လေ့လာရန် ဆောင်းပါး ၉
ဘုရားပေး အသက် ဆုလက်ဆောင်ကို တန်ဖိုးထားလေးမြတ်ပါ
“ဘုရားသခင်ကြောင့်သာ ကျွန်တော်တို့ ဖြစ်တည်နေတာ၊ အသက်ရှင်ပြီး သွားလာလှုပ်ရှားနေတာပါ။”—တ. ၁၇:၂၈။
သီချင်း ၁၄၁ အံ့ဖွယ်အသက်
အကြိုသုံးသပ်ချက် a
၁။ ကျွန်တော်တို့ရဲ့ အသက်ကို ယေဟောဝါ ဘယ်လောက် တန်ဖိုးထားသလဲ။
မိတ်ဆွေတစ်ယောက်ဆီက အဖိုးတန် လက်ရာမြောက် ပန်းချီကားဟောင်းတစ်ချပ် လက်ဆောင် ရတယ်လို့ မြင်ယောင်ကြည့်ပါ။ တချို့နေရာတွေမှာ အရောင် ပြယ်နေပြီ။ အစွန်းအထင်း၊ အက်ရာလေးတွေ ရှိတယ်။ ဒါပေမဲ့ ဒေါ်လာ သန်းပေါင်းများစွာ တန်တဲ့အတွက် ဒီအနုပညာလက်ရာကို သင် တန်ဖိုးထားပြီး ကာကွယ်ထိန်းသိမ်းမှာ သေချာတယ်။ အလားတူပဲ၊ ကျွန်တော်တို့ကို အဖိုးတန် အသက် ဆုလက်ဆောင် ယေဟောဝါဘုရား ပေးထားတယ်။ ရွေးဖိုးအဖြစ် သားတော်ကို ပေးတဲ့အထိ ကျွန်တော်တို့ရဲ့ အသက်ကို တန်ဖိုးထားတယ်။—ယော. ၃:၁၆။
၂။ ၂ ကောရိန္သု ၇:၁ အရ ကျွန်တော်တို့ဆီက ယေဟောဝါ ဘာမျှော်လင့်သလဲ။
၂ ယေဟောဝါဟာ အသက်ရဲ့ ပင်ရင်း ဖြစ်တယ်။ (ဆာ. ၃၆:၉) ဒါကို တမန်တော် ပေါလု ဒီလိုအသိအမှတ်ပြု ပြောခဲ့တယ်– “ဘုရားသခင်ကြောင့်သာ ကျွန်တော်တို့ ဖြစ်တည်နေတာ၊ အသက်ရှင်ပြီး သွားလာလှုပ်ရှားနေတာပါ။” (တ. ၁၇:၂၅၊ ၂၈) မှန်ပါတယ်၊ အသက်ဟာ ဘုရားဆီက ဆုလက်ဆောင်ပါ။ အသက်ရှင်ဖို့ လိုအပ်တာ မှန်သမျှ ဘုရား မေတ္တာပါပါ ပြင်ဆင်ပေးထားတယ်။ (တ. ၁၄:၁၅-၁၇) ဒါပေမဲ့ အသက်ဆက်ရှင်နိုင်ဖို့ အံ့ဖွယ်နည်းနဲ့တော့ လုပ်မပေးဘူး။ အဲဒီအစား ကျန်းကျန်းမာမာ ဘုရားအမှုဆောင်နိုင်အောင် ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားဖို့ ဘုရား မျှော်လင့်တယ်။ (၂ ကောရိန္သု ၇:၁ ကို ဖတ်ပါ။) ဒါဆိုရင် သက်ရှည်၊ ကျန်းမာအောင် ဘာကြောင့် နေသင့်ကြောင်း၊ ဘယ်လို နေနိုင်ကြောင်း ဆက်ဆွေးနွေးကြစို့။
အသက် ဆုလက်ဆောင်ကို တန်ဖိုးထားပါ
၃။ ကျန်းမာရေး ဂရုစိုက်သင့်တဲ့ အကြောင်းရင်းတစ်ခုက ဘာလဲ။
