မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၈

စမ်းသပ်မှု ကြုံရတဲ့အခါ ဝမ်းမြောက်နေနိုင်ပုံ

စမ်းသပ်မှု ကြုံရတဲ့အခါ ဝမ်းမြောက်နေနိုင်ပုံ

“ညီအစ်ကို​တို့၊ စမ်းသပ်မှု အမျိုးမျိုး ကြုံ​ရတဲ့အခါ ဝမ်းမြောက်စရာ​ပဲ​လို့ ယူမှတ်​ကြ​ပါ။”—ယာ. ၁:၂

သီချင်း ၁၁၁ တို့​ဝမ်းမြောက်​ရတဲ့ အကြောင်း​များ

အကြို​သုံးသပ်ချက် *

၁-၂။ မဿဲ ၅:၁၁ အရ စမ်းသပ်မှု​တွေ​ကို ဘယ်လို ရှုမြင်​သင့်သလဲ။

မိမိ​နောက်လိုက်​တွေ စစ်မှန်​တဲ့ ပျော်ရွှင်မှု ရမယ်​လို့ ယေရှု ကတိပေး​တယ်။ စမ်းသပ်မှု​တွေ ကြုံ​ရမယ်​လို့​လည်း သတိပေး​တယ်။ (မ. ၁၀:၂၂၊ ၂၃။ လု. ၆:၂၀-၂၃) ခရစ်တော်​ရဲ့ တပည့် ဖြစ်ခွင့် ရလို့ ကျွန်တော်​တို့ ပျော်​ကြတယ်။ ဒါပေမဲ့ မိသားစုဝင်​တွေ ဆန့်ကျင်​တဲ့​အခါ၊ အစိုးရ နှိပ်စက်​ညှဉ်းပန်း​တဲ့​အခါ၊ အမှား​လုပ်ဖို့ အလုပ်ဖော်၊ အတန်းဖော်​တွေ ဖိအားပေး​တဲ့​အခါ ဘယ်လို ခံစား​ရသလဲ။ စိတ်ဖိစီး​လာနိုင်တယ်။

နှိပ်စက်​ညှဉ်းပန်း​ခံရ​တာ​ကို ဝမ်းမြောက်စရာ​လို့ လူတွေ ရှုမြင်​လေ့​မရှိဘူး။ ဒါပေမဲ့ ကျမ်းစာ​မှာ​တော့ အဲဒီလို ရှုမြင်ဖို့ ပြော​တယ်။ ဥပမာ၊ စမ်းသပ်မှု ကြုံ​ရတဲ့အခါ ထူပူ​သွားမယ့်​အစား ဝမ်းမြောက်စရာ​လို့ ယူမှတ်​သင့်​ကြောင်း တပည့်တော် ယာကုပ် ရေးတယ်။ (ယာ. ၁:၂၊ ၁၂) ညှဉ်းဆဲ​ခံရတဲ့​အခါမှာ​တောင် ပျော်ရွှင်​သင့်တယ်လို့ ယေရှုလည်း ပြော​တယ်။ (မဿဲ ၅:၁၁ ကို​ဖတ်ပါ။) စမ်းသပ်မှု​တွေ​ကြား​မှာ​တောင် ဘယ်လို ဝမ်းမြောက်နေ​နိုင်​မလဲ။ အစောပိုင်း ခရစ်ယာန်​တွေဆီ ယာကုပ် ရေး​တဲ့ စာ​ကနေ များစွာ သင်ယူနိုင်တယ်။ ဦးဆုံး၊ သူတို့ ကြုံ​ရတဲ့ စမ်းသပ်မှု​တွေ​ကို သုံးသပ်ကြည့်​ကြ​စို့။

ပထမ​ရာစု ခရစ်ယာန်​တွေ ကြုံ​ရတဲ့ စမ်းသပ်မှု​များ

၃။ ယာကုပ် တပည့် ဖြစ်လာ​ပြီး သိပ်​မကြာခင် ဘာတွေ ဖြစ်သလဲ။

ယေရှုရဲ့ မိတူ​ဖကွဲ​ညီ ယာကုပ် တပည့် ဖြစ်လာ​ပြီး သိပ်​မကြာခင် ဂျေရုဆလင်​မြို့မှာ ခရစ်ယာန်​တွေ နှိပ်စက်​ညှဉ်းဆဲ​ခံရ​တယ်။ (တ. ၁:၁၄။ ၅:၁၇၊ ၁၈) တပည့် သတေဖန် အသတ်ခံ​လိုက်ရ​ပြီး​နောက် ဂျေရုဆလင်​မြို့ကနေ ခရစ်ယာန်​တွေ ထွက်ပြေး​ပြီး “ယုဒပြည်၊ ရှမာရိ​ပြည်​အနှံ့ ကွဲလွင့်​သွားတယ်။” နောက်ပိုင်း၊ ဆိုက်​ပရပ်​ကျွန်း​နဲ့ အန္တိအုတ်မြို့​အထိ ရောက်သွား​တယ်။ (တ. ၇:၅၈–၈:၁။ ၁၁:၁၉) အခက်အခဲ​များစွာ ကြုံ​ရပေမဲ့ ရောက်တဲ့​နေရာမှာ သတင်းကောင်း ထက်သန်​စွာ ဟော​ကြ​တဲ့​အတွက် ရောမ အင်ပါယာ​တစ်ခွင် အသင်းတော်​တွေ တည်ထောင်​နိုင်​ခဲ့တယ်။ (၁ ပေ. ၁:၁) ဒါပေမဲ့ ဒီထက် ပို​ခက်ခဲ​တာ​တွေ ကြုံ​ရဦးမယ်။

