ဘဝအတ္ထုပ္ပတ္တိ
ပုံသက်သေကောင်းသူတွေဆီကနေ သင်ယူလို့ ကောင်းချီး ကြွယ်ဝစွာ ရရှိ
ငယ်ငယ်တုန်းက ကျွန်တော့်အတွက် အမှုဆောင်လုပ်ငန်းက သိပ်ခက်တယ်။ ကြီးလာတော့ ကိုယ်လုပ်နိုင်မယ်လို့ မထင်တဲ့ တာဝန်တွေ ရလာတယ်။ အဲဒီစိုးရိမ်မှုတွေကို ကျော်လွန်ပြီး အချိန်ပြည့်သက်တမ်း ၅၈ နှစ်အတွင်း ကောင်းချီးများစွာ ရနိုင်ဖို့ ပုံသက်သေကောင်းသူတွေ ဘယ်လို ကူညီပေးခဲ့တယ်ဆိုတာ ပြောပြပါရစေ။
ကနေဒါနိုင်ငံ၊ ပြင်သစ်စကားပြော ကွီဘက်ပြည်နယ်၊ ကွီဘက်မြို့မှာ ကျွန်တော် မွေးလာတယ်။ မိဘတွေဖြစ်တဲ့ လူဝီနဲ့ ဇာလီယာတို့ရဲ့ မေတ္တာရိပ်အောက်မှာ ကြီးပြင်းလာတယ်။ အဖေက ခပ်အေးအေးသမား။ စာဖတ်ဝါသနာပါတယ်။ ကျွန်တော်က စာရေးရတာ ကြိုက်ပြီး သတင်းသမား ဖြစ်ချင်တာ။
ကျွန်တော် အသက် ၁၂ နှစ်လောက်မှာ အဖေ့အလုပ်ဖော် ရာဒေါ့ ဆူဆီနဲ့ သူ့မိတ်ဆွေတစ်ယောက် ကျွန်တော်တို့အိမ်ကို လာလည်တယ်။ သူတို့က ယေဟောဝါသက်သေတွေ။ သက်သေခံတွေအကြောင်း ကျွန်တော် သိပ်မသိဘူး။ သူတို့ရဲ့ ဘာသာရေးကိုလည်း အထူးတလည် စိတ်မဝင်စားဘူး။ ဒါပေမဲ့ မေးခွန်းတွေကို ကျမ်းစာသုံးပြီး အဖြေပေးတာကိုတော့ လေးစားမိတယ်။ မိဘတွေလည်း သဘောကျသွားပြီး ကျမ်းစာလေ့လာဖို့ လက်ခံလိုက်တယ်။
အဲဒီတုန်းက ကျွန်တော် ကက်သလစ်ကျောင်း တက်နေတာ။ ကျမ်းစာကနေ သိလာတာတွေကို အတန်းဖော်တွေကို တစ်ခါတလေ ပြောပြတယ်။ နောက်တော့ စာသင်ပေးတဲ့ ဘုန်းကြီးတွေ သိသွားတယ်။ ကျွန်တော် ပြောတာ မှားကြောင်း ကျမ်းစာနဲ့ ထောက်ပြမယ့်အစား ပုန်ကန်တဲ့သူလို့ တစ်တန်းလုံးရှေ့မှာ စွပ်စွဲတယ်။ စိတ်ကသိကအောက် ဖြစ်ပေမဲ့ ကျောင်းမှာ သင်ပေးတဲ့ ဘာသာရေး သွန်သင်ချက်တွေဟာ ကျမ်းစာနဲ့ မညီမှန်း သိလိုက်ရတာ အမြတ်ပဲ။ ဒီကျောင်းမှာ ဆက်နေလို့ မဖြစ်တော့တဲ့အတွက် မိဘတွေရဲ့ ခွင့်ပြုချက်နဲ့ ကျောင်းပြောင်းလိုက်တယ်။
အမှုဆောင်လုပ်ငန်းကို မြတ်နိုးလာ