၃ ကျန်းမာရေး ဂရုစိုက်သင့်တဲ့ အကြောင်းရင်း တစ်ခုကတော့ ယေဟောဝါအတွက် အတတ်နိုင်ဆုံး အမှုဆောင်နိုင်ဖို့ပါ။ (မာ. ၁၂:၃၀) “အသက်ရှင်နေတဲ့၊ သန့်ရှင်းတဲ့၊ ဘုရားသခင် လက်ခံနိုင်တဲ့ ပူဇော်သက္ကာအဖြစ် မိမိတို့ရဲ့ ကိုယ်ခန္ဓာ” ကို ကျွန်တော်တို့ ဆက်သချင်ကြတယ်။ ဒါကြောင့် ကျန်းမာရေး ထိခိုက်စေမယ့်အရာတွေ ရှောင်ကြတယ်။ (ရော. ၁၂:၁) မှန်ပါတယ်၊ ကျန်းမာရေး ဂရုစိုက်လို့ လုံးဝ မဖျားဘူးလို့တော့ အာမ,မခံနိုင်ဘူး။ ဒါပေမဲ့ ကောင်းကင်ဘုံစံ ဖခင်ဆီက အသက် ဆုလက်ဆောင်ကို တန်ဖိုးထားကြောင်း ပြချင်လို့ အတတ်နိုင်ဆုံး ကျန်းမာရေး ဂရုစိုက်ကြတယ်။
၄။ ဘုရင် ဒါဝိဒ် ဘယ်လို စိတ်ပိုင်းဖြတ်ထားသလဲ။
၄ “ကျွန်တော် သေဆုံးပြီး သင်္ချိုင်းတွင်းထဲ ဆင်းသွားလို့ကော ဘာအကျိုးရှိမှာလဲ။ မြေမှုန့်ဟာ ကိုယ်တော့်ကို ချီးမွမ်းနိုင်ပါ့မလား။ ကိုယ်တော့်သစ္စာတရားအကြောင်း ပြောနိုင်ပါ့မလား” ဆိုပြီး ဘုရားပေး အသက် ဆုလက်ဆောင်ကို တန်ဖိုးထားရတဲ့ အကြောင်းရင်းကို ဘုရင် ဒါဝိဒ် ဖော်ပြတယ်။ (ဆာ. ၃၀:၉) ဒီစကားတွေကို သူ မသေဆုံးခင် ရေးခဲ့တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ယေဟောဝါကို ချီးမွမ်းနိုင်အောင် တတ်နိုင်သလောက် ကျန်းကျန်းမာမာ အသက်ရှင်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ ကျွန်တော်တို့အားလုံးလည်း ထပ်တူ ဆုံးဖြတ်ကြမှာ သေချာပါတယ်။
၅။ ဘယ်လောက်ပဲ အသက်ကြီး၊ ဖျားနာပါစေ ကျွန်တော်တို့ ဘာလုပ်နိုင်သလဲ။
၅ အသက်အရွယ် ကြီးရင့်မှု၊ ဖျားနာမှုကြောင့် အရင်ကလောက် မလုပ်နိုင်တော့လို့ စိတ်ပျက်၊ ဝမ်းနည်းမိနိုင်တယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံး ကျန်းမာရေး ဆက်ဂရုစိုက်သင့်တယ်။ ဘာကြောင့်လဲ။ ဘယ်လောက် အသက်ကြီး၊ ဖျားနာနေပါစေ ဘုရင် ဒါဝိဒ်လိုပဲ ယေဟောဝါကို ဆက်ချီးမွမ်းနိုင်လို့ပါ။ အသက်ကြီးသွားရင်တောင်၊ ဖျားနာနေရင်တောင် ကျွန်တော်တို့ကို ဘုရား တန်ဖိုးထားကြောင်း သိရတာ စိတ်ထိမိစရာပါပဲ။ (မ. ၁၀:၂၉-၃၁) ကျွန်တော်တို့ သေဆုံးသွားရင်တောင် ယေဟောဝါ ထမြောက်ပေးပါလိမ့်မယ်။ (ယောဘ ၁၄:၁၄၊ ၁၅) ဒါပေမဲ့ အသက်ရှင်နေတုန်းတော့ ကျွန်တော်တို့ ကျန်းမာရေး ဂရုစိုက်ချင်ကြတယ်။ အသက်ကို ကာကွယ်စောင့်ရှောက်ချင်ကြတယ်။