၄။ တခြား ဘယ်​စမ်းသပ်မှု​တွေ​ကို အစောပိုင်း ခရစ်ယာန်​တွေ ကြုံ​ရသလဲ။

အစောပိုင်း ခရစ်ယာန်​တွေ​ဟာ စမ်းသပ်မှု အမျိုးမျိုး ကြုံခဲ့​ရတယ်။ ဥပမာ၊ အေဒီ ၅၀ လောက်​မှာ ဂျူး​အားလုံး​ကို ရောမမြို့​ကနေ ထွက်သွား​ဖို့ ရောမ ဧကရာဇ် ကလောဒိ အမိန့်​ထုတ်တယ်။ ဒါ​ကြောင့် ခရစ်ယာန် ဖြစ်လာ​တဲ့ ဂျူး​တွေ​ဟာ အိုး​ပစ်​အိမ်​ပစ်​နဲ့ တခြား​နေရာတွေကို ပြောင်းရွှေ့​နေထိုင်​ရတယ်။ (တ. ၁၈:၁-၃) အေဒီ ၆၁ လောက်​မှာ တမန်​တော် ပေါလု​က ခရစ်ယာန်​တွေ လူရှေ့​သူ​ရှေ့မှာ ကဲ့ရဲ့​ရှုတ်ချ​ခံရ​တယ်၊ ထောင်ချ​ခံရ​တယ်၊ ပိုင်ဆိုင်ရာ​တွေ လုယက်​ခံရ​တယ်လို့ ရေးတယ်။ (ဟီ. ၁၀:၃၂-၃၄) တခြား​သူတွေလို​ပဲ ခရစ်ယာန်​တချို့ဟာ ဆင်းရဲမှု၊ ဖျားနာ​မှု ကြုံ​ရတယ်။—ရော. ၁၅:၂၆။ ဖိ. ၂:၂၅-၂၇

၅။ ဘယ်​မေးခွန်းတွေကို ဆွေးနွေး​သွားမလဲ။

ယာကုပ်​ကျမ်း​ကို အေဒီ ၆၂ မတိုင်ခင်​မှာ ရေးတယ်။ ညီအစ်ကို/မ​တွေ ကြုံနေ​ရတဲ့ အခက်အခဲတွေကို ယာကုပ် ကောင်းကောင်း သိတယ်။ စမ်းသပ်မှု ကြုံရ​ချိန်မှာ​တောင် ဝမ်းမြောက်နေ​ဖို့ ကူညီပေး​မယ့် လက်တွေ့ကျ အကြံပြုချက်​တွေ​အကြောင်း အဲဒီ​ခရစ်ယာန်​တွေ​ဆီ စာရေး​ဖို့ ယာကုပ်​ကို ယေဟောဝါ လမ်းညွှန်တယ်။ ယာကုပ် ရေးခဲ့တဲ့ စာ​ကို သုံးသပ်​ပြီး ဒီ​မေးခွန်းတွေရဲ့ အဖြေကို ဆွေးနွေး​သွားပါမယ်– ယာကုပ် ပြော​တဲ့ ဝမ်းမြောက်မှု​ဆိုတာ ဘာလဲ။ ဘာတွေ​က ခရစ်ယာန်​တစ်ယောက်​ရဲ့ ဝမ်းမြောက်မှု​ကို ပျောက်ဆုံး​သွား​စေနိုင်​သလဲ။ ဘယ်​စမ်းသပ်မှု​ပဲ ကြုံ​ရ​ပါစေ ဝမ်းမြောက်နေ​နိုင်​ဖို့ ဉာဏ်ပညာ၊ ယုံကြည်ခြင်း၊ ရဲစွမ်းသတ္တိ​က ဘယ်လို ကူညီပေး​နိုင်​သလဲ။

ခရစ်ယာန်​တစ်ယောက်ကို ဝမ်းမြောက်​စေ​တဲ့ အရာ

မီးအိမ်​ထဲမှာ မပြတ် တောက်လောင်​နေတဲ့ မီးတောက်​လို​ပဲ ယေဟောဝါ ပေး​တဲ့ ဝမ်းမြောက်ခြင်းဟာ ခရစ်ယာန်​တစ်ယောက်​ရဲ့ စိတ်နှလုံး​ထဲမှာ မပြတ် တောက်လောင်​နေ (စာပိုဒ် ၆ ကို​ကြည့်​ပါ)

