မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာ​ရန် ဆောင်းပါး ၆

“မိန်းမရဲ့ ဦးခေါင်းဟာ ယောက်ျား”

“မိန်းမရဲ့ ဦးခေါင်းဟာ ယောက်ျား”

“မိန်းမရဲ့ ဦးခေါင်း​ဟာ ယောက်ျား။”—၁ ကော. ၁၁:၃

သီချင်း ၁၃ စံနမူနာရှင် ခရစ်တော်

အကြို​သုံးသပ်ချက် *

၁။ အိမ်ထောင်ပြု​ဖို့ စဉ်းစား​နေတဲ့ တစ်ကိုယ်ရေ ညီအစ်မ​တွေ ဘယ်​မေးခွန်းတွေ သုံးသပ်​သင့်သလဲ။

ခရစ်ယာန်​အားလုံး​ဟာ ယေရှုခရစ်ရဲ့ ပြည့်ဝ​စုံလင်​တဲ့ ဦးစီးမှု​အောက်မှာ ရှိတယ်။ ဒါပေမဲ့ ခရစ်ယာန် အမျိုးသမီး​တစ်ယောက် အိမ်ထောင်ကျ​တဲ့​အခါ မစုံလင်​တဲ့ အမျိုးသား​ရဲ့ ဦးစီးမှု​အောက် ရောက်သွား​လို့ အခက်အခဲ​တွေ ရှိ​နိုင်တယ်။ ဒါ​ကြောင့် အိမ်ထောင်ပြု​ဖို့ စဉ်းစား​တဲ့​အခါ ဒီ​မေးခွန်းတွေကို သုံးသပ်​သင့်တယ်– ‘ဒီ​ညီအစ်ကို အိမ်ထောင်ဦးစီး​ကောင်း ဖြစ်​မယ်​လို့ ဘယ်​အချက်​တွေ​က ပြ​နေသလဲ။ ဘဝမှာ ယေဟောဝါ​ကို အဓိက​ထား​သလား။ မထားဘူးဆို​ရင် အိမ်ထောင်​ပြုပြီး​နောက် ငါ့ကို ဘုရားရေးရာ​ဘက် ကောင်းကောင်း ဦးဆောင်​နိုင်​မယ်​လို့ ဘာကြောင့် ထင်​နေတာလဲ။’ ကိုယ့်ကိုယ်ကိုယ်​လည်း ဒီလို မေးသင့်တယ်– ‘အိမ်ထောင်​ကို အကျိုးပြုမယ့် ဘယ်​အရည်အသွေးတွေ ငါ့​မှာ ရှိသလဲ။ ငါ စိတ်ရှည်​သလား။ ရက်ရော​သလား။ ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး​ကောင်း ရှိသလား။’ (ဒေ. ၄:၉၊ ၁၂) အိမ်ထောင်​ကျ​ပြီး​နောက် ဇနီး​တစ်ယောက် ဘယ်လောက် ပျော်ရွှင်​မလဲ​ဆိုတာ အိမ်ထောင်​မပြု​ခင် ချ​တဲ့ ဆုံးဖြတ်ချက်​တွေ​အပေါ် အတိုင်းအတာ​တစ်ခု​အထိ မူတည်​ပါ​လိမ့်မယ်။

၂။ ဒီ​ဆောင်းပါး​မှာ ဘာ​အကြောင်း ဆွေးနွေး​ကြ​မလဲ။

ခရစ်ယာန် ညီအစ်မ​များစွာဟာ ခင်ပွန်း​ကို လက်အောက်ခံ​ရာ​မှာ အကောင်းဆုံး ပုံသက်သေ ပြ​နေကြ​တယ်။ တကယ် ချီးမွမ်း​ထိုက်တယ်။ အဲဒီလို သစ္စာရှိ အမျိုးသမီးတွေနဲ့​အတူ ယေဟောဝါ​ကို ဝတ်ပြု​ရတာ ဝမ်းသာစရာ​ပါ​ပဲ။ ဒီ​ဆောင်းပါး​မှာ မေးခွန်း သုံးခု ဆွေးနွေး​ပါ​မယ်– (၁) ဇနီး​တွေ ရင်ဆိုင်​ရတဲ့ အခက်အခဲ​တချို့က ဘာတွေလဲ။ (၂) ခင်ပွန်း​ကို ဘာကြောင့် လက်အောက်ခံ​ရသလဲ။ (၃) ယေရှု၊ အဘိဂဲလ၊ ယောသပ်ရဲ့ ဇနီး မာရိ​ဆီကနေ လက်အောက်ခံခြင်း​အကြောင်း ခရစ်ယာန် ခင်ပွန်း​နဲ့ ဇနီး​တွေ ဘာ​သင်ယူ​နိုင်​သလဲ။

ခရစ်ယာန် ဇနီး​တွေ ရင်ဆိုင်​ရတဲ့ အခက်အခဲ​များ

၃။ ပြည့်ဝ​စုံလင်​တဲ့ အိမ်ထောင်ရေး​ဆိုတာ ဘာကြောင့် မဖြစ်​နိုင်​သလဲ။

အိမ်ထောင်ရေး​ဟာ ဘုရား​ဆီက ပြည့်ဝ​စုံလင်​တဲ့ လက်ဆောင်​ပါ။ ဒါပေမဲ့ လူတွေကတော့ မစုံလင်​ဘူး။ (၁ ယော. ၁:၈) ဒါ​ကြောင့် အိမ်ထောင်သည်တွေ​ဟာ “ဘဝ​ဒုက္ခတွေ” ကြုံ​ရမယ်​လို့ ကျမ်းစာ​မှာ သတိပေး​တယ်။ (၁ ကော. ၇:၂၈) ဇနီး​တစ်ယောက် ရင်ဆိုင်​ရနိုင်တဲ့ အခက်အခဲ​တချို့​ကိုပဲ စဉ်းစား​ကြည့်​ပါ။