ကျမ်းစာ ဆက်လေ့လာပေမဲ့ တစ်အိမ်တက်ဆင်း သွားရမှာ ကြောက်လို့ တိုးတက်မှု နှေးကွေးနေတယ်။ အလွန်ဩဇာကြီးတဲ့
ကက်သလစ်ချာ့ခ်ျက ဟောပြောခြင်းလုပ်ငန်းကို အကြီးအကျယ် ဆန့်ကျင်တယ်။ ကွီဘက်ပြည်နယ်အမတ် မောရစ် ဒူပလေစီက ချာ့ခ်ျရဲ့ အလိုတော်ရိ။ လူတွေက သူ့အားကိုးနဲ့ သက်သေခံတွေကို နှောင့်ယှက်တိုက်ခိုက်ကြတယ်။ ဟောပြောဖို့ တကယ်သတ္တိလိုတယ်။ကြောက်စိတ်ကို အနိုင်ယူဖို့ ကူညီပေးတဲ့ ညီအစ်ကိုတစ်ယောက်ကတော့ ဂျွန်ရာပါပဲ။ ဂျွန်ဟာ ကိုးကြိမ်မြောက် ဂိလဒ်ကျောင်းဆင်းဖြစ်ပြီး နူးညံ့တယ်၊ နှိမ့်ချတယ်၊ ချဉ်းကပ်ရလွယ်တဲ့ ဝါရင့်ညီအစ်ကိုဖြစ်တယ်။ ကျွန်တော့်ကို တိုက်ရိုက်ပြောဆိုဆုံးမတာ သိပ်မရှိပေမဲ့ ပုံသက်သေနဲ့တော့ သင်ပေးတယ်။ ဂျွန်က ပြင်သစ်စကား သိပ်မပြောတတ်လို့ အမှုဆောင်မှာ ကျွန်တော် ကူညီပေးလေ့ရှိတယ်။ ဒီလိုပေါင်းသင်းမှုကြောင့် တဖြည်းဖြည်း ကျွန်တော် သတ္တိရှိလာတယ်။ သက်သေခံတွေနဲ့ တွေ့ပြီး ဆယ်နှစ်အကြာ ၁၉၅၁၊ မေ ၂၆ မှာ နှစ်ခြင်းခံခဲ့တယ်။
ကွီဘက် အသင်းတော်လေးမှာ အများစုက ရှေ့ဆောင်တွေ။ သူတို့ကြောင့် ကျွန်တော်လည်း ရှေ့ဆောင်လုပ်ဖို့ တွန်းအားရလာတယ်။ အဲဒီတုန်းက တစ်အိမ်တက်ဆင်းမှာ ကျမ်းစာပဲ သုံးရတယ်။ စာပေတွေ မရှိလို့ ကျမ်းစာကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်လာတယ်။ အမှန်တရားကို ကာကွယ်ဖို့ ကျမ်းချက်တွေကို ပိုသိအောင် ကြိုးစားရတယ်။ ဒါပေမဲ့ လူတွေက ကက်သလစ်ချာ့ခ်ျ တရားဝင် ခွင့်ပြုထားတဲ့ ကျမ်းစာ မဟုတ်ရင် မဖတ်ချင်ကြဘူး။
၁၉၅၂ မှာ ဒေသခံ သစ္စာရှိ ညီအစ်မ ဆီမဲန် ပေထရီနဲ့ လက်ထပ်လိုက်ပြီး မွန်ထရီအောမြို့ကို ပြောင်းခဲ့တယ်။ တစ်နှစ်အတွင်း သမီး လဇ်ကို ရလာတယ်။ အိမ်ထောင်မကျခင်လေးမှာ ရှေ့ဆောင်နားလိုက်ပေမဲ့ မိသားစုလိုက် အသင်းတော် လုပ်ဆောင်မှုတွေမှာ အပြည့်အဝ ပါဝင်နိုင်အောင် ဘဝကို ရိုးရိုးရှင်းရှင်းထားတယ်။
