မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘဝအတ္ထုပ္ပတ္တိ

“ကျွန်တော် တစ်ခါမှ တစ်ယောက်တည်း ဖြစ်မနေခဲ့”

“ကျွန်တော် တစ်ခါမှ တစ်ယောက်တည်း ဖြစ်မနေခဲ့”

အထီးကျန်စိတ် ဝင်လာစေနိုင်တဲ့ အကြောင်းရင်း အမျိုးမျိုး ရှိတယ်။ နေရာသစ် ပြောင်းရလို့၊ တစ်ယောက်တည်း ဖြစ်နေလို့၊ ချစ်ရသူ ဆုံးပါးသွားလို့ ဖြစ်နိုင်တယ်။ ဒါတွေအားလုံး ကျွန်တော် ကြုံခဲ့တယ်။ ဒါပေမဲ့ ပြန်စဉ်းစားကြည့်လိုက်တော့ ကျွန်တော် တစ်ခါမှ တစ်ယောက်တည်း ဖြစ်မနေခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတာ ရှင်းပြပါရစေ။

မိဘတွေရဲ့ စံနမူနာ

အဖေနဲ့ အမေက ကက်သလစ် ဘာသာဝင်တွေ။ ဘာသာတရား သိပ်ကိုင်းရှိုင်းကြတာ။ ဘုရားနာမည် ယေဟောဝါဆိုတာ ကျမ်းစာကနေ သိလိုက်ရချိန်မှာ နှစ်ယောက်စလုံး ယေဟောဝါသက်သေအဖြစ် ထက်ထက်သန်သန် စအမှုဆောင်ကြတယ်။ အဖေက လက်သမား။ အရင်ကဆိုရင် ယေရှုရုပ်တုတွေ ထွင်းထုတယ်။ အခု မထွင်းထုတော့ဘူး။ သူ့ရဲ့ လက်သမားအတတ်ပညာကို သုံးပြီး ကျွန်တော်တို့အိမ် မြေညီထပ်ကို အစည်းအဝေးခန်းမအဖြစ် ပြောင်းလဲလိုက်တယ်။ ဒီခန်းမဟာ ဖိလစ်ပိုင်နိုင်ငံ၊ မြို့တော် မနီလာထဲက ဆန်ဟွမ်ဒယ်မွန်တေးလို့ ခေါ်တဲ့ ဆင်ခြေဖုံးမြို့မှာ ဦးဆုံး အစည်းအဝေးခန်းမ ဖြစ်လာတယ်။

ကျွန်တော့်မိဘတွေ၊ တူ/တူမတွေနဲ့ အတူ

၁၉၅၂ ခုနှစ်မှာ ကျွန်တော် မွေးတယ်။ မိဘတွေက ကျွန်တော့်အစ်ကို လေးယောက်၊ အစ်မ သုံးယောက်ကို ယေဟောဝါအကြောင်း သင်ပေးသလို ကျွန်တော့်ကိုလည်း သင်ပေးတယ်။ ကျွန်တော် အရွယ်ရောက်လာတော့ အဖေက နေ့တိုင်း ကျမ်းစာ အခန်းကြီးတစ်ခန်း ဖတ်ခိုင်းတယ်။ ယေဟောဝါအကြောင်း ပိုသိလာအောင် အဖွဲ့အစည်းစာပေ အမျိုးမျိုး သုံးပြီး ကူညီပေးတယ်။ နယ်လှည့်ကြီးကြပ်မှူးတွေ၊ ဌာနခွဲရုံး ကိုယ်စားလှယ်တွေကို အဖေနဲ့ အမေက အခါအခွင့်သင့်တိုင်း အိမ်မှာ ပေးတည်းကြတယ်။ ညီအစ်ကိုတွေ ပြောပြတဲ့ တွေ့ကြုံမှုတွေကြောင့် ကျွန်တော်တို့မိသားစု အားရှိရတယ်၊ ပျော်ရတယ်၊ ဘုရားရေးရာကို ဦးစားထားချင်လာတယ်။