၄။ ခင်ပွန်း​ကို လက်အောက်ခံ​ရတာ သိက္ခာ​ကျ​တယ်လို့ ဇနီး​တစ်ယောက် ဘာကြောင့် ခံစား​ရနိုင်သလဲ။

ဇနီး​တစ်ယောက်​ဟာ ကြီးပြင်း​လာတဲ့ နောက်ခံ​ကြောင့် ခင်ပွန်း​ကို လက်အောက်ခံ​ရတာ သိက္ခာ​ကျ​တယ်လို့ ခံစား​နေရ​နိုင်တယ်။ “ကျွန်မ ကြီးပြင်း​လာတဲ့ ဒေသမှာ မိန်းမ​တွေ​ဟာ ယောက်ျား​တွေ​နဲ့ အရာရာမှာ တန်းတူ ဖြစ်နေ​ရမယ်​လို့ အမြဲ ပြော​လေ့​ရှိတယ်။ ခင်ပွန်း​တွေ​ကို ယေဟောဝါ အခွင့်အာဏာ ပေး​ထား​မှန်း၊ ဇနီး​တွေ​လည်း ခင်ပွန်း​ကို လက်အောက်ခံ​ဖို့၊ ထိုက်သင့်တဲ့ လေးစားမှု ရဖို့ ယေဟောဝါ စီစဉ်​ထား​မှန်း ကျွန်မ သိတယ်။ ဒါပေမဲ့ ဦးစီးမှု အစီအစဉ်ကို မျှမျှတတ မြင်​ဖို့ သိပ်​ခက်တယ်” လို့ အမေရိကန်မှာ နေတဲ့ မာရီစို ပြော​တယ်။

၅။ အမျိုးသား​တချို့​မှာ အမျိုးသမီးတွေနဲ့​ပတ်သက်ပြီး ကျမ်းစာ​နဲ့ မညီတဲ့ ဘယ်​သဘောထားတွေ ရှိနေသလဲ။

အမျိုးသမီး​တစ်ယောက်​ဟာ မိန်းမ​တွေ အရေး​မပါဘူး​လို့ ယူဆတဲ့ အမျိုးသားနဲ့ အိမ်ထောင်ကျ​နေတာ ဖြစ်​နိုင်တယ်။ “ကျွန်မ​တို့ ဒေသမှာ ယောက်ျား​တွေ အရင် စားပြီးမှ မိန်းမ​တွေ စား​ရတယ်။ သမီး​မိန်းကလေးတွေ​ဆိုရင် ချက်ပြုတ်၊ သန့်ရှင်းရေး လုပ်​ရတယ်။ သား​ယောက်ျားတွေ​ကို​တော့ အမေနဲ့ အစ်မ​ညီမ​တွေ​က ‘သခင်’ လို ပြုစု​စောင့်ရှောက်​ရတယ်” လို့ တောင်​အမေရိက​မှာ နေတဲ့ အီဗွန် ပြော​တယ်။ အာရှ​မှာ နေတဲ့ ယင့်လင်း​လည်း ဒီလို​ပြော​တယ်– “မိန်းမ​တွေ ပညာတတ်​ဖို့၊ စွမ်းရည် ရှိဖို့ မလိုဘူးလို့ အဓိပ္ပာယ်​ရတဲ့ စကား​မျိုး ကျွန်မ​တို့ ဘာသာ​စကား​မှာ ရှိတယ်။ မိန်းမ​တာဝန်​ဟာ အိမ်မှုကိစ္စ လုပ်ဖို့ပဲ။ ကိုယ့်​သဘောထားကို ဘာမှ ပြောပြ​ခွင့် မရှိဘူး။” အဲဒီလို မေတ္တာမဲ့​တဲ့၊ ကျမ်းစာ​နဲ့ မညီတဲ့ သဘောထားတွေ လွှမ်းမိုး​ခံ​နေရ​တဲ့ ခင်ပွန်း​ဟာ ဇနီး​ရဲ့ ဘဝကို ပို​ခက်ခဲ​စေတယ်။ ယေရှုကို တုပ​ရာ မရောက်​ဘူး။ ယေဟောဝါ​ရဲ့ မျက်နှာသာ​လည်း ရမှာ မဟုတ်ဘူး။—ဧ. ၅:၂၈၊ ၂၉။ ၁ ပေ. ၃:၇

၆။ ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး ခိုင်မြဲ​နေဖို့ အိမ်ထောင်သည် ညီအစ်မ​တွေ ဘာလုပ်ရမလဲ။

