မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လေ့လာရန် ဆောင်းပါး ၈

သီချင်း ၁၂၃ ဘုရားအစီအစဉ်ကို လက်အောက်ခံခြင်း

ယေဟောဝါ လမ်းညွှန်တဲ့အတိုင်း ဆက်လျှောက်ပါ

ယေဟောဝါ လမ်းညွှန်တဲ့အတိုင်း ဆက်လျှောက်ပါ

“ငါယေဟောဝါဟာ . . . မင်းတို့ လျှောက်သင့်တဲ့ လမ်းအတိုင်း လမ်းညွှန်ပေးတဲ့ အရှင်ပဲ။”—ဟေရှာ. ၄၈:၁၇

အာရုံစိုက်ရာ

ဒီနေ့ခေတ် မိမိလူမျိုးကို ယေဟောဝါ ဘယ်လို လမ်းညွှန်နေသလဲ၊ ဘုရားလမ်းညွှန်ချက် လိုက်နာရင် ဘာကောင်းချီးတွေ ရသလဲ ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။

၁။ ယေဟောဝါရဲ့ လမ်းပြမှု ဘာကြောင့် လိုသလဲ။ ဥပမာ ပေးပါ။

 တောကြီးမျက်မည်းထဲ ရောက်နေတယ်လို့ မြင်ယောင်ကြည့်ပါ။ အန္တရာယ်တွေ အပြည့်ပဲ။ တောရိုင်း တိရစ္ဆာန်တွေ၊ အဆိပ်ရှိ အင်းဆက်တွေ၊ အပင်တွေ ရှိတယ်။ ချောက်ထဲ ပြုတ်ကျသွားနိုင်တယ်။ ဘယ်နားမှာ အန္တရာယ်ရှိတယ်၊ ဘယ်လို ရှောင်နိုင်တယ်ဆိုတာ ကောင်းကောင်း သိတဲ့ ဝါရင့်လမ်းပြ ရှိရင် သိပ်ကျေးဇူးတင်မိမှာပဲ။ ဒီလောကလည်း တောကြီးမျက်မည်းနဲ့ တူတယ်။ ဘုရားနဲ့ ဆက်ဆံရေး ထိခိုက်စေနိုင်တဲ့ အန္တရာယ်တွေမှ အပြည့်ပဲ။ ဒါပေမဲ့ အန္တရာယ်တွေ ရှောင်ပြီး ထာဝရအသက် ပန်းတိုင်ဆီ ခေါ်သွားပေးမယ့် စုံလင်တဲ့ လမ်းပြ ကျွန်တော်တို့မှာ ရှိတယ်။ ယေဟောဝါဘုရားပါ။

၂။ ယေဟောဝါ ဘယ်လို လမ်းပြသလဲ။

ယေဟောဝါ ဘယ်လို လမ်းပြသလဲ။ အဓိကအားဖြင့် ကျမ်းစာ သုံးတယ်။ လူသား ကိုယ်စားလှယ်တွေကိုလည်း သုံးတယ်။ ဥပမာ၊ ကျွန်တော်တို့ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်အောင် အချိန်တန် အစားအစာ ပြင်ဆင်ပေးဖို့ “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” ကို သုံးတယ်။ (မ. ၂၄:၄၅) အရည်အချင်းရှိ တခြားအမျိုးသားတွေ သုံးပြီးတော့လည်း လမ်းပြတယ်။ ခက်ခဲတဲ့ ကာလအတွင်း ရှေ့ဆက်နိုင်အောင် နှစ်သိမ့်၊ လမ်းညွှန်ပေးဖို့ တိုက်နယ်ကြီးကြပ်မှူးတွေ၊ အသင်းတော် အကြီးအကဲတွေကို သုံးတယ်။ နောက်ဆုံးကာလတစ်လျှောက် ယေဟောဝါ လမ်းပြပေးနေလို့ ကျေးဇူးတင်စရာပါပဲ။ ဒါကြောင့်သာ ဘုရားနဲ့ ဆက်ရင်းနှီးနိုင်တာ၊ အသက်လမ်းပေါ် ဆက်လျှောက်နိုင်တာ။