ဆယ်နှစ်လောက်ကြာပြီးနောက် အမှုဆောင်လုပ်ငန်းကို တိုးချဲ့ဖို့ ပြန်စဉ်းစားမိတယ်။ ၁၉၆၂၊ ကနေဒါ ဗေသလမှာ ကျင်းပတဲ့ အကြီးအကဲတွေအတွက် နိုင်ငံတော် ဓမ္မအမှုသင်တန်းကို တက်ရတယ်။ ညီအစ်ကို ကာမဲလ် ဝေါလက်နဲ့ တစ်ခန်းတည်း နေရတယ်။ မိသားစုရှိတဲ့ကြား အမှုဆောင်လုပ်ငန်းမှာ စိတ်ထက်သန်တဲ့ ကာမဲလ်ကို လေးစားမိတယ်။ အဲဒီတုန်းက ကလေးရှိတဲ့ မိဘတွေ ရှေ့ဆောင်လုပ်တာ ကွီဘက်မှာ မကြားဖူးသလောက်ပဲ။ ဒါပေမဲ့ ရှေ့ဆောင်လုပ်ဖို့ ကာမဲလ် ပန်းတိုင်ထားတယ်။ ကိုယ့်အခြေအနေကို ပြန်ဆန်းစစ်ဖို့ ကျွန်တော့်ကို သူ အားပေးတယ်။ လအနည်းငယ်ကြာပြီးနောက် ကျွန်တော် မှန်မှန်ရှေ့ဆောင် ပြန်လုပ်နိုင်မှန်း သိလာတယ်။ ကျွန်တော့် ဆုံးဖြတ်ချက်ကို တချို့ ဝေဖန်
ကြပေမဲ့ ယေဟောဝါ ကောင်းချီးပေးမယ်ဆိုတာ စိတ်ချလို့ ရှေ့ဆောင် စလုပ်တယ်။အထူးရှေ့ဆောင်အဖြစ် ကွီဘက်မြို့ကို ပြန်ပြောင်းလာ
၁၉၆၄၊ ဇာတိမြို့ ကွီဘက်မှာ အထူးရှေ့ဆောင်တွေအဖြစ် ကျွန်တော်နဲ့ ဆီမဲန် တာဝန်ခန့်အပ်ခံရတယ်။ နောက်နှစ်အတော်များများ အဲဒီမှာ အမှုဆောင်ခဲ့တယ်။ ဆန့်ကျင်မှုတွေ အတော်နည်းသွားပေမဲ့ ရှိနေတုန်းပဲ။
စနေနေ့ တစ်ရက် နေ့လယ်ပိုင်းမှာ ကွီဘက်မြို့နဲ့ သိပ်မဝေးတဲ့ စိန့်မာရီမြို့လေးမှာ ကျွန်တော် အဖမ်းခံရတယ်။ ခွင့်ပြုချက်မရှိဘဲ တစ်အိမ်တက်ဆင်း ဟောလို့ ရဲက စခန်းခေါ်သွားပြီး အချုပ်ချလိုက်တယ်။ ခက်ထန်တဲ့ တရားသူကြီး ဘိုင်ယာဇိုးက ကျွန်တော့်ကို အမှုစစ်တယ်။ ကျွန်တော့် ရှေ့နေ ဘယ်သူလဲလို့ မေးတော့ လူသိများတဲ့ သက်သေခံ ရှေ့နေ ဂလန်းဟောင်း *လို့လည်း ပြောလိုက်ရော တရားသူကြီးက “သူနဲ့တော့ မဖြစ်ဘူး” လို့ ပျာပျာသလဲ ပြောတယ်။ အဲဒီတုန်းက ဂလန်းဟောင်းဟာ သက်သေခံတွေဘက်က အမှုလိုက်ပေးရာမှာ အောင်မြင်တဲ့ ရှေ့နေဖြစ်တယ်။ မကြာခင်မှာပဲ တရားရုံးက ကျွန်တော့်အမှုကို ပိတ်သိမ်းလိုက်တယ်။
