မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကိုယ့်ကိုယ်ကိုယ် ထင်သင့်တာထက် ပိုပြီး မထင်ကြပါနဲ့

ကိုယ့်ကိုယ်ကိုယ် ထင်သင့်တာထက် ပိုပြီး မထင်ကြပါနဲ့

ဒီနေ့လောကမှာ လူတော်တော်များများဟာ တခြားသူတွေထက် အရေးပေးဆက်ဆံခံသင့်တယ်၊ အထူးအခွင့်အရေး ရသင့်တယ်လို့ ထင်နေကြတယ်။ အရေးပေးဆက်ဆံခံပြီးရင်း ခံချင်ကြတယ်၊ အထူးအခွင့်အရေး ရပြီးရင်း ရချင်ကြတယ်။ ကိုယ့်ကိုယ်ကိုယ် ထင်သင့်တာထက် ပိုထင်လို့၊ ကျေးဇူးမသိတတ်လို့ ဒီလိုဖြစ်လာကြတာ။ ဒါဟာ နောက်ဆုံးကာလနဲ့ပတ်သက်ပြီး ကျမ်းစာကြိုဟောချက် ပြည့်စုံတာပဲ။—၂ တိ. ၃:၂

လူတွေ ကိုယ့်ကိုယ်ကိုယ် ထင်သင့်တာထက် ပိုထင်တာ အခုမှ မဟုတ်ပါဘူး။ ဥပမာ၊ အာဒံနဲ့ ဧဝဟာ အကောင်းအဆိုး ကိုယ့်ဘာသာ ဆုံးဖြတ်ခွင့် လိုချင်ခဲ့လို့ ဆိုးကျိုးတွေ တသီတတန်း ကြုံခဲ့ကြတယ်။ ကိုယ့်ကိုယ်ကိုယ် ထင်သင့်တာထက် ပိုထင်ခဲ့သူ နောက်တစ်ယောက်ကတော့ ယုဒမင်း သြဇိပါ။ ဗိမာန်တော်မှာ နံ့သာပေါင်း မီးရှို့ခွင့် ရှိတယ်လို့ သူ့ကိုယ်သူ ထင်နေခဲ့တယ်။ တကယ်တော့ လုံးဝ မရှိဘူး။ (၂ ရာ. ၂၆:၁၈၊ ၁၉) အဲဒီလိုပဲ ဖာရိရှဲတွေ၊ ဇဒ္ဒုကဲတွေဟာ အာဗြဟံရဲ့ သားမြေးတွေ ဖြစ်နေတာနဲ့ပဲ ဘုရားရဲ့ အရေးပေးဆက်ဆံမှု ရထိုက်တယ်လို့ ထင်ခဲ့ကြတယ်။—မ. ၃:၉

ကိုယ့်ကိုယ်ကိုယ် ထင်သင့်တာထက် ပိုထင်သူတွေ၊ အတ္တဆန်သူတွေ ကျွန်တော်တို့ဝန်းကျင်မှာ အပြည့်ပဲ။ သတိမထားဘူးဆိုရင် ကျွန်တော်တို့ဆီ သူတို့ရဲ့ သဘောထား ကူးစက်လာနိုင်တယ်။ (ဂလ. ၅:၂၆) အထူးအခွင့်အရေး ရထိုက်တယ်၊ အရေးပေးဆက်ဆံခံထိုက်တယ်လို့ တွေးလာနိုင်တယ်။ အဲဒီလိုမတွေးမိဖို့ ဘာက ကူညီပေးနိုင်သလဲ။ ကူညီပေးနိုင်တဲ့ ကျမ်းစာမူနှစ်ခု ရှိတယ်။ အဲဒီကျမ်းစာမူနှစ်ခုက ယေဟောဝါရဲ့ အမြင်ကို နားလည်စေတယ်။