၃။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။

ယေဟောဝါ လမ်းညွှန်တဲ့အတိုင်း လိုက်နာဖို့ အမြဲတော့ မလွယ်ဘူး။ အထူးသဖြင့်၊ မစုံလင်သူတွေကတစ်ဆင့် လမ်းညွှန်ရင်ပေါ့။ ဘာကြောင့်လဲ။ လမ်းညွှန်ချက်နဲ့ ကိုယ့်အကြိုက် မကိုက်တာ ဖြစ်နိုင်တယ်။ လမ်းညွှန်ချက် လက်တွေ့မကျပုံ ပေါက်လို့ ယေဟောဝါဆီက လာတာ ဟုတ်ရဲ့လားဆိုပြီး သံသယ ဝင်နိုင်တယ်။ ယေဟောဝါ လမ်းညွှန်နေတယ်၊ လမ်းညွှန်ချက် လိုက်နာတာ အမြဲ အကျိုးရစေတယ်ဆိုတာ ယုံကြည်စိတ်ချရမယ်။ ယုံကြည်စိတ်ချနိုင်ဖို့ (၁) ရှေးခေတ် မိမိလူမျိုးကို ယေဟောဝါ ဘယ်လို လမ်းပြသလဲ၊ (၂) ဒီနေ့ခေတ်မှာ ဘယ်လို လမ်းပြသလဲ၊ (၃) လမ်းပြမှု အမြဲ လိုက်ရင် ဘာအကျိုးရသလဲ ဒီဆောင်းပါးမှာ ဆွေးနွေးကြမယ်။

မိမိလူမျိုးကို လမ်းပြဖို့ လူသား ကိုယ်စားလှယ်တွေကို ယေဟောဝါ အမြဲ သုံး (စာပိုဒ် ၃ ကို ကြည့်ပါ)


အစ္စရေးတွေကို ယေဟောဝါ လမ်းပြပုံ

၄-၅။ အစ္စရေးတွေကို ဦးဆောင်လမ်းပြဖို့ မောရှေကို သုံးနေကြောင်း ယေဟောဝါ ဘယ်လို ပြသလဲ။ (ရုပ်ပုံကို ကြည့်ပါ။)

အစ္စရေးတွေကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်ဖို့ မောရှေကို ယေဟောဝါ တာဝန်ပေးတယ်။ မောရှေကို သုံးပြီး လမ်းပြနေတယ်ဆိုတာ မြင်သာတဲ့ အထောက်အထားတွေ ပြတယ်။ ဥပမာ၊ နေ့အချိန်မှာ မိုးတိမ်တိုင်နဲ့ လမ်းပြပြီး ညအချိန်မှာ မီးတိုင်နဲ့ အလင်းပေးတယ်။ (ထွ. ၁၃:၂၁) မိုးတိမ်တိုင် လမ်းပြတဲ့အတိုင်း မောရှေ လိုက်တယ်။ ဒီလိုနဲ့ ပင်လယ်နီဆီ ရောက်လာကြတယ်။ နောက်က လိုက်လာတဲ့ အီဂျစ် စစ်တပ်နဲ့ ပင်လယ်ကြား ညပ်ပြီး ချောင်ပိတ်သွားပြီ ထင်လို့ အစ္စရေးတွေ ဗလောင်ဆူသွားကြတယ်။ မောရှေ မှားခေါ်လာပြီလို့ ထင်ကြတယ်။ မှားခေါ်လာတာ မဟုတ်ဘူး။ ယေဟောဝါ ရည်ရွယ်ချက်ရှိရှိ ခေါ်လာခိုင်းတာ။ (ထွ. ၁၄:၂) သူတို့ကို အံ့ဖွယ်နည်းနဲ့ ကယ်လိုက်တယ်။—ထွ. ၁၄:၂၆-၂၈

တောကန္တာရမှာ ဘုရားလူမျိုးကို ဦးဆောင်ခေါ်သွားဖို့ မိုးတိမ်တိုင်နောက် မောရှေ လိုက် (စာပိုဒ် ၄-၅ ကို ကြည့်ပါ)