ကွီဘက်မှာ ကြုံရတဲ့ ဆန့်ကျင်မှုကြောင့် အစည်းအဝေးလုပ်ဖို့ နေရာ ရှာရတာလည်း ခက်တယ်။ ကျွန်တော်တို့ အသင်းတော်လေးအတွက် အပူပေးစနစ် မရှိတဲ့ ဂိုဒေါင်အဟောင်းတစ်လုံးပဲ ရှာတွေ့တယ်။ ချမ်းအေးလှတဲ့ ဆောင်းရာသီမှာ အပူဓာတ်ရဖို့ လောင်စာဆီသုံး အပူပေးစက်ကို သုံးရတယ်။ အစည်းအဝေး မစခင် နာရီပိုင်းအလိုမှာ အဲဒီစက်နား ဝိုင်းထိုင်ပြီး အားရှိစရာ တွေ့ကြုံမှုတွေ ကျွန်တော်တို့ ဖလှယ်လေ့ရှိတယ်။
နှစ်တွေတစ်လျှောက် ဟောပြောခြင်းလုပ်ငန်းရဲ့ ရလဒ်ကောင်းတွေကို တွေ့ရတာ ဝမ်းသာစရာပဲ။ ၁၉၆၀ ပြည့်လွန်နှစ်တွေတုန်းက ကွီဘက်၊ ကုတ်နော့၊ ဂက်စ်ပါ ကျွန်းဆွယ်တစ်ဝိုက်မှာ အသင်းတော် နည်းနည်းပဲ ရှိတယ်။ ဒါပေမဲ့ အခု အဲဒီဒေသတွေမှာ ညီအစ်ကို/မများစွာ ရှိနေပြီး လှပတဲ့ နိုင်ငံတော်ခန်းမတွေမှာ ဝတ်ပြုနေကြပြီ။
နယ်လှည့်လုပ်ငန်းအတွက် ဖိတ်ခေါ်ခံရ
၁၉၇၀ မှာ တိုက်နယ်လုပ်ဖို့ ကျွန်တော်တို့ ဖိတ်ခေါ်ခံရတယ်။ ၁၉၇၃ ရောက်တော့ ခရိုင်ကြီးကြပ်မှူး တာဝန်ရတယ်။ အဲဒီနှစ်တွေအတွင်း နယ်လှည့်ကြီးကြပ်မှူး ညီအစ်ကို လော်ရေ ဆိုနမူအာ၊ * ဒေးဗစ် စပလိန်း * စတဲ့ အရည်အချင်းရှိ ညီအစ်ကိုတွေဆီကနေ အများကြီး သင်ယူခဲ့ရတယ်။ အစည်းအဝေးကြီးတွေ ပြီးတိုင်း သွန်သင်ခြင်းစွမ်းရည် တိုးတက်နိုင်ပုံနဲ့ပတ်သက်ပြီး ဒေးဗစ်နဲ့ ကျွန်တော် အပြန်အလှန် အကြံပေးဖြစ်ကြတယ်။ တစ်ခေါက် ဒေးဗစ်က “လီယွန်၊ ခင်ဗျားရဲ့ နောက်ဆုံးဟောပြောချက်ကို ကျွန်တော် ကြိုက်တယ်။ ဒါပေမဲ့ ကျွန်တော်သာဆိုရင် အဲဒီအချက်အလက်တွေနဲ့ ဟောပြောချက် သုံးခုလောက် ပေးဖြစ်မှာ” လို့ ပြောတယ်။ ကျွန်တော့်ဟောပြောချက်မှာ အချက်အလက်တွေ များလွန်းသွားတယ်။ ကျစ်ကျစ်လျစ်လျစ် တင်ဆက်တတ်ဖို့ လိုနေသေးတယ်။