ရှေ့​ဆောင်းပါး​မှာ ဖော်ပြ​ခဲ့​တဲ့​အတိုင်း မိသားစုရဲ့ ဘုရားရေးရာ​ပိုင်း၊ စိတ်ပိုင်း၊ ရုပ်ပိုင်း လိုအပ်ချက်​တွေ​ကို ခင်ပွန်း ဖြည့်ဆည်း​ပေးဖို့ ယေဟောဝါ မျှော်လင့်တယ်။ (၁ တိ. ၅:၈) ဒါပေမဲ့ အိမ်ထောင်သည် ညီအစ်မ​တွေ​ဟာ အလုပ်များ​တဲ့​ကြား နေ့တိုင်း ကျမ်းစာ ဖတ်​ဖို့၊ တွေးတော​ဆင်ခြင်​ဖို့၊ ယေဟောဝါ​ဆီ စိတ်​ထက်သန်​စွာ ဆုတောင်း​ဖို့ အချိန် ဖယ်​ထား​ရမယ်။ အဲဒီလို လုပ်ဖို့ ခက်​နိုင်တယ်။ အလုပ်များ​လို့ အချိန်၊ ခွန်အား မရှိတော့ဘူးလို့ ခံစား​ရနိုင်တယ်။ ဒါပေမဲ့ အချိန်​ယူဖို့ အရေးကြီးတယ်။ ဘာကြောင့်လဲ​ဆိုတော့ ယေဟောဝါ​က ကျွန်တော်​တို့ တစ်ယောက်စီ​ကို မိမိ​နဲ့ နှစ်ကိုယ်ကြား ဆက်ဆံ​ရေး ရှိစေ​ချင်​လို့​ပဲ။—တ. ၁၇:၂၇

၇။ ဘုရား​ပေး တာဝန်​ကို ကျေပွန်​ဖို့ ဘာက ဇနီး​ကို ပို​လွယ်ကူ​စေ​မလဲ။

မစုံလင်​တဲ့ ခင်ပွန်း​ကို လက်အောက်ခံ​ဖို့ ကြိုးစား​အားထုတ်​ရနိုင်တယ်။ ဒါပေမဲ့ လက်အောက်ခံ​သင့်တဲ့ ကျမ်းစာ အကြောင်းရင်းကို နားလည်၊ လက်ခံမယ်​ဆိုရင် ယေဟောဝါ ပေး​ထား​တဲ့ တာဝန်​ကို ကျေပွန်​ဖို့ ပို​လွယ်ကူ​ပါ​လိမ့်မယ်။

ဘာကြောင့် လက်အောက်ခံ​သင့်

၈။ ဧဖက် ၅:၂၂-၂၄ မှာ ဖော်ပြ​တဲ့​အတိုင်း ခင်ပွန်း​ကို ဇနီး ဘာကြောင့် လက်အောက်ခံ​သင့်သလဲ။

ခရစ်ယာန် ဇနီး​ဟာ ယေဟောဝါ တောင်းဆို​ထား​တဲ့​အတွက် ခင်ပွန်း​ကို လက်အောက်ခံ​တယ်။ (ဧဖက် ၅:၂၂-၂၄ ကို​ဖတ်ပါ။) ယေဟောဝါ​ဟာ အမြဲ မေတ္တာ​ရှိကြောင်း၊ ဘုရား တောင်းဆို​သမျှ​ဟာ ကိုယ့်​အကောင်းဆုံး အကျိုးအတွက် ဖြစ်​ကြောင်း သိလို့ ကောင်းကင်ဖခင်​ကို ယုံကြည်​စိတ်ချ​တယ်။—တရား. ၆:၂၄။ ၁ ယော. ၅:၃

၉။ ခင်ပွန်း​ရဲ့ အခွင့်အာဏာကို ခရစ်ယာန် ဇနီး လေးစား​ရင် ဘာ​အကျိုး ရမလဲ။

လောကက ယေဟောဝါ​ရဲ့ စံနှုန်း​တွေ​ကို ဂရုမစိုက်​ဖို့၊ လက်အောက်ခံ​ရတာ သိက္ခာ​ကျ​တယ်လို့ သဘောထား​ဖို့ အမျိုးသမီးတွေကို အားပေးတယ်။ အဲဒီလို သဘောထား ရှိဖို့ အားပေးသူ​တွေ​ဟာ မေတ္တာရှင် ဘုရားသခင်​ကို မသိကြဘူး။ ယေဟောဝါ​က သိက္ခာ​ကျစေ​မယ့် အရာ​တစ်ခုခု​ကို ချစ်​သမီးတွေ လုပ်ဖို့ ဘယ်တော့မှ တောင်းဆို​မှာ မဟုတ်ဘူး။ ယေဟောဝါ ပေး​ထား​တဲ့ တာဝန်​ကို ကျေပွန်​ဖို့ ကြိုးစား​အားထုတ်​တဲ့ ညီအစ်မ​ဟာ အိမ်ထောင်​ကို ငြိမ်သက်​အေးချမ်း​စေတယ်။ (ဆာ. ၁၁၉:၁၆၅) ကိုယ်ရော၊ ခင်ပွန်း​ရော၊ သားသမီးတွေပါ အကျိုး​ရတယ်။