၆။ လုကာ ၆:၂၂၊ ၂၃ အရ စမ်းသပ်မှု ကြုံရ​ချိန်မှာ​တောင် ဘာကြောင့် ဝမ်းမြောက်နေ​နိုင်​သလဲ။

ကျန်းမာ​ရေး ကောင်း​မှ၊ ပိုက်ဆံ အများကြီး ရှိ​မှ၊ မိသားစုမှာ ငြိမ်းချမ်း​နေ​မှ ပျော်​နိုင်​မယ်​လို့ လူတွေ ထင်​တတ်ကြ​တယ်။ ဒါပေမဲ့ ယာကုပ် ပြော​တဲ့ ဝမ်းမြောက်မှု​ဆိုတာ ဘုရားသခင့် စွမ်းအားတော်​ကြောင့် ဖြစ်ပေါ်​လာတဲ့ အရည်အသွေး ဖြစ်​ပြီး လူတစ်ယောက်ရဲ့ အခြေအနေ​ပေါ် မမူတည်​ဘူး။ (ဂလ. ၅:၂၂) ခရစ်ယာန်​တစ်ယောက်​ဟာ ယေဟောဝါ​ရဲ့ နှစ်သက်​လက်ခံမှု ရ​နေတယ်၊ ယေရှုရဲ့ ပုံသက်သေ​အတိုင်း လိုက်လျှောက်​နေတယ်​ဆို​တဲ့ အသိ​ကြောင့် ဝမ်းမြောက်တယ်။ (လုကာ ၆:၂၂၊ ၂၃ ကို​ဖတ်ပါ။ ကော. ၁:၁၀၊ ၁၁) အဲဒီ​ဝမ်းမြောက်မှု​ဟာ မီးအိမ်​ထဲမှာ တောက်လောင်​နေတဲ့ မီးတောက်​လို​ပဲ စိတ်နှလုံး​ထဲမှာ တောက်လောင်​နေတယ်။ ကျန်းမာ​ရေး မကောင်း​လို့၊ ပိုက်ဆံ သိပ်​မရှိလို့၊ မိသားစုဝင်​တွေ၊ တခြား​သူတွေ ကဲ့ရဲ့​ဆန့်ကျင်​လို့ ဝမ်းမြောက်မှု မပျောက်​သွား​ဘူး။ ကျွန်တော်​တို့​ရဲ့ ဝမ်းမြောက်မှု မီးကို ငြှိမ်းသတ်​ဖို့ ဆန့်ကျင်သူ​တွေ ကြိုးစား​တိုင်း ငြိမ်း​သွားမယ့်​အစား ပို​တောက်​လာတယ်။ ယုံကြည်ချက်​ကြောင့် စမ်းသပ်မှု ကြုံ​ရတာဟာ ခရစ်တော်​ရဲ့ တပည့်စစ် ဖြစ်​ကြောင်း အထောက်အထား​ပဲ။ (မ. ၁၀:၂၂။ ၂၄:၉။ ယော. ၁၅:၂၀) ဒါကြောင့် “ညီအစ်ကို​တို့၊ စမ်းသပ်မှု အမျိုးမျိုး ကြုံ​ရတဲ့အခါ ဝမ်းမြောက်စရာ​ပဲ​လို့ ယူမှတ်​ကြ​ပါ” ဆိုပြီး ယာကုပ် ရေးခဲ့တာ ဖြစ်တယ်။—ယာ. ၁:၂

စမ်းသပ်မှု​တွေ​ဟာ ဓားကို ပုံသွင်း​ဖို့ သုံးတဲ့ မီး​နဲ့ ဘယ်လို တူ​သလဲ (စာပိုဒ် ၇ ကို​ကြည့်​ပါ) *