ကျွန်တော်တို့ ဘာရထိုက်တယ်ဆိုတာ ယေဟောဝါ သတ်မှတ်ထားတယ်။ ဥပမာတချို့ သုံးသပ်ကြည့်ပါ။

  • မိသားစုမှာ ခင်ပွန်းဟာ ဇနီးဆီက လေးစားမှု ရထိုက်တယ်။ ဇနီးဟာ ခင်ပွန်းဆီက မေတ္တာ ရထိုက်တယ်။ (ဧ. ၅:၃၃) မောင်နှံစုံတွေဟာ အိမ်ထောင်ဖက်ရဲ့ ချစ်ခင်ယုယမှုကို တစ်ဦးတည်းအပိုင် ရထိုက်တယ်။ (၁ ကော. ၇:၃) မိဘတွေဟာ သားသမီးတွေရဲ့ နာခံမှုကို ရထိုက်တယ်။ သားသမီးတွေဟာ မိဘရဲ့ မေတ္တာ၊ ဂရုစိုက်မှုကို ရထိုက်တယ်။—၂ ကော. ၁၂:၁၄။ ဧ. ၆:၂

  • အသင်းတော်အတွက် ကြိုးစားအားထုတ်တဲ့ အကြီးအကဲတွေဟာ ရိုသေလေးစားခံထိုက်တယ်။ (၁ သက်. ၅:၁၂) ဒါပေမဲ့ ညီအစ်ကို/မတွေကို သူတို့ ပိုင်စိုးပိုင်နင်းလုပ်ခွင့် မရှိဘူး။—၁ ပေ. ၅:၂၊ ၃

  • အစိုးရတွေဟာ လက်အောက်ခံ ပြည်သူတွေဆီက အခွန်ကောက်ခံခွင့် ရှိတယ်၊ ရိုသေမှု ရထိုက်တယ်။—ရော. ၁၃:၁၊ ၆၊ ၇

ကျွန်တော်တို့ကို ချစ်လို့ ထိုက်တန်တာထက် ယေဟောဝါ ပိုပေးတယ်။ ကျွန်တော်တို့ဟာ အပြစ်သားတွေ ဖြစ်တဲ့အတွက် ထိုက်တန်တာဆိုလို့ သေခြင်းပဲ ရှိတယ်။ (ရော. ၆:၂၃) ဒါပေမဲ့ ယေဟောဝါဟာ ခိုင်မြဲတဲ့ မေတ္တာတော် ကြီးမားလှတဲ့အတွက် ကျွန်တော်တို့ကို ကောင်းချီးအများကြီး ပေးထားတယ်။ (ဆာ. ၁၀၃:၁၀၊ ၁၁) ကောင်းချီး၊ အခွင့်ထူးတစ်ခုချင်းစီဟာ ကျွန်တော်တို့ ရထိုက်လို့ မဟုတ်ဘဲ မဟာကရုဏာတော်ကြောင့် ရတာပါ။—ရော. ၁၂:၆-၈။ ဧ. ၂:၈

ကိုယ့်ကိုယ်ကိုယ် ထင်သင့်တာထက် ပိုမထင်မိဖို့၊ အတ္တမဆန်မိဖို့ ဘာက ကူညီပေးမလဲ

လောကသဘောထား ဝင်မလာဖို့ သတိထားပါ။ တခြားသူတွေထက် ပိုရထိုက်တယ်ဆိုတဲ့ သဘောထားဟာ သတိတောင်မထားမိဘဲ ဝင်လာနိုင်တယ်။ ဒီလိုသဘောထား ဝင်လာဖို့ ဘယ်လောက် လွယ်သလဲဆိုတာ ယေရှု ပုံဥပမာတစ်ခု သုံးပြီး ပြောပြတယ်။ တစ်နေ့ကို ဒေနာရိတစ်ပြားနဲ့ အလုပ်လုပ်မယ်လို့ သဘောတူတဲ့ လုပ်သားတွေအကြောင်းပါ။ တချို့က မနက် အစောကြီးကတည်းက တစ်နေကုန် နေပူကျဲကျဲမှာ ပင်ပင်ပန်းပန်း လုပ်ရတယ်။ တချို့ကတော့ တစ်နာရီလေးပဲ လုပ်လိုက်ရတယ်။ အရင်ဆုံး အလုပ်ဝင်သူတွေက လုပ်ခ ပိုရမယ်လို့ ထင်နေကြတယ်။ (မ. ၂၀:၁-၁၆) ယေဟောဝါ ပေးသလောက်နဲ့ ကျေနပ်သင့်ကြောင်း ဒီပုံဥပမာ သုံးပြီး နောက်လိုက်တွေကို ယေရှု သင်ပေးတယ်။