တောကန္တာရမှာ အနှစ် ၄၀ လုံးလုံး မိုးတိမ်တိုင် လမ်းပြတဲ့အတိုင်း မောရှေ လိုက်တယ်။ a မောရှေရဲ့ တဲဝမှာ မိုးတိမ်တိုင် တည်နေတာကို အစ္စရေးအားလုံး မြင်နိုင်တယ်။ (ထွ. ၃၃:၇၊ ၉၊ ၁၀) မိုးတိမ်တိုက်ထဲကနေ မောရှေကို ယေဟောဝါ စကားပြောတယ်။ ယေဟောဝါ ပြောတာတွေကို အစ္စရေးတွေဆီ မောရှေ ပြန်ပြောပြတယ်။ (ဆာ. ၉၉:၇) ဦးဆောင်လမ်းပြဖို့ မောရှေကို ယေဟောဝါ သုံးနေကြောင်း အထောက်အထားတွေပါပဲ။

မောရှေနဲ့ တာဝန် ဆက်ခံသူ ယောရှု (စာပိုဒ် ၅၊ ၇ ကို ကြည့်ပါ)


၆။ ယေဟောဝါရဲ့ လမ်းပြမှုကို အစ္စရေးတွေ ဘယ်လို တုံ့ပြန်ကြသလဲ။ (တောလည်ရာ ၁၄:၂၊ ၁၀၊ ၁၁)

မောရှေကို ကိုယ်စားလှယ်အဖြစ် ယေဟောဝါ သုံးနေတယ်ဆိုတဲ့ အထောက်အထားတွေကို အစ္စရေး အများစု လက်မခံကြဘူး။ (တောလည်ရာ ၁၄:၂၊ ၁၀၊ ၁၁ ကို ဖတ်ပါ။) မောရှေကို ခဏခဏ မလေးမစား လုပ်ကြတယ်။ ဒါကြောင့် အဲဒီလူမျိုးဆက် ကတိထားရာပြည် ဝင်ခွင့် မရဘူး။—တော. ၁၄:၃၀

၇။ ယေဟောဝါရဲ့ လမ်းညွှန်မှု လိုက်သူတွေအကြောင်း ပြောပြပါ။ (တောလည်ရာ ၁၄:၂၄) (ရုပ်ပုံကိုလည်း ကြည့်ပါ။)

အစ္စရေးတချို့ကတော့ ယေဟောဝါရဲ့ လမ်းညွှန်မှု လိုက်ကြတယ်။ ဥပမာ၊ “ငါ့စကားကို [ကာလက်] မြေဝယ်မကျ နားထောင်တယ်” လို့ ယေဟောဝါ ပြောတယ်။ (တောလည်ရာ ၁၄:၂၄ ကို ဖတ်ပါ။) ဒါကြောင့် ကာလက်ကို ဆုချတယ်။ ကတိထားရာပြည်ထဲ ဘယ်နေရာ နေမလဲ စိတ်ကြိုက် ရွေးခွင့်တောင် ပေးတယ်။ (ယောရှု ၁၄:၁၂-၁၄) အစ္စရေး မျိုးဆက်သစ်လည်း ယေဟောဝါရဲ့ လမ်းညွှန်မှု လိုက်ကြတယ်။ မောရှေနေရာကို ယောရှု ဆက်ခံတဲ့အခါ “သူ အသက်ရှင်နေသရွေ့ အလွန် လေးစားကြတယ်။” (ယောရှု ၄:၁၄) ဒါကြောင့် ယေဟောဝါ ကောင်းချီးပေးတယ်။ ကတိထားရာပြည် ဝင်ခွင့် ပေးတယ်။—ယောရှု ၂၁:၄၃၊ ၄၄

၈။ ဘုရင်ခေတ်မှာ မိမိလူမျိုးကို ယေဟောဝါ ဘယ်လို လမ်းညွှန်သလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