ကျန်းမာရေး ထိခိုက်စေတဲ့ အကျင့်တွေကို ရှောင်ပါ
၆။ စားတာ၊ သောက်တာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဆီက ယေဟောဝါ ဘာမျှော်လင့်သလဲ။
၆ ကျမ်းစာဟာ ဆေးကျမ်း၊ အစားအသောက် လမ်းညွှန်စာအုပ် မဟုတ်ပေမဲ့ ဒီကဏ္ဍတွေနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ အမြင်ကို ဖော်ပြတယ်။ ဥပမာ၊ ခန္ဓာကိုယ်ကို ‘ထိခိုက်စေတဲ့ အရာတွေကနေ ကာကွယ်’ ဖို့ ဘုရား တိုက်တွန်းထားတယ်။ (ဒေ. ၁၁:၁၀) စားကြူးသောက်ကြူးတာ အသက်အန္တရာယ် ရှိလို့ ရှောင်ဖို့ ကျမ်းစာမှာ ပြောထားတယ်။ (ပညာ. ၂၃:၂၀) ဘာစားမယ်၊ ဘယ်လောက် စားမယ် ဆုံးဖြတ်ရာမှာ ချုပ်တည်းမှု ရှိဖို့ ယေဟောဝါ မျှော်လင့်တယ်။—၁ ကော. ၆:၁၂။ ၉:၂၅။
၇။ ပညာအလိမ္မာ ၂:၁၁ မှာ ပါတဲ့ အကြံဉာဏ်က ကျန်းမာရေးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့ ဘယ်လို ကူညီပေးသလဲ။
၇ စဉ်းစားဆင်ခြင်နိုင်စွမ်း သုံးပြီး ဆုံးဖြတ်ခြင်းအားဖြင့် ဘုရားပေး အသက် ဆုလက်ဆောင်ကို တန်ဖိုးထားလေးမြတ်ကြောင်း ပြနိုင်တယ်။ (ဆာ. ၁၁၉:၉၉၊ ၁၀၀။ ပညာအလိမ္မာ ၂:၁၁ ကို ဖတ်ပါ။) ဥပမာ၊ အစားအသောက် ရွေးချယ်တဲ့အခါ သေသေချာချာ စဉ်းစားကြတယ်။ ကိုယ်ကြိုက်တဲ့ အစားအစာ ဖြစ်နေရင်တောင် ကျန်းမာရေး ထိခိုက်စေတယ်ဆိုရင် ရှောင်ကြတယ်။ ဒါ့အပြင် လုံလုံလောက်လောက် အိပ်စက်တာ၊ လေ့ကျင့်ခန်း မှန်မှန် လုပ်တာ၊ တစ်ကိုယ်ရည် သန့်ရှင်းမှု၊ အိမ်သန့်ရှင်းမှု ရှိတာကလည်း ကျန်းမာရေးအတွက် အထောက်အကူပြုတယ်။
ဘေးကင်းအောင် နေပါ
၈။ ဘေးကင်းရေးနဲ့ပတ်သက်တဲ့ ဘုရားရဲ့အမြင်ကို ကျမ်းစာမှာ ဘယ်လို ဖော်ပြထားသလဲ။
၈ အိမ်နဲ့ အလုပ်ခွင်မှာ ပြင်းထန်တဲ့ မတော်တဆမှုတွေ မဖြစ်ဖို့ ကာကွယ်ပေးတဲ့ လမ်းညွှန်ချက်တွေကို ပညတ်တရားမှာ ဖော်ပြထားတယ်။ (ထွ. ၂၁:၂၈၊ ၂၉။ တရား. ၂၂:၈) ကိုယ့်ကြောင့် မတော်တဆ လူသေသွားရင် ပြင်းထန်တဲ့ အကျိုးဆက်တွေ ကြုံရမယ်။ (တရား. ၁၉:၄၊ ၅) မမွေးသေးတဲ့ ကလေးကို မတော်တဆ ထိခိုက်မိရင်တောင် ပြစ်ဒဏ်ပေးခံရမယ်။ (ထွ. ၂၁:၂၂၊ ၂၃) ဘေးကင်းရေးကို ဘုရား ဦးစားပေးစေချင်တာ ထင်ရှားပါတယ်။