၁၀။ ကယ်ရို​ရဲ့ စကား​ကနေ ဘာ​သင်ယူ​နိုင်​သလဲ။

၁၀ မစုံလင်​တဲ့ ခင်ပွန်း​ကို လက်အောက်ခံ​တဲ့ ဇနီး​ဟာ ဦးစီးမှု အစီအစဉ်ကို အစပြု​ခဲ့​တဲ့ ယေဟောဝါ​ကို ချစ်​ကြောင်း၊ လေးစားကြောင်း ဖော်ပြ​ရာ​ရောက်တယ်။ တောင်​အမေရိက​မှာ နေတဲ့ ကယ်ရို​က “ကိုယ့်​ယောက်ျား အမှားတွေ လုပ်မိ​မယ်​ဆိုတာ ကျွန်မ သိတယ်။ ဒါပေမဲ့ ကိုယ့်​တုံ့ပြန်​ပုံ​က ယေဟောဝါ​နဲ့ ကိုယ့်​ဆက်ဆံ​ရေး​ကို ဘယ်လောက် တန်ဖိုး​ထား​ကြောင်း ဖော်ပြ​ရာ​ရောက်တဲ့​အတွက် ဘုရား​မျက်နှာသာ ရ​ချင်စိတ်​နဲ့ ဆက်လက်​အောက်ခံ​နေပါ​မယ်” လို့ ပြော​တယ်။

၁၁။ ခွင့်လွှတ်​ဖို့ အန်နီးစ်​ကို ဘာက ကူညီပေး​သလဲ။ သူ့​စကား​ကနေ ဘာ​သိရသလဲ။

၁၁ ကိုယ့်​ခံစားချက်​နဲ့ စိုးရိမ်မှု​တွေ​ကို ခင်ပွန်း အရေး​မလုပ်​ဘူးလို့ ထင်​နေရင် လေးစားဖို့၊ လက်အောက်ခံ​ဖို့ ခက်​နိုင်တယ်။ ဒါပေမဲ့ အိမ်ထောင်သည် ညီအစ်မ အန်နီးစ် ဘယ်လို တုံ့ပြန်​တယ်​ဆိုတာ သတိပြု​ကြည့်​ပါ။ “စိတ်​မနာ​ဖို့ ကျွန်မ ကြိုးစား​တယ်။ အားလုံး မှား​တတ်တယ်​ဆိုတာ သတိရ​ပေး​တယ်။ ယေဟောဝါ​လို​ပဲ ကြည်​ကြည်ဖြူ​ဖြူ ခွင့်လွှတ်​ဖို့ ပန်းတိုင်​ထား​တယ်။ အဲဒီလို​ခွင့်လွှတ်​တဲ့​အခါ စိတ်​ငြိမ်သက်မှု ပြန်​ရလာတယ်” လို့ အန်နီးစ် ပြော​တယ်။ (ဆာ. ၈၆:၅) ခွင့်လွှတ်​တတ်​တဲ့ ဇနီး​ဟာ လက်အောက်ခံ​ဖို့ ပို​လွယ်ကူ​နိုင်တယ်။

ကျမ်းစာ​ပုံ​နမူနာ​တွေ​ကနေ ဘာ​သင်ယူ​နိုင်​သလဲ

၁၂။ ကျမ်းစာ​မှာ ဘယ်​ပုံ​နမူနာ​တွေ ပါ​သလဲ။

၁၂ လက်အောက်ခံ​တာ ပျော့ညံ့တာ​ပဲ​လို့ တချို့ တွေးမိ​နိုင်တယ်။ အဲဒါ သိပ်​မှားတယ်။ ရဲရင့်သူ​တွေ ဖြစ်​ပေမဲ့ လက်အောက်ခံ​ခဲ့​တဲ့ ကျမ်းစာ ပုံ​နမူနာ​တွေ ရှိတယ်။ ယေရှု၊ အဘိဂဲလ၊ မာရိ​ဆီကနေ ဘာ​သင်ယူ​နိုင်​ကြောင်း သုံးသပ်ကြည့်​ကြ​စို့။

၁၃။ ယေဟောဝါ​ကို ယေရှု ဘာကြောင့် လက်အောက်ခံ​သလဲ။ ရှင်းပြပါ။

၁၃ ယေရှုဟာ ယေဟောဝါ​ကို လက်အောက်ခံ​တာ ဘာမှ မသိလို့၊ အစွမ်းအစ မရှိလို့ မဟုတ်ဘူး။ ယေရှုရဲ့ ရိုးရှင်းတဲ့ သွန်သင်ချက်​တွေ​ကို ကြည့်​ရင် အလွန် ပညာရှိ​သူ ဖြစ်​ကြောင်း သိနိုင်တယ်။ (ယော. ၇:၄၅၊ ၄၆) ယေရှုရဲ့ စွမ်းရည်​ကို ယေဟောဝါ သိလို့ စကြဝဠာ​ကို ဖန်ဆင်း​ရာ​မှာ မိမိ​နဲ့​အတူ တွဲ​လုပ်​ခွင့် ပေး​ခဲ့တယ်။ (ပညာ. ၈:၃၀။ ဟီ. ၁:၂-၄) ယေရှု ရှင်ပြန်ထမြောက်​ချိန်​ကစပြီး “ကောင်းကင်​မှာ​ရော မြေကြီး​မှာ​ပါ အခွင့်အာဏာ​ရှိသမျှ” ကို ယေဟောဝါ ပေးအပ်​ထား​တယ်။ (မ. ၂၈:၁၈) ယေရှုဟာ အစွမ်းအစတွေ ရှိပေမဲ့ ဖခင်​ယေဟောဝါ​ကို ချစ်​လို့ လမ်းညွှန်မှု ရဖို့ ဖခင်​ကို အမြဲ အားကိုး​တယ်။—ယော. ၁၄:၃၁