၇-၈။ ယုံကြည်ခြင်း စမ်းသပ်ခံ​ရတဲ့အခါ ဘာ​အကျိုး​ရသလဲ။

ပြင်းထန်​တဲ့ စမ်းသပ်မှု​တွေ​ကို​တောင် ခရစ်ယာန်​တွေ လိုလိုလားလား ခံရပ်​တဲ့ နောက်​အကြောင်းရင်း ရှိသေးတယ်။ “စမ်းသပ်​ခံရ​တဲ့ ခင်ဗျား​တို့​ရဲ့ ယုံကြည်ခြင်းဟာ ခံနိုင်ရည်​ကို ဖြစ်စေ” တယ်လို့ ယာကုပ် ပြော​တယ်။ (ယာ. ၁:၃) ဓားကို ပုံသွင်း​တဲ့​အခါ သုံးတဲ့ မီး​နဲ့ စမ်းသပ်မှု​တွေ​ကို နှိုင်းယှဉ်​နိုင်တယ်။ အပူ​ပေး​ပြီး အအေး​ခံ​လိုက်တဲ့အခါ ဓား​က ပို​မာ​လာတယ်။ အဲဒီလိုပဲ၊ စမ်းသပ်မှု​တွေ​ကို ခံရပ်​တဲ့​အခါ ယုံကြည်ခြင်း ပို​ခိုင်ခံ့​လာတယ်။ ဒါ​ကြောင့် ‘ခံနိုင်ရည်​ကို အလုပ်​ပြီးမြောက်​အောင် လုပ်ဆောင်ခွင့်​ပေး​လိုက်ပါ။ ဒါဆိုရင် ခင်ဗျား​တို့​ဟာ လေ့ကျင့်မှု အပြည့်အဝ ရပြီး အရာရာမှာ လို​လေ​သေး မရှိ ဖြစ်လာ​လိမ့်မယ်’ လို့ ယာကုပ် ပြော​တာ ဖြစ်တယ်။ (ယာ. ၁:၄) စမ်းသပ်မှု​တွေ​ကြောင့် ယုံကြည်ခြင်း ပို​ခိုင်ခံ့​လာ​မှန်း သိတဲ့​အခါ ဝမ်းမြောက်​စွာ ခံရပ်​နိုင်​ပါ​လိမ့်မယ်။

ဝမ်းမြောက်မှု ပျောက်ဆုံး​သွား​စေနိုင်​တဲ့​အရာ​တချို့​ကိုလည်း စာ​ထဲမှာ ယာကုပ် ဖော်ပြ​တယ်။ အဲဒါတွေ​က ဘာတွေလဲ။ ဘယ်လို အောင်မြင်​ကျော်လွှား​နိုင်​မလဲ။

ဝမ်းမြောက်မှု မပျောက်ဆုံး​သွား​စေဖို့ လုပ်ဆောင်​နိုင်ရာ​များ

၉။ ဉာဏ်ပညာ ဘာကြောင့် လိုအပ်​သလဲ။

အခက်အခဲ– ဘာလုပ်​ရမယ်ဆိုတာ မသိ​ခြင်း။ စမ်းသပ်မှု ကြုံ​ရတဲ့အခါ ဘုရား​နှစ်သက်​မယ့်၊ သမာဓိ စောင့်ထိန်း​ဖို့ ကူညီပေး​မယ့်၊ ညီအစ်ကို/မ​တွေ​ကို အကျိုးပြုမယ့် ရွေးချယ်မှု​တွေ ပြုလုပ်​နိုင်​ဖို့ ယေဟောဝါ​ရဲ့ အကူအညီ လိုတယ်။ (ယေ. ၁၀:၂၃) ဘာလုပ်​ရမယ်၊ ဆန့်ကျင်သူ​တွေ​ကို ဘာ​ပြော​ရမယ်ဆိုတာ သိဖို့ ဉာဏ်ပညာ လိုတယ်။ ဒီလို​မှ မဟုတ်​ရင် ကူ​ကယ်​ရာ​မဲ့နေပြီလို့ ခံစား​ရပြီး ဝမ်းမြောက်မှု အလွယ်တကူ ပျောက်ဆုံး​သွားနိုင်တယ်။

၁၀။ ဉာဏ်ပညာ ရဖို့ ဘာလုပ်​ရမယ်​လို့ ယာကုပ် ၁:၅ မှာ ပြော​သလဲ။

၁၀ ဖြေရှင်း​နည်း– ​ယေဟောဝါ​ဆီ ဉာဏ်ပညာ တောင်းခံ​ပါ။ စမ်းသပ်မှု​တွေ​ကို ဝမ်းမြောက်​စွာ ခံရပ်​နိုင်​ဖို့​ဆိုရင် ဆုံးဖြတ်ချက်​ကောင်း​တွေ ချ​နိုင်​ဖို့ လိုအပ်​တဲ့ ဉာဏ်ပညာ​ကို ယေဟောဝါ​ဆီ တောင်းခံ​ရမယ်။ (ယာကုပ် ၁:၅ ကို​ဖတ်ပါ။) ဆုတောင်းချက်​တွေ​ကို ယေဟောဝါ ချက်ချင်း အဖြေ​မပေးဘူးလို့ ခံစားရ​ရင် ဘာ​လုပ်သင့်သလဲ။ “တောင်း​မြဲ တောင်း” သင့်တယ်လို့ ယာကုပ် ပြော​တယ်။ ဉာဏ်ပညာ ရဖို့ ကျွန်တော်​တို့ မပြတ် တောင်းခံ​နေတာကို ယေဟောဝါ စိတ်မပျက်​ဘူး။ မကဲ့ရဲ့​ဘူး။ “ရက်ရက်ရောရော ပေး” တယ်။ (ဆာ. ၂၅:၁၂၊ ၁၃) ကျွန်တော်​တို့ ကြုံနေ​ရတဲ့ စမ်းသပ်မှု​တွေ​ကို သိတယ်။ ကိုယ်ချင်းစာ​တယ်။ ကူညီပေး​ချင်စိတ် ပြင်းပြ​တယ်။ ဒါဟာ ကျွန်တော်​တို့ ဝမ်းမြောက်​ရတဲ့ အကြောင်းရင်း​တစ်ခု​ပါ​ပဲ။ ဒါဆိုရင် ယေဟောဝါ ဘယ်လိုနည်းနဲ့ ဉာဏ်ပညာ ပေး​သလဲ။

