တစ်ယောက်တည်း ၁၅ နှစ် ရှေ့ဆောင် လုပ်​ခဲ့တယ်။

ဩစတြးလျ ကုန်းတွင်းပိုင်းဒေသကြီးမှာ ဟောပြောခြင်းခရီးအတွက် အာသာဝီလီ ပြင်ဆင်နေစဉ်။—ပါသ်၊ ဩစတြေးလျအနောက်ပိုင်း၊ ၁၉၃၆

အစောပိုင်း ရှေ့ဆောင်​တွေဟာ ရင်ဆိုင်​ရမယ့် အခက်အခဲတွေကို ကျော်လွှား​ဖို့ ရဲစွမ်းသတ္တိ​နဲ့ ဇွဲရှိ​ဖို့ လိုအပ်​ခဲ့တယ်။ ဆောင်းပါး​အစပိုင်းမှာ ဖော်ပြထားတဲ့ အာသာ​ဝီလီ၊ ဘီလ်​နူး​လန်း​တို့ဟာ ဩစတြေးလျ ကုန်း​တွင်း​ပိုင်း ဟောပြောခြင်း မိုင် ၂၀ (၃၂ ကီလို​မီတာ) ခရီး​ကို နှစ်ပတ်​ကြာ ခက်ခက်ခဲခဲ သွား​ခဲ့ကြတယ်။ ဘာကြောင့်လဲဆိုတော့ မိုး​အသည်းအသန် ရွာ​လို့ သဲကန္တာရ​ဟာ ရွံ့​ပင်လယ်​ကြီး ဖြစ်သွား​လို့​ပါပဲ။ တစ်ခါတလေ သဲသောင်​ကြီး​တွေကို ချွေးတလုံးလုံး​နဲ့ ပင်ပင်ပန်းပန်း ဖြတ်​မောင်း​ခဲ့ကြတယ်။ ကျောက်​ပေါ​တဲ့ ချိုင့်ဝှမ်း​တွေကို ဖြတ်၊ သဲ​ထူ​တဲ့ ချောင်း​တွေကို ကူး​ကြရတယ်။ ကား​ပျက်​ရင် အနီးဆုံး​မြို့​ကို ရက်​အတော်ကြာ လမ်းလျှောက်၊ ဒါမှမဟုတ် စက်ဘီး စီး​သွားပြီး ကား​ပစ္စည်း ရတဲ့​အထိ သီတင်းပတ်​နဲ့​ချီ စောင့်​ရတယ်။ မကြာခဏ​လည်း ပျက်​တတ်တယ်။ ဒီလို​အခက်အခဲ​တွေ​ကြားမှာ အကောင်းမြင်​သဘောထားကို ထိန်းသိမ်း​ခဲ့ကြတယ်။ အာသာ​ဝီလီ​ရဲ့ စကားကို နောက်ပိုင်း ရွှေ​ခေတ် မဂ္ဂဇင်း​မှာ “ဘုရားရဲ့ သက်သေတွေ​အတွက် ရှည်လျား​ကြမ်းတမ်း​လွန်း​တဲ့လမ်း​ရယ်​လို့ မရှိဘူး” ဆိုပြီး ဖော်ပြ​ခဲ့တယ်။

ကုန်း​တွင်း​ပိုင်း​ရဲ့ တ​သီး​တခြား​ဖြစ်နေ​မှု၊ ခက်ခဲ​ကြမ်းတမ်းမှု​တွေ​က ယေဟောဝါနဲ့ ပို​ရင်းနှီး​စေတယ်​လို့ သက်တမ်းကြာ ရှေ့ဆောင် ချားလ်ဟာရီ ပြောခဲ့တယ်။ “ဘဝကို ပိုင်ဆိုင်ရာ နည်းနည်းလေး​နဲ့ ဖြတ်သန်း​တာ ပိုကောင်းပါ​တ​ယ်။ ယေရှု​တောင် လိုအပ်​လာ​ရင် အမိုး​အကာ မရှိဘဲ အိပ်​ဖို့ လိုလိုလားလား​ရှိ​မှတော့ ကျွန်တော်တို့လည်း လိုအပ်​လာ​ရင် အဲဒီလို ကျေကျေနပ်နပ် လုပ်​ရ​မှာပေါ့” လို့ပြောခဲ့တယ်။ ရှေ့ဆောင်များ​စွာ အဲ​ဒီအတိုင်း လုပ်​ခဲ့ကြတယ်။ သူတို့ရဲ့ မမော​နိုင်​မ​ပ​န်း​နိုင် ကြိုးစားအားထုတ်မှုကြောင့် တိုက်ကြီး​ရဲ့ နေရာအနှံ့​ကို သတင်းကောင်း ရောက်ရှိ​သွားပြီး လူများစွာ​ကို ဘုရားနိုင်ငံတော်​ဘက် ရပ်တည်​လာအောင် ကူညီပေး​ခဲ့ကြတယ်။

^ စာပိုဒ်၊ 4 ကျမ်းစာကျောင်းသား​တွေဟာ ယေဟောဝါသက်သေ​ဆိုတဲ့ နာမည်ကို ၁၉၃၁ ခုနှစ်မှာ ခံယူ​ခဲ့ကြတယ်။—ဟေ​ရှာ. ၄၃:၁၀