၉။ မတော်တဆ မဖြစ်ဖို့ ဘာလုပ်နိုင်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)
၉ အိမ်နဲ့ အလုပ်ခွင်မှာ ဘေးကင်းအောင် လုပ်ဆောင်ခြင်းအားဖြင့် ဘုရားပေး အသက် ဆုလက်ဆောင်ကို တန်ဖိုးထားကြောင်း ကျွန်တော်တို့ ပြကြတယ်။ ဥပမာ၊ ချွန်ထက်တဲ့ ပစ္စည်းတွေ၊ အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ၊ ဆေးဝါးတွေကို ကလေးတွေ လက်လှမ်းမမီတဲ့ နေရာမှာ ထားကြတယ်။ ဘေးကင်းတဲ့နည်းနဲ့ စွန့်ပစ်ကြတယ်။ မီးဖို သုံးနေတယ်၊ ရေနွေးအိုး တည်ထားတယ်၊ လျှပ်စစ်ပစ္စည်းတွေ သုံးနေတယ်ဆိုရင် အသုံးပြုလို့ မပြီးမချင်း နေရာကနေ ထွက်မသွားကြဘူး။ ဆေးသောက်ထားလို့၊ အရက်သောက်ထားလို့၊ အိပ်ရေးပျက်ထားလို့ ခေါင်းမကြည်တဲ့အခါ ကားမမောင်းကြဘူး။ ကားမောင်းရင်း ဖုန်းမသုံးကြဘူး။
အရေးပေါ် အခြေအနေ ကြုံတဲ့အခါ
၁၀။ အသက်အန္တရာယ် ရှိတဲ့ အခြေအနေတွေ မကြုံခင်နဲ့ ကြုံရချိန်အတွင်း ဘာလုပ်နိုင်သလဲ။
၁၀ အသက်အန္တရာယ် ရှိတဲ့ အခြေအနေတွေကို ရှောင်လို့ မရတဲ့အချိန်တွေ ရှိတတ်တယ်။ အထူးသဖြင့် သဘာဝဘေး၊ ကပ်ရောဂါ၊ အကြမ်းဖက်မှုတွေ ကြုံရချိန်မှာ ဖြစ်တယ်။ အဲဒီအခါ အပြင်မထွက်ရ အမိန့်တွေ၊ ပြောင်းရွှေ့ဖို့ ညွှန်ကြားချက်တွေ၊ အရေးပေါ် ကန့်သတ်ချက်တွေကို လိုက်နာခြင်းအားဖြင့် တတ်နိုင်သမျှ အထိအခိုက် နည်းဖို့၊ အသက်ဘေးလွတ်ဖို့ ကြိုးစားနိုင်တယ်။ (ရော. ၁၃:၁၊ ၅-၇) တချို့ ဘေးအန္တရာယ်တွေအတွက်ကျတော့ ကြိုတင်ပြင်ဆင်ထားလို့ ရတယ်။ ဒါကြောင့် ဒေသခံ အာဏာပိုင်တွေဆီက လာတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာပါ။ ဥပမာ၊ ရေ၊ တာရှည်ခံ အစားအစာ၊ ဆေးသေတ္တာတွေ ဆောင်ထားပါ။
၁၁။ ကျွန်တော်တို့ ဒေသမှာ ကူးစက်လွယ်ရောဂါ ပျံ့နေတယ်ဆိုရင် ဘာလုပ်သင့်သလဲ။