အမေ မကျန်းမမာဖြစ်ပြီး ဆုံးပါးသွားပြီးနောက် ၁၉၇၁ ခုနှစ်မှာ အဖေနဲ့ ကျွန်တော် ရှေ့ဆောင်စလုပ်တယ်။ ၁၉၇၃ ခုနှစ်၊ ကျွန်တော့်အသက် ၂၀ မှာ အဖေလည်း ဆုံးသွားတယ်။ မိဘနှစ်ပါးစလုံး ဆုံးပါးသွားတော့ ရင်ထဲ ဟာပြီး သိပ်အထီးကျန်တာပဲ။ ဒါပေမဲ့ မိဘတွေဆီက ယုံကြည်ခြင်း အမွေရခဲ့ပါတယ်။ ကျမ်းစာမျှော်လင့်ချက်ဟာ ကျောက်ဆူးလို “ခိုင်ခံ့မြဲမြံ” နေလို့ စိတ်ပိုင်း၊ ဘုရားရေးရာပိုင်း တည်ငြိမ်နေနိုင်ခဲ့တယ်။ (ဟီ. ၆:၁၉) အဖေ ဆုံးပြီး သိပ်မကြာခင်မှာ ပါလာဝမ်စီရင်စု၊ ကောရုန်ကျွန်းမှာ ကျွန်တော် အထူးရှေ့ဆောင်အဖြစ် ခန့်အပ်ခံရတယ်။

ခက်ခဲတဲ့ တာဝန်တွေကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့ရ

ကောရုန်ကျွန်းကို ရောက်တော့ ကျွန်တော့်အသက် ၂၁ နှစ်။ ကျွန်းပေါ်မှာ ရေမီး ခက်ခဲပြီး ကား၊ မော်တော်ဆိုင်ကယ် သိပ်မရှိဘူး။ မြို့သားလေး ကျွန်တော့်အတွက် အထူးအဆန်း ဖြစ်နေတာပေါ့။ ညီအစ်ကို/မတချို့ ရှိပေမဲ့ ရှေ့ဆောင်တွဲဖက် မရှိတော့ တစ်ခါတလေ တစ်ယောက်တည်း အမှုဆောင်ထွက်ရတယ်။ ရောက်ခါစမှာ မိသားစုနဲ့ သူငယ်ချင်းတွေကို သိပ်သတိရတာပဲ။ ညညဆိုရင် ကြယ်တွေကို ငေးကြည့်ပြီး မျက်ရည်ပေါက်ပေါက်ကျလာတယ်။ တာဝန်နားပြီး အိမ်ပြန်ချင်စိတ် ပေါက်လာတယ်။

အဲဒီလိုအချိန်တွေမှာ ယေဟောဝါဆီ ရင်ဖွင့်ဆုတောင်းတယ်။ ကျမ်းစာ၊ ကျမ်းစာစာပေတွေထဲက အားရှိစရာအချက်တွေ ပြန်စဉ်းစားတယ်။ မကြာခဏ ပြန်စဉ်းစားမိတဲ့ ကျမ်းပိုဒ်ကတော့ ဆာလံ ၁၉:၁၄ ပါ။ ယေဟောဝါ နှစ်သက်တာတွေကို တွေးရင် ယေဟောဝါဟာ “ကျွန်တော့်ကျောက်ဆောင်၊ ကျွန်တော့်ရွေးနုတ်ရှင်” ဖြစ်မယ်ဆိုတာ နားလည်လာတယ်။ ဒါကြောင့် ယေဟောဝါရဲ့ လုပ်ဆောင်မှုတွေ၊ အရည်အသွေးတွေကို အမြဲ တွေးတယ်။ “သင် တစ်ယောက်တည်း မဟုတ်” a ဆိုတဲ့ ကင်းမျှော်စင် ဆောင်းပါးက ကျွန်တော့်အတွက် အကူအညီ အများကြီး ဖြစ်ခဲ့တယ်။ အဲဒီဆောင်းပါးကို ခဏခဏ ပြန်ဖတ်တယ်။ တစ်ယောက်တည်းဆိုတော့ ဆုတောင်းဖို့၊ လေ့လာဖို့၊ တွေးတောဆင်ခြင်ဖို့ အခွင့်အရေး ပိုရတယ်။ ဒီတော့ ယေဟောဝါနဲ့အတူ ရှိနေသလို ခံစားရတယ်။