နှစ်အတော်ကြာမှာ မိမိလူမျိုးကို လမ်းညွှန်ဖို့ တရားသူကြီးတွေ ယေဟောဝါ ပေါ်ထွန်းစေတယ်။ အဲဒီနောက် ဘုရင်ခေတ် ရောက်လာတဲ့အခါ ပရောဖက်တွေ ခန့်အပ်တယ်။ ပရောဖက်တွေစကားကို သစ္စာရှိ ဘုရင်တွေ လိုက်နာကြတယ်။ ဥပမာ၊ ပရောဖက် နာသန် တည့်မတ်ပေးတာကို ဘုရင် ဒါဝိဒ် နှိမ့်ချမှုရှိရှိ လက်ခံတယ်။ (၂ ရှ. ၁၂:၇၊ ၁၃။ ၁ ရာ. ၁၇:၃၊ ၄) ပရောဖက် ယဟာဇေလ လမ်းညွှန်တဲ့အတိုင်း ဘုရင် ယောရှဖတ် လိုက်နာတယ်။ ‘ပရောဖက်တွေကို ယုံကြည်ကြ’ ဖို့ ယုဒပြည်သားတွေကို တိုက်တွန်းတယ်။ (၂ ရာ. ၂၀:၁၄၊ ၁၅၊ ၂၀) အကျပ်အတည်း ရောက်ချိန်မှာ ပရောဖက် ဟေရှာယဆီ ဟေဇကိမင်း အကူအညီ တောင်းတယ်။ (ဟေရှာ. ၃၇:၁-၆) ယေဟောဝါရဲ့ လမ်းညွှန်မှုကို ဘုရင်တွေ လိုက်နာတဲ့အခါတိုင်း ကောင်းချီး ရတယ်။ တိုင်းပြည် ငြိမ်သက်အေးချမ်းတယ်။ (၂ ရာ. ၂၀:၂၉၊ ၃၀။ ၃၂:၂၂) မိမိလူမျိုးကို လမ်းညွှန်ဖို့ ပရောဖက်တွေကို ယေဟောဝါ သုံးနေကြောင်း ရှင်းရှင်းလင်းလင်း သိသင့်တယ်။ ဒါတောင် ဘုရင်နဲ့ အစ္စရေး တော်တော်များများ ပရောဖက်တွေစကား နားမထောင်ကြဘူး။—ယေ. ၃၅:၁၂-၁၅

ဟေဇကိမင်းနဲ့ ပရောဖက် ဟေရှာယ (စာပိုဒ် ၈ ကို ကြည့်ပါ)


အစောပိုင်း ခရစ်ယာန်တွေကို ယေဟောဝါ လမ်းပြပုံ

၉။ ပထမရာစု ခရစ်ယာန်တွေကို လမ်းညွှန်ဖို့ ဘယ်သူတွေကို ယေဟောဝါ သုံးသလဲ။ (ရုပ်ပုံကိုလည်း ကြည့်ပါ။)

အေဒီ ၃၃၊ ပင်တေကုတ္တေပွဲမှာ ခရစ်ယာန် အသင်းတော်ကို ယေဟောဝါ ဖွဲ့စည်းတယ်။ ဘယ်လို လမ်းညွှန်သလဲ။ အသင်းတော်ရဲ့ ဦးခေါင်းအဖြစ် ယေရှုကို ခန့်တယ်။ (ဧ. ၅:၂၃) ဘာလုပ်ပါဆိုပြီး တစ်ယောက်ချင်းစီကို ယေရှု လိုက်မပြောဘူး။ ဂျေရုဆလင်မြို့က တမန်တော်တွေ၊ အကြီးအကဲတွေကတစ်ဆင့် လမ်းညွှန်တယ်။ (တ. ၁၅:၁၊ ၂) အသင်းတော် အကြီးအကဲတွေ ခန့်တယ်။—၁ သက်. ၅:၁၂။ တိ. ၁:၅

ဂျေရုဆလင်မြို့က တမန်တော်တွေ၊ အကြီးအကဲတွေ (စာပိုဒ် ၉ ကို ကြည့်ပါ)


၁၀။ (က) လမ်းညွှန်ချက်ကို ပထမရာစု ခရစ်ယာန် အများစု ဘယ်လို တုံ့ပြန်သလဲ။ (တမန်တော် ၁၅:၃၀၊ ၃၁) (ခ) လမ်းပြဖို့ ယေဟောဝါ သုံးနေသူတွေကို လူတချို့ ဘာကြောင့် လက်မခံသလဲ။ (“ အထောက်အထား ရှင်းရှင်းလင်းလင်း မြင်ရလျက်နဲ့ တချို့ ဘာကြောင့် လက်မခံသလဲ” လေးထောင့်ကွက်ကို ကြည့်ပါ။)