၁၄။ (က) အမျိုးသမီးတွေကို ယေဟောဝါ သဘောထား​ပုံ​ကနေ ခင်ပွန်း​တွေ ဘာ​သင်ယူ​နိုင်​သလဲ။ (ခ) ပညာအလိမ္မာ ၃၁ ပါ​စကား​တွေ​ကနေ ခင်ပွန်း​တွေ ဘာ​သင်ယူ​နိုင်​သလဲ။

၁၄ ခင်ပွန်း​တွေ ဘာ​သင်ယူ​နိုင်​သလဲ။ မိန်းမ​တွေ​ဟာ ယောက်ျား​တွေ​ထက် နိမ့်ကျ​တယ်​ဆိုပြီး ယေဟောဝါ ယူဆလို့ လက်အောက်ခံ​ခိုင်း​တာ မဟုတ်ပါဘူး။ ယေရှုနဲ့အတူ တွဲဖက်​အုပ်ချုပ်​ဖို့ အမျိုးသားတွေကို​ရော အမျိုးသမီးတွေကို​ပါ ရွေးချယ်​ထား​တာ​ကို ကြည့်​ရင် အဲဒီ​အချက် ထင်ရှား​တယ်။ (ဂလ. ၃:၂၆-၂၉) ယေဟောဝါ​ဟာ သားတော်ကို အခွင့်အာဏာ လွှဲအပ်​ခြင်း​အားဖြင့် ယုံကြည်​စိတ်ချကြောင်း ဖော်ပြ​တယ်။ ပညာ​ရှိတဲ့ ခင်ပွန်း​လည်း ဇနီး​ကို အခွင့်အာဏာ အတော်အတန် ပေးအပ်​ပါ​မယ်။ လုပ်ရည်ကိုင်ရည် ရှိတဲ့ ဇနီး​ဟာ တစ်အိမ်​လုံး​ကို စီမံခန့်ခွဲ​တယ်၊ မြေ​တွေ ရောင်းဝယ်​တယ်၊ စီးပွားရေး လုပ်ငန်း​တွေ လုပ်တယ်လို့ ကျမ်းစာ ဖော်ပြ​တယ်။ (ပညာအလိမ္မာ ၃၁:၁၅၊ ၁၆၊ ၁၈ ကို​ဖတ်ပါ။) ဘာမှ ပြောပိုင်ခွင့် မရှိတဲ့ ကျွန်​တစ်ယောက် မဟုတ်ဘူး။ ခင်ပွန်း​က သူ့ကို ယုံကြည်​စိတ်ချ​ပြီး သူ့​သဘောထားတွေကို နားထောင်ပေး​တယ်။ (ပညာအလိမ္မာ ၃၁:၁၁၊ ၂၆၊ ၂၇ ကို​ဖတ်ပါ။) ယောက်ျား​က ဇနီး​ကို အဲဒီလို လေးလေးစားစား ဆက်ဆံ​မယ်​ဆိုရင် ဇနီး​အနေ​နဲ့ ပျော်ရွှင်စွာ လက်အောက်ခံ​ပါ​လိမ့်မယ်။

ယေဟောဝါ​ကို လက်အောက်ခံ​တဲ့ ယေရှု​ဆီကနေ လုပ်ရည်ကိုင်ရည်​ရှိ ဇနီး​တွေ ဘာ​သင်ယူ​နိုင်​သလဲ (စာပိုဒ် ၁၅ ကိုကြည့်ပါ)

၁၅။ ယေရှုရဲ့ ပုံ​နမူနာ​ကနေ ဇနီး​တွေ ဘာ​သင်ယူ​နိုင်​သလဲ။

၁၅ ဇနီး​တွေ ဘာ​သင်ယူ​နိုင်​သလဲ။ ယေရှုမှာ ပြီးမြောက်​အောင်မြင်မှု​များစွာ ရှိပေမဲ့ ယေဟောဝါ​ကို လက်အောက်ခံ​ရတာ သိက္ခာ​ကျ​တယ်လို့ သဘော​မထားဘူး။ (၁ ကော. ၁၅:၂၈။ ဖိ. ၂:၅၊ ၆) အဲဒီလိုပဲ ယေရှုရဲ့ ပုံ​နမူနာကို လိုက်တဲ့ လုပ်ရည်ကိုင်ရည်​ရှိ ဇနီး​လည်း ခင်ပွန်း​ကို လက်အောက်ခံ​ရတာ သိက္ခာ​ကျ​တယ်လို့ သဘော​မထားဘူး။ ခင်ပွန်း​ကို ချစ်​လို့၊ အဓိက​အားဖြင့် ယေဟောဝါ​ကို ချစ်​လို့၊ လေးစားလို့ ခင်ပွန်း​ကို ထောက်မ​ပေး​ပါ​လိမ့်မယ်။

အဘိဂဲလ​ဟာ ဒါဝိဒ်​နဲ့ သူ့​လူတွေ​ဆီ အစားအစာ ပို့ပေး​ပြီး​နောက် ဒါဝိဒ်​ကို သွား​တွေ့။ ကိုယ်တိုင် လက်စား မချေ​ဖို့၊ လူသတ်​တဲ့ အပြစ် မကျူးလွန်​ဖို့ မြေပေါ် ပျပ်ဝပ်​ပြီး တောင်းပန် (စာပိုဒ် ၁၆ ကိုကြည့်ပါ)