တစ်နေကုန် အလုပ်လုပ်တဲ့သူတွေက လုပ်ခ ပိုရမယ်လို့ ထင်နေ

ရဖို့ချည်းပဲ မမျှော်လင့်ပါနဲ့။ ကျေးဇူးသိတတ်ပါ။ (၁ သက်. ၅:၁၈) တမန်တော် ပေါလုကို အတုယူပါ။ ပေါလုဟာ လိုအပ်တာတွေကို ကောရိန္သုအသင်းတော်မှာ ရှိတဲ့ ညီအစ်ကို/မတွေဆီက တောင်းဆိုခွင့် ရှိပေမဲ့ မတောင်းဆိုခဲ့ဘူး။ (၁ ကော. ၉:၁၁-၁၄) တခြားသူတွေဆီက ဘာပဲရရ ကျွန်တော်တို့ ကျေးဇူးတင်သင့်တယ်။ ရဖို့ချည်းပဲ မမျှော်လင့်သင့်ဘူး။

ငွေကြေးထောက်ပံ့ခံရဖို့ တမန်တော် ပေါလု မမျှော်လင့်

နှိမ့်ချမှု ရှိပါ။ လူတစ်ယောက် ကိုယ့်ကိုယ်ကိုယ် ထင်သင့်တာထက် ပိုထင်လာပြီဆိုရင် ရပိုင်ခွင့်တွေ ပိုလိုချင်လာတတ်တယ်။ အဆိပ်သင့်နေတဲ့ ဒီသဘောထားအတွက် ဖြေဆေးကတော့ နှိမ့်ချမှုပါ။

ပရောဖက် ဒံယေလ နှိမ့်ချမှု ရှိတဲ့အတွက် ယေဟောဝါ တန်ဖိုးထားရသူ ဖြစ်လာ

နှိမ့်ချမှု ပြရာမှာ ပရောဖက် ဒံယေလဟာ စံနမူနာရှင်ပါပဲ။ မျိုးရိုးကောင်းလို့၊ ရုပ်ရည်သန့်ပြန့်လို့၊ ဗဟုသုတကြွယ်လို့၊ အရည်အချင်း ရှိလို့ အရေးပေးဆက်ဆံခံသင့်တယ်၊ အထူးအခွင့်အရေးတွေ ရသင့်တယ်လို့ ထင်ချင်ရင် ထင်မိနိုင်တယ်။ (ဒံ. ၁:၃၊ ၄၊ ၁၉၊ ၂၀) ဒါပေမဲ့ ဒံယေလဟာ နှိမ့်ချမှု ရှိတယ်။ နှိမ့်ချမှု ရှိလို့လည်း ယေဟောဝါ တန်ဖိုးထားရသူ ဖြစ်လာတာ။—ဒံ. ၂:၃၀။ ၁၀:၁၁၊ ၁၂

လောကက လူတွေလို ကိုယ့်ကိုယ်ကိုယ် ထင်သင့်တာထက် ပိုမထင်မိဖို့၊ အတ္တမဆန်မိဖို့ ကြိုးစားကြရအောင်။ မဟာကရုဏာတော်ကြောင့် ခံစားရတဲ့ ကောင်းချီးတစ်ခုချင်းစီအတွက် ဆက်ဝမ်းမြောက်နေကြရအောင်။