ခရိုင်ကြီးကြပ်မှူးတွေဟာ တိုက်နယ်ကြီးကြပ်မှူးတွေကို အားပေးဖို့ တာဝန်ရှိတယ်။ ဒါပေမဲ့ ကွီဘက်မှာ ကြေညာသူတွေက ကျွန်တော့်ကို ကောင်းကောင်း သိတယ်။ တိုက်နယ်ကြီးကြပ်မှူးနဲ့အတူ လည်ပတ်ချိန်မှာ ညီအစ်ကို/မတွေက ကျွန်တော်နဲ့ တွဲအမှုဆောင်ချင်ကြတယ်။ သူတို့နဲ့အတူ အမှုဆောင်ရတာ ကြိုက်ပေမဲ့ တိုက်နယ်ကြီးကြပ်မှူးကို ကျွန်တော် အချိန်မပေးနိုင်တော့ဘူး ဖြစ်သွားတယ်။ တစ်ခါတော့ တိုက်နယ်ကြီးကြပ်မှူးတစ်ယောက်က “ညီအစ်ကိုတွေကို အချိန်ပေးတာ ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဆီ လာလည်ပတ်တယ်ဆိုတာကိုတော့ မမေ့ပါနဲ့ဦး။ ကျွန်တော်လည်း အားပေးမှု လိုတယ်လေ” လို့ ပြောတယ်။ အဲဒီသတိပေးချက်က ဟန်ချက်ညီဖို့ ကျွန်တော့်ကို ကူညီပေးတယ်။
၁၉၇၆ မှာ မမျှော်လင့်ထားတဲ့ အဖြစ်ဆိုး ကြုံခဲ့ရတယ်။ ချစ်ရတဲ့ဇနီး ဆီမဲန် အပြင်းအထန် ဖျားနာပြီး သေဆုံးသွားတယ်။ ကိုယ်ကျိုးစွန့်စိတ်၊ ယေဟောဝါကို ချစ်တဲ့စိတ်ရှိတဲ့ ဆီမဲန်ဟာ တကယ့်အဖော်မွန်ကောင်းပါ။ အမှုဆောင်လုပ်ငန်းမှာ အလုပ်များနေတာက ဝမ်းနည်းမှုသက်သာဖို့ ကျွန်တော့်ကို ကူညီပေးတယ်။ အဲဒီခက်ခဲချိန်အတွင်း ယေဟောဝါ ထောက်မပေးလို့ ကျေးဇူးတင်လိုက်တာ။ နောက်ပိုင်း ထက်သန်တဲ့ အင်္ဂလိပ်စကားပြော ရှေ့ဆောင်ညီအစ်မ ကယ်ရိုလိုင်း အဲလီယက်နဲ့ လက်ထပ်လိုက်တယ်။ သူဟာ ပိုလိုအပ်တဲ့နေရာမှာ အမှုဆောင်ဖို့ ကွီဘက်ကို ရောက်လာတာ။ ကယ်ရိုလိုင်းဟာ ချဉ်းကပ်ရလွယ်ပြီး တခြားသူတွေ၊ အထူးသဖြင့် ရှက်တတ်သူ၊ အထီးကျန်သူတွေကို ဂရုစိုက်တတ်တယ်။ နယ်လှည့်လုပ်ငန်းမှာ ကျွန်တော့်ကို တကယ်ထောက်မပေးတယ်။
ထူးခြားတဲ့နှစ်
၁၉၇၈၊ ဇန်နဝါရီ၊ ကွီဘက်မှာ ကျင်းပတဲ့ ဦးဆုံး ရှေ့ဆောင်လုပ်ငန်းကျောင်းမှာ ပို့ချဖို့ ကျွန်တော် တာဝန်ရတယ်။ သင်ရိုးက ကျွန်တော့်အတွက်ကော သင်တန်းသားတွေအတွက်ပါ အသစ်ဆိုတော့ အတော် စိုးရိမ်မိတယ်။ ဦးဆုံးသင်တန်းမှာ အတွေ့အကြုံရှိ ရှေ့ဆောင်များစွာ ပါတယ်။ ကျွန်တော်က ပို့ချသူဖြစ်ပေမဲ့ သူတို့ဆီကနေ အများကြီး သင်ယူခဲ့ရတယ်။