၁၁။ ဉာဏ်ပညာ ရဖို့ ဘာလုပ်​ရဦး​မလဲ။

၁၁ ယေဟောဝါ​က ကျမ်းစာ​က​တစ်ဆင့် ဉာဏ်ပညာ ပေးတယ်။ (ပညာ. ၂:၆) အဲဒီ​ဉာဏ်ပညာ ရဖို့ ကျမ်းစာနဲ့ ကျမ်းစာ​အခြေပြု စာပေ​တွေ လေ့လာ​ရမယ်။ ဒါပေမဲ့ လေ့လာ​ရုံ​နဲ့ မပြီး​ဘူး။ လက်တွေ့​ကျင့်​ရမယ်။ ‘တရား​စကားတော်​ကို ကြား​ရုံ ကြား​သူတွေ မဖြစ်​ဘဲ လက်တွေ့ကျင့်သုံး​သူတွေ ဖြစ်’ ဖို့ ယာကုပ် ပြော​တယ်။ (ယာ. ၁:၂၂) ဘုရားရဲ့ အကြံဉာဏ်​အတိုင်း လက်တွေ့​ကျင့်​တဲ့​အခါ ကျွန်တော်တို့ သင့်သင့်မြတ်မြတ် နေတတ်​လာမယ်။ အကျိုးသင့် အကြောင်းသင့် ရှိလာမယ်။ ကရုဏာ​နဲ့ ပြည့်စုံ​လာမယ်။ (ယာ. ၃:၁၇) အဲဒီ​အရည်အသွေးတွေ​က ဘယ်​စမ်းသပ်မှု​ကို​မဆို ဝမ်းမြောက်မှု မပျောက်ဆုံး​ဘဲ ခံရပ်​နိုင်​ဖို့ ကူညီပေး​တယ်။

၁၂။ ကျမ်းစာ​အသိပညာ ကောင်းကောင်း ရှိဖို့ ဘာကြောင့် အရေးကြီး​သလဲ။

၁၂ ကျမ်းစာ​ဟာ မှန်​နဲ့ တူတယ်။ ဘာလုပ်​ရမယ်၊ ဘယ်လို လုပ်ရမယ်​ဆိုတာ သိဖို့ ကူညီပေး​တယ်။ (ယာ. ၁:၂၃-၂၅) ဥပမာ၊ ကျမ်းစာ လေ့လာ​ပြီး​နောက်​မှာ ဒေါသ​ချုပ်ထိန်း​ဖို့ လို​နေမှန်း သိလာ​နိုင်တယ်။ ဒေါသ​ထွက်​စရာ လူတွေ၊ အခြေအနေ​တွေ​နဲ့ ကြုံ​ရတဲ့အခါ နူးညံ့​သိမ်မွေ့​မှု ဘယ်လို ပြ​နိုင်​မလဲ​ဆိုတာ ယေဟောဝါ​ရဲ့ အကူအညီ​နဲ့ သိလာတယ်။ ကျွန်တော်​တို့ နူးညံ့​သိမ်မွေ့​တဲ့​အခါ ပြဿနာ​တွေ​ကို ကောင်းကောင်း ဖြေရှင်း​နိုင်တယ်။ ရှင်းရှင်းလင်းလင်း တွေး​နိုင်​ပြီး ပိုကောင်း​တဲ့ ဆုံးဖြတ်ချက်​တွေ ချ​နိုင်တယ်။ (ယာ. ၃:၁၃) ကျမ်းစာ​အသိပညာ ကောင်းကောင်း ရှိနေဖို့ တကယ် အရေးကြီးတယ်။