၁၀ လမ်းညွှန်ချက်ကို ပထမရာစု ခရစ်ယာန် အများစု ဘယ်လို တုံ့ပြန်သလဲ။ ရလာတဲ့ လမ်းညွှန်ချက်တွေကို ဝမ်းသာအားရ လိုက်နာကြတယ်။ “အားပေးစကားကြောင့် ဝမ်းသာသွားကြတယ်။” (တမန်တော် ၁၅:၃၀၊ ၃၁ ကို ဖတ်ပါ။) ကျွန်တော်တို့ခေတ်မှာကော ယေဟောဝါ ဘယ်လို လမ်းညွှန်နေသလဲ။

ကျွန်တော်တို့ကို ယေဟောဝါ လမ်းပြပုံ

၁၁။ ဦးဆောင်သူတွေကို ယေဟောဝါ လမ်းပြပုံနဲ့ပတ်သက်ပြီး ဥပမာ ပေးပါ။

၁၁ ဒီနေ့ခေတ်မှာလည်း မိမိလူမျိုးကို ယေဟောဝါ ဆက်လမ်းပြနေတယ်။ ကျမ်းစာ၊ အသင်းတော်ဦးခေါင်း ယေရှုကတစ်ဆင့်ပါ။ လူသား ကိုယ်စားလှယ်တွေကို သုံးနေတယ်ဆိုတဲ့ အထောက်အထားတွေကော ရှိသလား။ ရှိတယ်။ ၁၈၇၀ နောက်ပိုင်း အဖြစ်အပျက်တွေ သုံးသပ်ကြည့်ပါ။ ဘုရားနိုင်ငံတော် တည်ထောင်ခြင်းနဲ့ပတ်သက်ပြီး ၁၉၁၄ ဟာ ထူးခြားတဲ့ နှစ် ဖြစ်မယ်ဆိုတာ ချားလ်စ် တေ့ဇ် ရပ်စယ်လ်နဲ့ အပေါင်းပါတွေ သဘောပေါက်လာကြတယ်။ (ဒံ. ၄:၂၅၊ ၂၆) ကျမ်းစာ ကြိုဟောချက်တွေ လေ့လာရင်း သဘောပေါက်လာကြတာ။ ယေဟောဝါ လမ်းပြပေးတာ ထင်ရှားတယ်။ ၁၉၁၄ ကမ္ဘာ့ဖြစ်ရပ်တွေက ဘုရားနိုင်ငံတော် တည်ထောင်ပြီဆိုတာ ပြလို့ပဲ။ ပထမကမ္ဘာစစ် ဖြစ်တယ်။ ကပ်ရောဂါ၊ ငလျင်၊ အစာခေါင်းပါးမှုတွေ ကြုံရတယ်။ (လု. ၂၁:၁၀၊ ၁၁) မိမိလူမျိုးကို ကူညီဖို့ စိတ်ရိုးဖြောင့်တဲ့ အမျိုးသားတွေကို ယေဟောဝါ သုံးခဲ့တာပဲ။

၁၂-၁၃။ ဟောပြောသွန်သင်ခြင်းလုပ်ငန်း အရှိန်မြှင့်ဖို့ ဒုတိယကမ္ဘာစစ်အတွင်း ဘာတွေ လုပ်သလဲ။

၁၂ ဒုတိယကမ္ဘာစစ်အတွင်း အဖြစ်အပျက်တွေကိုလည်း သုံးသပ်ကြည့်ပါ။ ဗျာဒိတ် ၁၇:၈ ကို သုံးသပ်ပြီးနောက် ဒုတိယကမ္ဘာစစ် ပြီးတာနဲ့ အာမဂေဒုန် တန်းလာမှာ မဟုတ်ကြောင်း၊ လူများနိုင်သမျှ များများကို ဟောနိုင်မယ့် ငြိမ်းချမ်းတဲ့ ကာလ ရှိဦးမှာ ဖြစ်ကြောင်း ကမ္ဘာ့ဌာနချုပ်က တာဝန်ရှိ ညီအစ်ကိုတွေ သဘောပေါက်လာတယ်။ ဒါကြောင့် အဲဒီအချိန်တုန်းက လက်တွေ့မကျပုံ ပေါက်ပေမဲ့ ဂိလဒ်သင်တန်း ဖွင့်တယ်။ သာသနာပြုတွေ လေ့ကျင့်ပေးပြီး စစ်ကာလအတွင်းမှာတောင် ကမ္ဘာအနှံ့ လွှတ်လိုက်တယ်။ ဒါ့အပြင် ကြေညာသူတွေ ဟောပြောသွန်သင်သူကောင်း ဖြစ်လာအောင် အသင်းတော်တိုင်းမှာ လေ့ကျင့်ပေးတယ်။ b ဒီလိုနဲ့ ဘုရားလူမျိုးဟာ ရှေ့မှာ စောင့်ကြိုနေတဲ့ လုပ်ငန်းအတွက် အသင့်ဖြစ်လာတယ်။

