မိတ်ဆွေစစ် ဖြစ်နိုင်ပုံ
အခက်အခဲတွေကို တစ်ယောက်တည်း ရင်ဆိုင်ရတော့မယ်ဆိုပြီး ခံစားဖူးသလား။ “အလွန် ခက်ခဲကျပ်တည်း” တဲ့ကာလမှာ အသက်ရှင်ရလို့ ကျွန်တော်တို့ စိတ်ဓာတ်ကျနိုင်တယ်၊ အထီးကျန်နိုင်တယ်။ (၂ တိ. ၃:၁) ဒါပေမဲ့ အခက်အခဲတွေကို တစ်ယောက်တည်း ရင်ဆိုင်စရာ မလိုပါဘူး။ “ဒုက္ခရောက်ချိန်မှာ” မိတ်ဆွေစစ်တွေ ကူညီပေးနိုင်တယ်လို့ ကျမ်းစာ ဆိုတယ်။—ပညာ. ၁၇:၁၇။
မိတ်ဆွေစစ်တွေ ကူညီပေးနိုင်ရာ
တမန်တော် ပေါလုဟာ ခရီးသွားဖော် မိတ်ဆွေတွေဆီကနေ အကူအညီ အများကြီး ရခဲ့တယ်။ (ကော. ၄:၇-၁၁) ရောမမြို့မှာ ပေါလု ထောင်ကျနေချိန် ကိုယ်တိုင်ကိုယ်ကျ မလုပ်နိုင်တာတွေကို မိတ်ဆွေတွေ လုပ်ပေးကြတယ်။ ဥပမာ၊ ဖိလိပ္ပိအသင်းတော်က ညီအစ်ကို/မတွေ ပို့ပေးလိုက်တဲ့ လက်ဆောင်တွေကို ပေါလုဆီ ဧပဖြောဒိတ် ယူလာပေးတယ်။ (ဖိ. ၄:၁၈) ပေါလုရဲ့ စာတွေကို အသင်းတော်တွေဆီ တုခိတ် ပို့ပေးတယ်။ ပေါလု အိမ်အကျယ်ချုပ် ကျနေချိန်၊ ထောင်ကျနေချိန်မှာတောင် မိတ်ဆွေတွေရဲ့ အကူအညီကြောင့် ဆက်အမှုဆောင်နိုင်ခဲ့တယ်။ သင်ကော မိတ်ဆွေစစ် ဘယ်လို ဖြစ်နိုင်သလဲ။
ဒီနေ့အချိန်မှာ မိတ်ဆွေစစ် ပီသတဲ့ ညီအစ်ကို/မတွေ ရှိတယ်။ စပိန်နိုင်ငံက မှန်မှန်ရှေ့ဆောင် ညီအစ်မ အဲလိဇဘက်အတွက် ညီအစ်မတစ်ယောက် မိတ်ဆွေစစ် ဖြစ်ခဲ့တယ်။ အဲလိဇဘက်ရဲ့ မိခင် ကင်ဆာရောဂါ ဖြစ်ပြီး ကုလို့မရတော့မှန်း သိလိုက်ရချိန်မှာ အဲလိဇဘက်ဆီ အဲဒီညီအစ်မ ကျမ်းပိုဒ်လေးတွေ ကိုးကားပြီး အားပေးစာတွေ ပို့တယ်။ “ညီအစ်မရဲ့ စာတွေကြောင့် အားရှိလာပြီး တစ်ယောက်တည်း မဟုတ်ဘူးဆိုတဲ့ အတွေးနဲ့ နေ့ရက်တိုင်းကို ရင်ဆိုင်နိုင်ခဲ့တယ်” လို့ အဲလိဇဘက် ပြောတယ်။—ပညာ. ၁၈:၂၄။
သက်ကြီး ညီအစ်ကို/မတစ်ယောက် အစည်းအဝေး တက်နိုင်ဖို့ ဒါမှမဟုတ် အမှုဆောင်မှာ ပါဝင်နိုင်ဖို့ အကြိုအပို့ လုပ်ပေးနိုင်မလား။ ဒီလိုကူညီပေးတဲ့အခါ မိတ်ဆွေနှောင်ကြိုး ပိုခိုင်မြဲလာနိုင်တယ်။ အပြန်အလှန် အားပေးခွင့် ရလာနိုင်တယ်။ (ရော. ၁:၁၂) အိမ်မှာ ခြေချုပ်မိနေတဲ့ ညီအစ်ကို/မတွေကိုကော ဘယ်လို ကူညီပေးနိုင်သလဲ။
အိမ်မှာ ခြေချုပ်မိနေသူတွေအတွက် မိတ်ဆွေစစ် ဖြစ်ပါ