၁၉၇၈၊ “အောင်ပွဲခံ ယုံကြည်ခြင်း” အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီးကို မွန်ထရီအောမြို့ အိုလံပစ် အားကစားရုံမှာ ကျင်းပတယ်။ ကွီဘက်မှာ ကျင်းပတဲ့ အကြီးဆုံး
အစည်းအဝေးကြီးဖြစ်ပြီး တက်ရောက်သူ ၈၀,၀၀၀ ကျော်ရှိတယ်။ အစည်းအဝေးကြီး သတင်းရေးရာဌာနမှာ ကျွန်တော် တာဝန်ရတယ်။ သတင်းထောက်တွေနဲ့ တွေ့ဆုံရတယ်။ သက်သေခံတွေအကြောင်း အကောင်းဘက်ကနေ ရေးခဲ့ကြလို့ ဝမ်းသာလိုက်တာ။ အင်တာဗျူးတွေကို တီဗီနဲ့ ရေဒီယိုမှာ နာရီ ၂၀ ကျော် ထုတ်လွှင့်ပြီး သတင်းဆောင်းပါး ရာပေါင်းများစွာ ထွက်လာတယ်။ သက်သေခံချက်ကောင်းပါပဲ။တာဝန်သစ်ဆီ ပြောင်းရွှေ့
၁၉၉၆ မှာ အပြောင်းအလဲကြီး ဖြစ်ခဲ့တယ်။ နှစ်ခြင်းခံပြီးကတည်းက ကွီဘက် ပြင်သစ်စကားပြော လယ်ကွင်းမှာ အမှုဆောင်ခဲ့တာ။ အခု တိုရွန်တို အင်္ဂလိပ်စကားပြော လယ်ကွင်းမှာ အမှုဆောင်ဖို့ တာဝန်ရတယ်။ အရည်အချင်း မပြည့်မီဘူးလို့ ခံစားရတယ်။ အင်္ဂလိပ်စကား မတောက်တခေါက်နဲ့ ဟောပြောချက်ပေးရမှာကို တွေးကြောက်မိတယ်။ ပိုဆုတောင်းပြီး ယေဟောဝါကို ပိုအားကိုးခဲ့ရတယ်။
အစပိုင်းမှာ စိုးရိမ်မိပေမဲ့ တိုရွန်တိုမှာ အမှုဆောင်ခဲ့တဲ့ နှစ်နှစ်အတွင်း သိပ်ပျော်ခဲ့ရတယ်။ အင်္ဂလိပ်စကားကို ရှောရှောရှူရှူ ပြောနိုင်အောင် ကယ်ရိုလိုင်း စိတ်ရှည်ရှည် ကူညီပေးတယ်။ ညီအစ်ကို/မတွေလည်း အားပေးကူညီကြတယ်။ မိတ်ဆွေသစ်တွေ အများကြီး ရလာတယ်။
အစည်းအဝေးကြီးအပတ်မှာ တာဝန်တွေ၊ ပြင်ဆင်စရာတွေ ရှိပေမဲ့ သောကြာနေ့ ညနေပိုင်းတွေမှာ တစ်နာရီလောက် တစ်အိမ်တက်ဆင်း သွားလေ့ရှိတယ်။ ‘ဒီလောက် အလုပ်များတာတောင် ဘာလို့ အမှုဆောင် သွားတာလဲ’ လို့ တချို့ တွေးမိမယ်။ အမှုဆောင်မှာ ပါဝင်တာက ကျွန်တော့်ကို လန်းဆန်းအားတက်စေတယ်။ အခုအချိန်အထိပါပဲ။