၁၁ ကျွန်တော်တို့ ဒေသမှာ ကူးစက်လွယ်ရောဂါ ပျံ့နေတယ်ဆိုရင် ဘာလုပ်သင့်သလဲ။ လက်ဆေးတာ၊ ခပ်ခွာခွာ နေတာ၊ နှာခေါင်းစည်း တပ်တာ၊ ကွာရန်တင်း ဝင်တာလိုမျိုး အစိုးရက ထုတ်ပြန်တဲ့ လမ်းညွှန်ချက်တွေကို လိုက်နာသင့်တယ်။ ဒါက ဘုရားပေး အသက် ဆုလက်ဆောင်ကို တန်ဖိုးထားကြောင်း ပြရာ ရောက်တယ်။
၁၂။ အရေးပေါ် အခြေအနေ ကြုံတဲ့အခါ ပညာအလိမ္မာ ၁၄:၁၅ မှာ ပါတဲ့ မူက ဘယ်လို ကူညီပေးသလဲ။
၁၂ အရေးပေါ် အခြေအနေ ကြုံတဲ့အခါ မိတ်ဆွေ၊ အိမ်နီးချင်းတွေကြားမှာ၊ မီဒီယာတွေမှာ မတိကျတဲ့ သတင်းတွေ ပြန့်နေနိုင်တယ်။ “ပြောသမျှ” ယုံမယ့်အစား အစိုးရနဲ့ ကျန်းမာရေး ဌာနတွေဆီက ယုံကြည်စိတ်ချရတဲ့ သတင်းတွေကို နားထောင်သင့်တယ်။ (ပညာအလိမ္မာ ၁၄:၁၅ ကို ဖတ်ပါ။) ဟောပြောခြင်းလုပ်ငန်း၊ အသင်းတော် အစည်းအဝေးတွေနဲ့ပတ်သက်ပြီး လမ်းညွှန်ချက် မပေးခင် တိကျတဲ့ သတင်း ရဖို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ ဌာနခွဲတွေက အတတ်နိုင်ဆုံး ကြိုးစားကြတယ်။ (ဟီ. ၁၃:၁၇) အဲဒီလမ်းညွှန်ချက်တွေကို လိုက်နာရင် ကိုယ်တိုင်နဲ့ တခြားသူတွေ ဘေးကင်းမယ်။ ရပ်ကွက်မှာလည်း အသင်းတော် နာမည်ကောင်း ပိုရလာမယ်။—၁ ပေ. ၂:၁၂။
သွေးကို ရှောင်ကြဉ်ပါ
၁၃။ သွေးကိစ္စ ကြုံတဲ့အခါ ဘုရားပေး အသက် ဆုလက်ဆောင်ကို တန်ဖိုးထားကြောင်း ဘယ်လို ပြကြသလဲ။
၁၃ သွေးကို ယေဟောဝါသက်သေတွေ လေးမြတ်ကြောင်း တော်တော်များများ သိထားကြတယ်။ အရေးပေါ် အခြေအနေဆိုရင်တောင် သွေးမသွင်းခြင်းအားဖြင့် သွေးပညတ်ကို ကျွန်တော်တို့ နာခံကြတယ်။ (တ. ၁၅:၂၈၊ ၂၉) အသက် ဆက်မရှင်ချင်လို့တော့ မဟုတ်ပါဘူး။ ဘုရားပေး အသက် ဆုလက်ဆောင်ကို တန်ဖိုးထားလို့ပါ။ သွေးမသွင်းပေမဲ့ သွေးမဲ့ ကုသပေးဖို့ လိုလိုလားလား ရှိတဲ့ ဆေးဘက်ဆိုင်ရာ ပညာရှင်တွေရဲ့ အကူအညီကို ရှာကြတယ်။
၁၄။ ကြီးကြီးမားမား ခွဲစိတ်ကုသရမယ့် အခြေအနေတွေ ဘယ်လို နည်းသွားနိုင်သလဲ။