ကောရုန်ကျွန်း ရောက်ပြီး သိပ်မကြာခင်မှာပဲ အကြီးအကဲအဖြစ် ခန့်အပ်ခံရတယ်။ အကြီးအကဲဆိုလို့ ကျွန်တော်တစ်ယောက်တည်း ရှိတာဆိုတော့ သီအိုကရက်တစ် ဓမ္မအမှုကျောင်း၊ လုပ်ငန်းတော် အစည်းအဝေး၊ အသင်းတော် စာအုပ်ကြီးသင်တန်း၊ ကင်းမျှော်စင် သင်တန်း အပတ်တိုင်း ဦးဆောင်ရတယ်။ လူထုဟောပြောချက်လည်း အပတ်တိုင်း ပေးရတယ်။ တာဝန်တွေ များလွန်းလို့ အထီးကျန်မယ့်အချိန်တောင် မနည်းလိုက်ရှာရတယ်။

ကောရုန်ကျွန်းမှာ အမှုဆောင်ရတာ သိပ်အားရစရာကောင်းတယ်။ ကျမ်းစာသင်သားတချို့ဆိုရင် နှစ်ခြင်းခံတဲ့အထိ တိုးတက်လာကြတယ်။ အခက်အခဲတွေတော့ ရှိတာပေါ့။ အမှုဆောင်ရပ်ကွက် ရောက်ဖို့ တစ်ခါတလေ နေ့တစ်ဝက်လောက် လမ်းလျှောက်သွားရတယ်။ ရပ်ကွက် ရောက်ပြန်တော့လည်း ညဘက် ဘယ်မှာ အိပ်ရမလဲ မသိဘူး။ ဒါ့အပြင် အမှုဆောင်ရပ်ကွက်မှာ ကျွန်းငယ်လေးတွေ အများကြီး ပါတယ်။ လှိုင်းထန်တဲ့ ပင်လယ်ကို ဖြတ်ပြီး ကျွန်းငယ်လေးတွေဆီ စက်လှေနဲ့ သွားရတယ်။ ခက်တာက ကျွန်တော် ရေမကူးတတ်ဘူး။ ဒီလိုအခက်အခဲတွေ ရှိပေမဲ့ ကျွန်တော့်ကို ယေဟောဝါ ကူညီပေးတယ်၊ ကာကွယ်ပေးတယ်။ တာဝန်သစ်မှာ ကြုံရမယ့် အခက်အခဲတွေအတွက် ယေဟောဝါ ပြင်ဆင်ပေးနေမှန်း နောက်မှ သဘောပေါက်သွားတယ်။

ပါပူဝါနယူးဂီနီ

၁၉၇၈ ခုနှစ်၊ သြစတြေးလျနိုင်ငံ မြောက်ပိုင်း၊ ပါပူဝါနယူးဂီနီနိုင်ငံမှာ ကျွန်တော် တာဝန်ကျတယ်။ ပါပူဝါနယူးဂီနီဟာ တောင်ထူထပ်တယ်။ လူဦးရေ သုံးသန်းလောက်ပဲ ရှိပေမဲ့ ဘာသာစကား ၈၀၀ ကျော် ပြောမှန်း သိလိုက်ရလို့ အံ့သြသွားတယ်။ တော့ခ်ပီဆန်လို့ ခေါ်တဲ့ မယ်လနီးရှန်း ပီဂျင်စကားကို လူအများစု ပြောတတ်လို့ တော်ပါသေးတယ်။