၁၃ အဲဒီအချိန်တုန်းက လူမျိုးတော်ကို ယေဟောဝါ လမ်းညွှန်ပေးခဲ့တာ ရှင်းရှင်းလင်းလင်း မြင်ရတယ်။ ဒုတိယကမ္ဘာစစ် ပြီးနောက် နိုင်ငံဒေသ တော်တော်များများမှာ လွတ်လွတ်လပ်လပ် ဟောပြောနိုင်လာတယ်။ လူများစွာ ယေဟောဝါအကြောင်း သိလာကြတယ်။

၁၄။ ယေဟောဝါရဲ့ အဖွဲ့အစည်း၊ ခန့်အပ်ခံ အကြီးအကဲတွေဆီကနေ လာတဲ့ လမ်းညွှန်မှုကို ဘာကြောင့် စိတ်ချနိုင်သလဲ။ (ဗျာဒိတ် ၂:၁) (ရုပ်ပုံကိုလည်း ကြည့်ပါ။)

၁၄ ဒီနေ့အချိန်မှာ ခရစ်တော်ရဲ့ လမ်းညွှန်မှုကို အုပ်ချုပ်ရေးအဖွဲ့ ဆက်မှီခိုတယ်။ ယေဟောဝါနဲ့ ခရစ်တော် ဘာလမ်းညွှန်သလဲ သိအောင် လုပ်တယ်။ အဲဒီနောက် တိုက်နယ်ကြီးကြပ်မှူးတွေ၊ အကြီးအကဲတွေကတစ်ဆင့် အသင်းတော်ကို လမ်းညွှန်တယ်။ c ဘိသိက်ခံ အကြီးအကဲတွေကော တခြားအကြီးအကဲအားလုံးပါ ခရစ်တော်ရဲ့ “ညာလက်မှာ” ရှိနေတယ်။ (ဗျာဒိတ် ၂:၁ ကို ဖတ်ပါ။) အကြီးအကဲတွေ မစုံလင်လို့ အမှား လုပ်မိနိုင်တယ်။ မောရှေ၊ ယောရှု၊ တမန်တော်တွေလည်း အမှား လုပ်မိကြတယ်။ (တော. ၂၀:၁၂။ ယောရှု ၉:၁၄၊ ၁၅။ ရော. ၃:၂၃) ဒါပေမဲ့ သစ္စာရှိကျွန်၊ ခန့်အပ်ခံ အကြီးအကဲတွေကို ခရစ်တော် အနီးကပ် လမ်းညွှန်ပေးနေတယ်။ “လောကစနစ် နိဂုံးပိုင်းအထိ” လမ်းညွှန်ပေးဦးမယ်။ (မ. ၂၈:၂၀) ဦးဆောင်သူတွေကတစ်ဆင့် ပေးတဲ့ ခရစ်တော်ရဲ့ လမ်းညွှန်မှုကို စိတ်ချသင့်တယ် မဟုတ်လား။

ဒီနေ့ခေတ် အုပ်ချုပ်ရေးအဖွဲ့ (စာပိုဒ် ၁၄ ကို ကြည့်ပါ)