ကျန်းမာရေးအခြေအနေ ဒါမှမဟုတ် တခြားအခြေအနေတွေကြောင့် ညီအစ်ကို/မတချို့ဟာ အစည်းအဝေးတွေကို လူကိုယ်တိုင် လာမတက်နိုင်ကြဘူး။ သွေးကင်ဆာ ဖြစ်နေတဲ့ ညီအစ်ကို ဒေးဗစ်အကြောင်း စဉ်းစားကြည့်ပါ။ ခြောက်လကျော် ဓာတုကုထုံး ခံယူရတယ်။ ဓာတုကုထုံး ခံယူစဉ်တစ်လျှောက်လုံး ဒေးဗစ်နဲ့ ဇနီး လစ်ဒီယာဟာ အစည်းအဝေးတွေကို ဗီဒီယို ချိတ်ဆက်ပြီးတော့ပဲ တက်ရတယ်။
သူတို့ကို ညီအစ်ကို/မတွေ ဘယ်လို ကူညီပေးကြသလဲ။ အစည်းအဝေးပြီးတိုင်း ဒေးဗစ်တို့ဇနီးမောင်နှံကို အစည်းအဝေးခန်းမမှာ ရှိတဲ့ ညီအစ်ကို/မတွေက ဗီဒီယိုကတစ်ဆင့် နှုတ်ဆက်စကား ပြောကြတယ်။ အစည်းအဝေးမှာ ဒေးဗစ်နဲ့ လစ်ဒီယာ မှတ်ချက်ပေးတဲ့အခါ အစည်းအဝေးပြီးနောက် ညီအစ်ကို/မတွေက ကျေးဇူးတင်စာတွေ
ပို့ကြတယ်။ ဒါကြောင့် ဒေးဗစ်နဲ့ လစ်ဒီယာ အထီးကျန်တယ်လို့ မခံစားခဲ့ရဘူး။အိမ်မှာ ခြေချုပ်မိနေသူတွေ အမှုဆောင်မှာ ပါဝင်နိုင်ဖို့ ကူညီပေးနိုင်မလား။ သင် လုပ်နေကျအရာတွေကို နည်းနည်းပါးပါး ပြုပြင်ပြောင်းလဲလိုက်ရုံနဲ့တောင် သူတို့ကို မေ့မထားကြောင်း ပြနိုင်ပါတယ်။ (ပညာ. ၃:၂၇) သူတို့နဲ့အတူ စာရေးသက်သေခံနိုင်တယ်၊ ဖုန်းဆက်သက်သေခံနိုင်တယ်။ လယ်ကွင်းစုဆုံမှုတွေကို ဗီဒီယို ချိတ်ဆက်ပြီး တက်လို့ရအောင် အကြီးအကဲတွေ စီစဉ်ပေးနိုင်တယ်။ အသင်းတော်က ဒီလိုစီစဉ်ပေးလို့ ဒေးဗစ်နဲ့ လစ်ဒီယာ သိပ်ကျေးဇူးတင်ကြတယ်။ “အမှုဆောင်ထွက်မယ့် ညီအစ်ကို/မတွေနဲ့ စုဆုံမှုမှာ ခဏလေး ဆွေးနွေးလိုက်ရရင်တောင်၊ အတူဆုတောင်းလိုက်ရရင်တောင် တော်တော်အားရှိသွားတယ်” လို့ ဒေးဗစ် ပြောတယ်။ ဒါ့အပြင် ခြေချုပ်မိနေတဲ့ ညီအစ်ကို/မအိမ်ကို ကိုယ့်ကျမ်းစာသင်သား ခေါ်သွားပြီး သင်အံမှု လုပ်ဖို့ တစ်ခါတလေ စီစဉ်နိုင်တယ်။ ဒါပေမဲ့ သင်သား ခေါ်လာလို့ ရမရဆိုတာ အရင် မေးပါ။
အိမ်မှာ ခြေချုပ်မိနေတဲ့ ညီအစ်ကို/မတွေနဲ့ တွဲအမှုဆောင်ရင်း သူတို့ရဲ့ အရည်အသွေးကောင်းတွေကို မြင်လာရတဲ့အခါ သူတို့နဲ့ ပိုရင်းနှီးလာနိုင်တယ်။ ဥပမာ၊ တစ်ဖက်သား စိတ်နှလုံးထိမိအောင် ကျမ်းစာကို ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်တာ သတိထားမိတဲ့အခါ သူတို့ကို ပိုလေးစားချစ်ခင်လာနိုင်တယ်။ သူတို့ အမှုဆောင်မှာ ပါဝင်နိုင်ဖို့၊ အစည်းအဝေး တက်နိုင်ဖို့ ကူညီပေးတာက နှလုံးသားကို ကျယ်ကျယ် ဖွင့်ထားရာရောက်တယ်။—၂ ကော. ၆:၁၃။