မြို့တော် ပေါ့မော်စဘီမှာ ရှိတဲ့ အင်္ဂလိပ်အသင်းတော်နဲ့ ခဏ ပူးပေါင်းရတယ်။ နောက်တော့ တော့ခ်ပီဆန်အသင်းတော်ကို ပြောင်းပြီး တော့ခ်ပီဆန်စကားပြောသင်တန်း တက်တယ်။ သင်တန်းမှာ သင်ယူရတာတွေကို အမှုဆောင်မှာ ပြန်သုံးတော့ ဘာသာစကား မြန်မြန်ဆန်ဆန် တိုးတက်လာတယ်။ သိပ်မကြာခင်မှာပဲ တော့ခ်ပီဆန်စကားနဲ့ ဟောပြောချက် ပေးနိုင်လာတယ်။ ပါပူဝါနယူးဂီနီ ရောက်ပြီး တစ်နှစ်မပြည့်ခင်မှာပဲ တိုက်နယ်ကြီးကြပ်မှူးအဖြစ် ခန့်အပ်ခံရလို့ အံ့သြရပြန်တယ်။ နယ်မြေကျယ်ပြန့်တဲ့ စီရင်စုအမျိုးမျိုးက တော့ခ်ပီဆန်အသင်းတော်တွေဆီ လည်ပတ်ရမှာ။

အသင်းတော် တစ်ခုနဲ့တစ်ခု ဝေးတော့ တိုက်နယ်အစည်းအဝေးအများကြီး စီစဉ်ရတယ်၊ ခရီးအများကြီး သွားရတယ်။ နိုင်ငံအသစ်၊ ဘာသာစကားအသစ်၊ ဓလေ့ထုံးစံအသစ်နဲ့ အသားမကျသေးလို့ အစပိုင်းမှာ တော်တော်လေး အထီးကျန်တယ်။ တောင်ထူထပ်ပြီး လမ်းကြမ်းတော့ အသင်းတော်တွေဆီ ကုန်းလမ်းနဲ့ သွားလို့မရဘူး။ ဒါကြောင့် အပတ်တိုင်းလိုလို လေယာဉ်နဲ့ ခရီးသွားရတယ်။ အင်ဂျင်တစ်လုံးတပ် လေယာဉ်အစုတ်လေးမှာ ခရီးသည်ဆိုလို့ တစ်ခါတလေ ကျွန်တော်တစ်ယောက်တည်း ပါတာ။ ခရီးသွားတိုင်း စိတ်မောရတာကတော့ လှေနဲ့သွားသွား၊ လေယာဉ်နဲ့သွားသွား အတူတူပါပဲ။

လူအနည်းစုမှာပဲ တယ်လီဖုန်း ရှိတော့ အသင်းတော်တွေဆီ စာနဲ့ ဆက်သွယ်ရတယ်။ ပို့လိုက်တဲ့ စာထက် တစ်ခါတလေ လူက အရင် ရောက်နေတတ်တယ်။ ရောက်ပြီဆိုရင်လည်း သက်သေခံတွေ ဘယ်မှာ ရှိသလဲ လိုက်မေးရတယ်။ ညီအစ်ကို/မတွေကို ရှာတွေ့တဲ့အခါတိုင်း ကျွန်တော့်ကို ဝမ်းပန်းတသာ ကြိုဆိုကြလို့ ရှာရကျိုးနပ်တယ်လို့ ခံစားရတယ်။ ဘုရား ထောက်မပေးတာကို နည်းအမျိုးမျိုးနဲ့ ခံစားရလို့ ဘုရားနဲ့ ပိုရင်းနှီးလာတယ်။

ဘူဂိန်းဗီလီယားလို့ ခေါ်တဲ့ ကမ်းရိုးတန်းကျွန်းဆွယ်လေးမှာ ရှိတဲ့ အသင်းတော်ကို ဦးဆုံးအကြိမ် လည်ပတ်တော့ မောင်နှံတစ်စုံက “ကျွန်တော်တို့ကို မှတ်မိလား” ဆိုပြီး ပြုံးပြုံးလေး လာမေးတယ်။ ကျွန်တော် ပေါ့မော်စဘီ ရောက်ခါစမှာ သူတို့ကို သက်သေခံခဲ့တာ။ ကျမ်းစာသင်အံမှု စတင်ပြီး နောက်ပိုင်းမှာ ဒေသခံ ညီအစ်ကိုတစ်ယောက်ကို လွှဲပေးလိုက်တယ်။ အခု သူတို့ နှစ်ခြင်းခံပြီးပြီတဲ့။ ပါပူဝါနယူးဂီနီမှာ ကျွန်တော် အမှုဆောင်တဲ့ သုံးနှစ်အတွင်း ရတဲ့ ကောင်းချီးအများကြီးထဲက တစ်ခုပါပဲ။