၁၆။ ၁ ရှမွေလ ၂၅:၃၊ ၂၃-၂၈ အရ အဘိဂဲလ ဘယ်​အခက်အခဲ​တွေ ရင်ဆိုင်​ရသလဲ။ (မျက်နှာဖုံး​ပုံ​ကို ကြည့်​ပါ။)

၁၆ အဘိဂဲလ​မှာ နာဗလ​လို့​ခေါ်​တဲ့ ခင်ပွန်း ရှိတယ်။ နာဗလဟာ မာနကြီး​ပြီး ကျေးဇူးကန်း​တဲ့ တစ်ကိုယ်ကောင်း​သမား ဖြစ်တယ်။ ဒါတောင် အိမ်ထောင်​ကို လွယ်လွယ်နဲ့ အဆုံးသတ်ဖို့ အဘိဂဲလ မကြိုးစား​ဘူး။ ဒါဝိဒ်​နဲ့ သူ့​လူတွေ နာဗလ​ကို သတ်​ဖို့ လာတဲ့အခါ တိတ်တိတ်လေး နေ​လိုက်လို့ ရတယ်။ ဒါပေမဲ့ နာဗလ​နဲ့ အိမ်သား​ယောက်ျား​တွေ​ကို ကာကွယ်​ဖို့ လက်တွေ့ကျကျ လုပ်ဆောင်ခဲ့တယ်။ လက်နက်ကိုင် လူ ၄၀၀ ရှေ့ သွားပြီး ဒါဝိဒ်​ကို လေးလေးစားစား အကျိုးအကြောင်း ရှင်းပြဖို့ အဘိဂဲလ​အတွက် တော်​တော် သတ္တိ လို​မှာပဲ။ ခင်ပွန်း​ရဲ့ လုပ်ရပ်​အတွက် မိမိကို​ပဲ အပြစ်​ပုံချ​ဖို့​တောင် ပြောလိုက်​သေး​တယ်။ (၁ ရှမွေလ ၂၅:၃၊ ၂၃-၂၈ ကို​ဖတ်ပါ။) ကြီး​လေး​တဲ့ အမှား မလုပ်မိအောင် အကြံ​ပေးဖို့ သတ္တိ​ရှိတဲ့ ဒီ​အမျိုးသမီးကို ယေဟောဝါ အသုံးပြု​နေမှန်း ဒါဝိဒ် သိ​သွားတယ်။

၁၇။ ဒါဝိဒ်​နဲ့ အဘိဂဲလ မှတ်တမ်းကနေ ခင်ပွန်း​တွေ ဘာ​သင်ယူ​နိုင်​သလဲ။

၁၇ ခင်ပွန်း​တွေ ဘာ​သင်ယူ​နိုင်​သလဲ။ အဘိဂဲလ​ဟာ ဉာဏ်ပညာ​ရှိသူ ဖြစ်တယ်။ သူ့​အကြံ​ကို ဒါဝိဒ် နားထောင်တာ​လည်း ပညာရှိ​တယ်။ ဒါ​ကြောင့် အပြစ်မဲ့​သူတွေကို သတ်​လိုက်တဲ့ အမှား​မျိုး မလုပ်မိအောင် ရှောင်နိုင်​ခဲ့တယ်။ အဲဒီလိုပဲ ပညာ​ရှိတဲ့ ခင်ပွန်း​ဟာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်​တွေ ချ​တဲ့​အခါ ဇနီး​ရဲ့ သဘောထားကို သေသေချာချာ ထည့်​စဉ်းစား​ပေး​ပါ​လိမ့်မယ်။ ဇနီး​ရဲ့ အကြံဉာဏ်​က ပညာ​မဲ့ ဆုံးဖြတ်ချက်​တွေ မချ​မိအောင်​တောင် ကူညီပေး​နိုင်တယ်။

၁၈။ အဘိဂဲလရဲ့ ပုံ​နမူနာ​ကနေ ဇနီး​တွေ ဘာ​သင်ယူ​နိုင်​သလဲ။

၁၈ ဇနီး​တွေ ဘာ​သင်ယူ​နိုင်​သလဲ။ ယေဟောဝါ​ကို ချစ်​ပြီး လေးစားတဲ့ ဇနီး​ဟာ ယေဟောဝါ​ကို ဝတ်​မပြုတဲ့၊ ဘုရား​စံနှုန်း​တွေ​အတိုင်း မနေထိုင်​တဲ့ ခင်ပွန်း ရှိနေရင်တောင် မိသားစုကို ကောင်းကျိုး​ပြု​နိုင်တယ်။ အိမ်ထောင်​ကို လွယ်လွယ်နဲ့ အဆုံးသတ်ဖို့ ကြိုးစား​မှာ မဟုတ်ဘူး။ ဇနီး​ရဲ့ လေးစားမှု၊ လက်အောက်ခံမှု​ကြောင့် ယေဟောဝါ​အကြောင်း သင်ယူဖို့​တောင် ခင်ပွန်း လှုံ့ဆော်​ခံရ​နိုင်တယ်။ (၁ ပေ. ၃:၁၊ ၂) အဲဒီလို ဖြစ်​မလာ​ရင်တောင် လက်အောက်ခံ​တတ်​တဲ့ ဇနီး မိမိ​အပေါ် သစ္စာရှိ​နေတာကို ယေဟောဝါ တန်ဖိုး​ထား​တယ်။