၁၄ ဒီဆောင်းပါးမှာ ဖော်ပြထားတဲ့ ကျန်းမာရေး အကြံပြုချက်တွေ လိုက်လျှောက်မယ်ဆိုရင် ကြီးကြီးမားမား ခွဲစိတ်ကုသရမယ့် အခြေအနေတွေ နည်းသွားမယ်။ ခွဲစိတ်ရရင်တောင် ခန္ဓာကိုယ် ကြံ့ခိုင်နေတယ်ဆိုရင် မြန်မြန် နလန်ထူလာမယ်။ အိမ်နဲ့ အလုပ်ခွင်မှာ ဘေးကင်းအောင် လုပ်ဆောင်မယ်၊ လမ်းစည်းကမ်း လိုက်နာမယ်ဆိုရင်လည်း အရေးပေါ် ခွဲစိတ်ရတာတွေ နည်းသွားမယ်။
၁၅။ (က) သွေးကတ်ကို ကိုယ်နဲ့မကွာ ဆောင်ထားဖို့ ဘာကြောင့် အရေးကြီးသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။) (ခ) ဗီဒီယိုမှာ ဖော်ပြတဲ့အတိုင်း သွေးကုထုံးနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ကောင်း ဘယ်လို ချနိုင်သလဲ။
၁၅ အသက် ဆုလက်ဆောင်ကို ကျွန်တော်တို့ တန်ဖိုးထားလို့ သွေးကတ် (ကြိုတင် ဆေးဘက်ဆိုင်ရာ ညွှန်ကြားချက်) ဖြည့်ပြီး ကိုယ်နဲ့မကွာ ဆောင်ထားကြတယ်။ b သွေးသွင်းခြင်း၊ ဆေးကုသနည်းတချို့နဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ ဆန္ဒကို အဲဒီကတ်မှာ ဖော်ပြထားတယ်။ သင့်မှာ သွေးကတ် ရှိသလား။ မရှိသေးဘူး ဒါမှမဟုတ် နောက်ဆုံး အချက်အလက်တွေ ဖြည့်ဖို့ လိုနေတယ်ဆိုရင် ချက်ချင်း ဖြည့်ပါ။ ကိုယ့်ဆန္ဒကို ရှင်းရှင်းလင်းလင်း ရေးထားတာက ဆေးကုသမှု နှောင့်နှေးတာ၊ ဆေးမှားကုတာ၊ ဆေးမှားပေးတာမျိုး မဖြစ်အောင် ကူညီပေးတယ်။ c
၁၆။ သွေးကတ် မဖြည့်တတ်ဘူးဆိုရင် ဘာလုပ်နိုင်သလဲ။
၁၆ ငယ်ရွယ်သူ ဖြစ်စေ၊ ကျန်းမာရေး ကောင်းသူ ဖြစ်စေ ကျွန်တော်တို့အားလုံး မတော်တဆ ဖြစ်နိုင်တယ်။ ဖျားနာနိုင်တယ်။ (ဒေ. ၉:၁၁) ဒါကြောင့် သွေးကတ် ဖြည့်ထားတာ ပညာရှိရာရောက်တယ်။ မဖြည့်တတ်ဘူးဆိုရင် အသင်းတော် အကြီးအကဲတွေကို အကူအညီ တောင်းပါ။ ဘယ်လို ဖြည့်ရမယ်ဆိုတာ နားလည်အောင် ကူညီပေးကြမှာ ဖြစ်ပေမဲ့ သင့်အစား ဆုံးဖြတ်ချက် ချပေးမှာတော့ မဟုတ်ဘူး။ ဒါ သင့်တာဝန် ဖြစ်တယ်။ (ဂလ. ၆:၄၊ ၅) ဒါပေမဲ့ ကိုယ့်ရွေးချယ်မှုအကြောင်း နားလည်ဖို့၊ ကိုယ့်ဆန္ဒတွေကို ချရေးထားဖို့ ကူညီပေးကြပါလိမ့်မယ်။
အကျိုးသင့်အကြောင်းသင့် ရှိပါ
၁၇။ ကျန်းမာရေး ကိစ္စတွေနဲ့ပတ်သက်ပြီး အကျိုးသင့်အကြောင်းသင့် ရှိကြောင်း ဘယ်လို ပြနိုင်သလဲ။