မိသားစုတာဝန်တွေ ရလာ

အဒဲလ်နဲ့အတူ

၁၉၇၈ ခုနှစ်၊ ကောရုန်ကျွန်းကနေ ထွက်မလာခင်တုန်းက ချစ်စရာကောင်းပြီး ကိုယ်ကျိုးစွန့်စိတ်ဓာတ် ရှိတဲ့ ညီအစ်မ အဒဲလ်နဲ့ ဆုံတယ်။ အဒဲလ်က သား ဆန်မြူရယ်နဲ့ သမီး ရှယ်လီကို ပြုစုပျိုးထောင်ရင်း၊ အမေအိုကြီးကို ကြည့်ပေးရင်း မှန်မှန်ရှေ့ဆောင် လုပ်နေတာ။ ၁၉၈၁၊ မေလမှာ အဒဲလ်နဲ့ လက်ထပ်ဖို့ ဖိလစ်ပိုင်ကို ကျွန်တော် ပြန်လာတယ်။ လက်ထပ်ပြီးနောက် မှန်မှန်ရှေ့ဆောင် အတူတူ လုပ်ရင်း မိသားစုတာဝန် ကျေပွန်ဖို့ ကြိုးစားကြတယ်။

အဒဲလ်၊ သားလေး ဆန်မြူရယ်၊ သမီးလေး ရှယ်လီနဲ့အတူ ပါလာဝမ်မှာ အမှုဆောင်စဉ်

မိသားစု ရှိပေမဲ့ ၁၉၈၃ ခုနှစ်မှာ အထူးရှေ့ဆောင်အဖြစ် ကျွန်တော် ပြန်ခန့်အပ်ခံရပြီး ပါလာဝမ်စီရင်စု၊ လီနာပါကန်ကျွန်းမှာ တာဝန်ကျတယ်။ သက်သေခံတစ်ယောက်မှ မရှိတဲ့ ဒီနေရာလေးကို ကျွန်တော်တို့ မိသားစုလိုက် ပြောင်းလာတယ်။ တစ်နှစ်လောက်အကြာမှာ အဒဲလ်ရဲ့ အမေ ဆုံးသွားတယ်။ ပူဆွေးရပေမဲ့ အမှုဆောင်လုပ်ငန်းမှာ အာရုံနှစ်ထားလို့ ဖြေသာခဲ့တယ်။ လီနာပါကန်မှာ ကျမ်းစာသင်သား အများကြီး တိုးတက်လာလို့ သိပ်မကြာခင်မှာပဲ အစည်းအဝေးခန်းမ လိုအပ်လာတယ်။ ဒါနဲ့ ခန်းမလေးတစ်လုံး ကိုယ်ထူကိုယ်ထ ဆောက်လိုက်ကြတယ်။ ကျွန်တော်တို့ ရောက်ပြီး သုံးနှစ်လောက် ကြာတော့ အောက်မေ့ရာ အစီအစဉ် တက်ရောက်သူ ၁၁၀ အထိ ရှိလာပြီး သူတို့ထဲက တော်တော်များများ နောက်ပိုင်းမှာ နှစ်ခြင်းခံကြလို့ ဝမ်းသာလိုက်ရတာ။