၁၉။ ခင်ပွန်း​ကို ဇနီး မနာခံ​မယ့် အခြေအနေ​တချို့က ဘာတွေလဲ။

၁၉ လက်အောက်ခံ​တတ်​တဲ့ ဇနီး​ဟာ ကျမ်းစာ ပညတ်​မူတွေ ချိုးဖောက်​ဖို့ ခင်ပွန်း တောင်းဆို​လာ​ရင်​တော့ နားထောင်​မှာ မဟုတ်ဘူး။ ဥပမာ၊ မယုံကြည်​သူ ခင်ပွန်း​က လိမ်​ဖို့၊ ခိုး​ဖို့၊ ကျမ်းစာ​နဲ့ မညီ​တာ တစ်ခုခု လုပ်ဖို့ ပြော​လာတယ် ဆိုပါစို့။ အိမ်ထောင်သည် ညီအစ်မ​တွေ အပါအဝင် ခရစ်ယာန်​အားလုံး ယေဟောဝါ​ဘုရား​နဲ့ ဆက်ဆံ​ရေး​ကို အဓိက​ထား​ရမယ်။ ကျမ်းစာ​မူတွေ ချိုးဖောက်​ဖို့ တောင်းဆို​ခံရ​ရင် မလုပ်နိုင်​ရတဲ့ အကြောင်းရင်းကို ခိုင်မာ​ပြတ်သား​စွာ၊ ကြင်နာ​စွာ ရှင်းပြ​ပြီး ငြင်းပယ်​သင့်တယ်။—တ. ၅:၂၉

စာပိုဒ် ၂၀ ကိုကြည့်ပါ *

၂၀။ မာရိဟာ ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး​ကောင်း ရှိကြောင်း ကျွန်တော်​တို့ ဘယ်လို သိရသလဲ။

၂၀ မာရိဟာ ယေဟောဝါ​နဲ့ ရင်းနှီးတဲ့ နှစ်ကိုယ်ကြား ဆက်ဆံ​ရေး ရှိတယ်။ ကျမ်းစာ​ကို ကောင်းကောင်း ကျွမ်းကျင်​တယ်။ နှစ်ခြင်း​ဆရာ ယောဟန်ရဲ့ မိခင် ဧလိရှဗက်​နဲ့ စကားပြော​ချိန်မှာ ဟီဘရူး​ကျမ်းစောင်​ထဲ​က ကျမ်း​စကား ၂၀ ကျော် ကိုးကား​ခဲ့တယ်။ (လု. ၁:၄၆-၅၅) ဒီအချက်​ကို စဉ်းစား​ကြည့်​ပါ– မာရိဟာ ယောသပ်နဲ့ စေ့စပ်​ထားပြီး ဖြစ်​ပေမဲ့ ကောင်းကင်တမန်​က ယောသပ်​ဆီ အရင် မသွား​ဘဲ မာရိ​ကို တိုက်ရိုက် စကားပြော​ပြီး ဘုရားသခင့် သားတော်ကို မွေးဖွား​မယ့်​အကြောင်း အသိပေး​တယ်။ (လု. ၁:၂၆-၃၃) မာရိ​ကို ယေဟောဝါ ကောင်းကောင်း သိတယ်။ သားတော်ကို ချစ်​ပြီး ဂရုစိုက်​မယ်​ဆိုတာ ယုံကြည်​စိတ်ချ​တယ်။ ယေရှု သေဆုံး​ပြီး ကောင်းကင်​ကို ထမြောက်​ပြီး​နောက်​မှာ​တောင် မာရိဟာ ယေဟောဝါ​နဲ့ ဆက်ဆံ​ရေး​ကောင်း ဆက်​ရှိခဲ့​မှာ သေချာတယ်။—တ. ၁:၁၄

၂၁။ မာရိ​အကြောင်း ကျမ်းစာ​မှတ်တမ်းကနေ ခင်ပွန်း​တွေ ဘာ​သင်ယူ​နိုင်​သလဲ။

၂၁ ခင်ပွန်း​တွေ ဘာ​သင်ယူ​နိုင်​သလဲ။ ပညာ​ရှိတဲ့ ခင်ပွန်း​ဟာ ကိုယ့်​ဇနီး ကျမ်းစာ ကောင်းကောင်း နားလည်တာ​ကို ဝမ်းသာ​ပေး​တယ်။ စိတ်​အနှောင့်အယှက် မဖြစ်​ဘူး။ ကိုယ့်​နေရာ ယူ​တော့​မှာပဲ​လို့ မခံစားရဘူး။ ကျမ်းစာ​နဲ့ ကျမ်းစာ​မူတွေကို ကောင်းကောင်း နားလည်​တဲ့ ဇနီး​ဟာ မိသားစုကို အကျိုးပြု​နိုင်​မှန်း သဘောပေါက်​တယ်။ ဒါပေမဲ့ ခင်ပွန်း​ထက် ဇနီး ပို​ပညာတတ်​ရင်တောင် မိသားစု ဝတ်ပြုမှု​နဲ့ တခြား ဘုရားရေးရာ လုပ်ဆောင်မှုတွေကို ဦးဆောင်​ရမှာတော့ ခင်ပွန်း​ရဲ့ တာဝန်​ပဲ။—ဧ. ၆:၄