ယေဟောဝါရဲ့ လမ်းပြမှု အမြဲ လိုက်ရင် အကျိုးရ

၁၅-၁၆။ ယေဟောဝါရဲ့ လမ်းပြမှု လိုက်သူတွေဆီကနေ ဘာသင်ယူရသလဲ။

၁၅ ယေဟောဝါရဲ့ လမ်းပြမှု အမြဲ လိုက်ရင် အခုကတည်းက အကျိုးရတယ်။ ဥပမာ၊ သစ္စာရှိကျွန် အားပေးတဲ့အတိုင်း အန်ဒီနဲ့ ဇနီး ရာဘန်တို့ ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းကြတယ်။ (ဟီ. ၁၃:၅) ဒါကြောင့် အဖွဲ့အစည်း ဆောက်လုပ်ရေး စီမံကိန်းတွေမှာ ပါဝင်နိုင်ကြတယ်။ “တစ်ခါတလေ ကျဉ်းကျဉ်းကျုတ်ကျုတ် နေရာလေးတွေမှာ နေရတယ်။ ချက်ဖို့ ပြုတ်ဖို့ နေရာတောင် မရှိဘူး။ ဓာတ်ပုံရိုက် ဝါသနာ ပါပေမဲ့ ကင်မရာတွေ၊ မှန်ဘီလူးတွေ ရောင်းလိုက်ရတယ်။ ရောင်းတုန်းက ကျွန်မ ငိုလိုက်ရတာ။ ဒါပေမဲ့ အာဗြဟံရဲ့ ဇနီး စာရာကို အတုယူဖို့၊ ထားရစ်ခဲ့တာတွေကို တမ်းတမနေဘဲ ရှေ့ကိုပဲ မျှော်ကြည့်ဖို့ ဆုံးဖြတ်ထားတယ်” လို့ ရာဘန် ပြောတယ်။ (ဟီ. ၁၁:၁၅) ဘာအကျိုးရသလဲ။ “ပိုင်ဆိုင်သမျှ ယေဟောဝါကို ပေးဆက်နေတယ်ဆိုတဲ့ အသိကြောင့် သိပ်ပျော်တယ်။ ဘုရားပေး တာဝန်တွေ ထမ်းဆောင်ရင်း ကမ္ဘာသစ် အသက်တာကို မြည်းစမ်းခွင့် ရတယ်” လို့ ရာဘန် ပြောတယ်။ “အမှုတော်မှာ အချိန်၊ ခွန်အား ရှိသမျှ ပေးဆက်ရလို့ ကျေနပ်တယ်” လို့ ညီအစ်ကို အန်ဒီလည်း ပြောတယ်။

၁၆ ယေဟောဝါရဲ့ လမ်းပြမှု အမြဲ လိုက်ရင် ဘာအကျိုးရသေးသလဲ။ အထက်တန်းကျောင်း ပြီးသွားတော့ ညီအစ်မ မာစီယာ ရှေ့ဆောင် လုပ်ချင်တယ်။ (မ. ၆:၃၃။ ရော. ၁၂:၁၁) “တက္ကသိုလ်မှာ လေးနှစ် ပညာသင်ဆု ရတယ်။ ဒါပေမဲ့ ယေဟောဝါကို အပြည့်အဝ ပေးဆက်ချင်လို့ ရှေ့ဆောင်ဘဝကို ထောက်ပံ့နိုင်တဲ့ သက်မွေးပညာ သင်တန်း တက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ချခဲ့သမျှမှာ အကောင်းဆုံး ဆုံးဖြတ်ချက်ပဲ။ အခု၊ မှန်မှန်ရှေ့ဆောင် လုပ်ရင်း ပျော်နေပြီ။ အချိန်ဘယ်လောက် အလုပ်လုပ်မလဲ၊ ဘယ်လောက် အမှုဆောင်မလဲဆိုတာ ကိုယ့်လက်ထဲမှာပဲ။ ဒါကြောင့် ဗေသလမှာ လုပ်အားပေးနိုင်တယ်။ တခြားအခွင့်ထူးတွေလည်း ရလာတယ်” လို့ မာစီယာ ပြောတယ်။

၁၇။ ယေဟောဝါရဲ့ လမ်းပြမှု အမြဲ လိုက်ရင် နောက်ထပ် ဘာကောင်းချီးတွေ ရသလဲ။ (ဟေရှာယ ၄၈:၁၇၊ ၁၈)