၁၉၈၆ ခုနှစ်၊ ကူလ်ရောန်ကျွန်းမှာ ကျွန်တော် တာဝန်ကျတယ်။ နှစ်အနည်းငယ်အကြာမှာ အဒဲလ်လည်း အထူးရှေ့ဆောင်အဖြစ် ခန့်အပ်ခံရတယ်။ ကူလ်ရောန်မှာ အနာကြီးရောဂါသည် ရပ်ကွက် ရှိတယ်။ ရောဂါကူးမလားဆိုပြီး အစပိုင်းမှာ စိတ်ပူမိတယ်။ သူတို့ ကုသမှု ခံယူထားတယ်၊ သူတို့ဆီကနေ ရောဂါကူးစက်နိုင်ချေ နည်းတယ်ဆိုပြီး ဒေသခံ ညီအစ်ကို/မတွေ ပြောတော့မှ စိတ်အေးသွားတယ်။ ညီအစ်မတစ်ယောက်အိမ်မှာ အနာကြီးရောဂါသည်တချို့ အစည်းအဝေး လာတက်တယ်။ နောက်တော့ အနာကြီးရောဂါသည်တွေကို သက်သေခံရတာ စိတ်မသက်မသာ မဖြစ်တော့ဘူး။ ဘုရားနဲ့ လူတွေ ပစ်ပယ်ထားတယ်လို့ ခံစားရသူတွေကို ကျမ်းစာမျှော်လင့်ချက် မျှဝေရတာ အခွင့်ထူးပါပဲ။ မကျန်းမာသူတွေ တစ်နေ့ကျရင် ပြန်ကျန်းမာလာမယ်ဆိုတာ သိလိုက်ရလို့ သူတို့ မျှော်လင့်ချက် တောက်ပသွားတာကို မြင်ရတဲ့အခါ ပီတိဖြစ်ရတယ်။—လု. ၅:၁၂၊ ၁၃

ကျွန်တော်တို့သားသမီးတွေကော ကူလ်ရောန်မှာ ဘယ်လို နေသားကျလာသလဲ။ သူတို့ အပေါင်းအသင်းကောင်း ရအောင် ကောရုန်ကျွန်းက ညီအစ်မငယ်နှစ်ယောက်ကို ကျွန်တော်တို့ဆီ လာပူးပေါင်းဖို့ ကျွန်တော်နဲ့ အဒဲလ် ဖိတ်ခေါ်လိုက်တယ်။ ဆန်မြူရယ်၊ ရှယ်လီနဲ့ ညီအစ်မငယ်နှစ်ယောက်က အမှုဆောင်ရတာ သိပ်ပျော်ကြတာ။ ကလေးရှိတဲ့ မိဘတွေကို ကျွန်တော်တို့ ကျမ်းစာသင်ပေးတဲ့အခါ ကလေးတွေကို သူတို့ သင်ပေးတယ်။ မိသားစု ၁၁ စုကို သင်ပေးရတဲ့အချိန်တောင် ရှိတယ်။ ကျမ်းစာသင်သား အများကြီး တိုးတက်လာလို့ မကြာခင်မှာပဲ အသင်းတော် ဖြစ်လာတယ်။

အဲဒီဒေသမှာ အကြီးအကဲဆိုလို့ ကျွန်တော်တစ်ယောက်တည်း ရှိတာ။ ဒါကြောင့် ဌာနခွဲရုံး တောင်းဆိုချက်အရ ကူလ်ရောန်က ကြေညာသူရှစ်ယောက်အတွက် ပတ်စဉ် အစည်းအဝေး ကျင်းပပေးရတယ်။ လှေနဲ့ သုံးနာရီကြာ သွားရတဲ့ မယ်ရလီရွာက ကြေညာသူကိုးယောက်အတွက်လည်း ပတ်စဉ် အစည်းအဝေး သွားကျင်းပပေးရတယ်။ အစည်းအဝေး ပြီးပြီဆိုရင် ဟောလ်စီရွာမှာ ကျမ်းစာသင်အံမှုတွေ လုပ်ဖို့ မိသားစုလိုက် တောတောင်တွေ ဖြတ်ပြီး နာရီနဲ့ချီ လမ်းလျှောက်သွားကြတယ်။

လူသစ်တွေ များလာလို့ မယ်ရလီမှာကော ဟောလ်စီမှာပါ အစည်းအဝေးခန်းမ ဆောက်ခဲ့ရတယ်။ လီနာပါကန်မှာတုန်းကလိုပဲ ညီအစ်ကို/မတွေ၊ စိတ်ဝင်စားသူတွေက အလှူငွေဝိုင်းထည့်ကြတယ်၊ လုပ်အားဝိုင်းပေးကြတယ်။ မယ်ရလီခန်းမက လူ ၂၀၀ အထိ ဆံ့တယ်။ ခန်းမနံရံတွေ ဖွင့်ချလို့ရလို့ တိုက်နယ်အစည်းအဝေးတွေ ကျင်းပနိုင်တယ်။