ဒုက္ခရောက်နေချိန်မှာ တိတု ရောက်လာလို့ ပေါလု နှစ်သိမ့်မှု ရခဲ့တယ်။ (၂ ကော. ၇:၅-၇) ဒီကနေ ဘာသိရသလဲ။ ညီအစ်ကို/မတွေကို အားပေးစကား ပြောတာအပြင် သူတို့နဲ့ အတူတူ ရှိနေပေးတာ၊ လိုအပ်တာတွေ ကူညီပေးတာကလည်း နှစ်သိမ့်မှု ဖြစ်စေနိုင်တယ်။—၁ ယော. ၃:၁၈။
နှိပ်စက်ညှဉ်းပန်းခံနေရသူတွေအတွက် မိတ်ဆွေစစ် ဖြစ်ပါ
ရုရှားနိုင်ငံမှာ ရှိတဲ့ ညီအစ်ကို/မတွေဟာ အချင်းချင်းကို ထောက်မပေးရာမှာ စံနမူနာ သိပ်ကောင်းကြတယ်။ ညီအစ်ကို ဆာဂေးနဲ့ ဇနီး တာတယာနာအကြောင်း စဉ်းစားကြည့်ပါ။ သူတို့အိမ်ထဲ ရဲတွေ ဝင်ရောက်ရှာဖွေပြီးနောက် သူတို့ကို စစ်မေးဖို့ ရဲစခန်း ခေါ်သွားကြတယ်။ အဲဒီနောက် တာတယာနာကို အရင် လွှတ်ပေးလိုက်ကြတယ်။ “ကျွန်တော့်ဇနီး ပြန်ရောက်ရောက်ချင်းပဲ အိမ်ကို ညီအစ်မတစ်ယောက် ရောက်လာတယ်။ တကယ် သတ္တိရှိတဲ့ ညီအစ်မပဲ။ နောက်တော့ ညီအစ်ကို/မတွေ ထပ်ရောက်လာပြီး အိမ်ဝိုင်းရှင်းပေးကြတယ်” လို့ ဆာဂေး ပြောတယ်။
“‘မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။ သူဟာ ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့ ညီအစ်ကိုပဲ’ ဆိုတဲ့ ပညာအလိမ္မာ ၁၇:၁၇ ကို သိပ်ကြိုက်တယ်။ အခုလို နှိပ်စက်ညှဉ်းပန်းခံရချိန်မှာ ဒီကျမ်းစကားက ကျွန်တော့်အတွက် အဓိပ္ပာယ် ပိုရှိလာတယ်။ တစ်ယောက်တည်း အားနဲ့ ခံရပ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ ကျွန်တော့်ဘက် သတ္တိရှိရှိ ရပ်တည်ပေးတဲ့၊ ခက်ခဲချိန်တွေမှာ ကူညီဖို့ အမြဲ အသင့်ရှိတဲ့ မိတ်ဆွေတွေ ယေဟောဝါဘုရား ပေးထားတယ်” လို့ ဆာဂေး ဆက်ပြောတယ်။ a
ခက်ခဲကျပ်တည်းတဲ့ကာလမှာ အသက်ရှင်ရလို့ မိတ်ဆွေစစ်တွေ သိပ်လိုအပ်တယ်။ ကြီးစွာသောဒုက္ခ ရောက်တဲ့အခါ ဒီ့ထက်တောင် ပိုလိုအပ်လာဦးမှာ။ ဒါကြောင့် အချင်းချင်းအတွက် မိတ်ဆွေစစ် ဖြစ်ဖို့ အခုကတည်းက ကြိုးစားကြရအောင်။—၁ ပေ. ၄:၇၊ ၈။
a “ကျွန်တော့်ဘက် သတ္တိရှိရှိ ရပ်တည်ပေးတဲ့ မိတ်ဆွေတွေ ယေဟောဝါဘုရား ပေးထား” ဆောင်းပါးကို jw.org မှာ ဖတ်ပါ။