၁၇ ကျွန်တော်တို့အကျိုးအတွက် အဖွဲ့အစည်း လမ်းညွှန်လာနိုင်တယ်။ ဥပမာ၊ ငွေမမက်ဖို့၊ ဘုရားပညတ် ချိုးဖောက်မိစေနိုင်တဲ့ အန္တရာယ်တွေ ရှောင်ဖို့ သတိပေးနိုင်တယ်။ ဒီကဏ္ဍတွေမှာလည်း ယေဟောဝါရဲ့ လမ်းပြမှု လိုက်ရင် အကျိုးရမယ်။ အမှားအမှန်သိစိတ် ကြည်လင်မယ်။ ပြဿနာတွေ ရှောင်နိုင်မယ်။ (၁ တိ. ၆:၉၊ ၁၀) ယေဟောဝါအတွက် စိတ်နှလုံး အကြွင်းမဲ့ ပေးဆက်နိုင်မယ်။ ဒီထက် ပိုပျော်ရွှင်၊ ကျေနပ်၊ စိတ်ငြိမ်သက်စရာ ကောင်းတာ မရှိဘူး။—ဟေရှာယ ၄၈:၁၇၊ ၁၈ ကို ဖတ်ပါ။

၁၈။ ယေဟောဝါရဲ့ လမ်းပြမှု အမြဲ လိုက်ဖို့ ဘာကြောင့် ဆုံးဖြတ်ထားသလဲ။

၁၈ လူသား ကိုယ်စားလှယ်တွေ သုံးပြီး ကြီးစွာသောဒုက္ခအတွင်းမှာကော အနှစ်တစ်ထောင်အထိပါ ယေဟောဝါ လမ်းပြသွားမယ်။ (ဆာ. ၄၅:၁၆) ကိုယ့်အကြိုက်နဲ့ မကိုက်ရင်တောင် လမ်းပြမှု လိုက်မလား။ အဲဒီအချိန် လိုက်မလိုက်ဆိုတာ လောလောဆယ် ယေဟောဝါရဲ့ လမ်းပြမှုကို ဘယ်လို တုံ့ပြန်နေသလဲဆိုတာအပေါ် အများကြီး မူတည်တယ်။ ဒါကြောင့် ခန့်အပ်ခံ အမျိုးသားတွေကတစ်ဆင့် ပေးတဲ့ လမ်းညွှန်ချက် အပါအဝင် ယေဟောဝါ ပေးသမျှ လမ်းညွှန်ချက်တွေ အမြဲ လိုက်နာကြရအောင်။ (ဟေရှာ. ၃၂:၁၊ ၂။ ဟီ. ၁၃:၁၇) အန္တရာယ်တွေ ရှောင်ပြီး ကမ္ဘာသစ် ထာဝရအသက် ပန်းတိုင်ဆီ အရောက်ပို့ပေးမယ့် လမ်းပြ ယေဟောဝါကို မယုံစရာအကြောင်းမှ မရှိတာ။

သင် ဘယ်လို ဖြေမလဲ

  • အစ္စရေးလူမျိုးကို ယေဟောဝါ ဘယ်လို လမ်းပြသလဲ။

  • အစောပိုင်း ခရစ်ယာန်တွေကို ယေဟောဝါ ဘယ်လို လမ်းပြသလဲ။

  • ယေဟောဝါရဲ့ လမ်းပြမှု အမြဲ လိုက်ရင် အခုကတည်းက ဘာအကျိုးရသလဲ။

သီချင်း ၄၈ ယေဟောဝါနဲ့ နေ့စဉ် လျှောက်လှမ်းပါ

a အစ္စရေးလူမျိုးကို ကတိထားရာပြည် ခေါ်သွားဖို့ ကောင်းကင်တမန်တစ်ပါးကိုလည်း ယေဟောဝါ “ရှေ့က သွား” စေတယ်။ အဲဒီကောင်းကင်တမန်ဟာ မိက္ခေလ ဖြစ်တာ ထင်ရှားတယ်။ မိက္ခေလဆိုတာ မြေကြီးပေါ် မလာခင် ကောင်းကင်တမန်မင်းအဖြစ် အမှုဆောင်စဉ်က ယေရှုရဲ့ နာမည် ဖြစ်တယ်။—ထွ. ၁၄:၁၉။ ၃၂:၃၄

b နောက်ပိုင်းမှာ သီအိုကရက်တစ် ဓမ္မအမှုကျောင်းလို့ ခေါ်တယ်။ လက်ရှိ ကြားရက် အစည်းအဝေး အပိုင်းတစ်ပိုင်း ဖြစ်တယ်။

c ၂၀၂၁၊ ဖေဖော်ဝါရီ ကင်းမျှော်စင် စာ. ၁၈ မှာ ပါတဲ့ “အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်” လေးထောင့်ကွက်ကို ကြည့်ပါ။