ပူဆွေးအထီးကျန်ပေမဲ့ ပြန်ရွှင်လန်းလာ

၁၉၉၃ ခုနှစ်မှာ သားသမီးတွေ အရွယ်ရောက်လာတော့ ကျွန်တော်နဲ့ အဒဲလ် တိုက်နယ်လုပ်ငန်းမှာ ပါဝင်ခွင့်ရတယ်။ ၂၀၀၀ ခုနှစ်မှာ ကျွန်တော် ဓမ္မအမှုသင်တန်း တက်ရတယ်။ ဓမ္မအမှုသင်တန်း ပို့ချသူအဖြစ် လေ့ကျင့်မှု ခံယူဖို့ပါ။ အရည်အချင်း မပြည့်မီဘူးလို့ ခံစားရပေမဲ့ အဒဲလ် အမြဲ အားပေးတယ်။ ဒီတာဝန်သစ် ထမ်းဆောင်နိုင်ဖို့ ယေဟောဝါ အစွမ်းခွန်အား ပေးမှာပါလို့ ပြောတယ်။ (ဖိ. ၄:၁၃) အဒဲလ် ကိုယ်တိုင်လည်း ကျန်းမာရေး မကောင်းပေမဲ့ တာဝန် ဆက်ထမ်းဆောင်ဖို့ ယေဟောဝါဆီက အစွမ်းခွန်အား ရနေလို့ ဒီလိုပြောနိုင်တာ။

၂၀၀၆ ခုနှစ်မှာ သင်တန်းပို့ချသူအဖြစ် ကျွန်တော် အမှုဆောင်နေတုန်း အဒဲလ်မှာ ပါကင်ဆန်လို့ ခေါ်တဲ့ အာရုံကြောရောဂါ ရှိနေမှန်း သိလိုက်ရလို့ ထိတ်လန့်သွားကြတယ်။ အဒဲလ်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့ တာဝန်နားကြမယ်ဆိုပြီး ကျွန်တော် ပြောတော့ “ဆရာဝန်ပဲ ရှာပေးပါ။ ဆက်အမှုဆောင်ဖို့ ယေဟောဝါ ကူညီပေးမယ်ဆိုတာ ကျွန်မ ယုံတယ်” လို့ အဒဲလ် ပြောတယ်။ နောက် ၆ နှစ်လုံးလုံး အဒဲလ် မညည်းမညူ ဆက်အမှုဆောင်တယ်။ လမ်းမလျှောက်နိုင်တဲ့အချိန်မှာ ဘီးတပ်ကုလားထိုင်ပေါ်ကနေ ဟောပြောသက်သေခံတယ်။ စကားတောင် အနိုင်နိုင်ပဲ ပြောနိုင်တဲ့အချိန် အစည်းအဝေးမှာ တစ်လုံးရရ၊ နှစ်လုံးရရ မှတ်ချက်ပေးတယ်။ အဒဲလ်ရဲ့ ခံနိုင်ရည်အတွက် ညီအစ်ကို/မတွေဆီကနေ ကျေးဇူးတင်စာတွေ အမြဲ ရတယ်။ ၂၀၁၃ ခုနှစ်မှာ အဒဲလ် ဆုံးသွားတယ်။ နှစ် ၃၀ ကျော် သစ္စာရှိရှိ ကျွန်တော့်ကို ချစ်ပေးခဲ့တဲ့ အဖော်မွန်ကောင်း ဆုံးရှုံးသွားတော့ ကျွန်တော် ပူဆွေးအထီးကျန်ရပြန်ပြီပေါ့။