၁၇ ကျန်းမာရေး၊ ဆေးကုသမှုတွေနဲ့ပတ်သက်လာရင် ကျမ်းစာနဲ့ လေ့ကျင့်ထားတဲ့ အမှားအမှန်သိစိတ်နဲ့အညီ ကျွန်တော်တို့ ဆုံးဖြတ်ကြတယ်။ (တ. ၂၄:၁၆။ ၁ တိ. ၃:၉) ဆုံးဖြတ်ချက် ချတဲ့အခါ၊ ဆုံးဖြတ်ချက်အကြောင်း တခြားသူတွေကို ပြောပြတဲ့အခါ “ခင်ဗျားတို့ရဲ့ အကျိုးသင့်အကြောင်းသင့် သဘောကို လူတိုင်း သိမြင်စေပါ” ဆိုတဲ့ ဖိလိပ္ပိ ၄:၅ ကို သတိရပါ။ အကျိုးသင့်အကြောင်းသင့် ရှိရင် ကိုယ့်ကျန်းမာရေးနဲ့ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်မှာ မဟုတ်သလို ကိုယ်ဆုံးဖြတ်သလို ဆုံးဖြတ်ဖို့ တခြားသူတွေကို ဖိအားပေးမှာ မဟုတ်ဘူး။ ကျွန်တော်တို့နဲ့ ဆုံးဖြတ်ပုံချင်း မတူရင်တောင် ညီအစ်ကို/မတွေကို ချစ်ခင်လေးစားကြတယ်။—ရော. ၁၄:၁၀-၁၂။
၁၈။ အသက် ဆုလက်ဆောင်ကို တန်ဖိုးထားကြောင်း ဘယ်လို ပြနိုင်သလဲ။
၁၈ အသက်ကို ကာကွယ်စောင့်ရှောက်ခြင်း၊ အသက်ပင်ရင်း ယေဟောဝါဘုရားကို အကောင်းဆုံး ပေးဆက်ခြင်းအားဖြင့် ကျေးဇူးတင်ကြောင်း ကျွန်တော်တို့ ပြကြတယ်။ (ဗျာ. ၄:၁၁) လောလောဆယ်တော့ ဖျားနာမှုတွေ၊ ဘေးအန္တရာယ်တွေ ကြုံကြရမယ်။ ဒါ ဖန်ဆင်းရှင်ရဲ့ ရည်ရွယ်ချက် မဟုတ်ဘူး။ မကြာခင် နာကျင်ခြင်း၊ သေခြင်း မရှိတဲ့ ထာဝရအသက် ပေးတော့မယ်။ (ဗျာ. ၂၁:၄) ဒီအတောအတွင်း ကျန်းကျန်းမာမာ ဘုရားအမှုဆောင်နိုင်အောင် ဆက်ကြိုးစားကြရအောင်။
သီချင်း ၁၄၀ အဆုံးမဲ့ အသက်တာ ရောက်လာပြီ
a ဘုရားပေး အသက် ဆုလက်ဆောင်ကို ပိုတန်ဖိုးထားလေးမြတ်တတ်ဖို့ ဒီဆောင်းပါးက ကူညီပေးပါလိမ့်မယ်။ အရေးကြုံလာတဲ့အခါ ကျန်းမာနေအောင်၊ ဘေးကင်းအောင်၊ တတ်နိုင်သမျှ အထိအခိုက် နည်းအောင် ဘာလုပ်နိုင်သလဲ၊ အရေးပေါ် ကျန်းမာရေးကိစ္စအတွက် ဘယ်လို ပြင်ဆင်ရမလဲဆိုတာ ဆွေးနွေးသွားပါမယ်။
b အဲဒီကတ်ကို DPA လို့လည်း ခေါ်တယ်။
c သွေးနဲ့ပတ်သက်တဲ့ ကုသမှုမှာ ဆုံးဖြတ်ချက်ကောင်း ချနိုင်ပုံ ဗီဒီယိုကို jw.org မှာ ကြည့်ပါ။
d ပုံအညွှန်း– လူငယ်ညီအစ်ကိုတစ်ယောက် သွေးကတ် ဖြည့်ပြီး ကိုယ်နဲ့မကွာ ဆောင်ထား။