၁၃။ ကျမ်းစာ​ဇာတ်ကောင်​တွေ​ရဲ့ ပုံ​နမူနာကို ဘာကြောင့် လေ့လာ​သင့်သလဲ။

၁၃ တစ်ခါ​တလေ အမှား လုပ်ပြီး​မှ မလုပ်သင့်​ဘူးဆို​တာ သိလာ​တတ်တယ်။ ဒါပေမဲ့ အထိ​နာ​ပြီး​မှ သင်ခန်းစာ ရတာ မကောင်း​ပါ​ဘူး။ ဉာဏ်ပညာ ရနိုင်တဲ့ နည်းလမ်း​ကောင်း​တစ်ခု​က​တော့ တခြား​သူတွေရဲ့ အောင်မြင်မှု၊ အမှားတွေ​ကနေ သင်ယူခြင်း​ပါ​ပဲ။ ဒါ​ကြောင့် ယာကုပ်​က အာဗြဟံ၊ ရာခပ်၊ ယောဘ၊ ဧလိယ စတဲ့ ကျမ်းစာ​ဇာတ်ကောင်​တွေ​ရဲ့ ပုံ​နမူနာကို လေ့လာ​ဖို့ အားပေးတာ ဖြစ်တယ်။ (ယာ. ၂:၂၁-၂၆။ ၅:၁၀၊ ၁၁၊ ၁၇၊ ၁၈) ယေဟောဝါ​ရဲ့ အဲဒီ​သစ္စာရှိ ကျေးကျွန်​တွေ​ဟာ ဝမ်းမြောက်မှု ပျောက်ဆုံး​သွား​စေနိုင်​တဲ့ စမ်းသပ်မှု​တွေ​ကို ခံရပ်​နိုင်​ခဲ့​ကြတယ်။ သူတို့ရဲ့ ခံနိုင်ရည် ပုံသက်သေ​က ကျွန်တော်​တို့​လည်း ယေဟောဝါ​ရဲ့ အကူအညီ​နဲ့ ခံရပ်​နိုင်​ကြောင်း သင်ပေးတယ်။

၁၄-၁၅။ သံသယစိတ်​ကို ဘာကြောင့် လျစ်လျူ​မ​ရှု​သင့်သလဲ။

၁၄ အခက်အခဲ– သံသယ​ရှိ​ခြင်း။ တစ်ခါ​တလေ ကျမ်းစာ​အကြောင်းအရာ​တစ်ခု​ကို နားလည်​ဖို့ ခက်​တာ ဒါမှ​မဟုတ် ကိုယ်​မျှော်လင့်​ထား​တဲ့ နည်း​အတိုင်း ဆုတောင်းချက်​တွေ​ကို ယေဟောဝါ မဖြေ​ပေး​တာ ဖြစ်​နိုင်တယ်။ အဲဒီအခါ သံသယ ဝင်လာ​နိုင်တယ်။ သံသယစိတ်​ကို လျစ်လျူရှု​ထားရင် ယုံကြည်ခြင်း အားနည်း​ပြီး ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး ထိခိုက်​လာနိုင်တယ်။ (ယာ. ၁:၇၊ ၈) အနာဂတ် မျှော်လင့်ချက်​တောင် ပျောက်ဆုံး​သွားနိုင်တယ်။

၁၅ တမန်​တော် ပေါလု​က အနာဂတ် မျှော်လင့်ချက်ကို ကျောက်ဆူး​နဲ့ ခိုင်းနှိုင်း​တယ်။ (ဟီ. ၆:၁၉) ကျောက်ဆူး​က မုန်တိုင်းထန်​ချိန်မှာ သင်္ဘော​ကို တည်ငြိမ်​နေ​စေတယ်။ ကျောက်ဆောင်​တွေ​နဲ့ မတိုက်မိ​အောင် ကာကွယ်​ပေး​တယ်။ ဒါပေမဲ့ သင်္ဘော​နဲ့ တွယ်​ဆက်​ထား​တဲ့ သံကြိုး ပြတ်​သွားရင် ကျောက်ဆူး ချထား​လည်း အကျိုးမရှိ​ဘူး။ သံချေး​တွေ​က သံကြိုး​ကို အားနည်းစေ​သလို သံသယစိတ်​က ယုံကြည်ခြင်းကို အားနည်းစေ​တယ်။ ဆန့်ကျင်မှု​တွေ ကြုံ​ရတဲ့အခါ သံသယစိတ် ရှိသူဟာ ကတိ​တွေ​ကို ယေဟောဝါ ပြည့်စုံ​စေမယ်​ဆို​တဲ့ ယုံကြည်​စိတ်ချမှု ပျောက်ဆုံး​သွားနိုင်တယ်။ ယုံကြည်ခြင်း ပျောက်ဆုံး​သွား​ရင် မျှော်လင့်ချက်လည်း ပျောက်ဆုံး​သွားတယ်။ ယာကုပ် ပြော​သလိုပဲ “သံသယစိတ် ရှိသူဟာ လေ​အရှိန်​ကြောင့် လှုပ်ရှား​နေတဲ့ ပင်လယ်​လှိုင်း​နဲ့ တူတယ်။” (ယာ. ၁:၆) အဲဒီလို​လူစားမျိုးဟာ ဘယ်တော့မှ ပျော်​မှာ မဟုတ်ဘူး။