အဒဲလ်ရဲ့ ဆန္ဒအတိုင်း ကျွန်တော် စွဲစွဲမြဲမြဲ ဆက်အမှုဆောင်နေပါတယ်။ အမှုဆောင်လုပ်ငန်းမှာ အာရုံနှစ်ထားတော့ အထီးမကျန်တော့ဘူး။ အဖွဲ့အစည်းလုပ်ငန်း ကန့်သတ်ထားတဲ့ နိုင်ငံတွေထဲက တဂါးလော့အသင်းတော်တွေဆီ ၂၀၁၄ ကနေ ၂၀၁၇ ခုနှစ်အတွင်း လည်ပတ်ခွင့်ရတယ်။ အဲဒီနောက် ထိုင်ဝမ်၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါမှာ ရှိတဲ့ တဂါးလော့အသင်းတော်တွေဆီ လည်ပတ်တယ်။ ၂၀၁၉ ခုနှစ်မှာ အိန္ဒိယနိုင်ငံနဲ့ ထိုင်းနိုင်ငံမှာ သတင်းကောင်း ဟောပြောသူများအတွက် သင်တန်းကို အင်္ဂလိပ်လို ပို့ချရတယ်။ ဒီတာဝန်အားလုံးကို ကျွန်တော် သိပ်မြတ်နိုးတယ်။ အမှုတော်မှာ အာရုံအပြည့်အဝ စိုက်ထားတဲ့အချိန်ဟာ ဘဝမှာ အပျော်ဆုံးအချိန်ပါပဲ။

အကူအညီက လက်တစ်ကမ်းမှာ

တာဝန်တိုင်းမှာ ဆုံရတဲ့ ညီအစ်ကို/မတွေနဲ့ သိပ်ရင်းနှီးသွားလို့ သူတို့နဲ့ ခွဲရတာ မလွယ်ဘူး။ အဲဒီလိုအချိန်တွေမှာ ယေဟောဝါဘုရားကို အပြည့်အဝ အားကိုးတတ်လာတယ်။ ဘုရားထောက်မမှု အမြဲ ခံစားရလို့ အပြောင်းအလဲတွေကို အလွယ်တကူ လက်ခံတတ်လာတယ်။ အခု ဖိလစ်ပိုင်မှာ အထူးရှေ့ဆောင်အဖြစ် အမှုဆောင်နေပါတယ်။ အသင်းတော်အသစ်မှာလည်း နေသားကျနေပါပြီ။ ညီအစ်ကို/မတွေက ကျွန်တော့်ကို ဂရုစိုက်ပေးကြတယ်။ တကယ့်မိသားစုလိုပဲ။ ဆန်မြူရယ်နဲ့ ရှယ်လီလည်း အမေ့ခြေရာ နင်းပြီး ယုံကြည်ခြင်း ခိုင်မာနေကြတာ မြင်ရလို့ သိပ်ဝမ်းသာတယ်။—၃ ယော. ၄

ညီအစ်ကို/မတွေက ကျွန်တော့်ကို ဂရုစိုက်ပေးကြတယ်။ တကယ့်မိသားစုလိုပဲ

ကျွန်တော့်ဘဝမှာ အခက်အခဲ အများကြီး ကြုံခဲ့တယ်။ အခက်အခဲတစ်ခုကတော့ ချစ်ဇနီး ဝေဒနာ ခံစားပြီး ဆုံးပါးသွားတာကို ကြည့်နေခဲ့ရတာပါပဲ။ အခြေအနေအသစ် အမျိုးမျိုးမှာ နေသားကျဖို့ အမြဲ ကြိုးစားရတယ်။ ဒါပေမဲ့ ကိုယ်တွေ့ သိလိုက်ရတာကတော့ “ဘုရားသခင်ဟာ ကျွန်တော်တို့တစ်ယောက်နဲ့မှ မဝေးပါဘူး။” (တ. ၁၇:၂၇) “လက်တော် မတိုပါဘူး။” မိမိကျေးကျွန်တွေ ဝေးလံခေါင်သီတဲ့နေရာမှာ ရှိနေရင်တောင် အမြဲ ထောက်မပေးတယ်။ (ဟေရှာ. ၅၉:၁) ဘဝတစ်လျှောက်လုံးမှာ ကျွန်တော့်ကျောက်ဆောင် ဖြစ်နေပေးလို့ ယေဟောဝါကို သိပ်ကျေးဇူးတင်တယ်။ ကျွန်တော် တစ်ခါမှ တစ်ယောက်တည်း ဖြစ်မနေခဲ့ပါဘူး။

a ၁၉၇၂၊ စက်တင်ဘာ ၁ ကင်းမျှော်စင် စာ. ၅၂၁-၅၂၇ (အင်္ဂလိပ်) ကို ကြည့်ပါ။