၁၉၉၈ မှာ ကယ်ရိုလိုင်းနဲ့ ကျွန်တော် မွန်ထရီအောမှာ အထူးရှေ့ဆောင်တွေအဖြစ် ပြန်တာဝန်ကျတယ်။ နှစ်အတော်များများ အများရှေ့ သက်သေခံခြင်းကို စီစဉ်ဖွဲ့စည်းပေးရပြီး ယေဟောဝါသက်သေတွေအပေါ် စိတ်စွန်းကွက်မှု လျော့နည်းစေဖို့ သတင်းမီဒီယာတွေနဲ့ တွဲအလုပ်လုပ်ရတယ်။ ကနေဒါကို ပြောင်းလာတဲ့ နိုင်ငံခြားသားတွေ၊ ကျမ်းစာအကြောင်း သိချင်သူတွေကို သက်သေခံရတာ သိပ်ပျော်တယ်။
နှစ်ခြင်းခံချိန်ကစပြီး လွန်ခဲ့တဲ့ ၆၈ နှစ်ကို ပြန်တွေးကြည့်လိုက်ရင် တကယ်ကောင်းချီးရတယ်လို့ ခံစားရတယ်။ အမှုဆောင်လုပ်ငန်းကို နှစ်သက်လာလို့၊ အမှန်တရား သိလာအောင် တခြားသူတွေကို ကူညီပေးရလို့ သိပ်ပျော်တယ်။ သမီး လဇ်နဲ့ ခင်ပွန်းလည်း သားသမီးတွေ ကြီးလာပြီးနောက် အခု မှန်မှန်ရှေ့ဆောင် လုပ်နေကြတယ်။ အမှုဆောင်လုပ်ငန်းမှာ သမီး ထက်သန်နေတာကို တွေ့ရတာ ဝမ်းသာလိုက်တာ။ ဘုရားရေးရာဘက် တိုးတက်လာဖို့၊ တာဝန်အမျိုးမျိုး ကိုင်တွယ်တတ်လာဖို့ ကူညီပေးတဲ့ ပုံသက်သေကောင်းသူတွေကို သိပ်ကျေးဇူးတင်ပါတယ်။ ယေဟောဝါရဲ့ သန့်ရှင်းသော စွမ်းအားတော်ကို အားကိုးမှ သစ္စာရှိရှိ အမှုဆောင်နိုင်မယ်ဆိုတာ သိခဲ့ရတယ်။ (ဆာ. ၅၁:၁၁) နာမတော်ကို ချီးမွမ်းခွင့် ပေးတဲ့ ယေဟောဝါကို အမြဲ ကျေးဇူးတင်ပါတယ်။—ဆာ. ၅၄:၆။
^ အပိုဒ်၊ 16 ၂၀၀၀၊ ဧပြီ ၂၂ ရက်ထုတ် နိုးလော့! (အင်္ဂလိပ်) မှာပါတဲ့ ညီအစ်ကို ဂလန်းဟောင်းရဲ့ ဘဝအတ္ထုပ္ပတ္တိကို ကြည့်ပါ။
^ အပိုဒ်၊ 20 ညီအစ်ကို လော်ရေ ဆိုမူအာရဲ့ ဘဝအတ္ထုပ္ပတ္တိကို ၁၉၇၆၊ နိုဝင်ဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင် (အင်္ဂလိပ်) မှာ ကြည့်ပါ။
^ အပိုဒ်၊ 20 ဒေးဗစ် စပလိန်းဟာ ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေး အဖွဲ့ဝင်အဖြစ် အမှုဆောင်နေတယ်။