၁၆။ သံသယ ရှိနေရင် ဘာ​လုပ်သင့်သလဲ။

၁၆ ဖြေရှင်း​နည်း– သံသယ ကင်းရှင်း​အောင် လုပ်ပါ၊ ယုံကြည်ခြင်း ခိုင်မာ​နေစေပါ။ ပြတ်ပြတ်သားသား လုပ်ဆောင်ပါ။ ပရောဖက် ဧလိယ​ခေတ်​မှာ ယေဟောဝါ​ရဲ့ လူမျိုးဟာ မပြတ်​မသား ဖြစ်နေ​တယ်။ “ခင်ဗျား​တို့ အယူအဆ နှစ်ခု​ကြား​မှာ ဘယ်လောက်​ကြာကြာ ချီတုံချတုံ ဖြစ်နေ​ကြ​မှာ​လဲ။ ယေဟောဝါ​ဟာ စစ်မှန်​တဲ့ ဘုရားသခင်​ဆိုရင် ကိုယ်တော့်​နောက်ကို လိုက်​ကြ။ ဗာလဟာ စစ်မှန်​တဲ့ ဘုရားသခင်​ဆိုရင် သူ့​နောက်ကို လိုက်​ကြ” လို့ ဧလိယ ပြော​တယ်။ (၁ ဘု. ၁၈:၂၁) ဒီနေ့ ကျွန်တော်​တို့​လည်း ယေဟောဝါ​ဟာ ဘုရားသခင် ဖြစ်​ကြောင်း၊ ကျမ်းစာ​ဟာ ဘုရား​နှုတ်​တော်​ထွက်​စကား ဖြစ်​ကြောင်း၊ ယေဟောဝါ​သက်သေတွေဟာ ဘုရား​လူမျိုး ဖြစ်​ကြောင်း ယုံကြည်​စိတ်ချ​နေဖို့ ရှာဖွေ​လေ့လာ​ရမယ်။ (၁ သက်. ၅:၂၁) ဒါမှ သံသယ ကင်းရှင်း​ပြီး ယုံကြည်ခြင်း ခိုင်မာ​နေမှာ ဖြစ်တယ်။ လိုအပ်​မယ်​ဆိုရင် အကြီးအကဲ​တွေ​ဆီ အကူအညီ တောင်း​နိုင်တယ်။ ယေဟောဝါ​ရဲ့ အမှုတော်မှာ ဝမ်းမြောက်နေ​နိုင်​ဖို့​ဆိုရင် ပြတ်ပြတ်သားသား လုပ်ဆောင်​ရမယ်။

၁၇။ သတ္တိ ပျောက်ဆုံး​သွား​ရင် ဘာဖြစ်​မလဲ။

၁၇ အခက်အခဲ– စိတ်ဓာတ်ကျ​ခြင်း။ “ဒုက္ခ​ရောက်ချိန်​မှာ စိတ်ဓာတ်​ကျနေ​ရင် အားလျော့​သွား​လိမ့်မယ်” လို့ ကျမ်းစာ​မှာ ပြော​တယ်။ (ပညာ. ၂၄:၁၀) “စိတ်ဓာတ်ကျ” လို့ ပြန်ဆို​တဲ့ ဟီဘရူး စကားလုံး​ဟာ “သတ္တိ ပျောက်ဆုံး” လို့​လည်း အဓိပ္ပာယ်​ရတယ်။ သတ္တိ ပျောက်ဆုံး​သွား​ရင် ဝမ်းမြောက်မှု​လည်း အလွယ်တကူ ပျောက်ဆုံး​သွားမယ်။

၁၈။ ခံနိုင်ရည်​ဆိုတာ ဘာကို ဆိုလို​သလဲ။

၁၈ ဖြေရှင်း​နည်း– ခံရပ်​နိုင်​တဲ့ သတ္တိ ပေးဖို့ ယေဟောဝါ​ကို အားကိုးပါ။ စမ်းသပ်မှု​တွေ​ကို ခံရပ်​နိုင်​ဖို့ သတ္တိ လိုအပ်​တယ်။ (ယာ. ၅:၁၁) ယာကုပ် ပြော​တဲ့ “ခံနိုင်ရည်” ဆိုတဲ့ စကားလုံး​ဟာ မိမိ​နေရာမှာ မြဲ​မြဲ ရပ်​နေတာကို ဆိုလို​တယ်။ ရန်သူ တိုက်ခိုက်​ပေမဲ့ နေရာ​ကနေ တစ်လက်မ​မှ မခွာ​ဘဲ သတ္တိရှိရှိ ရပ်နေတဲ့ စစ်သား​တစ်ယောက်လို​ပါ​ပဲ။

၁၉။ တမန်​တော် ပေါလု​ရဲ့ ပုံ​နမူနာ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။

၁၉ တမန်​တော် ပေါလု​ဟာ သတ္တိ၊ ခံနိုင်ရည် ပြ​ရာ​မှာ ပုံ​နမူနာ​ကောင်း ဖြစ်တယ်။ အားနည်းတယ်​လို့ ခံစား​ရတဲ့ အချိန်တွေ ရှိပေမဲ့ လိုအပ်​တဲ့ အစွမ်း​ခွန်အား ပေးဖို့ ယေဟောဝါ​ကို အားကိုး​တဲ့​အတွက် ခံရပ်​နိုင်​ခဲ့တယ်။ (၂ ကော. ၁၂:၈-၁၀။ ဖိ. ၄:၁၃) ကျွန်တော်​တို့​လည်း ယေဟောဝါ​ရဲ့ အကူအညီ လိုအပ်ကြောင်း နှိမ့်ချစွာ အသိအမှတ်ပြု​မယ်​ဆိုရင် အဲဒီလို အစွမ်း​ခွန်အား၊ ရဲစွမ်းသတ္တိ ရနိုင်ပါတယ်။—ယာ. ၄:၁၀