ကိုယ်ပိုင်​လေ့လာမှု လုပ်တာ၊ တွေးတော​ဆင်ခြင်​တာ​နဲ့​ပတ်သက်ပြီး ယေရှုရဲ့ မိခင် မာရိ​ဆီကနေ ဇနီး​တွေ ဘာ​သင်ယူ​နိုင်​သလဲ (စာပိုဒ် ၂၂ ကိုကြည့်ပါ) *

၂၂။ မာရိ​ဆီကနေ ဇနီး​တွေ ဘာ​သင်ယူ​နိုင်​သလဲ။

၂၂ ဇနီး​တွေ ဘာ​သင်ယူ​နိုင်​သလဲ။ ဇနီး​ဟာ ဝတ်ပြုရေးမှာ ခင်ပွန်း ဦးဆောင်​တာ​ကို လက်အောက်ခံ​ရမှာ မှန်ပေမဲ့ ကိုယ်​နဲ့ ဘုရား ဆက်ဆံ​ရေး ကောင်းဖို့ ကိုယ့်​မှာပဲ တာဝန်​ရှိတယ်။ (ဂလ. ၆:၅) ဒါ​ကြောင့် ကိုယ်ပိုင် လေ့လာမှု လုပ်ဖို့၊ တွေးတော​ဆင်ခြင်​ဖို့ အချိန် ဖယ်​ထား​ရမယ်။ ဒီ​နည်း​အားဖြင့် ယေဟောဝါ​ကို ဆက်​ချစ်​ပြီး လေးစား​နေမှာ ဖြစ်သလို ခင်ပွန်း​ကိုလည်း ပျော်ရွှင်စွာ လက်အောက်ခံ​နိုင်​မှာ ဖြစ်တယ်။

၂၃။ လက်အောက်ခံ​တတ်​တဲ့ ဇနီး​ဟာ ကိုယ်တိုင်၊ မိသားစုနဲ့ အသင်းတော်ကို ဘယ်လို အကျိုးပြု​သလဲ။

၂၃ ယေဟောဝါ​ကို ချစ်​လို့ ခင်ပွန်း​ကို လက်အောက်ခံ​နေတဲ့ ဇနီး​ဟာ ယေဟောဝါ​ရဲ့ ဦးစီးမှု အစီအစဉ်ကို လက်မခံသူ​တွေ​ထက် ပို​ပျော်ရွှင်​ကျေနပ်​ပါ​လိမ့်မယ်။ လူငယ် ညီအစ်ကို/မ​တွေ​အတွက်​လည်း ပုံသက်သေ​ကောင်း ဖြစ်တယ်။ မိသားစုမှာ​သာမက အသင်းတော်မှာပါ မေတ္တာ​ရှိပြီး ငြိမ်သက်​တဲ့ ဝန်းကျင်​ကို ဖြစ်စေ​တယ်။ (တိ. ၂:၃-၅) ဒီနေ့​ခေတ်​မှာ ယေဟောဝါ​ကို သစ္စာရှိ​ရှိ အမှုဆောင်​နေ​သူ အများစုဟာ အမျိုးသမီးတွေ ဖြစ်တယ်။ (ဆာ. ၆၈:၁၁) ယောက်ျား​ဖြစ်စေ၊ မိန်းမ​ဖြစ်စေ ကျွန်တော်​တို့ ယောက်​တိုင်း အသင်းတော်မှာ အရေးကြီးတဲ့ အခန်းကဏ္ဍ ရှိ​ထား​တယ်။ ကိုယ်​ရထားတဲ့ အခန်းကဏ္ဍကို ဘယ်လို ကျေပွန်​နိုင်​ကြောင်း နောက်​ဆောင်းပါး​မှာ ဆွေးနွေး​ပါ​မယ်။

သီချင်း ၁၃၁ “ဘုရားသခင် တွဲဖက်​ထား”

^ အပိုဒ်၊ 5 အိမ်ထောင်သည် အမျိုးသမီးတွေ ခင်ပွန်း​ကို လက်အောက်ခံ​ဖို့ ယေဟောဝါ စီစဉ်​ပေး​ထား​တယ်။ အဲဒီ​ထဲမှာ ဘာတွေ ပါဝင်​သလဲ။ ယေရှုနဲ့ ကျမ်းစာ​ပါ အမျိုးသမီးတွေရဲ့ ပုံ​နမူနာ​ကနေ လက်အောက်ခံခြင်း​အကြောင်း ခရစ်ယာန် ခင်ပွန်း​နဲ့ ဇနီး​တွေ များစွာ သင်ယူ​နိုင်​ပါ​တယ်။

^ အပိုဒ်၊ 68 ပုံအညွှန်း– နှစ်ခြင်း​ဆရာ ယောဟန်ရဲ့ မိခင် ဧလိရှဗက်​နဲ့ စကားပြော​ချိန်မှာ ဟီဘရူး​ကျမ်းစောင်​ထဲ​က ကျမ်း​စကား​တွေ​ကို မာရိ အလွတ်​ကိုးကား​နေ။

^ အပိုဒ်၊ 70 ပုံအညွှန်း– ခရစ်ယာန် ဇနီး​တစ်ယောက် ဘုရား​နဲ့ ဆက်ဆံ​ရေး​ကောင်း ရှိအောင် အချိန်​ယူပြီး ကျမ်းစာ လေ့လာ​နေ။