ဘုရား​နဲ့ ရင်းနှီးအောင် ကြိုးစား​ပါ၊ ဝမ်းမြောက်နေ​ပါ

၂၀-၂၁။ ဘာကို စိတ်ချ​နိုင်​သလဲ။

၂၀ စမ်းသပ်မှု​တွေ ကြုံ​ရတာဟာ ယေဟောဝါ ပြစ်ဒဏ်ပေး​တာ မဟုတ်မှန်း စိတ်ချ​နိုင်​ပါ​တယ်။ “စမ်းသပ်မှု ကြုံ​ရတဲ့အခါ ‘ငါ့ကို ဘုရားသခင် စမ်းသပ်​နေတာပဲ’ လို့ မပြော​ကြနဲ့။ မကောင်းတဲ့​အရာ​တွေ​နဲ့ ဘုရားသခင်​ကို ဘယ်သူမှ စမ်းသပ်​လို့ မရ​သလို ဘုရားသခင်​က​လည်း ဘယ်သူ့ကိုမှ မကောင်းတဲ့​အရာ​နဲ့ မစမ်းသပ်​ဘူး” လို့ ယာကုပ် ပြော​တယ်။ (ယာ. ၁:၁၃) အဲဒီ​အချက်​ကို ယုံကြည်​စိတ်ချ​နေမယ်​ဆိုရင် မေတ္တာရှင် ကောင်းကင်ဖခင်​နဲ့ ရင်းနှီး​နေပါလိမ့်မယ်။—ယာ. ၄:၈

၂၁ ယေဟောဝါ​ဟာ “ပြောင်းလဲခြင်း မရှိဘူး။” (ယာ. ၁:၁၇) ပထမ​ရာစု ခရစ်ယာန်​တွေ စမ်းသပ်မှု ကြုံ​ရတဲ့အခါ ထောက်မ​ပေး​သလို ဒီနေ့လည်း ကျွန်တော်​တို့ ယောက်​တိုင်း​ကို ကူညီပေး​ပါ​လိမ့်မယ်။ ဒါ​ကြောင့် ဉာဏ်ပညာ၊ ယုံကြည်ခြင်း၊ ရဲစွမ်းသတ္တိ ရဖို့ ယေဟောဝါ​ဆီ ထက်သန်​စွာ တောင်းခံ​ပါ။ ဆုတောင်းချက်​တွေ​ကို ဘုရား ဖြေပေး​ပါ​လိမ့်မယ်။ စမ်းသပ်မှု​တွေ​ကို ခံရပ်​ရင်း ဝမ်းမြောက်နေ​နိုင်​ဖို့ ဘုရား ကူညီပေး​မယ်​ဆိုတာ စိတ်ချ​နိုင်​ပါ​တယ်။

သီချင်း ၁၂၈ အဆုံးအထိ ခံရပ်​နေပါ

^ အပိုဒ်၊ 5 စမ်းသပ်မှု ကြုံ​ရတဲ့အခါ ဘာလုပ်ရမယ်ဆိုတာ​နဲ့​ပတ်သက်​တဲ့ လက်တွေ့ကျ အကြံပြုချက် များစွာ ယာကုပ်​ကျမ်း​မှာ ပါတယ်။ အဲဒီ​ထဲ​က တချို့​ကို ဒီဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။ ယေဟောဝါ​ရဲ့ အမှုတော်မှာ ဝမ်းမြောက်မှု မပျောက်ဆုံး​ဘဲ စမ်းသပ်မှု​တွေ​ကို ခံရပ်​ဖို့ အဲဒီ​အကြံပြုချက်တွေက ကူညီပေး​နိုင်တယ်။

^ အပိုဒ်၊ 59 ပုံ​အညွှန်း– ညီအစ်ကို​တစ်ယောက်ကို ရဲတွေ ဖမ်းခေါ်​သွားတာ ဇနီး​နဲ့ သမီး ကြည့်​နေ။ ခင်ပွန်း ထောင်ကျ​နေစဉ် ညီအစ်ကို/မ​တွေ​က သားအမိ​နှစ်ယောက်​နဲ့​အတူ ဝတ်ပြု​နေ။ စမ်းသပ်မှု​ကို ခံရပ်​နိုင်​ဖို့ ခွန်အား​ပေး​ပါ​ဆိုပြီး ယေဟောဝါ​ဆီ သားအမိ​နှစ်ယောက် မကြာခဏ ဆုတောင်း။ စိတ်​ငြိမ်သက်မှု​နဲ့ ရဲစွမ်းသတ္တိ ယေဟောဝါ ပေး​တဲ့​အတွက် ယုံကြည်ခြင်း ပို​ခိုင်မာ​လာပြီး ဝမ်းမြောက်​စွာ ခံရပ်​နိုင်​ကြ။